ကျောက်နံရံမြင့်မြင့်မားပေါ်က အံ့သြဖွယ်ဘုရားကျောင်း



လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။



တောင်ခြေရှိ ဘုရားကျောင်းအ၀င် မုဒ်ဦး


ကျောက်သားပေါ်က ကျောင်းဆောင်များ



မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့  ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ  ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ မြောက်ဘက်အကျဆုံး တောင်တစ်ခုဖြစ်ပါတယ်.. တောင်နံရံနဲ့ ကပ်ပြီးတည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်များဟာ အဝေးကနေကြည့်မယ်ဆိုရင် တောင်နံရံမှာ ၀ဲပျံနေတဲ့ ဖီးနစ်ငှက်ရဲ့ အသွင်သဏ္ဍာန်ရှိတယ်လို့ သိရပါတယ်.. ဘုရားကျောင်းရဲ့ အဆောက်အဦများ အားလုံးဟာ ဟန်စန်းတောင်ရဲ့ အချွန်အတက်ပေါများတဲ့ တောင်စောင်းတွေမှာ ချိတ်ဆွဲထားသကဲ့သို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. ဒေါင်လိုက် ရှိနေတဲ့ မတ်စောက်တဲ့ တောင်စောင်းမှာ အလွန်ခဲရာခဲဆစ် တည်ဆောက်ထားတာမို့ သဲထိတ်ရင်ဖို ရှိလှပါတယ်.. မြေပြင်မှ အမြင့်၂၄၆ ပေမှာ ထူးဆန်းအံ့သြဖွယ် မတ်စောက်လှတဲ့ တောင်နံရံစောင်းမှာ ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်..


ဘုရားကျောင်းဟာ ကျင်းလုံတောင်ကြားက ဟန်စန်းတောင်ခြေမှာ တည်ရှိပြီး ဟန်စန်းတောင်ရဲ့ သမိုင်းနောက်ခံ အချက်အလက်များအရ ၆ရာစုနှစ်ခန့်က Liao Ran အမည်ရှိ ဘုန်းကြီး တစ်ပါးက တရုတ်ပြည် ဝေ့ မင်းဆက် လက်ထက်မှာ ပထမဦးဆုံး တည်ဆောက်ခဲ့တယ်လို့ အဆိုရှိပါတယ်.. ဒါကြောင့် ဒီဘုရားကျောင်းဟာ နှစ်ပေါင်း ၁၄၀၀ ကျော်ခန့် သက်တမ်းကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အကြိမ်ပေါင်း မြောက်မြားစွာ ပြုပြင်မှုများ ပြုလုပ်ပြီးချိန်မှာ ၄င်းဘုရားကျောင်းဟာ မတ်စောက်တဲ့ ကျောက်သားနံရံ တောင်စောင်းမှာ ကျောက်နံရံကြီးကို နောက်ခံအားပြုကာ သေသပ်လှတဲ့ ဗိသုကာပညာများနဲ့ ကျွမ်းကျင်စွာ တည်ဆောက်ထားသော အလွန်ထူးခြားသည့် အံ့သြဖွယ် ဘုရားကျောင်းအဖြစ် တရုတ်ပြည်မှာ နံမည်ကြီးလာပါတော့တယ်. ကျောက်နံရံကြီးကို အမှီပြုပြီး ခက်ခက်ခဲခဲနေရာမှာ တည်ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ၂ချက်မှာ ဘုရားကျောင်းကို မိုးဒဏ်၊ နှင်းမုန်တိုင်းဒဏ်၊ လေဒဏ်နဲ့ အခြား သဘာဝ ဘေးအန္တရာယ်တို့မှ ကျောက်ဆောင်ကြီးက အကွာအကွယ်ပေးနိုင်ခြင်း နဲ့ တာအိုဘာသာ အယူဝါဒ စည်းမျဉ်းစည်းကမ်းအရ ဆူညံသောအသံဗလံတို့မှ ကင်းဝေးစေရန်အတွက် ယခုလို ကျောက်နံရံကြီးပေါ်က မြို့ရွာ၊ လူနေအိမ်ခြေတို့နဲ့ ကင်းဝေးဆိတ်ငြိမ်ရာမှာ သီးခြား တည်ဆောက်ထားကြောင်း သိရပါတယ်။


ကျောက်ဆောင်ကြီးရဲ့ အောက်မှာ တည်ရှိနေတဲ့ ဘုရားကျောင်းဟာ အနီရောင်နံရံများနဲ့ ခဲရောင် အုတ်ကြွတ်ပြားများဖြင့် ခန့်ထည်စွာ တည်ဆောက်ထားပါတယ်.. ကျောက်သားများကို အလျားလိုက် အပေါက်များဖြစ်အောင် ထွင်းထုပြီး သံချောင်းများထိုးစိုက်သွင်းကာ သံဘောင်များဖြင့် ချိတ်ဆက်ပြီး နံရံများ အမိုးများကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။  အဆောက်အဦးများကိုတော့ မြောက်မှတောင်သို့ သွယ်တန်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်.. အဆောင်အခန်းပေါင်း ၄၀ကျော်ပါရှိပြီး ၄င်းအဆောင်များကို တစ်ခုနဲ့တစ်ခု ကျဉ်းမြောင်းခက်ခဲတဲ့ ဖြတ်လမ်းများနဲ့ ဆက်သွယ်ထားပါတယ်… တော်ရုံတန်ရုံ အသည်းငယ်သူများအတွက် မူးမေ့စေနိုင်လောက်တဲ့ လျှောက်လမ်းကလေးများ ဖြစ်ကြပါတယ်…  အဆောက်အဦးများဟာ တရုတ်ပြည်ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စုစည်းပေါင်းစပ်ထားတဲ့ သင်္ကေတသဖွယ် ခမ်းနားတင့်တယ်စွာ တည်ရှိနေပါတယ်။  ထူးဆန်းအံ့သြဖွယ်ကောင်းအောင် မတ်စောက်နေတဲ့ တောင်စောင်းမှာ တည်ရှိနေရုံမျှမက ကဗျည်းမှတ်တမ်းစာများ၊ ကဗျာများ မြောက်မြားစွာ ရှိနေခဲ့ပါတယ်.. ကိုးကွယ်ယုံကြည်မှု အယူဝါဒ တစ်ခုတည်းအတွက် တည်ဆောက်ခဲ့တာ မဟုတ်ဘဲ တရုတ်ပြည်တွင် ထွန်းကားခဲ့တဲ့ အယူဝါဒ ၃ခုဖြစ်သော ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ ကွန်ဖြူးရှပ် ၀ါဒတို့နဲ့ သက်ဆိုင်တဲ့ ကြေးနီ၊ သံ၊ ရွံ့စေး၊ ကျောက်သားနံရံ စသည်တို့ဖြင့် ထွင်းထုထားသော ရုပ်တုပေါင်း ၇၈ခုကို ထင်ရှားစွာ တွေ့ရှိရပါတယ်.. ကိုးကွယ်ယုံကြည်မှု ဘာသာ၃ခုနဲ့ သက်ဆိုင်တဲ့ ရုပ်ထုများစွာတို့ကို တစ်ပေါင်းတစ်စည်းတည်း ထူးခြားစွာ တွေ့ရှိရတဲ့အတွက် တန်ဖိုး မဖြတ်နိုင်လောက်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အမွေအနှစ် ရှေးခေတ်လက်ရာများ ဖြစ်သောကြောင့် နံမည်ကျော် ထင်ရှားလှပါတယ်…


အဆောင်တစ်ခုနဲ့တစ်ခု ကူးဖို့ လျှောက်လှမ်းများ










သွယ်တန်းဖောက်လုပ်ထားတဲ့ အဆောင်ကူးလမ်းများ








ခပ်လှမ်းလှမ်းက မြင်ရတဲ့ ကျောက်နံရံနဲ့ ကပ်နေသောအဆောင်များ




နဂါးခံတွင်းဝသို့အ၀င်


သဲထိတ်ရင်ဖို




ကားသွားနိုင်တဲ့ ကျောက်တောင်လမ်းများ




ဇစ်ဇက်ပုံ တောင်တက်လူသွားလမ်း



တောင်ခိုးများနဲ့ လွမ်းစဖွယ်





ဒီလို လှပသာယာတဲ့ စိတ်ချမ်းမြေ့ဖွယ် ရေတံခွန်အလှအပများလည်း ရှိနေပါတယ်။


စွန့်စားချင်သူများအတွက် အသည်းယားဖွယ် လူသွားလမ်း


သွားကြမလား ဒီတောင်ကြား



ကားသွားလမ်း


——————————————————————

————————————————————————–

———————————————————————-

ဘာသာရေးဆိုင်ရာ ရုပ်ထုများ



ယခုအချိန်မှာတော့ စိတ်ဝင်စားဖို့ကောင်းလှတဲ့ ဗိသုကာပညာကြောင့်ရော၊ တရုတ်ပြည်ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာရေးကို လေ့လာလိုသူများအတွက် ၊ အထူးအဆန်း နေရာဒေသများကို နှစ်ခြိုက်စိတ်ဝင်စားသူ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိလှတဲ့ လူအများ သွားရောက်လေ့လာတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော်ထင်ရှားလှပြီ ဖြစ်ပါတယ်။ အခွင့်အခါများ ကြုံခဲ့ရင် ကိုယ်တိုင်လည်း သွားရောက်ခွင့် ရချင်ပါသေးကြောင်းဖြင့် ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။


ချမ်းမြေ့ကြပါစေရှင်။


Sources from- http://saiprema.wordpress.com/2010/07/03/incredible-hanging-temple-in-datong-china/

photos from – Funzug.com , google  and mail

number of view: 178
September 3rd, 2010 Posted in သုတအဖြာဖြာ | 18 Comments »

စိန်ရောင်လက်တဲ့ အိပ်ပျက်ညများ

ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ကိုယ်တစ်ပိုင်းကို ချောင်းရေထဲစိမ်ရင်း လက်ထဲမှာ သစ်သားအင်ပြားကို ဝေ့ကာ ၀ိုက်ကာ ရေပေါ်လှုပ်ခါရင်း ဒေါ်သန်းဆင့် ရွှေကျင်နေသည်။ သူမ၏ ၁၃နှစ်အရွယ် သမီးလေး အေးဆင့်က ချောင်းကမ်းစပ်မှ မြေကြီးများ တူရွင်းပြားအတိုလေးဖြင့် တူးဆွကာ ရလာသော မြေကြီးများကို ဒေါ်သန်းဆင့်၏အနီးနား မြေပြင်ပေါ်တွင် ဂေါ်တောင်းနှင့်သယ်သယ်လာပြီး ပုံကာထားပေးနေသည်။ နွေရာသီ ကျောင်းပိတ်ရက်မို့ အားလပ်နေသော သမီးအေးဆင့်က ဒေါ်သန်းဆင့်ရွှေကျင်ရာတွင် တတပ်တအား ကူညီနိုင်ခွင့် ရနေလေသည်။ ဥရုချောင်းဆိုသည့် နံမည်ကျော်ချောင်းကမ်းဘေးမှာ သူမတို့ သားအမိနှစ်ယောက် မိန်းမသားတို့အင်အားလေးနှင့် ချောင်းကမ်းစပ် အပေါ်ယံမြေကြီးများကို တူးဆွကာ အင်ဟုခေါ်သော သစ်သားအပြားဝိုင်းဖြင့် မြေကြီးများကို တဖြေးဖြေး ဖယ်ရှားပစ်ပြီး ရွှေမှုန်ကလေးများကို ကဲ့ယူသော နည်းဖြင့် ရွှေကျင်နေကြခြင်းဖြစ်သည်။ မနက်စောစော ထမင်းချက်ပြီး သားအမိ၂ယောက်သား  ထမင်းကို ဆားဖြူး၍ ဆီပါသည်ဆိုရုံမျှ နယ်ဖတ်ကာ စားခဲ့ကြပြီးနောက် ကျန်သောထမင်းနှင့် ဟင်းခေါ်နိုင်ရုံမျှ အချဉ်ရည် အနည်းငယ်နှင့် ငပိထောင်းတို့ကို ချိုင့်အစုတ်ကလေးဖြင့် ရွှေကျင်ရာသို့ ယူလာကာ နေ့လည် ရွှေကျင်နားချိန်တွင် စားသောက်ပြီးကြလေပြီ။


တစ်နေ့တာ ရွှေကျင်ပြီး ရလာသောရွှေမှုန်ကလေးများကို ပုလင်းသေးလေးတစ်လုံးနှင့် ထည့်ကာ သားအမိနှစ်ယောက်သား အိမ်ပြန်ကြရသည်။ သူမတို့လက်ထဲက ရွှေမှုန်ထည့်ထားသော ပုလင်းလေးသည် သူမတို့အတွက် မျှော်လင့်ချက် ဖြစ်လေသည်။ တစ်ရက်ကို ရွေးတစ်ခြမ်း၊ တခါတရံ တစ်ရွေးလောက်ရသော ရွှေမှုန်ကလေးများအား ညနေစောင်းအိမ်ပြန်ရင်း ရွှေဆိုင်တွင် သွားရောင်းချခြင်းဖြင့် ရလာသော ငွေကြေးလေးများဖြင့် တစ်နေ့လုပ် တစ်နေ့စားဖြင့် ဘ၀ကို ရုန်းကန် ရပ်တည်နေခဲ့ရသည်။ မိုးရာသီနှင့် ဆောင်းရာသီတို့တွင် ဒေါ်သန်းဆင့်အတွက် အလုပ်မရှား။ မိုးရာသီတွင် ရွာထဲမှ လယ်ပိုင်ရှင်များထံတွင် ကောက်စိုက်၊ ပျိုးနှုတ် လုပ်နိုင်သလို ဆောင်းရာသီ စပါးပေါ်ချိန်တွင် စပါးရိတ်သည့်အလုပ်ကို လုပ်နိုင်သည်။ ထိုအချိန်တွင်တော့ သမီးအေးဆင့်က ကျောင်းတက်၊ စာကျက်သည်။ တကယ်တမ်းတော့ ဒေါ်သန်းဆင့်တို့က ရွှေဘိုအနီးက ရွာလေးတစ်ရွာတွင် နေထိုင်ကြသူများသာ။ သူမယောက်ျား ကိုသက်လွင် ဆုံးသွားသောအခါ သမီးလေးတစ်ယောက်နှင့် ကျန်ရစ်ခဲ့သော ဒေါ်သန်းဆင့်မှာ ရွာတွင် ဆက်ပြီးမနေလိုတော့သဖြင့် အထက်အရပ်သို့ ရောက်လာပြီး ရွှေနှင့် ကျောက်ထွက်သည့် ဥရုချောင်းဘေး ရွာကလေးသို့ ရောက်လာကြခြင်းဖြစ်သည်။


သူများလို ငွေအရင်းအနှီးလည်းမရှိ၊ အဆွေအမျိုးလည်းမရှိသော သည်ရွာကလေးတွင် သူမတတ်အားသမျှနှင့် မနေမနား အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရင်း သမီးလေးကို ကျောင်းထားနိုင်ခဲ့သည်။ ရွာအစွန်မှ တဲဖြစ်ရုံသာသာ  အိမ်ကလေးမှာ သားအမိနှစ်ယောက်သား နေထိုင်ရင်း ဘ၀ကို အသစ်ပြန်စခဲ့ရသည်။ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသော်လည်း သမီးလေးရှိသေးရွေ့ သူမ အသက်ရှင်သန်နေရပါဦးမည်။ သည်သမီးလေးသည် သူမ၏ မျှော်လင့်ချက်လည်း ဖြစ်သည်လေ။ အင်ပေါ်တွင် တင်ကျန်နေရစ်သော ရွှေမှုန်ကလေးအနည်းငယ်ကို ပန်းကန်ပြားလေးပေါ် ရေဖြင့်သပ်ချလိုက်ပြီးနောက် ပန်းကန်ပြားမှတစ်ဆင့် ပုလင်းလေးထဲ စောင်းငှဲ့ထည့်လိုက်ရင်း သူမအတွေးတွေကို လက်စသပ်လိုက်ကာ မြေကြီးတူးနေသော သမီးအေးဆင့်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ပင်ပင်ပန်းပန်းလုပ်နေသော သမီးလေးကို သူမ မကြည့်ရက်ပါ။ သို့သော်လည်း ၂ယောက်ပေါင်းပြီး လုပ်တာက လုပ်အား ပိုတွင်ကျယ်သလို ရွှေများများလည်း ပိုရနိုင်သဖြင့် မလွဲသာလွန်း၍သာ သမီးကို ခေါ်လာရခြင်းဖြစ်လေသည်။ ဒီနှစ်ကျောင်းပြန်ဖွင့်လျှင် အေးဆင့်က ၉တန်းတက်ရတော့မည်။ သူမကို မြို့ကြီးတစ်ခုတွင် ကျောင်းသွားထားချင်စိတ်က ဒေါ်သန်းဆင့်ရင်ထဲ ခိုင်ခိုင်မာမာ ဖြစ်ထွန်းနေခဲ့သည်။ သို့သော် တစ်နေ့လုပ်မှ တစ်နေ့စားရသော သူမတို့ဘ၀တွင် အေးဆင့်ကို မြို့ကျောင်းသို့ ပို့နိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပေလိမ့်မည်။


ဘေးနားပုံထားသော မြေကြီးကို အင်ထဲထည့်လိုက်ပြီး ရေနှင့်မြေကြီးများကို ဖျော်လိုက်ကာ ကျောက်ခဲကြီးများကို ရွေးထုတ်လိုက်ရင်း ရေထဲမှာ အင်ကို လှည့်ပတ်လိုက်တော့ မြေကြီးများက ရေနှင့်အတူ ချောင်းထဲ စီးမျှောသွားကြသည်။ အင်ထဲတွင် တဖြေးဖြေးနှင့် ကျောက်ခဲ ခပ်သေးသေးနှင့် မြေကြီးအနည်းငယ်တို့ ကျန်နေခဲ့သည်။ ဒေါ်သန်းဆင့်လက်က အင်ထဲမှ ကျောက်ခဲအချို့ကို ကောက်ကာ ရေထဲ လွင့်ပစ်လိုက်ရင်း သူမမျက်လုံးက လက်ခနဲဖြစ်သွားသော အရာတစ်ခုကို တွေ့လိုက်ရသည်။ လက်ဖြင့် ကောက်ကိုင်လိုက်တော့ ကျောက်ခဲ မဟုတ်သော တစ်စုံတစ်ရာကို ကိုင်မိလိုက်သည်။ လက်ထဲမှ အရာလေးကို နေရောင်အောက်တွင် ထောင်ကြည့်လိုက်တော့ ၀င်းခနဲဖြစ်သွားသည်။ ရွှေရောင်လက်နေသော လက်စွပ်လေးတစ်ကွင်း။ မြေကြီးတို့ ဖုံးလွှမ်းနေသော လက်စွပ်ကျောက်နေရာကို ပွတ်ဆေးလိုက်သည့်အခါ နေရောင်အောက်တွင် တဖျတ်ဖျတ် လက်နေသည်ကို တွေ့လိုက်ရသည်။ “ဘုရားရေ ဒါ စိန်ကို ရွှေနဲ့ ကွင်းထားတဲ့ တကယ့် လက်စွပ်အစစ်ပါလား” တခါတရံတွင် ဒေါ်သန်းဆင့်တို့ ရွှေကျင်ရင်း ကလေးကစားစရာ လက်စွပ်များ၊ နားကပ်လေးများ ပါလာတတ်သည်။ သို့သော် ဒီဟာလေးကတော့ လေးလေးပင်ပင်လည်းရှိသည်၊ တောက်ပ ပြောင်လက်နေသည်မှာလည်း ငြင်းမရအောင်တန်ဖိုးကြီးလှသော အဖိုးတန်လက်စွပ်မှန်း သိသာစေသည်။ ဖြူဖွေးဆွတ်ကြည်နေသော ဇီးသီးကင်းခန့် စိန်အရောင်က လင်းလက်တောက်ပလွန်းသဖြင့် သူမလက်များပင် တဆတ်ဆတ် တုန်ယင်လာသည်။ ဒေါ်သန်းဆင့် ဘ၀တွင် ဒီလိုအဖိုးတန်ပစ္စည်းမျိုး ရဖို့မပြောနှင့်။ ကိုင်ဖူးသည့်အဆင့်ကိုပင် မရောက်ခဲ့ပါ။ ဒီလက်စွပ်လေးဟာ လူတွေ တပ်မက်ကြသော စိန်ဆိုသည့် တန်ဖိုးကြီး ကျောက်မျက်ရတနာသာ ဖြစ်ပေလိမ့်မည်။


ထိုစဉ် သူမအနားသို့ သမီးအေးဆင့်ရောက်လာပြီး “အမေ.. ဘာတွေ့လို့ ဒီလောက်ကြည့်နေတာလဲ” ဟု မေးလာသည်။ ဒေါ်သန်းဆင့်က “ ဒီမှာကြည့်စမ်းသမီး.. ဒီလက်စွပ်ဟာ စိန်အစစ်လက်စွပ်လေးတစ်ကွင်း ဖြစ်လိမ့်မယ်.. နေရောင်မှာ ဖျတ်ဖျတ်ကို လက်နေတာဘဲ.. ရွှေကလည်း အစစ်ဖြစ်တာ သေချာတယ်”


“ ဟင်.. အမေ .. သမီးသိပြီ.. ဒီလက်စွပ်ဟာ မိုးတွင်းတုန်းက ချောင်းထဲမှာ ရေချိုးရင်း လက်စွပ် ကျပျောက်သွားတဲ့ အဖွားလေး ဒေါ်သီတာရဲ့ လက်စွပ်ဖြစ်မယ်… အမေ အမေမှတ်မိလား.. ဒီလက်စွပ်ကို ရအောင်ပြန်ရှာနိုင်တဲ့သူကို ကျေးဇူးဆပ်မယ်လို့တောင် ကြောငြာသေးတယ်လေ .. ရွာထဲက ရေငုတ်ကျွမ်းကျင်တဲ့ သူတွေ တော်တော်များများ ၀ိုင်းရှာကြပေမဲ့ … မိုးတွင်းတုန်းက ချောင်းရေက နောက်ကျိနေလို့ ဘယ်လိုမှ ရှာမရတော့လို့ ရှာတဲ့သူတွေ လက်လျှော့လိုက်တယ်လေ.. ”


ဒီတော့မှ ဒေါ်သန်းဆင့် ပြန်သတိရလာသည်။ ဟုတ်သည် သမီးအေးဆင့်ပြောတာ အမှန်ဖြစ်သည်။ ဒီရွာကလူတွေအားလုံးက ပိုက်ဆံချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသူဖြစ်ဖြစ် ချောင်းထဲမှသာ အားလုံးက နွေနွေမိုးမိုး ရေချိုးကြသည့် အကျင့်ရှိသည်။ ပြီးခဲ့သည့် မိုးရာသီတုန်းက ရွာထဲမှ ပိုက်ဆံချမ်းသာသော ဒေါ်သီတာက ချောင်းထဲရေဆင်းချိုးရင်း လက်စွပ်ကို မချွတ်မိသဖြင့် ဆပ်ပြာတိုက်နေစဉ် လက်စွပ်မှာ လျှောထွက်သွားပြီး ချောင်းရေထဲသို့ ကျသွားခဲ့သည်။ တန်ဖိုးကြီးလှသော စိန်လက်စွပ်ဖြစ်သဖြင့် လူအင်အားများနှင့် လိုက်ရှာကြသည် ဆိုတာကိုလည်း ကြားမိသည်။ ရေစီးသန်ပြီး နောက်ကျိနေသော ချောင်းရေကြောင့် ဘယ်လိုမှ ရှာမတွေ့တော့ဘဲ လက်လျှော့လိုက်သော်လည်း လက်စွပ်ပြန်ရအောင် ရှာပေးနိုင်သူအား ထိုက်တန်စွာ ကျေးဇူးဆပ်မည်ဟု ကြေငြာခဲ့ဖူးသည်။ ထိုလက်စွပ်သည် ဒေါ်သီတာတို့၏ မိဘ ဘိုးဘွားပိုင် အမွေဟုလည်း လူတွေ ပြောသံ ကြားဖူးခဲ့သည်။ ဒေါ်သီတာတို့ ရေချိုးဆိပ်သည် ဒေါ်သန်းဆင့်တို့ ရွှေကျင်နေသော နေရာ၏ အထက်ဖက် ခပ်လှမ်းလှမ်းတွင်ဖြစ်သည်။ ရေစီးကြောင့် ယခုနေရာထိ လိမ့်ဆင်းလာပြီး မြေကြီးအောက်ထဲတွင် နှစ်မြုပ်နေဟန်ရှိသည်။


“အမေ ဒီလက်စွပ်ကို ဖွားလေး ဒေါ်သီတာတို့ကို ပြန်အပ်လိုက်ရင် သမီးတို့ ဆုငွေတွေ ရမှာဘဲနော်.. ” သမီးအေးဆင့်က ၀မ်းသာအားရ ပြောလိုက်သည်။ ဒေါ်သန်းဆင့်က လက်ထဲမှ လက်စွပ်ကို ကဗျာကယာ လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး “ဘာလို့ပြန်ပေးရမှာလဲ သမီး.. ရေအဆုံး ကုန်းတစ်ဝက်ဆိုတာ ကြားဖူးတယ်မဟုတ်လား.. အခု အမေတို့က ရေထဲမှာ ကောက်ရတာမို့ အမေတို့ပိုင်ပြီ။ ဒေါ်သီတာကို ပြန်ပေးရင် သူတို့ပေးတဲ့ ဆုငွေက ဘယ်လောက်ရမှာမို့လဲ.. ဒါကို ကိုယ့်ဟာကို ရောင်းလိုက်ရင် ငွေတွေအများကြီးရမှာ သမီးရဲ့ .. အမေတို့ရဲ့ ပျက်စီးနေတဲ့ အိမ်ကိုလည်း ပြင်ဆောက်နိုင်မယ် သမီးကိုလည်း ကျောင်းကောင်းကောင်းမှာ ထားနိုင်တော့မယ်.. ”


“ဟင်.. အမေကလည်း ပိုင်ရှင်ဘယ်သူလဲဆိုတာ သိနေရက်နဲ့ ပြန်မပေးဘဲယူထားတာ ကောင်းပါ့မလား.. ပိုင်ရှင်မရှိတဲ့ ပစ္စည်းဆိုရင် တော်သေးတယ်.. ”


“ပါးစပ်ပိတ်ထား.. အေးဆင့်။ ဒီလက်စွပ်ရတဲ့ ကိစ္စ ဘယ်သူ့ကိုမှ မပြောနဲ့။ ဘယ်သူမှ မသိစေနဲ့။ သမီးနဲ့အမေတို့ ဒီရွာကနေ ထွက်သွားပြီး တစ်မြို့တစ်ရွာမှာ သွားပြီး ထုခွဲရောင်းချမယ်…  ဒီရွာမှာ မုဆိုးမဘ၀နဲ့ ဆင်းဆင်းရဲရဲ မျက်နှာငယ်ငယ်နဲ့ နေရတဲ့ အချိန်တွေကို မေ့ပစ်ရမယ်.. ဒါဘဲနော်. အမေထပ်ပြောမယ် ဒီကိစ္စကို သမီးဘယ်သူ့မှ မပြောရဘူး”


ဒေါ်သန်းဆင့်ရဲ့ လေသံမာမာအဆုံးမှာ မျက်နှာလေး ငယ်ငယ်ဖြင့် အေးဆင့် ငြိမ်ကျသွားကာ သူမ လုပ်လက်စ မြေကြီးတူးသော အလုပ်ကို ဆက်လုပ်နေသည်။ ဒေါ်သန်းဆင့်မှာတော့ သူတို့ ဒီလက်စွပ်ကောက်ရတာ ဘယ်သူများ မြင်သွားပြီလဲ ဟူသောစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ရသေးသည်။ သူမတို့နှင့် မလှမ်းမကမ်းတွင်တော့ သူမတို့လို ရွှေကျင်နေသော လူ သုံးလေးဦးရှိနေသည်။ သို့သော် ကြည့်ရသည်မှာ ဒေါ်သန်းဆင့်တို့ဘက် ကြည့်နေပုံလဲ မရ။ မြင်တွေ့ပုံလဲ မပေါ်သဖြင့် အနည်းငယ် စိတ်အေးသွားပြီး လက်စွပ်ကလေးကို အ၀တ်ခြောက်ဖြင့် ပွတ်သုတ်ကာ သူမ အင်္ကျီအတွင်းအိတ်ထဲ ထည့်လိုက်မိတော့သည်။ စိန်လက်စွပ်ကို ဒီရွာလေးတွင် ရောင်းချ၍တော့ ဘယ်လိုမှ မဖြစ်နိုင်မှန်း ဒေါ်သန်းဆင့် သိပါသည်။ တစ်ရွာလုံးကလည်း ဒီလက်စွပ်အကြောင်း သိနေကြပြီးသားမို့  မြင်လိုက်တာနှင့် ဒေါ်သီတာလက်စွပ်မှန်း အားလုံးက သိကြမည်သာ။ ရွှေဆက်ကျင်ပြီး ငွေစုဆောင်းကာ ရလာသည့်ငွေနှင့် တစ်ခြားတစ်မြို့တစ်ရွာသို့ သွားကာ ရောင်းချနိုင်ဖို့ စိတ်ကူးမိလေသည်


ထိုနေ့က ညနေစောင်းလို့ အိမ်အပြန်တွင် ရလာသော ရွှေမှုန်လေးများကို သူတို့ ရောင်းနေကျ ပန်းတိမ်ဆိုင်တွင် ၀င်ရောင်းတော့ ရွှေမှုန် ရွေးတစ်ရွေး ကျော်ကျော်အတွက် ပိုက်ဆံ ၆၅၀၀ခန့် ရလာသည်။ ကုန်စုံဆိုင်လေးတွင် ဆန်အနည်းငယ်နှင့် ငါးခြောက်နည်းနည်းတို့ကို ၀ယ်ယူကာ သားအမိနှစ်ယောက် အိမ်ပြန်ကြတော့သည်။ အိမ်ရောက်လျှင် သူမတို့ တဲအိမ်အစုတ်ကလေးတွင် တန်ဖိုးကြီးပစ္စည်း သိုဝှက်သိမ်းဆည်းဖို့ နေရာတစ်ခုခုကို လိုက်လံရှာဖွေသော်လည်း လုံခြုံစိတ်ချရာ နေရာဟူ၍လည်း မတွေ့မိပေ။ လက်စွပ်လေးကို ဟိုနားထားရကောင်းနိုး၊ ဒီနားဖွက်ရကောင်းနိုးဖြင့် ထားစရာနေရာ ရှာမတွေ့ဘဲ ဗျာများနေသော ဒေါ်သန်းဆင့်ကို ကြည့်ပြီး အေးဆင့်က တစ်ခုခု ပြောချင်ဟန်ဖြင့် ခနခန လှမ်းကြည့်သော်လည်း သူ့အမေစိတ်ကို သိနေသဖြင့် ဘာမှတော့ မပြောပေ။ အေးဆင့်စိတ်ထဲကတော့ လက်စွပ်ကို ပိုင်ရှင်ထံပြန်အပ်ကာ ပေးသည့်ဆုငွေလေးနှင့်သာ တင်းတိမ် ရောင့်ရဲလိုက်စေချင်သည်။ သို့သော်လည်း သက်ပြင်းလေးသာ ချလိုက်မိရင်း ညစာ ထမင်းအိုးလေးတည်ကာ ငါးခြောက်တစ်ပိုင်းလေးကို မီးဖုတ်လိုက်ရင်း အိမ်ဘေးတွင် စိုက်ထားသော ဟင်းချိုရွက်တစ်ချို့ကို ခူးကာ  အရည်သောက်တစ်ခွက် ချက်လိုက်ပြီး ထမင်းစားဖို့ ပြင်လိုက်တော့သည်။ သားအမိနှစ်ယောက် ထမင်းစားကြရင်း စကားမပြောမိကြ။ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေမိကြသည်။


ညအိပ်ချိန်ရောက်သောအခါ လက်စွပ်ကို ဘယ်နားထားရမည်မှန်း ထားဖို့နေရာ ရှာမရသော ဒေါ်သန်းဆင့်သည် စိတ်မချသဖြင့် ခေါင်းအုံးအောက်တွင် ထားကာ အိပ်လေတော့သည်။ ညသာ တဖြေးဖြေး နက်လာသော်လည်း အိပ်၍ မပျော်နိုင်၊ အိမ်ထဲတွင် ကြွက်ဖြတ်ပြေး၍ ချိုးချိုးချွတ်ချွတ် အသံကြားလျှင် ချက်ခြင်း လန့်နိုးလာတတ်ပြီး သူမလက်က ခေါင်းအုံးအောက်သို့  အလိုလို ရောက်ရောက်သွားတတ်သည်။ မလှမ်းမကမ်းမှ ခွေးဟောင်သံ ကြားပြန်လျှင်လည်း သူတို့အိမ်အနီးသို့ သူခိုးများ ကပ်လေသလားဟု ပူပန်စိတ်များ ဖြစ်ရပြန်သည်။ အေးဆင့်ဘက်သို့ ကြည့်လိုက်သည့်အခါတွင် အေးဆင့်မှာ ဟောက်သံလေးများပင်ထွက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ အိပ်မပျော်နိုင်သော ဒေါ်သန်းဆင့်သာ ခြေသံတွေကို ကြားမိသလိုလို၊ တစ်စုံတစ်ယောက်က သူမတို့ အိမ်ကို ချောင်းနေသလိုလို စိတ်ထဲ ခံစားရကာ တစ်ညလုံး ခြောက်ခြားစိတ်၊ ထိတ်လန့်ပူပန်စိတ်တို့ဖြင့် တစ်ရေးမှ မမှေးနိုင်တော့ဘဲ မိုးလင်းသွားရတော့သည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အိပ်ရာမှထကာ မနက်စာစားဖို့ ဆန်ဆေး ထမင်းအိုးတည်ရင်း သူမလက်ထဲရောက်နေသော စိန်လက်စွပ်အတွက် ဘယ်နေရာမှာ ဖွက်ထားရမည်ကိုသာ ထိုင်စဉ်းစားနေမိကာ မီးဖိုဘေးတွင် ခေတ္တမျှ ငိုက်သွားမိတော့ ထမင်းအိုး မီးတူးသွားသည်ပင် မသိလိုက်မိတော့ချေ။ ထိုချိန်တွင် အိပ်ရာမှ နိုးလာသော အေးဆင့်က “အမေ ထမင်းအိုး မီးတူးနံ့ရတယ်” ဟု လှမ်းပြောလိုက်မှ ထမင်းအိုးရေခမ်းနေပြီး မီးတူးနေတာကို သတိထားလိုက်မိတော့သည်။ “အမေဒီနေ့အစောကြီး ထတယ်.. ညက အိပ်မပျော်ဘူးလား” ဟု အေးဆင့်က လှမ်းမေးတာကို “ဟုတ်တယ်.. အိပ်မပျော်လို့ ” ဟုသာ ပြန်ဖြေလိုက်ပြီး ညနေက ကျန်သော ငါးခြောက်ဖုတ်ကလေးနှင့် မနက်စာစားဖို့ ပြင်ဆင်လိုက်သည်။ ရွှေကျင်သွားလျှင် ထည့်သွားဖို့ ငါးခြောက်ကို အနည်းငယ် ထပ်ဖုတ်လိုက်သည်။ သားအမိ၂ယောက် မနက်စာစားပြီး ရွှေကျင်ထွက်လာတော့ သူမတို့ အိမ်အစုတ်ကလေးတွင်  ထားခဲ့ဖို့ ဘယ်လိုမှ စိတ်မချနိုင်သော စိန်လက်စွပ်က ဒေါ်သန်းဆင့် အင်္ကျီအိတ်ထဲ ပါလာပြန်သည်။


ထိုနေ့လည်း ရွှေကျင်နေရင်း မလှမ်းမကမ်းမှ အခြားရွှေကျင်သူများက သူမတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်ဟု ဒေါ်သန်းဆင့် စိတ်ထဲ ထင်နေမိသည်။ မနေ့ကများ သူတို့သားအမိ စိန်လက်စွပ်ရသွားတာကို တွေ့များသွားလေသလား ဟု မလုံမလဲစိတ်က  ဒေါ်သန်းဆင့်ကို တစ်ချိန်လုံး ဒုက္ခပေးနေလေတော့သည်။ ရွာထဲမှာ လူတစ်ဦးစ နှစ်ဦးစ ရွှေကျင်သည့်အနားမှ ဖြတ်သွားပြန်လျှင်လည်း သူမတို့ကို လာစောင့်ကြည့် နေသူများလားဟု စိုးရိမ်စိတ်က ငယ်ထိပ်ကို ဆောင့်ဆောင့်တက်လာသေးသည်။ လက်က အင်္ကျီချွေးခံအိတ်ထဲသို့ ရောက်ရောက်သွားတတ်ပြီး လက်စွပ်ရှိမှ ရှိသေးရဲ့လားဟုလည်း စမ်းနေရသည်က အလုပ်တစ်ခု။ ညက တစ်ညလုံးလဲ အိပ်မပျော်ခဲ့သဖြင့် ရွှေကျင်ရသည်မှာလည်း လက်က မသွက်လက်၊ မှိုင်တိမှိုင်တိုင် ဖြစ်နေသော သူမကို အေးဆင့်က လှမ်းလှမ်းကြည့်ကာ “အမေ နေမကောင်းဘူးလား” ဟု မေးတတ်သည်။ သူက “ကောင်းပါတယ်” ဟုသာ ပြန်ဖြေရင်း ရွှေကို ဆက်ကျင်နေမိသည်။ ထိုနေ့က ခါတိုင်းထက် ရွှေကျင်နိုင်စွမ်းအား ကျဆင်းသဖြင့် ညနေပိုင်း ပန်းတိမ်ဆိုင် ရောက်သော် ဆိုင်ကကောင်လေးက အလေးချိန်ချိန်တော့ ရွှေ ရွေးတစ်ခြမ်းခန့်သာ ရပြီး ပန်းတိမ်ဆိုင်က ပိုက်ဆံ ၃၀၀၀ ပေးလိုက်လေသည်။ အိမ်ပြန်ရောက်လို့ ညနေစာစားချိန်တွင် အိပ်ရေးပျက်သောအရှိန်ဖြင့် ဒေါ်သန်းဆင့်မှာ ထမင်းပါ စားမ၀င် ဖြစ်ရတော့သည်။ ညအိပ်ချိန်ရောက်လျှင်လည်း မနေ့ညက ကဲ့သို့ပင် အသံ တစ်စုံတစ်ရာကြားတိုင်း ထိတ်ခနဲဖြစ်ဖြစ်သွားကာ ဆက်အိပ်လို့မရ ဖြစ်နေပြန်သည်။ မှေးခနဲ ပျော်သွားမည်ကြံတိုင်းလည်း ခေါင်းအုံးအောက်တွင် ထားထားသော လက်စွပ်အတွက် စိုးရိမ်ပူပန်စိတ်များဖြင့် လက်က ဆတ်ခနဲရောက်သွားတတ်ပြီး မျက်လုံးအစုံက ပြန်အိပ်မရ ဖြစ်ပြန်သည်။


အရင်တုန်းကများ ခေါင်းချလိုက်တာနှင့် တစ်နေကုန်ပင်ပန်းနေသော လူက တုံးခနဲ အိပ်ပျော်သွားသည်မှာ မနက်မိုးလင်းသည်ထိ တစ်ရေးမှ မနိုးတတ်ခဲ့၊ သူမတို့ အိမ်အစုတ်ကလေးကို သူခိုးကပ်မှာလဲ ပူစရာမလို၊ အေးအေးချမ်းချမ်း အိပ်ပျော်သွားတတ်ခဲ့သည်သာ။ ကြွက်သံဖြစ်စေ၊ ကြောင်သံဖြစ်စေ ဒေါ်သန်းဆင့်ကို အိပ်ရာမှ နိုးအောင် မတတ်နိုင်ခဲ့။ ခုတော့ လေတိုက်သံကြားလျှင်ပင် စိတ်တို့က ခြောက်ခြားလာရသည်။ ခွေးဟောင်သံသည်လည်း သူ့အတွက် တုန်လှုပ်စရာ ဖြစ်ရတော့သည်။ ဒေါ်သန်းဆင့်အတွက် စိန်လက်စွပ်လေးတစ်ကွင်း ကောက်ရချိန်မှစလို့ ညစဉ်ရက်ဆက်  အိပ်ပျက်ညတွေသာ ဖြစ်လာရတော့သည်။ အိပ်ရေးပျက်တော့ အစားလဲ မစားနိုင်၊ အလုပ်လဲ ကောင်းကောင်းမလုပ်နိုင် ဖြစ်လာကာ တစ်ပတ်ကျော်လာပြီး နောက်ဆုံးတွင် ရွှေကျင်နေရင်း မိုက်ခနဲဖြစ်သွားကာ မူးလဲသည့်အဆင့်သို့ ရောက်လေတော့သည်။


အေးဆင့်က အခြားသူများကို လှမ်းအော် အကူအညီတောင်းသဖြင့် အနီးအနားမှ ရွှေကျင်နေသူများ အပြေးအလွှား ရောက်လာကြကာ ဒေါ်သန်းဆင့်ကို  ၀ိုင်းပြုစုကြသည်။ ထို့နောက်တော့ အခြားသူများက အားနည်းလို့ မူးလဲတာဖြစ်ကြောင်း ဆေးရုံသွားကာ ဆရာဝန်နှင့် သွားပြသင့်ကြောင်း ၀ိုင်းဝန်းတိုက်တွန်းကြသည်။ သို့သော် အကျီ်အိတ်ထဲမှ လက်စွပ်ကို လက်နှင့်ဖိထားရင်း ဆေးရုံသွားဖို့ကို တွင်တွင်ငြင်းကာ သားအမိ နှစ်ဦးသား အိမ်သို့ ပြန်ခဲ့ကြသည်။ အေးဆင့်ကလည်း လမ်းတွင် ဆေးရုံသွားဖို့ကို တစ်ဖွဖွ ပြောလာသော်လည်း ဒေါ်သန်းဆင့်က ခေါင်းမာမာနှင့် ငြင်းပစ်သည်။ ဆေးရုံရောက်လို့ ဆရာဝန်က နားကြပ်ဖြင့် ဟိုစမ်းသပ် သည်စမ်းသပ်လုပ်လျှင် သူမအိတ်ထဲမှ လက်စွပ်ကို စမ်းမိသွားမှာကို စိုးနေသည်လေ။ သူမတို့လို ဆင်းရဲသူလက်မှ စိန်လက်စွပ်ကို တွေ့သွားခဲ့လျှင် မယုံသင်္ကာ ဖြစ်လာနိုင်စရာတွေ ပေါ်ပေါက်လာဦးမည်.. ထိုအသိဖြင့် ဆေးရုံသွားဖို့ ဒေါ်သန်းဆင့်ကို ဘယ်လိုပြောပြော လက်မခံနိုင် ဖြစ်နေရလေသည်။


အိမ်ပြန်ရောက်လျှင် သမီးအေးဆင့်က “စိန်လက်စွပ်ကို ပိုင်ရှင်လက် သွားအပ်ကြပါစို့ ” ဟု ဒေါ်သန်းဆင့်ကို တောင်းပန်သည်။ ဒေါ်သန်းဆင့် ဘာမှ ပြန်မပြောဖြစ်ပေမဲ့ ထိုညက စိန်လက်စွပ်နှင့်ပတ်သက်ပြီး ဘာဆက်လုပ်ရမည်ဆိုတာကို တစ်ညလုံး ဒေါ်သန်းဆင့် စဉ်းစားနေမိသည်။ ဒီစိန်လက်စွပ် သူမလက်ထဲ ရောက်ကတည်းက ညတိုင်းလည်း ထိတ်လန့်ခြင်း၊ စိုးရွံ့ခြင်းများဖြင့် အိပ်မပျော်နိုင်ခဲ့။ အအိပ်ပျက်၊ အစားပျက်ဖြစ်ရသလို အလုပ်အကိုင်လည်း ကောင်းကောင်းမလုပ်နိုင်၊ ပိုက်ဆံပင် ခါတိုင်းလို ရအောင် မရှာနိုင်တော့။ ဒေါ်သန်းဆင့် စိတ်ထဲတွင်လည်း ဒီလက်စွပ်သည် သူမနှင့် မထိုက်၊ ပိုင်ရှင်ရှိသော ပစ္စည်း၊ သူတစ်ပါးမသိအောင် ယူထားရသော ပစ္စည်းမို့လားမသိ၊ လိပ်ပြာမလုံ ဖြစ်ရကာ စိုးတထိတ်ထိတ်နှင့် ဖြတ်သန်းရသော နေ့ရ့က်များသည်ပင် နေပျော်ချင်စရာ မကောင်းတော့။ ဒီပစ္စည်းကို ပိုင်ရှင်လက်သို့ ပြန်အပ်လိုက်သည်ကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု နောင်တ ရမိတော့သည်။  ထို့နောက်တော့ မနက်မိုးလင်းတာနှင့် ဒေါ်သီတာတို့အိမ် သွားကာ လက်စွပ်ကို သွားပြန်အပ်မည်ဟု စိတ်ကိုဒုန်းဒုန်းချ ဆုံးဖြတ်လိုက်တော့မှ ဒေါ်သန်းဆင့်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရလေတော့သည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


နောက်နေ့မနက်တွင် သမီးအေးဆင့်ကို ခေါ်ကာ ဒေါ်သီတာတို့ အိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။ ကျယ်ကျယ်ဝန်းဝန်း ခမ်းခမ်းနားနားရှိသော ဒေါ်သီတာတို့အိမ်မှာ ဒေါ်သန်းဆင့်တို့ တဲစုတ်ကလေးနှင့် ကွာချင်တိုင်း ကွာနေတော့သည်။ ဒေါ်သီတာနှင့် တွေ့သောအခါ  လက်စွပ်ကို တအံ့တသြ ကြည့်ရှုစစ်ဆေးပြီး  သူ့လက်စွပ် ဟုတ်မှန်ကြောင်းပြောကာ ဘယ်လိုတွေ့လာသလဲဟု မေးလေသည်။ ရွှေကျင်ရင်း ကောက်ရလာသည် ဟုပြန်ဖြေလိုက်တော့ သူမတို့သားအမိကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုသည်။ ထိုလက်စွပ်လေးကို ကာလတန်ဖိုးထက် ဘိုးဘွားအမွေပစ္စည်းမို့ သူမတို့က ပိုပြီး တန်ဖိုးထားခဲ့ကြောင်း၊ ခုလို ရိုးရိုးသားသား လာပြန်ပေးသည့်အတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ကြောင်း ပြောကာ ဒေါ်သန်းဆင့်တို့မိသားစု လိုအပ်သမျှ ကူညီထောက်ပံ့မည်၊ ပျက်နေသော အိမ်ကိုလည်း ပြင်ဆင်ပေးမည်။ အေးဆင့်ကလေးကိုလည်း တက္ကသိုလ် ပြီးချိန်ထိ ကျောင်းကိစ္စ တာဝန်ယူပေးမည် ဟု ကမ်းလှမ်းလေသည်။ ပီတိမျက်ရည်တို့ဖြင့် ကျေးဇူးစကားကို ၀မ်းမြောက်ဝမ်းသာ ပြန်ပြောခဲ့မိပြီး ဒေါ်သန်းဆင့်တို့ သားအမိ ဒေါ်သီတာတို့အိမ်မှ ပြန်ထွက်လာခဲ့ကြသည်။


ပေါ့ပါးသွက်လက်နေသော ခြေလှမ်းများဖြင့် လျှောက်လာသော သူမတို့ သားအမိ၏ အိမ်အပြန် လမ်းတစ်လျှောက်တွင်  အဖြစ်အပျက်ကို ကြားသိပြီးသော ရွာထဲရှိ လူတိုင်းက သူမတို့၏ ရိုးသားမှုအတွက် ၀ိုင်းဝန်းချီးကျူးကြသည်။ ဆင်းရဲလွန်းသောကြောင့် ခါတိုင်း ဆေးဖော်ကြောဖက်ပင် မလုပ်ကြသူများပင် သူမတို့သားအမိကို ဖော်ဖော်ရွေရွေ နှုတ်ဆက်စကားဆိုကြသည်။ ရင်ထဲတွင်ဖြစ်နေခဲ့သော ပူလောင်သောကများကြောင့် တင်းမာနေခဲ့သော ဒေါ်သန်းဆင့်၏ မျက်နှာပြင်ထက်တွင်လည်း ခါတိုင်းနှင့် မတူသော အပြုံးလေးဖြင့် လန်းဆန်းနေပါတော့သည်။


ရိုးသားမှုသည် အလွန်တန်ဖိုးကြီးကြောင်း  ဒေါ်သန်းဆင့် ကောင်းကောင်းကြီး နားလည်လိုက်ပါပြီ။  ပိုင်ရှင်လက်သို့ ပြန်အပ်ပြီး၍ သူမလက်ထဲတွင် စိန်လက်စွပ် မရှိတော့သည့် အချိန်မှစကာ ဒေါ်သန်းဆင့်အဖို့  စိတ်အေးအေး၊ နောက်ကြောင်းရှင်းရှင်းနှင့် ညစဉ်ညတိုင်း အိပ်ရေး၀၀ အိပ်နိုင်တော့မည်မှာ သေချာလှပါသည်လေ။




number of view: 181
September 1st, 2010 Posted in ၀တ္ထုတိုများ | 28 Comments »

ထူးဆန်းလှပပြီး အသုံးဝင်မဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ချို့နဲ့ မိတ်ဆက်ပေးပါရစေရှင်.. ဒီလိုပြောလို့ Marketing လုပ်နေတယ် မထင်ကြပါနဲ့ဦးနော်..  အင်တာနက်ထဲမှာ ရှာဖွေတွေ့ရှိတာလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်.. :)


ဒါလေးက ပန်းသီး၊ သစ်တော့သီး တို့လို အူတိုင်ပါတဲ့ အသီးတွေကို အူတိုင် ထုတ်ယူဖို့အတွက် တီထွင် ဖန်တီးထားတဲ့  Corer




အသီးမျိုးစုံကို အဆင်ပြေ သက်သောင့်သက်သာ လွယ်ကူစွာ ခြစ်နိုင်မဲ့ ပစ္စည်းလေးများပါ။



ကြက်ဥကို အသဲပုံ ဖြစ်အောင်ကြော်ချင်သူများအတွက် ကြော်အိုးအသစ်



ကျွဲသဏ္ဍာန် ပုလင်းဖောက်တံ ဒီဇိုင်းသစ် Bull Bottle Opener


အသီးတွေကို လွယ်လွယ်ကူကူ ရေဆေးနိုင်မဲ့ ဇကာတစ်မျိုး Washing Net



ငှက်ပျောသီး ထားဖို့ရာဆိုပါလား Banana Holder



ပုလင်းကို လက်ကကိုင်စရာမလိုဘဲ စောင်းငှဲ့ရုံနဲ့ ခွက်ထဲအသာထည့်နိုင်တဲ့ ၀ိုင်ထားစရာ အထူးအဆန်း Wine Pourer



သံပုရာသီး ညှစ်ဖို့  Citrus Juicer



ပျော့ပျော့အိအိ စားစရာတွေကို အချိုးညီညီ ပိုင်းပေးနိုင်တဲ့  Mozzarella Slicer



ငရုပ်ဆော့ တို့လို ပျစ်ခဲတတ်တဲ့ ပုလင်းတွေကို ဇောက်ထိုးထားလိုက်ရင် အလွယ်တကူ ဟင်းထဲထည့်နိုင်ဖို့ Upside Down Bottle Holder



သံလွင်သီး၊ ချယ်ရီသီးတို့လို အစေ့ကြီးတဲ့အသီးတွေ အစေ့အလွယ်တူထုတ်နိုင်ဖို့ Pitter



ကြက်ဥထားဖို့ ကြွေနဲ့လုပ်ထားတဲ့ ကြက်ဥထည့်ခွက် Ceramic Egg Box


လက်ကိုင် မပါတဲ့ ကိုကာကိုလာ၊ စပရိုက်တို့လို ဘူးတွေကို အဆင်ပြေစွာ ကိုင်တွယ်နိုင်ဖို့ Bottle Handle



အသီးအရွက်တွေ လှီးတဲ့အခါ လက်ကို မထိအောင်ကာကွယ်ပေးဖို့ ပစ္စည်းသစ်



နာနတ်သီးကို အခွံခွာဖို့ ခက်နေရင် ဒါလေးကို သုံး..



ပေါက်ပေါက်ဖောက်စက်


ရေနွေးအိုး ထားဖို့ ( ငှဲ့ဖို့လည်း လွယ်ကူပါတယ်)



ပြောင်းဖူးအစေ့ချွေတဲ့ ပစ္စည်း


အသားကင်တွေ ညှပ်ဖို့ ( မီးအပူချိန်ကိုတောင် ကြည့်လို့ရသေး)


ပီဇာတို့လို စားစရာတွေကို ဖြတ်လို့လဲရ၊ ခက်ရင်းအဖြစ်လဲ သုံးနိုင်တဲ့ ခက်ရင်းသစ်


လက်ညိုးလေးထဲ ထိုးထည့်ပြီး သုံးနိုင်တဲ့ ခက်ရင်းဒီဇိုင်းသစ်


ဆီများများ မထည့်လိုဘဲ အိုးဆွတ်ရုံ ထည့်ချင်တဲ့အခါ သုံးနိုင်တဲ့ ဆီထည့်ဗူး


ကြိတ်ပြီးသား အသားတွေကို ညီညီညာညာ ပြားပေးနိုင်တဲ့ အသားပြားကိရိယာ


ခွက်၂ခုထဲ တစ်ပြိုင်တည်း လောင်းထည့်နိုင်တဲ့ ရေကရားဒီဇိုင်းသစ်


ဓားတွေထားဖို့ပေါ့။  ( ကြံကြံဖန်ဖန်)


Blender ဒီဇိုင်းသစ်


လှလဲလှ နေရာလဲ သိပ်မယူတဲ့ ပိတ်နိုင်ဖွင့်နိုင်တဲ့ စင်များ



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မိမိ မီးဖိုချောင်နဲ့ လိုက်ဖက်အသုံးဝင်မဲ့ပစ္စည်းကို အင်တာနက်ကနေ မှာယူနိုင်ကြပါပြီလို့….. :)


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်…


Sources from:  http://www.toxel.com/tech/2010/05/11/creative-products-for-your-kitchen/

http://www.funzug.com/

number of view: 360
August 30th, 2010 Posted in သုတအဖြာဖြာ | 28 Comments »

အမေ့ရဲ့ ဘုရားစင်


ကျွန်မရဲ့ အမေအကြောင်းကို ပြောပြရမယ်ဆိုရင် အမေဟာ ဘာသာတရားကို အလွန်ကိုင်ရှိုင်းသူတစ်ဦးပါ။ အလှူအတန်းကို မွေ့လျော်သူ၊ ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်သူ ဖြစ်ပါတယ်.. ကျွန်မတို့ဒေသမှာ ၀ါတွင်းကာလ အချိန်တွေရောက်တိုင်း  လပြည့်လကွယ်လို အခါရက်များမှာ မနက်စောစော ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ တစ်ရွာလုံးက  ဆွမ်းကပ်လှူတဲ့ အလေ့ရှိပါတယ်.. မြတ်စွာဘုရား ရုပ်ပွားတော်ရှေ့မှာ စားပွဲကြီးငယ်များစွာ  ချထားပြီး အဲဒီစားပွဲပေါ်မှာမှ တစ်ရွာလုံးက လှူတန်းထားတဲ့ ဆွမ်းနဲ့ အသီးအနှံမျိုးစုံကို ခင်းကျင်းထားပါတယ်..  ဒီလို မနက်ခင်းမျိုးတွေမှာ အမေက မုန့်မျိုးစုံနဲ့ ဆွမ်းအမည်ပေါင်း ၄၀၊ ၅၀အထိ စီစဉ်ပြီး လင်ဗန်းတို့လို ဗန်းကြီး ဗန်းငယ်များနဲ့ အိမ်ရှိလူကုန်က သယ်ယူကာ ဆွမ်းကပ်လေ့ ရှိပါတယ်.. မနက် ၄နာရီတိတိမှာ ရွာထဲက ဆွမ်းတော်ကပ်မဲ့လူတွေ ဆွမ်းတော်ဗန်းတွေနဲ့ လူစုံရောက်လာပြီး ဆွမ်းပွဲတွေလည်း စုံပြီဆိုရင် မြတ်စွာဘုရားရှင်ကို ရည်မှန်းလို့ ဆွမ်းလှူဒါန်းဆက်ကပ်ပြီး ငါးပါးသီလ ခံယူကြပါတယ်… ဆွမ်းတော်ကပ်ပြီးလို့ အမျှအတန်းဝေကာ ကြေးစည် ထုလိုက်တာနဲ့ တင်ထားတဲ့ဆွမ်းတော်ပွဲတွေ၊ အသီးအနှံတွေကို ရွာထဲမှာ ရှိတဲ့ ကလေးတွေက အလုအယက် စွန့်ကြဲကြပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်တတ်ကြပါတယ်.. ကျွန်မလဲ ငယ်ငယ်တုန်းက အဲဒီကလေးအုပ်စုထဲ ကောင်းကောင်းကြီး ပါခဲ့ဖူးတာပေါ့နော်. :)


အမေရဲ့ ဘုရားစင်ဟာ ဘယ်တော့မှ ပန်းမညိုးသလို၊ ဆွမ်းတော်မတင်တဲ့ ရက်ရယ်လို့ မရှိခဲ့ပါဘူး… အမေနေ့စဉ် ဆွမ်းတော်တင်ပုံက သက်ရှိဘုရားရှင်ကို ဆွမ်းကပ်လှူသကဲ့သို့ ထမင်းစားပန်ကန်နဲ့ ဆွမ်းကိုအပြည့်ခူးပြီး ဟင်းမျိုးစုံနဲ့ ဖွယ်ဖွယ်ရာရာ ကပ်လှူတတ်ပါတယ်.. ညအချိန်တွေမှာလည်း  ငယ်စဉ်ကဆိုရင် အမေရဲ့ ဘုရားရှိခိုးသံကို နားထောင်ပြီး အိပ်ပျော်သွားတတ်ခဲ့ပါတယ်.. အမေဟာ ဘုရားစာအမျိုးမျိုးကိုလည်း နားထောင်ချင်စရာ အသံနေအသံထားနဲ့ ဆိုတတ်တာမို့ နားထောင်ကောင်းလှတဲ့ အမေရဲ့ ဘုရားရှိခိုးသံကို နားထောင်ရင်း ကျွန်မတို့မောင်နှမတတွေလဲ ဘေးကနေထိုင်လို့ လိုက်ဆိုတတ်လာပြီး ဘုရားရှိခိုး တော်တော်များများကိုလည်း နားဝင် ယဉ်ပါးခဲ့ရပါတယ်.. အခုအသက်ကြီးလာတော့လည်း ကျွန်မအမေဟာ ဘုရားတရားအလုပ်ကိုသာ ဇောက်ချပြီး တရားအားထုတ်နေတတ်ပြီး ကျွန်မတို့ မောင်နှမတွေကိုလည်း အလုပ်ပိတ်ရက် သင်္ကြန်တို့လို အခါရက်မျိုးမှာ ရိပ်သာ၊ တရားစခန်းဝင်ဖို့လဲ တိုက်တွန်းတတ်ပါတယ်.. ရန်ကုန်မှာနေတုန်း အမေရဲ့ တိုက်တွန်းမှုကြောင့် သင်္ကြန်ပိတ်ရက်မှာ မဟာစည်ရိပ်သာကို ၀င်ဖြစ်ခဲ့ပါတယ်.. အဲဒီအချိန်တွေဟာ ဘာနဲ့မှ အစားထိုးလို့ မရတဲ့ စိတ်ချမ်းမြေ့ဖွယ် အချိန်တွေ ဖြစ်ခဲ့ပါတယ်..  ဒါကိုလည်း အမေရဲ့ တိုက်တွန်းချက်၊ အမေစိတ်ချမ်းသာစေလိုစိတ်နဲ့ လုပ်ဖြစ်ခဲ့ပေမဲ့ အေးချမ်းမှုနဲ့အတူ စိတ်ထားတတ်ဖို့ နည်းလမ်းများ ရခဲ့တဲ့အတွက် ကျွန်မအမေကို ကျေးဇူးတင်ရမှာပါ.. အမေကြောင့် ကျွန်မတို့မောင်နှမဟာ ဘာသာတရားကို ကိုင်းရှိုင်းတတ်သူများ ဖြစ်ခဲ့ကြရပါတယ်။



ဘုရားရှင်ကို ကပ်လှူတဲ့ အမေ့ရဲ့ နေ့စဉ်ဆွမ်းတော်ပွဲ


ကျွန်မတို့ ငယ်စဉ်၂တန်း ၃တန်းလောက်မှာ အမေက ခါးတိုအင်္ကျီလေးနဲ့ ကလေးအရွယ်ဝတ် ထမီလေးတွေ စပြီး ချုပ်ပေးခဲ့ပါတယ်.. သာမန်နေ့ရက်တွေထက် ကျောင်းဆုပေးပွဲတို့လို၊ အခါကြီးရက်ကြီး ဘုရားသွား ကျောင်းတက်ရတဲ့ ရက်တွေဆို အမေချုပ်ပေးတဲ့ မြန်မာ ခါးတိုအင်္ကျီလေးနဲ့ ထမီလေးကို မ၀တ်တတ် ၀တ်တတ် ၀တ်ဆင်ခဲ့ရတာ ပြန်တွေးတိုင်း ပြုံးမိရသေးတယ်.  ကျွန်မတို့ အမေကိုယ်တိုင်ကလည်း သူဝတ်သမျှအင်္ကျီလေးတွေအားလုံးဟာ ရင်ဖုံး၊ ရင်စေ့တို့လို မြန်မာဆန်တဲ့ ခါးတိုအင်္ကျီ လေးတွေသာ ဖြစ်ခဲ့ပါတယ်.. နည်းနည်းလေး သိတတ်လာတဲ့ အချိန်တွေမှာ အမေ့ရဲ့ အ၀တ်ဘီရိုလေးကိုဖွင့်ပြီး အရောင်အသွေးစုံ ချုပ်ထားတဲ့ သပ်ရပ်လှပနေတဲ့ အမေ့ရဲ့ မြန်မာ ၀တ်စုံလေးတွေကို ကြည့်ပြီး အားကျငေးမောခဲ့ရတာ ခုချိန်ထိ မှတ်မိနေခဲ့ပါသေးတယ်.. ကလေးအရွယ်မို့ လူကြီးတွေလောက် အ၀တ်များများ မရှိတာကို အားငယ်စိတ်ကလေးနဲ့ အမေရဲ့ အ၀တ်တွေကို သွားရေကျခဲ့မိပါတယ်.. အရွယ်နည်းနည်းရလာလို့ ကိုယ်တိုင်အ၀တ်အစား ၀တ်ဆင်တတ်လာချိန်ထိလဲ အမေက မြန်မာဝတ်စုံလေးတွေသာ ချုပ်ဖို့ တိုက်တွန်းတတ်ခဲ့ပါတယ်.. ကျွန်မ တက္ကသိုလ်ရောက်တဲ့အချိန်အထိ ခါးတိုအင်္ကျီလေးတွေနဲ့ အချိတ်ဆန်ဆန် ထမီလေးတွေဘဲ အမြဲဝတ်ဖြစ်ခဲ့ပါတယ်.. ဒီအ၀တ်တွေကို အမေက ငယ်စဉ်ကတည်းက အကျင့်လုပ်ပေးခဲ့လို့ စွဲစွဲမက်မက် ၀တ်တတ်လာတာ ဖြစ်သလို ကျွန်မကိုယ်တိုင်လည်း နှစ်ခြိုက်မိတာမို့ ၀တ်ဆင်ဖြစ်ခဲ့တာပါ။ ကျောင်းတွေပြီးသွားလို့ လုပ်ငန်းခွင်ဝင်ရောက်တော့မှသာ ကိုယ်ရောက်ရှိရာနေရာဒေသ၊ ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ သတ်မှတ်ဝတ်စုံတွေ ရှိလာတာကြောင့် အခြားခေတ်ပေါ်ဒီဇိုင်းတွေ၊ ရုံးယူနီဖောင်းတွေ ပြောင်းလဲ ၀တ်ဆင်ခဲ့ရပေမဲ့ ခုချိန်ထိလဲ မြန်မာဝတ်စုံကို နှစ်သက်နေတုန်းပါဘဲ.. မြန်မာဝတ်စုံနဲ့ သင့်လျှော်တဲ့ပွဲတွေမှာ ၀တ်ဆင်နေတုန်းပါဘဲ… ဒါက ကျွန်မအမေကြောင့် မြန်မာဝတ်စုံတွေကို နှစ်သက်မိခဲ့ရတဲ့ အကြောင်းရင်းတစ်ခုပါ။


အမေဟာ စာရေး၊ စာဖတ် အလွန်ဝါသနာပါပါတယ်.. ကျွန်မတို့ရဲ့ မွေးဇာတိဒေသဟာ မြို့ပြနဲ့ အလှမ်းဝေးလွန်းပေမဲ့ အိမ်မှာစာအုပ်တွေ တော်တော်များများ ရှိပါတယ်.. မဂ္ဂဇင်းတစ်ချို့မှာ ပါလာတတ်တဲ့ အမေရဲ့ လက်ရာ ကဗျာ၊ ဆောင်းပါး စတာတွေကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရပါတယ်.. သူကိုယ်တိုင်လည်း စာဖတ်ဝါသနာပါသလို ကျွန်မတို့ကိုလည်း ငယ်စဉ်ကတည်းက စာဖတ်တဲ့ အကျင့်ကို ပျိုးထောင် ပေးခဲ့ပါတယ်.. ကျွန်မကို ၃တန်း ၄တန်းလောက် အရွယ်မှာတင် မဂ္ဂဇင်း စာအုပ်မျိုးတွေ၊ ဗုဒ္ဓဝင်တွေကို ဖတ်ခိုင်းနေပါပြီ။ ဒီအရွယ်နဲ့ ဒီလိုစာတွေ ဖတ်နိုင်တယ်ဆိုပြီး အခြားသူတွေက ချီးကျူးကြရင်လည်း အမေက ၀မ်းသာဂုဏ်ယူတဲ့ အပြုံးလေးနဲ့ ပြုံးနေတတ်ခဲ့ပါတယ်။ ကျွန်မကလည်း စာအုပ်ဆိုရင် ဘာစာအုပ်မှ မရွေးဘဲ အကုန်ဖတ်တဲ့သူ ဖြစ်ပါတယ်.. ငယ်စဉ်က စပြီး ခုချိန်ထိ ဖတ်ခဲ့တဲ့ စာအုပ်အမျိုးအစားပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒီလို စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးခဲ့တဲ့ ကျွန်မအမေကို ကျေးဇူး များစွာ တင်မိပါတယ်.. ခုလို စာတွေ ရေးလာနိုင်တာဟာ အမေ အစပျိုးပေးလိုက်တဲ့ အမေ့ဆီက ဆက်ခံရရှိတဲ့ ၀ါသနာတွေကြောင့်ဘဲ ဖြစ်ပါတယ်.. စာပေကိုလဲ ၀ါသနာပါတဲ့ကျွန်မကို မြို့မှာ ကျောင်းတက်စေလိုတဲ့စိတ်နဲ့  ကျွန်မအမေက ကျွန်မအသက် ၁၁နှစ်အရွယ်မှာ အိမ်နဲ့ခွဲခွာပြီး တစ်မြို့တစ်နယ်က အဖွားအိမ်မှာ ကျောင်းတက်ဖို့ ပို့ထားခြင်း ခံရပါတယ်.. အဲဒီချိန်ကတည်းက အိမ်နဲ့ ခွဲခွာပြီး နေခဲ့ရတာ ခုချိန်ထိလဲ အိမ်နဲ့ ခွဲခွာနေရတုန်းပါဘဲ။


ကျွန်မနဲ့အမေနဲ့က ၀ါသနာ တော်တော်များများ တူပါတယ်.. ကျွန်မတို့အမေက အချက်အပြုတ် အလွန်ဝါသနာပါပါတယ်.. ကျွန်မတို့အိမ်မှာ ကျွန်မတို့ ငယ်ငယ်ကလေး ကတည်းက အမေကမုန့်မျိုးစုံလုပ်ပြီး အိမ်ဘေးပတ်ဝန်းကျင်ကို ဝေတတ်သလို၊ မြန်မာ့ရိုးရာ အခါကြီးရက်ကြီးတွေမှာလည်း ဧည့်သည်တွေဖိတ်ပြီး ကျွေးမွေးတတ်ပါတယ်.. ဥပုသ်ရက်တွေမှာ သူကိုယ်တိုင် ဥပုသ်မစောင့်ဖြစ်ခဲ့ရင် အသက်ကြီးရွယ်ကြီး ဥပုသ်သည်များကို ဖိတ်ခေါ်ပြီး ဖွယ်ဖွယ်ရာရာချက်ပြုတ်လို့ အိမ်မှာ ဆွမ်းကျွေးတတ်ပါတယ်.. အချက်အပြုတ် ၀ါသနာပါသူမို့ အမေဘာချက်ချက် စားကောင်းနေတတ်ပြီး ကျွန်မကိုယ်တိုင်လည်း အမေ့လိုဘဲ အချက်အပြုတ်ကို ၀ါသနာပါတတ်ခဲ့ပါတယ်.. အထူးအဆန်း စားသောက်ဖွယ်ရာတွေဆို အမေနဲ့ နှစ်ဦးသား တက်ညီလက်ညီ စိတ်ဝင်တစား လုပ်စားဖြစ်ခဲ့ပါတယ်.. အိမ်ကိုပြန်ချိန်တွေမှာ အမေ့က ကျွန်မကို စားဖိုမှူးတာဝန်ကို ယုံကြည်စိတ်ချစွာ ပေးတတ်ပါတယ်.. ကျွန်မတို့ မောင်နှမ ၆ယောက်မှာ ကျွန်မနဲ့ ညီမအငယ်တစ်ယောက်သာ အချက်အပြုတ်ကို အမေ့လို ၀ါသနာပါလာပြီး အစားအသောက် အသစ်အဆန်း တီထွင်ဖန်တီးရတာကို စိတ်ဝင်စားကြပါတယ်..  စာရေးချင်၊ စာဖတ်ချင်စိတ်ကတော့  အမေလို ကျွန်မတစ်ယောက်သာ ၀ါသနာပါလာပါတယ်.. နောက်ထပ် ကျွန်မအမေနဲ့ ကျွန်မနဲ့ တူတဲ့အချက်တွေက ပန်းတွေ အပင်တွေ စိုက်ပျိုးတာဖြစ်ပြီး အမေ့ဆီမှာလည်း ပန်းအမျိုးပေါင်းစုံ အိုးတွေများစွာနဲ့ ရှိသလို ခြံထဲမှာလည်း ပုန်းညက်လိုအပင်မျိုးမှစပြီး ကင်မွန်းချဉ်၊ ဆူးပုတ် ၊ နံနံ စတဲ့ စားပင်သောက်ပင်တွေထိ စုံနေအောင် စိုက်ထားတတ်ပါတယ်..


အမေက ပန်းတွေကို စိုက်ပျိုးတာ ၀ါသနာပါသလို ပန်းအလှထိုးတာကိုလည်း ၀ါသနာပါပါတယ်.. ဒီနေရာမှာလည်း ကျွန်မနဲ့ တူပြန်ပါတယ်.. ပန်းလေးတွေကို လှလှပပ ပြုပြင်ပြီး ပန်းအိုးတွေနဲ့ အလှထိုးတာ၊ အခမ်းအနားတွေမှာ အလှဆင်တာတွေကို ၀ါသနာပါပါတယ်.. ပြီးတော့ ကျွန်မတို့အမေက အလွန်အသန့်အပြန့်ကြိုက်ပါတယ်.. အိမ်ထောင်မှုထိမ်းသိမ်းတာ အရမ်းနိုင်နင်းပြီး သန့်သန့်ရှင်းရှင်း နေတတ်ပါတယ်.. အိမ်မှာ စလယ်ဝင်အိုး အရွယ်မှ စပြီး အလှူပွဲတွေမှာ ချက်ပြုတ်ကျွေးမွေးနိုင်တဲ့ အိုးအထိ အရွယ်စုံရှိပြီး အားလုံးဟာ မှန်ကြည့်လို့ရအောင် တောက်ပ ပြောင်လက်နေတတ်ပါတယ်.. ပန်းကန်၊ ခွက်ယောက်ဆိုရင်လည်း လူတစ်ရာနှစ်ရာ ကျွေးမွေးနိုင်တဲ့အထိ ပြည့်စုံလုံလောက်အောင် အမေက စုစုဆောင်းဆောင်း သိမ်းဆည်းထားတတ်ပါတယ်.. ကျွန်မတစ်သက် အမေ့ကို နေ့လည်နေ့ခင်း အိပ်တယ်ဆိုတာ မတွေ့ဖူးခဲ့လောက်အောင် အမေဟာ အလုပ်နဲ့လက် ပြတ်တယ်မရှိ အလုပ်လုပ်တတ်ပြီး အမေ ရှိနေရင် အိမ်တစ်ခုလုံး ပြောင်လက် သန့်ရှင်းနေတတ်ပါတယ်.. အမေဟာ တကယ့်ကို အိမ်ရှင်မကောင်း ပီသသူတစ်ဦးဖြစ်ပါတယ်.. ဒီနေရာမှာတော့ ကျွန်မကို အမေနဲ့တူလိမ့်မယ်လို့ ထင်ခဲ့ရင်တော့ မှားပါလိမ့်မယ်..  ကျွန်မဟာ အမေ့ခြေရာကို နည်းနည်းမှ မမှီတာဝန်ခံပါတယ်.. အမေလောက်လည်း အလုပ်ကို လက်နဲ့မပြတ် မလုပ်နိုင်သလို၊ ၀ိရိယလည်း အမေ့လောက်မကောင်းပါဘူး… အိမ်မှုကိစ္စတွေကိုလည်း အမေ့လောက် မလုပ်နိုင်တာ၊ မနိုင်နင်းတာ သေချာပါတယ်..


တနင်္ဂနွေသမီး အမေဟာ စိတ်ဆတ်သလို ကျွန်မကလည်း ဒေါသကြီးတဲ့သူ၊ မဟုတ်မခံတတ်တဲ့သူမို့ ငယ်ရွယ်နုနယ်စဉ်အချိန်တုန်းကတော့ အမေနဲ့ စကားများ ကတောက်ကဆဖြစ်တာတွေ မကြာခန ဖြစ်ခဲ့ဖူးပါတယ်.. ဒါပေမဲ့ ခုလိုအသက်အရွယ်အရ သိတတ်လာတဲ့အချိန်မှာတော့ ကျွန်မ မိဘတွေကို စိတ်မချမ်းသာအောင်၊ စိတ်မကြည်မလင်မဖြစ်အောင် လုပ်တဲ့အမူအကျင့်မျိုး ကြိုးစားပြီး ဖျောက်ဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်.. ခုချိန်မှာ အသက်ကြီးနေပြီဖြစ်တဲ့ ကျွန်မ အဖေအမေကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားဖို့သာ ဆုံးဖြတ်ထားမိပါတယ်..  အဝေးကနေ အိမ်အတွက် လူကြုံရှိတိုင်း စားသောက်ဖွယ်ရာတွေ၊ ကိုယ်တတ်နိုင်တာတွေ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း ပို့ပေးတတ်တဲ ကျွန်မကို တစ်ခါတော့ အမေက “သမီးလဲ ကိုယ့်နောင်ရေးရှိသေးတယ် အမေတို့ကို ဒီလောက်မ၀ယ်ပေးနဲ့ .. အမေတို့အတွက်က ဘာမှ မလိုအပ်ဘူး.. သမီးသာ ကိုယ့်အတွက်ကိုယ်စု၊ ပိုက်ဆံ စုပြီးရင် ကိုယ်ပိုင်စီးပွားရေးလေး လုပ်ဖို့ စိတ်ကူးဦး ” လို့ ပြောတတ်ပါတယ်.. ဒီလိုပြောလာတဲ့ အမေကို ကျွန်မပြန်ပြောဖြစ်ခဲ့တာက “ဒီလိုဆိုရင် သမီးအခု ရတဲ့ပိုက်ဆံတွေကို အမေတို့ကို ဘာမှမ၀ယ်ပေး၊ မပို့ပေးဘဲ စုထားပြီး ပိုက်ဆံတွေ အများကြီး ဖြစ်လာတော့  စီးပွားရေးလုပ်ပြီး အောင်မြင်ချိန်မှာ အမေတို့မရှိတော့ဘူး ဆိုခဲ့ရင် ဘယ်လိုလုပ်ရမလဲ…  အမေတို့ ရှိနေစဉ်မှာ မကျွေးမမွေးလိုက်ရတဲ့ အတွက် ဒီပိုက်ဆံတွေကိုင်ပြီး နောင်တ မရချင်ဘူး။  အဲဒီအချိန်မှတော့ ပိုက်ဆံချမ်းသာနေတော့ရော ကိုယ့်မိဘကိုယ်မှ ကျေးဇူးမဆပ်လိုက်ရ၊ ကျွေးမွေးပြုစုတာမျိုး မလုပ်လိုက်ရရင် စိတ်ချမ်းသာဦးမှာလား.. သမီး အဲဒီလိုမျိုး မကြုံချင်ဘူး.. နောင်တလဲမရချင်ဘူး.. ဒါကြောင့် ပိုက်ဆံ မစုနိုင်ချင်နေ.. အခုအချိန်မှာ အမေတို့ အသက်ရှင်နေတုန်းမှာ တတ်နိုင်သလောက်တော့ တာဝန်ကျေချင်တယ်.. ကျွေးမွေး ပြုစုသွားချင်တယ်..”  လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်.. တကယ်လဲ ကျွန်မကိုယ်တိုင် အဖေအမေကို အသက်ရှင်ချိန်မှာ အနီးအနားမှာ မနေနိုင်ဦးတော့တောင် အဝေးကနေ ကျွေးမွေးပြုစုခွင့်တော့ ရလိုက်ချင်ပါတယ် .. မိဘတွေ မရှိတော့မှ မကျွေးမမွေးလိုက်ရတဲ့ နောင်တမျိုး တကယ်ကို မဖြစ်ချင်ပါဘူး။ ဒါကြောင့် ဒီနေရာမှာတော့ ပိုက်ဆံစုပါ၊ အိမ်အတွက် ဘာမှ မပို့ပါနဲ့ဆိုတဲ့ အမေ့စကားကို ကျွန်မ နားမထောင်ဖြစ်ခဲ့ပါဘူး။


ဒီနေ့ဟာ ကျွန်မအမေရဲ့ ၆၆နှစ်ပြည့် မွေးနေ့မွေးရက် တိုက်ဆိုင်တဲ့ ရက်ဖြစ်ပါတယ်.. ဒါကြောင့် အမှတ်တရအဖြစ် ကျွန်အမေအကြောင်းလေးကို ဒီစာလေးနဲ့ ပိုစ့်တစ်ပုဒ် ဖန်တီးဖြစ်သလို အမေအတွက်လည်း မွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်စေချင်တဲ့အတွက်ရော၊ မွေးနေ့ဆုတောင်းလည်း ပေးချင်တာကြောင့်ပါ ဘလော့ဂ်စာမျက်နှာပေါ် တင်ဖြစ်ပါတယ်.. အမေအကြောင်းရေးဖို့ဆိုရင် ဒီလောက်နဲ့ ပြည့်စုံမှာမဟုတ်ပါဘူး.. ဒါပေမဲ့ ဘာဘဲပြောပြော ဒီစာလေးက အမေအတွက် သမီးဖြစ်သူရဲ့ မွေးနေ့လက်ဆောင်လို့ မှတ်ယူလို့ ရပါတယ်.. ညက အမေ့ဆီဖုန်းဆက်တော့ သံဃာတွေကို သင်္ကန်းနဲ့ ၀တ္ထုငွေများ ကပ်လှူပြီး အာရုဏ်နဲ့ နေ့ဆွမ်းကျွေးဖို့၊ ယောဂီတွေနဲ့ အခြားဧည့်သည်များကိုလည်း ထမင်းကျွေးဖို့ စီစဉ်ပြင်ဆင်နေတယ် လို့ ပြောပါတယ်.. အလှူအတန်းအတွက် တက်ကြွပျော်ရွှင်နေတဲ့ အမေရဲ့လေသံကို နားထောင်ပြီး ကျွန်မကိုယ်တိုင်လည်း ပျော်ရွှင်ကြည်နူးမိပါတယ်.. အမေဟာ အလှူအတန်းလုပ်ရမယ်ဆိုရင် ဘယ်တော့မှ မောပန်းတယ်ဆိုတာမရှိဘဲ သူကိုယ်တိုင် စီစဉ်ချက်ပြုတ်ပြီး သူ့ခြေသူ့လက် လုပ်တတ်သူပါ။ အမေလှူချင်တာ လှူနိုင်ဖို့လဲ ကျွန်မတို့မောင်နှမတစ်တွေ အမေ့မွေးနေ့ မတိုင်ခင်ကတည်းက အမေ့အလှူအတွက် ကိုယ်စီကိုယ်ငှ တတ်နိုင်သလောက် ကုသိုလ်ပါဝင်ခဲ့ကြပါတယ်..  အမေ့မွေးနေ့မှာ ဆုတောင်းမိတာက အမေကျန်းမာချမ်းသာပြီး တရားဘာဝနာအလုပ်ကို ခုထက်ပိုပြီး ကြိုးပမ်း လုပ်ဆောင်နိုင်ပါစေ.. သာသနာ့တာဝန် ကျေပြွန်တဲ့သူ တစ်ယောက်ဖြစ်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကို အားထုတ်နိုင်ပါစေ။ သက်ရှည်ကျန်းမာကာ အလှူရေစက် လက်နဲ့မကွာ လှူတန်းနိုင်ပြီးတော့ ကျွန်မသည်လည်း အမေရဲ့ ပါရမီကို ဖြည့်ခွင့်ရသော၊ မိဘကို လုပ်ကျွေးပြုစုခွင့်ရသော သမီးတစ်ယောက် ဖြစ်ရပါလို၏ လို့ ဆုတောင်းမိပါတယ်။



number of view: 288
August 29th, 2010 Posted in အမှတ်တရ | 34 Comments »

ုရက်ပိုင်း ခေါင်းကိုက်နေတာမို့ စာမရေးနိုင်သလို၊ စာရေးဖို့ ဦးနှောက်က မလန်းဆန်းဖြစ်နေပါတယ်.. ဒီအတွက် စာဖတ်သူများကို ဖတ်စရာစာများ မတင်ပေးနိုင်လို့ တောင်းပန်ချင်ပါတယ်.. ၂ရက်လောက်မှ ပိုစ့်အသစ်မတင်ဖြစ်ဖူးဆိုရင် စာအသစ်တင်မလားလို့ ရောက်လာတတ်တဲ့ အလည်လာသူများကိုလည်း အားနာမိပါတယ်.. ဒါကြောင့် စာများများ ရေးဖို့မလိုဘဲ ပုံတွေများများနဲ့ ကျွန်မတို့ရဲ့ ဒေသ အစားအစာလေးအကြောင်း ရေးပါရစေနော်..


မုန်လာဥအစိမ်းသုပ်


ပထမဦးဆုံး ဖော်ပြချင်တာက မုန်လာဥဖြူ အစိမ်းသုပ်ပါ။



မုန်လာဥဖြူဟာ အစိမ်းသက်သက်ဆိုရင် စိမ်းစော်နံတဲ့ အနံ့ရှိပါတယ်.. စိတ်မပူပါနဲ့ .. အဲဒီအနံ့ကို ပျောက်အောင်လုပ်ပြီး စားကောင်းတဲ့ အစိမ်းသုပ်ဖြစ်အောင် ဖန်တီးလို့ရပါတယ်.. မုန်လာချဉ် သုပ်စားချင်ကြတဲ့ နိုင်ငံရပ်ခြားမှာ ရှိသူများလည်း ခုလို လုပ်စားရင် မုန်လာဥချဉ်လို အရသာမျိုးအတိုင်း ဖြစ်တာမို့ အချဉ်တည်စရာမလိုဘဲ အလွယ်တကူ သုပ်စားဖို့  အဆင်ပြေပါလိမ့်မယ်နော်..



မုန်လာဥဖြူကို ခုလို ပါးပါးလှီးလိုက်ပါတယ်..


မြန်မာဗီနီကာ



အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥများ


ပါးပါးလှီးထားတဲ့ မုန်လာဥတွေကို ခုလို ဗီနီကာ (သို့) ရှာလကာရည်နဲ့ နာရီဝက် တစ်နာရီ ကြာအောင် စိမ်ထားလိုက်ပါတယ်.. ခနလေးစိမ်ရင် အနံ့မပျောက်မှာစိုးလို့ သေချာအောင် တစ်နာရီလောက်စိမ်ထားတာ ပိုကောင်းပါတယ်..



အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥတွေကို ရေဆေးပစ်ပါတယ်.. ရေမဆေးဘဲ သုပ်မယ်ဆိုရင်လဲ အဆင်ပြေပါတယ်.. အချဉ်အရမ်းစူးမှာ စိုးတာကြောင့် ရေဆေးလိုက်ရင်တော့ ပိုစိတ်ချရမယ်ထင်ပါတယ်..  ပြီးတော့ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံတို့ကို  ပါးပါးလှီးထည့်ပါတယ်..  ပုဇွန်ခြောက်၊ မြေပဲဆန် ထောင်းထည့်ပါတယ်.. မြေပဲဆန်ကို ညက်အောင် ထောင်းစရာမလိုပါ။ ရန်ကုန် ဆူးလေဘုရားနားက ဒေါ်ရိပ်ကြီးဆိုင်ရဲ့ လက်ရာမျိုး စားချင်ရင်  ပဲမှုန့်နဲ့  ဆီစိမ်း (သို့) ကြက်သွန်ဆီကျက်ကို ထည့်နိုင်ပါတယ်.. ကျွန်မကတော့ နှမ်းဆီကို အနံ့မွှေးအောင် ထည့်ပါတယ်..



ဆား၊ အချိုမှုန့် (သို့) အသားမှုန့် သင့်တင့်သလို ထည့်ပြီး သံပုရာသီး အနည်းငယ် ညှစ်ပြီး နှယ်လိုက်မယ်ဆိုရင် သိပ်ကောင်းတဲ့ မုန်လာဥ အစိမ်းသုပ်ကို ရပါတယ်။ အချဉ်အတွက် သံပုရာသီး မရှိလဲ ခုနက ဗနီကာ(သို့) ရှာလကာရည်ကိုသာ ထည့်လို့ရပါတယ်.. သံပုရာသီးထည့်တာက သံပုရာနံ့လေး မွှေးနေအောင် ထည့်တာဖြစ်ပါတယ်.. အချဉ်ရည်နဲ့ စိမ်ထားပြီးဖြစ်တာကြောင့် မုန်လာဥသည် ချဉ်နေပြီး ဖြစ်တဲ့အတွက် အချဉ်အရသာကိုတော့ မြည်းကြည့်ပြီး လိုအပ်မှ ထပ်ထည့်သင့်ပါတယ်..


စားလို့ရနေပြီဖြစ်တဲ့ ကျွတ်ဆတ်ဆတ်လေးနဲ့ မုန်လာဥအစိမ်းသုပ်ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှိုကပ်ပေါင်း၊ မှိုကပ်ထောင်း


ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ နောက်ထပ် အသီးအရွက်တစ်မျိုးက မှိုအမျိုးအစားဖြစ်တဲ့ မှိုကပ်ပါ… သစ်တုံး အဆွေးအမြေ့တွေပေါ်မှာ ကပ်ပြီးပေါက်တတ်တာမို့ တုံးမှို (သို့) မှိုကပ် လို့ ခေါ်တတ်ကြပါတယ်… အခြောက်လှမ်းထားတဲ့ မှိုဖြစ်တာမို့ ခြောက်ခြောက်သွေ့သွေ့ထားမယ်ဆိုရင် အထားခံတဲ့ မှိုတစ်မျိုးပါ။ မှိုကပ်မှာ ကပ်ငြိနေတတ်တဲ့ အမှိုက်သရိုက်များနဲ့ သဲမှုန်များ ပါဝင်တာကြောင့် ဂရုစိုက်ပြီး ဆေးကြောဖို့တော့ လိုအပ်ပါတယ်..  ရေမဆေးခင် ရေနွေးနဲ့ အချိန်ကြာကြာ စိမ်ထားရမှာ ဖြစ်ပါတယ်.. ရေနွေးနဲ့စိမ်ပြီး အနည်းငယ်ပျော့့ပြောင်းလာတဲ့ မှိုတွေကို ရေအထပ်ထပ်နဲ့ စိတ်ရှည်ရှည် ပြောင်းစင်အောင်ဆေးကြောရပါတယ်။



ဆေးလို့ ပြောင်စင်ပြီ ယူဆရင် အိုးတစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ဆား၊အချိုမှုန့်ထည့်ကာ မှိုကို ပြုတ်လိုက်ပါတယ်.. ရေကို အခမ်းပြုတ်ကာ ခြောက်ပြီး အိုးကပ်သွားတဲ့အထိ ထားလိုက်ပါတယ်.. အေးသွားတဲ့အချိန်မှာ ကြက်သွန်ဖြူကိုထောင်းပြီး မှို၊ ငရုပ်သီး၊ ပဒဲကော( ရှိလျှင်) ၊နံနံပင်ပါးပါးလှီးပြီး ထည်က့ာ မညက်တညက် ထောင်းလိုက်ပါတယ်..  ဒီလိုဆို မှိုကပ်ထောင်း တစ်ခွက် ဖြစ်လာပါတယ်.. မှိုကပ်ကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့မှာ တွေ့ရပါတယ်.. အခြားပြည်နယ်နဲ့ နိုင်ငံခြားမှာ ရှိမရှိတော့  ကျွန်မ သေချာမသိပါ။


မှိုကပ်ထောင်း


နောက်ထပ် မှိုကပ်ကို လုပ်စားနိုင်တဲ့ ဟင်းတစ်မျိုးက ကြက်ဥနဲ့ ပေါင်းစားတာပါ။ ကြက်ဥ ၄လုံး ၅လုံးကို ခွက်တစ်ခုထဲ ခေါက်လိုက်ပြီး ရေစင်အောင်ဆေးထားတဲ့မှိုကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြက်ဥနဲ့ ရောမွှေလိုက်ပါတယ်.. ရေအနည်းငယ်ထည့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံပင်တို့ ပါးပါးလှီးထည့်ပြီးအားလုံး နှံ့စပ်သမ သွားအောင် မွှေလိုက်ပြီး ရေထည့်ပြီး ရေနွေးအိုးတည်လိုက်ကာ ကြက်ဥခွက်ကို ရေတစ်ဝက်မြုပ်အောင် ထည့်လိုက်ပြီး အဖုံးဖုံးထားလိုက်ပါတယ်.. ရေငွေ့နဲ့ မကြာခင်မှာ ကြက်ဥကျက်သွားပြီးနောက် ကြက်ဥမှိုကပ်ပေါင်း ဟင်းတစ်ခွက်ဖြစ်လာပါတယ်။




ကြက်ဥမှိုကပ်ပေါင်း

မှိုကပ်ကို နောက်ထပ် လုပ်စားနိုင်တာက ဆန်မှုန့်နှစ်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီး၊ ဆီအနည်းငယ်ထည့်နယ်ပြီး ငှက်ပျောဖက်ရွက်လေးနဲ့ မုန့်ဖက်ထုပ်လို အထုပ်ငယ်လေးတွေ ထုပ်လို့ ရေနွေးငွေ့နဲ့ ပေါင်းတဲ့ အိုးထဲထည့်ကာ မှိုကပ်ပေါင်းလည်း လုပ်စားကြပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးခူချဉ်စပ်ဟင်း





နောက်ထပ် ရေးမဲ့ အစားအစာဟင်းချက်စရာက ငါးခူချဉ်စပ်ဟင်းပါ။ ငါးကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးပါတယ်.. ပြီးတော့ ဇလုံတစ်ခုထဲထည့်ကာ ငါးများကို ဆား၊ အချိုမှုန့်၊ ငံပြာရည်( ရှိပါက) မရှိလဲဖြစ်ပါတယ်၊ အသားမှုန့်၊ ဂျင်း ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း များများ တို့နဲ့ နယ်ပြီး အချိန်ကြာကြာ ထားလိုက်ပါတယ်.. သို့မှသာ ဆား၊အချိုမှုန့် အရသာများ ငါးအသားထဲဝင်ပြီး စားလို့ပိုကောင်းပါတယ်။




အချိန်တန်ကြာ နှယ်ပြီး နှပ်ထားတဲ့ ငါးကို အိုးထဲထည့် ရေ သင့်တင့်ရုံ ထည့်၊ သံပုရာသီးညှစ်ကာ ဆူပွက်အောင် ချက်လိုက်ပြီး အရသာ အပေါ့အငံမြည်းလို့ နံနံပင်အုပ်ပြီး ချလိုက်မယ်ဆိုရင် ငါးခူချဉ်စပ်ဟင်း ရပါပြီ။   ချဉ်လဲချဉ် စပ်လဲစပ်မို့ ထမင်းလဲ မြိန်မှာ သေချာလှပေမဲ့ ငရုပ်သီးကို ချင့်ချိန်ပြီး ထည့်နိုင်ပါတယ်.. အရမ်းစပ်လွန်းရင်တော့ ကျွန်မသူငယ်ချင်းပြောသလို ငါးခူချဉ်စပ်ဟင်း စားရတာ လျှာပေါ်မှာ မီးခဲတင်လိုက်သလိုဘဲ လို့ ပြောရပါလိမ့်မယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဍရင်ကောက်သုပ်


နောက်ထပ် စားစရာ အရွက်တစ်မျိုးက ဍရင်ကောက်သုပ်ပါ။ ဟိုတစ်လောက စီဘောက်ကနေ ညီမလေးတစ်ယောက် လာအော်သွားဖူးပါတယ်.. ဍရင်ကောက်ပင်မမြင်ဖူးလို့ ကြည့်ချင်ပါတယ်ဆိုပြီး။ ဒါပေမဲ့ အပင်တော့ ဓာတ်ပုံအဆင်သင့် မရှိတဲ့အတွက် တောင်းပန်ပါတယ်.. ဍရင်ကောက် အညွှန့်လေးကို ပြပါမယ်.. ကျေနပ်ပါနော်။



ပြုတ်ထားတဲ့ ဍရင်ကောက် အညွှန့်လေးတွေပါ။


ပြုတ်ထားတဲ့ ဍရင်ကောက်ညွှန့်လေးတွေကို အပိုင်းပိုင်းလေးတွေ လှီးဖြတ်ပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊သံပုရာသီးညှစ်လို့ ဆား၊ အချိုမှုန့်ထည့် နယ်လိုက်မယ်ဆိုရင် ဍရင်ကောက်သုပ် ချဉ်စပ်ကလေးကို ရပါပြီ။ ဍရင်ကောက်ကို အချဉ်ရည်ဟင်းလဲ ချက်စားကြပါတယ်..




ဍရင်ကောက်သုပ်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မျှစ်ချင်းသုပ်


ကျွန်မတို့ အရပ်ဒေသမှာ စားတဲ့ နောက်ထပ် ဟင်းတစ်မျိုးက ၀ါးပင်၊ ၀ါးရွက်တွေမှာ ကပ်ပြီးဖြစ်နေတဲ့ မျှစ်ချင်းလို့ ခေါ်တဲ့ ရေညှိလိုလို အရာတစ်မျိုးပါ။ အိစိ အိစိနဲ့ မို့ ကျောက်ကျောနဲ့လည်း တူပါတယ်.။ မြို့ပြမှာ တစ်ခါမှ မတွေ့ခဲ့ရဖူးတဲ့ ဟင်းတစ်မျိုးပါ။ သူက မိုးရာသီကုန်ခါနီး ဆောင်းဦးရာသီလိုမျိုးမှာ တွေ့ရတတ်တဲ့ ရာသီစာတစ်မျိုးပါဘဲ။




မျှစ်ချင်းကိုလည်း အမှိုက်သရိုက်ပြောင်စင်အောင် သေချာဆေးကြောရပါတယ်… စင်အောင်ဆေးပြီးရင် ရေနွေးပူပူနဲ့ ခနကြာ စိမ်ထားပြီးရင် ပြန်ဆယ်ယူပြီး အပေါ်ကလို ကြက်သွန်နီ၊ ငရုပ်သီးစိမ်းပါးပါးလှီးထည့်ပြီး စိမ်းစားငပိ မီးဖုတ်ပြီး အနည်းငယ်ထည့်ကာ ပုဇွန်ခြောက်၊ သံပုရာသီး၊ နံနံပင် ၊ ဆား၊အချိုမှုန့် တို့နဲ့ နယ်လိုက်ရင် မျှစ်ချင်းသုပ် တစ်ခွက် ရပါတယ်။


သုပ်ဖို့ အဆင်သင့် အနေအထား


မျှစ်ချင်းကို စားခါနီးမှ ဆားအချိုမှုန့်ထည့်နယ်ပြီးတာနဲ့ ချက်ခြင်းစားရပါတယ်.. မဟုတ်ရင် ဂျယ်လီလိုဖြစ်နေတာမို့ ဆားနဲ့တွေ့တဲ့အခါ အရည်ပျော်ကုန်ပြီး ခွက်ထဲမှာ အဖတ်တွေ ပျောက်ကုန်ပြီး အရည်တွေသာ ကျန်နေတတ်တာကြောင့်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိန်းဥ ကျောက်ဖရုံသီးဟင်းရည်


နောက်ထပ်ဟင်းတစ်မျိုးက ကချင်ပြည်နယ်မှာ ပေါပေါများများ ရှိတဲ့ ပိန်းဥဟင်းရည်ပါ။


ပိန်းဥ


ပိန်းဥနဲ့ ကျောက်ဖရုံသီးကို အခွံခွာ အတုံးလေးများ တုံးပြီး ရေနွေးအိုးတည်၊ ဆား၊ ငပိ၊ ပုဇွန်ခြောက်ခတ်ပြီး  ဆူလာတဲ့အခါ ပိန်းဥကိုထည့်ပါတယ်.. ငရုပ်သီးစိမ်း ၂တောင့် ၃တောင့် ထည့်ပါတယ်.. မျှစ်ကို သေးသေးပါးပါးလှီးပြီး အခြောက်လှမ်းထားတဲ့ မျှစ်တို့ခြောက် ကို ထည့်ပါတယ်..


ကျောက်ဖရုံသီး

ဟင်းအိုး ဆူလို့ ပိန်းဥနဲ့ ကျောက်ဖရုံသီး နူးမနူး စမ်းကြည့်ပြီးတဲ့အခါ ဟင်းရည်အိုး ကျဲမနေအောင် ပိန်းဥနဲ့ ကျောက်ဖရုံသီး အနည်းငယ်ကို ခြေမွပြီး အိုးထဲပြန်ထည့်လိုက်ပါတယ်..  အပေါ့အငံမြည်းလို့ ကချင်ပြည်နယ်ရဲ့ ကံဇင်းရွက်လေး ခတ်လိုက်မယ်ဆိုရင် ပိန်းဥ၊ ကျောက်ဖရုံသီး ဟင်းချို ရပါပြီ။



ပိန်းဥ၊ ကျောက်ဖရုံသီး ဟင်းရည်

မျှစ်ကို ပါးပါးလှီးပြီး အခြောက်လှန်းထားတဲ့ မျှစ်တို့ခြောက်ပါ။ ချဉ်တဲ့ အရသာရှိပြီးတော့ ဟင်းထဲမှာ ထည့်စားလို့ရသလို ရှမ်းလူမျိုးတို့ရဲ့ ဆွမ်ထန်ခြောက်ကဲ့သို့ ရေနွေးဆူဆူထဲ ဆား၊အချိုမှုန့်၊ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီးစိမ်း၊  နံနံပင် မျှစ်တို့ခြောက် ထည့်ပြီး လွယ်ကူမြန်ဆန်တဲ့ ဟင်းရည်တစ်ခွက်လဲ လုပ်စားလို့ ရပါတယ်။


နောက်ထပ် ဒေသအစားအစာများကို အခွင့်အရေး ရသလို ရေးသွားပါဦးမယ်.. . အခုတော့ ဒီလောက်နဲ့ဘဲ ရပ်နားပါရစေရှင်။



လေးစားချစ်ခင်စွာဖြင့်




number of view: 443