ကောင်လေးတစ်ယောက်ရဲ့ ဒိုင်ယာရီ




picture from google search



ကောင်မလေးရေ… ငါတို့ ၂ယောက် ပထမဆုံး စတင် ဆုံစည်းကြတဲ့နေ့ကို နင်မှတ်မိ သေးရဲ့လား… အဲဒီနေ့ဟာ ဒီနှစ် စာသင်နှစ်ရဲ့ ပထမဆုံး ကျောင်းစတက်ရက် လည်းဖြစ်တယ်လေ…ငါက ကျောင်းနောက်ကျနေတော့ ကျောင်းဝင်းထဲကို အလျှင်စလို ပြေးအ၀င်….နင်က နင်တို့အိမ်က လိုက်ပို့တဲ့ ဗော်လ်ဗိုကား အကောင်းစားကြီး  ထဲကနေ အထွက် မမျှော်လင့်ဘဲ နင့်ကို ငါဝင်တိုက်မိလိုက်တယ်..နင့်လက်ထဲမှာ ကိုင်လာတဲ့ စာအုပ်တွေအားလုံး  မြေကြီးပေါ်ကို ပြုတ်ကျကုန်တယ်..  ငါ နင့်စာအုပ်တွေကို ကပျာကယာ ပြန်ကောက်ပေးပြီး တောင်းပန်စကားနဲ့ အတူ နင့် လက်ထဲကို ထည့်ပေးလိုက်ပေမဲ့ ငါ့ကို ပြန်ကြည့်လိုက်တဲ့ ဒေါသပါတဲ့ ခပ်စိမ်းစိမ်း အကြည့်တစ်ချက်က လွဲလို့ ဘာ တုန့်ပြန်မှုမှ ငါမရခဲ့ပါဘူး… ငါရဲ့ ပထမဆုံး ထင်မြင်လိုက်တဲ့ အမြင်ကတော့ နင်ဟာ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ ခပ်ရင့်ရင့် ဘ၀င်မြင့်မြင့် ကောင်မလေးတစ်ယောက် ဆိုတာပါဘဲ… နင့်ရဲ့ မဖော်ရွေတဲ့ အမူအရာကြောင့် ငါနင့်ကို နောက်ထပ် ထပ်တွေ့ရလိမ့်မယ်လို့ မမျှော်လင့် တော့ပေမဲ့ အံ့သြစရာက နင်ဟာ ငါနဲ့တစ်ခန်းထဲ စာသင်ရမဲ့သူအဖြစ် ပြန်လည် တွေ့ဆုံ ရတာပါဘဲ…. တွေးမိတိုင်း သတိရနေတုန်းဘဲ ကောင်မလေးရယ်….





မတ်လ ၂၂ရက်နေ့


ကျောင်းတက်ရက် နည်းနည်းရလာတော့မှ ငါဟာနင့်အကြောင်းတွေကို ပိုပြီး သိလာရတယ်… နင့်အပေါ် ရှိခဲ့တဲ့ ငါ့ထင်မြင်ချက်တွေဟာ ပြောင်းလဲလာတယ်.. နင်ဟာ ချမ်းသာတဲ့ မိသားစုကနေ ပေါက်ဖွားလာတာ ဖြစ်ပေမဲ့ ငါထင်သလို ဘ၀င်မြင့်တဲ့ မိန်းခလေးတစ်ယောက် လုံးဝ မဟုတ်ခဲ့ဘူး…… နင်ဟာ အရမ်းကို သဘောကောင်းပြီး ဖော်ဖော်ရွေရွေနဲ့ ခင်မင်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါ… နင်နဲ့ငါ စတွေ့တဲ့ ပထမဆုံးနေ့က နင်အရမ်း ကြိုက်နှစ်သက်တဲ့ ကဗျာစာအုပ် ပေါင်းချုပ် လေးကို ငါက တက်နင်းလိုက်မိပြီး စာအုပ်ပေါ်မှာ ငါ့ခြေထောက်ရာ ထင်သွားခဲ့တာကြောင့် နင်ငါ့ကို ဒေါသထွက်နေခဲ့တယ် ဆိုတာ ခုမှ ငါသိလိုက်ရတာပါ ဒီအတွက် ဆောရီးပါ ကောင်မလေးရယ်..






ဧပြီလ ၅ရက်နေ့


နေ့လည်စာစားဖို့ ကျောင်းခနဆင်းတဲ့အချိန်တွေမှာ နင့်ကို မကြာခန ငါ သတိထားမိတဲ့ တစ်ခြား မိန်းခလေးတွေနဲ့ လုံးဝကို မတူတဲ့အချက်က ကဗျာ စာအုပ်တွေ အပေါ် ထားတဲ့ နင့်ရဲ့ မြတ်နိုး တန်ဖိုးထားမှုပါဘဲ… နင်ဟာ တစ်ခါတစ်လေမှာ ပါးစပ်ကနေ တစ်စုံတစ်ခု ကို တိုးတိုးဖွဖွလေး ရွတ်ဆို နေလေ့ရှိတယ်.. အစကတော့ ငါထင်ခဲ့တာက နင်ဟာ ပေါ့ပ် သီချင်း တစ်ပုဒ်ကို ဆိုနေတာဘဲလို့…ဒါပေမဲ့ ငါနောက်မှ သိလာရတာက နင်ဟာ ကျော်ကြားတဲ့ တရုတ် ကဗျာဆရာကြီး တစ်ယောက်ရဲ့  ကဗျာတွေကို အလွတ် ကျက်နေတယ် ဆိုတာပါဘဲ.. နင်ဟာ ကဗျာနဲ့ ပါတ်သက်ရင် ဘာမဆို အကုန်သိနေခဲ့တယ်.. ကဗျာဆရာတိုင်းကို နင်အကုန် သိနေသလို ဘယ်ကဗျာကို ဘယ်သူက ရေးဖွဲ့ခဲ့တယ် ဆိုတာက အစ အားလုံး နင်သိနေခဲ့တယ်… နင်ဟာ ကဗျာကို ရူးရူးမူးမူး နှစ်သက်စွဲလမ်းတဲ့ ကောင်မလေး တစ်ယောက်ပါ…  ဒါကြောင့်လည်း ငါနင့်ကို တော်တော်လေး အထင်ကြီး လေးစားမိခဲ့တယ်… တော်ပါပေတယ် ကောင်မလေးရယ်





မေလ ၈ရက်နေ့


ငါနင့်ကို ကျောင်းစာကြည့်တိုက်မှာ တွေ့လိုက်တဲ့နေ့က နင်ဟာ တရုတ် ဂန္တ၀င် စာပေဖြစ်တဲ့ “ ရှေးခေတ် ဘုရင်များ၏ အချစ်ဇာတ်လမ်းများ ” ဆိုတဲ့ စာအုပ်ကို ဖတ်နေခဲ့တယ်.. တရုတ်ဂန္တ၀င်စာပေတွေကို လေ့လာလိုက်စားတဲ့၊  စွဲလန်းနှစ်သက်တဲ့ နင့်ရဲ့အရည်အချင်းကို ငါအားကျမိတယ်..  ချီးကျူးစရာ ကောင်းလောက်အောင် နင်ဟာ ဘယ်သူနဲ့မှ မတူ ထူးခြားလွန်းတဲ့ ကောင်မလေး တစ်ယောက်ပါ…. လေးစားပါတယ် ကောင်မလေးရယ်..






မေလ၁၅ရက်နေ့


အဲဒီကစလို့ နင်နဲ့ငါဟာ ကျောင်းစာကြည့်တိုက်မှာ တရုတ်ဂန္တ၀င်စာအုပ်ထဲက လူတွေရဲ့ စရိုက်နဲ့ပါတ်သက်ပြီး အားနည်းချက် အားသာချက် တွေကို    မကြာခန ဆွေးနွေးဖြစ်ကြတယ်.. နင်မှတ်မိသေးလား .. ကြာဘောင်ယွီ က လင့်တိုင်ယွီကို  ထိခိုက်နာကျင်စေတယ် ဆိုတာနဲ့ပါတ်သက်ပြီး ဟုတ်တယ် မဟုတ်ဘူးနဲ့ နင်နဲ့ငါ အကြီးအကျယ် အငြင်းအခုန် ဖြစ်ကြတယ်လေ.. နင်နဲ့ငါရဲ့ အငြင်းပွားမှုက တော်တော့်ကို ပြင်းထန်ခဲ့တယ်.. အဲဒီ တစ်ပါတ်လုံး ငါတို့၂ယောက် မခေါ်နိုင် မပြောနိုင်ဖြစ်ခဲ့ကြပေမဲ့ .. နောက်တစ်ပတ် သောကြာနေ့ စာကြည့်တိုက်မှာ ပြန်ဆုံ ကြတော့ အဲဒီအကြောင်းကို ပြန်ပြောပြီး ၂ယောက်လုံး ရယ်မိကြတယ်… ပြီးတော့လဲ နောက်ထပ်ငြင်းစရာတွေ ထပ်ပေါ်လာပြန်ရော… နင်နဲ့အတူတူ စာတွေဖတ်ရပြီး ငြင်းရတာ ပျော်စရာ ကောင်းလိုက်တာ ကောင်မလေးရယ်






သြဂုတ်လ ၇ရက်နေ့


ငါမငြင်းနိုင်ပါဘူး.. ငါရင်ထဲမှာ တစ်စုံတစ်ရာ ခံစားချက်လေး ရှိနေပြီ.. ဘာလဲဆိုတာ အတိအကျတော့ ပြောဖို့ခက်တယ်.. နင် တစ်ခြားကောင်လေး တစ်ယောက်ယောက်နဲ့ ပြုံးရယ်နေတာတွေ့ရင် ငါ့ရင်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တွေဖြစ်လာတယ်.. ဒီတော့မှ ကိုယ့်ကိုကိုယ် သိလိုက်တယ်.. ငါနင့်ကိုချစ်နေပြီ.. တစ်ခြားကောင်လေးတွေနဲ့ နင် ရယ်မောနေတာတွေ့ရင် ငါ့ရင်ထဲမှာ မနာလိုတဲ့စိတ်၊ သ၀န်တိုတဲ့စိတ်တွေ ဖြစ်နေတာ… ဒါတွေ နင်သိအောင် ငါပြောပြချင်ပေမဲ့ နင် အထင်လွဲမှာ ငါကြောက်တယ်… ခုလို နင်နဲ့ ရင်းရင်းနှီးနှီး အခြေ အနေလေးကို ငါနှမြောတယ်… တော်ကြာ ငါဖွင့်ပြောလိုက်လို့ နင်စိတ်ဆိုးပြီး သူငယ်ချင်း အဖြစ်နဲ့တောင် ဆက်ဆံခွင့် မရတော့ရင် ဆိုတဲ့ အတွေးတွေက ငါ့ကို နှိပ်စက် နေတယ်… ဒါကြောင့် ဖွင့်မပြောတော့ဘူး လို့ငါဆုံးဖြတ်လိုက်တယ်..… တိတ်ဆိတ်စွာဘဲ ငါနင့်ကို ချစ်နေပါ့မယ် ကောင်မလေးရယ်





အောက်တိုဘာလ ၁ရက်နေ့


သတင်းဆိုးတစ်ခုကြောင့် ငါတုန်လှုပ်သွားတယ်.. နင်ဟာ ကျောင်း ကင်တင်းမှာ မေ့လဲကျသွားတယ်တဲ့… နင့်ကို သယ်ဆောင်သွားတဲ့ လူနာတင်ကားကို ကြည့်ပြီး နင့်အတွက် ပူပန်နေတဲ့ ငါ့စိတ်တွေကို မျက်နှာကနေ တစ်ဆင့် လူတွေ မြင်မှာစိုးလို့ မနည်းကို ထိန်းချုပ် လိုက်ရတယ်.. ဆောက်တည်ရာ မရအောင် ယောက်ယက်ခတ် နေတဲ့ ငါ့စိတ်တွေဟာ နင်နဲ့ အတူတူ လိုက်ပါသွားခဲ့တယ်….  စိတ်ပူလိုက်ရတာ ကောင်မလေးရယ်..







အောက်တိုဘာလ ၂ရက်နေ့


ဒီနေ့တစ်နေ့လုံး မိုးဖွဲဖွဲလေး ကျနေတယ်.. ငါတို့အတန်းပိုင်ဆရာမက နင် ကင်ဆာ ဖြစ်နေပြီ ဆိုတဲ့ အကြောင်းကို အတန်းထဲမှာ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကြေငြာလိုက်တယ်.. ဆရာမရဲ့ နောက်ဆုံး စကားလဲဆုံးရော အပြင်မှာ ကျနေတဲ့ မိုးဖွဲဖွဲဟာ ရုတ်တရက် သည်းကြီးမည်းကြီး ရွာချလိုက်သလိုဘဲ….. ငါ့နားထဲမှာ မိုးသံကလွဲလို့ ဘာအသံကိုမှ မကြားတော့ဘူး.. ဆရာမရဲ့ စာသင်ချိန်အပြီး နင့်ကိုတွေဖို့ ဆေးရုံကြီးကို အပြေးအလွှား ငါလာခဲ့မိတယ်.. ဆေးရုံရဲ့ ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ နင့်မျက်နှာလေးဟာ သွေးရောင်ဆိုလို့ တစ်စက်မှကို မရှိတော့ဘဲ အဖြူဆွတ်ဆွတ်သာဖြစ်နေခဲ့တယ်.. နင့်ကို ခွဲစိတ်ကုသမှု လုပ်ထားတယ်ဆိုတာ ငါနားလည်လိုက်ပါတယ်.. နင့်အသက်ဆက်ဖို့ အထောက်အကူအဖြစ် သွင်းထားတဲ့ ဆေးပုလင်းနဲ့ ပိုက်တွေက ရှုပ်ရှက်ခပ်ပြီး အညာအတာ ကင်းမဲ့စွာနဲ့ မင်းရဲ့ ဘယ်ဘက် လက်ကောက်ဝတ်မှာ ဖောက်ဝင်နေကြတယ်.. “ ငါနေကောင်းပါတယ်… ဒီလောက်စိတ်ပူစရာမရှိပါဘူး.. အခုဖြစ်တာက သွေးအားနည်း တာကြောင့်ပါ.. ငါ့ကို ယုံစမ်းပါ… ငါနေပြန်ကောင်းလာမှာပါ..ငါ့အဖေနဲ့အမေက ငါ့ကို ပြောပြီးပြီ..” နင့်အသံက တကယ့်ကို ယုံကြည်ချက်အပြည့်နဲ့ ပြောနေတဲ့ လေသံ… နင့်စိတ်ကို ငါသိပါတယ် ကောင်မလေးရယ်… နင် ငါစိတ်ပူမှာ စိုးနေတယ် မဟုတ်လား.. နင့်ကိုယ်နင် နှစ်သိမ့်နေတာလား ဒါမှမဟုတ် ငါ့မျက်နှာပေါ်မှာ ပေါ်နေတဲ့ ထိတ်လန့်ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု တွေကို နင်သိသွားလို့များ နှစ်သိမ့်နေတာလား လို့ ကိုယ့်ကိုကိုယ် မေးနေမိတယ်.. ငါဟာ နင့်စကားကို ပြန်တုံ့ပြန်ဖို့ အင်အားတောင် မရှိတော့ပါဘူး ကောင်မလေးရယ်.. ခေါင်းလေးကို အသာငြိမ့်ပြပြီး အားပေးတဲ့ အပြုံးလေးနဲ့ဘဲ နင့်ကိုငါ နှစ်သိမ့် နိုင်ပါတော့တယ်… နင်ကလဲ ငါ့ကို ပြန်ပြုံးပြတယ်… ဒါပေမဲ့ အဲလောက်လေး ပြုံးပြဖို့ကို နင်ဘယ်လောက် ခက်ခက်ခဲခဲ အင်အား စိုက်ထုတ် လိုက်ရတယ်ဆိုတာ ငါရင်နာနာနဲ့ သိလိုက်ပါတယ်.. သနားလိုက်တာ ကောင်မလေးရယ်..





အောက်တိုဘာလ ၅ရက်နေ့


သူများတွေအတွက်တော့ ပုံမှန်နေ့တစ်နေ့ပါဘဲ .. ဒါပေမဲ့ ငါ့အတွက်တော့ အရေးကြီးတဲ့ နေ့တစ်နေ့ပါ.. ငါ့ရင်ထဲမှာ နင့်ကိုချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောလိုက်ဖို့ တစ်စုံတစ်ရာ နိုးဆော် တိုက်တွန်းနေတယ်… ငါ နင့်ရဲ့ကုတင်ဘေးကို လျှောက်သွားပြီး နင့်ရဲ့ လက်ကလေးကို အသာဆုပ်ကိုင်လိုက်ရင်း သာမန် ကောင်လေး တစ်ယောက်က ကဗျာတွေကို ချစ်တတ်ပြီး တရုတ်ဂန္တ၀င်စာပေတွေကို ထူးထူးခြားခြား နှစ်သက်တဲ့ ကောင်မလေး တစ်ယောက်ကို ဘယ်လောက်ထိအောင် ချစ်ခင်မြတ်နိုးနေတယ် ဆိုတဲ့ ဇာတ်လမ်းလေးတစ်ခုကို ပြောပြ နေမိတယ်.. ဇာတ်လမ်းလေးကို ပြောနေရင်း ငါ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာတယ်.. ပြီးတော့ ငါ့ အသံတွေ တုန်ရီလာပြီး နောက်ဆုံးတော့ ဘယ်လိုမှ ချုပ်တီးလို့ မရတော့ဘဲ ငါ့မျက်ရည်တွေ စီးကျ လာတော့တယ်… ငါရှိုက်ကြီးတငင် ငိုကြွေးနေမိပါတယ်… ဒါပေမဲ့ နင်က ငါ့ရဲ့ခေါင်းလေးကို တွန်းလိုက်ပြီး မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးလေးနဲ့ “ နင့်ဇာတ်လမ်းလေးထဲက အချစ်ကို ငါနားလည်တယ်.. ငါခံစားလို့ရပါတယ်.. ဒါကြောင့် အဲဒီထဲက ကောင်မလေးကလည်း နားလည်မှာပါ” လို့ပြောတယ်.. အဲဒီအချိန် ငါနင့်ကို ကြည့် လိုက်မိတော့ နင်မျက်ရည်တွေ ကျနေတယ်… ပြီးတော့ နင့်နှုတ်ခမ်းလေးတွေ နီလာတာ ပထမဆုံးအကြိမ်အဖြစ် ငါတွေ့လိုက်ရတာပါဘဲ… ငါ နင့်ကို သိပ်ချစ်တယ် ကောင်မလေးရယ်..





အောက်တိုဘာလ ၂၆ရက်


ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့.. စာမေးပွဲ ဖြေပြီးချင်းချင်း ဆေးရုံကြီးကို ငါအပြေးအလွှား ထွက်လာခဲ့တယ်.. ဟိုနေ့က နင့်ကိုငါ ပြောပြနေတဲ့ ဇာတ်လမ်းလေးကို ဆက်ပြောဖို့ စိတ်ကူးနဲ့ပေါ့… ဒါပေမဲ့ ဆေးရုံကို ရောက်တော့ နင်အိပ်နေကျ ကုတင်လေးမှာ သူနာပြုဆရာမတစ်ယောက်က အိပ်ရာခင်းတွေ ပြန်ပြင် ခင်းနေတာကိုဘဲ တွေ့လိုက်ရတယ်.. ဆရာမကို ငါ နင့်အကြောင်း မေးမိတော့ နင်ဆုံးသွားပြီ ဆိုပြီး ခံစားချက်ကင်းမဲ့တဲ့ လေသံနဲ့ ငါ့ကိုပြန်ပြောတယ်.. မိုးကြိုးပစ်ချလိုက်သလို ငါခံစားလိုက်ရပါတယ်.. ကောင်မလေးရယ်.. အဲဒီနေရာမှာဘဲ လှုပ်ရှားမှု ကင်းမဲ့စွာနဲ့ ငါ အကြာကြီး ရပ်နေခဲ့တယ်.. ဒီစာမေးပွဲ အတွက်ကြောင့် စာကျက်နေရတာနဲ့ နင့်ဘေးကို မရောက်လာဖြစ်တဲ့ နေ့တွေအတွက် ငါ့ကိုယ်ငါမုန်းမိတယ်.. နင့်ကို ငါသိပ်ချစ်တဲ့အကြောင်း စောစောစီးစီး ဖွင့်မပြောမိခဲ့တဲ့ ငါ့ကိုယ်ငါ မုန်းတယ်… နောက်ဆုံးတစ်ခေါက် နင့်ဆီကို ရောက်လာတုန်းက နင့်ဘေးမှာ ကြာကြာ မနေခဲ့မိတဲ့အတွက်လည်း ငါ့ကိုယ်ငါ မုန်းမိတယ်..  ဒါပေမဲ့ နင်က မရှိတော့ဘူး .. ငါ့ကိုယ်ငါ သိပ်ကို မုန်းမိပါတယ်… အိမ်ကို ဘယ်လို ပြန်ရောက်လာတယ် ဆိုတာလည်း ငါမမှတ်မိတော့ဘူး… ငါအိပ်ရာကနိုးတော့ ငါ့အခန်းထဲ ပြန်ရောက် နေခဲ့တယ်ဆိုတာ သိလိုက်တယ်…. ငါ့ခေါင်းအုံးလေး တစ်ခုလုံးလဲ ရွှဲရွှဲစိုနေတာကို ငါတွေ့ရတယ်.. ခုကျမှ ငိုနေမိတဲ့အတွက် ငါ့ကိုယ်ငါမုန်းတယ်…. ငါ့ကိုယ်ငါ မုန်းလိုက်တာ ကောင်မလေးရယ်…





အောက်တိုဘာလ ၂၇ရက်


နင်ရဲ့ အသုဘကို လိုက်ပို့ဖို့ ထွက်လာခဲ့တယ်.. နင့်အဖေဆီက ငါသိလိုက်ရတာက နင်ဟာ သေဆုံးမဲ့နေ့အထိ နင့်မွေးနေ့ တုန်းက ငါလက်ဆောင်ပေးခဲ့တဲ့ ကဗျာ စာအုပ်လေးကို ဖတ်နေခဲ့တယ်တဲ့… ကောင်မလေးရယ် နင့်ရဲ့ ပုံတူ ပန်းချီကားရှေ့မှာ ငါရပ်နေမိတယ်.. ဒါပေမဲ့ ငါမျက်ရည်မကျပါဘူး… ငါ့မှာ မျက်ရည်တွေ ခမ်းခြောက် သွားခဲ့ပြီ.. နင်ဆုံးတဲ့နေ့က ငါ့မျက်ရည်တွေ အားလုံး ကုန်သွားခဲ့ပြီ ထင်ပါရဲ့… ငါသိတာကတော့ ငါ့ရင်ထဲမှာ ပူလောင် ဆွေးမြေ့မှုတွေနဲ့ အတူ ငါ့အသည်းနှလုံး တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ပြီး နင်နဲ့အတူတူ သေဆုံး သွားခဲ့ပါပြီ…… ငါ့ရင်ထဲက ၀မ်းနည်းခြင်း ကြေကွဲခြင်း တွေဟာလည်း ဘယ်တော့မှ ပျောက်ပျက် နိုင်တော့မယ် မထင်ပါဘူး ကောင်မလေးရယ်…






ဇန်န၀ါရီလ ၂ရက်နေ့


ကျောင်းတွေပြန်ဖွင့်တော့ မင်းထိုင်နေကျ နေရာလေးကို ကောင်မလေး အသစ်တစ်ယောက် လာထိုင်တယ်… သူဟာ မင်းလို ကဗျာ ကို နှစ်သက်တဲ့၊ ခံစားတတ်တဲ့ ကောင်မလေးမဟုတ်ဘူး… ဒါပေမဲ့ ပေါပ့်သီချင်းကိုတော့ ပါးစပ်က ညည်းနေတတ်တယ်… ငါက သူ့ကိုမေးလိုက်တယ်.. နင် ကြာဘောင်ယွီ ကို သိလားလို့.. အဲဒီကျောင်းသူသစ်က ဘာတွေလာမေးနေတာလဲ တဲ့ …




ကဗျာတွေကို ချစ်တဲ့ တရုတ်ဂန္တ၀င်စာပေတွေကို မြတ်နိုးတဲ့ ကောင်မလေးရေ… နင်သေဆုံးသွားပေမဲ့ ငါ့အတွက်တော့ မင်းနေရာ လေးဟာ ပိုင်ရှင်မဲ့နေတုန်းပါ.. ဘယ်တော့မှလဲ ဘယ်သူမှလဲ ပိုင်ဆိုင်နိုင်တော့မယ် မထင်ပါဘူးကွယ်… နင်မရှိတော့ပေမဲ့ ငါနင့်ကို လွမ်းနေတယ်.. သတိရနေတယ်.. တမ်းတနေတယ်.. သတိရခြင်းတွေ လွမ်းဆွတ်ခြင်းတွေ တနင့်တပိုးနဲ့ပါ ကောင်မလေးရယ်…





————————————————————————————————



အချစ်ဆိုတာ လူတွေရဲ့စိတ်ကို အလွှမ်းမိုးနိုင်ဆုံး ခံစားချက်တစ်ခုပါ… လူတစ်ယောက်ကို ချစ်မိပြီဆိုရင် မေ့ပျောက်ဖို့ ခက်သလို မုန်းမေ့ဖို့လဲ ခက်လှပါတယ်….. မနက်ဖန်ဆိုတာကို ဘာဖြစ်လာမယ်လို့ ကြိုတင်မှန်းဆ မရနိုင်တဲ့ လောကကြီးမှာ အချိန်တွေ ဆွဲပြီး နှောင့်နှေးမနေဘဲ ကိုယ်ချစ်နေတဲ့သူကို အမြန်ဆုံး ဖွင့်ပြောပြီး ပျော်စရာကောင်းတဲ့ ချစ်သူဘ၀တွေကို လျှောက်လှမ်းလိုက်ပါလို့ စာဖတ်သူများကို တိုက်တွန်းလိုက်ပါတယ်.. ဘယ်လိုဘဲဖြစ်ဖြစ် အချစ်ဆိုတာ လူတွေရဲ့ စိတ်ကို အလွှမ်းမိုးနိုင်ဆုံး ခံစားချက်ပါဆိုရင် စာဖတ်သူများ လက်ခံနိုင်မယ် ထင်ပါတယ်…. ဒီလောကကြီးမှာ အချစ်နဲ့ ကင်းနိုင်တဲ့သူ ဆိုတာမှ မရှိဘဲလေ…





http://www.lovefatedestiny.com/romancestories2.htm ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်….






ချော ( အစိမ်းရောင်လွင်ပြင်)