ကန္တာရထဲက ပန်းပင်လေးတစ်ပင်








တစ်ခါတုန်းက သဲကန္တာရကြီး တစ်ခုထဲမှာ ပေါက်နေတဲ့ ပန်းပင်ငယ်လေး တစ်ပင် ရှိခဲ့ပါတယ်… တစ်ခြား ပန်းပင်တွေ၊ ပန်းပွင့်တွေ အားလုံး ညိုးရော် ခြောက်သွေ့နေချိန်မှာ သူမတစ်ဦးတည်းသာ ရှင်သန်နိုင်ခဲ့ပါတယ်.. ပန်းပင်လေးဟာ ခုလို ရှင်သန်နိုင်တဲ့အတွက် နေ့စဉ်နေ့တိုင်း  ရွှင်လန်း ၀မ်းမြောက် နေပါတယ်.. ပြီးတော့လဲ နေမင်းကြီးကို မော့ကြည့်ပြီး  “ကျွန်မ ဘယ်တော့များ ကြီးပြင်းလာမှာလဲ ” .. လို့မေးတတ်ပါတယ်.. နေမင်းကြီးက “ စိတ်ရှည်ရှည်နဲ့ စောင့်ပါ ကလေးမရယ်.. ငါ့နေရောင်ခြည်နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အတွက် မင်းဟာ ဖြေးဖြေးချင်း ကြီးထွားလာနေပါပြီ  ”  လို့ ပြန်ဖြေပါတယ်…




နေမင်းကြီးရဲ့ စကားကို ကြားရတော့ ပန်းပင်လေးဟာ ပျော်ရွှင် ကြည်နူးရပါတယ်… သူမက ပန်းပွင့်လေးတွေ အများကြီး ပွင့်ပြီး ဒီသဲကန္တာရ ကြီးကို အလှဆင် ပေးချင်ပါသေးတယ်.. အဲဒါဟာ သူအဖြစ်ချင်ဆုံး ဆန္ဒလေး တစ်ခုလဲ ဖြစ်ပါတယ် သူမ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ တတ်နိုင်သလောက်တော့  လောကကြီးကို အလှဆင်ပေးနိုင်သူ ၊ လောကကြီးအတွက် ကောင်းကျိုးလေးတစ်ခု ဆောင်ရွက် ပေးခဲ့ချင်သူ ဖြစ်ပါတယ်...




တစ်နေ့မှာ မုဆိုးတစ်ယောက်ဟာ မျက်စိလည်ပြီး ကန္တရ အတွင်းကို ရောက်လာပါတယ်… ပြီးတော့ ပန်းပင်လေးကို နင်းမိသွားပါတယ်… သူမဟာ မြေပြင်ပေါ်မှာ ပြားပြားဝပ်သွားခဲ့ရပါပြီ… ဒီတော့ ပန်းပင်လေးဟာ အရမ်းဘဲ ၀မ်းနည်းသွားမိတယ်..သူမ သေရပါတော့မယ်.. ဒီသဲကန္တာရကို အလှလေးတောင် ဆင်ပေးခွင့်၊ ပန်းလေးတွေ ဖူးပွင့်ခွင့်တောင် မရတော့ဘဲ သူမ သေဆုံးသွားတော့မှာကို တွေးမိပြီး ၀မ်းနည်းလွန်းတာပါ…. ပန်းပင်လေးက လောကကြီးကို သူတတ်စွမ်းသမျှ အလှဆင်ပေးချင်သူလေ…




သူမရဲ့ ပြင်းပြတဲ့ ဆန္ဒကို ကြားသိသွားတဲ့ နတ်မင်းကြီးတစ်ပါးက “ဒီပန်းပင်လေးဟာ လောကကို အလှဆင်ပေးချင်တဲ့ စိတ်ရှိတယ်.. ကောင်းကျိုးကို လိုလားတယ်.. ဒါကြောင့် သူအသက်မသေသင့်ဘူး… သူ့ဆန္ဒလေးကို ပြည့်အောင် ဖြည့်ဆည်းပေးရမယ်.. ” လို့ ဆုံးဖြတ်ပြီး ပန်းပင်လေးရှိရာကို ဆင်းသက် လာပါတယ်… ပြီးတော့ ပန်းပင်ကလေးကို လက်နဲ့ အသာအယာ ထိတွေ့ ကိုင်တွယ်ပြီး အသက် ဇီဝဓာတ်ကို ပြန်လည် ဖြည့်သွင်းပေးလိုက်တဲ့ အခါ ပန်းပင်ကလေးဟာ ထူထူထောင်ထောင် ပြန်ဖြစ်လာပါတယ်…




သိပ်မကြာခင်မှာ ပန်းပင်လေးမှာ လှပတဲ့ ပန်းကလေးတွေ ဖူးပွင့်ဝေဆာလာပါတယ်… ပန်းပွင့်လေးတွေမှာလည်း သင်းပျံ့တဲ့ ရနံ့လေးတွေနဲ့… ကန္တာရကြီးဟာ ပန်းပွင့်လေးတွေရဲ့ အလှ၊ သူတို့ရဲ့ မွှေးရနံ့လေးတွေနဲ့ လှပ တင့်ဆန်းလို့….. မွှေးရီ သင်းထုံလို့ နေပါတော့တယ်….. ပန်းပင်လေးဟာ မြင်ရသူအပေါင်းကို ကြည်နူး ချမ်းမြေ့ စေတဲ့  ရွှင်လန်း ပီတိကို ပေးဝေမျှလို့ပေါ့……………





--------------------------------------------------------------------------------------------------------------------------------------



ပုံပြင်လေးက ဒါပါဘဲရှင်... ကျွန်မကတော့ ပုံပြင်လေးထဲက ပန်းပင်လေးရဲ့ စိတ်ဓာတ်ကို အရမ်းဘဲ နှစ်ခြိုက်မိပါတယ်... ကျွန်မတို့တွေဟာ လောကကြီးထဲမှာ ရှင်သန်နေစဉ် အချိန်လေးမှာ ပန်းပင်လေးလို စိတ်ထားမျိုး ထားသင့်ကြပါတယ်နော်.. လောကကြီးအတွက် ကောင်းရာ ကောင်းကျိုးကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အသက်ရှည်ရှည် နေထိုင်နေကြတဲ့ လူတွေထက်စာရင် ကိုယ် တတ်နိုင်သလောက်လေး  တစ်ထောင့်တစ်နေရာ၊ ကဏ္ဍလေး တစ်ခုခုကနေ ပါဝင် လုပ်ဆောင်ရင်းနဲ့ အသက်တိုတိုလေး နေသွားရဦးတော့ လောကကြီးမှာ နေထိုင်ခဲ့ရကျိုး နပ်တယ် မဟုတ်ပါလားရှင်... အဓိပ္ပာယ်ရှိသော ရှင်သန်ခြင်းလဲ ဖြစ်ပါတယ်... လူတိုင်း မိမိကိုယ်ကို စဉ်းစားသင့်ပါတယ်.. ငါဟာ လောကကြီး အတွက် ကောင်းကျိုးတစ်ခုခု လုပ်ခဲ့ပြီးပြီလား.. လောကကြီးကို တစ်ထောင့် တစ်နေရာကနေ အလှဆင်ဖို့ ကြိုးစားခဲ့ပြီလား.... မလုပ်ရသေးဘူး ဆိုရင် ကိုယ် မသေခင်မှာ တတ်နိုင်သလောက်လေး လောကကြီးကို အလှဆင်သွားကြပါဦးနော်... ကိုယ်လို လူတွေ များလာတဲ့ အခါ ကမ္ဘာ လောကကြီး တစ်ခုလုံးဟာ ကောင်းကျိုးတွေ ဝေဖြာပြီး အေးချမ်း သာယာလို့ လှပနေမှာပါ... ကျွန်မလဲ တစ်ထောင့် တစ်နေရာ ကနေ ကိုယ် တတ်စွမ်းသမျှလေးနဲ့  လောကကြီးကို နည်းနည်းလေးဘဲ ဖြစ်ဖြစ် အလှဆင်နိုင်သူ ဖြစ်အောင် ကြိုးစားပါဦးမယ်ရှင်.............






Flower in The Desert ( Unknown Author) ကို နှစ်ခြိုက်လွန်းစွာ ဘာသာ ပြန်ပါသည်....






ချော (အစိမ်းရောင်လွင်ပြင်)

အလိုအပ်ဆုံးအရာ





တစ်နေ့မှာ အမျိုးသမီးတစ်ဦးဟာ အိမ်အပြင်ကို ထွက်အလာမှာ အိမ်ရှေ့မှာ ထိုင်နေတဲ့ အဖိုးအို သုံးဦးကို တွေ့လိုက်ရပါတယ်.. အဖိုးအို သုံးယောက်လုံးဟာ ဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးများ ကိုယ်စီ ရှိကြပါတယ်.. အမျိုးသမီးက အဖိုးအို သုံးဦးကို ကြည့်ပြီး သူမ မသိတဲ့ သူတွေ ဖြစ်နေတဲ့အတွက် အနည်းငယ်တော့      ဇဝေ ဇ၀ါ  ဖြစ်သွားခဲ့ပါတယ်..




“အဖိုးတို့ကို ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ထင်ပါတယ်... ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပါ.. အဖိုးတို့ကို ကြည့်ရတာ ဆာနေရောပေါ့နော်.. အိမ်ထဲကို ၀င်ပါလား.. ကျွန်မ တစ်ခုခုနဲ့ ဧည့်ခံပါရစေ.. ”  လို့ အမျိုးသမီးက အဖိုးအိုတို့ကို ပြောပါတယ်…




“အိမ်ထဲမှာ ယောက်ျားသား တစ်ယောက်ယောက် ရှိသလား” လို့   အဖိုးတို့က ပြန်မေးပါတယ်..




မရှိပါဘူးရှင်.. သူအပြန်ထွက်သွားပါတယ်…”




ဒါဆိုရင် ငါတို့ ၀င်လို့ မဖြစ်ဘူး”  လို့    ပြန်ပြော ပြီး အဖိုးအိုတို့က သူမရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ပါတယ်…




ညနေစောင်းလို့ သူမယောက်ျား ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက အကျိုးအကြောင်း ပြောပြပါတယ်… သူမ အမျိုးသားက     “ ကောင်းပြီလေ… ငါပြန်ရောက်ပြီဘဲ.. သူတို့ကို အိမ်ထဲကို လာခဲ့ဖို့ ပြန်ဖိတ်ခေါ်ခဲ့.. ”  လို့ပြောပါတယ်..




အမျိုးသမီးကလဲ အိမ်အပြင်ဘက် ပြန်ထွက်လာပြီး အဖိုးအို သုံးဦးကို ဖိတ်ခေါ်ပြန်ပါတယ်…




အဖိုးအိုတို့က “ ငါတို့က သုံးယောက်လုံး တစ်ပြိုင်တည်း ၀င်ဖို့ မဖြစ်နိုင်ဘူး”   လို့    ပြန်ပြောပြန်ပါတယ်…




အမျိုးသမီးက သိချင်စိတ်ဖြစ်လာတာနဲ့ “ဘာကြောင့် သုံးယောက်လုံး တစ်ပြိုင်တည်း ၀င်ဖို့ မဖြစ်နိုင်ရတာပါလဲ” လို့ မေးပါတယ်..




အဖိုးအို တစ်ဦးက အခြားအဖိုးအို တစ်ဦးကို လက်ညိုးညွှန်လိုက်ရင်း  “သူ့နံမည်က ဦးချမ်းသာ ဖြစ်ပါတယ်… ”  နောက်တစ်ဦးကို လက်ညိုးထပ်ညွှန်ရင်း  “သူကတော့ ဦးအောင်မြင် ၊ ကျုပ်နံမည်ကတော့ ဦးမေတ္တာပါ.... အဖိုးတို့ သုံးယောက်မှာ တစ်ယောက်သွားရင် ကျန်တဲ့၂ယောက်က နေခဲ့ရမှာ ဖြစ်ပါတယ်...  ကဲ အခု အိမ်ထဲကို ပြန်သွားပြီး အဖိုးတို့ သုံးယောက်ထဲက ဘယ်သူ့ကို အိမ်ထဲဝင်ခွင့် ပြုမလဲ ဆိုတာကို သမီးယောက်ျားနဲ့ သွားတိုင်ပင်လိုက်ပါဦး.. ” လို့ပြောပါတယ်..




အမျိုးသမီးဟာ အိမ်ထဲကို ပြန်ဝင်သွားပြီး သူမယောက်ျားနဲ့ တိုင်ပင်ပါတယ်… သူ့ယောက်ျားက ပျော်ရွှင် ၀မ်းသာ စွာနဲ့    “ အိုး ဘယ်လောက် ၀မ်းသာစရာ ကောင်းလိုက်သလဲ.. ကဲ.. ဒီလိုဆိုရင် ဦးချမ်းသာကို သွားခေါ်ခဲ့ ..သူ အိမ်ထဲရောက်လာရင် ငါတို့ တစ်အိမ်လုံး ချမ်းသာခြင်းကို ပိုင်ဆိုင်ပြီပေါ့ကွာ…” လို့ပြောလိုက်ပါတယ်..




သူ့မိန်းမက သဘောမတူပါဘူးတဲ့… “ ယောက်ျားရယ်… ကျွန်မတို့ ဘာကြောင့် ဦးအောင်မြင်ကို မဖိတ်ခေါ်ရမှာလဲ.. အောင်မြင်လာပြီဆို ချမ်းသာခြင်းကလဲ အလိုလို ရောက်လာတော့မယ်လေ..  မဟုတ်ဘူးလား ”  လို့ပြောပါတယ်..




အိမ်ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်လေး နားထောင်နေတဲ့ သမီးလေး ဖြစ်သူက   “ဘာဖြစ်လို့ ဦးမေတ္တာကို မဖိတ်ခေါ်ရမှာလဲ .. ချစ်ခြင်းမေတ္တာသာ ရှိရင် အရာရာ ပြည့်စုံပြီပေါ့.. အိမ်မှာ ချစ်ခြင်းမေတ္တာတွေသာ လွှမ်းမိုးနေမယ်ဆိုရင် ဘယ်လောက်များ သာယာ ပျော်ရွှင်စရာ ကောင်းမလဲ”  လို့ ပြောပါတယ်..




ဒီတော့ သူမလေးရဲ့ အဖေက “ ဟုတ်တယ် ငါ့ သမီးလေး ပြောတာ မှန်တယ်..  သွား မိန်းမရေ.. ဦးမေတ္တာကိုသာ အိမ်ထဲကို ဖိတ်ခေါ်ခဲ့ဟေ့.. သူသာ ငါတို့ အတွက် အကောင်း ဆုံးဧည့်သည် အဖြစ်ထိုက်ဆုံးပဲ ”  လို့ပြောလိုက်ပါတယ်…




အမျိုးသမီးကြီးလဲ အိမ်အပြင်ဘက် ပြန်ထွက်လာပြီး အဖိုးအို သုံးဦးကို “ အဖိုးတို့အထဲက ဘယ်သူက ဦးမေတ္တာပါလဲရှင်… ဦးမေတ္တာကို ကျွန်မတို့ အိမ်ရဲ့ ဧည့်သည် အဖြစ် ရွေးချယ် လိုက်ပါပြီ..  အိမ်ထဲကို ကြွပါရှင်”  လို့ပြောလိုက်ပါတယ်…




ဦးမေတ္တာဖြစ်တဲ့ အဖိုးအိုတစ်ဦးက ထိုင်ရာမှ ထလိုက်ပြီး အိမ်ထဲကို လျှောက်လှမ်း သွားပါတယ်.. ကျန်တဲ့အဖိုးအို နှစ်ဦးကလည်း ထိုင်ရာမှ အသီးသီး ထ လိုက်ကြပြီး ဦးမေတ္တာ နောက်ကို  လိုက်လာကြပါတယ်….




အမျိုးသမီးဟာ အံ့သြသွားပြီး “ကျွန်မဖိတ်တာ ဦးမေတ္တာဆိုတဲ့ အဖိုး တစ်ယောက်ထဲ ကိုပါ.. အဖိုးတို့ ၂ယောက်က ဘာကြောင့် လိုက်လာကြပါသလဲ…. အဖိုးတို့ပြောတော့ သုံးယောက်လုံး တစ်ပြိုင်တည်း အိမ်ထဲဝင်လို့ မရဘူးဆို ”  လို့ မေးလိုက်ပါတယ်…




အဖိုးအို သုံးဦးတို့ဟာ “တကယ်လို့ သမီးကသာ ဦးအောင်မြင် ဒါမှမဟုတ် ဦးချမ်းသာ တစ်ဦးဦး ကိုသာ ဖိတ်မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာနေခဲ့မှာပါ.. ခုတော့ သမီးတို့က ဦးမေတ္တာကို ဖိတ်ခေါ်တဲ့ အတွက် အဖိုးတို့က သူသွားရာနောက်ကို လိုက်ရပါတယ်.. ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံနေရင် ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းဟာ လိုက်ပါလာစမြဲပါကွယ် လို့ ပြန်ဖြေပါတယ်….”



-------------------------------------------------------------------------------------------------


စာဖတ်သူတို့ကရော  ယခုလို ဦးချမ်းသာ၊ ဦးအောင်မြင်၊ ဦးမေတ္တာ ဆိုတဲ့ အဖိုးအို သုံးဦးနဲ့များ ဆုံတွေ့ခဲ့ရင် ဘယ်သူ့ကို ရွေးချယ်မှာပါလဲ…. ဦးမေတ္တာကို ရွေးချယ်မှာပါလား?.. ဟုတ်ပါတယ်နော်... အိမ်တစ်အိမ်မှာ အရေးအကြီးဆုံးက ချစ်ခြင်းမေတ္တာပါ.. မိသားစုတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိဖို့က သိပ်ကို လိုအပ်ပါတယ်... ဘယ်လောက်ပဲ ငွေကြေး ချမ်းသာနေပါစေ.. ဘယ်လောက်တောင် အောင်မြင်တိုးတက် နေတဲ့ အိမ်တစ်အိမ် ဖြစ်နေပါစေ.. မိသားစုဝင်တွေ အချင်းချင်း ချစ်ခင်ကြင်နာမှု မရှိဘဲ.. မသင့်မမြတ် ဖြစ်နေကြမယ်ဆိုရင် စိတ်ချမ်းသာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု မဖြစ်နိုင်ပါဘူးနော်... အိမ်သားတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိပြီး စီးပွားရေး၊ ကြီးပွားရေး တို့ကို ၀ိုင်းဝန်းလုပ်ဆောင်ကြရင် ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းကို ရရှိဖို့ လွယ်ကူပါတယ်.. ဒါကြောင့် အိမ်တစ်အိမ်မှာ မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်တဲ့ ချစ်ခြင်းမေတ္တာတရားကို တစ်ဦးနဲ့ တစ်ဦး ပြည့်ပြည့်၀၀ ထားနိုင်ဖို့ ကြိုးစားကြပါစို့လားရှင်...





Unknown Author ရဲ့ Invitation ကို ဘာသာပြန်ပါသည်....






ချစ်ခြင်းမေတ္တာ ပြည့်ဝကြပါစေရှင်...









ချော ( အစိမ်းရောင်လွင်ပြင်)

ပျော်ပျော်ပါးပါး ဟင်းချက်စားမယ်..

ဒီနေ့တော့ စာလာဖတ်ကြတဲ့ သူတွေကို ကျွန်မက ဟင်းချက်နည်းတစ်မျိုး ပြောပြပါ့မယ်.. ဘာဟင်း ချက်မယ်လို့များ ထင်ကြပါသလဲရှင်… မနေ့က တင်တဲ့ပိုစ့်မှာ  ကျွန်မ ဖမ်းမိ လာတဲ့ ၀က်ဝံသားတော့ မဟုတ်ပါဘူး… mylovecafe က စာရေးဖော် သူငယ်ချင်းတွေက ကျွန်မ ၀က်ဝံတစ်ကောင် ဖမ်းမိလာတယ် ကြားတော့ အသီးသီး ရောက်လာပြီး တစ်ယောက် နည်နည်းစီ တောင်းယူ သွားကြပါတယ်… mylovecafe Admin ကြီးကတော့ ၀က်ဝံခေါင်း ယူပါတယ်.. သူ့အိမ်မှာ အလှချိတ်မလို့ပါတဲ့...  ပြောရဦးမယ်… ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ မကေနဲ့ မမြသွေးနီကတော့   ၀က်ဝံ ခြေသည်း စွပ်ပြုတ် စားချင်လို့ပါ ဆိုပြီး ခြေသည်းတွေ တောင်းယူ သွားပါတယ်.. ဟို မာတီပလိုင်း ကိုဇော်ဆိုပြီး နံမည်ကြီးနေတဲ့ တစ်ယောက်က ၀က်ဝံ အရေခွံ လေး သူ ယူပါရစေတဲ့… ၀က်ဝံအရေခွံ ခြုံပြီး နေရင် သူ့ကိုယ်သူ ပိုလုံခြုံမယ် ထင်လို့ပါတဲ့.. ကြည့်ရတာ ဈေးကောင်းရင် ထုတ်ရောင်းဖို့ ထင်ပါရဲ့..  ကျွန်မ ကလဲ သူတောင်းတာ ပေးလိုက် ပါတယ်.. နောက် ဒေါက်တာလေး ဇီဝက ကတော့ သိတဲ့အတိုင်း ဆရာဝန် ဆိုတော့ ၀က်ဝံ သည်းခြေကို တောင်းပါတယ်… ၀က်ဝံ သည်းခြေက ဆေးဘက် ၀င်တယ် လေ.. သူက ဆေးဖော်မယ် ထင်ပါရဲ့…. ဒါတောင် ဒေါက်တာ ပန်းရင့်ရောင်နဲ့  တစ်ဝက်စီ ခွဲရမှာ…   ဒေါက်တာ သက်တန့်ချို ကတော့ ဘယ်ပျောက် နေတယ်မသိ.. ရောက်မလာ ပါဘူး.. နောက်ကျမှ ရောက်လာပြီး လာတောင်းရင် ၀က်ဝံအမွှေး လေးတွေ သိမ်းထားတာ ရှိသေးတယ်.. သူ့ကို နည်းနည်းခွဲပေးလိုက်ပါမယ်..  ခေါင်းအုံးထဲ ထည့်လို့ရတာပေါ့.. မှို့ မလိုတော့ဘူးလေ… ကိုနွေဆူး ၊ ကိုဏီလင်းညို၊ ကိုမြစ်ကျိုးအင်း၊ ကိုမင်းသုခ၊ ကိုလင်းကြယ်ဖြူ၊ ကိုဂျေဂျူ၊ ကိုဇာဏီ၊ ကိုလေတံခွန်၊ ကိုအင်းသားလေး၊ ကိုချမ်းလင်းနေ၊ ကိုအညာသားလေး နဲ့  ကိုဇော်သိင်္ခ တို့ကို ၀က်ဝံ ခြေထောက်နဲ့ လက်၂ချောင်း လက်ဆောင် ပေးလိုက်တယ်…  အမြည်းလုပ်လို့ ရတာပေါ့နော်… မဟုတ်လဲ ပီယဆေး ဖော်ချင်ဖော်ပေါ့...





အင်ကြင်း၊ သဒ္ဓါ၊ နှင်းဟေမာ၊ အဖြူရောင် နတ်သမီး၊ ၀ိုင်း၊ မေလေး၊ မ၀ါ၊ မေခင်မွန်း၊ သိင်္ဂါ၊ မေကျော်၊ မချစ်ကြည်၊ မြလေးသျှင်၊ တောသူမလေး၊ လုံမလေးတို့ အတွက်တော့ ၀က်ဝံဆီ ထုတ်ပြီး ပေးလိုက်ပါတယ်..  ၀က်ဝံဆီ က ဆံပင်ကို သန်စွမ်းနက်မှောင် စေတယ်လေ… ကျန်နေ သေးတဲ့ စင်္ကာပူက စာရေးဖော် တစ်ချို့ကလဲ သတင်းကြားတာနဲ့ ရောက်ဖြစ်အောင် ရောက်လာပြီး မိုက်ကြေး လာခွဲကြသေးတယ်.. သူတို့ကိုတော့  ၀က်ဝံ နားရွက် ပေးလိုက် ပါတယ်..  ၀က်သားဒုတ်ထိုးကို လွမ်းနေကြသူတွေ ဆိုတော့ ၀က်ဝံ နားရွက်ကို ဒုတ်ထိုး လုပ်ချင် လုပ်ကြမှာ..  နိုင်ငံပေါင်းစုံက ဘလောဂ့်ရေးဖော် တွေကလဲ ၀က်ဝံသား မစားဖူး လို့ပါ..  နည်းနည်းလောက် မျှပါနဲ့ လာတောင်းကြတယ်…. ဒီလိုနဲ့ ကျွန်မမှာ ဘာမှ မကျန်ရစ် တော့ပါဘူး… ဒါတောင် မရလိုက်လို့ စိတ်ကောက်တော်မူ ကြတဲ့ လူတွေက ရှိပါ သေး တယ်....      ဒါနဲ့ အိမ်မှာရှိတဲ့ ကြက်သားကို အကောင်းဆုံး ချက်စားရ တော့တာ ပေါ့နော်…






ဟင်းချက်နည်း စပါမယ်.... ကျွန်မက ကချင်ပြည်နယ်သူ ဖြစ်တဲ့အတွက် ကချင်ပြည်နယ်မှာ နံမည်ကြီးတဲ့ ကြက်သားကချင်ချက် ချက်နည်းကို မျှဝေပါမယ်… ကြက်သား၊ ငါး ၊၀က်၊ အမဲ ကြိုက်နှစ် သက်ရာ အသားကို ယခုနည်းအတိုင်း ချက်လို့ရပါတယ်..  ၀က်ဝံသားတော့ ကချင်ချက် ချက်လို့ ရမရ ကျွန်မ မသိပါဘုးရှင်….





ပထမဦးစွာ  အသားကို ရေစင်စင်ဆေး ( ရေမဆေးဘဲ ချက်လိုက ချက်ပါ   :) )၊ ပြီးတော့ အနေတော် အတုံးလေးများ တုံးပါတယ်..




ငါးကို နမူနာပြထားပါတယ်...





ကြက်သွန်နီ ၊ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုပ် သီးများ ကို ခပ်နှုပ်နှုပ်လေး စင်းပါတယ်… ကချင်ချက်ရဲ့ အရသာသည် ချဉ်ချဉ် စပ်စပ်ကို ဦးစားပေးတာ ဖြစ်တဲ့ အတွက် ငရုပ်သီး ခပ်များများ ထည့်ဖို့ လိုပါတယ်…  ထို့နောက် ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ စသဖြင့် အမွှေးအကြိုင် အရွက်များကို စင်းပြီး ထည့်ပါတယ်.. ကချင်ပြည်နယ်မှာတော့ ဖက်ဖယ် ရွက်ကို အဓိက ထားပြီး ထည့်ပါတယ်… ဖက်ဖယ်ရွက်ကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က လူတွေသာ သိကြတာ များပါတယ်.. မမြင်ဖူးသူများ အတွက် ပုံလေးပါ ထည့်ပေး လိုက်ပါ တယ်…. ရန်ကုန်မှာတော့ တရုတ်တန်းဈေးမှာ ၀ယ်ယူလို့ ရပါတယ်… တစ်ခြားနိုင်ငံမှာ တော့ ရှိမရှိ ကျွန်မ မသိပါ…






အပေါ်ဆုံးက အရွက်က ဖက်ဖယ်ပါ..အောက်မှာတော့ ကုလားနံနံ၊မြန်မာနံနံ အစုံပါပါတယ်..





ဖက်ဖယ်ရွက် မရှိလဲ ကျန်တဲ့ နံနံရွက်တွေ ထည့်ချက်လို့လဲ ရပါတယ်…  ချဉ်စော်ကားသီး၊ မက်လင်ချဉ်သီး စတဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးကို ပါးပါးလှီးပြီး အခြောက်လုပ်ထားတဲ့ အချပ်လေးတွေကို သေးသေး ပါးပါးလှီးပြီး ထည့်ပါတယ်.. ကချင်ပြည်နယ်မှာတော့ မက်လင် ချဉ်သီးကို သာ အသုံးများပါတယ်… အသီး အခြောက် မရှိပါက အသီးစိမ်းကို အတုံးသေးသေး လေးများတုံးပြီး ထည့်ချက်လို့ရပါတယ်.. နောက်ဆုံး ချဉ်စော်ကားသီးရော မက်လင်ချဉ် သီးရော မရှိတဲ့ အရပ်မှာ ရောက်နေရင် သံပုရာသီး ညှစ်ထည့်လိုက်ပါ…. ဘာဘဲ ထည့်ထည့် ချဉ်ဖို့ အဓိကပါ…  ခန့်မှန်းပြီးတော့ ထည့်ပါနော် .. ချဉ်လွန်းလို့ သွားကြိမ်းပြီး ထမင်းမစား နိုင်တော့ မဖြစ်စေနဲ့ပေါ့…





ပြီးတော့ ဆား၊ အချိုမှုန့်၊ အရောင်တင်၊နနွင်းမှုန့် ၊ဆီ အနည်းငယ်စီ ထည့်ပြီး နယ်ပါ… မနယ်ဘဲ အိုးထဲ အားလုံးပေါင်းထည့်ကာ ရေထည့်ပြီး တည်လဲ ဖြစ်ပါတယ်… မီးဖိုပေါ်တင်လိုက်ပြီး ရေ အနေတော် ထည့်ပါ.. အတန်ကြာထားပြီး အသားနူးမနူး၊ အပေါ့ အငံ အချဉ်အစပ် အနေတော် ဟုတ်မဟုတ် မြည်းစမ်းကြည့်ပါ… စိတ်ကြိုက် အရသာ ချဉ်ချဉ်စပ်စပ် ဖြစ်ပြီ ၊အသားလဲ နူးပြီဆိုရင်တော့ မွှေးကြိုင်ပြီး ချဉ်စပ်အရသာရှိတဲ့ ကြက်သား ကချင်ချက်ဟင်း ရပါပြီ…






ကြက်သားကချင်ချက်ပါ.. ဒီပုံမှာ ဆီအနည်းငယ်များပါတယ်.. ဟင်းချက်ရင် ဆီနည်းနည်းသာ ထည့်ဖို့ လိုပါတယ်..






ငါးကချင်ချက်ပါ...





အရည်လေးနဲ့ စားချင်သူများ ရေခမ်းမချက်ဘဲ အရည် အနည်းငယ် ချန်ထားလို့ပါတယ်..  ဒါက ကျွန်မတို့ ချက်စားနေကြ ကချင် ချက်နည်းပါ.. တစ်ဦးနဲ့ တစ်ဦး ချက်ပုံချက်နည်း နည်းနည်းတော့ ကွာမယ်ထင်ပါတယ်…  ၀က်ဝံသား မစားရ၍ ကြက်သားကို ချက်စား လိုက်ရပါကြောင်း…. အမြည်းကြိုက်သူများ အတွက်လဲ အဆင်ပြေမည် ဖြစ်ပါကြောင်း..






အပေါ်ဆုံး စာပိုဒ်သည် ခင်မင်ရင်းနှီး၍ စနောက်ခြင်း ဖြစ်ပါသည်…  ခွင့်လွှတ် တော်မူကြ ပါကုန်....






ဘ၀အမောများ ပြေပျောက်ကြပါစေရှင်....





အားလုံးကို ချစ်ခင်ရင်းနှီးစွာဖြင့်






ချော (အစိမ်းရောင်လွင်ပြင်)

ပေါ့ပေါ့ပါးပါး ပြုံးစရာ (၁)





အပျော်မယား



တစ်နေ့ လင်ယောက်ျားနဲ့ သူ့မိန်းမ ဖြစ်သူတို့ဟာ စားသောက်ဆိုင် ကောင်းကောင်းတစ်ခုမှာ ညနေစာ စားသောက်နေကြပါတယ်… အဲလို စားနေချိန်အတွင်းမှာ ဆွဲဆောင်မှုကောင်းတဲ့ ငယ်ငယ်ရွယ်ရွယ် လှလှပပ အမျိုးသမီးလေး တစ်ယောက်ဟာ သူတို့ ၂ယောက်စားနေတဲ့ စားပွဲကို လျှောက်လာပြီး ယောက်ျားဖြစ်သူကို နမ်းလိုက်ကာ




“ ကျွန်မတို့ မကြာခင်မှာ တွေ့ရအောင် ” လို့ပြောပြီး အဝေးကို ထွက်ခွာသွားပါတယ်.. အဲဒါကို မြင်တဲ့ သူ့မိန်းမက ယောက်ျားဖြစ်သူကို  မေးပါတယ်.. "သူက ဘယ်သူလဲ ".. ယောက်ျားဖြစ်သူကလဲ ပြန်ဖြေပါတယ်.. “ သူက ငါ့ရဲ့ အပျော်မယား ပါကွာ.. ”  တဲ့



ဒီတော့ မိန်းမဖြစ်သူက “ အော.. ရှင်က အဲလိုလား… ဒါဆိုရင် ရှင့်ကို ကျွန်မ မပေါင်းတော့ဘူး… ကွာမယ် ”




“ အင်း ..ငါနားလည်ပါတယ်လေ.. ဒါပေမဲ့ ငါ့ကိုကွာမယ်ဆိုရင် မင်းတစ်ခု စဉ်းစားရမှာက ပြင်သစ်ကို ဈေးဝယ်ထွက်ဖို့ အခွင့်အရေး မင်းမှာ ရှိတော့မှာ မဟုတ်ဘူး.. ကရစ်ဘီယမ် ပင်လယ်ကိုလဲ အပျော်ခရီး ထွက်ခွင့် မရှိတော့ဘူး.. ပြီးတော့လဲ  တစ်ခြားအခွင့်အရေး အများကြီး မင်းဆုံးရှုံးရဦးမယ်.. ဒီတော့ မင်းဘာသာမင်း ဆုံးဖြတ်ပါ…”


ထိုအချိန်လေးမှာ သူတို့၂ယောက်လုံးနဲ့ ရင်းနှီးတဲ့ အမျိုးသားတစ်ဦးဟာ ခပ်ချောချော အမျိုးသမီးနဲ့ တွဲပြီး စားသောက်ဆိုင်ထဲကို ၀င်လာ ပါတယ်..  မိန်းမက ယောက်ျားဖြစ်သူကို မေးလိုက်ပါတယ်.. “ ဂျင်မ် နဲ့တွဲလာတဲ့ မိန်းခလေးက ဘယ်သူလဲ ”… သူ့ယောက်ျားက “ အဲဒါ ဂျင်မ် ရဲ့ အပျော်မယား ”  လို့ပြန်ဖြေပါတယ်..




မိန်းမဖြစ်သူပြန်ပြောလိုက်တဲ့ စကားက “ အိုး ကျွန်မတို့ဟာက သူ့အပျော်မယား ထက် ပိုချောတယ်. ”  တဲ့



-----------------------------------------------------------------------------------------------------------------------------


ဝက်ဝံဖမ်းထွက်ခြင်း



လူနှစ်ယောက်ဟာ  ၀က်ဝံဖမ်းဖို့ တောထဲကို ထွက်လာကြတယ်..  တောထဲက သစ်လုံးအိမ်ထဲမှာ ခေတ္တ အပန်းဖြေကြရင်း တစ်ယောက်သောသူက ၀က်ဝံ အရှာထွက်ဖို့ သစ်လုံးအိမ်ကနေ ထွက်လာခဲ့တယ်… မကြာခင်မှာ ကြီးမားလှတဲ့ ၀က်ဝံကြီးနဲ့ တွေ့တဲ့အခါ ပါလာတဲ့ သေနတ်နဲ့ ပစ်သော်လည်း ၀က်ဝံကြီးမှာ ဒဏ်ရာရယုံသာ ရသွားခဲ့ပါတယ်…




ဒေါသထွက်နေတဲ့ ၀က်ဝံဟာ  ရန်မူဖို့ သူ့ဘက်ကိုလှည့်လာပါတယ်.. သူက ရိုင်ဖယ် သေနတ်ကို ပစ်ချလိုက်ပြီး ဖနှောင့်နဲ့ တင်ပါး  တစ်သားတည်း ကျအောင် သစ်လုံးအိမ်ဘက်ကို ပြန်ပြေးပါတယ်… ဘယ်လိုပင် မြန်သထက် မြန်အောင် ပြေးသော်လည်း ၀က်ဝံအပြေးနှုန်းက သူ့ထက် အနည်းငယ် မြန်တဲ့ အတွက် မှီလုမှီခင် ဖြစ်လာပါတယ်…




သူက သစ်လုံးအိမ်ရဲ့ ပွင့်နေတဲ့ တံခါးနားရောက်တဲ့အခါ ခလုတ်တိုက်ပြီး မှောက်ရက် လဲကျသွားပါတယ်..  သူ့နောက်က ထပ်ချပ်မကွာ လိုက်လာတဲ့  ၀က်ဝံဟာ  လဲကျနေတဲ့ သူ့ကို ခလုတ်ပြန်တိုက်မိပြီး သစ်လုံးအိမ်ထဲ အရှိန်နဲ့ ၀င်ရောက်သွားပါတယ်..




သူက ကဗျာကယာ ခုန်ထလိုက်ပြီး သစ်လုံးအိမ်တံခါးကို အပြင်ကနေ ပိတ်လိုက်ပါတယ်.. ပြီးနောက် သူ့သူငယ်ချင်းကို အော်ပြောလိုက်တယ်..




ငါ ၀က်ဝံတစ်ကောင် သွားထပ်ဖမ်းနေတုန်း  ဒီအကောင်ကို မင်း အရေခွံ ဆုတ်ထားလိုက်..”   ဟူ၍ ဖြစ်ပါတယ်…



------------------------------------------------------------------------------------------------------------------------


ရှေ့နေနဲ့ အင်္ဂျင်နီယာ ဥာဏ်ရည်ဘယ်သူကသာ



ရှေ့နေသုံးယောက်နဲ့ အင်္ဂျင်နီယာ သုံးယောက်တို့ဟာ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို တက်ရောက်ကြဖို့ ဘူတာရုံကို ရောက်နေပါတယ်..  ရှေ့နေသုံးယောက်ဟာ ရထားလက်မှတ် အသီးသီး ၀ယ်ကြပြီး အင်္ဂျင်နီယာ သုံးယောက်ကတော့ လက်မှတ် တစ်စောင်တည်းသာ ၀ယ်ပါတယ်..




“ မင်းတို့ ၃ယောက်က လက်မှတ်တစ်စောင်ထဲနဲ့ ဘယ်လိုများ ခရီးသွားမလို့လဲ… ”  လို့ ရှေ့နေတွေက သူတို့ကိုမေးပါတယ်..




“ စောင့်ကြည့်လေ… မကြာခင် တွေ့မှာပေါ့”  လို့အင်္ဂျင်နီယာတွေက ပြန်ပြောပါတယ် …




ရထားပေါ်ရောက်တဲ့အခါ ရှေ့နေတွေက သူတို့ဝယ်ထားတဲ့ နေရာ အသီးသီးမှာ ၀င်ထိုင် လိုက်ကြပေမဲ့.. အင်္ဂျင်နီယာ သုံးယောက်ကတော့ ရထားရဲ့ စားသောက်တွဲကို ထွက်သွားပြီး အထဲကနေ တံခါးကို ပိတ်ထားလိုက်ပါတယ်.. မကြာခင်မှာ ရထားလက်မှတ်စစ်ဟာ လက်မှတ် များကို လိုက်လံ စစ်ဆေးဖို့ ရောက်လာပါတယ်.. တစ်နေရာပြီးတစ်နေရာ စစ်ဆေးနေရင်း စားသောက်တွဲထဲကို တံခါးခေါက်ပြီး




“ ကျေးဇူးပြုပြီး  လက်မှတ် ပြပါ.. လက်မှတ် ”   လို့ အော်လိုက်ပါတယ်..




တံခါး အနည်းငယ် ဟသွားပြီး အထဲမှ လက်တစ်ဘက် ထွက်လာကာ ရထားလက်မှတ်ကို လက်မှတ်စစ်ထံ လှမ်းပေးလိုက်ပါတယ်… လက်မှတ်စစ်လဲ စစ်ဆေးပြီးနောက် လက်မှတ်ကို သိမ်းလိုက်ကာ  ပြန်ထွက်ခွာသွားပါတယ်..




အင်္ဂျင်နီယာတွေရဲ့ နည်းကို အရမ်းသဘောကျသွားတဲ့ ရှေ့နေတွေဟာ အပြန်ခရီးလဲကျရော ရထားလက်မှတ် တစ်စောင်တည်းသာ ၀ယ်ပါ တော့တယ်…   ဒီတစ်ကြိမ်မှာ အင်္ဂျင်နီယာတွေ ကတော့  တစ်စောင်မှ  မ၀ယ်တော့ ပါဘူးတဲ့..




“  လက်မှတ်မပါဘဲ ဘယ်လိုများ သွားကြဦးမလို့လဲ ”  ရှေ့နေတွေက မေးပြန်တယ်..




“  စောင်ကြည့်ပါ  ”  လို့ဘဲ အင်္ဂျင်နီယာတွေက ပြန်ဖြေတယ်….




ရထားပေါ်ရောက်တော့ ရှေ့နေတွေက စားသောက်တွဲ တစ်ခုထဲ ၀င်ရောက်ပြီး တံခါးကို ပိတ်ထားလိုက်တယ်.. အင်္ဂျင်နီယာ သုံးယောက်က နောက် စားသောက်တွဲ တစ်ခန်းကို ၀င်သွားပါတယ်.. ရထားထွက်ပြီး မကြာခင်မှာ အင်္ဂျင်နီယာ တစ်ယောက် ထွက်လာပြီး ရှေ့နေတွေ ရှိနေတဲ့ စားသောက် တွဲကို တံခါး သွားခေါက်ပါတယ်..




“ ကျေးဇူးပြုပြီး  လက်မှတ်ပြပါ..”




စားသောက်တွဲအတွင်းမှ လက်တစ်ဖက် ထွက်လာပြီး အင်္ဂျင်နီယာကို လက်မှတ် လှမ်းပေးလိုက်ပါတယ်.. အင်္ဂျင်နီယာက လက်မှတ်ကိုယူပြီး ကျန်၂ယောက်ရှိနေတဲ့ စားသောက်တွဲဘက် ထွက်သွားပါတော့တယ်…




The Mistress, Catching the Bear , Lawyers and Engineers ကို ဘာသာပြန်ပါသည်။




ချော (အစိမ်းရောင်လွင်ပြင်)


နှစ်သိမ့်ပေးသူ




လွန်ခဲ့တဲ့ နှစ်အနည်းငယ်က  အိမ်ထောင်သက် ၁၁နှစ်အကြာမှ သားလေးတစ်ယောက် မွေးဖွားတဲ့ အိမ်ထောင် တစ်ခု ရှိပါတယ်..  အိမ်ထောင်ရှင် လင်မယားဟာ တစ်ဦးနဲ့တစ်ဦး အလွန်ဘဲ ချစ်ခင် စုံမက်ကြသလို တစ်ဦးတည်းသော သားလေးကိုလဲ ဖူးဖူးမှုတ် ချစ်ခင်ကြပါတယ်.. သားလေးဟာ သူတို့၂ယောက်အတွက် အသက်တမျှ မြတ်နိုးတွယ်တာ စရာလဲ ဖြစ်ပါတယ်..




သူတို့သားလေး ၂နှစ်အရွယ် ရောက်လာတဲ့ တစ်နေ့ မနက်ခင်းတစ်ခုမှာ  လင်ယောက်ျားက အလုပ်သွားဖို့ ပြင်နေပါတယ်…..  အဲလို ပြင်နေ ရင်းနဲ့ အခန်းထဲက ထွက်ခါနီးမှာ  ဘီဒိုပေါ်က ပြုတ်ကျနေတဲ့  ဆေးပုလင်း တစ်လုံးကို ကြမ်းပြင်ပေါ်မှာ အဖုံး ဖွင့်ရက်သားလေး  ဖြစ်နေတာ တွေ့လိုက်ပါတယ်.. သူက  အလုပ် နောက်ကျနေပြီ ဖြစ်တဲ့အတွက် အလျှင်စလို သုတ်သီးသုတ်ပြာ ဖြစ်နေတာကြောင့် အိမ်ရှင်မ  ဖြစ်သူကို    “မိန်းမရေ… အခန်းထဲမှာ ဆေးပုလင်းတစ်လုံး အောက်ကျပြီး အဖုံးပွင့်နေတယ်… ပြန်ကောက်ပြီး ဗီဒိုပေါ် တင်ထားလိုက်ဦးနော်..” လို့ပြောပြီး အလုပ်ကို ထွက်သွားပါတယ်..




အိမ်ရှင်မ ဖြစ်သူမှာလည်း မီးဖိုထဲမှာ ထမင်းဟင်း ချက်ပြုတ်နေရင်း ဆေးပုလင်းကိစ္စကို လုံးဝ မေ့လျှော့ သွားပါတယ်… သူမရဲ့ သားလေး ၂နှစ်အရွယ် ကလေးငယ်ဟာ လျှောက်ဆော့နေရင်း ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အဖုံးပွင့် ဆေးပုလင်းကို မြင်တော့ ကောက်ယူပြီး ဆော့ကစားနေပါတယ်.. နောက်တော့ ပုလင်းထဲက ထွက်ကျလာတဲ့  အရောင်စုံ ဆေးလုံးလေးတွေ မြင်တဲ့အခါ ကလေးငယ်ဟာ အားလုံးကို ကုန်အောင် ကောက်စား နေပါတော့တယ်.. အမှန်တော့ ထိုဆေးဟာ လူကြီးများသော်မှ များများသောက်ပါက အန္တရာယ်ဖြစ်စေနိုင်သော ဆေးမျိုးပါ..  ခုလိုငယ်ရွယ်တဲ့ ကလေး တစ်ယောက် အတွက် ဆေး တစ်ပုလင်းလုံး ဆိုတဲ့ အတိုင်းအတာဟာ  အဆိပ် အတောက် ဖြစ်နိုင် လောက်တဲ့ ပမာဏ ဖြစ်ပါတယ်..




မကြာခင်မှာ ကလေးငယ်ဟာ လူးလိမ့်အော့အံ ပြီး ကြမ်းပြင်ပေါ် လဲကျနေပါတယ်.. အိမ်ရှင်မ ဖြစ်သူဟာ ထမင်းချက်ရင်း သတိရလို့ အခန်းထဲကို ကဗျာကယာ ပြေးသွားကြည့်တဲ့ အခါ ကလေးနဲ့ ဆေးပုလင်းကို မြင်တွေ့လိုက်ရတာနဲ့ အခြေအနေကို သဘောပေါက် သွားပြီး ကလေးကို ဆေးရုံသို့ ချက်ခြင်း ခေါ်ဆောင်သွားသော်လည်း ဆေးရုံအရောက်မှ ကလေးငယ်ဟာ သေဆုံးသွားပါပြီ… မိခင်ဖြစ်သူမှာ အရူးတစ်ပိုင်း ခံစား နေရပြီး၊ သူမရဲ့ မေ့လျှော့မှု အတွက်လည်း ယူကြုံးမရ ဖြစ်နေရပါတယ်.. သူ့ယောက်ျားကို မျက်နှာချင်း ဆိုင်ဖို့ အတွက်လည်း ထိတ်လန့် တုန်လှုပ် နေမိပါတယ်.. ယောက်ျားဖြစ်သူဟာ အိမ်မှ မထွက်မီ ဆေးပုလင်းအကြောင်း သတိပေး သွားပါရက်နဲ့ မေ့လျှော့ သွားမိတဲ့ သူမကို ယောက်ျားဖြစ်သူက ဘယ်လို အပြစ်တင်စကားတွေ ပြောမယ်ဆိုတာ  တွေးကြည့် လို့တောင် မရနိုင်အောင် ဖြစ်နေမိပါတယ်…




မကြာခင်မှာ လင်ယောက်ျား ဖြစ်သူဟာ စိုးရိမ်သောက ရောက်နေတဲ့ မျက်နှာနဲ့ ဆေးရုံကို မောကြီးပန်းကြီး ရောက်လို့လာပါတယ်… ကလေးရဲ့ အလောင်းကိုလဲ တွေ့ရော မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်ပါတယ်.. ပြီးတော့ စကားတစ်ခွန်းကို လှမ်းပြောလိုက်ပါတယ်…




စာဖတ်သူများ စဉ်းစားကြည့်ပါနော်…  ယောက်ျားလုပ်သူက မိန်းမကို လှမ်းပြောလိုက်တဲ့ စကားက ဘာများ ဖြစ်မယ်လို့ ထင်ပါသလဲရှင်?




ယောက်ျားက မိန်းမ ဖြစ်သူကို လှမ်းပြောလိုက်တဲ့ စကားက မင်းကို ငါ ချစ်ပါတယ် မိန်းမရယ်.  တဲ့




ယောင်္ကျားဖြစ်သူဟာ အသက် ပြန်မရှင်နိုင်တော့မဲ့ ကလေးအတွက် မိခင်ဖြစ်သူကို အပြစ်တင်နေလဲ အလကားဘဲ ဆိုတာ သဘောပေါက် နားလည်နိုင်သူ ဖြစ်ပါတယ်..  ဖြစ်သွားတဲ့ ကိစ္စမှာ မိခင်ဖြစ်သူမှာသာ အပြစ်ရှိတာ မဟုတ်ပါဘူး.. သူကိုယ်တိုင်လည်း အိမ်ကမထွက်မီ အချိန် အနည်းငယ်လေး ပေးလိုက်ပြီး ဆေးပုလင်းကို ကောက်သိမ်းလိုက်ပါက ယခုလို ကိစ္စမျိုး ဖြစ်လာ စရာ မရှိနိုင်ပါ… ယခုအချိန်မှ မိခင်ဖြစ်သူကို အပြစ်တင် လွှဲချနေလို့လဲ အကျိုးမရှိနိုင်တော့ဘူးဆိုတာကို သဘောပေါက်ပါတယ်....  ပြီးတော့ မိခင်ကိုယ်တိုင်ကလည်း သူမအချစ်ဆုံးသော သားလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်.. ယခုအချိန်မှာ သူမအတွက် လိုအပ်နေတာက လင်ယောက်ျားရဲ့  ပြစ်တင်ကြိမ်းမောင်းမှု၊ အော်ဟစ်ဆဲဆိုမှု မဟုတ်ဘဲ နှစ်သိမ့်ဖေးမမှု၊ စာနာ ထောက်ထားမှုကို လိုအပ်နေချိန် ဖြစ်ပါတယ်.. လင်ယောက်ျားဖြစ်သူဟာ မိန်းမဖြစ်သူကို သူမ လိုအပ်နေတဲ့ အရာလေးတွေကို ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



တစ်ခါတစ်လေမှာ ကျွန်မတို့တွေဟာ လုပ်ငန်းခွင်မှာ၊ လူမှု ဆက်ဆံရေး နယ်ပယ်မှာ၊ ကိုယ့်မိသားစု အသိုင်း အ၀ိုင်း ထဲမှာ ပြဿနာ တစ်ခုခုနဲ့ ကြုံတဲ့ အခါ တစ်ဦးနဲ့ တစ်ဦး အပြစ်တင်ရင်း၊ စောဒက တက်ရင်း အချိန် ကုန်ဆုံးနေတတ်ကြပါတယ်..  နွေးထွေးစွာ၊ စာနာ နားလည်စိတ်နဲ့ ဖေးမကူညီသင့်တဲ့ အချက်လေးကို မေ့လျှော့လို့ နေတတ်ကြပါတယ်..  ဖြစ်လာတဲ့ ပြဿနာကို တစ်ဦးအပေါ်တစ်ဦး အပြစ်တင် လွှဲချနေမဲ့ အစား ဆွေးနွေး အဖြေရှာပြီး၊ ၀ိုင်းဝန်းဖြေရှင်း သင့်ပါတယ်.. နာကျင်ဆုံးရှုံးနေတဲ့ လူတစ်ယောက်ကို မိမိရဲ့ စကားနဲ့ နောက်တစ်ကြိမ် ထပ်မံ မနာကျင်စေသင့်ပါဘူး.. ဖြစ်ပြီးသွားတဲ့ ကိစ္စ တစ်ခုဟာလည်း အပြစ်တင်နေယုံနဲ့ ပြန်ကောင်းမလာနိုင် တော့ပါဘူး




စာမေးပွဲကျလို့၊ တစ်ခုခု မအောင်မြင်လို့၊ အမှားတစ်ခုခုကို လုပ်မိလို့  ဆုံးရှုံး ထိခိုက်နေတဲ့ လူတစ်ယောက်ကို စာမကျက်လို့၊ မကြိုးစားလို့၊ အသုံးမကျလို့ စသဖြင့် အပြစ်တင်နေမဲ့အစား ဒီတစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားလို့ ရပါသေးတယ်.. အားမငယ်ပါနဲ့၊ စိတ်မပျက်ပါနဲ့ စသဖြင့် စကားလေးများနဲ့ နွေးထွေးတဲ့ နှစ်သိမ့်မှုလေး ပေးကြမယ်ဆိုရင်ဖြင့် ကျရှုံးတဲ့သူဟာ နောက်တစ်ကြိမ် ပြန်ကြိုးစားချင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်...  သူ့ရဲ့ ဆုံးရှုံးမှု အတွက်လည်း တစ်စုံ တစ်ယောက်ရဲ့ အားပေးနှစ်သိမ့်မှုကြောင့် စိတ်ဓာတ်ကျ အားငယ်ခြင်းကနေ ပြန်လည် သက်သာရာ ရနိုင်ပါတယ်... စိတ်ထိခိုက် အားငယ်နေတဲ့ အချိန်မှာ ရလိုက်တဲ့ အားပေး နှစ်သိမ့်မှုလေးဟာ ပေးရတဲ့ သူအတွက် ဘာမှ အပန်းမကြီးပေမဲ့ ရလိုက်တဲ့ သူအတွက်တော့ တန်ဖိုးကြီးလှပါတယ်.. အစွမ်းထက်လှပါတယ်.. ဒါကြောင့်လဲ ကျွန်မတို့ဟာ ထိခိုက် ဆုံးရှုံးသူများကို အပြစ်တင် ဝေဖန်ခြင်း လုပ်မဲ့အစား နွေးထွေးစွာ နှစ်သိမ့်တတ်သူများ ဖြစ်အောင် ကြိုးစားသင့်ကြ ပါတယ်နော်....






A Couple's Heartbreak ( Unknown Author)  ကို ဘာသာပြန်ပါသည်...





ချော (အစိမ်းရောင်လွင်ပြင်)

ပြည့်ဝအိုး



photo from http://www.georgewashingtonwired.org/wp-content/uploads/2008/12/washington-on-horse-final.jpeg



တစ်ခါက မြင်းစီးထားတဲ့ လူတစ်ယောက်ဟာ စစ်သားတွေ မနိုင် မနင်းနဲ့ ၀ိုင်းပြီး မနေတဲ့ လေးလံသော ၀န်တင် ပစ္စည်းနားကို ရောက်လာ ပါတယ်.. လူအင်အားနဲ့ ပစ္စည်းရဲ့ အလေးချိန် မမျှတဲ့အတွက် သူတို့ မ နေတဲ့ ပစ္စည်းဟာ နေရာကနေ နည်းနည်းလေးတောင် မရွေ့ပါဘူးတဲ့… အဲဒီနားမှာတော့ တပ်ကြပ်လေး တစ်ယောက်ဟာ ၀ိုင်းဝန်း မတင်နေကြတဲ့ စစ်သားလေးတွေကို မကူညီဘဲ ဘေးကနေသာ ရပ်ကြည့် နေခဲ့ပါတယ်.. ဒါကို သတိထားလိုက်မိတဲ့ မြင်းစီး လူကြီးက တပ်ကြပ်လေးကို  မေးလိုက်ပါတယ်..




“ဒီလူတွေ ဒီလောက် မနိုင်မနင်း ဖြစ်နေတာ ဘာကြောင့် ၀ိုင်းပြီး မကူညီတာလဲ ” တဲ့…  တပ်ကြပ်လေးက ပြန်ဖြေ ပါတယ်..  “ ကျွန်တော်က တပ်ကြပ်လေ.. ဒီအဖွဲ့မှာ ခေါင်းဆောင်ဗျ.. ကျွန်တော်က သူတို့ကို အမိန့်ပေးရတာ...အမိန့်ပေးတဲ့လူ ဆိုတာ  ၀ိုင်းလုပ်ဖို့ မလိုဘူး ” တဲ့..   ဒီတော့ မြင်းစီး တဲ့လူက ဘာမှမပြောတော့ဘဲ မြင်းပေါ်က ဆင်းလိုက် ပါတယ်..  ပြီးတော့ ပစ္စည်းကို ၀ိုင်းပြီး မနေတဲ့ စစ်သားတွေ အနားကို သွားပြီး ၀ိုင်းကူ လိုက်ပါတယ်..  သူရဲ့ ကူညီမှုကြောင့် ပစ္စည်း ဟာ နေရာကနေ ရွေ့သွား ပါတယ်…  ဒီနောက် မြင်းသမားက မြင်းပေါ်ကို ပြန်တက်လိုက်ပြီး တပ်ကြပ်လေး ရှိရာဘက်ကို လှည့်လိုက်တယ်...  “ နောက်တစ်ခေါက် မင်းရဲ့ လူတွေ အကူအညီ လိုရင် စစ်ဦးစီးချုပ်ကို အခေါ်လွှတ်လိုက်… ”    လို့ ပြော ပြီး မြင်းကိုစီးကာ ထွက်ခွာသွားပါတယ်..




သူထွက်သွားပြီးမှ သိလိုက်ရတာက မြင်းစီးထားတဲ့ လူကြီးဟာ စစ်ဦးစီးချုပ် ဂျော့ခ်ျ ၀ါရှင်တန် ဖြစ်တယ် ဆိုတာပါဘဲ…



…………………………………………………………………………………………………………………………..



ဒီဇာတ်လမ်းလေးက တိုတိုလေးပါဘဲ.. ဒါပေမဲ့ ဆင်ခြင်တတ်ရင် သင်ခန်းစာ ယူစရာပါ.. တပ်ကြပ်လေးရဲ့ အဖြစ်က ဘာနဲ့တူသလဲဆိုရင် မပြည့်တဲ့အိုးနဲ့ တူပါတယ်.. ကျွန်မတို့ရဲ့ မြန်မာ စကားပုံလေး ရှိပါတယ်.. မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်တယ် ဆိုတာပါဘဲ.. အိုးတစ်လုံးမှာ ရေကို ပြည့်အောင် မထည့်ထားတဲ့ အတွက် ရေအိုးကို လှုပ်ခါတိုင်း ရေဟာ ဘောင်ဘင်ခတ်ပြီး အသံပိုကျယ်ပါတယ်..  ဒီလိုလူမျိုးတွေ လောကကြီးမှာ များများစားစား ရှိနေပါတယ်.. ကိုယ့်ကိုယ်ကို ဘ၀င်မြင့် နေတတ်သော၊ ကိုယ်တိုင်လဲ ၀င်မလုပ်၊ သူများ လုပ်တာကို ထိုင်ကြည့်ပြီး အပြစ်ပြောနေတတ်တဲ့ လူတွေဟာ မပြည့်ဝတဲ့အိုးလို လူမျိုးတွေပါ…




ပြည့်ဝတဲ့အိုးများကျတော့ လှုပ်ခတ်မှုလည်း နည်းပြီး အသံကျယ်ကျယ်လဲ မမြည်ပါဘူး… လုပ်စရာ ရှိတာကို စကားများများ မပြောဘဲ တိတ်တိတ် ဆိတ်ဆိတ် ၀င်လုပ်ပြီး စာနာစိတ်၊ ထောက်ထားစိတ် များနဲ့ ကူညီတတ်သူ၊ လက်အောက်ငယ်သားနဲ့ လူအများအပေါ် ကိုယ်ချင်းစာစိတ် ထားတတ်သူ၊ နားလည် ကြင်နာတတ်သူများဟာ ပြည့်ဝအိုးလို လူစားမျိုး ဖြစ်ကြပါတယ်.. ဒီလိုလူစားမျိုးဟာ ဘယ်နေရာ၊ ဘယ်အခြေ အနေဘဲ ရောက်ရောက် ကိုယ့် အောက်က လူတွေနဲ့ သဟဇာတ ဖြစ်တတ်ပြီးတော့ လူချစ်လူခင်များပါတယ်.. လူတွေကလဲ လေးစား ကြည်ညို ကြပါတယ်..




မောက်မာပြီး ဘ၀င်မြင့်တဲ့ လူ၊ လက်အောက် ငယ်သားများကို ကိုယ်ချင်းမစာ တတ်သူများဟာ  မပြည့်ဝအိုးနဲ့ သဏ္ဍာန်တူပြီး ရာထူး အရှိန်အ၀ါ ကြောင့်သာ လူတွေက သူ့ကို ကြောက်ရွံ့ နေရသော်လည်း၊ လူတိုင်းကလဲ မကြည်ဖြူ၊ စေတနာမရှိ ဖြစ်တတ် ပါတယ်...  ကျွန်မတို့ဟာလည်း ပြည့်ဝအိုးလို လူစားလား.. မပြည့်ဝတဲ့ အိုးလို လူစားလား ဆိုတာ စဉ်းစားကြည့်ပြီး မပြည့်ဝသေးရင် လိုအပ်တာ လေးတွေကို ဖြည့်ဆည်းပြီး လောက ကောင်းကျိုးကို တစ်ထောင့်တစ်နေရာက ကူညီနိုင်ဖို့ ကြိုးစား ကြည့်ကြပါစို့လားရှင်…..







* In The Book of Virtues, edited by William J. Bennett, Simon & Schuster, New York, 1993, p. 204 မှ Practice Humility ကို ဘာသာပြန်ပါသည်..






ချော (အစိမ်းရောင်လွင်ပြင်)




ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်





တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက် သူ့ရဲ့သားကို ပညာရှိတစ်ဦးထံ စေလွှတ် လိုက်ပါတယ်.. လူငယ်လေးဟာလည်း စူးစမ်းလိုစိတ်ရဲ့ ဦးဆောင်မှုနဲ့ ပညာရှိကြီး ရှိတဲ့အရပ်ကို ခရီးထွက်ပါတယ်..  ပညာရှိထံ ရောက်ဖို့ လမ်းခရီးမှာ ကန္တာရကြီး တစ်ခုကို ရက်ပေါင်း ၄၀ကြာအောင် ကျော်ဖြတ်ရပါတယ်.. နောက်ဆုံးတော့ တောင်ထိပ်ကြီး တစ်ခုမှာ လှပ ခန့်ညားစွာ တည်ရှိနေတဲ့ ရဲတိုက်ကြီး တစ်ခုဆီကို ရောက်လို့ သွားပါတော့တယ်.. အဲဒီ ရဲတိုက်ကြီးဟာ  ပညာရှိကြီး နေထိုင်ရာ နေရာဖြစ်ပါတယ်.




ပညာရှိကြီးကို ရှာဖွေရင်း လူငယ်လေးဟာ ခန်းမကျယ်ကြီး တစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်.. အဲဒီအခန်းထဲမှာ လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြပြီး  လူတစ်ချို့ဟာ ခန်းမကြီးရဲ့ ထောင့်မှာ စကားဝိုင်းဖွဲ့ပြောနေကြသလို ၊တီးဝိုင်းငယ် တစ်ခုကလည်း သာယာ ငြိမ့်ညောင်းတဲ့ တေးသွားလေးများကို တီးခတ်ဖျော်ဖြေ နေပါတယ်.. စားသောက်စရာတွေ တည်ခင်းထားတဲ့ စားပွဲကြီးမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံးလို့ ထင်ရလောက်တဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ပန်းကန်ပြားများပေါ်မှာ လှပစွာ တည်ခင်းထားပါတယ်.. ပညာရှိကြီးဟာလည်း လူတစ်ဦးချင်းဆီသို့ လိုက်လံနှုတ်ဆက် နေပါတယ်..  လူငယ်လေးဟာ ပညာရှိကြီး သူ့ဆီ ရောက်လာဖို့ကို ၂နာရီလောက် ကြာအောင် စောင့်လိုက်ရပါတယ်..




ပညာရှိကြီးက လူငယ်လေး ရှင်းပြနေတဲ့ ဒီရဲတိုက်ကြီးကို လာရောက်ရခြင်း အကြောင်းရင်းကို သေချာ အာရုံစိုက်ပြီး နားထောင် နေပါတယ်… ပြီးတော့ လူငယ်လေးကိုလည်း အခု လောလောဆည်တော့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြဖို့ အချိန် မရှိသေး ကြောင်းနဲ့ ဒီရဲတိုက်ကြီးကို လှည့်လှည်ကြည့်ရှုပြီး ၂နာရီအကြာမှာ ပြန်လာဖို့ ပြောပါတယ်… အဲဒီလို လျှောက်ကြည့်နေစဉ် အတွင်းမှာ မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်..လို့ပြောပြီး ပညာရှိက လ္ဘက်ရည်ဇွန်း တစ်ဇွန်းထဲကို ဆီ အနည်းငယ် ထည့်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်… ပြီးတော့


မင်း ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတုန်း ဒီဇွန်းလေးကိုပါ ယူသွားပါ.. ဇွန်းထဲက ဆီကို လုံးဝ မဖိတ်စင် အောင်လဲ ဂရုစိုက်ပါ..လို့ ပြောပါတယ်..



ကောင်လေးဟာ ရဲတိုက်ကြီးအတွင်း အပြင်ကို ဆင်းလိုက် တက်လိုက် နဲ့ လှေကားထစ်ပေါင်း များစွာကို ကျော်ဖြတ်ရင်း  သူ့ရဲ့ အကြည့်ကိုလည်း ဆီထည့်ထားတဲ့ဇွန်းပေါ်မှာမှ တစ်ပါး အခြားဘယ်ကိုမှ အာရုံမစူးစိုက်မိ၊ မလေ့လာမိဘဲ လျှောက်သွား နေခဲ့ပါတယ်.. ပညာရှိပြောတဲ့ ၂နာရီ ပြည့်တဲ့ အချိန်မှာ သူ ရှိနေတဲ့ အခန်းထဲကို ပြန်လာခဲ့ပါတယ်..




ကဲ ကောင်းပြီ.. မင်း အခုလိုလျှောက်ပြီး လှည့်လည် ကြည့်ရှုခဲ့ပြီဆိုတော့ ဘာတွေများ မြင်တွေ့ခဲ့လဲ.. ငါ့ထမင်းစားခန်းထဲမှာ ပြင်ဆင် ထားတဲ့ ပြင်သစ်လက်ရာ ပန်းထိုးပန်းချီရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို တွေ့ခဲ့လား၊ ပန်းဥယျာဉ်ကြီးထဲမှာ ငါ့ရဲ့ အကောင်းဆုံး ဥယျာဉ်မှူးကြီး ၁၀နှစ် ကြာအောင် လက်စွမ်းပြထားတဲ့ အလှအပကို တွေ့ခဲ့ရဲ့လား၊ ငါ့ရဲ့ စာကြည့်ခန်းထဲက ရှေးဟောင်း ပုရပိုဒ်စာတွေ တွေ့ခဲ့ရဲ့လား လို့မေးပါတယ်..




လူငယ်လေးဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူဘာကိုမှ မကြည့်ခဲ့မိကြောင်းကို ၀န်ခံလိုက်ပါတယ်.. သူ့အာရုံ တစ်ခုလုံးနဲ့ အကြည့်ကို ပညာရှိကြီးက မဖိတ်စင်စေနဲ့လို့ မှာလိုက်တဲ့ ဆီဇွန်းပေါ်မှာသာ စူးစူးစိုက်စိုက် ထားရှိခဲ့မိပါတယ်..




ဒါဆို ပြန်သွားပြီးတော့ ငါ့ရဲတိုက်ကြီးရဲ့ ခမ်းနားလှပမှုကို သေချာ ပြန်သွားကြည့်ခဲ့. မင်းမသိတဲ့ နေရာတစ်ခုက၊ လူတစ်ယောက်ကို မင်း ယုံကြည်ဖို့ ခက်လိမ့်မယ်..  ဒီတော့ သေချာ သိအောင် လေ့လာခဲ့ပါ  လို့ပြောလိုက်ပါတယ်..




ဒါနဲ့ဘဲ ကောင်လေးဟာ ဆီဇွန်းလေးကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ ပညာရှိထံက ပြန်ထွက်လာခဲ့ပါတယ်.. ဒီတစ်ခေါက် မှာတော့ လူငယ်လေးဟာ နံရံနဲ့ မျက်နှာကြက်ပေါ်က အနုပညာ လက်ရာ၊ ကျယ်ဝန်း ခမ်းနားလှတဲ့ ဥယျာဉ်ကြီးရဲ့ မွေးမြ သင်းထုံနေတဲ့ပန်းပေါင်းစုံရဲ့ ရနံ့၊ ရဲတိုက်ကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အလှအပ၊ ဖူးပွင့်ဝေစီနေတဲ့ ပန်းပွင့်ကလေးများရဲ့လှပမှု စသဖြင့် အရာရာအားလုံးကို သေချာ လေ့လာခံစားရင်း ပညာရှိထံ ပြန်လာခဲ့ပါတယ်… ပညာရှိနဲ့ တွေ့တော့ သူတွေ့ခဲ့သမျှ၊ မြင်ခဲ့ရသမျှ အရာ အားလုံးကို ပညာရှိကြီးအား ပြန်ပြောပြ ပါတယ်..




ကဲ .. ကြည့်ခဲ့တာတွေတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ ဘယ်မှာလဲ မင်းကို ငါထည့်ပေးလိုက်တဲ့ ဆီတွေ ဘယ်ရောက်ကုန်ပြီလဲ..




ဒီတော့မှ လူငယ်လေးဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းထဲက ဆီတွေကို သတိရမိပါတော့တယ်.. ဇွန်းထဲမှာ ဆီတွေဟာ တစ်စက် မှကို မကျန်ရစ် တော့ပါဘူး…




အဲဒါဟာ ငါ မင်းကို ပေးနိုင်တဲ့ အကြံပါဘဲ… ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ကမ္ဘာလောကကြီးရဲ့ အံ့မခန်း လှပ ဆန်းကျယ်မှုတွေကို လေ့လာကြည့်ရှုရင်း လက်ထဲက ဆီဇွန်းကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့ဆိုတာပါဘဲ…………….




----------------------------------------------------------------------------------------------------------------------



ပညာရှိကြီး ပြောသွားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အခြားတော့ မဟုတ်ပါဘူး... လူတိုင်းဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားနေတဲ့အချိန်မှာ မိမိရဲ့ အလုပ်၊ မိမိစီးပွားရေး၊ မိမိ ကိုယ်ရေးကိုယ်တာ ကိုသာ ဦးစားပေးပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိ၊ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင် ဖြစ်နေတတ်ကြပါတယ်.. မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကြိုးစား နေရင်းနဲ့ဘဲ  စိတ်အပန်း ဖြေစရာ အချိန်လေးများ၊ ပျော်စရာ အကြောင်းအရာ လေးများကိုလည်း မိမိ ပတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်တတ်ဖို့ဘဲ ဖြစ်ပါတယ်..




အချို့လူများ ကျတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အပျော်အပါး ကိစ္စတွေမှာဘဲ အချိန်ကုန်ဆုံးလို့ နေတတ်ကြပါတယ်... ထိုကဲ့သို့ အပျော်အပါးမှာ နှစ်မြုပ် နေသူများသည် လက်ထဲက  ဆီဇွန်းကို ဂရုမထား လိုက်မိတဲ့ အဖြစ်မျိုးလိုပါဘဲ.. ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မရှာဖွေမိခဲ့တဲ့ အတွက် နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာဆို ဘာမှ မကျန်တော့မဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ရတတ်ကြောင်းကို သတိပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်..




ဒီတော့ ကျွန်မတို့ဟာ ပညာရှိကြီး အကြံပေးသလို  ပညာသင်ကြား နေရင်းဘဲဖြစ်စေ၊ လုပ်ငန်းခွင်ထဲမှာ ၀င်ရောက် နေသည်ဘဲဖြစ်စေ၊ စီးပွားရေး နယ်ပယ်ထဲမှာဘဲ ဖြစ်စေ၊ ပျော်ရွှင်မှုနဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မျှမျှတတ ဖြစ်အောင် ရှာဖွေကြည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. အပျော်အပါးကို တရားလွန် ၀ါသနာ ကြီးသူများကလည်း အသိ တစ်ခါးချပ်လေး လှပ်ပြီးတော့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ မိမိလက်ထဲက ဆီဇွန်းလေးကို သတိထားမိ နိုင်ပါစေလို့ အကြံပြုလိုက်ပါတယ်ရှင်..




Paulo Coelho ရဲ့  secret of happiness ကို ဘာသာပြန် ဝေငှပါသည်ရှင်..........





ချော (အစိမ်းရောင်လွင်ပြင်)

ကိုယ်ချင်းစာစိတ်နှင့် စဉ်းစား ကြည့်ကြပါစို့..


photo from google search


 


တစ်ခါတုန်းက ကိုယ့်ကိုယ်ကို မုန်းတီး စိတ်ပျက်အားငယ်နေတဲ့ မျက်စိမမြင်ရှာသူ မိန်းခလေးတစ်ယောက်ရှိပါတယ်…. သူမဟာ မမြင်နိုင်တဲ့ လောကကြီး အတွက် အရာရာ အားလုံးကို မုန်းတီးရင်း အလိုမကျ စိတ်တွေနဲ့ အမြဲတမ်း ပူလောင်နေတတ်ပါတယ်.. ကောင်မလေးရဲ့ ချစ်သူ ကောင်လေးကတော့ ကောင်မလေးဘေးမှာ လိုအပ်တာ လုပ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ အမြဲတမ်း  အဆင်သင့် ရှိနေတတ်ပါတယ်.. ချစ်သူ ကောင်လေးကိုတော့ မိန်းခလေးက အားလဲကိုး ချစ်ခင်မြတ်နိုးစိတ်လဲ ရှိပါတယ်.. သူမ မမုန်းတဲ့ အရာဆိုလို့ လောကကြီးမှာ သူ့ချစ်သူ ကောင်လေး တစ်ယောက်သာ ရှိပါတယ်..  ကောင်မလေးက ကောင်လေးကို ပြောနေကျ စကားတစ်ခွန်းက ငါသာ လောကကြီးကို မြင်ရပြီဆိုတဲ့ တစ်နေ့  မင်းကို ငါလက်ထပ်မယ် ဆိုတာဘဲ ဖြစ်ပါတယ်..


 


တစ်နေ့မှာတော့ ကောင်မလေးအတွက် မျက်စိတစ်စုံလုံး  လှူမဲ့ အလှူရှင် ပေါ်ပေါက်လာပါတယ်… အဲဒီအလှူရှင်ရဲ့ မျက်လုံးကို ကောင်မလေး မျက်အိမ်ထဲ ခွဲစိတ်ကုသမှုနဲ့ ထည့်သွင်းပြီးနောက် ပတ်တီးဖြေလိုက်တဲ့ အခါမှာတော့ သူမ အရာရာ အားလုံးကို မြင်တွေ့နိုင်ပါပြီ.. သူမရဲ့ ချစ်သူ ကောင်လေးကိုပါ ဘေးမှာ တွေ့မြင်နေရပါတယ်.. သို့သော်လည်း ကောင်လေးဟာ မျက်စိမမြင် တဲ့သူ ဖြစ်နေတာကို တွေ့လိုက် ရပါတယ်.... သူချစ်တဲ့ကောင်လေးဟာ မျက်စိမမြင်တဲ့သူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ သူမ လုံးဝကို မထင်မှတ်ခဲ့ပါဘူး.. ကောင်လေးက ကောင်မလေးကို "နင်အခု မျက်စိမြင်ပြီ ဖြစ်လို့ ငါ့ကို လက် ထပ်နိုင်ပြီလား " လို့ မေးတဲ့အခါ ကောင်မလေးက "မျက်စိမမြင်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ် တစ်သက်လုံး အတွက် အားကိုးဖို့ ဖြစ်နိုင်မလဲ လက်မထပ်နိုင်ပါဘူး" လို့ ပြန်ပြောလိုက်ပါတော့တယ်..


 


ကောင်လေးက မျက်ရည်စတွေနဲ့ ကောင်မလေးအပါးက ထွက်ခွာသွားပါတယ်.. ကောင်မလေးအတွက် ချန်ရစ်ခဲ့တဲ့ စာထဲမှာတော့


 


အချစ်ရေ…..မင်းရဲ့မျက်လုံးတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်လိုက်ပါကွယ်.. အဲဒီမျက်လုံးတွေဟာ တစ်ချိန်က ငါ့ရဲ့ မျက်လုံးတွေပါ.. ခုတော့ မင်းနဲ့အတူထားရစ်ခဲ့ပါပြီ..


 


-------------------------------------------------------------------------------------------------------


 


Story လေးထဲမှ သင်ခန်းစာသည် လူတွေ၏ စိတ်အနေအထားသည် ဘ၀အခြေနေ အနိမ့်အမြင့်ပေါ်တွင် မူတည်၍ ပြောင်းလဲ တတ်ကြ သည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အချို့သော သူများသည် ဘ၀အခြေအနေ နိမ့်ပါးနေချိန်တွင် ကိုယ်ချင်းစာ ကူညီတတ်သူများ ဖြစ်ကြ သော်လည်း မြင့်မားလာသော ဘ၀အနေအထားတွင် ကိုယ်ချင်းစာ နားလည်စိတ်များ လျှော့ပါး သွားတတ်ကြသည်။ မည်သည့် အခြေအနေတွင် မဆို တူညီသောစိတ်ထားမျိုး ထားနိုင်သူ နည်းပါးလှပါသည်။ မိမိ ဘ၀ တိုးတက် မြင့်မားလာချိန်တွင် မိမိထက် နိမ့်ပါးသူများကို ပိုမို ညှာတာ ကိုယ်ချင်းစာသင့်လှပါသည်။ ဘယ်အခြေအနေမျိုးမဆို ရောက်ရှိနေစေကာမူ ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်သူများသည် လောကဓံကို ကြံ့ကြံ့ ခံနိုင်သူများလည်း ဖြစ်ကြလေသည်။ ဘ၀ဆိုသည်မှာ အမြဲတမ်း တသမတ်တည်း ရှိနေတတ်သော အရာမဟုတ်ပါ. နိမ့်မြှင့်တက်ကျ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ မိမိဘ၀ထက် နိမ့်ပါးသော သူများ လောကကြီးတွင် အများအပြားရှိနေသည်ကို မမေ့လျှော့သင့်ပါ..


 


သင့်ပါးစပ်မှ ဒေါသစိတ်ကြောင့်  ကြမ်းတမ်း ခက်ထန်သော စကားများ မထွက်မှီ  သတိရသင့်သည်မှာ  သင်ကဲ့သို့ စကားပင်ပြောနိုင်စွမ်း မရှိသော သူများ ရှိနေပါသေးသည်။


 


သင်စားနေသော အစားအသောက်သည် အလွန်အမင်းညံ့ဖျင်းလွန်းသည်ဟု ထင်နေချိန်တွင် ကမ္ဘာကြီးတစ်နေရာတွင် စားစရာမရှိ၊ သောက်စရာမဲ့  ငတ်ပြတ် ဆင်းရဲခြင်းကို ခံနေရသောသူများကို သတိရသင့်ပါသည်။


 


သင်၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချစ်သူရည်းစား၊ အပေါင်းအသင်းတို့အား အပြစ် မြင်နေချိန်တွင် ပေါင်းသင်းစရာ၊ မှီခိုအားထားရာ ကင်းမဲ့စွာ လမ်းပေါ်တွင် တောင်းရမ်းနေရသော လူများ ရှိနေသေးသည်ကို သတိရသင့်ပါသည်။


 


မိမိသည် ကိုယ်ပိုင်ကား မောင်းရင်း မီးပွိုင့်မိနေချိန်တွင် သော်လည်းကောင်း၊ ဓာတ်ဆီဆိုင်တွင် တန်းစီရ၍ စိတ်မရှည်နိုင် ဖြစ်နေချိန်တွင်များတွင် ကိုယ်ပိုင်ကားပင်မရှိ၊ ကားငှားစီးဖို့ပင် မတတ်နိုင်ဘဲ ဘတ်စ်ကား စီးနေရသူများ၊ လမ်းလျှောက်နေရသူများ ရှိနေသေးသည်ကို သတိရသင့် ပါသည်။


 


မိမိ၏ အလုပ်တွင် အဆင်မပြေမှုများ၊ စိတ်ညစ်စရာများ တွေ့ကြုံ၍ အလုပ်ထွက်လိုသည့် ဆန္ဒ ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာပေါ်တွင် အလုပ်မရှိ၍ ဒုက္ခရောက်နေသောလူ များစွာ ရှိနေပါသေးသည်။


 


သင့်ဘ၀ကို ဆိုးဝါးလွန်းပါသည်ဟု စိတ်ပျက်နေချိန်တွင် လူ့လောကကြီးမှ စောစီးစွာ ထွက်ခွာ သွားရသူများ ရှိနေသည်ကို သတိရသင့်သည်။


 


ထို့ကြောင့် မျက်နှာပေါ်တွင် အပြုံးလေးတစ်ချက်ကို ဆင်မြန်းလိုက်ပြီး ယခုအချိန်ထိ အသက်ရှင်လျှက် ရှိနေသေးသော ကျွန်မတို့ဘ၀ကြီးရဲ့ ကံကောင်းမှု အကြောင်းကို ၀မ်းမြောက်စွာ စဉ်းစားလိုက် ကြပါစို့လားရှင်……….


 


http://www.funzug.com/  မှ A Blind Girl ကို ဘာသာပြန်ပါသည်..


 


ချော (အစိမ်းရောင်လွင်ပြင်)


 

လင်းယုန်တစ်ကောင်ရဲ့ ပုံပြင်




ရှးအခါက တောင်စောင်းကြီးရဲ့ တစ်နေရာမှာ လင်းယုန်ငှက် အသိုက်တစ်ခု ရှိခဲ့ဖူးပါတယ်.. အဲဒီလင်းယုန်ငှက်အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီး လေးဥ ရှိနေပါတယ်.. တစ်နေ့မှာ ပြင်းအားကြီးတဲ့ ငလျှင်ရဲ့ လှုပ်ခတ်မှုကြောင့် လင်းယုန် အသိုက်ထဲက ဥတစ်လုံးဟာ တောင်စောင်းကနေ တစ်လိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်.. ကြက်တွေဟာ အသိတရားရဲ့ စေ့ဆော်မှုကြောင့် ဒီဥကို သူတို့ စောက်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်.. ဒါကြောင့်  အသက်ကြီးတဲ့ ကြက်မကြီးက တာဝန်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်..




ဒီလိုနဲ့ တစ်နေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီးတော့ အထဲကနေ လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာပါတယ်  ၀မ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ သင်ကြား လေ့ကျင့် ပေးခြင်း ခံရပါတယ်.. ပင်ကိုယ်ဇာတိ အရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် မိမိကိုယ်ကိုယ်လဲ ကြက် တစ်ကောင် အဖြစ်သာ ထင်မှတ်လို့ နေပါတယ်.. လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင်ကြီးပြင်းခဲ့တဲ့ ကြက်မိသားစုကို အလွန်ဘဲ ချစ်ခင် တွယ်တာပါတယ်.. သို့သော်လည်း သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့ စေ့ဆော်မှုလေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်…




တစ်နေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်..  အဲဒီအချိန်မှာ ကောင်းကင် အမြင့်မှာ  ၀ဲပျံနေတဲ့ လင်းယုန်အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်.. ဒီတော့ သူက "အိုး.. သူတို့လို ငါလဲ ပျံတတ် ချင်လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်"  လို့ပြောလိုက်ပါတယ်.. သူ့စကားကို ကြားတော့ အတူတူဆော့နေတဲ့ ကြက်ကလေးတွေက ၀ိုင်းပြီး လှောင်ရယ် ကြ ပါတယ်.. "ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလဲ.. မင်းက ကြက်လေ… ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ်တာ" လို့ သူ့ကို ၀ိုင်း ပြော ကြပါတယ်..




လင်းယုန်ငှက်ကလေးဟာ သူ့အမျိုး အဆွေတွေ ပျံသန်းသွားရာကို တိမ်လွှာပြင်ထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့အတူတူ ပျံသန်း လိုက်ပါ သွားလိုတဲ့ စိတ်ကူးအိပ်မက်တွေ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်.. နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ဆန္ဒတွေ အကြိမ်ကြိမ်  ဖြစ်ပေါ် လာတိုင်းလဲ ဘေးက ကြက်တွေ ၀ိုင်းပြောကြတဲ့ မဖြစ်နိုင်ပါဘူးကွာ စိတ်ကူးမယဉ်ပါနဲ့ ဆိုတဲ့ စကားကို အမြဲ ကြားရပါတယ်..  ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်း နိုင်တဲ့ ငှက်မျိုးဖြစ်ပါရက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့  ဆက်လက် မကြိုးစား တော့ဘဲ ရပ်တန့်ပစ်လိုက် ပါတယ်.. နောက်ဆုံးတော့  သူရဲ့ ဘ၀ အချိန်တွေကို ကြက်တစ်ကောင်ရဲ့ အနေအထိုင် အလေ့ စရိုက်အတိုင်း နေထိုင် သွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ သေဆုံး သွားပါတော့တယ်…




သင့်ကိုယ်သင် လင်းယုန်ငှက်လို အမြင့်ကို ပျံနိုင်မယ်လို့ ယုံကြည်ရင် ဖြစ်အောင်ကြိုးစားပါ .. ကြက်တွေလို  ဘေးကလူတွေပြောတဲ့ စကားကို ဘယ်တော့မှ နားမယောင်ပါနဲ့….




----------------------------------------------------------------------------------------------------------------------------------





ဒီ story လေးထဲက လင်းယုန်ငှက်လို လူတွေ လောကမှာ ဘယ်လောက်များများ ရှိနေမလဲနော်..မိမိကိုယ်တိုင်မှာ ပင်ကိုယ် အရည်အချင်း   အစွမ်းအစတွေ ရှိနေပါရက်နဲ့ ဖော်ထုတ်ခွင့်မရကြဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်ဆုံးနေကြတဲ့ သူတွေ အများကြီး ရှိနေကြမှာပါ.. ပတ်ဝန်းကျင်စကားကို နားယောင်ရင်း မိမိရဲ့ အိပ်မက် တွေကို စွန့်လွှတ်လိုက်ကြတဲ့ သူတွေလဲ ရှိကြမှာပါနော်..  မိမိကိုယ်ကို ယုံကြည်စိတ် ရှိသူ တွေဟာ တစ်ပါးသူစကားကို နားယောင် တတ်လေ့ မရှိပါဘူး.. ကိုယ်ရဲ့ အိပ်မက်တွေ ဖူးပွင့်လာဖို့အတွက်သာ တစ်စိုက်မတ်မတ် ကြိုးစား တတ်ကြပါတယ်.. ဘေးပတ်ဝန်းကျင် စကားဟာ ကိုယ့်ကို အကြောက်တရားနဲ့ ယုံကြည်ကင်းမဲ့ စိတ်ကို တိုးပွားစေပါတယ်  အကြောက်တရားနဲ့ ယုံကြည်မှု ကင်းမဲ့စိတ်ဟာ လူငယ်တွေအတွက်  လမ်းကြောင်းသစ်ကို ဖောက်ထွက်ဖို့ အကြီးဆုံး အဟန့်အတားလဲ ဖြစ်ပါတယ်. မိမိကိုယ်ကိုမှ မယုံကြည်ရင် အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ဝေးသွားပါပြီ..





ကိုယ်ဟာ ဘယ်ပတ်ဝန်းကျင် ၊ဘယ်အသိုင်းအ၀ိုင်းမှာ ရောက်နေတယ် ဆိုတာ ကို မစဉ်းစားပါနဲ့.. ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်အိပ်မက်က ဘာလဲ ဆိုတာကို သေချာ ဆန်းစစ်ပြီး ဖြစ်ချင်တာကို ပြင်းထန်တဲ့ ရည်ရွှယ် ချက်နဲ့ ကြိုးစားသင့်ပါတယ်.. မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ ဘေးစကားကို နားထောင် နေမယ်ဆိုရင် သင့်ဘ၀ဟာ ကြက် တစ်ကောင် အဖြစ်နဲ့သာ ဘ၀ကို ကုန်ဆုံးသွားရှာတဲ့ လင်းယုန်တစ်ကောင်ရဲ့ အဖြစ်နဲ့ ထူးမခြားနားသာ ဖြစ်ပါလိမ့်မယ်..  ဒီတော့ ကျွန်မတို့ဟာ မိမိကိုယ်ကို ယုံကြည်စိတ်မွေးပြီး ဘေးပတ်ဝန်းကျင် စကားကို နားမယောင်ကြဘဲ ကိုယ့်စိတ်ကူးအိပ်မက်တွေ မှန်ကန်လာဖို့ လင်းယုန်ငှက်တို့ရဲ့ ပျံသန်းနိုင်တဲ့ ပင်ကိုယ် ဗီဇလိုမျိုး၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ်လို့ မြင့်မြင့်ပျံသန်း ကြပါစို့လားရှင်..







Tezza ရဲ့  The Chicken and the Eagle ကို ဘာသာပြန် ဝေငှပါသည်.... ဒီပုံပြင်လေးကို ရေးသားဖို့ အကြံပေးပြီး နှုတ်တိုက်ပါ ပြောပြသွားတဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲ လူငယ်လေး တစ်ယောက်ကိုလဲ ကျေးဇူးတင်ပါကြောင်း ပြောလိုက်ပါရစေရှင်...






လူငယ်တွေအားလုံး မိမိရဲ့ စိတ်ကူးအိပ်မက်များအတိုင်း မြင့်မြင့်ပျံသန်းနိုင်ကြပါစေရှင်.................







ချော (အစိမ်းရောင်လွင်ပြင်)



ဝေမျှခြင်းရဲ့ ရလဒ်

 




   photo from google


 


တစ်ခါက ပြောင်းတွေကို အကြီးအကျယ် စိုက်ပျိုးတဲ့ ယာသမားကြီး တစ်ဦးရှိပါတယ်… သူဟာ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ သီးနှံပြပွဲ ပြိုင်ပွဲမှာ သူ့ပြောင်း တွေကို ပြိုင်ပွဲ ၀င်ပါတယ်.. ပြိုင်ပွဲ ၀င်တိုင်းလည်း အမြှင့်ဆုံးဆုဖြစ်တဲ့ ဖဲကြိုးပြာဆုကို အမြဲရရှိအောင် သူ့ပြောင်းတွေဟာ အရည်အသွေး ကောင်းမွန် မြင့်မားလှပါတယ်..


 


တစ်နှစ်မှာ  ယာသမားကြီး ပြပွဲက ဆုရအပြီး သတင်းထောက် တစ်ယောက်ဟာ သူ့ကို အင်တာဗျူး လုပ်ပါတယ်.. နှစ်စဉ် ဒီလို ဆုရအောင် အရည်အသွေး ကောင်းမွန်တဲ့ ပြောင်းတွေကို ဘယ်လိုများ စိုက်ပျိုးပါသလဲလို့  မေးတော့ ယာသမားကြီးက သူ့ပြောင်းမျိုးစေ့တွေကို အနီးအနားက ယာခင်းတွေ အားလုံး မျှဝေပေးပြီး စိုက်ပျိုးစေတယ် ဆိုတာကို သတင်းထောက်က သိလိုက်ရပါတယ်….


 


ဒီတော့ သတင်းထောက်က နှစ်စဉ် ပြပွဲတိုင်းမှာ ဆုရတဲ့ ဒီ ပြောင်းမျိုးစေ့ကောင်းတွေကို ဘာစိတ်ကူးနဲ့များ  သူများတကာကို မျှဝေပေးတာလဲ ကိုယ်တစ်ယောက်တည်း စိုက်ပျိုးတော့ မျိုးကောင်းကို ကိုယ်တစ်ယောက်တည်း မပိုင်ဆိုင်ရပါလား ၊ ကိုယ်တစ်ယောက်တည်း စီးပွားမဖြစ် ပေဘူးလားလို့ မေးပါတယ်..


 


ယာသမားကြီးက "ဘာလို့ မဝေရမှာလဲဗျာ.. ခင်ဗျား သိရဲ့လား ပြောင်းပင်မှာ ပန်းပွင့်လေးတွေ ဖူးပွင့်တဲ့ အချိန် ရောက်တဲ့ အခါ လေပြေက ပြောင်းဝတ်မှုန် လေးတွေကို သယ်ဆောင်ပြီး စိုက်ခင်း တစ်ခုကနေ တစ်ခု ၀တ်မှုန် ကူးစေနိုင်တယ်လေ.. စိုက်ခင်းများလေ ၀တ်မှုန်ကူးတာ အောင်မြင်လေ ပြောင်းတွေ အရည်အသွေး အထွက်နှုန်း ကောင်းလေ ပေါ့ဗျာ… တကယ်လို့ ကျွန်တော့် စိုက်ခင်းနား နီးချင်းတွေကသာ မျိုး မကောင်းတဲ့ ပြောင်းတွေကို စိုက်ပျိုးမယ် ဆိုရင် မကောင်းတဲ့ ပြောင်းဝတ်မှုန်တွေနဲ့ အပြန်အလှန် ၀တ်မှုန်ကူးခံရတဲ့ ကျွန်တော့် ပြောင်းတွေကရော အရည်အသွေး၊ အထွက်နှုန်း ကောင်းနိုင် ပါဦးမလား.. ဒီတော့ ပြောင်း မျိုး ကောင်းတွေ ကျွန်တော် လိုချင်တယ်ဆိုရင် ကျွန်တော့် ယာနီးနားချင်း အားလုံး ကိုလဲ ပြောင်း မျိုးစေ့ ကောင်းတွေ စိုက်ပျိုးနိုင်ဖို့ ကျွန်တော် ကူညီရမယ်လေ " လို့ ပြန်ဖြေလိုက်ပါတယ်…


 


ယာသမားကြီးဟာ လောက သဘာဝကြီးရဲ့ ဆက်စပ်မှုကို သေချာဂဏစွာ နားလည်သူတစ်ဦးဖြစ်ပါတယ်.. သူ့အိမ်နီးနားချင်းတွေ စိုက်ပျိုးတဲ့ ပြောင်းတွေ မကောင်းဘဲနဲ့ သူ့အတွက်လည်း ပြောင်းမျိုးကောင်းကို မရနိုင်ဘူးဆိုတာ သဘောပေါက် နားလည် ထားသူပါ.... မျှဝေခြင်း ဆိုတဲ့  အသိတရားကောင်းရဲ့ ရလဒ်ကိုလဲ ပိုင်ဆိုင်ထားသူ တစ်ဦးလဲ ဖြစ်ပါတယ်..


 


------------------------------------------------------------------------------------------------------------------------------


 


 ကျွန်မတို့တွေကရော ယာသမားကြီးလောက် အသိတရားကြွယ်ဝသူများ ဟုတ်ပါရဲ့လား.. မိမိ တတ်ထား၊ သိထားသမျှကို သိုဝှက်လို့ တစ်ကိုယ် တည်း ကောင်းအောင် ကျင့်ကြံနေသူများ ဖြစ်နေမလားနော်.. စဉ်းစား ကြည့်မယ်ဆိုရင်  မျှဝေနိုင်တဲ့စိတ်ထားမျိုး ရှိဖို့ဆိုတာ တကယ်တမ်းတော့ မခက်ခဲ လှပါဘူးရှင်.. တစ်ဖက်သားကို မျှဝေလိုက်ခြင်းအားဖြင့် မိမိတွင်လည်း တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို မလွဲမသွေ ပြန်ခံစားရမှာ ဖြစ်ပါတယ်.. လုပ်ငန်းခွင်မှာ ကိုယ့်အသင်းအဖွဲ့ တစ်ခုလုံး နာမည်ကောင်း ရဖို့၊ အောင်မြင်ဖို့ ဆိုတာ ကိုယ်တစ်ဦး တစ်ယောက်တည်း တော်နေ၊ တတ်နေရုံနဲ့ မဖြစ်နိုင်ပါဘူး.. မိမိ ကိုယ်တိုင်ရော အဖွဲ့ဝင်တွေပါ တော်ဖို့၊ တတ်ဖို့၊ ညီညွှတ်ဖို့ လိုပါတယ်.. ဒီလိုဆိုရင် မိမိမှာ ရှိတဲ့ အရည်အချင်း ကောင်းတွေကို တစ်ပါးသူတွေကိုပါ ပြန်လည် မဝေမျှ သင့်ဘူးလားရှင်… အပြန်အလှန် မျှဝေခြင်းအားဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သဘော တရားအရ နှစ်ဦး နှစ်ဘက်လုံး အကျိုးရှိစေနိုင်ပါတယ်..


 


အချို့သော ကုမ္ပဏီကြီးများ လုပ်ငန်းရှင်ကြီးများဟာ မိမိတို့ လုပ်ငန်း၊ အကျိုးစီးပွားကို အောင်မြင်ဖို့ အလွန်အမင်း ဆန္ဒ ရှိကြသော်လည်း မျှဝေဖို့ကို မေ့လျှော့ နေတတ်ကြပါတယ်.. မိမိ အကျိုးစီးပွား တိုးတက် အောင်မြင်ဖို့၊ အလုပ်သမားများ ကောင်းမွန်စွာ၊ စေတနာပါပါ အလုပ် လုပ်ပေးကြဖို့ ဆိုတာ အလုပ်ရှင်များဘက်မှ အလုပ်သမားများအပေါ် ထိုက်သင့်တဲ့ အခွင့်အရေး ၊ ထိုက်သင့်တဲ့ ဝေမျှမှုကို ပေးထားပါမှသာ အလုပ်သမားများ ဘက်မှလည်း ကောင်းမွန်သော လုပ်အားများ ထုတ်လုပ် ပေးချင်ကြမှာ ဖြစ်ပါတယ်.. စေတနာပါတဲ့ အလုပ်သမားနဲ့ စေတနာကောင်းတဲ့ အလုပ်ရှင်  ဒီနှစ်ဦး နှစ်ဝ ကြားမှာ အောင်မြင်တဲ့ ရလာဒ်က ခက်ခဲမယ် မထင်တော့ပါဘူးနော်.... မိမိအပေါ် ကောင်းမွန် မျှတတဲ့ အလုပ်ရှင်များ အပေါ် ဘယ်အလုပ်သမားကမှ သစ္စာဖောက်ဖို့၊ အလုပ်ခိုကပ်ဖို့၊ အလုပ်က ထွက်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့  ဆန္ဒ ရှိတော့မှာ မဟုတ်ပါဘူး.. ဒါဆိုရင် အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ဟာ ဝေမျှခြင်းလို့ ပြောရင်လဲ ထိုက်သင့်သလောက်တော့ မှန်ကန်မယ် မဟုတ်ပါလားရှင်…. ကိုယ့်ဘက်က ပေးလိုက်ရတဲ့ ဝေမျှခြင်းဟာ တကယ်တမ်းတော့ ဘာမှမပြောပ လောက်ပေမဲ့ ပြန်ရတဲ့ အကျိုးတရားက ဘယ်အတိုင်း အတာ ထိအောင် ရှိမယ်ဆိုတာ ခန့်မှန်းဖို့တောင် မလွယ်နိုင်ပါဘူးနော်…


 


ဒီတော့ ပြောင်းစိုက်တဲ့ ယာသမားကြီးရဲ့ ဝေမျှခြင်း သဘောတရားကို နမူနာယူပြီးတော့ ကျွန်မတို့လဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ငန်းခွင် တွေမှာ တတ်နိုင်သလောက် မျှဝေသူများ ဖြစ်အောင် ကြိုးစား ကြည့်ကြပါစို့လားရှင်….


 


Funzug.com မှ Growing Good Corn ကို ဘာသာပြန်၍ ပြောင်းစိုက်သမားကို အားကျကာ ဝေမျှပါသည်................ :)


 


ချော(အစိမ်းရောင်လွင်ပြင်)


 


 


 

သင် သေသွားခဲ့သော်..........





တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာပြီး လောဘကြီးတဲ့ လယ်ပိုင်ရှင်ကြီး တစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သူ့ထက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က လယ်ပိုင်ရှင်ကြီးကို ငါပိုင်တဲ့ မြေတွေထဲမှာ မနက်ကနေစပြီး လမ်းလျှောက်သွားလို့ ညနေ နေ၀င်ချိန်မှာ စလျှောက်သွားတဲ့ နေရာကို ရောက်အောင် ပြန်လာနိုင်တဲ့ မင်း လျှောက်နိုင်သလာက် မြေကြီးကို ငါပေးမယ်လို့ ပြောပါတယ်..




ဒါနဲ့ လောဘကြီးတဲ့ မြေပိုင်ရှင်ကြီးကလဲ သူ့မှာ မြေတွေအများကြီး ရှိနေပါရက်နဲ့ မတော် လောဘတက်ပြီး အလကား လိုချင်တော့ မနက် စောစောထပြီး အဲဒီမြေနေရာကို သွားပါတယ်.. ပြီးတော့ စမှတ်တစ်ခုကို မှတ်သားထားပြီး  ၄င်းနေရာကနေ လမ်းစ လျှောက် ပါတယ်.. ဖြေးဖြေး လျှောက်ရင် နေရာများများ မရမှာ စိုးတဲ့အတွက် လယ်ပိုင်ရှင်ကြီးဟာ အပြေးတစ်ပိုင်း လမ်းလျှောက် ပါတယ်.. မြန်နိုင်သမျှ မြန်မြန် လျှောက်ပါတယ်.. သူဟာ မောပန်းလွန်းနေပြီ ဖြစ်သော်လည်း အနားယူဖို့၊ ရပ်တန့် ပစ်လိုက်ဖို့ စိတ်ကူး မရှိပါဘူး.. သူ့ဘ၀မှာ အခုထက် ပိုပြီး ကြွယ်ဝ ချမ်းသာလာဖို့ ဒီတစ်ခါသာရတဲ့ အခွင့်အရေးကို လက်လွတ် မခံချင်တဲ့အတွက် မရပ်မနား လျှောက်နေဆဲပါ…..




နေ့လည်စောင်းလာတော့ သူ့ကိုယ်သူ ခရီးတော်တော်များများ ပေါက်ခဲ့ပြီ ဆိုတာ သဘောပေါက်လာတယ်.. နေ၀င်ချိန် အမှီလဲ စ မှတ်ကို ပြန်ရောက်ရဦးမယ် ဆိုတော့ သူ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ပါတယ်.. သူ့လောဘစိတ်ရဲ့ စေ့ဆော်မှု ကြောင့်သာ ဒီလောက် အကွာ အဝေးကို သူလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်.. သူနောက်ကြောင်း ပြန်လှည့်လျှောက်ရင်း မျက်လုံးက နေကိုသာ စူးစူးစိုက်စိုက် ကြည့်ပြီး လျှေက်လာပါတယ်.. နေ၀င်ခါနီးလေ မြန်အောင်ပြေးလေ.. နေ၀င်ခါနီးလေး မြန်သထက် မြန်အောင်ပြေးလေ ပါဘဲ.. နေ၀င်သွားလို့ သူစလျှောက်ခဲ့တဲ့ နေရာကို မရောက်ရင် ဒီမြေတွေကို သူရမှာ မဟုတ်တော့ဘူးလေ.. ဒီတော့ ပြေးရင်းပြေရင်း မောပန်းလွန်းလို့ အသက် တောင် မရှူနိုင်အောင် ဖြစ်လာပါတယ်..




နောက်ဆုံးတော့ သူစလျှောက်တဲ့ နေရာလဲ ရောက်ရော မြေပိုင်ရှင်ကြီးဟာလဲ အမောဆို့ပြီး လဲကျသွားပါရော.. နေ၀င်ချိန် မတိုင်ခင်မှာတော့ အစကို ပြန်ရောက်ခဲ့ပါရဲ့.. သို့သော်လည်း အမောဖောက် နှလုံးခုန်ရပ်ပြီး အဲဒီနေရာလေးမှာဘဲ သေဆုံး သွားခဲ့ပါတယ်..သူသေသွားတော့ အဲဒီသူပိုင်သွားပြီ ဖြစ်တဲ့ မြေကြီးမှာဘဲ လူတွေက သူ့ကို မြုပ်နှံ လိုက်ကြပါတယ်.. မြေပိုင်ရှင်ကြီး သေတော့ နောက်ဆုံး လိုအပ်တာ၊ သူပိုင်သွားတာက  သူ့တစ်ကိုယ်စာ မြုပ်နှံဖို့ ခြောက်ပေအရှည် မြေကွက်လေး တစ်ကွက်မျှသာ………………




ကဲ သင်သေသွားတဲ့ နောက် ဘယ်လိုပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုမျိုးက သင့်နောက်ကို လိုက်ပါသွားပါသလဲ.....




-------------------------------------------------------------------------------------------------------------------------------



သတိ သံဝေဂယူစရာ ပုံပြင်လေးတစ်ပုဒ်ပါနော်.... အချို့သောသူတွေဟာ ငွေကြေးဥစ္စာနောက်ကို အာသာငမ်းငမ်း လိုက်နေကြတယ်.. သားသမီး အတွက်၊ မိဘအတွက်၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း ချစ်သူခင်သူများအတွက်  ပေးစရာ အချိန်မရှိလောက်အောင် ငွေနောက်ကို ကောက် ကောက်ပါ နေကြတဲ့ သူတွေအများကြီးပါ.. ဘာသာရေးနဲ့ လူမှုရေး လုပ်ငန်းတွေကိုပါ လှည့်မကြည့် နိုင်လောက်အောင် အချိန် ရှားပါး နေကြတယ်.. ကျိကျိတက် ချမ်းသာနေသော်လည်း မိသားစုနဲ့ ထမင်းစားဖို့တောင် အချိန်မပေးနိုင်၊ လည်ပတ်သွားလာ အပန်းဖြေဖို့တောင် အချိန်မပေးနိုင်ရင် ဘ၀ရဲ့ ချမ်းသာခြင်းဟာ ပြီးပြည့်စုံပါရဲ့လား စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား... လူချမ်းသာသော်လည်း စိတ်မချမ်းသာရင် ချမ်းသာသုခနဲ့ ပြည့်စုံတယ်လို့ ခေါ်ဆိုထိုက်ပါရဲ့လား.... ဘ၀ ရှင်သန် ရပ်တည်ဖို့ ငွေကြေးဥစ္စာ လိုအပ်သလို အဓိပ္ပယ်ရှိတဲ့ ဘ၀ဖြစ်ဖို့ ဆိုတာလဲ စိတ်၏ ချမ်းသာခြင်းနဲ့လဲ ပြည့်စုံဖို့ လိုအပ်ပါတယ်.. စိတ်၏ ချမ်းသာခြင်းကို ဘယ်လိုရှာဖွေမလဲ.... မေးချင်စရာပါ.. ခက်ခက် ခဲခဲတော့ မဟုတ်ပါဘူး.. မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားလာခြင်း၊ လူမှုရေးလုပ်ငန်းတွေမှာ အလျှဉ်း သင့်သလို ပါဝင် ဆောင်ရွက်ခြင်း၊ ဘာသာရေး ကိစ္စတွေမှာ အချိန် အနည်းငယ်ပေးခြင်း မိမိဝါသနာပါရာ အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်း (ဥပမာ စာဖတ်ခြင်း၊ စာရေးခြင်း၊ သီချင်းဆိုခြင်း၊ လည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊..........) စသဖြင့် စိတ်အပန်းဖြေနိုင်မဲ့ အရာတွေ အတွက်လည်း အချိန်ကို ခွဲဝေ ပေးသင့်ပါတယ်... လောဘတကြီး ငွေနောက် လိုက်နေကြပေမဲ့  မိမိသေတဲ့အခါမှာတော့ အားလုံးကို ချန်ရစ်ခဲ့ ရမှာပါ... အသက် ရှင်သန်နေစဉ် လေးမှာတော့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းမြေ့စွာနဲ့ အတ္တနဲ့ပရ ကို မျှတအောင် ကြိုးစားသွားကြပါစို့လားရှင်...






ဖတ်လိုက်ရတဲ့ Inspirational ဘလော့ဂ် တစ်ခုထဲက  Where Does It end? ကို စာဖတ်သူများအား ဘာသာပြန်၍ ပြန်လည်မျှဝေပါတယ်ရှင်...




ချော (အစိမ်းရောင်လွင်ပြင်)

ဘ၀ရဲ့ ပဲ့တင်သံ


photo from google search


 


တစ်နေ့   ရွာလေးတစ်ရွာမှာရှိတဲ့ သားအဖ ၂ယောက်ဟာ တောင်တက် တောလမ်းလေးတစ်ခုကို ဖြတ်သန်းလာကြပါတယ်.. ရုတ်တရက် သား ဖြစ်သူက ခြေခေါက်ပြီး လဲကျသွားပါတယ်..  နာကျင် လွန်းတဲ့အတွက် သူ့ပါးစပ်မှာ အား ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်မိပါတယ်..  ချက်ခြင်းဘဲ တောင်တန်း တစ်နေရာမှ သူအော်လိုက်သော အသံအတိုင်း အား လို့ ထပ်ခါထပ်ခါ ထွက်ပေါ်လာသော အသံများကို ကြားလိုက် ရပါတယ်…


 


သူက ဘယ်သူက အော်လိုက်တာပါလိမ့်လို့သိချင်တဲ့ အတွက် “မင်းဘယ်သူလဲ” လို့ ပြန်အော်ဟစ်ပြီး မေးလိုက်ပါတယ်…  တစ်ဖက်ကလဲ “မင်း ဘယ်သူလဲ” လို့ပြန်အော်မေးသံကို သူကြားလိုက်တယ်..


 


တစ်ခါသူက  မင်းကို ငါ လေးစားပါတယ်.” လို့ ပြန်အော်လိုက်ပြန်တယ်… တစ်ဘက်ကလည်း သူ့အတိုင်းဘဲ “မင်းကို ငါ လေးစား ပါတယ် ” လို့ ပြန်အော် လာတယ်..


 


နောက်တစ်ခါ သူက ဟေ့ သတ္တိနည်းတဲ့ကောင်” လို့အော်ပြန်တော့ သူ့အတိုင်းဘဲ “ဟေ့ သတ္တိနည်းတဲ့ ကောင် ” လို့ အော်သံ ထွက်လာ ပါတယ်..


 


ဒီတော့ ကောင်လေးက သူ့အဖေကို မေးလိုက်တယ်.. “အဖေ သူက ဘယ်လို ဖြစ်တာလဲ ကျွန်တော်အော်တဲ့ အတိုင်းပြန်အော်နေတယ်. ဘယ်သူက အော်နေတာလဲ ” တဲ့ .. သူ့အဖေက ပြုံးလိုက်ပြီး “သား သေချာနားထောင်နော်…” အဲလိုပြောပြီး “ဟေ့ မင်းဟာ လူတော် တစ်ယောက်ဘဲ ” လို့ အော် ဟစ်လိုက်ပါတယ်.. ဒီတော့ သူ့အဖေရဲ့အသံအတိုင်းဘဲ အော်သံပြန်ထွက်လာပါတယ်.. သားဖြစ်သူက အဖေကို အံ့သြတကြီး ကြည့်နေ ပါတယ်.. သူ့အဖေ ဘာလုပ်နေတာလဲဆိုတာ သူ သဘောမပေါက် ပါဘူး…


 


ဒီနောက် အဖေလုပ်သူက သားကို ရှင်းပြတယ်..


 


 “သား ဒီဟာကို လူတွေက ပဲ့တင်သံလို့ခေါ်ကြတယ်.. အမှန်တော့ အဲဒါဟာ ဘ၀ဘဲ.. သားဘ၀မှာ ဘာဘဲလုပ်လုပ် ၊ ဘာဘဲ ပြောပြော သားပြောတဲ့ လုပ်တဲ့ အတိုင်းဘဲ သားရဲ့ဘ၀မှာ ပြန်ပြီး ထင်ဟပ်လာတယ်..  သားကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ပြန်ခံစားရမယ်.. ဆိုးတာလုပ်ရင် ဆိုးကျိုးကို မလွဲမသွေ ပြန်ခံစားရမှာဘဲ. သားပြုသမျှ အရာရာဟာ ခုနက သား ကြားလိုက် ရတဲ့ ပဲ့တင်သံလိုဘဲ ထပ်တူထပ်မျှ ကိုယ့်ဆီကို ပြန်လာလိမ့်မယ်… ဘ၀မှာ အောင်မြင်မှုဆိုတာ တိုက်ဆိုင်မှုတွေ ကြောင့် ဖြစ်လာတာ မဟုတ်ဘူး.. ကိုယ့်ကြိုစားမှုကြောင့် ပဲ့တင်သံသဖွယ် တုံ့ပြန်ရရှိလာတဲ့ ရောင်ပြန် ဟပ်ခြင်းတွေဘဲ ဖြစ် တယ်... ”


 


-------------------------------------------------------------------------------------------------------------------------------------


ဒီဇာတ်လမ်းလေးထဲက အဖေဖြစ်သူပြောတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေဟာ ဘ၀မှာ အောင်မြင်ချင်တယ် ဆိုရင် ကြိုးစားကြဖို့ လိုပါ တယ်..  မကြိုးစားဘဲနဲ့ တိုက်ဆိုင်မှုကြောင့် ဆိုပြီး ရလာဒ်ကောင်းတွေကို ရရှိလာမှာ မဟုတ်ပါဘူး... အချို့သောသူတွေက စိတ်ပျက် ညီးတွား တတ်ကြတယ်.. ငါတို့မှာ နောက်ခံ အင်အား မကောင်းပါဘူး... မိတ်ကောင်းဆွေကောင်း မရှိပါဘူးဆိုပြီး ကြိုးစားဖို့ စိတ်ကူးမရှိတော့ဘဲ စိတ်ပျက် လက်ပျက် မှိုင်တွေနေတတ်ကြတယ်.. အခွင့်အလမ်းကောင်းဆိုသည်မှာ ကိုယ့်ဆီကို အလိုလို ရောက်လာ တတ်တဲ့ အရာမျိုး မဟုတ် ပါဘူး.. မိမိကသာ လိုက်လံရှာဖွေရမဲ့ အရာဖြစ်ပါတယ်.. အခွင့်ကောင်း မတွေ့သေးတဲ့အချိန်မှာ မိမိလုပ်နေရမဲ့ အရာသည် လိုအပ်သော အရည် အချင်း များကို ဖြည့်ဆည်းထားဖို့ အရေးကြီးပါတယ်.. ကြိုးစားသူများအတွက် အောင်မြင်မှု ပန်းတိုင်ဆိုတာ လက်တစ်ကမ်း အကွာမှာ ရှိနေ တတ်ပါ တယ်.. မကြိုးစားဘဲ ထိုင်နေလျှင်တော့ အောင်မြင်မှု ပန်းတိုင်နဲ့ တစ်ဖြေးဖြေး ဝေးကွာသွားမှာ သေချာ သလောက်ပါ. လေ့လာ သင်ယူ စရာ များပြားလှသော ယခုခေတ်တွင် လူငယ်များ အချိန်ဖြုန်းမနေသင့်ဘဲ ဘ၀အတွက် အသုံးကျမည် အကျိုးရှိမည် ဟု ထင်ရသော ပညာများကို လေ့လာ ၊သင်ယူထားသင့်ပါတယ်.. . တစ်ချိန်ချိန် အခွင့်အလမ်းနှင့် ကြုံတွေသည့်အခါ မိမိတွင် လိုအပ်သော အရည်အချင်းများ ပြည့်စုံစွာ ဖြည့်ဆည်းထားပြီး ဖြစ်သောကြောင့် ၄င်းအခွင့်အလမ်းနှင့် လွှဲချော်သွားစရာ အကြောင်းမရှိတော့ပါ... ထိုအချိန်တွင်မှ မိမိတွင် မဖြည့်ဆည်း ခဲ့ရသော အရာများအတွက် နောင်တရနေမည် ဆိုလျှင်တော့ နောက်ကျသွား ပါပြီ.. ဘ၀ဆိုသည်မှာ ကြိုးစား နေသူများ အတွက်တော့  နေရာ တစ်နေရာ အမြဲတမ်း ရှိနေတတ်ပါတယ်ရှင်........


 


Unknown Author ရဲ့ Echo ကို ဘာသာပြန်ထားပါသည်..


 


အင်အားရှိကြပါစေရှင်.............


 


ချော(အစိမ်းရောင်လွင်ပြင်)

ကမ္ဘာတစ်လွှား ရေတံခွန်များ

 

ကမ္ဘာပေါ်ရှိ ရေတံခွန်များစွာတို့အနက် ထင်ရှားကျော်ကြားတဲ့ ရေတံခွန်များကို ဗဟုသုတအတွက် ဖော်ပြပေးလိုက်ပါတယ်..



ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံ Canaima အမျိုးသားဥယျာဉ်မှာရှိတဲ့ Angel Falls ပါ.. စုစုပေါင်း အမြင့်ပေ  ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့ အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်...

 



 

တောင်အာဖရိကနိုင်ငံရှိ အမြင့်ပေ ၃၁၁၀ ရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး Tugela Falls ပါ

 



ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတဲ့ ဥရောပမှာ အကြီးဆုံးရေတံခွန်ဖြစ်တဲ့ Rhine Falls ပါ  ဂျာမဏီနယ်စပ်နဲ့ မိုင်အနည်းငယ်သာကွားဝေးပါတယ်. ရိုင်းမြစ်ထဲကို ရေပမာဏ အများဆုံး စီးဆင်းတဲ့ ရေတံခွန်ဖြစ်ပါတယ်...

 



အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်  Yosemite အမျိုးသားဥယျာဉ်ရှိ Yosemite Falls ပါ.. အမြင့်ပေ ၂၄၂၅ မြင့်ပြီးတော့  မတူတဲ့ ပုံစံ ၃မျိုးနဲ့ စီးဆင်းတဲ့နေတဲ့ ရေတံခွန်ဖြစ်ပါတယ်..



အာဖရိကနိုင်ငံ Victoria အမျိုးသားဥယျာဉ် ရှိ  Victoria Falls ပါ.. အမြင့်ပေအားဖြင့် ၃၅၀ သာရှိသော်လည်း အလွန်ကျယ်ပြန့် ကြီးမားတဲ့ ရေတံခွန် ဖြစ်ပါတယ်.. အကျယ်အားဖြင့် ၅၇၀၀ ပေ ကျယ်ဝန်းပါတယ်...



ပီရူးနိုင်ငံရှိ ကမ္ဘာ့ ပဉ္စမမြောက် အမြင့်ဆုံး Gocta ရေတံခွန်ပါ... ပီရူးအစိုးရရဲ့ ကြိုးပမ်းချက်နဲ့ သိပ်မကြာသေးခင်ကမှ ထင်ရှားကျော်ကြား လာတဲ့ ရေတံခွန်လဲ ဖြစ်ပါတယ်..



နော်ဝေးနိုင်ငံရှိ အမြင့်ပေ ၂၈၂၂ ရှိ Vinnufossen ရေတံခွန်ပါ.. ပင်မရေတံခွန်ကနေ ရေတံခွန်အသေး လေးဖြာ ခွဲထွက်စီးဆင်း နေပါတယ်..

 

 



အာဂျင်တီးနားနှင့် ဘရာဇီးနှစ်နိုင်ငံ နယ်စပ်ရှိ  ကြီးမားထင်ရှားလှသော Iguacu Falls ဘရာဇီးနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅%ကို ထုတ်လုပ် ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများ အား အဆွဲဆောင်နိုင်ဆုံးသောရေတံခွန်တစ်ခုလဲ ဖြစ်ပါတယ်..

 



နယူးဇီလန်နိုင်ငံရှိ လူသိများထင်ရှားသော Sutherland Falls , ရေခဲတောင်များမှ စီးကျလာသော ရေများစုစည်းရာ ရေကန်ကြီးမှ ဖြာစီး ကျဆင်းလာသော ရေတံခွန်ကြီးတစ်ခုလည်းဖြစ်ပါတယ်.



 အမေရိကန်နှင့် ကနေဒါ နယ်စပ်ကြားရှိ ကမ္ဘာ့အလှဆုံး၊ ကမ္ဘာလှည့် ခရီးသွားများ အသွားများဆုံးသော Niagara Falls

 http://www.treehugger.com/galleries/2009/06/amazing-waterfalls-around-the-world.php?page=7  မှ မျှဝေပါသည်...

 

ပျော်ရွှင်ကြပါစေရှင်..

 

ချော (အစိမ်းရောင်လွင်ပြင်)

စကားလေးနှစ်ခွန်း

 



                                 picture from google


 


ကောင်မလေးနဲ့ ကောင်လေးနှစ်ယောက် လမ်းလျှောက်လာကြပါတယ်...


 


ကောင်မလေး ။                 ။ နင်ငါ့ကို တကယ်ချစ်တာ သေချာလား


 


ကောင်လေး   ။                 ။ သေချာတာပေါ့..တကယ်ဘဲဟာ


 


ကောင်မလေး ။                 ။ ဒါဆို ချစ်တယ် လို့နင်ငါ့ကို ပြောပါလား.. ငါကြားချင်လို့..


 


ကောင်လေး   ။                 ။ မပြောချင်ပါဘူး


 


ကောင်မလေး။                  ။ဘာလို့လဲ.. နင်ပြောတော့ တကယ်ချစ်တယ်ဆို.. ဘာကြောင့် မပြောချင်ရတာလဲ….


 


ကောင်လေး  ။                  ။ အင်း… ဘာကြောင့်လဲဆိုတော့…..


 


ကောင်မလေး။                  ။ပြောစမ်းပါဟယ်.. နင့်ပါးစပ်က ပြောတာ ငါကြားချင်လို့ပါ..


 


ကောင်လေး  ။                  ။ဟင့်အင်း ..မပြောနိုင်ပါဘူး


 


ကောင်မလေးထံမှ ငိုရှိုက်သံ သဲ့သဲ့လေးထွက်လာပါတယ်.. ပြီးတော့ကောင်လေးကို ပြောလိုက်တယ်..


 


ဒါဆို နင်ငါ့ကို တကယ်မချစ်ဘူးပေါ့နော်…


 


ကောင်လေး ဘာမှပြန်မပြောပါဘူး.. သူတို့၂ယောက်လုံး တိတ်ဆိတ်စွာနဲ့ လမ်းဆက်လျှောက်နေကြတယ်.. ကောင်မလေး အိမ်ရှေ့ရောက်တော့ ၂ယောက်လုံး ရပ်လိုက် ကြပါတယ်    ပြီးတော့ ကောင်လေးက ကောင်မလေးလက်ကို အသာ ဆုပ်ကိုင်လိုက်တယ်..


 


ကောင်မလေး။                  ။ နင်ဘာမှ ပြောစရာမရှိတော့ဘူးလား


 


ကောင်လေး  ။                  ။ ငါပြောမဲ့ စကားကို နင်တကယ် ကြားချင်တာလား….


 


ကောင်မလေး။                  ။ (ခပ်ရွံ့ရွံ့တွန့်ဆုတ်ဆုတ် လေသံလေးနဲ့ )  အင်း


 


ကောင်လေးက ကောင်မလေးရဲ့ ပုခုံးလေးကို အသာအယာပွေ့ဖက်လိုက်တယ်.. ပြီးတော့ နှဖူးလေးကို ဖွဖွညင်သာ နမ်းရှိုက်လိုက်ပြီး ကောင်မလေးရဲ့ နားရွက် နားလေးကို ကပ်ကာ နူးညံ့တဲ့အသံနဲ့ တိုးတိုးလေး  ပြောလိုက်ပါတယ်..


 


ဘာလို့ငါမပြောချင်တာလဲဆိုတော့ နင့်ကိုချစ်တဲ့အချစ်တွေက ချစ်တယ်”  ဆိုတဲ့ စကားလေး နှစ်ခွန်းနဲ့ ငါ့အချစ်ကို လုံလောက်အောင် မဖော်ပြ နိုင်လို့၊ မပြည့်စုံနိုင်လို့ပေါ့ကွယ်…


 


 ==============================================================


 


မှန်ပါတယ်နော်.. တစ်ခါတစ်လေမှာ ချစ်တယ်ဆိုတဲ့ ရင်ထဲက ခံစားချက်ဟာ စကားလေး၂လုံးနဲ့ ပြည့်စုံလုံလောက်အောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်ခဲလွန်းနေပါ သေးတယ်...  တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် ချစ်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကြီးတစ်ခုလုံး အချစ်ရနံ့တွေ ထုံမွန်းပြီး လှပ နေတတ်တယ်.. အရာရာကို ပျော်ရွှင်စရာ တွေနဲ့၊ လောကကြီးတစ်ခုလုံး သာယာ ကြည်နူးစရာရယ်လို့ထင်တတ်ကြပေမဲ့ ချစ်သူနဲ့ ဝေးကွာ၊ ခွဲခွာနေတဲ့အခါမှာတော့ လောကကြီးတစ်ခုလုံးဟာ အထီးကျန် စရာ၊ စိတ်ပျက်ငြီးငွေ့စရာရယ်လို့ မြင်တတ်ကြပြန်ပါတယ်.. ဒါဟာ အချစ်ဆိုတဲ့ အရာလေးရဲ့ စွမ်းဆောင်ချက်ကြောင့်ဘဲ မဟုတ်ပါလား… အချစ်ရှိရင် ကမ္ဘာ လောကကြီး တစ်ခုလုံးကို အကောင်းမြင်နေတတ်ပေမဲ့ အချစ်မရှိတော့တဲ့အခါ လောကကြီးတစ်ခုလုံးကို အဆိုးမြင်လာအောင် စွမ်းဆောင်နိုင်တဲ့ ဒီအချစ်ကို ဘယ်လိုများ စကားလေး၂လုံးနဲ့ စာဖွဲ့လို့ပြည့်စုံနိုင်မှာလဲရှင်… ဒီတော့ စကားလေးနဲ့ ပြောဖို့ မလုံလောက်တဲ့အခါ ကိုယ်ဘယ်လောက် ချစ်ကြောင်း ချစ်သူကို သိစေဖို့အတွက် အမူအရာလေးတွေ ဂရုစိုက်မှုလေးတွေ ၊နားလည်မှုလေးတွေ ပြဖို့ လိုအပ်လာတာပေါ့နော်… ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်လာတဲ့ အခါ အကြင်နာ စိတ်တွေ ပိုလာကြသလို နားလည် သိတတ်မှုတွေလည်း ပိုတိုးလာကြပါတယ်.. ဒါဟာ အချစ်အကြောင်းကို ညွှန်းဆိုပြသ နေကြခြင်းသာ ဖြစ်ပါတယ်…  စာဖတ်သူ များလည်း ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း သူသိအောင် ပြောပြဖို့အတွက် စကားလေး၂လုံးနဲ့ မလုံလောက်တဲ့အခါ နားလည်မှု၊ စာနာဂရုစိုက်မှု ၊ ကြင်နာ သိတတ်မှုလေးတွေနဲ့ အချစ်အကြောင်းလေးတွေကို ပိုပြီး ပြည့်စုံ လေးနက်အောင် ပြောပြလိုက်ကြပါလို့…………


 


Author unknown   ရဲ့  Three Words  ကို ဘာသာပြန်ပါတယ်ရှုင်...


 


ချစ်တတ်ကြသူများ ဖြစ်နိုင်ကြပါစေရှင်.......


 


ချော (အစိမ်းရောင်လွင်ပြင်)

မေတ္တာ တေးသံ


                photo from google search


 


ကာရင်ဟာ သားလေး မိုက်ကယ်ကိုမွေးပြီး နောက်ထပ် ကိုယ်ဝန်ဆောင်ထားရတဲ့ သားသည် မိခင်တစ်ဦးပါ… သုံးနှစ်သားအရွယ်လေး မိုက်ကယ်လေးရဲ့ တောင်းဆိုချက် ကြောင့် ဒုတိယ ကိုယ်ဝန်ကို ယူလိုက်တာ ဖြစ်ပါတယ်... ကလေးလေးကိုယ်ဝန်ဆောင်ပြီး လအနည်းငယ် အကြာမှာ မိန်းခလေး ဖြစ်ကြောင်း သိရပါတယ် မိုက်ကယ်က ကလေး လေးကို  မမွေးခင်ကတည်းက ညီမလေးရတော့မယ်ဆိုပြီး အပျော်လွန်နေပါတယ်..  အမေ့ ဗိုက်ထဲက ကလေးလေးအတွက် နေ့ရော ညပါ ဗိုက်နားနား ကပ် ကပ်ပြီး သီချင်းဆိုပြတတ်ပါတယ်.. တစ်ရက်ထဲမဟုတ်… နေ့စဉ် နေ့တိုင်း သူ့ညီမလေးကို မိုက်ကယ် ဟာ သီချင်း ဆိုပြလေ့ရှိပါတယ်…


 


ကိုယ်ဝန်တစ်ဖြေးဖြေးနဲ့ရင့်လာပြီး မွေးဖွားမဲ့နေ့ရောက်တော့ ကာရင်ဟာ ဗိုက်နာလာပါတယ်..ဗိုက်နာတဲ့အချိန်သာ ကြာလာပေမဲ့ ကလေးက တော်တော်နဲ့ မမွေးနိုင် ဖြစ်နေပါတယ်… နာရီပေါင်းများစွာ ကြာပြီးမှဘဲ မိုက်ကယ့်အတွက် ညီမလေးကို ခက်ခက်ခဲခဲ မွေးပေးလိုက် နိုင်ပါတယ်.. ဒါပေမဲ့ မွေးလာတဲ့ ကလေးက အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေကြောင့် စိန့်မေရီ ဆေးရုံကို အရေးတကြီးပို့လိုက်ရပါတယ်.. မွေးကင်းစ ကလေးတွေကို ထားတဲ့ အခန်းကျယ်ကြီးမှာ ဆရာဝန်ကြီးတွေက အထူး ဂရုတစိုက်နဲ့ ကြပ်မတ်ကုသမှု ပေးနေကြပေမဲ့ ကလေးအထူးကု ဆရာဝန်ကြီးက မျှော်လင့်ချက် အလွန်နည်းနေပြီ ဖြစ်ကြောင်းနဲ့ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ကို အသိပေး ပြောကြားပါတယ်… မိုက်ကယ်လေးဟာ သူ့အဖေအမေကို သူ့ညီမလေးဘေးမှာ သီချင်းလေးတွေ သီဆိုခွင့်ပေးဖို့ တောင်းပန်ရှာ ပါတယ်... သို့သော်လည်း မွေးစကလေးတွေထားတဲ့ အထူးကြပ်မတ် ကုသဆောင်မှာ  မိုက်ကယ်လို ကလေးတွေ ၀င်ခွင့်မရတဲ့အတွက် သူ့အမေက ခွင့်မပြုပါဘူး…


 


ဒီလိုနဲ့ တစ်ပတ်လောက်ကြာတဲ့အထိ ကလေးအခြေအနေက တိုးတက်မလာဘဲ ပိုပိုပြီးသာ ဆိုးဝါးလားပါတယ်.. ကာရင်နဲ့ သူ့ယောင်္ကျား တို့ဟာ မကြာခင်မှာတော့ ကလေးလေးရဲ့ နာရေးကို ပြင်ဆင်ရဖွယ်ရှိတယ်လို့ဘဲ မျှော်လင့်ထားကြပါတော့တယ်.. သူတို့ဒေသက သုသာန်ကို အဆက်အသွယ်လုပ်ပြီး ကလေးမြုပ်နှံဖို့ မြေကွက် တစ်နေရာကို ကြိုတင် မှာကြားထားလိုက်ကြပါပြီ.   သူတို့အိမ်မှာလည်း ကလေးလေး မမွေးခင်ကတည်းက သူလေးကိုထားဖို့အတွက် အခန်းလေးတစ်ခန်းကို အထူး တလည် ပြင်ဆင် ထားခဲ့ပေမဲ့ ခုချိန်မှာတော့ ကလေးရဲ့ နာရေးအတွက်လို ဖြစ်သွားရပါပြီ.. မိုက်ကယ်လေးကတော့ နေ့စဉ်နေ့တိုင်း ညီမလေးကို သီချင်းဆိုပြ ခွင့်ပြုဖို့ သူ့အမေကို တောင်းဆိုနေ ဆဲပါ.. နောက်တော့ ဆေးရုံက သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ မိုက်ကယ်လေးကို ကလေးထားတဲ့ ကုသဆောင်ကို ခေါ်သွားဖို့ ကာရင်ဆုံးဖြတ်လိုက်ပါတယ်.. တကယ်လို့များ အခုချိန်မှ မိုက်ကယ့်ကို သူ့ညီမလေးဆီ ခေါ်မသွားဘူးဆိုရင် သူ့ညီမကို အသက်ရှင်ရက်နဲ့ နောက် ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ကာရင်က သိနေခဲ့ပါပြီ..


 


ဒီလိုနဲ့ ကာရင်ဟာ  နွမ်းနွမ်းဖတ်ဖတ်နဲ့ အလွန်ကြီးမား ပွယောင်းလှတဲ့  ၀တ်စုံကို မိုက်ကယ့်ကို ၀တ်ဆင်ပေးပြီး ကလေးကိုထားတဲ့ အထူးကြပ်မတ် ဆောင်ကို ခေါ်ဆောင် လာပါတယ်.. ရုတ်တရက် ကြည့်ရင်  မိုက်ကယ်လေးဟာ အ၀တ်ထည့်တဲ့ ခြင်းတစ်လုံး အတိုင်းပါဘဲ.... ဒါပေမဲ့ သူနာပြု ဆရာမကြီး တစ်ယောက်က မိုက်ကယ့်ကို ကလေးတစ်ယောက်မှန်း မှတ်မိသွားပြီး အော်ဟစ်ပါတော့တယ်..


 


“ ဒီထဲကို ကလေးမ၀င်ရဘူးဆိုတာ မသိဘူးလား.. ခုချက်ခြင်း ဒီနေရာက ထွက်သွားပါ… ”


 


ကာရင်ဟာ သူမရင်ထဲက မိုက်ကယ့်ကို သူ့ညီမလေးနဲ့ တွေ့ပေးချင်တဲ့စိတ်တွေ ပိုပြီး ပြင်းထန်လာပါတယ်.. ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့တဲ့ သဘောထားရှိသူ ကာရင်ဟာ ခုချိန်မှာတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခက်ထန်မာကြောတဲ့ အကြည့်နဲ့ ဆရာမကို ကြည့်လိုက်ပြီး


 


“သူ သူ့ညီမဘေးမှာ သီချင်းမဆိုရမချင်း ပြန်မှာမဟုတ်ဘူး ”   လို့ လေသံမာမာနဲ့ ပြောလိုက်ပါတယ်..


 


အပြင်းအထန် ငြင်းခုံကြရင်း နောက်ဆုံးတော့ ဆရာမက ခွင့်ပြုလိုက်ရပါတော့တယ်… ဆရာမ၊ ကာရင်နဲ့ မိုက်ကယ်ဟာ မွေးစ ကလေးလေးရဲ့ ဘေးမှာ ရပ်လိုက်ကြ ပါတယ်..  ပြီးတော့မိုက်ကယ်ဟာ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကလေးလေးကို ကြင်နာစွာကြည့်လိုက်ပြီး သုံးနှစ်သားအရွယ်လေး ရှိသေးတဲ့ သူ့ရဲ့ နှလုံးသားထဲက လာတဲ့ အသံချိုချို အေးအေးလေးနဲ့ သီချင်းစဆိုပါတယ်..


 


မင်းဟာ ငါ့ရဲနေရောင်ခြည်လေးပါ………………  ငါရဲ့ တစ်ခုတည်းသောနေရောင်ခြည်လေးပါကွယ်……………  ကောင်းကင် တစ်ခုလုံး ညိုမှောင်နေတဲ့အခါ …………………..   မင်းက ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့…………….    နေရောင်ခြည်လေးပါ.


 


အံ့သြစရာပါ… မွေးစကလေးငယ်လေးရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးတိုးနှုန်းဟာ တစ်ဖြေးဖြေး တည်ငြိမ်လာပြီး ပုံမှန်ဖြစ်လာပါတယ်.. မိုက်ကယ်လေး ကတော့ သီချင်းလေးကို ဆက်ဆိုနေပါတယ်…


 


နင့်ကို ငါဘယ်လောက်ချစ်ရတယ် ဆိုတာ………….. နင်သိမှာမဟုတ်ပါဘူး အချစ်လေးရယ်…. ကျေးဇူးပြုပြီး ………….. ငါ့ရဲ့နေရောင်ခြည်လေးကို …………..အဝေးကို ယူဆောင် မသွားပါနဲ့လားကွယ်………………


 


မွေးစကလေးလေးရဲ့ နှေးကွေးလေးလံနေတဲ့ အသက်ရှုနှုန်းဟာ တစ်ဖြေးဖြေး ပုံမှန်ဖြစ်လာပါပြီ.. မိုက်ကယ်လေးကတော့ သီချင်းဆက်လက် သီဆိုနေဆဲ…


 


တစ်ညတုန်းက………. အိပ်နေရင်း…………….. နင့်ကို ငါ့လက်ပေါ်မှာ ပွေ့ပိုက်ထားရတယ်လို့………..အိပ်မက် မက်ခဲ့တယ်….


 


မိုက်ကယ့်ညီမလေးဟာ ရောဂါတွေ ပျောက်ကင်း သက်သာသွားသလို ပိုပိုပြီး သက်တောင့် သက်သာဖြစ်လာတာကို တွေ့ရပါတယ်.  မိုက်ကယ်ကတော့ သီချင်းလေး ဆက်ဆိုနေဆဲပါ..


 


မိုက်ကယ်လေးရဲ့ အသံလေးကို နားထောင်နေရင်း ဆရာမကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတယ်.. ကာရင်ကတော့ ကြည်နူး ၀မ်းမြောက်ခြင်း များနဲ့ သူမ မျက်နှာက ၀င်းလက်နေပါတယ်…


 


မင်းဟာ ငါ့ရဲနေရောင်ခြည်လေးပါ………………  ငါရဲ့ တစ်ခုတည်းသောနေရောင်ခြည်လေးပါကွယ်……………  ကောင်းကင် တစ်ခုလုံး ညိုမှောင်နေတဲ့အခါ …………………..   မင်းက ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့…………….    နေရောင်ခြည်လေးပါ.


 


စီစဉ်ထားတဲ့ နာရေးအစီအစဉ် ပျက်သွားပါပြီ…  နောက်နေ့... နောက်နေ့တွေမှာ ကလေးလေးဟာ အခြေအနေ ကောင်းမွန်လာပြီး ဆေးရုံက ဆင်းရတဲ့ အဖြစ်ကို ရောက်ရှိလို့သွားပါပြီ… Woman’s Day မဂ္ဂဇင်းက ထိုအဖြစ်အပျက်လေးကို အစ်ကိုတစ်ယောက်ရဲ့ ထူးဆန်း အံ့သြဖွယ် သီချင်းသံ လို့ အမည်တပ်ပြီး မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်.. ဆေးရုံက ၀န်ထမ်းတွေ အားလုံးကလည်း ထူးဆန်းအံ့သြဖွယ် သီချင်းသံလို့ ပြောဆိုကြပါတယ်….  မိုက်ကယ့်အမေ ကာရင်ကတော့ ထိုအဖြစ် လေးကို  ချစ်ခြင်းမေတ္တာရဲ့ ထူးခြား ဆန်းကျယ်တဲ့ လေးနက်မှုလို့ သူမယုံကြည်ပါတယ်…


 


.......................................................................................................................................................................


စာဖတ်သူတို့ကရော ဒီအဖြစ်အပျက်လေးကို ဘယ်လိုများ မြင်ပါသလဲရှင်..ကျွန်မကတော့ ကာရင် ပြောသလိုပါဘဲ ကလေးလေး တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ကြောင့်မို့ သူ့ညီမလေးရဲ့ အသက်ကို ကယ်လိုက်နိုင်တယ်လို့ ယုံကြည်ပါတယ်.. .. ကိုယ်ချစ်တဲ့ သူတွေအတွက် ဘယ်တော့မှ လွယ်လွယ်နဲ့ လက်မလျှော့ လိုက်ကြ ပါနဲ့နော်.. တစ်ခါတစ်လေမှာ မေတ္တာရဲ့ စွမ်းအားဟာ ထူးခြား လေးနက်လှပြီး အံ့သြဖို့ ကောင်းလွန်းလှ ပါတယ်... ဇာတ်လမ်းလေးကို ဖတ်ပြီး ကြည်နူး ၀မ်းမြောက်မိတဲ့ စိတ်ကြောင့် စာဖတ်သူများကို  ပြန်လည်ဝေမျှပါတယ်ရှင်....


 


 


Author unknown   ရဲ့  Keep on Singing ကို ဘာသာပြန် မျှဝေပါတယ်ရှင်..


 


 


ချော (အစိမ်းရောင်လွင်ပြင်)