Sunday, May 23, 2010

စပျစ်ပင်တို့ရဲ့ ခွန်အားများ





picture from Here


ဒီတစ်ခေါက်ပြောပြမဲ့ ပုံပြင်လေးက “စပျစ်ပင်တွေ” အကြောင်း ဖြစ်ပါတယ်.. ဒီပုံပြင်လေးကို နှစ်သက်မိတာ ကလည်း ပုံပြင်လေးက ပေးချင်တဲ့ Message လေးတွေကို သဘောကျမိတာကြောင့်ပါဘဲ.. ဒါကြောင့်လဲ စာဖတ်သူများကို ပြန်လည် မျှဝေခံစားစေချင်လို့ ဒီနေရာက ပြန်ပြောပြပါမယ်.. နားထောင်ကြည့်ပါနော်.. ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက စပျစ်ပင်တစ်ပင်ရဲ့ ပင်စည်ခပ်သေးသေးလေးတစ်ခု ရှိပါတယ်.. ပင်စည်ငယ်ကလေးဟာ လောကကြီးထဲမှာ အသက်ရှင်သန်ခွင့်ရတဲ့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရှာပါတယ်.. သူဟာ မြေဆီလွှာတွေ ဆီကရတဲ့ ရေကိုသောက်သုံးပြီး အပင်အတွက် လိုအပ်တဲ့ အဟာရဓာတ်တို့ကို မြေလွှာဆီကနေဘဲ စုတ်ယူမှီဝဲကာ တစ်ဖြေးဖြေး ကြီးထွားလာပါတယ်.. သူ့ကိုယ်သူလဲ အင်အားရှိလာပြီ၊ သန်မာထွားကြိုင်းလာပြီ ၊ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်စွမ်းပြီလို့ ထင်ကာ ပျော်ရွှင် ဂုဏ်ယူနေပါတယ်..

ဒါပေမဲ့ မကြာခင်မှာဘဲ လေပြင်းမုန်တိုင်းက ကြမ်းရိုင်းစွာ တိုက်ခတ်လာပါတယ်.. လေကြမ်းနဲ့အတူ ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေက သူ့ပင်စည်နေရာအနှံ့ကို ရက်ရက်စက်စက် ထိုးနှက်ပါတော့တယ်.. လေရောမိုးပါ ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်တဲ့ဒဏ်ကြောင့် စပျစ်ပင်စည်လေးဟာ အင်အားချည့်နှဲ့လာပြီး မြေပြင်ပေါ် ပုံရက်သား လဲကျကာ ပြန်လည် ထူထောင်ဖို့ ခွန်အားတောင် သူ့မှာ မရှိတော့အောင် ဖြစ်ရပါတော့တယ်..

မိုးရာသီ ကုန်ဆုံးပြန်တော့ အလွန်အေးစက်ပြင်းထန်တဲ့ ဆောင်းရာသီရောက်လို့ လာပြန်ပါတယ်.. နှင်းတွေက ပက်ပက်စက်စက် အေးလွန်းတော့ စပျစ်ပင်စည်လေးဟာ မြေပြင်ပေါ်မှာဘဲ ၀ပ်စင်းနေရတော့တာပါဘဲ… သူ့မှာ ဆက်လက်ရှင်သန်ဖို့လည်း မောပန်းနွမ်းနယ်လွန်းနေပါပြီ.. သူ့ကိုယ်သူ သိတာက သူမကြာခင်မှာ သေဆုံးတော့မယ်ဆိုတာပါဘဲ.. အပင်တစ်ပင် ကြီးပြင်း အရွယ်ရောက်ဖို့ဆိုတာ အချိန်ကာလ ကြာကြာ လိုအပ်ပေမဲ့ ပြိုလဲဖို့၊ ညိုးနွမ်းသွားဖို့၊ သေဆုံးသွားဖို့ကျတော့ အင်မတန်မှ လွယ်ကူပါတယ်.. အချိန် ကာလလည်း များများ မလိုအပ်ပါဘူး.. အကြောင်းကြောင်းတွေကြောင့် သေဆုံးချည့်နှဲ့သွားနိုင်ပါတယ်..

စပျစ်ပင်စည်ငယ်ကလေးဟာ အားနည်းဖျော့တော့စွာ မြေပြင်ပေါ် ခွေခေါက်နေတဲ့အချိန်မှာ သူ့နားထဲမှာ “ဟေ့ ကောင်လေး ထထ.. ငါ့ကိုမှီထားလိုက် ”  ဆိုတဲ့ အသံလေးတစ်ခု ကြားလိုက်ပါတယ်..  အသံရှင်ကို သူလိုက်ရှာတဲ့အခါ သူ့အနီးနားက ရှင်သန်ရင့်မာ ထွားကြိုင်းနေတဲ့ စပျစ်ပင်စည် ခပ်ကြီးကြီးကို တွေ့လိုက်ရပါတယ်..  ပင်စည်ငယ်ကလေးက သတိကြီးကြီးထားပြီး တွန့်ဆုတ်ဆုတ်နဲ့ ပင်စည်ကြီးနားကို တိုးကပ်သွားးလိုက်ပြီးတော့ “ခင်ဗျားက ဘာသဘောနဲ့ ကျွန်တော့်ကို မှီခိုင်းတာလဲ ”လို့  ပြန်မေးလိုက်တော့ စပျစ်ပင်စည်ကြီးက “မင်းကို ငါကူညီမလို့ပါကွ.. လေပြင်းမုန်တိုင်းတွေ၊ နှင်းမိုးစက်တွေကြောင့် မင်းတစ်ပင်တည်းဆိုရင် ရှင်သန်ရပ်တည်ဖို့ မလွယ်ဘူး.. ဒါကြောင့်လဲ မင်းခေါင်းကို ငါ့ရဲ့ ပင်စည်ပေါ် မှီထားခိုင်းတာ.. တွေ့လား အခုလို ငါ့ကိုမှီထားမယ်ဆိုရင် ဘယ်သဘာဝတရားရဲ့ ဒဏ်ကိုမှ တော်ရုံနဲ့ မင်း မှုစရာမလိုတော့ဘူးပေါ့” လို့ ပြန်ပြောပါတယ်..

စပျစ်ပင်စည်ငယ်ကလေးဟာ ပင်စည်ကြီးရဲ့ စကားကိုကြားလိုက်ရတော့ ယုံယုံကြည်ကြည် အားကိုးတကြီးနဲ့ ခေါင်းကလေးကို ထောင်မတ်ပြီး ပင်စည်ကြီးကို မှီထားလိုက်ပါတော့တယ်.. သူကြည့်လိုက်တော့ ကျန်တဲ့ အင်အားကြီးတဲ့ စပျစ်ပင်စည်ကြီးတွေပေါ်ကို သူ့လို ငယ်ရွယ်ပြီး ခွန်အားနည်းနေတဲ့ ပင်စည်ငယ် ကလေးတွေက မှီခိုတွယ်ယှက်လို့ နေတာကို တွေ့လိုက်ရပါတယ်..  ဒီလိုနဲ့ မိုးသက်လေပြင်းရော နှင်းရိုင်းမုန်တိုင်းပါ အကြိမ်ကြိမ်အခါခါ တိုက်ခတ်ပေမဲ့ အချင်းချင်း ဆက်နွယ်ပြီး ရစ်ပတ်တွယ်ယှက်ထားတဲ့ စပျစ်နွယ်တွေကို မိုးရော၊ မုန်တိုင်းရော၊ နှင်းစက်ပွင့်တွေပါ ထိခိုက်အောင်၊ ပြိုလဲအောင် မလုပ်နိုင်ကြတော့ပါဘူး.. ပင်စည်အချင်းချင်း စုစုစည်းစည်း ညီညီညွှတ်ညွှတ် ပေါင်းစည်းထားတဲ့အတွက်ကြောင့် သဘာဝရဲ့ ရိုက်ခတ်ဖျက်ဆီးမှုအားကို ကြံ့ကြံ့ခိုင်နိုင်ကြပါပြီ။ သူတို့ အချင်းချင်းလဲ စုပေါင်းညီညွှတ်ခြင်းရဲ့ အင်အားအကြောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကြပြီး လောကဓံရဲ့ထိုးနှက်ချက်တို့ကို  ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နဲ့ အံတုခံနိုင်ကြပြီ ဖြစ်ပါတယ်…

ဒီလိုနဲ့ စပျင်ပင်စည်ငယ်ကလေးဟာလည်း စပျစ်နွယ်တို့ရဲ့ စည်းလုံးညီညွှတ်ခြင်း အင်အားနဲ့ သဘာဝအတိုက်အခိုက်တို့ကို ကြံ့ကြံ့ခံရင်း တစ်ဖြေးဖြေး ကြီးထွားစည်ပင်လာပါတယ်.. တစ်နေ့တော့ သူရဲ့ ပင်ခြေအောက်က မြေပြင်ကို ငုံ့ကြည့်လိုက်ချိန်မှာ ဟိုးတစ်ချိန်က သူ့လိုမျိုးပါဘဲ ခပ်ငယ်ငယ် အင်အားချည့်နဲ့နဲ့ စပျစ်နွယ် ပင်စည်ငယ်ကလေးတစ်ခုဟာ မြေမြင်ပေါ်မှာ ဦးခေါင်းညွှတ်ကျပြီး လှဲလျောင်းနေတာကို တွေ့လိုက်ပါတယ်.. ဒီတော့ အရွယ်ရောက် ကြီးပြင်းနေပြီဖြစ်တဲ့ စပျစ်ပင်စည်က ပင်စည်ငယ်ကလေးကို “ငါ့ကို မှီတွယ်လိုက်ပါ.. ငါမင်းကို ကူညီပါ့မယ်” လို့ ပြောလိုက်ပါတယ်.. သူရဲ့စကားကို ကြားတဲ့ ပင်စည်ငယ် ကလေးဟာလည်း အားရ၀မ်းသာနဲ့ သူ့ကို အားကိုးတကြီးနဲ့ တွယ်မှီလိုက်ပါတယ်.. ဒီလို တစ်ဦးကို တစ်ဦး ဖေးမကူညီကြရင်း အင်အားကြီးသူများက အင်အားနည်းသူတို့ကို ရိုင်းပင်းကြရင်းနဲ့ပဲ အချိန်များမကြာမှီမှာ သူတို့တွေအားလုံး စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိကြတာကြောင့် စပျစ်ပင်တွေဟာ အရွက်တွေ စိမ်းစို လန်းဆန်းလာတယ်.. အဖူးတွေ ဖူးညွှတ်ဝေဆာလာတယ်.. အပွင့်တွေ ပွင့်ဝေလန်းဖြာလာကြတယ်.. နောက်ဆုံးတော့ စားချင့်စဖွယ် ချိုမြိန်အရသာရှိလှတဲ့ စပျစ်သီးတွေ ခူးလို့မကုန်နိုင်အောင်   သီးပွင့်ဝေဆာလာပြီး လောကကို အလှဆင်၊ အကျိုးပြုကြပါတော့တယ်..


ပုံပြင်လေးက ဒီမှာ ပြီးဆုံးပါပြီရှင်….

-------------------------------------------------------------------------------------------------------------

ပုံပြင်လေးကိုဖတ်ပြီး တွေးမိတာက ကျွန်မတို့ ကျင်လည်နေကြတဲ့ လက်တွေ လူ့လောကမှာလည်း တစ်ဦးနဲ့တစ်ဦး ရန်စောင် တိုက်ခိုက်နေကြမဲ့အစား၊ တစ်ဦးရဲ့အမှားကို တစ်ဦးက ကဲ့ရဲ့ပြစ်တင် ပြောဆို နေကြမဲ့အစား၊ အားနည်းတဲ့သူတွေကို နိမ့်ချမဲ့အစား၊ ကိုယ်တစ်ဦးတည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး လူမှုအသိုင်းအ၀ိုင်း ရဲ့အပြင်ဘက်မှာ အထီးကျန်အားနည်းစွာ နေထိုင်သွားမဲ့အစား “စပျစ်ပင်” တို့ကို နမူနာယူကာ အင်အားကြီးသူက အင်အားနည်းသူကို ဖေးမကူညီသင့်ပါတယ်...  တစ်ဦးနဲ့ တစ်ဦး စေတနာ ထားကြရင်း လောကရဲ့ သဘာဝ ဘေးဒဏ်တို့ကို ကြံ့ကြံ့ခံကာ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့များ နေသွားပြီး လောကကို တတ်နိုင်သလောက် အလှဆင်ကြမယ်ဆိုရင် သာယာ လှပတဲ့ လောက လူ့ဘောင်၊ နေချင်စရာကောင်းတဲ့ ပျော်ရွှင်ဖွယ် ကမ္ဘာမြေကြီး ဖြစ်လာမယ် ထင်ပါတယ်နော်..


The Little Grape Stem ( Author Unknown) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန် ဝေမျှပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)

33 comments:

ဟန်ကျတာပဲ....ဝိုင်ချက်လိုက်ဦးမယ်

အင်း...ငါ့အစ်မ ပေးတဲ့အသိတွေက အတုယူထိုက်စရာ ကောင်းမွန်တဲ့ အသိတွေချည်းပါပဲ...ဒါပေမယ့် တစ်ချို့တစ်ချို့တွေကတော့ တစ်ဦးနဲ့တစ်ဦး ရန်စောင် တိုက်ခိုက်နေကြ၊ တစ်ဦးရဲ့အမှားကို တစ်ဦးက ကဲ့ရဲ့ပြစ်တင် ပြောဆို နေကြ တာတွေကိုပဲ တွေ့နေရတော့... :(((

ညီမလေး

အရမ်းကောင်းပါတယ်

မချောရေ.......

ကျွန်တော်တို့ လူတွေအချင်းချင်းကြားမှာလည်း......ရှိသင့်တယ်နော်.......။
ဒါပေမယ့် ကိုယ်က စိတ်ရင်းနဲ့ ကူချင်လို့ လက်ကမ်းတာတောင်မှ တချို့က “မင်းဆရာလာလုပ်စရာ မလိုပါဘူးကွာ”........ ဆိုပြီး ကမ်းတဲ့လက်ကို ပုတ်ချတတ်သေးတယ်လေဗျနော့်........း))
ဒီစာလေးဖတ်ရတာ ကောင်းတယ်............။

ခင်မင်တဲ့
ဏီလင်းညို

ခံစားလို့ရပါတယ်..ဆရာမရယ်...ကျွန်တော်လည်း..တစ်ချိန်က.အဲလိုမျိုး..အင်အားချည့်နဲ့ဘူးပါတယ်....

ချော ရဲ့ စပြစ်ပင် က အသီးတွေ လာခူးစားမယ် ..ဟား..ဟား
စပြစ် ဆိုတာ နဲ့ အသီးလေး ကို တန်းမြင်တော့တဲ့

ရွှေစင်ဦး

စပျစ်ပင်လေးတွေ အတွက်ကတော့ ကောင်းတယ်ဗျာ။
ဒါကို ပင်ချင်းယှက်လို့ နွယ်ချင်းထပ်တယ် လို့ ခေါ်တယ်။
ဒါပေမဲ့ အပင်တိုင်း အတွက်တော့ မကောင်းဘူးဗျ။
ဘာလို့လဲ ဆိုတော့ “ လောင်းရိပ် ” ဆိုတာကြောင့်ပါပဲ။
တကယ်တော့ ကြီးကြီးကျယ်ကျယ် အောင်မြင်သူတွေ အားလုံးကတော့ သူများတွေ
တားမြစ်နေတဲ့ လောင်းရိပ်တွေကို ဖောက်ထွက် ခဲ့တဲ့ သူတွေချည်းပါပဲ။
အင်အားကြီးသူနဲ့ အင်အားနည်းသူ ဆိုပြီး အခေါ်အဝေါ်မှာတော့. . .ဗုဒ္ဓမြတ်စွာ ဘုရားကို သတိရမိတယ်။
ဘုရားမဖြစ်ခင်မှာ အင်အားကြီးပါတယ် ဆိုတဲ့ မာရ်နတ်က က တိုက်ခိုက်ခဲ့တယ်။
ဒါပေမဲ့ ဘုရားကသာ ဗုဒ္ဓဘာသာ ဆိုတဲ့ တရားတော်ကို သူတို့ အလိုအရ အရည်ကြီးသာသာ
ဆာဒူးတွေ လို အယူဝါဒကနေ ဖောက်ထွက်ခဲ့တာပေါ့။ တကယ်လို့ ဆာဒူးတွေလို အယူကနေ
မဖောက်ထွက်ခဲ့ပဲနဲ့ စပျစ်ပင်လေးလို အရိပ်ကို ခိုနေခဲ့မယ် ဆိုရင် ဗုဒ္ဓဘာသာ ဆိုတာ ဖြစ်မလာနိုင်တော့ဘူး။
( ကျနော် အမြင်လေးပါပဲ။ ကိုယ့်ဖာသာ ကြိုက်နှစ်သက်သလို တူရာတူရာတွေနဲ့ စပျစ်ပင်လို လောင်းရိပ်ကျခွင့်ရှိပါတယ်။ :P )






--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

လာဖတ်သွားပါတယ် အမ...
အားနည်းသူကိုဖေးမတွဲကူလို့  သာယာသော စိမ်းလန်းသော လောကကြီးကိုတည်ဆောက်ရမှာပေါ့ဗျာ

မကြီးချောရေ...
ညီမblog လုပ်ခါစကလေ..စာလာဖတ်မဲ့သူတွေမရှိလို့
အားငယ်နေတုန်း..မကြီးချောတို့လာလည်ကြတယ်လေ..ညီမစီကိုပေါ့
မကြီးချောတို့တွေကကညီမကိုလက်တွဲခေါ်ခဲ့ကြတာပါ..
ကျေးဇူးတင်ပါတယ်..မကြီးချောရေ..

အပေး အယူ ၊ တွဲထူ ချီချ ...အပြန်အလှန် သဘောသဘာဝ လေး မို့
စ ပျစ် ပင် ငယ် လေး များ ကြီး ထွား ရှင် သန် ၊ လေ မိုး ဒဏ်
အ တူ တူ ကာ ကွယ် ရင်း၊ အ သီး အပွင့် ဝေ ဝေ ဆာ ဆာ ဖြင့်
ဤ ကမ္ဘာ မြေ စိမ်း လန်း စို ပြေ ပါ စေ သား။

ဖက်သွားပါတယ် လောကကြီးမှာ စပြစ်ပင်လေးလို နေထိုင်အကျိုးပြုနိုင်ရင်တော်ပါပြီ...........

ဘယ်အရာ ဘယ်ဋ္ဌာနမှာဘဲ ဖြစ်ဖြစ် စည်းလုံးခြင်းဟာ အင်အားတစ်ခုဆိုတာ အသိပေးတဲ့ ပို့စ်လေးတစ်ပုဒ်ပါဘဲ။ အချင်းချင်းကွဲပြဲနေကြမဲ့အစား အချင်းချင်းဖေးမကူညီနေထိုင်ကြမယ်ဆိုရင် အရာအားလုံးကို အောင်မြင်ကျော်လွှားနိုင်မှာ သေချာပါတယ်။

အရမ်းကောင်းတဲ့ပို့စ်လေးပါဘဲ မမချောရေ....

မချောရေ...
အသိလေးယူသွားတယ်ဗျာ
ဝိုင်လည်းချက်သောက်ချင်တယ်း)

လူတွေအားလုံး တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုပြီးနေသွားကြရင်တော့ ကောင်းဆုံးပေါ့ဗျာ ဒါပေမဲ့ လူတွေဆိုတဲ့လူတွေက သူတို့ကိုယ်တိုင်လုပ်ယူထားကြထားတဲ့အတ္တတွေနဲ့ ခွဲခြားထားကြတော့ သစ်ပင်အတွက် လွယ်ပေမဲ့ လူတွေအတွက် ခက်ခဲမယ်ထင်ပါတယ်ဗျာ..
လေးစားလျက်...........

တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ကူညီတာ မင်္ဂလာတစ်ပါးပါ.. :)
ဒါပေမယ့် သူတစ်ပါး အမှီနဲ့မှ ရှင်သန်ရမယ့် နွယ်ပင်လို ဘဝမျိုးတော့ မဖြစ်ချင်ဘူး.. :D

ကောင်းလိုက်တာ မမချောရာ..
မှန်တယ်နော်..လက်တွဲခေါ်တယ်လို့ ဆိုရမယ်..။
တစ်ယောက်ကိုတစ်ယောက် ဝိုင်းဝန်းကူညီကြမယ် ဆိုရင်
ဘယ်လို အခက်အခဲမဆို အောင်မြင်နိုင်တာပေါ့နော် မမချော....

ကြားဘူးတဲ့  သီချင်းထဲက လိုပါပဲ။
တင်တင်မြ ဆို ထားတာပါ။
“တပင်ကို တပင်ရှက် ... နွယ် ခက် သည့် ပမါ..” ဆို သလို ပေါ့ ဗျာ။
လေမိုးဒဏ် ကို ကြံ့ ကြံ့  ခံ သွား နိုင်တဲ့  ပမာ လေ ။
ညီ ကြ မယ် ဆိုရင် ပြောပါတယ်။
ကျွန်တော် ပထမ ဆုံး ထင်တယ်၊ အောက်နေ ရေ ရင်..။
နောက်ကျ

စပျင်ပင်ငယ်လေးတွေကနေ စပျင်ပင်လတ် ပင်အို............
ဒီလိုပါဘဲလား ချောရေ ဖတ်သွားမှတ်သွားပါတယ်

ခင်တဲ့
seesein

စပျစ်ပုံပြင်လေးကို နားထောင်ရင်းနဲ့ အသိလေးတခုယူသွားပါတယ် မချောရေ....

ဘုရားတောင်အမှီရှိမှ ပွင့်ရတာလေ... စပျစ်ပင်လေးတွေလည်း အမှီရှိတော့ရှင်သန်နိုင်တာပေါ့။ ရှင်သန်ကြီးထွားလာပီဆိုရင်လည်း သူကတဆင့် လက်ဆင့်ကမ်းပီး အားနည်းတဲ့အပင်လေးတွေက မှီခိုနိုင်တဲ့အပင်ဖြစ်လာမှာလေ။ ဒီလိုပဲလူ့ဘ၀မှာလည်းအမှီမရှိပဲ ရှင်သန်နိုင်တယ်ဆိုတာ ရှိမယ်မထင်ဘူး။ တဦးဦးကို တစ်စုံတရာကိုတခုခုကိုတော့ သိလို့ပဲဖြစ်ဖြစ် မသိလိုက်တာပဲဖြစ်ဖြစ် မှီခိုရှင်သန်ကြရတာပဲလေ။ ဒီစာထဲကလို သူများကိုမှီခိုပီး လောင်းရိပ်မိနေတာမဟုတ်ပဲ ကိုယ်လည်းရှင်သန်ကြီးထွား၊ နောက်သူများကိုလည်း လက်ဆင့်ကမ်းခေါ်ဆောင်နိုင်တဲ့ စပျစ်ပင်လေးတွေကို လူတွေလိုနှိုင်းယှဉ်ပီး လေးစားပါတယ်။ အသိတရားလည်း ရပါတယ်ယူတတ်ရင်ပေါ့။ မယူတတ်ရင်တော့လည်းမရဘူးပေါ့။ ကျေးဇူးတင်ပါတယ် အသိတခုတိုးပါတယ်

ဟုတ်တယ်အစ်မရေ...ဝါးတွေတောင်အစည်းပြေရင်ချိုးရလွယ်သေးတာပဲ စည်းလုံးညီညွှတ်ကြတာကောင်းပါတယ်။ ခင်တဲ့(ချိုကျ)

ချောရေး.. စပျစ်အကြောင်းကိုဖတ်ရလို့ ဒီလိုနားလည်ခဲ့မိတယ်။ စပျစ်ပင်တွေရဲ့ ကျင့်ဆောင်ပုံတွေဟာ အဆွေခင်ပွန်းကောင်းကျင့်ဝတ်စိတ်ထားနဲ့တူသလိုပဲ။ စပျစ်ပင်တွေဟာ တစ်နဲ့တစ်ပင် မှီခိုဖေးမလို့ မိတ်ဆွေကောင်းတွေမှာလည်း ဒုက္ခဆင်းရဲရောက်နေသူကို ရိုးသားဖြူစင်သနားကြင်နာတဲ့ စိတ်ထားနဲ့ ဖေးမကူညီတတ်တယ်။အဲဒါကြောင့် လောကမှာ စပျစ်ပင်လို မိတ်ဆွေကောင်းရှိရင် အကျိုးအားလုံးပြီးစီးနိုင်တယ်လို့ ဘုရားရှင်ဟောကြားတော်မူခဲ့တယ်မလားချောရဲ့..။

ချော-ကျေးဇူးတင်ပါတယ်ဗျာ-အသိပညာဗဟုသုတအလွန်တရာမှရရှိစေသောပို့ စ်လေးဖြစ်လို့ ပါ-
တခါတခါချော ဆိုက်ကလေးက ဖွင့်လို့ မရတတ်ဘူးဖြစ်နေတယ်ဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး

စပျစ်ပုံပြင်လေးကိုလာနားထောင်..အဲလေ
လာဖတ်သွားပါတယ် မချောရေ.....
ပျော်ရွှင်ပါစေ....

အသိတရားလေးကိုဖတ်သွားတယ်မချောရေ..။လောကကြီးကလူတွေလည်းတဦးနဲ့တဦးအဲလိုမျိုး
နားလည်မှုတွေနဲ့သာရှင်သန်နေထိုင်မယ်ဆိုရင်သာယာလှပတဲ့ကမ္ဘာကြီးဖြစ်မှာပါ။

ခင်တဲ့
သဒ္ဓါ

အရမ်းကောင်းတဲ့ ပိုစ်လေးပါပဲ ချောရယ်..
အားနည်းချိန် တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ကူညီတတ်တဲ့ စိတ်လေးကို မွေးရမှာပေါ့နော်..
အမြဲတမ်းချည်း သူများကို မှီခိုနေမယ့် နွယ်တွေကိုတော့ သဘောမကျတတ်ပေမယ့် (ကိုယ်က အဲလို မှီခိုသူ နွယ် မဖြစ်ချင်ပေမယ့်) သူများမှီနိုင်အောင် အားရှိဖို့အထိတော့ ကြိုးစားချင်တယ်။

အရမ်းကောင်းတာပဲ..
အမြဲလာဖတ်ဖြစ်တယ်။
အကြိုက်ဆုံးထဲက..စာရေးသူတယောက်ပါပဲ။

very nice, visted yr website thanks for read

I felt something after that. Thanks ur post .....

ဟိုနေ့ထဲက လာဖတ်ပြီးသွားပြီ...။ ကွန်မန့်တစ်ချို့ကို စိတ်ဝင်စားမိလို့
မမန့်ဘဲ စောင့်နေကြည့်တာ။ အမပေးချင်တဲ့ သဘောကို လူတော်တော်များများ
ရလိုက်ပါတယ်။ ရေးတဲ့စာမှာ စေတနာ ပါတာကြောင့်ပါပဲ။
အားပေးပါတယ်။ အပြုသဘောဆောင်တဲ့ ပို့စ်လေးတွေ ထပ်ရေးပါအုံး။

အမရဲ့ စေတနာအတိုင်း ကျွန်တော် စပျစ်ပင်လေးလိုမျိုး ဖြစ်အောင်ကြိုးစားကြည့်ပါ့မယ်----

အရမ်းကောင်းပါတယ်...

စပျစ်သီးလေး လာမြုံ့သွားပါတယ်။
ချဉ်ပြုံးပြုံးလေးပါလား။