မမေ့အပ်သော


အာဇာနည်ခေါင်းဆောင်ကြီးများ




ရွှေတိဂုံဘုရားသွားဖို့ ပန်းတွေ တစ်ပွေ့တစ်ပိုက် ၀ယ်ယူပြီး တက္ကစီတစ်စီးစီးကို ငှားရန် လမ်းဘေးတွင် ရပ်စောင့်နေသော သူမအနားသို့ တက္ကစီတစ်စီး ထိုးဆိုက်လာသည်..“ ဘယ်သွားမလို့လဲ ” ဟု လှမ်းမေးသော ကားဆရာ စကားအဆုံးတွင် ကားနောက်ခန်းထဲသို့ သူမ ငုံ့ကြည့်မိတော့ အထဲတွင် အသက် ၇၀ကျော်အရွယ် အဖိုးအိုတစ်ဦးနှင့် ၁၀နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးတို့ ရှိနေသည်။ ရွှေတိဂုံဘုရားကို သွားမလို့ ဟုပြောလိုက်ရင်း ကားထဲတွင် အခြားသူများ ရှိနေနှင့်သည့်အတွက် ထိုကားကို သူမ မငှားချင်ပါ။ သို့သော် ချောင်ကျလွန်းလှသော သူမတို့၏ ရပ်ကွက်လမ်းသွယ်က တက္ကစီ တစ်စီးလာဖို့ အတော် ခက်ခဲမှန်းကိုလည်း သိနေသဖြင့် တွေဝေသွားမိသည်။ ဒီမှာတင် ကားဆရာက “ဟာ အတော်ဘဲဗျ.. ဒီက အဖိုးတို့ကလည်း ဘုရားသွားမှာဘဲ… တစ်လမ်းထဲ ဖြစ်နေတော့ တစ်ခါတည်း သွားလိုက်ရုံဘဲလေ.. ကားခ ၂၀၀၀ ဘဲပေးပါ” ဟူ၍ ပြောလိုက်သောကြောင့် သူမ လွတ်နေသော ကားရှေ့ခန်းထဲသို့ ၀င်ထိုင်လိုက်သည်။




မိုးခပ်ဖွဲဖွဲ ရွာနေသောကြောင့် ကားဆရာက ကားကို ခပ်မှန်မှန်လေး မောင်းနေသည်။ ဒီမှာတင် ကားနောက်ခန်းမှ ကလေးငယ်နှင့် အမျိုးသားကြီးတို့၏ အချီအချ စကားပြောသံက သူမနားသို့ ၀င်ရောက်လာသည်။ “ဖိုးဖိုး သားတို့ ဘုရားသွားပြီးရင် အရင်နှစ်တွေတုန်းကလိုဘဲ အလေးသွားပြုမှာ မဟုတ်လား . ”





“ဟုတ်တယ်လေ မြေးရဲ့..… ငါ့မြေးငယ်ငယ်ကတည်းက အာဇာနည်နေ့ရောက်တိုင်း ဘုရားသွားတယ်. ပြီးတော့ အာဇာနည်ခေါင်းဆောင်တွေကို အလေးသွားပြုတယ်.. ဒီနေ့လဲ ခါတိုင်းလိုဘဲပေါ့.. ဘုရားပေါ်က ဆင်းတာနဲ့ အာဇာနည်ကုန်းကို ခပ်လှမ်းလှမ်းကနေ အလေးပြုကြမယ်လေ… အာဇာနည်နေ့ ဘာကြောင့် ဖြစ်လာတယ်ဆိုတာ မြေးကိုဖိုးဖိုး အမြဲတမ်း ပြောပြခဲ့တယ် .. မြေးမှတ်မိတယ် မဟုတ်လား..”





“ဟုတ်ကဲ့ဖိုးဖိုး.. သားသိပါတယ်.. ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံခေါင်းဆောင်တွေ သေနတ်နဲ့ ပစ်ခံရလို့ ကျဆုံးသွားလို့ အာဇာနည်နေ့ဖြစ်လာတာပါ ….ဖိုးဖိုး ပြောပြတာကို သားမှတ်မိပါတယ်ဖိုးဖိုးရဲ့.. ဒါနဲ့ဖိုးဖိုး အာဇာနည်နေ့ရောက်တိုင်း သားတို့ကျောင်းတွေပိတ်တယ်နော်... ”





“ဟုတ်တယ်မြေးရေ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့မို့လို့.. ၀မ်းနည်းတဲ့သဘောနဲ့ နှစ်တိုင်း ဒီနေ့လို ဇူလိုင်လ ၁၉ရက်ရောက်တိုင်း ကျောင်းတွေ၊ ရုံးတွေ၊ အားလုံးပိတ်ကြတာပေါ့.. ”





“ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့နေ့ရောက်လို့ ကျောင်းပိတ်တာပေါ့နော်.. ဒီလိုဆို ဟိုးရက်တုန်းက သားတို့အိမ်ဘေးက ဖိုးသားတို့အဖေ ကားတိုက်ပြီး သေသွားတာ.. နောက်နှစ်ဆို အဲဒီရက်ရောက်ရင် ကျောင်းပိတ်မှာလား ဖိုးဖိုး .. ပြီးတော့ သူ့ကို မြုပ်ထားတဲ့နေရာမှာ သားတို့ အလေးသွားပြုကြဦးမှာလားဟင်.”





အဲ.. စပြီ… ကလေးငယ်နဲ့ သူ့အဖိုး စကားတွေကို ကြားနေရသော ကျွန်မ မျက်လုံး တစ်ချက် ၀ိုင်းခနဲဖြစ်ကာ စိတ်ဝင်တစား ဖြစ်သွားရတော့သည်။ ကလေးရဲ့ အဖိုးဖြစ်သူ ဘယ်လိုများ အဖြေပေးမှာပါလိမ့်. ကျွန်မ ဆက်ပြီး နားစွင့်ကြည့်မိတော့



“မြေးလေး နားလည်အောင် ဖိုးဖိုး ရှင်းပြရရင် ဖိုးသားတို့အဖေက နိုင်ငံအတွက်၊ လူမျိုးအတွက် ထူးထူးခြားခြား ကောင်းမွန်အောင် ဘာမှ လုပ်ခဲ့တဲ့သူ မဟုတ်ဘူးလေ.. သူအသက်ရှင်နေတဲ့ အချိန်မှာ သူ့မိသားစုအတွက် သူကောင်းအောင်လုပ်ချင်လုပ်ခဲ့မယ်.. ဒါပေမဲ့ လူအများအတွက် ကိုယ့်အကျိုးကို စွန့်လွတ်ပြီး စွမ်းစွမ်းတမံ လုပ်ခဲ့တဲ့သူတစ်ယောက် မဟုတ်ဘူး… တိုင်းပြည်အတွက် ဘာမှ ပေးဆပ်ခဲ့တဲ့သူလည်း မဟုတ်ဘူး... ဖိုးဖိုးတို့လို ပြည်သူပြည်သားတွေက လေးစားကြည်ညိုရတဲ့သူ မဟုတ်ဘူးလေ.. ဒီတော့ သူသေတဲ့နေ့က ရိုးရိုးလူတွေသေတဲ့နေ့လိုဘဲ.. ဘာမှ မထူးဆန်းပါ.. လူတွေက အချိန်တန်ရင် မေ့သွားကြလိမ့်မယ်.. သူသေတဲ့နေ့ကိုလည်း သူ့မိသားစုလောက်ကလွဲလို့ ဘယ်သူကမှ သတိရကြမှာမဟုတ်ဘူး.. ဒါကြောင့် ဖိုးသားတို့အဖေ သေတဲ့နေ့ရောက်ရင် ကျောင်းတွေပိတ်မှာမဟုတ်သလို အာဇာနည်နေ့လို အလေးသွားပြုကြမှာလည်း မဟုတ်ဘူး.. ”





အဖိုးဖြစ်သူရဲ့ အဖြေစကားကို ကျွန်မ သဘောကျသွားမိသည်။ ကလေးနားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းလေး ရှင်းပြသွားနိုင်သည်။ သို့သော် ကလေးထံမှ ဆက်ပြီး အမေးစကားထွက်လာပြန်သည်။





“ဒီလိုဆိုရင် ဘယ်သူနဲ့မှ မတူတဲ့သူတွေ သေတဲ့နေ့မို့လို့ အာဇာနည်နေ့လို့ခေါ်ပြီး အလေးပြုကြတာ၊ ကျောင်းတွေပိတ်ရတာပေါ့နော်.. အာဇာနည်ဆိုတာ သူများတွေနဲ့ မတူဘူးပေါ့နော် ဖိုးဖိုး  ”





“ဟုတ်တာပေါ့ မြေးရယ်.. သူတို့က သာမာန်လူတွေ မလုပ်နိုင်တာ မစွန့်လွှတ်နိုင်တာကို စွန့်လွှတ်ပြီး လုပ်နိုင်ခဲ့ကြတယ်.. လောကကြီးမှာ လူအများရဲ့ ချစ်ခင်လေးစားမှု၊ ရိုသေအားထားမှုကို ရဖို့ဆိုတာ မလွယ်လှဘူး…  ဗိုလ်ချုပ်အောင်ဆန်းကိုကျတော့ တစ်နိုင်ငံလုံးက ချစ်ကြတယ်… ရိုသေ လေးစားကြတယ်.. ဘာလို့လဲဆိုတော့ သူက ဖိုးဖိုးတို့နိုင်ငံကြီးကို အင်္ဂလိပ်လက်ထဲက ရအောင် ကယ်ခဲ့တယ်လေ.. အဲဒါကို လွတ်လပ်ရေးရတယ်လို့ခေါ်တယ်.. လွတ်လပ်ရေးသာ မရခဲ့ရင် ဖိုးဖိုးတို့နိုင်ငံဟာ တစ်ခြားလူမျိုးတွေက အုပ်ချုပ်တာကို ခံနေရဦးမှာ.. ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးက အုပ်ချုပ်ခွင့်မရတာလောက် ကံဆိုးတာ ဘယ်ရှိတော့မလဲ ငါ့မြေးရယ်.. ဒီတော့ အဖိုးတန်ပြီး အရေးပါလှတဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်တို့ကို အားလုံးက ချစ်ကြတာပေါ့.. ကျေးဇူးတင်ကြတာပေါ့... ဒီလွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့အသက်သေရမယ်ဆိုရင်လဲ မနှမြောဘူး… ဆင်းရဲဒုက္ခ ခံရမယ်ဆိုရင်လည်း ဂရုမစိုက်ဘူး.. အပင်ပန်းခံတယ်.. အဆင်းရဲခံတယ်.. အနစ်နာခံတယ်.. နောက်ဆုံး အသက်ပါ စွန့်သွားရတဲ့အထိ တိုင်းပြည်အတွက်  အနစ်နာခံခဲ့တယ်.. ကိုယ်ကျိုးစွန့်ခဲ့တယ်.. စွန့်လွှတ်ခဲ့တယ်.. တော်ရုံလူတွေက ဒီလို စွန့်လွှတ်နိုင်ဖို့ မလွယ်ဘူး.. ကိုယ့်အကျိုးအတွက်ဘဲ ကြည့်တတ်ကြတယ်လေ...





“ဒီတော့ အများအကျိုး၊ တိုင်းပြည်အကျိုးအတွက် အသက်ကိုပါ စွန့်သွားကြလို့ ဖိုးဖိုးတို့လို ပြည်သူတွေက နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဗိုလ်ချုပ်နဲ့ ကျန်တဲ့ ခေါင်းဆောင်ကြီးတွေကို ခုချိန်ထိ မမေ့နိုင်တာပေါ့… ခုချိန်ထိ အလေးပြုနေကြတာပေါ့.. ဒီလောက်လေးစားဖို့ကောင်းတဲ့ လူစားမျိုးကို ဘယ်မေ့လို့ဖြစ်မလဲ ငါ့မြေးရယ်.. ဒါကြောင့် မြေးလေး သိတတ်စအရွယ်ကတည်းက ဖိုးဖိုးက မြေးလေးကို နှစ်တိုင်း ဘုရားခေါ်သွားပြီး အာဇာနည် ခေါင်းဆောင်တွေအတွက် ရည်စူးလို့ ဘုရားမှာ ဆီမီးပူဇော်တယ်.. ရေသပ္ပါယ်တယ်.. အမျှဝေတာတွေလုပ်တယ်လေ.. ပြီးတော့  အာဇာနည်ဗိမ္မာန်ကို မြေးနဲ့ဖိုးဖိုး အဝေးကနေ နှစ်တိုင်း အလေးလာပြုကြတာပေါ့.. ဒါဟာ ငါ့မြေးလေး အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့အောင်၊ သူတို့ရဲ့ကျေးဇူးတွေကို အမြဲသတိရအောင် ဖိုးဖိုးက ပြန်သင်ပေးတာ၊ သတိပေးတာဘဲ.. နောင်ကို ငါ့မြေး ကြီးလာလို့ သားတွေ၊ သမီးတွေ ရလာရင်လဲ အခု ဖိုးဖိုးပြောသလို ငါ့မြေးရဲ့ သားသမီးတွေကို ပြန်ပြီး ပြောပြရမယ်နော် ဟုတ်ပြီလား.. ”





ကျွန်မ ကိုယ်တိုင်လည်း အာဇာနည်နေ့မို့ ဗိုလ်ချုပ်တို့အတွက် ရည်စူးကာ ဘုရားတွင် ဆီမီး၊ ပန်း၊ရေချမ်း လှူဒါန်းပြီး အမျှအတန်းဝေဖို့ သွားရောက်ခြင်းဖြစ်ရာ အာဇာနည်အကြောင်းကို ဂဃနဏ ရှင်းပြနေသော ကလေးငယ်ရဲ့ အဖိုးဖြစ်သူ၏စကားကို ကြားရသောကြောင့် အဖိုးအိုကို လေးစားမိသောစိတ်များ ၀င်လာရသည်။ ဗိုလ်ချုပ်တို့လို နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်သွားခဲ့သော လေးစားဖွယ် အာဇာနည်ပုဂ္ဂိုလ်များအကြောင်းကို နောင်လာနောက်သားများ မမေ့မလျော့စေရန်၊ အာဇာနည်ဟူသော အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းနားလည် သဘောပေါက်စေရန်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ကျေးဇူးတရား သိတတ်စေရန်တို့အတွက်မူ မမေ့သင့် မမေ့အပ်သူတို့ကို မမေ့မလျော့ ရှိသင့်အောင် လက်ဆင့်ကမ်း အမွေပေးခဲ့ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်တို့အကြောင်းကို လူငယ်လူရွယ်ကလေးများ၏ နှလုံးသားထဲ စိမ့်ဝင်အောင် ရှင်းလင်းပြောပြတတ်သော တာဝန်ကျေသော ယခုကားပေါ်က အဖိုးအိုကဲ့သို့ စိတ်ထားလည်း လူတိုင်းမှာ ရှိသင့်လှပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ တိုင်းပြည်ကြီးတစ်ခုလုံးအတွက် အစားထိုးမရသော၊ မမေ့အပ်သော ကျေးဇူးရှင်မဟုတ်ပါလားရှင်.....




ယနေ့ ဇူလိုင်၁၉ရက်မှာ ကျရောက်သော ၆၃ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင် များကို  ဤစာစုဖြင့် လေးမြတ်ရိုသေစွာ ဦးညွှတ်ကန်တော့ပန်းဆင်ပါ၏။


















အာဇာနည်နေ့နှင့် ပါတ်သက်သော သီချင်းများကို ပို့ပေးပါသော ကိုဂျစ်တူး(မုံရွာ)နှင့် အပေါ်တွင် အသုံးပြုထားသော အာဇာနည်ခေါင်းဆောင်များ၏ ဓာတ်ပုံအတွက် ဖန်တီးသူကို ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေရှင်.....






ချော(အစိမ်းရောင်လွင်ပြင်)

18 Responses to “မမေ့အပ်သော”

ဘယ်လိုမှဘယ်တော့မှအစားထိုးလို့ မရတဲ့  ကြေကွဲဖွယ်ဖြစ်ရပ်ကြီးပါဗျာ-
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများကောင်းရာသုဂတိသို့ လားကြပါစေ----
ပြန်လည်တင်ပြပေးတာကျေးဇူးအထူးတင်နေမိပါတယ်ဗျာ-

လသာည said...

အာဇာနည်နေ့ တို့မမေ့ပါ ချောရေ..
ကလေးတွေကို အလေးအနက်ထား ရှင်းပြပေးတဲ့ အဖိုးအိုကိုရော၊ ထပ်ဆင့်တင်ပြပေးတဲ့ ချောကိုရော ကျေးဇူးတင်ပါတယ်။ သီချင်းလေးကို အစအဆုံး နားထောင်ရင်း ကြေကွဲစွာ ဦးညျွတ်သွားပါတယ်..

ဝမ်းနည်းစရာကြီးအမရာ.. သီချင်းလေးနဲ့ဆိုတော့...
အဲဒီမိစ္ဆာတွေကြောင့် ဗိုလ်ချုပ်ကျဆုံးခဲ့ရတာ။ တွေးရင်းနှင့်ဂဠုန်ဦးစောကို ဘ၀ပေါင်းများစွာ ကြိုးပေးသတ်ချင်စိတ်ပေါက်နေမိတယ်။

အာဇာနည်များ ကောင်းရာသုဂတိလားကြပါစေ။

မမေ့အပ်သော နေ့တစ်နေ့ပါပဲဗျာ။

ပူးတေ said...

ငယ်ငယ်ကဆို အိမ်ကလူကြီးတွေက အမြဲတမ်း အာဇာနည်ကုန်းကို လိုက်ပို့တယ်... ခုတော့ မသွားရတာ နှစ်ပေါင်း ၂၀ ကျော်လောက်ရှိတော့မယ်....ပြီးရင် ရေဒီယိုက ဥသြဆွဲရင် လူကြီးတွေ ငိုကြတာ မြင်ဖူးခဲ့တယ်...ဥသြမဆွဲတာလဲ ကြာပေါ့....ဥသြဆွဲတာ ပူးတေတို့တောင် သေချာ မမှတ်မိတော့ဘူး.....:(

မမချောနဲ့ အတူ အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုသေစွာ ဦးညွတ်ကန်တော့သွားပါတယ်....

အင်းဗျာ.....
ကြမ္မာငင်ခဲ့တာ ၆၃ နှစ်တိုင်ခဲ့ပြီပေါ့.....

အာဇာနည်နေ့...အမြဲမမေ့ပါ။မမချောရေ....
မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းကာ..ရှင်းပြတဲ့...
ဖိုးဖိုးကိုလေးစားဂုဏ်ယူမိသလို။
အာဇာနည်နေ့ကို...မမေ့အပ်ကြောင်းပြန်လည်
တင်ပြပေးတဲ့မမချောကိုလည်းဂုဏ်ယူဝမ်းမြောက်စွာ
ကျေးဇူးတင်ပါ၏။

shwezinu said...

ညီမ ချော ရေ

အားလုံး မေ့သွားကြပေမဲ့ ဒို့ ဘလော့ဂါ တွေ မမေ့သေးတာ ဝမ်းသာစရာဘဲ အခု ကလေး တွေ ဘာမှ မသိတော့ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

အာဇာနည်နေ့ကို အမှတ်တရရေးတဲ့အတွက်ဂုဏ်ယူမိပါသည်၊ အခွင့်သင့်ရင်သင့်သလို မျိုးဆက်သစ်တွေကို ဖြန့်ဝေနိုင်ရင် အကောင်းဆုံးပါပဲ၊

ဇွန် said...

ဘယ်တော့မှ မမေ့အပ် မမေ့သင့်တဲ့ နေ့ပါပဲ။ ဂါရ၀ပြုသွားပါတယ်။

blackcoffee said...

ဘူးသီးနုနု အမွေးသပ်ခံ လိုက်ရသလို အရှိန်အဟုန် ကောင်းကောင်းနဲ့ ချီတက်တော့မဲ့ ကျွန်တော်တို့ နိုင်ငံ ဦးကျိုးခဲ့ရတဲ့နေ့ လေး။ တကယ် မမေ့သင့်တဲ့ နေ့ လေးပါ။ အာဇာနည် ခေါင်းဆောင်ကြီးတွေ အတွက်ရည်စူးပြီး အလှူဒါနလုပ် အမျှတန်းပေးဝေ ပေးတဲ့ မမချောကို ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် မမချောတစ်ယောက်လဲ ကျန်းမာချမ်းသာပါစေလို့ ကျွန်တော်ဆုတောင်း ပေးလိုက်ပါတယ်။

အာဇာနည်နေ့မှာ တင်ပေးတဲ့ ဒီပို့စ်လေးနဲ့အတူ..
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ်အလေးပြုပါသည် ။
ဒီပို့စ်လေးတင်ပေးတဲ့ ချောကိုလဲ လေးစားလျှက်...
ချစ်သော...
မြသွေးနီ

မချောရေ... စာဖတ်ရင်းနဲ့ လွှင့်ထားတဲ့သီချင်းလေးကို နားထောင်ရတာ ရင်ထဲမကောင်းဘူးဗျာ... အာဇာနည်ခေါင်းဆောင်တွေကို တကယ်ပဲ နှမြေတမ်းတလွမ်းဆွတ်နေမိပါတယ်ဗျာ..

ခင်မင်တဲ့
နေ၀သန်

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု....

ချစ်သောသူများ အသက်ရှည်စေ
မုန်းသောသူများ ရှည်ချင်ရှည်စေ

blackroze said...

မကြီးချောရေ..စာဖတ်နေရင်းနဲ့သီချင်းလေးကိုနားထောင်ရတာ
ရင်ထဲမကောင်းလိုက်တာလေ...
တကယ်လို့ဗိုလ်ချုပ်သာရှိနေခဲ့ဦးမယ်ဆိုရင်လေ
ညီမတို့ဒီနေ့လိုမျိုး..သူများနိုင်ငံမှာမျက်နှာငယ်ခံပြီး
အလုပ်လာလုပ်စရာလိုမယ်မထင်ဘူးနော်....

ဗိုလ်ချုပ်အောင်ဆန်းနဲ့အကွအာဇာနည်ခေါင်းဆောင်ကြီးများကိုဦးညွှတ်အလေးပြုပါတယ်..။
ငယ်ငယ်ကဥသြဆွဲသံလေးကိုအမှတ်တရရှိနေတုန်းပဲ..ဥသြဆွဲတဲ့အချိန်ငြိမ်ငြိမ်လေးနေပြီး
အလေးပြုခဲ့တယ်..။ဗိုလ်ချုပ်ကိုလေးစားအမှတ်ရနေသလိုအနစ်နာခံကိုယ်ကျိုးစွန့်ပြီးတနိုင်ငံလုံးအတွက်
မားမားမတ်မတ်ရပ်တည်နေတဲ့ဗိုလ်ချုပ်ရဲ့သမီး(အမေစု)ကိုလည်းသတိတရရှိနေကြပါစေလို့
ရင်ထဲအသည်းထဲကနေလှိုက်လှိုက်လှဲလှဲဆုတောင်းနေမိတယ်..မချောရယ်..။
အမှတ်တရရှိတဲ့မချောကိုဂုဏ်ယူလေးစားပါတယ်နော်.။
ချစ်တဲ့
သဒ္ဓါ

may16 said...

အာဇာနည်နေ့ ဒို့မမေ့ပါ မချောရေ

Jack said...

Nice post sis..
A very memorable post for our Martyrs