အပ်နဲ့ကပ်ကျေး ကြိုက်ရာရွေး



အပ်ချုပ်သမားတစ်ယောက်ဟာ အ၀တ်စကြီးတစ်စကို ယူလာပြီး အင်္ကျီတစ်ထည် ဖြစ်လာဖို့အတွက် အားစိုက်ပြီး ချုပ်လုပ်နေပါတယ်.. အ၀တ်စကို လက်၊ ကိုယ်လုံး၊ ကော်လံ စသည်ဖြင့် တစ်ပိုင်းစီ သူ့အပိုင်းလိုက် ပုံပေါ်အောင် ကပ်ကျေးနဲ့ ညှပ်ဖြတ်ပါတယ်..  ညှပ်ပြီးသွားပြန်ရင် ကပ်ကျေးလေးကို သူ့ရဲ့ ခြေထောက်နားကို ပစ်ချထားလိုက်ပါတယ်.. ပြီးတော့ အပ်ကလေးတစ်ချောင်းကို ဆွဲယူလိုက်ရင်း အပ်ချည်ဖြည့်ကာ အစောက ညှပ်ထားတဲ့ အပိုင်းအစလေးတွေကို သူ့နေရာသူ တွဲဆက်ပြီး ချုပ်ပါတော့တယ်.. အစလေးတွေ အားလုံးကို အပ်နဲ့ အပ်ချည်ကိုအသုံးပြုလို့  ကျွမ်းကျင်စွာ တွဲဆက်ပြီးချိန်မှာတော့ အလွန်ကောင်းမွန် သေသပ်လှပတဲ့ ရှပ်အင်္ကျီလေးတစ်ထည် ဖြစ်လာပါတော့တယ်. ဒီအခါမှာ သူဟာ အင်္ကျီချုပ်တဲ့ အပ်ကလေးကို တရိုတသေနဲ့ သူ့ခေါင်းက ခေါင်းပေါင်းစမှာ ထိုးစိုက်ထားလိုက်ပါတယ်။

သူအင်္ကျီချုပ်တာကို ဘေးနားကနေထိုင်ကြည့်နေတဲ့ သူ့ရဲ့သားလေးက သူ့ဖခင် အပ်ချုပ်သမားရဲ့ အပြုအမူကို ကြည့်ပြီး မျက်မှောင်လေးကျုံ့ကာ မေးခွန်းထုတ်ပါတော့တယ်.. “ အဖေ..  အဖေ့ရဲ့ အပ်ကလေးက သေးသေးလေးရယ်.. ဈေးကလဲပေါသေးတယ်.. အပ်ထက်စာရင် ကပ်ကျေးက ပိုပြီး ဈေးကြီးတယ်.. လှလဲလှတယ်.. ဒါပေမဲ့ အဖေက ကပ်ကျေးကိုကျတော့ ခြေထောက်နားကို ပစ်ချလိုက်တယ်.. အပ်ကလေးကကျတော့ ဘာမှလည်း တန်ဖိုးမရှိဘူး… အဖေ လိုချင်ရင် ဒါဇင်နဲ့ချီပြီး လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာဘဲ.. ဒါပေမဲ့ အဲဒီအပ်ကလေးကိုတော့ အဖေက တယုတယနဲ့ ခေါင်းပေါင်းမှာ ထိုးစိုက်ထားလိုက်တယ်.. အဖေလုပ်ပုံက တန်ဖိုးမထားသင့်တာကိုကျတော့ တန်ဖိုးထားနေသလိုဘဲ။ အဖိုးတန်တဲ့ ကပ်ကျေးကိုကျတော့ ပစ်စလက်ခတ် ထားတယ်.. အဲဒါ ဘယ်လိုအကြောင်းကြောင့်လဲ အဖေ”

“ အော်.. ငါ့သားက အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာကိုး.. သားပြောတာ ဟုတ်တော့ဟုတ်ပါတယ် .. ကပ်ကျေးမှာလည်း သူ့ရဲ့ အသုံးဝင်တဲ့ အချက် ရှိပါတယ်.. ဒါကို သံသယရှိစရာ မလိုပါဘူး… ဒါပေမဲ့ ကပ်ကျေးရဲ့ အသုံးကျမှုက အ၀တ်စတွေကို အပိုင်းအပြတ်လေးတွေ ဖြစ်သွားအောင်ဘဲ သူညှပ်ပေးနိုင်တယ်..  ဒါထက်ပိုပြီး သူဘာမှ မလုပ်ပေးနိုင်ဘူး .. အဲ…  အဖေ့ခေါင်းပေါ်က အပ်ကလေးကျတော့ အ၀တ် အပိုင်းအစလေးတွေကို ပေါင်းစပ်စုစည်းစေပြီး သေသပ်လှပတဲ့ အင်္ကျီတစ်ထည် ဖြစ်လာအောင် ချုပ်လုပ်ပေးတယ်လေ.. ဒီအပ်ကလေးရဲ့ စွမ်းဆောင်ချက်ကြောင့် အ၀တ်စတွေဟာ ပိုပြီး တန်ဖိုးရှိလာတယ် မဟုတ်လား။ အင်္ကျီဖြစ်သွားတာကြောင့် လူတွေအတွက်လည်းပိုပြီး အသုံးဝင်သွားတယ်လေ.. ဒါကြောင့် အဖေ့အတွက်တော့ အပ်ကလေးရဲ့ စွမ်းဆောင်ချက်ကို  ပိုပြီး တန်ဖိုးထားမိတယ်..  တန်ဖိုးဆိုတာ ၀ယ်တဲ့ဈေးနှုန်း ဒါမှမဟုတ် သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသုံးပြုနိုင်တဲ့ အရည်အချင်း ကြည့်ပြီး ဆုံးဖြတ်ရတယ် သားရဲ့”

“အဲဒီလိုဘဲ သားရဲ့ .. လူတွေရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့နေရာမှာလည်း အဲဒီလူရဲ့ သြဇာအာဏာ ကြီးမားမှု၊ ပြည့်စုံကြွယ်ဝမှု၊ အောင်မြင်ထယ်ဝါမှု၊  ဟိတ်ဟန်ကြီးကျယ် ခမ်းနားမှု၊ အပေါ်ယံ ရုပ်ရည်လှပချောမွေ့မှုတွေနဲ့ တန်ဖိုး မဖြတ်ပါနဲ့။ လူ့လောက ကောင်းကျိုးအတွက် သူ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေအကျိုးပြုခဲ့ပြီလဲ၊ သူ့လုပ်ရပ်က လူသားတွေအတွက် ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှု ရှိခဲ့ပြီလဲ။ လောကကြီးအတွက် သူဟာ ဘယ်လောက်အသုံးဝင်သလဲ၊ သူဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါ.. တစ်ချို့လူတွေက အပေါ်ယံအားဖြင့်တော့ ကပ်ကျေးလို အမြင်လှပြီး အင်အားလည်းကြီးမားပေမဲ့ တကယ်တမ်း အသုံးဝင်မှုက နည်းနည်းလေးရယ်..  တစ်ချို့လူတွေကျတော့ အပ်ကလေးလို သေးငယ်ပြီး အမြင်မလှပေမဲ့ သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်းအားက အများကြီး ရှိတတ်ပါတယ်..  အဆုံးအဖြတ် မမှားပါစေနဲ့သားရေ” ဆိုတဲ့ စကားလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေကြားရင်း တစ်လက်စတည်း ဆုံးမစကားပါ ပြောကြားလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့တွေကရော လူတွေကို သူ့တို့ရဲ့ ဘယ်လိုအရည်အချင်းတွေ၊ ဘယ်အရာတွေကို ကြည့်ပြီး တန်ဖိုးဖြတ်ကြပါမလဲ။ ရွေးချယ်ကြရတော့မယ်ဆိုရင် လူတွေရဲ့ တန်ဖိုးနဲ့ အရည်အချင်းကိုရော  မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ပါ့မလား။ အပြိုင်အဆိုင် ကြော်ငြာနေတဲ့ခေတ်ကြီးမှာ ကိုယ်ရွေးချယ်တာ မှန်ကန်ဖို့၊ အရွေးမမှားဖို့တော့ လိုမယ် ထင်ပါတယ်နော်....

Lakshmi Raj Sharma ရဲ့    The Tailor's Needle ကို နှစ်သက်မိသောကြောင့် ဘာသာပြန်ပါသည်။


လူတိုင်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခွင့် ရကြပါစေရှင်......

ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း



ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို မော့ကြည့်ရင်း သူမရင်ထဲက အိမ်ကိုလွမ်းဆွတ်မိသည့်စိတ်က တစ်လှိုက်လှိုက် လျှံတက်လို့လာသည်။ သေချာပါသည်လေ.. သည်အချိန်ဆိုလျှင် သူမ၏ ဖခင်နှင့် မိခင်တို့သည်လည်း အိမ်ရှေ့ဝရံတာလေးတွင် ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သမီးတစ်ယောက်ကိုလည်း သတိရနေပါလိမ့်မည်။ ထူးထူးခြားခြား သည်နေ့မှ ကောင်းကင်မှာ တိမ်မျှင်တစ်စမျှ မရှိသလို ကြည်လင်နေသော အနက်ရောင်ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လင်းလက်နေသကဲ့ ကောင်းကင်ပြင်ကြီးပေါ်တွင် ကြယ်ကလေးများစွာ ပြန့်ကျဲလျှက် ရှိနေလေသည်။ ကြယ်တွေကို မော့ကြည့်နေသော သူမကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို သူမစိတ်ထဲ ခံစားမိသည်။ ကြယ်တွေ တကယ်ပြုံးတတ်ကြပါသလား… ဒါကိုတော့ ခံယူသူနှင့်သာ ဆိုင်မည်ထင်ပါသည်။ သူမကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်ဟု ယုံကြည်မိပါသည်။ ကြယ်တွေကို မော့ကြည့်ရင်း ဆွတ်ဆွတ်ကြင်ကြင် သူမ ရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ”..

သူမအတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က အသက် ၁၁နှစ်အရွယ် ပီဘိကလေးသာသာ အရွယ်သာ ရှိသေးသည်။ အိမ်နှင့် ခွဲခွာရသော အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း ငယ်စဉ်ကတည်းက နားလည် ခံစားတတ်ခဲ့သည်။ အိမ်နဲ့ခွဲခွာရချိန်တွေကို  မုန်းတီးမိသည်။ သို့သော်  ဘ၀ရဲ့ အချိန် အတော်များများသည် အိမ်နှင့်ခွဲပြီး နေရချိန်ကသာ များလေသည်။ ပညာရေးအတွက်၊ ဘ၀တိုးတက်ရေးအတွက် စသည့်အတွက် များစွာတို့ကြောင့် အိမ်နှင့်အကြိမ်ကြိမ် ရက်ရှည်လများ နှစ်လရှည်ကြာအောင် ခွဲခွာခဲ့ရသည်။ အိမ်နဲ့ခွဲနေရချိန်များတွင် သူမ မက်လေ့ရှိသော အိမ်မက်မှာ အိမ်သို့ ပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်သည့် သူမ နှစ်သက်သော ဟင်းလျာများဖြင့် ကြိုဆိုနေတတ်သည်တဲ့… စုံလင်လှသော ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မည်ဟု ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်သည်နှင့် အိပ်မက်မှ နိုးလာတော့သည်။ နိုးလာတိုင်းလည်း အမေချက်ထားသော ထမင်းဟင်းကို မစားလိုက်ရ၍ သူမ စိတ်တိုမိသည်။ ၀မ်းနည်းမိသည်။ အကြိမ်ပေါင်းများစွာ ထိုအိပ်မက်ကို မက်တတ်သည်.. မက်ခဲ့သည်.. ယခုချိန်ထိလည်း ထိုအိပ်မက်က မက်နေဆဲဖြစ်သည်။ အိပ်မက်က နိုးချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လှသော သူမ၏ အခန်းလေးက တစ်ခန်းလုံး မဲမှောင်နေပြီး အထီးကျန်ခြင်း အငွေ့အသက်များဖြင့် မွန်းကြပ်နေတော့သည်။ သေချာတာကတော့ ထိုအိပ်မက်သည်  အိမ်သို့ တကယ်ပြန်ခွင့်ရပြီး မိသားစု မောင်နှမတွေ စုံစုံညီညီဖြင့်နေခွင့်ရသည့် အချိန်ရောက်လျှင်တော့ မက်တော့မည် မဟုတ်ပေ။ သို့သော် ထိုနေ့သည် ဘယ်နေ့မှန်း မသိနိုင်အောင် သူမ အာရုံထဲမှာ ခပ်ဝါးဝါးသာ ရှိနေလေသည်။

သူမတို့ငယ်စဉ်တုန်းက အိမ်မှာအမေ ခရီးထွက်လျှင် အဖေက သားသမီးတွေကို ထမင်းချက်ကျွေးတတ်သည်။ အဖေ ချက်ကျွေးသော ဟင်းများတွင် ထူးဆန်းသော ဟင်းတစ်ချို့ ပါလာလျှင် မောင်နှမတတွေမှာ စိတ်ဝင်တစားလဲဖြစ်၊ မစားရဲ စားရဲဖြင့် တစ်တို့လောက် အရင်မြည်းကြည့်ပြီး နောက်ဆုံးတော့ ခွက်ပြောင်အောင် လုစားကြရသည်သာ များသည်။ အဖေ ချက်ကျွေးတတ်သော ဟင်းများတွင် သူမ အကြိုက်ဆုံးက အဆီမပါသော တောဝက်သား၊ ချေသား၊ ဆတ်သားဟင်းများ ဖြစ်ပြီး ဖြူသား၊ မြွေသား၊ ပုရစ်ကြော်၊ ဖားချက် တို့ကိုတော့ ခပ်ကြောက်ကြောက်ဖြင့် စားခဲ့ဖူးပါသည်။ အဖေက ထိုသို့ ထူးထူးဆန်းဆန်း အစားအသောက်လေးများကို ကြိုက်သူဖြစ်သည်။  ပြီးလျှင် အဖေ လုပ်ကျွေးတတ်သော ဆန်နှင့် အသားများကို ၀ါးထဲထည့်ပြီး ရေထည့်ကာ ထိုဝါးကိုအပေါ်မှ မီးဖြင့်ကင်၍ကျွေးသော ထမင်းကိုလည်း အမြဲတမ်း သတိရနေမိတတ်သည်။ ထိုထမင်းလေးအကြောင်း စဉ်းစားလိုက်လျှင် မွှေးပျံ့သော ရနံ့လေးပင် ချက်ခြင်း ရလာသလို သူမစိတ်ထဲ ခံစားမိလေသည်။ အဖေ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော ငါးကိုကင်ပြီး တောက်တောက်စင်းကာ အမွှေးအကြိုင်ရွက်များထည့်ပြီး အရည်ဖျော်ထားသော ငါးကောဟင်းသည်လည်း သူမ တမ်းမက်စွာ အိပ်မက် မက်တတ်သော ဟင်းတစ်မယ် ဖြစ်လေသည်။
အိမ်ပြန်ပြီး သူမချစ်သော မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် အလုပ်တာဝန်များစွာတို့ဖြင့် မအားမလပ်နိုင်သူမို့ တစ်နှစ်တစ်ခါပင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့လေသည်။  အိမ်ကို အလည် ပြန်ရောက်သွားသည့် အခိုက်များတွင်လည်း သူမ မိခင်သည် ဈေးခြင်းတောင်းလေးကို ကိုင်ပြီး သူမ ကြိုက်တတ်သော ဟင်းများကို မေးစရာမလိုဘဲ ၀ယ်လာတတ်ပြီး မအားနိုင်အောင် ချက်ပြုတ်ကာ  ကျွေးမွေးတော့သည်။ သားကြီး ငါးကြီး မစားတတ်သော အမေ့လက်ရာ အသီးအရွက် မျိုးစုံ အကြော်အလှော်အသုပ်များသည် သူမအတွက် မည်သည့် ထမင်းဆိုင်မှ လိုက်မမီနိုင်သည့် မေတ္တာတရားတို့ဖြင့် ပြည့်စုံ မွှေးထုံနေသော ထမင်းဝိုင်းသာ ဖြစ်လေသည်။ ထိုထမင်းဝိုင်းကိုလည်း အမေ့အိမ်တွင်မှ လွဲ၍ အခြားနေရာတွင်  ရှာ၍ မတွေ့နိုင်ခဲ့ပါ။ ပကာသန မပါသော်လည်း မေတ္တာများစွာ ခြံရံထားသော ထမင်းဝိုင်းက သူမတို့မောင်နှမ တစ်စုအတွက် နတ်သုဒ္ဓါလို့လည်း ခေါ်ဆိုနိုင်ပါသေးသည်။ အိုး……….. အမေ့လက်ရာ ထမင်းဝိုင်းလေးကို လွမ်းဆွတ်လွန်းရပါသည်လေ။

နေ့ခင်းတုန်းက အိမ်ကိုဖုန်းဆက်ချိန်တွင် ဖခင်ဖြစ်သူ၏ “သမီး သီတင်းကျွတ် ပြန်မလာဘူးလား” ဆိုသည့်အမေးက သူမကို တဒင်္ဂ ဆွံ့အသွားစေခဲ့ပြီး ရင်ထဲတွင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားခဲ့ရသည်. သီတင်းကျွတ်မှာ သူမ ပြန်လာမည်ဟု အဖေက မျှော်လင့်ထားပုံရလေသည်။ အဖေ့ကို  ပြန်ပြောဖြစ်ခဲ့သည်က “ပြန်ချင်တာပေါ့ အဖေရယ်.. ပြန်ချင်လိုက်တာမှ… တစ်ပိုင်းသေမတတ်ပါဘဲ.. ဒါပေမဲ့.. ”  ဆိုပြီး  ဆက်မပြောတတ်ခဲ့တော့ပါ။ တာဝန်ဝတ္တရားများက သူမကို အိမ်ပြန်ခွင့် မရအောင် ချည်နှောင်ထားခဲ့သော အရာများသာ ဖြစ်လေသည်။ သူမ မပြန်နိုင်လျှင်၊ မပြန်ဖြစ်လျှင်လည်း မိဘများကတော့ နားလည် ခွင့်လွှတ်ကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း သူတို့ရင်ထဲမှာတော့ ပြန်မလာနိုင်သော အဝေးရောက် သမီးတစ်ယောက်ကို မျှော်လင့်နေမည်မှာ သေချာပါသည်လေ။ ခုချိန်မှာတော့ သူမနှင့် အိမ်အကြားတွင် ခရီးမိုင်များစွာ ဝေးကွာလို့နေခဲ့သည်။

အိပ်မပျော်သော ည၏ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးတွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း သူမ၏ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာပင်။ သူမ၏ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်သည်ဟု သူမက ယုံကြည်မိသည်လေ. “သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ” ဟု ပြောခဲ့သော အဖေ့စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို သူမကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိလေသည်။ ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမည်လဲ.. ဒီလိုဆိုလျှင်ဖြင့် သူမ၏ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမည် မဟုတ်လား။

ဒီအချိန်မှာတော့ သူမကို အိမ်ပြန်လာစေချင်စိတ်တို့ဖြင့် သူမ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမည့် အဖေအမေသည် အိမ်ရှေ့ဝရံတာလေးမှာ ထိုင်ရင်း ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကို သူမ လိုဘဲ မော့ကြည့်နေပါလိမ့်မည်။ သူမကလည်း ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြောမိသည်မှာ  “ အဖေအမေတို့အိမ်လောက် နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး ... သမီး တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. သမီးကို စောင့်နေပါ အဖေနဲ့အမေရယ်”.... ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင် လွှင့်ပျံလာသည့် သီချင်းလေးက အဆိုတော် ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည”။ လူတိုင်းမှာ မျှော်လင့်ခွင့်ရှိပါသည်။ သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိလေသည်။ သူမ လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်၊ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့်အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေမှာပါလိမ့်… လူတွေသည် မပြည့်စုံနိုင်သော အိပ်မက်များဖြင့် လှုပ်ရှား ရုန်းကန်နေကြရသူတွေ များလှသည်။  ထိုအထဲတွင် သူမသည်လည်း အပါအ၀င် ဖြစ်ပါသည်။ ကြယ်တွေကိုကြည့်ရင်း သူမဆုတောင်းလိုက်မိသည်က သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့် ရကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မ နှစ်သက်မိသော ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည သီချင်းကို အကြိမ်ကြိမ် အဖန်ဖန် နားထောင် ခံစားမိရင်း ကြယ်တွေစုံတဲ့ ညတစ်ညမှာ လျှံတက်လာသော အိမ်အလွမ်းကို ဒီစာလေးဖြင့် အမှတ်တရ ရေးဖွဲ့မိပါတယ်... ။ သီချင်းလေးကိုတော့ ကျွန်မရဲ့ ချစ်စွာသောအစ်မ မမြသွေးနီ ရဲ့ ဘလော့မှာ နားဆင်လို့ရပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing

ကျွန်မတို့ရဲ့ ဒေသအစားအစာများ(၄)

ဒီနေ့တော့ ကျွန်မတို့ရဲ့ ဒေသ အစားအစာအကြောင်းလေး ပြောပြချင်ပါသေးတယ်... အရင်က ဟင်းတွေမဟုတ်တဲ့ အခြားဟင်းလျာတွေပါ။ ကျွန်မတို့စားဖြစ်တဲ့ ဒေသအစားအစာတွေဟာ အသားငါးထက် အသီးအရွက်သာ များပါတယ်ရှင်။ ဒါကြောင့် ကျွန်မရဲ့ ဒေသအစားအစာတွေဟာ အသီးအရွက်တွေကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ဖြစ်တဲ့ အကြောင်းတွေသာ ဖြစ်ပါတယ်။



ကန်းစွန်းရွက်သုပ်

ပထမဦးဆုံး မိတ်ဆက်ပေးမဲ့ ဟင်းက ကန်စွန်းရွက်သုပ်ပါ။ ကန်စွန်းရွက်ကို အများအားဖြင့် ကြော်စားတာနဲ့ အချဉ်ရည်ချက်စားကြတာ များပါတယ်.. ဒါပေမဲ့ ကျွန်မတို့ဘက်မှာတော့ ကန်စွန်းရွက်ကို သုပ်စားကြပါတယ်.. ကန်စွန်းရွက်ကို အစိမ်းသုပ်နဲ့ ပြုတ်ပြီး သုပ်ရယ်လို့ နှစ်မျိုး ရှိပါတယ်..

ကန်စွန်းရွက် အစိမ်းသုပ်
အစိမ်းသုပ် ပြုလုပ်ပုံက လွယ်လွယ်လေးပါ။ ကန်စွန်းရွက်သုပ်ဖို့က ထိုင်ဝမ်ကန်စွန်းကို အသုံးမပြုပါဘူး။ ရိုးရိုး ရေကန်စွန်းကိုသာ သုံးပါတယ်.. အရိုးနုနဲ့ အရွက်တို့ကို ခြွေယူလိုက်ပြီး အပိုင်းအပိုင်းလေးတွေ လှီးဖြတ်လိုက်ပါတယ်..



ပြီးတော့ ကန်စွန်းရွက်နဲ့အတူ ကြက်သွန်နီ၊ ငရုပ်သီး၊ ပုဇွန်ခြောက်၊ ဆား၊အချိုမှုန့်၊ အသားမှုန့် ( သပ်သပ်လွတ်စားလိုလျှင် ပုဇွန်ခြောက်နှင့် အသားမှုန့်မထည့်ဘဲ သုပ်နိုင်ပါသည်) ခရမ်းချဉ်သီး၊ သံပုရာသီး တို့ကို အဆင်သင့် လုပ်ထားပါ။

စားခါနီးမှ နယ်လိုက်ရင် ချဉ်ချဉ် စပ်စပ် ကန်စွန်းရွက်အစိမ်းသုပ် တစ်ခွက်ရပါပြီ။

ကန်စွန်းရွက် အဆိမ့်သုပ်
ကန်စွန်းရွက်ကို ပြုတ်ပြီး သုပ်ပါဦးမယ်.. ကန်စွန်းရွက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါတယ်.. ကန်ဇွန်းရွက်ကို ပျော့အိအောင့် မပြုတ်ရပါ။ ခဏတာ ရေနွေးနှင့် ပြုတ်ပြီး ရေအေးအေးတွင် စိမ်းထားပါ။



ပြုတ်ပြီး ရေအေးအေးမှာ စိမ်ထားရင် ကန်စွန်းရွက် အရောင်ပြောင်းသွားတာမျိုး မဖြစ်နိုင်တော့ပါဘူး။


ထို့နောက် ဆီကျက်ချက်၊ မြေပဲဆန်( သို့) နှမ်းကို လှော်ပါ။ ပြီးလျှင် မြေပဲဆန်ထောင်း၊ နှမ်းထောင်းထည့်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီထည့် ၊ ဆားအချိုမှုန့် ဆီကျက်ထည့်ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ကန်စွန်းရွက် အဆိမ့်သုပ် တစ်ခွက်ရပါပြီ။


ကန်စွန်းရွက် အဆိမ့်သုပ်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြက်ဥ တိုဟူးဖြူပေါင်း


စားလို့ကောင်းတဲ့ ပဲပြားခေါ် တိုဟူးဖြူပေါင်းနည်းလေးကို မျှဝေပါရစေရှင်။ ဒီပဲပြားကိုတော့ ဘယ်နေရာမဆို အလွယ်တကူ ၀ယ်ယူလို့ ရနိုင်တာမို့ လူတိုင်းအတွက် ချက်စားဖို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။


ပဲပြားကို ခုလိုအတုံးလေးတွေ တုံးပြီး ပန်းကန်လုံးထဲထည့်ထားပါတယ်.. ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံတို့နဲ့အတူ အရောင်စုံသွားအောင် ဥနီလေးကိုပါ သေးသေးရှည်ရှည်လေးလှီးပြီး အပေါ်က ထည့်ပါမယ်..


အစိမ်း၊အနီ၊လိမ္မော် ၊ အဖြူ အရောင်လေးတွေ စုံသွားအောင်ပေါ့နော်

ပေါင်းမယ်လေ

ကြက်ဥနှစ်လုံးလောက်ကို ဖောက်ပြီး ခွက်တစ်ခုထဲ နာနာခေါက်ပြီး ဆားအချိုမှုန့်တို့နှင့် ရေအနည်းငယ် ရောကာ ကြက်ဥနှင့် ရောမွှေပါ။ ပြီးလျှင် ကြက်ဥကို တိုဟူးဖြူပန်းကန်ထဲသို့ ဘေးမှ လောင်းချပါ။ တိုဟူးဖြူပန်းကန် တစ်ဝက်နီးပါးခန့် မြုပ်အောင် ဒယ်အိုးတစ်ခုထဲ ရေထည့်ကာ အဖုံးအုပ်ပြီး မီးဖိုပေါ်တင်ပြီး အချိန် ၁၀မိနစ်ခန့် ပေါင်းလိုက်လျှင် စားချင့်စဖွယ် ကြက်ဥ တိုဟူးဖြူပေါင်း ရပါပြီ။


စားလို့ရပြီနော် ကြက်ဥ တိုဟူးဖြူပေါင်း။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရမ်းချဉ်သီး ပဲပြားချက်
ပဲပြား (တိုဟူးဖြူ)ကိုဘဲ ခရမ်းချဉ်သီးနဲ့ ချက်စားလို့ ရပါသေးတယ်.. ချက်နည်းလေး ပြောပြပါမယ်နော်။



ပဲပြားချက်ဖို့ လိုအပ်တဲ့ အဆာပလာတွေပါ။

ပဲပြားကို အတုံးလေးတွေ ပြုလုပ်ပါတယ်.. ခရမ်းချဉ်သီးကို တောက်တောက်စင်းထားပါမယ်.. ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ဆင်ပါမယ်.. ခွက်သေးလေးထဲကတော့ တိုကျန် ( ပဲငပိပါ) ။  ကြက်သွန်ဖြူနီ၊ ဂျင်းတို့ကို နနွင်း၊ အရောင်တင်တို့ဖြင့် ဆီသတ်ပါတယ်.. ခရမ်းချဉ်သီးထည့်ပြီး မကြာခင် ရေထည့်ပါတယ်.. ရေဆူလျှင် တိုဟူးဖြူနဲ့ ပဲငပိ အနေတော်ကို ထည့်ပါမယ်.. ငရုပ်သီးကိုထည့်ပါတယ်.. ဆားအချိုမှုန့် ခတ်ပြီး ကျက်ခါနီးမှာ နံနံပင်ကို ထည့်လိုက်ပါတယ်..



ခရမ်းချဉ်သီး တိုဟူးဖြူ(ပဲပြား)ချက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့ ကချင်ပြည်နယ်ဟာ သစ်ဝါးပေါတာကြောင့် မျှစ်လည်း အလွန်ပေါပါတယ်... ဒါကြောင့် မျှစ်ကို အမျိုးမျိုး ချက်စား၊ သုပ်စားကြတာကို ပြောပြချင်ပါသေးတယ်...

ငပိထောင်းနဲ့ မျှစ်ပြုတ်


မျှစ်ပြုတ်ကို ကျွန်မတို့က ငပိထောင်းလေးနဲ့ တို့စားကြပါတယ်.. ငပိကိုမီးဖုတ် ကြက်သွန်ဖြူ၊ ငရုပ်သီးကို အရင်ထောင်း၊ ပုဇွန်ခြောက်ကို ထည့်ထောင်းပါတယ်.. ငပိဖုတ်ကို အချိုမှုန့် ထည့်ပြီး ထောင်းလိုက်ပါတယ်.. ပြီးတော့မှ သံပုရာသီးကို ညှစ်လိုက်ပြီး နံနံပင်နဲ့ ရောထောင်းလိုက်ပါတယ်.. ငပိထောင်းဘူးအဆင်သင့် ရှိရင်လည်း ငပိထောင်းကို ပန်းကန်လေးထဲထည့် သံပုရာသီးလေး ညှစ်ပြီး စားမယ်ဆိုရင် ခံတွင်းပျက်နေသူတွေတောင် သုံးပန်ကန်လောက် ထမင်းမြိန်စေနိုင်ပါတယ်..  :)



သံပုရာသီးညှစ်ထားတဲ့ ငပိထောင်းနဲ့ တို့စရာ မျှစ်ပြုတ်

မျှစ်သုပ်



မျှစ်သုပ်

မျှစ်ကို ပါးပါးမျှင်မျှင်လေးတွေလှီးပြီး ငရုပ်သီး ကြက်သွန်နီ၊ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ဆားအချိုမှုန်၊့ သံပုရာသီးတို့နဲ့ သုပ်တာက မျှစ်ကို အချဉ်သုပ်တာပါ။ အဆိမ့်သုပ်မယ်ဆိုရင် မြေပဲဆန်၊ ဆီချက်ထည့်ပြီး သံပုရာသီးမထည့်ဘဲ ဂျင်းအရွက်နုလေးကို ပါးပါးလှီးထည့်လို့ အဆိမ့်သုပ်စားကြပါတယ်။

မျှစ်ဆန်လှော်



မျှစ်ဆန်လှော်

မျှစ်ဆန်လှော်ချက်ဖို့ အိုးထဲရေထည့် ဆား၊ငပိ၊ ကြက်သွန်ဖြူ ပုဇွန်ခြောက်အနည်းငယ် ထည့်ကာ ရေနွေးဆူအောင်တည်ပါတယ်.. ရေဆူလျှင် ပါးပါးလှီးထားသော မျှစ်ကိုထည့်ပါတယ်.. ဆန်အနည်းငယ်ကို ညိုရောင် သန်းလာအောင် လှော်ပြီး အမှုန့်ထောင်းထားတာကို ထည့်ပါတယ်.. ဟင်းအိုး ကျပြီဆိုလျှင် ပင်စိမ်းရွက်ကို ခတ်ပြီး အပေါ့အငံမြည်းကာ ချလို့ ရပါပြီ။ ဆန်လှော်နဲ့ ပင်စိမ်းနံ့ သင်းပျံ့ပျံ့ မျှစ်ဆန်လှော်ဟင်းတစ်ခွက် ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မျှစ်ချဉ်လှော်

ျှစ်ပေါများတဲ့ ရာသီမှာ မျှစ်တွေ အများကြီး ခူးပြီး မျှစ်ချဉ် ပြုလုပ်လေ့ ရှိပါတယ်.. အဲဒီမျှစ်ချဉ်ဟာ နှစ်ရှည်ကြာအောင် အထားခံပြီး စားလို့လဲ ကောင်းတာမို့ လူကြိုက်များပါတယ်..  ကျွန်မတို့ဘက်မှာ မျှစ်ချဉ်ကို အစားများပါတယ်.. ခေါက်ဆွဲကိုလည်း မျှစ်ချဉ်နဲ့ စားကြတာ များပါတယ်.. ကဇော့သီး၊ ဟင်းပြင်းရွက်၊ ကန်ဇင်းရွက်တို့နဲ့ မျှစ်ချဉ်ကို လှော်စားကြပါတယ်.. အရွက်မထည့်ဘဲ မျှစ်ချဉ်ကြီးဘဲလည်း လှော်စားလို့ရပါတယ်.. ရေခမ်းအောင် လှော်ထားရင် ရက် ကြာကြာ အထားခံပါတယ်.. ပြုလုပ်ပုံက မျှစ်ချဉ်ကို ရေများများနဲ့ ဆားထည့်ပြီး ပြုတ်ပါတယ်.. ၂ရေ ၃ရေ ကုန်တဲ့အထိအောင် ပြုတ်ပါတယ်.. မျှစ်ချဉ်နူးပြီလို့ ယူဆပြီဆိုရင် ရေခမ်းအောင်ပြုတ်ပါတယ်... ရေခမ်းသွားရင် မျှစ်ချဉ်အိုးထဲဆီထည့် ကြက်သွန်ဖြူနီကို ထည့်ပါတယ်.. အရောင်တင် နနွင်းမှုန့်ကိုထည့်ပြီး ငပိအနည်းငယ်၊ ပုဇွန်ခြောက် ၊ ငရုပ်သီးစိမ်း တို့ကို ထည့်ကာ ရောမွှေပြီး လှော်ပါတယ်...  အချိန်အနည်းငယ်ကြာလို့ ဆားအချိုမှုန့် အရသာ မြည်းလို့အနေတော်ရင် ကြက်သွန်မြိတ်၊ နံနံတို့ကို ထည့်ပြီး ချလို့ရပါပြီ။


မျှစ်ချဉ်လှော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပဲသီးထောင်း

ပဲတောင့်ရှည်ကို ကျွန်မတို့ဘက်မှာ အစိမ်းထောင်းစားကြပါသေးတယ်..



ပဲသီးထောင်း

ပုဇွန်ခြောက်ကို ညက်အောင်ထောင်း၊ ပဲသီးနဲ့ ငရုပ်သီးစိမ်းကို  ပါးပါးလှီးပြီး ပုဇွန်ခြောက် ဆားအချိုမှုန့်တို့နဲ့ ရောထောင်းပါတယ်။ သံပုရာသီး တင့်သင့်ရုံညစ်လို့ နံနံပင်လေးနဲ့ ထောင်းလိုက်ရင် ပဲသီးအစိမ်းထောင်း ချဉ်ချဉ်စပ်စပ် ရပါပြီ။မိုးရာသီမှာတော့ ပဲသီးကို သရက်သီးအစိမ်းနဲ့ ငပိဖုတ်လေး အနည်းငယ်ထည့်လို့ ထောင်းပါတယ်.. ကြက်သွန်နီအစိမ်းပါးပါးလှီးထည့်လည်း ကောင်းပါတယ်..  ဆင်ခရမ်းချဉ်သီးခေါ် မပူသီးနဲ့လည်း ထောင်းစားပါတယ်..
~~~~~~~~~~~~~~~~~~~~ပဲသီးအဆိမ့်သုပ်

ပဲသီးအဆိမ့်သုပ်

ပဲသီးအဆိမ့်သုပ်ဖို့ ပဲသီးကို အမြီး ခေါင်းဖြတ်ပြီး ပြုတ်ပါတယ်.. ပဲသီးအနေတော်ကျက်ရင် (မပျော့ပါစေနှင့်)  ရေအေးနဲ့ စိမ်ထားပါတယ်.. ပြီးနောက် လက်တစ်ဆစ် အတိုင်း ဖြတ်ပြီး မြေပဲဆန်၊ဆီကျက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ဆားအချိုမှုန့်တို့နဲ့ သုပ်လို့ ရပါပြီ။ အစပ်ကြိုက်ရင် ငရုပ်သီးထည့်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးပဲငပိ



ငါးပဲငပိ

ငါးကို အကောင်မပျက်အောင် ကြော်ပါတယ်.. ပြီးနောက် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနီကိုဆီသတ် ပဲငပိခပ်များများ ထည့်ပြီး မီးအေးအေးဖြင့် ကြော်ပါတယ်.. ကြက်သွန်မြိတ်ကိုထည့်ပြီး အစောက ကြော်ထားတဲ့ငါးကို ဟိုဘက်ဒီဘက် ပြန်ထည့်ကြော်ပြီး ပန်းကန်တစ်ခုထဲ ထည့်လိုက်ရင် ငါးပဲငပိကြော်ရပါပြီ။


ငါးငရုပ်သီးထောင်း


ငါးကြော် ငါးချက်စားရတာ ငြီးငွေ့သူများအတွက် ငါးကို ငရုပ်သီးထောင်းလို့ရပါသေးတယ်.. ခပ်ကြွပ်ကြွပ် ကြော်ထားတဲ့ငါးကို ခေါင်းနဲ့ အရိုးကိုဖယ်ထုတ်ပြီး ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ငရုပ်ပွ မီးကင်တို့နဲ့ ရောထောင်းပါတယ်.. ဆားအချိုမှုန့် နံနံပင်တို့ထည့်လိုက်ရင် ငါးငရုပ်သီးထောင်း ရပါပြီ။
~~~~~~~~~~~~~~~~~~~~~~
ဂျူးမြစ်ထောင်း



ဂျူးမြစ်ထောင်း

ဂျူးမြစ်ကို ရေစင်စင်ဆေးပြီး အပိုင်းအပိုင်းဖြတ်ထားပါမယ်... ငရုပ်သီး၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီး ဂျူးမြစ်ကို ဆားအချိုမှုန့်၊ နံနံပင်တို့နဲ့ရောထောင်းလိုက်ပါမယ်..  ပန်းကန်းတစ်ခုထဲ ထည့်လို့ ဆီစိမ်းလေးဆမ်းပြီး စားသုံးနိုင်ပါပြီ။ ပုဇွန်ခြောက်အစား ငါးခြောက်အသားကိုလည်း ထည့်ထောင်းလို့ ရပါသေးတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝဥသုပ်

ကျွန်မတို့ကချင်ပြည်နယ်မှာ ၀ဥ အတော်ပေါပါတယ်.. တောထဲတောင်ထဲမှာ အလေ့ကျ ပေါက်သလို အိမ်တွေမှာလည်း မစိုက်ဘဲ ပေါက်တတ်ပါတယ်.. အဲဒီ ခပ်ကြီးကြီး ဥတွေကို ပျော့အိအောင် ပြုတ်ပြီး အခွံခွာ၊ အသားကိုနယ်ပြီး ညက်အောင်ထောင်းပါတယ်.. ငရုပ်သီး၊ နံနံပင် ၊ ထုံးရေကြည်အနည်းငယ်နှင့် ဆားထည့်ပြီး ပြန်ပေါင်းထားတာကို ၀ပေါင်းလို့ ခေါ်ပါတယ်..



ဝပေါင်းပါ။

အဲဒီဝပေါင်းကို အတုံးလေးတွေတုံးပြီး ၀က်ရိုး၊ ကြက်ရိုးတို့နဲ့ ဟင်းချို ချက်စားလို့ရသလို သုပ်စားလို့လည်း ရပါတယ်..  ၀ဥသုပ်ပုံက အခြားအသုပ်တွေအတိုင်းဘဲ ဖြစ်ပါတယ်..၀ဥပေါင်းကို ပါးပါးရှည်ရှည်လှီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ဆားအချိုမှုန့်၊ ငရုပ်သီး၊  နံနံပင်၊ သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ရင် ချဉ်စပ် ၀ဥသုပ်ရပါပြီ။


ဝသုပ်ပါ။  ( ၀တုတ် မဟုတ်ပါ)  :)

ဝဥ


ဘာမှ မလုပ်ရသေးတဲ့ ၀ဥပါ။ သူ့အရွယ်က  ရွှေဖရုံသီး တစ်လုံးထက်တောင် ကြီးတတ်ပါသေးတယ်..

ကျွန်မတို့အရပ်မှာ ၀ဥကို ရွှေဖရုံသီးလို ဆီပြန်ချက်စားကြပါသေးတယ်..  လယ်လုပ်ချိန်ဆို ကောက်စိုက်သူအများကြီးကို ဒီလို ၀ဥတွေကို အခွံခွာ အတုံးလေးတွေလုပ်ပြီး ကြက်သွန်ဖြူနီ ဆီသတ်လို့ စိမ်းစားငပိလေး အနည်းငယ်ထည့်ပြီး ၀ဥကိုထည့် ဆား၊ အချိုမှုန့်၊ ရေထည့်ပြီး ၀ဥနူးပြီဆို ရေခမ်းအောင်တည်ပြီး ဆီပြန်နေအောင် ချက်ကျွေးကြပါတယ်..


ဘလော်ဂါမကောင်းမွန်ဝင်း ကတော့ ဂျပန်လူမျိုးတွေဟာ ၀ဥကို နည်းအမျိုးမျိုးနဲ့ လုပ်စားကြတယ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြထားပြီးတော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတာမို့ ဂျပန်လူမျိုးတွေက ၀ဥကို အတော်အစားများတယ်လို့ သူ့ပိုစ့်ထဲမှာ ရေးထားတဲ့အပြင် မြန်မာ လူမျိုးတွေလည်း များများ စားသင့်ကြောင်းကို တိုက်တွန်းထားပါတယ်.. စိတ်ဝင်စားမယ်ဆိုရင် မကောင်းမွန်ဝင်း ရေးထားတဲ့ ၀ဥ အကြောင်းကို ( ဒီနေရာမှာ ) သွားဖတ်လို့ ရပါတယ်.. မြန်မာပြည်ကနေလည်း ဂျပန်ကို ၀ဥ Export လုပ်ကြတာ ရှိပါတယ်.. တရုတ်ကလည်း ၀ဥကို အတော်လေး ၀ယ်ပါတယ်.. မာလာခေါက်ဆွဲကို ၀ဥကနေ လုပ်တယ်လို့ သိရပါတယ်.. ဒီလိုဆို အကျိုးများပြီး အရသာလည်း ရှိတဲ့ ၀ဥကို များများ စားကြရအောင်နော် .....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟင်းအမယ်တွေ သိပ်များသွားမှာစိုးလို့ ဒီလောက်နဲ့ဘဲ ရပ်ပါမယ်.. နောက်ကြုံတဲ့အခါ ဒေသအစားအစာ အခြားဟင်းလျှာများကို အလျဉ်းသင့်ရင် ဖော်ပြပေးပါဦးမယ်ရှင်။


ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်။


ဘ၀လမ်းပေါ်က အမှိုက်ကားများ



တစ်ရက်မှာ ကျွန်တော်ဟာ အရေးပေါ်ဧည့်သည်တစ်ယောက် ကြိုဖို့ရှိတာနဲ့  လေဆိပ်ကိုသွားဖို့ရာ အချိန်ကြာကြာ ကားမမောင်းချင်တာနဲ့  တက္ကစီတစ်စီး ငှားဖို့ စိတ်ကူးလိုက်ပါတယ်.... ဒါနဲ့ အိမ်ရှေ့အရောက်မှာ တက္ကစီတစ်စီး ကျွန်တော့်ရှေ့လာရပ်တာနဲ့ ကားပေါ် တက်လိုက်ပါတယ်.. ကျွန်တော်ငှားစီးလာတဲ့ ကားဆရာက ခပ်မှန်မှန်လေးနဲ့ ညာဘက်လမ်းကြောင်းအတိုင်း မောင်းလာပါတယ်.. လေဆိပ်သွားတဲ့ လမ်းဟာ လမ်းမကြီးဖြစ်တာကြောင့် ယဉ်ကြောတွေက သူ့လမ်းနဲ့သူ အရှိန်နဲ့ မောင်းနေကြပါတယ်။

အဲဒီအချိန်မှာ ညာဘက် လမ်းကွေ့တစ်ခုကနေ ကားအနက်တစ်စီးဟာ လမ်းရှင်းမရှင်း သေချာမကြည့်ဘဲ အရှိန်နဲ့ မောင်းထွက်လာပါတော့တယ်.. ကျွန်တော်တော့ တိုက်ပြီ လို့ပါးစပ်က အော်လိုက်မိပြီး မျက်စိကို စုံမှိတ်လိုက်မိပါတယ်.. ဒါပေမဲ့ ကျွန်တော်မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်တို့ကားဟာ လမ်းဘေးမှာ ရပ်နေပါပြီ။ တက္ကစီမောင်းသူက ဘရိတ်ကိုဆောင့်နင်းပစ်လိုက်ပြီး ကားလက်ကိုင်ကို လမ်းဘေးဆွဲချလိုက်တာကြောင့် ကျွန်တော်တို့ကားဟာ တာရာပွတ်ဆွဲသံ အကျယ်ကြီးမြည်ပြီး လမ်းဘေးမှာ ထိုးရပ်သွားခဲ့ပါတယ်..  ကျွန်တော် စီးလာတဲ့ ကားဆရာရဲ့ ကျွန်းကျင်မှုနဲ့ သတိရှိမှုကြောင့်သာ ယဉ်တိုက်မှု ဖြစ်မသွားခဲ့ရတာပါ။ လမ်းကွေ့က ထွက်လာတဲ့ ကားရဲ့ ဘေးကနေ၀င်တိုက်ဖို့ရော အနောက်က အရှိန်နဲ့ မောင်းလာတဲ့ကားက ၀င်ဆောင့်တာကိုခံရဖို့ရော သီသီလေး လွတ်သွားခဲ့ရပါတယ်။

ကျွန်တော်ထင်တာက ကျွန်တော့်တက္ကစီဆရာတော့ ဟိုဘက်က ကားသမားကို အော်ဟစ်တော့မယ်လို့ ထင်လိုက်ပါတယ်.. တကယ်တမ်း လမ်းစည်းကမ်းအရဆို လမ်းမကြီးပေါ်ကမောင်းလာတဲ့ ကျွန်တော်တို့ကားက အမှန်ပါ။ လမ်းသွယ်က ထွက်လာတဲ့ ကားတွေဟာ လမ်းမကြီးပေါ်မှာ ကားရှင်းမရှင်း အရင်ကြည့်ပြီးမှ ထွက်ရမှာ ဖြစ်ပါတယ်. ဒါပေမဲ့ အခုကျတော့ ပြောင်းပြန်ဗျာ...  လမ်းသွယ်ကထွက်လာတဲ့ ကားမောင်းသူက သူမှားမှန်းသိသိကြီးနဲ့ ကားထဲကနေ ခေါင်းထွက်ပြီး ကျွန်တော့်စီးလာတဲ့ တက္ကစီးသမားကို အော်ဟစ် ကြိမ်းမောင်းပါတော့တယ်.. ကျွန်တော်လည်း ကြည့်နေရင်း အတော်ကို ဒေါသထွက်သွားမိတယ်.. ဒါပေမဲ့ အံ့သြစရာက တက္ကစီမောင်းသူက ဘာမှ ပြန်မပြောဘဲ ရင်းရင်းနှီးနှီး ပြုံးပြလိုက်ပြီး လက်ကလေးတစ်ဖက်တောင် ဝှေ့ရမ်းပြလိုက်ပါသေးတယ်.. ကြည့်ရတာ တကယ့်ကို မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်သလိုမျိုးပါဘဲ။

ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ တက္ကစီသမားကို “ခင်ဗျားသူနဲ့ အရင်ကတည်းက သိနေတာလား” လို့ မေးလိုက်တော့ သူက “မသိပါဘူး .. တစ်ခါမှ မမြင်ဖူးခဲ့ဘူး” လို့ ပြန်ပြောပါတယ်။

“ဗျာ.. တစ်ခါမှလည်း မမြင်ဖူးဘူး ဟုတ်လား………  အံ့ရောဗျို့ ခင်ဗျားကိုတော့.. ကိုယ့်ကားကိုလည်း တိုက်မလိုဖြစ်အောင် သူ့ဘက်ကလည်း မှားသေးတယ် သူကလဲ ပြန်အော်သွားသေးတယ်.. ဒီလိုလူကို ခင်ဗျားက စိတ်မဆိုးတဲ့အပြင် မိတ်ဆွေတွေလိုတောင် နှုတ်ဆက်လက်ပြ လုပ်နိုင်သေးတယ်.. တကယ်ပါဘဲဗျာ.. ဟိုကားဆရာလုပ်ပုံက ကံကောင်းလို့ ကျုပ်တို့ ဆေးရုံမရောက်တာ”

ကျွန်တော့်စကားအဆုံးမှာ တက္ကစီမောင်းသူက အပြုံးလေးတစ်ချက်နဲ့ ကျွန်တော့်ဘက်ကိုလှည့်ကြည့်လိုက်ပြီး “ကျွန်တော်ကတော့ အမှိုက်ကားဥပဒေသ အတိုင်းဘဲ သဘောထား နေထိုင်တာပါဗျာ” လို့ ပြန်ပြောပါတယ်။

“ဗျာ…. အမှိုက်ကား ဥပဒေသ ဟုတ်လား………… ခင်ဗျားဟာက အဆန်းပါလားဗျို့.. ကျွန်တော်တော့ တစ်ခါမှကို မကြားဖူးပါဘူး.. လုပ်ပါဦး .. အဲဒီအမှိုက်ကား ဥပဒေသကို ကျွန်တော်သိအောင် ရှင်းပြပါဦးဗျ ”

ကျွန်တော်က မေးလိုက်တော့ တက္ကစီသမားဟာ သူခံယူထားပါတယ်ဆိုတဲ့ အမှိုက်ကား ဥပဒေသကို ကျွန်တော့်ကို ရှင်းပြပါတော့တယ်။

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်.. သူတို့ တင်ဆောင်ထားတဲ့ အမှိုက်တွေက မပြေလည်မှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်တာတွေ၊ မာနတွေ၊ ဆိုတဲ့ အမှိုက်တွေဘဲ ဖြစ်တယ်.. အဲဒီလို စုံလင်လှတဲ့ အမှိုက်တွေကို ပြည့်လျှံနေအောင် တင်ဆောင်လာတဲ့ သူတို့ရဲ့ကားတွေဟာ ဒီအမှိုက်တွေကို သွန်ချဖို့ နေရာတစ်ခုခုတော့ လိုလိမ့်မယ်ဗျာ.. ဒီတော့ တစ်ခါတစ်လေမှာ အဲဒီအမှိုက်တွေကို လမ်းမှာ မတော်တဆတွေ့မိတဲ့ ခင်ဗျားအပေါ်လဲ လာသွန်ချမိတတ်တယ်.. အဲဒီလို အမှိုက်တွေကို ခင်ဗျားဆီ လာသွန်ချချိန်မှာ ခင်ဗျားက စိတ်တိုဒေါသထွက်ရင် သူတို့ဆီက အမှိုက်တွေကို လက်ခံယူသလိုမျိုး ဖြစ်သွားလိမ့်မယ်.. ပြီးတော့တစ်ခါ အဲဒီဒေါသအမှိုက်တွေကို ခင်ဗျားကသယ်ဆောင်သွားပြီး   ခင်ဗျားရဲ့ အလုပ်မှာ၊ အိမ်မှာ၊ လမ်းပေါ်မှာ စတဲ့ ကိုယ့်အနီးအနား ကိုယ့်ဝန်းကျင်က လူတွေကို ပြန်သွန်ချမိတတ်ပြန်ရော။ ဒီတော့ သူတစ်ပါးဆီက အမှိုက်တွေကို ခင်ဗျားက ပြန်ပြီး မသယ်ဆောင်သွားပါနဲ့။ မတော်တဆ လာသွန်ချမိတဲ့ သူတို့ကို အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်ပါ။ လက်လေးသာ ပြလိုက်ပါ. ပြီးရင် ခင်ဗျားလမ်းကို ခင်ဗျား ဆက်သွားလိုက်ပါ…   ဘ၀ဟာ တိုတိုလေးပါဗျာ.. ကိုယ်အသက်ရှင်နေထိုင်တဲ့ အချိန်တွေမှာ အမှိုက်တွေနဲ့တူတဲ့ ဒေါသမာနတွေ၊ မကျေနပ် မုန်းတီးမှုတွေ၊ မနာလို ၀န်တိုမှုတွေနဲ့ ပူလောင်မနေဘဲ အေးချမ်းပျော်ရွှင်စွာနဲ့ ကိုယ့်ရဲ့ အချိန်တွေကို ကုန်ဆုံးတာက အကောင်းဆုံးပါဘဲ .. ဒါကြောင့် ကျွန်တော် ကျင့်သုံးခံယူတဲ့ အမှိုက်ကား ဥပဒေသက သူတစ်ပါးဆီက အမှိုက်တွေကို လက်မခံသလို၊ ကိုယ့်ဆီက အမှိုက်တွေကိုလည်း သူတစ်ပါးကို ပြန်ပြီး မသွန်ချမိပါနဲ့... ဆိုတာပါဘဲ”

တက္ကစီမောင်းသူရဲ့ စကားအဆုံး ကျွန်တော် ကိုယ့်ကိုယ်ကို တော်တော်ရှက်သွားခဲ့မိပါတယ်.. သူပြောတာ သိပ်မှန်ပါလား.. ကျွန်တော်တို့ဟာ ကိုယ်တိုင်လည်း ဒေါသ၊မောဟ အမှိုက်တွေအပြည့် တင်ဆောင်ပြီး ဘ၀လမ်းပေါ်မှာ မောင်းနှင်နေသလို တစ်ခါတစ်ရံ သူများဆီက အမှိုက်တွေပါ ကိုယ်က လက်ခံလိုက်မိသေးတယ်။ ခုနက ကားသမားကို မကျေမနပ် ဒေါသတွေနဲ့ တုံ့ပြန် ပြောဆိုလိုက်မိရင် ဟိုဘက်ကလူကလည်း ပြန်လှန်ပြောဆိုရင်း မပြီးနိုင် မစီးနိုင်ဘဲ ကိုယ့်မှာ ဒေါသတွေ ပိုပိုထွက်လာရဖို့သာ ရှိပါတယ်… အဲဒီဒေါသတွေဟာ အလွယ်တကူ မပြေပျောက်နိုင်တော့ဘဲ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းခွင်တွေဆီ သယ်ယူသွားခဲ့မိတဲ့ခါ တစ်နေ့တာ လုပ်ငန်းခွင်မှာရော အိမ်မှာပါ အဆင်မပြေနိုင်တော့ဘဲ ထစ်ခနဲဆို အစောက ဒေါသထွက်ထားတဲ့အရှိန်နဲ့ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တော့ဘဲ စိတ်တို ဒေါသထွက်ဖို့သာ အဆင်သင့် ဖြစ်နေတတ်ပါတယ်.. ဒါဟာ ကျွန်တော်တို့ တကယ်ကြုံတွေ့ရတတ်တဲ့ အမှန်တရားတစ်ခုပါ။ တက္ကစီသမားရဲ့ အမှိုက်ကား ဥပဒေသဟာ သိပ်ကောင်းမွန်တဲ့ ဥပဒေသလေးပါဘဲ။ လေးစားလိုက်နာသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..  ကိုယ့်ကိုဒေါသတွေနဲ့ ဆက်ဆံလာတဲ့သူကို တန်ပြန်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ အေးချမ်းတဲ့ အပြုံးလေးနဲ့ တုံ့ပြန်လိုက်မယ်ဆို တစ်ဖက်က ဒေါသတကြီးဖြစ်နေသူလည်း ဒေါသအရှိန်တွေ လျော့သွားမှာ ဖြစ်သလို ကိုယ်တိုင်လည်း သူ့ရဲ့ဒေါသတွေ ကူးစက်ခြင်း မခံရတော့ဘဲ အေးချမ်းတဲ့စိတ်ကလေးနဲ့ ဆက်ပြီး နေသွားနိုင်မှာ ဖြစ်ပါတယ်.. လူတိုင်းဒီလိုသာ နေနိုင်မယ်ဆိုရင် ကမ္ဘာကြီးပေါ်က ပူလောင်နေတဲ့ လူသားတွေရဲ့ ဒေါသတွေ လျော့ကျသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်ဗျာ။


David J. Pollay ရဲ့ The Law of the Garbage Truck ကို နှစ်ခြိုက်မိသဖြင့် မိမိကိုယ်တိုင် ဆင်ခြင် ဖတ်ရှုနိုင်ဖို့ ဘာသာပြန်ပါသည်။

အမှိုက်ကင်းတဲ့နေ့ရက်များကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်။



သတိရနေတဲ့ မီးထွန်းပွဲတော်

သီတင်းကျွတ်ပြီ။


ဆီမီးဝါ၀ါထိန်ထိန်ဖြာ

သီတင်းကျွတ်ချိန်ခါ ရောက်ပြီဆိုရင် ဟိုးအရင်ကတော့ မိုးလေကင်းလွတ် သီတင်းကျွတ်ရယ်လို့ တင်စား ပြောဆိုတတ်ကြပါတယ်.. မိုးရာသီလဲကုန်လို့ လေတွေလဲ မတိုက်တော့ဘဲ ဆောင်းရာသီဘက်ကို ခြေလှမ်းစတင် ၀င်ရောက်ကာ အေးချမ်းတော့မဲ့ အနေအထားပါ။ ဒါပေမဲ့ ရာသီဥတုတွေကလည်း အစိုးမရတတ်တဲ့ သဘောအရ မိုးလေကင်းလွတ်ဆိုတဲ့ သီတင်းကျွတ်ချိန်ခါ ရောက်တော့မှဘဲ ဒီနှစ် သီတင်းကျွတ်ရက်မှာတော့ မြန်မာပြည်ရဲ့ တစ်ခုသော ကမ်းရိုးတန်းဘက်ကို မုန်တိုင်းက ၀င်ရောက်လို့ လာပါတော့တယ်.. မုန်တိုင်းအရှိန်နဲ့ ကျန်ပြည်နယ်တစ်ချို့တွေလဲ မိုးဒဏ်ကို ခံနေကြရပါပြီ။ ကြားရတာ စိတ်မကောင်းစရာပါ။ သူတို့တွေမှာတော့ သီတင်းကျွတ်ပွဲတော်ကို ဆင်နွဲနိုင်တော့မယ် မထင်ပါဘူး။ ဒီသီတင်းကျွတ် ချိန်ခါကိုတော့ လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ နွဲချင်ကြမှာပါဘဲနော်။ ကိုယ်တွေမှာလည်း မွေးရပ်မြေရဲ့ အဝေးမှာ ရောက်နေပေမဲ့ သီတင်းကျွတ်ဆိုတဲ့ အသံလေးကြားတာနဲ့ ကိုယ့်မွေးရပ်မြေရဲ့ ပျော်စရာ ဓလေ့စရိုက်များ၊ ပျော်ပွဲရွှင်ပွဲများကို မှတ်မှတ်ထင်ထင် သတိရမိတတ်ပါတယ်.. ဘယ်နေရာ ဘယ်အရပ်ကို ရောက်နေပါစေ.. ငယ်စဉ်ကတည်းက ဆင်နွဲခဲ့ရတဲ့ ကျွန်မတို့ဒေသရဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်ကို  မမေ့နိုင်ခဲ့တာ သေချာပါတယ်။ ကျွန်မတို့ဒေသမှာ ကျင်းပလေ့ရှိတဲ့ သီတင်းကျွတ်ပွဲတော်အကြောင်းကို  ဒီနေရာကနေ အမှတ်တရလေး ပြောပြချင်ပါသေးတယ်ရှင်။

ကျွန်မတို့ဒေသမှာ သီတင်းကျွတ်မရောက်ခင် ၂ပတ်လောက်အလိုကတည်းက သီတင်းကျွတ် ပွဲတော်အတွက် အသက်အရွယ်အလိုက် အလုပ်စပြီး ရှုပ်ကြပြီ ဖြစ်ပါတယ်.. ပထမဦးဆုံး အပျိုလူပျိုအဖွဲ့၊ မယ်ခိင်လို့ ရှမ်းလိုခေါ်ကြတဲ့ အိမ်ထောင်သည်တွေအဖွဲ့၊ အဖိုးအဖွားတွေအဖွဲ့ စသဖြင့် အဖွဲ့လိုက် သူ့အဖွဲ့နဲ့သူ အဖွဲ့ခေါင်းဆောင် လုပ်သူတွေက အစည်းအဝေးတွေ ခေါ်ယူကြပါတယ်.. အစည်းအဝေးမှာတော့ အုပ်စု တွေခွဲပြီး သီတင်းကျွတ်ပွဲတော်အတွက် သူ့ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်ကြဖို့ လုပ်ငန်းများ ခွဲဝေသတ်မှတ်ကြပါတယ်.. အပျိုလူပျိုအဖွဲ့က လာသမျှ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးဖို့ တာဝန်ယူရပြီး အိမ်ထောင်သည် အဖွဲ့က ချက်ပြုတ်ရေးနဲ့ သံဃာတော်များ ဆွမ်းကွမ်းကိစ္စ တာဝန်ယူရကာ အဖိုးအဖွားတွေကတော့ လပြည့်နေ့ညမှာ ကျွန်မတို့ဒေသရဲ့ ဥရုချောင်းအတွင်း ဆီမီးတစ်ထောင် မျှောနိုင်ဖို့ ဆီမီးခွက် လုပ်ဖို့ ကိစ္စတွေမှာ တာဝန်ယူရပါတယ်.. အပျိုလူပျိုအုပ်စုရဲ့ ဧည့်ခံရေးမှာမှ ဟင်းခွက်ဖြည့်တဲ့သူ၊ သောက်ရေနဲ့ လက်သုပ်ပုဝါ တာဝန်ယူတဲ့သူ၊ စားသောက်ပြီး ပန်းကန်များကို လိုက်လံသိမ်းဆည်းသူ၊ ပန်းကန်ဆေးသူ စသဖြင့် အုပ်စုငယ်များ ထပ်မံခွဲရပြန်ပါတယ်။ အဲဒီရက်တွေမှာ အနီးတစ်ဝိုက်က တောတောင်တွေမှာ မုဆိုးမလက်ဘက်ရွက် အခူးထွက်သူက ထွက်ကြရပါတယ်.... ကျွန်မတို့ဘက်မှာ လက်ဘက်ပင် ရှားပါးတဲ့အတွက် ပေါပေါများများ ရှိတတ်တဲ့ မုဆိုးမလက်ဘက်လို့ခေါ်တဲ့ အရွက်ကို အသုံးပြုကြပါတယ်..

တာဝန်ခွဲဝေထားတဲ့အတိုင်း အသက်ကြီးတဲ့ အဖိုးအဖွားတွေ၊ အန်တီတွေအရွယ်တို့က ရောင်စုံစက္ကူလေးတွေ ဖြတ်ညှပ်ပြီး မီးခွက်လေးတွေ လုပ်ကြပါတယ်.. ဆီမီးတစ်ထောင်လို့ အလွယ်တကူခေါ်ကြပေမဲ့ တကယ်တမ်းတော့ ဆီမီးခွက်ကလေးတွေဟာ တစ်ထောင်မကအောင် များပြားပါတယ်.. အနီ၊ အပြာ၊ အ၀ါ၊ အစိမ်း အိုး.. အရောင်လေးတွေမှ စုံနေတာပါဘဲ ချစ်စရာ ရောင်စုံ ဆီမီးခွက်ကလေးတွေပေါ့နော်။ ပြီးတော့ အပ်ချည်ကြိုး ခပ်တုတ်တုတ်တွေကို မီးစာအဖြစ် ကျစ်ရပါတယ်..  ပြီးတော့မှ အဲဒီမီးစာလေးတွေကို ဆီမီးခွက်အတွင်းမှာ ကော်လေးတွေနဲ့ လိုက်ကပ်ရပါတယ်.. ဒီလိုဆိုရင် စက္ကူခွက်ကလေးထဲ ဆီဖြည့်ပြီး မီးစာမှာ မီးညှိလိုက်တာနဲ့ ဆီမီးခွက်အဖြစ် ရေထဲမျှောလို့ ရပါပြီ။ ဆီမီးခွက်လုပ်တဲ့ ပညာကိုတော့ အသက်ကြီးတဲ့အဖွားတွေက ရပ်ရွာဓလေ့ထုံးစံမို့ အစဉ်အဆက်လုပ်လာကြတော့ သူတို့က လုပ်တတ်ကြပြီး အန်တီအရွယ်တွေကို ပြန်လည်သင်ကြား လက်ဆင့်ကမ်းပေးကြပါတယ်… မီးခွက်လေးတွေ ပြုလုပ်နေတဲ့ ဘုရားကျောင်းဆောင် ထဲမှာတော့ ပျော်စရာကောင်းလောက်အောင် စကားသံတွေ ဝေေ၀ဆာဆာ အကျွေးအမွေးတွေ အဖြာဖြာနဲ့ပါဘဲ။ လက်ဘက်သုပ်လို စားဖွယ်ရာတွေကလဲ အလျှံပယ်ပါဘဲ။ မုဆိုးမ လက်ဘက်ရွက်ကို ပြုတ်ပြီး အုန်းသီးကိုခြစ်ကာ မြေပဲဆန်၊ နှမ်းတို့နဲ့ အဆိမ့်သုပ်လို့ အလှူအတန်းတွေမှာ ကျွေးလေ့ရှိပါတယ်။



ဒီမီးခွက်လေးတွေက ကျွန်မတို့ ဒေသမှာ ပြုလုပ်လေ့ရှိတဲ့ ဆီမီးခွက်လေးတွေနဲ့ ဆင်ဆင်တူပါတယ်..

ရွာထဲက လူကြီးတစ်ချို့နဲ့ အရွယ်ရောက် ယောက်ျားတစ်ချို့ကျတော့ တောတောင်ထဲကို ၀ါးခုတ်ဖို့လူစုပြီး စီးစဉ်တိုင်ပင်ကြပါတယ်.. ခုတ်မဲ့ ၀ါးက ဖယောင်းတိုင်လေးတွေ ထည့်ပြီးမီးထွန်းလို့ရမဲ့ လက်တစ်လုံး သာသာ ထီးရိုးဝါးလို့ခေါ်တဲ့ ၀ါးလုံးသေးသေးလေးတွေ ဖြစ်ပါတယ်. အဲဒီဝါးလုံးတွေကို ခုတ်ယူလာကြပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ စုပုံထားကာ လူတစ်ရပ် မရှိတဲ့အမြင့်၊ ကလေးလူကြီး လူတိုင်းမီနိုင်တဲ့ အနေတော် အရွယ်လေးတွေ ပိုင်းဖြတ်ပြီး ကျယ်ဝန်းလှတဲ့ ကျောင်းဝင်းကြီးတစ်ခုလုံး အပြည့် လူသွားလမ်းကလေး ချန်ထားပြီး ၀ါးတိုင်လေးတွေကို စိုက်ကြပါတယ်.. တစ်ချို့နှစ်တွေဆို ၀င်္ကဘာတွေလုပ်ကာ ကျောင်းဝင်းထဲ လျှောက်ကြည့်တဲ့ သူတွေ မျက်စိလည်ပြီး ၀ါးတိုင်တွေကြား ခြာခြာလည်နေအောင်လည်း လုပ်ကြပါသေးတယ်..  ၀ါးခုတ်ကြတဲ့ ဓလေ့က ကျွန်မတို့ ငယ်စဉ်က ပြုလုပ်ခဲ့ကြတာပါ။ အဲဒီချိန်တုန်းက ကျွန်မတို့ အရပ်ဒေသမှာ တောတောင်တွေ ထူထပ်ပြီး သစ်ဝါးတွေလဲ အလွန် အင်မတန်မှ ပေါလှပါတယ်..  အခုနောက်ပိုင်းတော့ ကျောက်မျက်ရတနာ တူးဖော်တဲ့သူတွေကြောင့် တောတောင်တွေ ပြုန်းတီးပြီး ၀ါးတွေလဲ ရှားပါးလာတာကြောင့် ၀ါးခုတ်တဲ့ ဓလေ့ မရှိတော့ဘဲ ၁လက်မအကျယ် သစ်သားတန်းလေးတွေ ကျောင်းဝင်းပတ်ပတ်လည် ရိုက်ပြီး အဲဒီတန်းလေးတွေပေါ် မီးထွန်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်..

နောက် ရပ်ရွာရဲ့ တာဝန်ရှိသူ ခေါင်းဆောင်များ၊ အလှူအတန်း ရက်ရောသူများနဲ့ ဘာသာရေး အလှူအတန်းတွေ၊ ပွဲလမ်းသဘင်တွေမှာ ကမကထ ပြုလုပ်ကြတဲ့ လူကြီးတွေက အလှူငွေတွေ ကောက်ခံ စုဆောင်းပြီး  သီတင်းကျွတ်ပွဲမှာ ဘုရားဖူး၊ ဘုန်းကြီး ကန်တော့ လာရောက်ကြတဲ့ ရပ်ဝေးရပ်နီး အများသူငှာ အယုတ်အလတ်၊ အမြတ်မရွေးကို ကျွေးမွေးဖို့ စီစဉ်ပြင်ဆင်ကြပါတယ်.. ကျောင်းဝင်းကြီး ထဲက ချက်ပြုတ်ဆောင်ကြီးမှာ ဆန်အိတ်တွေ မြောက်များစွာ ၀ယ်ယူစုဆောင်းကြပါတယ်.. အချို့အလှူရှင်တွေလည်း ဆန်တွေကို အိတ်လိုက် လာလှူကြပါတယ်.. ဟင်းအဖြစ်ကျွေးမွေးဖို့ အသီးအရွက်၊ အခြောက်အခြမ်းတွေကို ၀ယ်ယူစုဆောင်းပါတယ်..  ( ဖရုံသီး၊ ပိန်းဥ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး ၊ ပဲသီး၊ ငါးချဉ်) စသဖြင့် အများအပြားပါဘဲ။ ထင်း၊မီးသွေးတွေလဲ တောင်ပုံရာပုံ ကြိုတင် စုဆောင်းထားရပါတယ်.. ချက်ပြုတ်ရာမှာ ပါဝင်မဲ့သူများကလည်း အိုးကြီးခွက်ကြီးတွေ သယ်ယူကြ၊ ညအိပ်ထမင်းချက်ဖို့ နေရာတွေဦးကြနဲ့ ပျော်ရွှင် တက်ကြွနေကြတာပါဘဲ။


ကျွန်မတို့အရပ်မှာ လပြည့်နေ့မရောက်ခင် အဖိတ်နေ့ညကနေကစလို့ အိမ်တိုင်း လမ်းတိုင်းမှာ မီးစထွန်းပါတယ်.. ဆီမီးခွက်တွေ၊ လျှပ်စစ်မီးတွေ၊ ဖယောင်းတိုင်မီးတွေနဲ့ တစ်မြို့လုံး တစ်ရွာလုံး တစ်လမ်းလုံးဟာ ထိန်ထိန်ညီးနေပါတော့တယ်.. စေတီပုထိုးတွေရှိရာ အရပ်တိုင်းဟာလည်း လျှပ်စစ်မီး ဖယောင်းတိုင်မီး အလင်းတွေနဲ့ ဘုရားဖူးသွားကြတဲ့ လူတွေနဲ့ စည်ကားနေတာပါဘဲ။ စေတီရှိရာ တောင်ပေါ်မှာလည်း မီးထွန်းလာကြသူတွေ၊ ဘုရားဖူးသူတွေ၊ လမ်းလျှောက်လာကြသူတွေနဲ့ ကြိတ်ကြိတ်တိုးရှိနေပြီး နေရာတိုင်းမှာ လူတိုင်းလူတိုင်းဟာ သူ့အုပ်စုနဲ့သူ လမ်းလျှောက်ကြ၊ ထွန်းထားတဲ့ မီးအလှတွေ လိုက်ကြည့်ကြနဲ့ အုန်းအုန်းကျက်ကျက် ရှိလှပါတယ်.. ၀ါးတိုင်တွေ၊ သစ်သားတန်းတွေ စိုက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာတော့ အများသူငါ လှူထားကြတဲ့ ဖယောင်းတိုင် ထုပ်ကြီးတွေကို ခြင်းကြီးခြင်းငယ်တွေနဲ့ သယ်ချလာပြီး ပျိုပျိုအိုအို လူကြီးလူငယ်အားလုံးက တိုင်တွေပေါ် လိုက်လံထွန်းညှိကြပါတယ်.. မီးထွန်းလို့ အားလုံး ပြီးတဲ့အချိန်မှာတော့ ဘုန်းကြီးကျောင်းဝင်းကြီး တစ်ခုလုံးဟာ ရွှေရောင်မီးလျှံတွေနဲ့ ၀င်းဝါထိန်လင်းပြီး ရှုမငြီးအောင် ဖြစ်စေပါတော့တယ်.. ကျောင်းဝင်းထဲက ဓမ္မာရုံကြီးမှာတော့ ပွဲကတဲ့ ဇာတ်တွေ အငြိမ်တွေ ရှိနေပြီး ဈေးသည်တွေရဲ့ ဆိုင်ခန်းတွေကလည်း ဓမ္မာရုံကြီးအနီးတစ်ဝိုက်နဲ့ လမ်းမကြီးပေါ်မှာ စည်ကားစွာ ရောင်းချနေကြပါပြီ။ ပွဲဈေးတန်းလျှောက်နေသူလည်း ကြိတ်ကြိတ်တိုးနေကြပါပြီ။ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ အထူးတလည် ပြင်ဆင်ထားတဲ့ လျှပ်စစ်မီးလှလှတွေ၊ ရောင်စုံမီးလုံးတွေ၊ ဘုန်းကြီးကျောင်းဝင်းထဲ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ချင်သူများအတွက် ဓာတ်ပုံဆိုင်တွေကလည်း လှသထက်လှအောင် ဆိုင်တွေကို ပြင်ဆင်ပြီး သူ့ထက်ငါ အပြိုင်အဆိုင် ရှိနေကြသလို  ဓာတ်ပုံရိုက်နေသူတွေကလည်း မနည်းမနောပါဘဲ။

လပြည့်နေ့ညမှာတော့ ညနေကတည်းက လူတွေအားလုံးဟာ ခါတိုင်းထက်ပိုပြီး လှုပ်လှုပ်ရှားရှား ရှိနေကြပါတယ်.. အားလုံးမျှော်လင့်နေတဲ့ ဆီမီးခွက်မျှောပွဲ ပြုလုပ်မှာမို့ပါ။ ဘုန်းကြီးကျောင်းရေဆိပ်မှာတော့ ၀ါးဖောင်( ငှက်ပျောတုံးဖောင်) ပေါ်တင်ပြီး ပြသာဒ်တွေ မီးတွေထွန်းညှိ ပူဇော်ထားတဲ့ ရှင်ဥပဂုတ်ပုံတော်ကလည်း တင့်တယ်စွာ ရှိနေပါပြီ။ မီးခွက်တွေ မျှောတာနဲ့ ရှင်ဥပဂုတ်ဖောင်တော်ကိုလည်း မျှောချလိုက်မှာ ဖြစ်ပါတယ်.. ရေချောင်းဆိပ်ကမ်းတွေမှာ လူတွေအားလုံး ရောက်ရှိနေကြပြီး အိုးစည်ဒိုးပတ်အဖွဲ့ကလည်း ဆူညံစွာတီးမှုတ်အော်ဟစ်ရင်း အသံပေးနေကြပါပြီ။ အမှောင်ထုလေး သန်းလာတာနဲ့ ကောင်းကင်ယံမှာ တိမ်ကင်းစင်ဝင်းပနေတဲ့ လမင်းကြီးကလည်း တဖြေးဖြေး လင်းထိန်စပြုလာချိန်မှာတော့ ဆီတွေထည့်ထားတဲ့ အိုးတွေ၊ ဆီမီးခွက်ရောင်စုံထည့်ထားတဲ့ ခြင်းကြီးတွေကို လူအချို့က သယ်လာကြပြီးတာနဲ့ ဆီမီးခွက်ထဲ ဆီဖြည့်သူဖြည့်၊ မီးခွက်တွေကို မီးထွန်းညှိသူညှိနဲ့ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီး ချောင်းရေထဲမှာလည်း မီးခွက်ရောင်စုံလေးတွေ စတင်မျှောပါစ ပြုလာနေပါပြီ။ ညအမှောင်က စိုးမိုးလာပြီး လမင်းကြီးကလည်း ရွှန်းရွှန်းမြမြ ၀င်းဝင်းပပ သာချိန်မှာတော့ ဆီမီးခွက်တွေအားလုံး မီးညှိပြီးဖြစ်လို့ ချောင်းရေထဲ ရောက်ကုန်ပါပြီ။ အဲဒီချိန်မှာတော့ ဥရုချောင်းထဲမှာ တစ်လက်လက် စီးမျှောနေတဲ့ အရောင်စုံ ဆီမီးခွက်ကလေးတွေ တစ်လုံးချင်းစီ သော်လည်းကောင်း အစုလိုက်သော်လည်းကောင်း လှပစွာ တွေ့ရပါပြီ။ မီးခွက်ရောင်စုံလေးတွေ ကြားမှာမှ ရှင်ဥပဂုတ် ဖောင်တော်က တအိအိနဲ့ ခန့်ထည်စွာ မျှောလာပါတော့တယ်.. ရွာအောက်ဘက် တံတားပေါ်ကနေ အဲဒီမီးခွက်ရောင်စုံ မျှောလာတဲ့ ရှုခင်းကို စောင့်ပြီးကြည့်သူတွေကလည်း တံတားတစ်ခုလုံး အပြည့်ပါဘဲ။  ချောင်းရေပြင်ကျယ်တစ်လျှောက်လုံး မီးရောင်စုံလေးတွေ စီကာတန်းကာ ဝေ့ကာဝိုက်ကာ စီးမျှောနေပုံက သီတင်းကျွတ်ရဲ့ အလှဆုံး ညသာ ဖြစ်ပါတော့တယ်. ကျွန်မ ဘယ်ဒေသ ဘယ်အရပ်ဘဲ ရောက်ရောက် မမေ့နိုင်တဲ့ မြင်ကွင်းလေးလည်း  ဖြစ်ပါတယ်..

ဒီလပြည့်ညမှာဘဲ ကျွန်မတို့ အရပ်ဒေသရဲ့ ဓလေ့စရိုက်က လူကြီးမိဘတွေကို ကန်တော့ကြခြင်းဘဲ ဖြစ်ပါတယ်.. ဦးဆုံး အိမ်က အဖေအမေ၊ အဖိုးအဖွားတွေကို ငွေကြေးဖြစ်စေ၊ မုန့်၊ ချိုချဉ်၊ သီးနှံစတဲ့ နှစ်သက်ရာတွေနဲ့ အရင် ကန်တော့ကြပြီး အမျိုးအဆွေတွေဖြစ်တဲ့ သက်ကြီးရွယ်ကြီးတွေ၊ ဦးလေးအဒေါ်တွေကိုလည်း သူတို့အိမ်တွေကို သွားရောက်လို့  ကန်တော့ကြရပါတယ်.. ကျွန်မတို့မိသားစုဆို မောင်နှမတွေများတော့ အားလုံး စုစုစည်းစည်းနဲ့ ပျော်ပျော်ပါးပါး လူကြီးတွေကို လိုက်ကန်တော့ရတာ ပျော်စရာ၊ စိတ်ချမ်းမြေ့စရာ ကောင်းလှပြီး နှစ်စဉ်နှစ်တိုင်း မပျက်ကွက်တဲ့ ဓလေ့ထုံးစံလေးလဲ ဖြစ်ပါတယ်.. ကန်တော့သူတွေရဲ့ မျက်နှာမှာလည်း ပီတိအပြုံးတွေ ခြုံလွှမ်းနေသလို၊ ကန်တော့ခံရသူတွေရဲ့ မျက်နှာပေါ်မှာလည်း အပြုံးပီတိတွေက ဂွမ်းဆီထိသလို ပြုံးပျော်နေတတ်ကြပါတယ်.. ကျွန်မတို့မိသားစုမှာ တစ်ယောက်ယောက်က အဝေးမှာ ရောက်နေရင်တောင် မိခင်ဖခင်တို့ကို ကိုယ်ထိလက်ရောက် မကန်တော့နိုင်ပေမဲ့ သီတင်းကျွတ် ကန်တော့ငွေများ ပေးပို့ပြီး ကျန်တဲ့မောင်နှမတွေက မိဘတွေကို စုစုရုံးရုံး ကန်တော့တဲ့အလေ့ကို ဆက်လက် ပြုလုပ်ကြပါတယ်.. ဒီအလေ့အထလေးကိုလည်း အဝေးမှာ ရောက်နေတဲ့ မိသားစုတစ်ယောက် အနေနဲ့ လွမ်းဆွတ်လှပါတယ်.. ချစ်ခင်ရပါသော မိခင်ဖခင်တို့ကိုလည်း အဝေးကနေ ရည်မှန်းလို့ ဦးချ ကန်တော့ပန်း ဆင်လိုက်ပါတယ်ရှင်။

သီတင်းကျွတ် လပြည့်ကျော်တစ်ရက်ကစလို့ ဟိုဘက်ရွာ၊ ဒီဘက်ရွာ အပြန်အလှန် ဘုန်းကြီးကန်တော့ လာရောက်ကြတာမို့ အကျွေးအမွေး ဧည့်ခံကြိုဆိုရေးတွေနဲ့ နောက် သုံးရက် လေးရက်ကြာအထိ ချက်ကြပြုတ်ကြ၊ ကျွေးမွေးကြနဲ့ မအားလပ်ကြတော့ပါဘူး။ ကျွန်မတို့ဆီမှာ အလှည့်ကျ ဘုန်းကြီးကန်တော့တဲ့ ရက်ကို သတ်မှတ်ပါတယ်.. ဒီနေ့ကိုယ့်မြို့ကိုယ့်ရွာကို တစ်ခြားရွာက လာရင် အိမ်ရှင် မြို့ခံက ထမင်းကျွေးရပါတယ်.. စက်လှေတွေ၊ ကားတွေနဲ့ ရောက်လာကြတဲ့ မြို့ရွာအသီးသီးက ဘုန်းကြီးကန်တော့ လာကြသူများ လူပေါင်း ထောင်သောင်းအုပ်ကြီးကို မလစ်ဟင်းရအောင် တစ်ရွာလုံးက ထောင့်စေ့အောင် ကျွေးမွေးဧည့်ခံရတာ ဖြစ်ပါတယ်။ အများအားဖြင့် ကျွေးမွေးကြတဲ့ ဟင်းတွေက အရည်သောက်ကတော့ မယ်ဇလီဆန်လှော်ချက်တာ များပါတယ်.. တောအုန်းဆန်လှော် ဟင်းချိုလည်း ကျွေးတတ်ပါသေးတယ်..  အခြားဟင်းတွေကတော့ ငါးချဉ်နဲ့ ရောနှယ်ကာ ညသိပ်ပြီး နှပ်ထားတဲ့ ငှက်ပျောအူသုပ်၊ ငါးပိချက်အတို့အမြုပ်၊ တစ်ခါတစ်ရံ ၀က်သားနဲ့ ကျောက်ဖရုံသီး၊ ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ ဟင်းပေါင်းဟင်းလှော်၊ မျှစ်ချဉ်လှော်၊ ငရုပ်သီးထောင်း၊ ဘာလချောင်ကြော် စသဖြင့် ဟင်းတွေကို ဘယ်လောက်များတဲ့ လူတွေဖြစ်ပါစေ။ နိုင်အောင် ကျွေးမွေးဧည့်ခံကြရပါတယ်.. ဆန်အိတ်ပေါင်း ၄၀လောက်အထိ ကျွေးရတဲ့ နှစ်တွေ ရှိခဲ့ပါတယ်.. ထမင်းကျွေးတဲ့ နေရာတွေကလည်း ဘုန်းကြီးကျောင်းရဲ့ ၇နေရာ ၈နေရာမှာ အုပ်စုတွေခွဲပြီး ပြင်ဆင်ကျွေးမွေးကြတာပါ။ ကျွေးမွေးတဲ့ နေရာတိုင်းမှာလည်း လက်မလည်အောင် လူတွေ စည်ကားနေတတ်ပါတယ်။
နောက်ရက်တွေမှာ အခြားမြို့ရွာကို ကျွန်မတို့မြို့က ဘုန်းကြီးကန်တော့ သွားကြရပါတယ်.. ဘုန်းကြီးကန်တော့ သွားရောက်ကြမဲ့ လူများအတွက် ရပ်ရွာက ကားစက်လှေ စတာတွေ စီစဉ်ပေးပါတယ်.. အဲဒီမှာလည်း လာသမျှ ပရိတ်သတ်ကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးကြပါတယ်.. ထမင်းစားသောက်ပြီး မြို့ထဲ လျှောက်လည်ကြပတ်ကြ၊ အမျိုးတွေအိမ် သွားကြနဲ့ နေ့လည်တစ်နာရီလောက်မှာမှ ဘုန်းကြီးကျောင်းကို ပြန်လာကြပြီး ဘုန်းတော်ကြီးများကို ကန်တော့ကြပါတယ်.. လူများလွန်းတဲ့အတွက် အလွန်ကြီးမားတဲ့ ကျောင်းကြီးဟာ ပြည့်ကျပ်နေတာမို့ တစ်သုတ်ပြီးတစ်သုတ် ကန်တော့ကြရပါတယ်.. ဘုန်းကြီးတွေကလဲ အလှည့်ကျ တရားပေး၊ သီလပေးရပါတယ်.. ကျောင်းပေါ်မှာလည်း လှူတန်းထားကြတဲ့ လှူဖွယ်ပစ္စည်းတွေ တောင်ပုံရာပုံဖြစ်နေတာ မြင်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်.. မြန်မာလူမျိုးတွေရဲ့ အလှူအတန်းရက်ရောပုံကို အထင်းသားမြင်နိုင်တဲ့ ချိန်ခါလည်း ဖြစ်ပါတယ်.. ကန်တော့ပြီးတဲ့လူတွေက စောင့်ဆိုင်းနေတဲ့ စက်လှေများ၊ ကားများနဲ့ တစ်စီးပြည့်တိုင်း တစ်စီးပြည့်တိုင်း အလှည့်ကျ ထွက်ခွာလို့ ကိုယ့်မြို့ရွာကို ပြန်ကြပါတော့တယ်.. ညရောက်ချိန်မှာတော့ ဘုန်းတော်ကြီးကျောင်းမှာ မီးထွန်းသွားကြသူတွေက သွားကြသလို  အိမ်တိုင်းကလည်း မီးထွန်းကြပါတော့တယ်.. မီးအလှကြည့်ဖို့ လမ်းလျှောက်သူတွေ၊ ဗျောက်အိုးဖောက်သူနဲ့ မီးရှူးမီးပန်းလွှတ်ကြသူတွေ၊  ပွဲကြည့်သူတွေ၊ မီးအလှကြည့်သူတွေနဲ့ စည်ကားဆူညံနေတဲ့ သီတင်းကျွတ်ညတွေ ဖြစ်ပါတယ်..

နောက်ရက်မှာတော့ အရင်ရက်က ဘုန်းကြီးကန်တော့ မလာရသေးတဲ့ ရွာတွေမြို့တွေက ကျွန်မတို့ရဲ့ ရွာကလေးဆီ ထပ်ရောက်လာကြပြန်ပါတယ်.. ဒီတော့လည်း မမောနိုင် မပန်းနိုင် အကျွေးအမွေးနဲ့ ပြန်ဧည့်ခံကြရပြန်ပါတယ်..  ဘုန်းကြီးကန်တော့ လာရောက်ကြသူတွေကလည်း အတီးအမှုတ်တွေ အိုးစည်ဒိုးပတ်တွေ၊ ရှမ်းအိုးစည်တွေ၊ ဦးရွှေရိုး ဒေါ်မိုး စတဲ့ အကအလှတွေ ရှမ်းသိုင်းကသူတွေ စသဖြင့် စုံလင်လှပါတယ်.. လာတဲ့သူတွေလဲ ပျော်၊ ဧည့်ခံသူတွေမှာလည်း မောပေမဲ့ ပျော်ကြရပါတယ်.. ဘုန်းကြီးကျောင်းဝင်းထဲမှာလည်း လူတွေ ပြည့်ကြပ်ညှပ်နေအောင်ကို စည်ကားလှပါတယ်.. သီတင်းကျွတ်ပွဲတော်ရက် ဘယ်လောက်ကြာကြာ တစ်ရွာလုံးက ပျော်ပျော်ပါးပါးဆင်နွဲရင်း ဓလေ့ထုံးစံအလိုက် ကျင်းပကြတဲ့ ကျွန်မတို့ဒေသရဲ့ ချစ်စရာ မီးထွန်းပွဲတော် ရက်များဘဲ ဖြစ်ပါတယ်..



ဒါတွေဟာ ကျွန်မရဲ့ မွေးဖွားရာ ဇာတိဒေသဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသအနီးတစ်ဝိုက်က ကျေးရွာတွေရဲ့ သီတင်းကျွတ်ပွဲတော် အကြောင်းလေးပါ။ ကျွန်မကိုယ်တိုင်က သတိရနေတာဖြစ်သလို အခြားသူများကိုလည်း ပြန်လည် မျှဝေချင်တာကြောင့် အမှတ်တရ ရေးတင်ဖြစ်တာပါ။ အားလုံးလည်း သီတင်းကျွတ်မှာ ပျော်ရွှင်ကြပါစေ။ မိဘဆရာ ဘိုးဘွား လူကြီးသူမများကို ကန်တော့ပန်းဆင်နိုင်ကြပါစေရှင်။


ပုံတွေက ရိုက်ထားတာ မရှိလို့ Google ကနေ ရှာတင်ထားတာ ဖြစ်ပါတယ်.

လက်ကိုင်ဖုန်းရဲ့ အန္တရာယ်များ

လက်ကိုင်ဖုန်းအသုံးပြုသူများအနေနဲ့ သိမှတ်ဖွယ် ဆောင်ရန်ရှောင်ရန် တစ်ချို့ကို ကျွန်မ ရှာဖွေ ဖတ်ရှုမိတာလေး ပြန်လည် ဝေမျှပေးချင်ပါတယ်..

 

၁. ကလေးများကို အရေးပေါ်ကိစ္စမှ တစ်ပါး အခြားကိစ္စများအတွက် လက်ကိုင်ဖုန်း အသုံးပြုခွင့် မပေးသင့်ပါ။  ကလေးများ၏ ဦးခေါင်းခွံသည် လူကြီးများနှင့်စာလျှင် အလွန်းပါးလွှာပြီး ဦးနှောက်တွင်လည်း လူကြီးထက်စာလျှင် အရည်ပါဝင်မှု ပိုမို များပြားသောကြောင့် လက်ကိုင်ဖုန်းမှ ထုတ်လွှင့်သော လျှပ်စစ်လှိုင်းများမှာ ကလေးများ၏ ဦးနှောက်အတွင်းသို့ အလွယ်တကူ လျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်ပါသည်။ သင်၏ကလေးတွင် လက်ကိုင်ဖုန်း ရှိနေပါကလည်း ၄င်း လက်ကိုင်ဖုန်းကို ခေါင်းအုံးအောက်တွင် ထား၍ အိပ်စက်ခြင်းကို အထူးရှောင်ကျဉ်စေလိုပါသည်။

ဦးနှောက်ကင်ဆာဖြင့် သေဆုံးသူ ကလေးအရေအတွက်သည် အခြားကင်ဆာဖြင့် သေဆုံးသော အရေအတွက်ထက် ပိုမိုမြင့်မားလျှက် ရှိနေပါသည်။ ( Sydney TV News Report)

ဦးနှောက်ကင်ဆာသည် အသက်၁၅နှစ်အောက် ကလေးများနှင့် အသက် ၃၄နှစ်အောက် လူငယ်များအတွက် ဒုတိယ သေနှုန်းအများဆုံး ရောဂါတစ်ခု ဖြစ်လာနေပါသည်။ ( Neurologychannel.com)

 

၂.ကိုယ်ဝန်ဆောင် မိခင်လောင်းများ (သို့မဟုတ်) ကိုယ်ဝန်ရှိနေသည်ဟု သံသယ ဖြစ်သောသူများ လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏ ကိုယ်တွင်းရှိ ဖွံ့ဖြိုးဆဲ သန္ဓေသားလောင်းသည် အလွန်နူးညံ့ သိမ်မွေ့လွန်းသောကြောင့် လက်ကိုင်ဖုန်းမှ ဖြာထွက်လာသော လျှပ်စစ်သံလိုက်လှိုင်းများသည် ၄င်း ဖွံ့ဖြိုးစ သန္ဓေသားလောင်းအား ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ ကလေးငယ်လေးများကို ပွေ့ပိုက်ထားရင်းဖြင့် သော်လည်းကောင်း၊ လွယ်ပိုးထားရင်းဖြင့်သော်လည်းကောင်း လက်ကိုင်ဖုန်းပြောခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါသည်။ မလွှဲမရှောင်သာသော အရေးပေါ်ကိစ္စများတွင်သာ တိုတိုနှင့်လိုရင်းသာ ပြောဆိုသင့်ပါသည် ။



၃. လက်ကိုင်ဖုန်းကို အချိန်ကန့်သတ်ပြီးမှပြောပါ။ အချိန်ကြာကြာ ပြောခြင်းကို ရှောင်ကျဉ်ပါ။ အချိန်ကြာကြာပြောလေ ဦးနှောက်ကင်ဆာ၊ မျက်စိကင်ဆာ ဖြစ်နိုင်ခြေ ပိုများလေ ဖြစ်သည်ဟု သိရပါသည်။ လက်ကိုင်ဖုန်းဖြင့် စကားပြောလျှင် တိုတိုနှင့် လိုရင်းပြောကျင့် ပြုလုပ်ပါ ။ ဖုန်းပြောချိန် ကန့်သတ်ခြင်းသည် သင်၏ ငွေကြေးကိုသာ အကုန်အကျ သက်သာစေသည်မဟုတ်။ သင်၏ ကျန်းမာရေးကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။

၎. သင်၏လုပ်ငန်းခွင်နှင့် အချိန်ကြာကြာ စကားပြောရသည့် နေရာများအတွက် ရိုးရိုးကြိုးဖုန်းကိုသာ အတတ်နိုင်ဆုံး အသုံးပြုပါ။ ကြိုးမဲ့ cordless ဖုန်းများသည်လည်း လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု အလွန်မြင့်မားပြီး အသုံးမပြုချိန်မှာတွင်ပင် လှိုင်းများ ဖြာထွက်နေဆဲ ဖြစ်ပါသည်။

၅.လက်ကိုင်ဖုန်းကို ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးဝေးထားပါ။  ဖုန်းပြောလျှင်လည်း မိမိဦးခေါင်းနှင့် အနည်းဆုံး ၂လက်မခန့်ခွာ၍ ပြောခြင်းဖြင့် ဦးနှောက်သို့ လျှပ်စစ်သံလိုက်လှိုင်းများ ရောက်ရှိခြင်းကို ၇၅%နှုန့်ခန့် ကာကွယ်ပြီးသား ဖြစ်စေနိုင်ပါသည်။ ဒေါက်တာ ဂျော့ခ်ျကားလို၏ အကြံပေးချက်မှာ လက်ကိုင်ဖုန်းကို မည်သည့်အချိန်တွင်ဖြစ်စေ ကိုယ်ခန္ဓာနှင့် အနည်းဆုံး ၆လက်မ ၇လက်မခန့် ဝေးဝေးထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

၆. အပြင်သွားလျှင် လက်ကိုင်ဖုန်းကို ခါးပတ်တွင် ချိတ်သွားခြင်း၊ လက်တွင်းကိုင်ဆောင်သွားခြင်း၊ အင်္ကျီအိတ်ထောင်များအတွင်း ထည့်သွားခြင်းတို့ကို ရှောင်ကျဉ်သင့်ပါသည်။ ၀မ်းဗိုက်ရှိ ခန္ဓာကိုယ်တစ်ရှူးများသည် ဦးခေါင်းထက်ပို၍ လျှပ်စစ်လှိုင်းများကို ပို၍လျှင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် အမျိုးသားများတွင်လည်း  ကလေးရရှိရန် အခွင့်အရေး နည်းပါးခြင်းမျိုး ဖြစ်နိုင်ပါသည်။ မဖြစ်မနေ အိတ်အတွင်းထည့်ယူသွားဖို့ လိုအပ်လာလျှင် လက်ကိုင်ဖုန်း ကီးပက်( Key Pad) ကို ခန္ဓာကိုယ်နှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ထား၍ သယ်ယူသွားခြင်းက ဖုန်းအဲန်တင်နာနှင့် မျက်နှာချင်းဆိုင် မဖြစ်စေနိုင်တော့ပါ။

၇. လက်ကိုင်ဖုန်းပြောလျှင် နားကြပ်များအသုံးပြုခြင်း၊ လက်ကိုင်ဖုန်းမှ သီချင်းများကို နားကြပ်ဖြင့် အချိန်ကြာမြင့်စွာ နားထောင်ခြင်းတို့သည်လည်း လက်ဖြင့်ကိုင်၍ ဖုန်းပြောခြင်းထက် သုံးဆပိုပြီး နားနှင့် ဦးနှောက်ကို လျှပ်စစ်သံလိုက်လှိုင်းများ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ကိုင်ဖုန်းများအတွက် ထုတ်လုပ်ထားသော နားကြပ်များမှာ အဲန်တင်နာသဖွယ် ဖြစ်စေသောကြောင့်  လျှပ်စစ်လှိုင်းများမှာ နားအတွင်းသို့ တိုက်ရိုက် ၀င်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လက်ကိုင်ဖုန်းဖြင့် နားကြပ်ကိုအသုံးပြု၍ သီချင်းနားထောင်ခြင်းကို ရှောင်ကျဉ်သင့်ပါသည်။

၈. ဖုန်းပြောလျှင် နားနှင့် တိုက်ရိုက်ကပ်ပြောခြင်းထက် စပီကာဖွင့်၍ ပြောခြင်းက သင့်အတွက် ပို၍ အန္တရာယ်ကင်းစေနိုင်ပါသည်။ ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးခြင်းသည် မိမိကျန်းမာရေးအတွက် စိတ်အချရဆုံး အနေအထား ဖြစ်ပါသည်။ ဘလူးတု(ခ်ျ)ကို အသုံးပြု၍ ဖုန်းပြောခြင်းသည် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်ခြင်း အပုံတစ်ရာလျှင် တစ်ပုံသာ ရှိတော့သည်ဟု ဆိုသော်လည်း ဘလူးတုခ်ျကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည် ဟူ၍တော့ မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘလူးတုခ်ျကို အသုံးပြုလျှင် လျှပ်စစ်လှိုင်းများမှာ နားသို့တိုက်ရိုက် ၀င်ရောက်နိုင်သဖြင့် အသုံးပြုသူများ စဉ်းစားဖွယ် ဖြစ်ပါသည်။

.သတ္တုဖြင့် ပြုလုပ်ထားသော အလုံပိတ်အခန်းများ ဓာတ်လှေကား၊ လေယာဉ်ပျံ၊ မီးရထား၊ မြေအောက်ရထား၊ စက်ကိရိယာများ အတွင်းစသည်တို့နှင့် အခြား သတ္တုအဆောက်အဦးများတွင် လက်ကိုင်ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ သတ္တုအဆောက်အဦး အလုံပိတ်များသည်  လျှပ်စစ်လှိုင်းများအား ၄င်းတို့ထဲတွင် လှောင်အိမ်သဖွယ် ပိတ်မိနေစေကာ သင်နှင့် အခြားသူများအား ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ၄င်းနေရာများတွင် ရောက်ရှိနေပါက လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။

၁၀.ဆက်သွယ်မှုဧရိယာ ကောင်းမွန်စွာ မိသော နေရာတွင်သာ ဖုန်းပြောသင့်ပါသည်။ လိုင်းကောင်းစွာ မမိသောနေရာ၊ အရှိန်ဖြင့်သွားလာနေသော ကား၊ ရထား၊ လေယာဉ်ပျံ၊ မြေအောက်ရထား တို့ပေါ်တွင် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ ယင်းကဲ့သို့ အမြန်ပြေးလွှားနေသော နေရာများပေါ်မှ ဖုန်းပြောပါက အနီးဆုံး တယ်လီဖုန်းစတေရှင်သို့ ဆက်သွယ်နိုင်ရန် လက်ကိုင်ဖုန်းသည် ပါဝါပို၍ စိုက်ထုတ်ရသောကြောင့် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု ပိုမိုများပြားပါသည်။

၁၁.ညအိပ်ချိန်တွက် လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။ လက်ကိုင်ဖုန်း၊ လျှပ်စစ်နာရီ၊ နိုးစက်နှင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များမှ ဖြာထွက်သော လျှပ်စစ်သံလိုက်လှိုင်းများသည် သင်၏ အိပ်စက်ခြင်းကို အနှောက်အယှက် ပေးနိုင်ပါသည်။ ထို့ကြောင့် အိပ်စက်ချိန်တွင် လက်ကိုင်ဖုန်းကို ပိတ်ထားခြင်း၊ အခြား လျှပ်စစ်ပစ္စည်းများအားလည်း မိမိနှင့်ဝေးရာနေရာ(အနည်းဆုံး ၆ပေခန့်အကွာ)တွင် ထားသင့်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ကိုင်ဖုန်း အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှု ရှိမရှိဆိုတာ နိုင်ငံအချို့မှာ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်.. တယ်လီဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကတော့ သူတို့ စီးပွားရေးကျဆင်းမှာ စိုးတဲ့အတွက် လက်ကိုင်ဖုန်းဟာ ဘာအန္တရာယ်မှ မရှိကြောင်း ခုခံပြောဆိုနေကြပေမဲ့ အသက်ကို ဥာဏ်စောင့်၍ မိမိကျန်းမာရေးကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေရှင်။


(Important Tips for Cell Phone Users) Source from Funzug.com

ဆန်းဆန်းပြားပြား ကျောက်တုံးကျောက်ဆောင်များ

ကမ္ဘာတစ်လွှားမှာ ထူးထူးခြားခြား ပုံသဏ္ဍာန်တွေကြောင့် ထင်ရှားကျော်ကြားတဲ့ ကျောက်တုံးတွေ အကြောင်း ပြောပြချင်ပါတယ်ရှင်။ လူတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝရဲ့ စွမ်းအားများကြောင့်း စိတ်ဝင်စားဖွယ် ဆန်းဆန်းပြားပြား ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နေရာ အနှံ့အပြား ၁၀ နေရာက ဆွဲဆောင်မှုအား အကောင်းဆုံး ကျောက်တုံး ကျောက်ဆောင်များ အကြောင်းဖြစ်ပါတယ်.. အဲဒီ ကမ္ဘာတစ်လွှားက ထူးထူးခြားခြားအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ ကျောက်တုံးတွေထဲမှာ ကျွန်မတို့ မြန်မာနိုင်ငံက ကျိုက်ထီးရိုးစေတီတည်ထားတဲ့ ကျောက်တုံးဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။

Golden Rock ( Myanmar)



ကြည်ညိုဖွယ်ရာ အဆင်းဖြင့် ကမ္ဘာ့အံ့ဖွယ် ကျိုက်ထီးရိုးစေတီတော်

ခပ်စောင်းစောင် အနေအထားဖြင့် မည်သည့် အထောက်အကူမှ မပါဘဲ သဘာဝရဲ့ ဆန်းကျယ်မှုဖြင့် ရပ်တည်နေသော စေတီတော်ကြီး

အဝေးက ကြည့်လျှင် လွမ်းမောဖွယ် တွေ့မြင်ရတဲ့ စေတီတော်

မွန်ပြည်နယ် ကျိုက်ထိုအနီးတွင် တည်ရှိပြီး နိုင်ငံခြားသားများက Golden Rock လို့ခေါ်ဆိုကြတဲ့ ကျိုက်ထီးရိုးစေတီဟာ တွေ့မြင်ရသူတိုင်း မအံ့သြဘဲ မနေနိုင်လောက်အောင် ထူးခြားတဲ့ ကျောက်တုံးစေတီတော် ဖြစ်ပါတယ်။ စေတီတော် တည်ရှိရာ ကျောက်တုံးဟာ လုံးပတ် ပေ ၅၀ ကျယ်ဝန်းပြီး ဂရင်းနိုက်ကျောက် အမျိုးအစားဖြစ်ကာ စေတနာအလှူရှင်များက လှူဒါန်းတဲ့ ရွှေဆိုင်းများကြောင့် ကြည်ညိုဖွယ်ရာ ရွှေရောင်အဆင်းဖြင့် ၀င်းဝါနေပြီး စေတီတော်တစ်ဆူလုံးဟာ ဥာဏ်တော်အမြင့် ၁၈ပေ ရှိပါတယ်… ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ စေတီဖြစ်ပြီး အံ့မခန်းဖွယ် ထူးခြားမှုတွေကြောင့်  ပြည်တွင်း ဘုရားဖူးသူများနဲ့ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှု ကောင်းလှပါတယ်။ ကျိုက်ထီးရိုးစေတီဟာ ကြီးမားသော ကျောက်အစွန်းဖျားပေါ်မှာ ပြုတ်ကျလုတဲတဲ တည်ရှိနေပြီး ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ကြံ့ကြံ့ခံနိုင်သည့်နှယ် တည့်မတ်စွာ တည်ရှိနေတာ ဖြစ်ပါတယ်.. အဝေးက လှမ်းကြည့်လျှင် အောက်ကို ပြုတ်ကျသွားတော့မည်ဟုပင် ထင်ရလောက်အောင် ထူးဆန်းဖွယ် ရှိနေပြီး အင်အား အနည်းငယ်လေးဖြင့် တွန်းလိုက်ရုံမျှနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေသော်လည်း ရာသီဥတုဒဏ်၊ လေဒဏ်၊မိုးဒဏ် မည်မျှပင် ပြင်းထန်သော်လည်း မည်သည့် ထောက်ကူထိန်းမထားခြင်းမှ မပါဘဲ သဘာဝအတိုင်း ထိုကျောက်ဆောင် အစွန်းပေါ်မှာ ခိုင်ခိုင်မတ်မတ် တည်ရှိနေနိုင်တာကြောင့် ထူးခြားဆန်းပြားပြီး ကမ္ဘာကျော်ရခြင်းဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

The Wave (Arizona, USA)



တွန့်ကာ ကွေးကာ

လှိုင်းများ

ဒီလို ကပ်သီးကပ်သပ် လျှောက်ရပါတယ်.

အထပ်ထပ် အလွှာလွှာ


Coyote Buttes သဲကျောက်လွှာတွေဟာ  အမေရိက၊ အရီဇိုးနားပြည်နယ်ရှိ ကော်ရိုရာဒို ကုန်းပြင်မြင့်ဒေသမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေလှိုင်းပုံ ကျောက်လွှာများဖြစ်ပြီး လှပဆန်းကျယ်သော အရောင်အသွေးများနဲ့ ထူးထူးဆန်းဆန်း လှိုင်းတွန့်များလို အလွှာလွှာ အထပ်ထပ်နဲ့ ဖြစ်ပေါ်နေတာမို့ The Wave လို့ခေါ်ဆိုကြပါတယ်..  ခြေလျှင် တောင်တက် ခရီးဖြင့်သာ အဲဒီ ကျောက်လွှာတွေကို လှည့်ပတ်ကြည့်ရှုနိုင်ပြီး လှိုင်းတွန့်ကျောက်လွှာများဟာ ပတ်ပတ်လည် အနည်းဆုံး ၆မိုင်နီးပါး ကျယ်ဝန်းပြီး အမြင့်ဆုံးနေရာတွေဟာ ပေ ၃၅၀ ခန့် ရှိတယ်လို့ သိရပါတယ်.. တောင်တက်ဝါသနာပါသူများနဲ့ စွန့်စားခရီးသွားချင်သူများအတွက် စိတ်ဝင်စားဖို့ကောင်းလှတဲ့ နေရာတစ်ခု ဖြစ်သော်လည်း ၄င်းဒေသမှာ မည်သူမျှ ညအိပ်ခွင့် မရှိဘဲ တောင်တက်အတွေ့အကြုံ မရှိသူများအနေနဲ့လည်း သွားဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ ကျွမ်းကျင်တဲ့ လမ်းပြတွေ ငှားပြီးမှ သွားရောက်သင့်တဲ့ ဒေသဖြစ်ပြီး  ဆိုးဆိုးဝါးဝါး ခြောက်သွေ့လှတဲ့ ကန္တာရ ဒေသဖြစ်တာကြောင့် အစားအသောက်နဲ့ သောက်ရေကို ကိုယ်တိုင် သယ်ပိုးယူဆောင်သွားရတာ ဖြစ်ပါတယ်.. ဒါကြောင့် အဲဒီနေရာကို သွားဖို့အတွက် ခွင့်ပြုချက်ရဖို့ လပေါင်းများစွာ ကြိုတင်ပြီး လုပ်ထားဖို့လိုပြီးတော့ ၀င်ကြေးမှာ လူတစ်ဦးကို ၇ဒေါ်လာသာ ဖြစ်သော်လည်း တစ်ရက်ကို လူ၂၀ဦးသာ ၀င်ခွင့်ရသော သွားလာခွင့် ကန့်သတ်ထားတဲ့ နေရာဒေသ ဖြစ်ပါတယ်.. စိတ်ဝင်စားသူ များပြားလှသော်လည်း  ကန့်သတ်နယ်မြေ ဖြစ်တာကြောင့် သွားရောက်ဖူးသူ အရေအတွက်မှာ နည်းပါးလှပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Ayers Rock (Australia)




အဝေးက မြင်ရတဲ့ ကျောက်ကြီး ဧရာ



ဇလုံတစ်လုံး မှောက်ထားသလို

ကျောက်တောင်ကြီးကို ကိုးကွယ်ကြတဲ့ Anangu ခေါ် ဌာနေ ဒေသခံတိုင်းရင်းသား မျိုးနွယ်စု


ကျောက်တောင်ကြီးကို အပေါ်စီးက မြင်ရပုံ


Ayers Rock  ခေါ် Uluru  ဧရာမ ကျောက်ဆောင်ကြီးဟာ သြစတျေးလျနိုင်ငံရှိ လွင်ပြင်ကြီးပေါ်မှာ အမြင့်ပေ ၁၁၄၂ ရှိပြီး လွင်ပြင်ကြီးထဲမှာ သူတစ်ခုတည်း ထီးထီးမားမား တည်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်တောင်ကြီးအဖြစ် ထင်ရှားကျော်ကြားပါတယ်.. ကျောက်တောင်ကြီးရဲ့ လုံးပတ်ဟာ ၆မိုင်ခန့် ရှိပြီး ကြီးမားကျယ်ဝန်းတဲ့ ကျောက်ဆောင်ကြီး ဖြစ်တာကြောင့် ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ အားလုံးဟာ ၄င်းကျောက်ဆောင်ကြီးနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အလွန် သေးငယ်သွားတယ်လို့ ထင်ရပါတယ်.. အာရုံဦးအချိန်ကနေ ညနေဆည်းဆာချိန်ထိ နေအလင်းရောင်ပေါ်မူတည်ပြီး ကျောက်တောင်ကြီးဟာ အနီရောင်ကနေ အညိုရောင်ထိ အရောင်မျိုးစုံ ပြောင်းလဲမြင်တွေ့နိုင်ပါတယ်.. ၄င်းဒေသမှာ ရှေးဦးမဆွကတည်းက နေထိုင်ခဲ့ကြတဲ့ Anangu လို့ခေါ်တဲ့ တိုင်းရင်းသား မျိုးနွယ်စု တို့ရဲ့ အထွတ်အမြတ်ထား ကိုးကွယ်ကြတဲ့ ကျောက်တောင်ကြီးလဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူမျိုးစုတွေက သူတို့ အထွတ်အမြတ်ထားတဲ့ ဒီကျောက်တောင်ကြီးပေါ်က ခရီးသွားလေ့လာသူများ တက်ရောက် ကြည့်ရှုသွားလာကြတာကို ကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Stone Tree (Bolivia)




သစ်ပင်သဏ္ဍာန် ကျောက်တုံး



လေပြင်း မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံကာ


ဒီကျောက်ဆောင်ကြီးကတော့ လူတွေရဲ့ ပယောဂကြောင့် မဟုတ်ဘဲ လေနဲ့ သဲတို့ရဲ့ အင်အားပြင်း တိုက်စားမှုကြောင့် သစ်ပင်ပုံသဏ္ဍာန် ဖြစ်ပေါ်လာတာမို့ Stone Tree ရယ်လို့ လူသိများပါတယ်.. ဘိုလီးဘီးယားနိုင်ငံနယ်စပ် အက်ကွေဒေါ ကုန်းပြင်မြင့်အနီး Siloli   ကန္တာရထဲမှာ  တည်ရှိပြီး ကမ္ဘာပေါ်က အလှဆုံး သဘာဝ ရှုခင်းတစ်ခုထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ကွင်းပြင်ကြီးထဲမှာ ထီးထီးမားမား တည်ရှိနေတဲ့ ကျောက်ဆောင်ကြီးရဲ့အလှက အံ့မခန်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Mushroom Rock (Egypt)




မှိုပွင့်သဏ္ဍာန် ကျောက်ဆောင်



မနက်ခင်းရဲ့ အောက်မှာ


ကမ္ဘာပေါ်ရှိ ထင်ရှားတဲ့ ကျောက်ဆောင်တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ အီဂျစ်နိုင်ငံက မှိုပွင့်သဏ္ဍာန် ကျာက်တုံးဖြစ်ပါတယ်.. rock pedestals လို့လည်း ခေါ်ကြပြီး ၄င်းကျောက်ဆောင်ဟာ ရာသီဥတု အချိန်ကာလတို့ရဲ့ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာရတဲ့ သဘာဝတရားရဲ့ အလှပဆုံး ပုံသဏ္ဍာန်တစ်ခု ဖြစ်ပါတယ်.. ကန္တာရကြီးအတွင်းမှာ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့ ကျောက်ဆောင်တွေဟာ အထက်အောင် မတူညီတဲ့ လေပြင်းမုန်တိုင်းတို့ရဲ့ ပွတ်တိုက်မှုတွေကြောင့် ကျောက်ဆောင်အောင်ခြေက ပိုတိုက်စားခံရပြီး အပေါ်မှာ တော့ ကျယ်ပြန့်တဲ့ အခုလို မှိုပွင့်သဏ္ဍာန်များ ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Melting Shadows (Utah, USA)






လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀လောက်က အနယ်ကျပြီး ဖြစ်ပေါ်တည်ရှိခဲ့တဲ့ ပေပေါင်း ရာချီမြင့်မားတဲ့ သဲကျောက်လွှာတွေဟာ ရာသီဥတုဒဏ်ကြောင့် ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်ပေါ်လာကာ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ နေရာဒေသများ ဖြစ်ပေါ်လာစေပါတယ်..အဲဒီထဲမှာမှ Melting Shadows လို့ခေါ်တဲ့ ကျောက်ဆောင်ကြီးဟာ နံမည်ကျော်ထင်ရှား လူသိများပါတယ်..  ၄င်းဟာအမေရိကား (Utah) ယူတားပြည်နယ် အမျိုးသား ဥယျာဉ်တွင်းမှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး မြေမျက်နှာသွင်ပြင်တွေ ရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်.. စတုရန်းမိုင်ပေါင်း ၁၃၀၀၀၀ ခန့် ကျယ်ပြန့်ပြီး ပုံသဏ္ဍာန်များစွာသော ကျောက်ဆောင်များ၊ တောင်ကုန်းများ၊ အပေါက်များကို တွေ့ရှိရနိုင်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Split Apple Rock (New Zealand)




ပန်းသီးထက်ခြမ်းခွဲ



ဘယ်သူကများ ခွဲထားတာပါလိမ့်


ဒီကျောက်ဆောင်ကိုတော့ ထက်ခြမ်းကွဲ နေတဲ့  ပန်းသီးသဏ္ဍာန် ဖြစ်နေတာမို့ Split Apple Rock လို့ခေါ်ကြပါတယ်။ တစ်စုံတစ်ယောက်က ပန်းသီးတစ်လုံးကို ဓားနဲ့ ထက်ပိုင်းပိုင်းထားသလို ထူးထူးခြားခြား ဖြစ်ပေါ်နေတဲ့ ဒီ ပန်းသီးကွဲ ကျောက်ဆောင်ဟာ နယူးဇီလန်နိုင်ငံရဲ့ တောင်ဘက် Abel Tasman အမျိုးသား ဥယျာဉ်ကြီးမှာ တည်ရှိပြီး စိမ်းမြတဲ့ ခြုံပုတ်တွေ၊ ရွှေရောင်လွှမ်းနေတဲ့ သဲသောင်ကမ်းခြေ၊ ပြာလဲ့လွင်လွင် တည်ငြိမ်နေတဲ့ ရေပြင် တို့ကြောင့် လှပတဲ့ နေရာဒေသ ရှုခင်းတစ်ခုဖြစ်ပြီး လှေလှော်ကြသူများ၊ ငါးဖမ်း ၀ါသနာပါသူများ အတွက် အထူးကောင်းမွန်တဲ့ နေရာဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားများ အများအပြား စိတ်ဝင်တစား လာရောက် လည်ပတ်ကြတဲ့နေရာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

The Pinnacles (Australia)




ထိုးထိုးထောင်ထောင် ထုံးကျောက်ဆောင်



ရှည်လိုက်တိုလိုက်



သြစတျေးလျနိုင်ငံ အရှေ့ပိုင်း  Namburg အမျိုးသားဥယျာဉ် သဲကန္တာရထဲမှာ တည်ရှိတဲ့ ထုံးကျောက်လွှာတွေဟာ မိုးရေနဲ့ လေတို့ရဲ့ တိုက်စားမှုကြောင့် လှပတဲ့ ပုံသဏ္ဍာန်များ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်.. ဒီနေရာဒေသကို ၁၉၆၀ခုနှစ်အထိ ဘယ်သူကမှ မသိရှိတဲ့ သီးခြားနယ်မြေအဖြစ် တည်ရှိခဲ့သော်လည်း ယခုအခါမှာတော့ ခရီးသွားဝါသနာပါသူ ကမ္ဘာလှည့် တိုးရစ်များအတွက် စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုအားကောင်းတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော် ထင်ရှားလာပြီ ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ တစ်နှစ်ကို ၂၅၀၀၀၀ ခန့် လာရောက်ကြပြီး ကမ္ဘာပေါ်ရှိ ခရီးသွားလေ့လာစရာ နေရာများထဲမှာ အဓိကနေရာတစ်ခုအဖြစ် ပါဝင်လာပြီ ဖြစ်ပါတယ်.. နံမည်ကျော် ဟောလီးဝုဒ်မှ ရုပ်ရှင်ရိုက်ကူးသူများဟာလည်း ၄င်းဒေသသို့ ရုပ်ရှင်ဇာတ်ကားများ လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Perce Rock (Canada)




သဘာဝအတိုင်းဖြစ်နေတဲ့ စက်ခုံးပေါက်ကြီး



ညာဘက်ထိပ်မှာ ရှိနေတဲ့ ကျောက်ဆောင်က ယခင်အခါက တစ်ဆက်တည်းဖြစ်ပြီး နောက်ပိုင်းမှ ကွဲထွက်သွားတဲ့ ကျောက်ဆောင်ဖြစ်ပါတယ်



ကမ်းစပ်သို့ ဦးတည်နေသော ကျောက်ဆောင်တန်းကြီး


အခြား ထူးခြားထင်ရှားတဲ့ ကျောက်ဆောင် တစ်ခုက ကနေဒါနိုင်ငံ ကွီးဘက်ပြည်နယ် ကမ်းရိုးတန်းမှာ တည်ရှိနေတဲ့ Perce Rock  ဖြစ်ပါတယ်.. ကမ်းခြေကို ဦးတည်ပြီး တည်ရှိနေတဲ့ အလွန်ကြီးမားသော ကျောက်ဆောင်ကြီးတစ်ခု ဖြစ်ပြီး ကျောက်ဆောင်ထဲမှာလည်း သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အမြင့်ပေ ၅၀ရှိ စက်ဝိုင်းခုံး သဏ္ဍာန်အပေါက်ကြီး ပါရှိပါတယ်.. ယခင်အခါက ၄င်း ကျောက်ဆောင်ကြီးမှာ စက်ဝိုင်းပုံ အပေါက်ကြီး ၂ခု ရှိခဲ့သော်လည်း ၁၈၄၅ခု ဇွန်လ ၁၇ရက်နေ့မှာ စက်ဝိုင်းခုံး အပေါက်ကြီးတစ်ခုဟာ ပင်မကျောက်ဆောင်ကနေ ကွဲအက်သွားခဲ့ကာ ယခုအခါမှာတော့ ကျန်ရှိနေတဲ့ စက်ခုံးပေါက်ကြီးဟာ ဒီရေတက်ချိန်များမှာ ရွက်လှေတစ်စီး ဖြတ်သန်း သွားနိုင်လောက်အောင် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ ဒီရေကျချိန်များမှာတော့ ၄င်း ကျောက်ဆောင်ကြီးသို့ ခြေလျင်သွားရောက်နိုင်တယ်ကြောင်း သိရပါတယ်.. ကမ္ဘာ့အကြီးဆုံး သဘာဝ စက်ဝိုင်းခုံးကြီးတစ်ခု အဖြစ်ထင်ရှားပြီး Perce Rock  ကနေဒါနိုင်ငံရဲ့ အံ့ဖွယ် ခုနှစ်သွယ်ထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Delicate Arch (Utah, USA)




စက်ခုံးပုံသဏ္ဍာန် ကျောက်ဆောင်



ရှေ့က လူအုပ်နဲ့ နှိုင်းကြည့်လိုက်ရင် ဘယ်လောက် မြင့်တယ်ဆိုတာ သိသာနိုင်ပါတယ်..


ထူးခြားတင်ရှားတဲ့ Delicate Arch ဟာ ကမ္ဘာ့အကျော်ကြားဆုံး Arches National Park တွင် တည်ရှိပြီး ၄င်း အမျိုးသားဥယျာဉ်သည်၇၃၀၀၀ ဧကအတွင်း သဘာဝအလျှောက် ဖြစ်ပေါ်နေသည့် ထူးခြားသော ကျောက်ဆောင်ပုံစံ၊ ပေါင်းကူးတံတားသဏ္ဍာန် ဖွဲ့တည်ပုံပေါင်း ၁၅၀၀ ကျော်ရှိကာ အရေအတွက်များပြားစွာ ဖြစ်ပေါ်တည်ရှိနေသောကြောင့် ကမ္ဘာ့အံ့ဖွယ်တစ်ပါးတွင် ပါဝင်နေခြင်းဖြစ်ပါတယ်…  Park အတွင်း အထင်ကရ နေရာများဖြစ်ကြတဲ့  Balabce rock, Skyline Arch, Double Arch နှင့် Fiery Furnace သို့ စုစုပေါင်း ၄၁ မိုင်ရှိ ကတ္တရာလမ်းဖြင့် အလွယ်တကူ သွားလာနိုင်သော်လည်း Delicate Arch မှ Delicate Arch Viewpoint သို့ မြေပြင်လမ်းသာ ရှိပါတယ်..  ၄င်းအမျိုးအသား ဥယျာဉ်တွင်းရှိ Delicate Arch  သည် သဘာဝ၏ ဆန်းကြယ်သော အကြောင်းတရားဖြင့် ဖြစ်ပေါ်တည်ရှိနေသော ပြယုဒ်တစ်ခုလည်း အဖြစ်တွေ့နိုင်ပါတယ်။ ယူတားပြည်နယ်ရဲ့ အမှတ်အသား (Land Mark)  တစ်ခုလည်းဖြစ်ပြီး ခရီးသွားများအတွက် အထူးဆွဲဆာင်မှု ကောင်းလှသော ကျောက်ဆောင်ကြီး ဖြစ်ပါတယ်.. ခရီးသွားလာ လည်ပတ်သူ အများအပြား လာရောက်လေ့ရှိသောကြောင့် Arches National Park ဟာ တနှစ်ပတ်လုံး ပိတ်ရက်မရှိ၊ တရက် ၂၄နာရီ ၀င်ခွင့်ရှိပြီး visitor center တစ်ခုသာ ခရစ်စ်မတ်နေ့ တစ်ရက်မှလွဲကာ ကျန်သောရက်များမှာ နံနက် ၈ နာရီမှ ညနေ ၄:၃၀ အတွင်း သိလိုတဲ့ အချက်အလက်များကို မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။ နွေရာသီ၌ လာရောက်လည်ပတ်သူ များပြားချိန်တွင် ၀န်ထမ်းများက guide အဖြစ် နေ့အခါတွင် အဖွဲ့ငယ်များကို ဦးဆောင်၍ ဗဟုသုတအဖြစ် ရှင်းပြပြီး ညအခါတွင် မီးပုံပွဲများ ကျင်းပပေးလေ့ရှိကြပါတယ်။

စိတ်နှလုံး ငြိမ်းချမ်းကြပါစေရှင်။


အချက်အလက်များကို ကူညီရှာဖွေပေးသော သူငယ်ချင်း SSY အား ကျေးဇူးအထူး တင်ရှိပါသည်။

Source and photos from http://www.funonthenet.in and Google