အဖေနဲ့ ဟင်းချက်ကောင်းတဲ့ ညီမလေး









ကျွန်မတို့ မိသားစုမှာ မိသားစုဝင် စုစုပေါင်း ၈ဦး ရှိပေမဲ့ အိမ်ထောင်ကျလို့ အိမ်ကနေ ခွဲထွက်သူတွေ၊ စီးပွားရေးကြောင့် ၊ အလုပ်ကြောင့် အိမ်မကပ်နိုင်သူတွေ၊ တစ်နယ်တစ်ကျေး ရောက်နေသူတွေနဲ့မို့ အိမ်မှာ အိမ်သားအားလုံး စုံစုံညီညီ မရှိပါဘူး။ အမြဲတမ်း အိမ်မှာ ပင်တိုင် ရှိသူကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ကျွန်မတို့အဖေပါ။ အဖေ့ကို အနီးကပ် ပြုစုစောင့်ရှောက်သူ၊ အဖေအတွက် ကောင်းနိုးရာရာလေးတွေ စဉ်းစားပြီး ချက်ကျွေးသူက ကျွန်မတို့ရဲ့ ညီမအငယ်ဆုံးလေးပါ။  ညီမလေး  ချက်ကျွေးတဲ့ဟင်းတွေကို ကောင်းကောင်းဆိုးဆိုး အဖေက အမြဲ အားပေးနေရတာပေါ့နော်။ ဒီပိုစ့်လေးကို ပေါ့ပေါ့ပါးပါး ရွှင်ပြုံးစရာလေးအဖြစ် ဖတ်ရှုနိုင်ဖို့ အဖေ့ရဲ့ ကပ်သီးကပ်သပ် စကားတွေနဲ့ ကျွန်မ ညီမလေးရဲ့ ဟင်းချက်ကောင်းပုံများ အကြောင်းကို အင်တာနက် စာမျက်နှာပေါ် ဖွပါဦးမယ်.. အဲဒီ အကြောင်းတွေကို ကျွန်မရဲ့ ညီမလေးက စာအုပ်ထဲမှာကို Diary သဖွယ် သေသေချာချာရေးပြီး မှတ်သားထားတာပါ။ ကျွန်မက ညီမလေးရေးထားတဲ့ အကြောင်းအရာတွေကို အနည်းငယ် ပြန်ပြင်ဆင်ရေးသားပြီး ဒီနေရာနေ ပြုံးချင်စရာလေးအဖြစ် ပြန်လည် ပြောပြချင်ပါတယ်။





ကျွန်မညီမလေးဟာ အဖေကြိုက်တတ်မယ် ထင်တဲ့ အစားအစာလေးတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးရင်းနဲ့ “ဘာဟင်းချက်ရင် ကောင်းမလဲ၊ ဘယ်လိုဟင်းဆို အဖေကြိုက်မလဲ” လို့ သူ အမြဲ စဉ်းစားတတ်ပါတယ်.. ဒီလိုနဲ့ တစ်ရက်တော့ “ဝက်စတူးဟင်း ချက်ကျွေးရင် အဖေ ကြိုက်မှာဘဲ” လို့ သူ တွေးမိပါတယ်တဲ့ ။ ဒါပေမဲ့ ခက်တာက ဝက်စတူးဟင်းကို ဘယ်လိုချက်ရမယ်မှန်း ညီမလေးက သေချာမသိပါဘူး။ မသိဘူးဆိုတာထက် သူကိုယ်တိုင်ကလည်း ၀က်သားရော၊ ကြက်သားပါ မစားတော့ အဲဒီ အသားဟင်းချက်နည်းတွေ အကြောင်း မသိတာလည်း မဆန်းပါဘူး။ ဒီတော့ အဖေ့ကို ၀က်စတူးဟင်းကလည်း ချက်ကျွေးချင်၊ ချက်ကလည်း မချက်တတ်ဆိုတော့ အဲဒီချိန်မှာဘဲ ဘေးအိမ်က ဟင်းချက် အရမ်းတော်တဲ့ အန်တီဖြူ ဆိုတဲ့ တစ်ယောက်ကို အိမ်ရှေ့မှာ တွေ့တော့ ညီမလေးက ၀က်စတူးချက်နည်းကို မေးမြန်းပါတယ်။





အန်တီဖြူကလည်း “ဝက်သားကို ရေစင်အောင် ဆေးပြီး ဆား၊ အချိုမုန့်ထည့်၊ ဂျင်း ကို ထောင်းပြီး အရည်ညစ်ထည့်၊ ကြာညို့လေး နည်းနည်းရယ်၊ ဟင်းအနံ့မွှေးအောင်လို့ ကဇော် အရည် နည်းနည်းထည့်ပြီးတာနဲ့ ၀က်သားကိုနယ်၊ ခဏထား၊ ကြက်သွန်ဖြူ ကို နီညိုရောင် သန်းလာအောင် ကျော်ပြီး ဆယ်ထား။ ဝက်သားကို ဆီအိုး ထဲ ထည့် ရေ များများလေးထည့်ပြီး နူးနေအောင် ကြာကြာနှပ်ထား၊ ဝက်သား နူးလို့ရေခမ်းပြီဆို ကြက်သွန်ဖြူကျော် ကို အပေါ်မှာဖြူး ပြီးရင် စားလို့ရပြီ” လို့ ၀က်စတူးချက်နည်းကို ညီမလေးကို ပြောပြပါတယ်တဲ့။ ညီမလေးကလည်း အန်တီဖြူပြောတဲ့နည်းကို သေသေချာချာ လိုက်မှတ်နေတဲ့အအချိန်မှာ သူနဲ့ အန်တီဖြူ စကားပြောနေတာကို ကျွန်မတို့အဖေက ၀ရံတာမှာထိုင်ပြီး ပြုံးစိစိနဲ့ ကျွန်မညီမကို ကြည့်နေပါတယ်။ အဖေ့စိတ်ထဲ “ငါတော့ ၀က်စတူး ကောင်းကောင်းစားရချည်သေးရဲ့” လို့ တွေးပြီး ပြုံးနေသလားတော့ မသိပါဘူး။




ညီမလေးကလည်း ဒီတစ်ခါတော့ အဖေ လျှာလည်သွားအောင် ချက်ကျွေးပစ်လိုက်မယ်လို့ စိတ်ထဲက ကြုံးဝါးပြီး ဈေးကိုသွား၊ ဝက်သားသည်ဆီမှာ ၀က်သားဝယ်ပြီး ပြန်လာပါတယ်.. ဝက်သားကတော့ ၀ယ်လို့ ရခဲ့ပေမဲ့၊ ကဇော်ကတော့ ဝယ်မရခဲ့ဘူးတဲ့။ အန်တီဖြူပြောတဲ့ အတိုင်းချက်ဖို့ရာမှာ ကဇော်တော့ ၀ယ်မရဘူး ဒါပေမဲ့ အရက်ဝယ်သွားမယ်ဆိုပြီး ကဇော်အစား အရက်နည်းနည်း ဝယ်လိုက်ပါတယ်။ အိမ်ပြန်ရာက်တော့ သူက ဝက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်ထည့်၊ ကဇော်ရည်အစား အရက်ကိုထည့်၊ ကြာညို့ထည့်မယ်ဆိုပြီး ပုလင်းကြည့်လိုက်ပြန်တော့ ကြာညို့က ကုန်နေပြီတဲ့။ အဲဒါနဲ့ ချိုတာချင်း အတူတူဘဲဆိုပြီး အိမ်မှာ ရှိနေတဲ့ ထန်းညက်ခဲကို ရေနွေးနဲ့ ကျိုပြီး အဲ့ဒီအရည်ကို ကြာညို့ အဖြစ် ထည့်လိုက်ပါတယ်။ နောက် ဂျင်းကိုထောင်းပြီး အရည်ညှစ်ထည့်ပြီး အားလုံး နှံ့သွားအောင် နှယ်ပြီး ခဏထား ထားလိုက်တယ်တဲ့။ အဲဒီချိန်မှာ ညီမလေးက ကြက်သွန်ဖြူ ကြော်ပြန်တယ်.. ကြက်သွန်ဖြူကြော်တော့ မီးက များပြီး မီးတူးကြက်သွန်ကြော် ဖြစ်သွားပါတယ်။ သူက တူးသွားတဲ့ ကြက်သွန်ဖြူကို အမြန်ဆယ်ထားလိုက်ပြီး ဝက်သားကို ဆီအိုးထဲထည့်၊ ရေများများလေးနဲ့ နှပ်ထားလိုက်ပါတယ်။ ဝက်သားနူးလို့ ရေခမ်းသွားတဲ့အခါ  ၀က်စတူးတော့ ရပြီဟဲ့ ဆိုပြီး ပန်းကန်လုံးထဲကို ခူးခပ်ပြင်ဆင်လို့ ကြက်သွန်ဖြူကြော်နဲ့ နံနံပင်ကို အပေါ်က ဖြူးလိုက်ပါတယ်တဲ့။








အမြင်အရတော့ အနံ့ကလေး မွှေးမွှေးနဲ့ စားချင်စဖွယ် ဝက်စတူးဟင်းလေး ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ သူ ကိုယ်တိုင်ကတော့ ဝက်သား မစားတဲ့သူဖြစ်လို့ မမြည်းကြည့်ပါဘူး။ သူက သူ မစားတဲ့ အသားဟင်းတွေ ချက်ရင်သာ မမြည်းပေမဲ့ သူစားတဲ့ ဟင်းများချက်ရင် ဟင်းအိုးကုန်လုနီးပါး ဖြစ်အောင် မြည်းတတ်သူပါ။ ဟင်းအိုး ကျက်လို့ ချလိုက်ရင် အိုးထဲမှာ ဟင်းက သုံးပုံ တစ်ပုံလောက်ဘဲ ကျန်အောင် သူမြည်းတာနဲ့ ကုန်သွားတတ်ပါတယ်။ ဒါနဲ့ ၀က်စတူးဟင်းချက်ပြီးတော့ တစ်ခြားဟင်းတွေလည်း အကုန်ကျက်တဲ့အခါ ထမင်းပွဲပြင်ပြီး ညီမလေးက အဖေကို ထမင်းစားဖို့ ခေါ်ပါတယ်။ ကျွန်မတို့အဖေက သူချက်ကျွေးတဲ့ ဟင်းကို ဘာမှ မပြောဘဲ  ပြုံးပြုံး ပြုံးပြုံးနဲ့ စားနေတော့ ညီမလေးက “ငါ့ဟင်းတော့ အခြေအနေ ကောင်းပြီ၊ အဖေက ဘာမှ မဆူ၊ မပြောဘူးဆိုတော့ အရသာ ကောင်းလို့ဘဲ နေမယ်” ဆိုပြီး အဖေ ချီးကျူးလေမလားဆိုတဲ့ စိတ်နဲ့ “အဖေ ဘယ်လိုလဲ စားကောင်းရဲ့လား” လို့ အားတက်တရော မေးလိုက်ပါတယ်။





ဒါနဲ့ အဖေက ထမင်းစားနေတာကို ရပ်လိုက်ပြီး ရယ်မောရင်းနဲ့  ကျွန်မညီမလေးကို ပြောလိုက်တာက “ မိဖြူကို ပြန်ပြောပြရအုန်းမယ်။  မင်း ချက်နည်း ပြောပြလိုက်တဲ့ ဝက်စတူးဟင်း လာမြည်းကြည့်စမ်း၊ သိပ်ကောင်းတာဘဲ။ အရသာက ချို ၊ငံ ၊ဖန် ၊ခါး” တဲ့။ (၀က်စတူးချက်နည်း ပြောပြတဲ့အန်တီကို အဖေက မိဖြူလို့ ခေါ်ပါတယ်..)




ညီမလေး ပြန်ပြောပြလို့ ကျွန်မကိုယ်တိုင်လည်း  ရယ်လိုက်ရတာ ဗိုက်တွေတောင် နာပါတယ်.. ကျွန်မတို့အဖေဟာ သူမို့လို့ ဝက်စတူးဟင်း တစ်မျိုးတည်းကို အရသာစုံအောင် ပြောနိုင်တယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကျွန်မ စဉ်းစားမိလိုက်တယ် ညီမလေးချက်တဲ့ ၀က်စတူးဟင်းမှာ ကြာညို့ ကုန်နေလို့ ကြာညို့အစား ထန်းညက်ရည် ထည့်လိုက်တယ်တဲ့ ။ ထန်းညက်ရည်က ဘယ်လောက်တောင် ထည့်လိုက်တယ် မသိတာ။ ငံ တာကလည်း ဝက်သားထဲ ဆား ထည့်လိုက်တာ နည်းနည်း လက်လွန်သွားပုံရပါတယ်.. သူကိုယ်တိုင်က မြည်းမကြည့်တော့ ဘယ်သိပါ့မလဲနော်။ ဖန် မှာပေါ့၊ ခါး မှာပေါ့ ကြက်သွန်ဖြူက မီးတူးတာ ဘယ်လောက်တောင် မဲတူးသွားတယ် မသိ။ ကဇော်ရည် မရှိလို့ ကဇော်ရည်အစား အရက်ထည့်လိုက်တယ်တဲ့.. အရက်လည်း ဘယ်လောက်တောင် ထည့်လိုက်တယ် မသိတာ။ ကျွန်မက  “အရက်ဘယ်လောက်များ ထည့်လိုက်သလဲ ” လို့ ညီမလေးကိုမေးတော့ “ သိဘူးလေ… ကဇော်ကလည်း များများ စားရင် မူးတတ်တယ် အရက်ကလည်း သောက်ရင် မူးတတ်တယ်။ မူးတတ်တဲ့ အမျိုးချင်း အတူတူပဲဆိုပြီး တစ်ခွက်လောက် ထည့်လိုက်တာပေါ့” တဲ့။ တော်သေးတာပေါ့... သူချက်တဲ့ ၀က်စတူးစားပြီး အဖေ မမူးတာ။  ချို၊ငံ၊ဖန်၊ခါး လောက်ဘဲ ဖြစ်သွားတာ ကျေးဇူးတင်ရမယ်.. :)  :)





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




နောက်တစ်ကြိမ်မှာတော့ ညီမလေးက အဖေ့ကို ၀က်ခေါက်ကြော်ကျွေးပါတယ်.. သူကြော်ကျွေးတဲ့ ၀က်ခေါက်ကြော် ကတော့ ဒီလိုပါ။ တစ်ရက်တော့ သူအပြင် သွားရင်း မုန့်ဆိုင်မှာ ဝက်ခေါက်ကြော် အထုပ်လေး တွေ့တာနဲ့ ဝယ်ခဲ့ပြီး အဖေကို ကျွေးပါတယ် ။ ဆိုင်က ၀ယ်လာတဲ့ ဝက်ခေါက်ကြော်လေး ကတော့ ကြွပ်ရွနေတော့ အဖေက တော်တော်များများ စားပါတယ်တဲ့ … အဖေ စားနေတာကို ကြည့်ပြီး “တစ်ရက်ကျရင်တော့ ငါကိုယ်တိုင် ဝက်ခေါက်ကြော် လုပ်ကျွေးပါအုန်းမယ်” လို့  ညီမလေးက တွေးလိုက်မိပါတယ်တဲ့။



အဲဒါနဲ့ ရက် နည်းနည်းလေး ကြာတော့ ဈေးကနေ ဝက်သား ဝယ် ၊ အသားကို ထမင်းနဲ့စားဖို့ ဟင်းချက်ပြီး အခေါက်ကိုတော့ ဆား၊ အချိုမုန့်နဲ့ နှယ်ပြီး နေပူ လှန်းထားလိုက်ပါတယ်။ အဲ့ဒီနေ့က နေလည်း တော်တော်လေး ပူပါတယ်တဲ့။ ဆိုင်တွေကတော့ ဝက်ခေါက်ကို ဘယ်လိုကြော်တယ် မသိပါဘူး။ ကျွန်မညီမကတော့ အဲဒီဝက်ခေါက်ကို တစ်နေ့လုံး နေပူလှန်းပြီး နောက်နေ့မနက်မှာ နေပူလှန်းထားတဲ့အတိုင်းဘဲ
အဖေကို ကြော်ကျွေး လိုက်ပါတော့တယ်။ ထုံးစံအတိုင်း ဝက်သားမစားတော့ မမြည်းကြည့်မိတော့ဘူးပေါ့နော်။ ကြော်ပြီးတဲ့ ၀က်ခေါက်ကို ဒီအတိုင်းပဲ ချကျွေးလိုက်ပါတယ်တဲ့။ ဒီတစ်ခါတော့ ညီမလေးက နပ်သွားပြီ။ စားမကောင်းရင် အပြောခံ နေရမှာမို့ဆိုပြီး အဖေကို “စားကောင်းလား ဘာညာ” ဘာမှ မမေးတော့ဘဲ ၀က်ခေါက်ကြော် ပန်းကန်လေးကို အဖေ့ရှေ့က စားပွဲပေါ် အသာလေးချပြီး အဖေ့ အနားက ထွက်သွားလိုက်ပါတယ်။




ညနေ ရောက်တော့ အဖေ ထိုင်နေတဲ့ ဝရံတာနားလေးမှာ ညီမလေးက သွားရပ်နေပေမဲ့ အဖေကိုတော့ သူ့ဝက်ခေါက်ကြော် ကောင်းမကောင်း ဆိုတဲ့အကြောင်း ယောင်လို့တောင် စကားမဟပါဘူး။ သို့သော်လည်းပေါ့နော် ...  ညီမလေးက မမေးပေမဲ့ အဖေက သူ့ကို ပြောလာပါတော့တယ်။ “အဖေ မင်းရဲ့ဝက်ခေါက်ကြော် တစ်ဖတ်ကို မနက်ကတည်းက ဝါးနေတာ အခု ညနေ ရောက်တဲ့အထိ အဲ့ဒီ ဝက်ခေါက်ကြော် တစ်ဖတ်က ဝါး လို့ မကုန်သေးဘူး” တဲ့။ ပြောလည်း ပြော ရယ်လည်း ရယ်နေပါတယ်။ ကျွန်မ ညီမကလည်း အရမ်း ရယ်တော့တာပေါ့။ သူကြော်ကျွေးတဲ့ ၀က်ခေါက်ကြော်ဟာ မနက်ကတည်းကနေ ညနေရောက်တဲ့အထိ ၀ါးမကုန်နိုင်အောင် ဘယ်လောက်များ မာနေသလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့နော်။




ပြီးတော့ ကျွန်မအဖေက ဆက်ပြီး ပြောပါသေးတယ်။ “ မိဖြူရဲ့ သားကလေး အိမ်လာလည်တော့ မင်းရဲ့ ဝက်ခေါက်ကြော်ကို ကျွေးလိုက်တာ ကလေးက ဝက်ခေါက်ကြော်ကို ဝါးပြီး မြိုချလိုက်တော့ မျက်လုံးတောင် ပြူးထွက် သွားတယ်။ မင်းရဲ့ ၀က်ခေါက်ကြော်ဖတ်က  ကလေး လည်ပင်းနင်ပြီး ဘာများဖြစ်သွားပြီလဲလို့ အဖေတောင် စိတ်ပူသွားတာဘဲ တဲ့။ ညီမလေး ပြန်ပြောပြလို့ ကျွန်မရော ညီမလေးပါ မျက်ရည်တွေထွက်၊ ဗိုက်တွေလည်း နာအောင် ရယ်မိပါတော့တယ်။ တော်ပါသေးရဲ့.. ကလေးများ တစ်ခုခု ဖြစ်သွားရင် သူ့ရဲ့ ၀က်ခေါက်ကြော်ကြောင့်ဆိုပြီး တရားခံ ဖြစ်ရချည်သေးရဲ့။ ဘာဘဲဖြစ်ဖြစ် ၀က်ခေါက်တစ်ဖတ်ကို တစ်နေကုန် ၀ါးနေရတော့ အကုန်အကျ သက်သာတာပေါ့နော်။ ချွေတာရေးစနစ်ကို ကြိုက်သူများ ညီမလေးရဲ့ ၀က်ခေါက်ကြော်နည်းအတိုင်း ကြော်စားကြည့်ပါလို့ နည်းလမ်းကောင်းလေး ပေးလိုက်ပါရစေ။  :)






ကျွန်မရဲ့ ညီမက အဲဒီလို အချက်အပြုတ်ကောင်းသူပါ။ နောက်ထပ်လည်း သူ အဖေ့ကို ချက်ကျွေးတဲ့ ဟင်းတွေအကြောင်း ပြောပြပါဦးမယ်.. အချိန်ရပြီး ကြုံကြိုက်လို့ အိမ်ကို အလည်သွားမယ်ဆိုရင် သူချက်ကျွေးတဲ့ ထမင်းဟင်းကို ကြည့်ကျက်ပြီး သတိနဲ့ စားကြဖို့ မှာကြားလိုက်ပါရစေနော်.. သူကလဲ ဧည့်သည်များ လာလို့ကတော့ လက်စွမ်းပြပြီး တစ်ရက်တစ်မျိုး မရိုးရအောင် ချက်ကျွေးပါလိမ့်မယ်...  ဗိုက်ဆာဆာနဲ့ အားရပါးရ မစားခင်မှာ နည်းနည်းလေးဖြစ်ဖြစ် အရင်မြည်းကြည့်ဖို့တော့ လိုလိမ့်မယ်နော်။ :)  :)



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဟာသလေးတွေ မဖတ်ရတာကြာပြီ ရေးပါဦးလို့ ဆိုလာသူများအတွက် ပြုံးစရာလေးအနေနဲ့ ရယ်ရယ်မောမော ဖတ်ဖို့ အဖေနဲ့ ညီမလေးအကြောင်း အမှတ်တရ ရေးတာပါ။ ဒီပိုစ့်ရေးလို့ ညီမလေးက စိတ်ဆိုးမယ် မထင်ပါနဲ့။ သူကိုယ်တိုင်ဖတ်ပြီး တခွိခွိနဲ့ ရယ်နေပါတယ်။  :)






36 Responses to “အဖေနဲ့ ဟင်းချက်ကောင်းတဲ့ ညီမလေး”

အမချော..
ဧည့်သည်လာလုပ်ဦးမယ်နော်။ အမညီမရဲ့ လက်ရာစစ်စစ်ကလေးတွေ စားချင်လွန်းလို့။ အတော်ချစ်စရာကောင်းတဲ့ မိသားစုလေးဘဲ။ ဖတ်ရင်း အပျော်တွေ ကူးသွားတယ်။ သားသမီးနှင့်မိဘ နားလည်မှုရှိကြတယ်။ ပျော်ပျော်ပါးပါးနဲ့။ ကောင်းတယ်။ အားကျလိုက်တာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြတ်နိုး said...

တဟိဟိနဲ့ ရီနေတာ... အိပ်မလို့ဟာ... သူ့စာဖတ်ပီးရီနေရတယ်။
တော်လိုက်တာ.. ချက်တာကို သီအိုရီသုံးတယ်။ ချိုငန်ံဖန်ခါး..ဟားဟားးးးးး

ဝက်ခေါက်ကြော်များကောင်းပုံက မနက်က၀ါးတာ ညအထိ မကုန်ဘူး တအားတော်တယ်။

ဝက်သားဟင်းက ၀က်ခေါက်ကိုမြင်တာနဲ့ စားချင်သွားပြီ။ ပျော်စရာကြီး။ စားလို့လည်းကောင်း ရီလည်းရီရရနဲ့။ နောက်ထပ်ဟင်းတွေကော ရီစရာတွေကိုကော ဖတ်ချင်သေးတယ်။
ဝက်စတူးဟင်းကို အကြီးကြီးမြင်ချင်လို့ ကလစ်နှိပ်တယ် မရပါဘူးချောရယ်။

ahphyulay said...

ဟားဟား....
အသံ နဲနဲ ထွက်သွားတယ် ၊ ရယ် မိ တာ ..
နဲနဲ လေး တော့  ပြုံး နေသေးတယ် ၊ တင်း ပြီးတော့ 
ဝက်စတူး ဟင်းမှာလေ ...။
နောက်တော့  မရ ပါဘူး ဗျာ....။

shwezinu said...

စေတနာ လေးနဲ့ ချက်ကျွေးတာဆိုတော့လည်း ပြောရမှာ သနားပါတယ် အင်း တခြားဟင်းချက်ရင်တော့ ကောင်းမှာပါ ချောရယ်

ချစ်တဲ့
အမရွှေစင်

ဟာဟ အိမ်လာမလည်တော့ဘူးဗျို့...၊ရီလိုက်ရတာဗျာ...။
ဝတ်သားကြိုက်တဲ့သူတွေကို အဲဒီဝတ်ခေါက် တယောက်တဖတ် ပေးထားလိုက်ရင် ပြီးပြီ တနေကုန်အေးဆေး
ပဲ..။

ရီလည်း ရီရ၊ ဗိုက်လည်းဆာတယ်း)

သူများ ဗိုက်ဆာနေပါတယ်ဆိုမှ ။ ဟင့် T.T
ဒီကြားထဲ ရယ်ရလို့ ဗိုက်ကနာသေးး) ။

နောက်ထပ် ဟင်းချက်နည်းအသစ်တွေရှိလဲ ပြောပါဦး..
ချက်နည်းပြုတ်နည်းတွေ ရေးနေတဲ့ ဘလော့တွေ နောက်ကောက်ကျသွားအောင်လို့...

ပုံကြည့်တာတော့ စားချင်စရာနော်..ဟီး
ချို ၊ငံ ၊ဖန် ၊ခါး တောင်ငမ်းတဲ့သူက ငမ်းသေး..
ဟေးဟေး

ဒါကိုဖတ်ရခြင်းအားဖြင့် အစ်မတို့ အဖေ တော်တော် ကုသိုလ်ကံကောင်းမှန်း
သိနိင်ပါတယ်။ ဒီလို လက်ရာတွေ စားနေရရဲ့နဲ့ ဒီလောက် အသက်ရှည်တာ
အရင်ဘဝက ကုသိုလ်ကံ တော်တော်ကောင်းခဲ့လို့ပဲး)

မအိပ်ခင် စာလာဖတ်တာ ဖတ်ပြီး မအိပ်ချင်တော့ဘူး ရီလိုက်ရလို့
မချော တို့မိသားစု ကြည့်ရတာ ပျော်စရာကြီးနေမှာ မချောကရော ညီမလိုဘဲ အချက်အပြုတ်တော်မှာပေါ့:)

You really know how to grab people attention because when I started to read I wanted to know what will be in the end.

MaMa said...

ဝက်ခေါက်စားပြီး ၀ိတ်ချနည်းလို့ ကြော်ငြာရင် အရောင်းသွက်တဲ့စာအုပ် စာရင်းထဲတောင်ပါနိုင်တယ် အားမငယ်နဲ့။

မိသားစုတွေများကြီးနေခဲ့တဲ့ဘ၀ကို လာတွေးပီးကြည်နူးသွားတယ်..
စာဖတ်ပီးတော့စဉ်းစားမိတာ ကိုယ့်ကိုယ်ကိုယ်လေ.. အဖေ၊အမေတွက် ဟင်းတစ်ခါမှမချက်ပေးဖူး သေးဘူး..အခုချိန်ထိ.း(

ဗိုက်ဆာဆာနဲ့ ဟင်းကောင်းလေးကို ပြုံးရင်းဖတ်သွားတယ် :)

မချော အိမ်ကို လာလည်ပြီ တရက်လောက် မချော ညီမလေး လက်ရာကို အားပေးချင်ပါတယ်။ စေတနာအပြည့်နဲ့ ဖခင်အတွက် ချက်ပေးတာမို့ စေတနာဟင်းလေးတွေ ပေါ့နော်... :)

ဝက်ဆိုဘာလုပ်စားစားကြိုက်တယ်..။ ၀က်စတူးလေး ချို၊ငံ၊ဖန်၊ခါး လေးကို
မြည်းကြည့်ရင်ကောင်းမယ်နော်.မချောညီမလေးကိုပြောလိုက်..နော်။
တနေကုန်ဝါးနေရအောင် ၀က်ခေါက်ကြော်လေးလည်းလုပ်စားကြည့်အုံးမှ..

ချစ်တဲ့
သဒ္ဓါ

မမချော ညီမလေး ချက်တဲ့ ဝက်စတူး နဲ့ ဝက်ခေါက်ကြော် စားချင်လို့ မမချောတို့ အိမ်ကို အလည်လာခဲ့မယ်နော်......... :)

avocado said...

မမချောကလည်း ချောကလက်ကပေါ့ဟုတ်လား :)

mg han said...

ရီတော့ရီရတယ်။အောင့်သက်သက်ကြီး။

ဝက်စတူးဟင်း အားကြီးကြိုက်ပဲ.... :P

jr said...

ချောရေ..
ချစ်စရာမိသားစုရဲ့ ပျော်ရွှင်စရာ အတိတ်တွေကို လာဖတ်ပြီးကြည်နူးသွားပါတယ်..
:)

သဘောကျစရာပဲ၊
သဘောကောင်းလိုက်တဲ့ အဖေပဲ၊

bravo said...

မချောရေ ပြောရဦးမယ်
ကျနော်တော့ ထိုင်း စားသောက်ဆိုင် တစ်ခုမှာ
ဖတ်ကဖောင်း နဲ့ ၀က်စတူးကို မှားဖူးလေ၇ဲ့ဗျာ
တခြားစီ ကို

phyophyo said...

မချောညီမလေးက အဖေကိုဂရုစိုက်ပုံက ချစ်စရာကောင်းလိုက်တာ၊ ညီမ အမေလိုပဲ အသားမစားပဲ သူများတွေအတွက် ချက်ကျွေးရတာ၊ မချောတို့ မိသားစုလေး က ပျော်စရာကြီးနော်၊ စကားမစပ် မချောညီမလေးက မချောနဲ့ တူလား၊ မချောနဲ့ တူရင် ချောမှာပဲ၊ သဘောကတော့ကောင်းမယ်ထင်တယ် ညီမလေးက၊ အငယ်ဆုံးတွေက သဘောကောင်းတယ်တဲ့ :D မချော အကြောင်းလည်းဖတ်ချင်တယ်၊
လေးစားခင်မင်လျှက်

ဟဟဟ တော်ပြီ တော်ပြီ ကြားရတာနားဝမှာ မသက်မသာရှိလို့ ပါးစပ်ပိတ် ဗိုက်နှိပ်ပြီး ပြန်သွားပြီဗျို့ အမချောရေ... :)

ခင်တဲ့ (ချိုကျ)

ခိုင်သဇင်အေး said...

ဟီးဟီး...မမ ငါ့အကြောင်းတွေ အားရပါးရ ဖွထားတာပေါ့လေ
လက်စွမ်းပြချင်နေတာနော်...
တစ်ရက်လောက်တော့ မမရဲ့ မိတ်ဆွေတွေကို ထမင်းဖိတ်ကြွေးကြရအောင်လေ..
တစ်သက်မမေ့နိုင်စရာ တသသနဲ့ ပြောစမှတ်ဖြစ်သွားအောင် ချက်ကျွေးပစ်လိုက်မယ်..

ဒေါက်...ဒေါက်..ဒေါက်
ဝက်စတူး...၀က်ခေါက် ကျန်သလောက်...
စားချင်ပါတယ်ရှင်..။ စူ့ထက်စူ လူစွမ်းကောင်းတွေပါလားဝေ့။
အစ်မခြေရာ ညီမက အမှီလိုက်နေပြီပေါ့..။
အီး.....မနက်ထဲက၀ါးနေတာ....၀ါးလို့ကို မကုန်နိုင်ဘူး...ဒီဝက်ခေါက်..။ :)

ဗိုက်ဆာပါတယ်ချို... ဟင့်

ဝက်သားစားချင်နေတဲ့သူမို့ ဝက်စတူးဟင်းလေး မြင်တော့ ကောင်းမယ့်ပုံပဲလို့တောင် တွေးလိုက်မိသေးတယ်.. အောက်က စာကို ဖတ်တော့မှ.. ဟား..ဟား..

MDW said...

တနေ့လုံး စားမကုန်တဲ့ ၀က်ခေါက်ကြော် လုပ်စားအုံးမှပဲ။
ချောရဲ့ ညီမကို ပြောပါလား ဟင်းချက်နည်း စာအုပ်ထုတ်ပါလားလို့။ ဒါမှမဟုတ်လဲ ဟင်းချက်ပရိုဂရမ် တီဗီမှာ ရိုက်ပါလား ... နာမည်ကြီးသွားမယ်နော်။ :)

မမချောရေ.....
ဖတ်ပြီးရယ်လိုက်ရတာ..........:)
တော်ပြီ..လာလည်မို့ဟာ....
မမချော ညီမငယ် ၀က်ခေါက်ကြော်နဲ့တည့်တည့်တိုးရင်ဒုတ်က္ခ

အင်ကြင်းသန့် said...

ဒီလိုနည်းနဲ့ခြောက်လို့တော့ ဘယ်ရမလဲ .... အိမ်လည်သွားဦးမှာ ထမင်းလည်းစားဦးမှာ....း))

အခြားလူ​တွေပါ ရယ်​ရ​အောင်​ ပြန်​ပြီးရှယ်​ခွင့်​ပြုပါ။သေ​ဘောကြလို့အညာပြန်​​ရောက်​မှ ဝက်​သားနဲ့ ထန်းလျှက်​​ရောပြီ ဝက်​စလူးချက်​ကြည့်​ဦးမယ်​ဗျာ

Anonymous said...

တော်​​တော်​ရီရတယ်​ဗျာ