Wednesday, December 22, 2010

တစ်နှစ်ပြည့် ခြေရာလေးများ




ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်လေးဟာ မနှစ်က အခုလို အေးမြတဲ့ ဒီဇင်ဘာလမှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် အခုဆို တစ်နှစ်တိတိပြည့်ပါပြီ။ ဘလောဂ့်လေး စတင်တည်ဆောက်ပြီးတော့ အစိမ်းရောင်လွင်ပြင်ရယ် လို့ အမည်ပေးဖြစ်ခဲ့ပါတယ်.. ဒီဘလောဂ့်လေးကို ကျွန်မရဲ့ အချိန်တွေ အင်အားတွေ အများကြီးပေးပြီး တည်ဆောက်ဖြစ်ခဲ့တာပါ။ အချို့ညတွေများဆို တစ်ညလုံး မအိပ်ဖြစ်ခဲ့တဲ့ ရက်တွေ ရှိခဲ့ပါတယ်.. မကြာခဏ အခက်အခဲတွေ၊ အကြောင်းကြောင်းကြောင့် ပျက်စီးသွား၊ ရပ်ဆိုင်းသွားတဲ့ အစိမ်းရောင်လွင်ပြင်ကို တစ်နှစ်အတွင်းမှာ ဘလောဂ့်အသစ် ၅ကြိမ်ခန့် ပြောင်းရွေ့ပြီး ပြန်ပြန်အားယူခဲ့ရပါတယ်.. ဘလော့ရေးခါစ ဘာတစ်ခုမှ နားမလည်ခင်ချိန်မှာ ပိုစ့်တွေအားလုံးကို တစ်ခါတည်း Import လုပ်လို့ရတယ်ဆိုတာ နားမလည်မိခဲ့တဲ့အတွက် တစ်ပုဒ်ချင်း ရွေ့ပြောင်းပြီး အချိန်များစွာ အကုန်ခံခဲ့ဖူးပါတယ်... ပြီးတော့လည်း ကျွန်မအတွက် စာရေးဖို့နေရာဟာ ရှားပါးလွန်းတယ်လို့ ပြောရမှာပါ.. သူများတကာသုံးနေတဲ့ ဘလော့စပေါ့ဆိုတာလည်း ကျွန်မနေတဲ့နေရာက သုံးလို့မရသလို Word Press ကိုလည်း ပိတ်ထားတာဖြစ်လို့ သုံးလို့မရပါဘူး.. ကျွန်မအတွက်တော့ ဘလောဂ့်တစ်ခု တည်ဆောက်ဖို့ အခက်အခဲ များလွန်းလှပါတယ်.. ဒါကြောင့် စာရေးဖို့နေရာလေးတစ်ခုကို ကျွန်မရဲ့ ချစ်သောအစ်မ မမြသွေးနီနဲ့အတူ ၀ယ်ယူကြပြီး ဒီဘလော့လေးကို အခက်အခဲတွေနဲ့ တည်ဆောက်ဖြစ်ခဲ့တာပါ။

အဲဒီလို အခက်အခဲတွေနဲ့ တည်ဆောက်ခဲ့ရတာကြောင့်လည်း ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်ကို တန်ဖိုးထားမိသလို ကိုယ်တိုင်လည်း ပိုစ့်တွေကို ခက်ခက်ခဲခဲ တင်ရတာ ဖြစ်တာကြောင့် စာမျက်နှာတွေပေါ်မှာလည်း စာဖတ်သူရဲ့အချိန်ကို အလဟသ ကုန်စေမဲ့စာမျိုး မတင်မိအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်.. ကျွန်မရဲ့ ဘလောဂ့်အစိမ်းရောင်လွင်ပြင်ကို ပြုစုပျိုးထောင်ဖြစ်တဲ့နေရာမှာ စာဖတ်သူ မောင်နှမတွေအတွက် အကျိုးရှိမဲ့စာ၊ အသုံးဝင်မဲ့စာ၊ သုတ၊ ရသပေးနိုင်မဲ့ အကြောင်းအရာ မျိုးတွေကိုသာ ရွေးချယ်ပြီး တင်ဖြစ်ခဲ့ပါတယ်… ကျွန်မ ဒီဘလော့လေးမှာ စာရေးတာ တစ်နှစ်ပြည့်ပါပြီ.. နောက်ထပ် ဘယ်လောက်ကြာကြာ အင်တာနက်စာမျက်နှာပေါ်မှာ စာတွေရေးနိုင်မလဲ? ကျွန်မကိုယ်ကျွန်မ ပြန်မေးရမယ်ဆိုရင် ဘယ်အချိန်ထိဆိုတာ ကျွန်မကိုယ်တိုင်လည်း သေချာမပြောနိုင်ပါဘူး… ဒီနေ့ မနက်ဖန် ကျွန်မဟာ အင်တာနက် စာမျက်နှာထက်ကနေ မမျှော်လင့်သော အကြောင်းကြောင်းတွေကြောင့် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်.. ဘာကိုမှ မသေချာတဲ့လောကကြီးမှာ ကျွန်မအတွက် အင်တာနက်ကို အဆင်ပြေပြေ သုံးစွဲခွင့်ရနိုင်တဲ့ အချိန်လေးအတွင်းမှာတော့ လူအများအတွက် အကျိုးရှိနိုင်တဲ့ အကြောင်းအရာလေးတွေ အသုံးဝင်မဲ့စာလေးတွေကို တတ်နိုင်သလောက် မျှဝေပေးချင်မိတာပါ... ရေးချင်မိတာပါ။ ဒါဟာ ကျွန်မတတ်နိုင်တဲ့ ကောင်းမှုကုသိုလ်လေးတစ်ခု လုပ်တယ်လို့ သဘောထားမိသလို ကျွန်မရဲ့ စာရေးချင်တဲ့ဝါသနာနဲ့ ကိုယ်ပိုင် အားလပ်ချိန်တွေရယ်၊ အဆင်ပြေပြေ သုံးစွဲခွင့်ရနေတဲ့ အင်တာနက်ရယ်ကို အကျိုးရှိစွာ အသုံးချချင်လို့လည်း ဖြစ်ပါတယ်..

ကျွန်မ ဒီအင်တာနက်ပေါ်မှာ စာရေးဖြစ်တဲ့ အကြောင်းလေးက စာရေးစာဖတ် ၀ါသနာကနေ အစပြုပါတယ်.. ကျွန်မ ငယ်စဉ်ကတည်းက မြန်မာစာကို ၀ါသနာပါခဲ့ပါတယ်.. ကျောင်းသင် ဘာသာရပ်တွေထဲမှာ အခြားဘာသာတွေထက် မြန်မာစာကို စွဲစွဲလန်းလန်း နှစ်သက် ခုံမင်ခဲ့သလို၊ ကျွန်မကို မြန်မာစာကို ချစ်ခင်မြတ်နိုးတတ်လာအောင် သင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကြုံတွေ့ခဲ့ရတာ ကျွန်မအတွက် ကံကောင်းခြင်းတစ်ခုလည်း ဖြစ်ပါတယ်… အဲဒီချိန်ကတည်းက စာပေတွေကို ချစ်တဲ့စိတ်၊ စာရေးချင်တဲ့စိတ်က အစပျိုးခဲ့ပါတယ်.. ကြီးလာရင် စာတွေ ရေးမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး ရှိခဲ့ပါတယ်.. စာစီစာကုံးများဆို ၁၃မျက်နှာထိ ရောက်သွားအောင် အားရပါးရ ရေးတတ်လို့ ဆရာမကတောင် ပြောယူခဲ့ရပါတယ်.. တက္ကသိုလ် ရောက်ချိန်မှာတော့ တက္ကသိုလ်မှာ မြန်မာစာဆရာမ တစ်ယောက်ဖြစ်ချင်ခဲ့ပြီး မြန်မာစာဆရာမဘ၀နဲ့ စာတွေရေးမယ်ဆိုတဲ့ စိတ်ကူးများစွာနဲ့ ကျွန်မတက်နေတဲ့ သိပ္ပံဘာသာရပ်ကနေ မြန်မာစာမေဂျာကို ပြောင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်.. အကြောင်းကြောင်းကြောင့် ပြောင်းလို့မရခဲ့တဲ့အတွက် ကျွန်မဟာ သိပ္ပံနဲ့ ဘွဲ့ရသူတစ်ယောက် ဖြစ်လာခဲ့ရပြီး လုပ်ငန်းခွင်ကိုဝင်ရောက်လို့ အလုပ်တွေနဲ့ သင်တန်းတွေ၊ နောက်ထပ် ကျောင်းစာတွေနဲ့ အချိန်အတော်ကြာ ရှုပ်နေခဲ့တာကြောင့် စာတွေ ဖတ်ရုံကလွဲလို့ စာရေးတဲ့အလုပ်ကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါက မြန်မာစာဆရာမ ဖြစ်ချင်ခဲ့ပေမဲ့ ဖြစ်မလာခဲ့တဲ့ အကြောင်းလေးတစ်ခုပါ။ ခုချိန်မှာတော့ ကံအားလျော်စွာ အင်တာနက်ကို အဆင်ပြေပြေ သုံးစွဲနိုင်ပြီး အားလပ်တဲ့ အချိန်ပိုတွေလည်း ရှိနေပြီ ဖြစ်တာကြောင့် တက္ကသိုလ်မှာ မြန်မာစာဆရာမ ဖြစ်ခွင့်မရခဲ့၊ ဖြစ်မလာခဲ့ပေမဲ့ ငယ်စဉ်ကတည်းက သန္ဓေတည်ခဲ့တဲ့ စာရေးချင်စိတ်ကို ပြန်လည်အစပျိုးပြီး အင်တာနက်ပေါ်ကနေ စာတွေ ရေးမိခြင်းသာ ဖြစ်ပါတယ်..

အဲဒီလို အင်တာနက်ပေါ်မှာ စာရေးနေမိတာကို ကျွန်မက ပင်လယ်ကမ်းစပ်က သဲသောင်ပြင်ပေါ် လမ်းလျှောက်သွားနေတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်မျိုး ရှိနေခဲ့ပါတယ်… သဲသောင်ပြင်ပေါ် ထင်ကျန်နေမဲ့ ကျွန်မရဲ့ခြေရာတွေဟာ တစ်ချိန်ချိန်မှာ လှိုင်းဒဏ်ကြောင့်သော်လည်းကောင်း မိုးဒဏ်၊ လေဒဏ်ကြောင့်သော်လည်းကောင်း၊ ပျောက်ကွယ်သွားရမှာပါ.. ဒါပေမဲ့ အဲဒီလို မပျောက်ကွယ်ခင် အချိန်လေးမှာတော့ ကျွန်မ ချန်ထားခဲ့တဲ့ခြေရာ၊ ကျွန်မလျှောက်ခဲ့တဲ့လမ်းကို ကိုယ်တိုင် နောက်ပြန်လှည့်လို့ ကြည့်ချိန်မှာ ကျွန်မဘယ်လိုခြေလှမ်းမျိုးနဲ့ လျှောက်သွားခဲသလဲ.. ကွေ့ကွေ့ကောက်ကောက်လား၊ တွန်းတွန်းတိုက်တိုက်လား၊ ယိုင်တိယိုင်ထိုးလား၊ ဖြောင့်ဖြောင့်တန်းတန်းလား၊ ဒေါသတကြီး အင်အားပြင်းပြင်းနဲ့ နင်းချပြီး လျှောက်သွားသလားဆိုတာ ကျွန်မကိုယ်တိုင်က အလွယ်တကူ ပြန်မြင်တွေ့ရမှာ ဖြစ်သလို ဘေးက ကြည့်နေသူများကလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်.. ကျွန်မလျှောက်သွားတဲ့ လမ်းကြောင်းကိုတော့ ကောင်းသည်ဆိုးသည် ဖြောင့်တန်းသည်၊ ကွေ့ကောက်သည် ဆိုတာကို ဘေးကကြည့်နေတဲ့သူများ အလွယ်တကူ သုံးသပ် ဆုံးဖြတ်လို့ ရနိုင်ပါတယ်..

 
ကျွန်မချန်ရစ်ခဲ့တဲ့ ခြေရာတွေဟာ ဘယ်သူ့ကိုမှ တွန်းတိုက်ပြီး လျှောက်သွားတာမျိုးမဟုတ်ဘဲ ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်မှန်မှန်နဲ့ လျှောက်သွားသူတစ်ယောက်ရဲ့ ခြေရာတွေအဖြစ်သာ ကျန်ရစ်ခဲ့စေချင်မိပါတယ်.. ရေရှည်ထင်ကျန်ရစ်မဲ့ ခြေရာတွေ မဟုတ်ခဲ့ရင်တောင်မှ ကိုယ်လျှောက်တဲ့ ခြေလှမ်းတွေကြောင့် တစ်စုံတစ်ယောက်မှာ နာကျင်ခံစားရတာ၊ ထိခိုက်နစ်နာရတာတွေ ရှိခဲ့ရင် ကိုယ်တိုင်က ပြန်လှည့်ကြည့်မိချိန်မှာ နောင်တပြန်ရမဲ့ ခြေလှမ်းမျိုး မချန်ထားရစ်ခဲ့ချင်တာ ကျွန်မရင်ထဲက ဆန္ဒတစ်ခုသာ ဖြစ်ပါတယ်.. ကိုယ်ပိုင်စာမျက်နှာထက်မှာ ရေးတယ်ဆိုပေမဲ့ ကျွန်မရွေးချယ်တဲ့ အကြောင်းအရာတွေဟာ လူတိုင်းဖတ်နိုင်တဲ့၊ သုတ၊ရသ တစ်ခုခုတော့ ရနိုင်မဲ့ အကြောင်းအရာတွေကိုသာ ရွေးချယ်ဖြစ်ပြီးတော့ စကားလုံး အသုံးအနှုန်းကစလို့ သေချာဂရုတစိုက်ပြီး ကြိုးစားရေးမိပါတယ်.. လူငယ်တွေအတွက် အဆိပ်အတောက်ဖြစ်စေမဲ့စာ၊ အတုခိုးမှားနိုင်စေမဲ့စာမျိုးကိုလည်း တတ်နိုင်သမျှ ရှောင်ရှားပြီး ရေးဖြစ်ခဲ့ပါတယ်.. သို့သော် ကျွန်မ ဘယ်လိုရေးခဲ့ပါတယ်လို့ ပြောနေ၊ ရေးနေသည်ဖြစ်စေ ကျွန်မရေးခဲ့တဲ့ စာတွေ၊ အကြောင်းအရာတွေရဲ့ ကောင်းသည်ဆိုးသည်ဆိုတဲ့ မှတ်ချက်ကိုတော့ ကျွန်မရဲ့ဘလောဂ့်လေးကို လာလည်ပြီး စာဖတ်ကြတဲ့ မောင်နှမတွေကသာ ဆုံးဖြတ်ပေးနိုင်မှာပါ။

ကျွန်မနဲ့အတူ ဒီသဲသောင်ပြင်ကြီးပေါ်ကို ဖြတ်သန်းသွားလာနေကြတဲ့ စာရေးနေကြသော ၀ါသနာတူ အခြား ဘလောဂ့်စာမျက်နှာတွေကိုလည်း ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရေးသားနေကြသူတွေဘဲ ဖြစ်ပါစေ ကိုယ်လက်လှမ်းမှီသလောက်တော့ အချိန်ပေးပြီး ဖတ်ဖြစ်သလို၊ ဖတ်တိုင်းလည်း သေသေချာချာ ဖတ်ပြီး မှတ်ချက်လေးတွေ ရေးဖြစ်ခဲ့ပါတယ်.. အထူးသဖြင့် ဘလောဂ့်ရေးခါစ အသစ်လေးတွေရဲ့ စာမျက်နှာတွေကို အသစ်တင်တိုင်း နွေးနွေးထွေးထွေးနဲ့ သွားရောက်ကြိုဆိုပြီး အမြဲတမ်းလိုလို ဖတ်နိုင်အောင် ကြိုးစားဖြစ်ပါတယ်.. ဒါကတော့ လွန်ခဲ့သော တစ်နှစ်ကာလက အသစ်ဖြစ်ခဲ့သော ကျွန်မရဲ့ ခံစားချက်များဖြင့် ကိုယ်ချင်းစာပြီးတော့ ကျွန်မတတ်နိုင်သလောက် အသစ်တွေကို အားပေးခြင်း၊ လက်တွဲခေါ်ယူခြင်းသာ ဖြစ်ပါတယ်.. သူတို့ရဲ့ ခံစားချက်တွေ မျှဝေမှုတွေကို စိတ်ထဲက လှိုက်လှဲစွာ အားပေးဖြစ်ခဲ့ပါတယ်.. ကျွန်မအတွက်လည်း ဘလောဂ့်ရေးတဲ့ တစ်နှစ်အတွင်းမှာ သူငယ်ချင်း မိတ်ဆွေများနဲ့ စာဖတ်သူမောင်နှမများဆီက တုံ့ပြန်အားပေးတဲ့ မှတ်ချက်တွေ စာလေးတွေက ကျွန်မ စာတွေဆက်ရေးဖြစ်ဖို့ ခွန်အားတွေဖြစ်ခဲ့ရပါတယ်.. ဒီလိုတုံ့ပြန်သံတွေဟာ စာရေးသူတွေရဲ့ အင်အားဆိုတာ နားလည်နေမိတာကြောင့်လည်း အသစ်အသစ်တွေကို တတ်နိုင်သမျှ အားပေးပြီး၊ လက်ကမ်းကြိုဆိုဖြစ်ခဲ့တာပါ။

ကျွန်မဘလောဂ့်ကို အလည်လာ စာဖတ်ကြသူ မောင်နှမတွေဆီကနေ နွေးထွေးလှိုက်လှဲတဲ့ အားပေးတုန့်ပြန်သံတွေကို ရရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်စွာ ပီတိဖြစ်ခဲ့ရပါတယ်.. ကျွန်မရဲ့ တစ်နှစ်စာသော ပိုစ့်တွေထဲမှာ ကျွန်မကို မှတ်မှတ်ရရ အဖြစ်စေဆုံး ပိုစ့်၂ပုဒ်ရှိခဲ့ပါတယ်.. ပထမတစ်ပုဒ်က ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တဲ့ ရေမွှေးပုလင်းနှင့်တူသောယောက်ျားများ ဖြစ်ပြီး မထင်မှတ်ထားဘဲ အားပေးမှုများစွာ ရရှိစေခဲ့တာကြောင့် ကြည်နူးစေခဲ့မိသလို ကွာရှင်းပြတ်စဲခြင်း ဆိုတဲ့ ဘာသာပြန်ပိုစ့်လေးကတော့ ကျွန်မကို မျက်ရည်ဝဲစေလောက်တဲ့အထိ စိတ်ခံစားမှုပေးစေတဲ့ တုံ့ပြန်သံလေးကို ရရှိခဲ့ဖူးတာကြောင့် မှတ်မှတ်ရရဖြစ်စေခဲ့တာပါ.. ဒီကွာရှင်းပြတ်စဲခြင်းဆိုတဲ့ ဘာသာပြန်ပိုစ့်လေးရေးပြီး မကြာခင်မှာ စာလေးတစ်စောင် ရောက်လာပါတယ်. စာထဲမှာ ကွာရှင်းပြတ်စဲခြင်းပိုစ့်ကို ဖတ်မိတာကြောင့် တစ်လအတွင်း ကွာရှင်းပြတ်စဲကြဖို့ စီစဉ်ထားတဲ့ လင်မယားတစ်စုံတို့ဟာ ပြန်လည် နားလည်မှုရရှိသွားကြပြီး မကွာရှင်းဖြစ်တော့ပါဘူး ဆိုတဲ့အကြောင်း ရေးထားလေး ပါပါတယ်.. အဲဒီစာကို လက်ခံရပြီး ဖတ်လိုက်ချိန်မှာ မျက်ရည်လည်မိအောင် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်… ကျွန်မရေးတဲ့ စာတွေ၊ ဘာသာပြန်တဲ့ အကြောင်းအရာတွေကနေ ခုလိုမျိုး တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုလေး ရှိသွားခဲ့တယ်ဆိုတဲ့ စကားက စာတွေဆက်ရေးဖြစ်ဖို့ ကျွန်မကို တွန်းအားပေးတဲ့ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်..

စာရေးခြင်းဟာ ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ချမ်းမြေ့ခြင်းကို ရရှိစေသလို၊ အကျိုးရှိစွာ အချိန်ကုန်ဆုံးစေတဲ့ နည်းလည်း ဖြစ်ပါတယ်.. ၀ါသနာကြောင့် စာရေးနေမိတာဖြစ်ပေမဲ့ ကျွန်မဖတ်မိတဲ့ ၊ တွေ့ကြုံခဲ့တဲ့ အကြောင်းအရာတွေ၊ စာကောင်းလေးတွေကို အစိမ်းရောင်လွင်ပြင်ပေါ်ကနေ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းများကို မျှဝေးပေးချင်ပါတယ်.. တကူးတက ရောက်လာပြီး လာဖတ်ပေမဲ့ အချိန်ကုန်ရကျိုး မနပ်တဲ့စာမျိုး၊ ဖတ်ပြီး ဒေါသသင့်စေမဲ့ စာ၊ အချည်းနှီး ဖြစ်စေမဲ့ စာမျိုးတွေကိုတော့ တတ်နိုင်သမျှ ရှောင်ရှားခဲ့ပါတယ်.. လူအများ ဖတ်ရှုနိုင်တဲ့ ဒီစာမျက်နှာတွေထက်မှာ တစ်စုံတစ်ယောက်ကို မကျေနပ်ခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ ရည်ရွယ်တိုက်ခိုက်ခြင်း၊ သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်အောင် ထိခိုက်စော်ကားခြင်း စတဲ့ အများနဲ့မသက်ဆိုင်တဲ့ ကိုယ့်ရဲ့ပူလောင်ဒေါသတွေကို ဘယ်တုန်းကမှ မရေးဖြစ်ခဲ့သလို နောင်ကိုလည်း ရေးသွားဖို့ စိတ်ကူးမရှိခဲ့ပါဘူး…. ဒါက ကျွန်မရဲ့ ဒီဘလော့ဂ်လေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထားလေးပါ။ ကျွန်မရဲ့ အားလပ်ချိန်လေးတွေ ရှိနေသရွေ့၊ စာရေးဖို့ အခွင့်အရေးတွေ ရနေသရွေ့တော့ စာတွေကို ဆက်ပြီး ရေးနေပါဦးမယ်.. အသက်တွေကြီးလာချိန်မှာလည်း အေးအေးချမ်းချမ်းနဲ့ စာရေး၊ စာဖတ်ပြီး ဘ၀ရဲ့ အချိန်တွေကို ကျော်ဖြတ်ချင်ပါတယ်.. ဒါကတော့ ဖြစ်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒတစ်ခုသာ ဖြစ်ပါတယ်..

ဘလောဂ့်စလုပ်ချိန်တုန်းက ဘာတစ်ခုမှ နားမလည်သေးချိန်မှာ လက်တွဲခေါ်ခဲ့သူများ၊ ကူညီအကြံပေးခဲ့ကြသူများ၊ တိုက်တွန်း အားပေးကြသူများ၊ ဘလောဂ့်ရေးတဲ့ သက်တမ်းတစ်နှစ်အတွင်း အခက်အခဲများစွာနဲ့ စိတ်သောကရောက်ချိန်မှာ ဖေးမကူညီခဲ့သူများ၊ အကြောင်းကြောင်းတွေကြောင့် စာဆက်ရေးဖို့ စိတ်ကုန်ခမ်းသွားရလောက်အောင် စိတ်ဆင်းရဲမိချိန်မှာ မိတ်ဆွေကောင်းပီသစွာ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသူများ၊ မကြာခဏ ပျက်သွားတတ်တဲ့ ဘလော့ဂ်လေးကြောင့် စိတ်ပျက်ရချိန်မှာ ၀ိုင်းဝန်း ပူပန်ပေးကြသူများ၊ စာလာဖတ်ကြသော ညီအစ်ကို မောင်နှမများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းကို သတိတရ ပြောကြားလိုပါတယ်.. ခုလည်း ဘလောဂ့်က ဆာဗာဒေါင်းတာ မကြာခဏ ဖြစ်နေပါသေးတယ်.. အဲလို ၀င်လို့မရ ဖြစ်တဲ့အခါ Refresh ပြန်ပြန်လုပ်တာဘဲဖြစ်ဖြစ်၊ နည်းနည်းလေး အချိန်ကြာမှာ ထပ်ဝင်တာမျိုးနဲ့ဖြစ်ဖြစ် ကျွန်မဘလောဂ့်လေးကို စိတ်ရှည်ရှည်နဲ့ ၀င်ပေးကြဖို့ တောင်းပန်ချင်ပါတယ်.. (ခုတော့ ၆ကြိမ်မြောက်အဖြစ် အသစ်ကို ပြန်ပြောင်းလိုက်ပြန်ပါပြီ) ဘယ်အချိန်အထိ အင်တာနက်မှာ စာတွေရေးနိုင်မလဲဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ကျွန်မအတွက် စာတွေရေးနေဖို့ အခွင့်အရေး ရှိနေသေးချိန်ထိတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ မထိခိုက်စေတဲ့ အကြောင်းအရာမျိုးတွေ၊ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ၊ သုတ၊ ရသဖြစ်စေမဲ့ စာမျိုးတွေ၊ စိတ်ရွှင်လန်းစရာလေးတွေ၊ ကျွန်မလို အချက်အပြုတ် ၀ါသနာပါသူများအတွက် ဟင်းချက်နည်းလေးတွေကို ဆက်လက်ပြီး မျှဝေပေးသွားပါဦးမယ်လို့ တစ်နှစ်ပြည့်စကားလေး ပါးလိုက်ပါရစေရှင်။


( ကျွန်မရဲ့ မောင်ငယ်တစ်ယောက်လို ခင်မင်ရပါသော ဘလော်ဂါ မေပယ်လ်လေးက ဖြစ်မလာခဲ့သောနဲ့ ဖြစ်ချင်နေသောဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တဂ်ပိုစ့်လေးအဖြစ် ရေးခိုင်းထားပေမဲ့ သီးသန့်မရေးတော့ဘဲ ဒီတစ်နှစ်ပြည့် ပိုစ့်လေးထဲမှာသာ အနည်းအကျဉ်း ထည့်ရေးပေးလိုက်ပါတယ်နော်.. မပြည့်စုံတဲ့ ကျွန်မရဲ့ ဖြစ်ချင်တာနဲ့ ဖြစ်မလာတဲ့အကြောင်းလေးတွေ အတွက်တော့ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်.. ရေးခိုင်းထားတဲ့ မေပယ်လ်လေး ဒီလာက်နဲ့ဘဲ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်..)





45 comments:

ချောရေ...............
တနှစ်မှသည် နှောင်မရေတွက်နိုင်သော နှစ်တွေထိ
ဗဟုသုတများကို ရှယ်နိုင်ပါစေ :)

“မြေပြင်က ပျော့ပျော့လေးဆို.. ခြေရာလေးများ ဖြစ်ပေါ်တတ်တာ.. မမာနိုင်သော ကိုယ့်ရဲ့ အသည်းပေါ်..” သီချင်းလေး ဖျပ်ကနဲ သတိရလိုက်တယ်..
မမချောရေ.. တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာတွေရေး၊ ဟင်းတွေချက်ပြီး၊ ဗဟုသုတတွေအများကြီး ဝေမျှနိုင်ပါစေ..

မမရဲ့ စာရေးကောင်းတဲ့ စာကောင်းလေးတဲ့ရေးပေးတဲ့ blog လေး ထာဝစဉ်ရှင်သန်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။

စကားမစပ်။ ဒီတစ်ခါပဲ ကံကြီးသီလို့ ကွန်မန့်ရေးလို့ ရတာပါ။ အရင် post တွေက ဆိုရင် အမြဲ problem loading ဖြစ်နေတယ် မမ။ နက်ကြောင့်လို့ ထင်ပေမယ့် တခြား စာမျက်နှာတွေတော့ ရတယ်။

Refresh လည်း ပြန်ပြန်လုပ်တယ်၊ နည်းနည်းလေး အချိန်ကြာမှာ ထပ်ဝင်ပါတယ်။ ဒါပေမယ့် မရခဲ့ဘူး.. အခုမှ ရတုန်း အားရအောင် ရေးထားတာ :P

မမချော၏ ဘလော့ဂ်လေး တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ယခုလို အကျိုးရှိပြီး ချစ်စရာ ကောင်းတဲ့ ပို့စ်လေးတွေ ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ အမြဲ လာလည်မယ်နော်။ အစ်မရဲ့ ဘလော့ဂ် လိပ်စာလေးကို ရို့စ် ဘလော့ဂ်မှာ ထည့်ထားတယ်နော်။

တနှစ်ပြည့်မှသည်.. နှစ်ပေါင်းများစွာ.. စာကောင်းပေမွန်လေးတွေ .. ရေးသွားနိုင်ပါစေနော်..း)

ချောရေ,
အားပေးနေတယ်နော်...
တနှစ်မှသည် နှစ်ပေါင်းများစွာအထိ...စာတွေရေးနိုင်ပါစေ

ဧရာသီတာ

တနှစ်ပြည့်ခြေလှမ်းလေးတွေ ... နောင်နှစ်ပေါင်းများစွာ စွမ်းနိုင်သရွေ့
အစိမ်းရောင်လွင်ပြင်ပေါ်မှာ လှမ်းနိုင်ပါစေ ........

မမရေးးး မှတ်သားလိုက်နာဖွယ်ရာ ဗဟုသုတလေးတွေအမြဲမျှဝေပေးတဲ့တွက် ကျေးဇေူးပါ။
တစ်နှစ်မှစလို့ နှစ်ပေါင်းများစွားတိုင် ဒီလိုပဲစာပေကောင်းလေးတွေနဲ့လောကကိုအလှဆင်နိုင်ပါစေရှင်း

သာယာချမ်းမြေ့ပါစေရှင်း
မိုး

တနှစ်ပြည့်မှသည်.. နှစ်ပေါင်းများစွာသို့ ..

ခြေလှမ်းတွေ...!
စိမ်းလန်းတဲ့ လွင်ပြင်မြေကို ဖြတ်သန်း
စိမ်းလန်းတဲ့ အတွေးတွေနဲ့ ယှက်သန်း
ရှေ့မှာ
ပန်းတွေလည်း ခင်းထားတယ်
စမ်းတွေလည်း ဆင်းသွားမယ်
အဆုံးတော့ မရှိဖူးပေါ့
သွားကြမယ်...။

တစ်နှစ်ပြည့်မှစ စာတွေအများကြီး နှစ်တွေအများကြီး ရေးနိုင်ပါစေဗျား) ကျနော် အမ ညွှန်းတဲ့ပို့စ် ၂ ပုဒ်မဖတ်ရသေးဘူး ပြန်ဖတ်ကြည့်အုံးမယ် ။

မချောရေ့.....

စာတွေဆက်ရေးသွားနိုင်ပါစေဗျာ......။
အခွင့်ရှိသလောက်၊ အခြေအနေပေးသလောက်၊ စိတ်ပါနေသလောက်.....အတိုင်းအတာများအထိပေါ့နော့်.....။
တစ်နှစ်ဆိုပေမယ့်.......အွန်လိုင်းထဲက အချိန်တွေဟာ ကြာသလိုပဲနော်......း)))

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

သြော်....ငါ့အစ်မတောင်တစ်နှစ်သမီးရှိမှပဲကိုးးးးး
မမရဲ့ပိုစ့်တွေက စာဖတ်တဲ့သူတွေကိုအမြဲတမ်း တစ်ခုခုရစေနိုင်တယ်။
ဆက်လက်ပြီးတော့လည်း ပိုစ့်ကောင်းတွေကိုမျှဝေနိုင်ပါစေလို့ဆုတောင်းပေးတယ် (တစ်နှစ်သမီးဘလော့မှသည် နောင်နှစ်ပေါင်းများစွာ ဆံတွေဖြူသွားတွေကျိုးသည်အထိပေါ့)....း)))))

ညီမလေး
အင်ကြင်း

မချောရေ ..
ရေးခဲ့တဲ့(ပို့)စ်အများစုက လူတွေအတွက်လိုအပ်တဲ့ အခြေခံစိတ်ထားလေးတွေပေါ်မှာ လိုအပ်တဲ့ ထားသင့်တဲ့ စိတ်ထားလေးတွေကို ဇာတ်ကောင်စရိုက်လေးတွေနဲ့ မျှဝေပေးခဲ့တာပါ။
အသိပညာတစ်ခုရသွားသလို ခံစားချက်တွေကိုလဲ ပေးစွမ်းနိုင်တယ်လို့ ဆွေလေး မြင်တယ်လေ။

ဒါကြောင့် တစ်နှစ်ပြည့်သွားပေမယ့် နောင်လာမယ့် နှစ်များစွာမှာလဲ အဲဒီလိုအနှစ်သာရပြည့်တဲ့ ပို့(စ်)လေးတွေ ဆက်ရေးနိုင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ်။

ခင်မင်စွာဖြင့်
ညီမဆွေလေး

ဆက်လက်ပြီး စာကောင်းလေးတွေအများကြီးေ၇းသားနိုင်ပါစေ။

ညီမ ချော ရေ

တနှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ဘလောဂ်ဂင်း နိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Happy Anniversary ပါ မချောရေ..... ဒီထက်မက စာကောင်းပေမွန်တွေကို ဆက်လက်ရေးသားနိုင်ပါစေလို့....


ခင်မင်တဲ့
နေ၀သန်

Please go ahead my friend,
ကျနော်အနှစ်သက်ဆုံး ဆိုဒ်လေးးတွေထဲမှာ ဒီဆိုဒ်လေးးကလည်း တစ်ခုအပါအဝင်ပါ။

အစဉ်အမြဲအားပေးလျှက်....

မချောရေ တစ်နှစ်ပြည့်မှ သည်နောင် နှစ်ပေါင်းများ စွာ စာတွေ အများကြီးရေးနိုင်ပါစေလို့ ဆုတောင်း ပါတယ် ရှင့်
Happy Anniversity ပါ မ

ဟင်...ဒီတစ်ခါ မှတ်မှတ်ရရ အစောဆုံးပြေးလာဖတ်မယ်လို့ အားခဲထားတာ အိပ်ရာနိုးတော့
ကိုယ့်ရှေ့မှာ တန်းစီပြီးသွားကြသူတွေ မနည်းမနောပါလား..မကြီးအတွက် ဂုဏ်ယူပါတယ်..။
ဘလော့ပေါ်မှာ စာရေးခြင်းကို သဲသောင်ပြင်ပမာ တင်စားသွားပုံလေး အရမ်းသဘောကျတယ်
ပြီးတော့..."တကူးတက ရောက်လာပြီး လာဖတ်ပေမဲ့ အချိန်ကုန်ရကျိုး မနပ်တဲ့စာမျိုး၊ ဖတ်ပြီး ဒေါသသင့်စေမဲ့ စာ၊ အချည်းနှီး ဖြစ်စေမဲ့ စာမျိုးတွေကိုတော့ တတ်နိုင်သမျှ ရှောင်ရှားခဲ့ပါတယ်.."
ဆိုတဲ့ စိတ်ရင်းခံကိုလည်း မြင်တွေ့လိုက်ရတော့ ပိုပြီးဝမ်းမြောက်မိတယ်..
တစ်နှစ်သမီးလေးမှသည် ဖွားဖွားလေးအထိ လူမျိုး ဘာသာ သာသနာကို သည်ပိုးနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
စကားမပ်...။PS..
(ကျွန်မရဲ့ မောင်ငယ်တစ်ယောက်ကို ခင်မင်ရပါသော.)ဆိုတဲ့နေရာမှာ လို..ဖြစ်ရမှာ ပြင်လိုက်အုံးနော့
ဆြာကြီး လုပ်သွားတယ်:D:D

မင်္ဂလာပါ အစ်မချောရေ...

တစ်နှစ်မှသည် နှစ်တွေ နှစ်တွေ အများကြီးတိုင်အောင် အခုလိုမျိုး စာတွေဆက်ပြီး ရေးသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

ညီမလည်း အင်တာနက်နဲ့ ဆက်စပ်ထိတွေ့နေရသမျှကာလပတ်လုံး အစ်မချောကို အမြဲအားပေးနေမှာပါ။

ခင်မင်စွာဖြင့်
သစ္စာဖြူ

မမချောရေ မမချောကယမင်းနဲ့ ၀ါသနာချင်းတူလို့ အံ့သြရပါတယ်နော်...။ မြန်မာစာကိုစိတ်ဝင်စားတာချင်းလည်းတူတယ် ယမင်းလည်း စာရေးတာကို ၀ါသနာပါ တယ် ဒါပေမဲ့ အဲလောက်အရည်အချင်းမရှိသေးပါဖူး အများကြီး ကြိုးစားရဦးမှာပေါ့ မမချောကိုတော့အားကျပါတယ် လေးလည်းလေးစားတယ် ယမင်းမမချောရဲ့ ဘလော့ကို စဖတ်ဖြစ်တာက လိုအပ်ချိန်တိုင်းဆိုတဲ့ဘာသာပြန်ဝတ္ထုလေးက စဖတ်ဖြစ်တာပါနော်။ အဲဒီဝတ္ထုလေးကိုဖတ်မိတုန်းက ဆိုရင်တကယ်ပါခံစားရလွန်းလို့ မျက်ရည်တောင် ကျသွားတယ် ပိုးပိုးပေါက်ပေါက်ပဲ ဘာသာပြန်ဝတ္ထုဆိုပေမဲ့ အရေးအသားက အရမ်း ကောင်းတယ် စာဖတ်သူကိုဇာတ်လမ်း ထဲမှာမျှောသွားအောင် ဆွဲဆောင်နိုင်တယ် အဲဒီထဲက သဘောကျသွားလို့ အမြဲတမ်းမမချောရဲ့ ဘလော့ကို ၀င်ဖတ်ဖြစ်တယ် ခုတစ်နှစ်ပြည့်သွားပြီဆိုတော့ ဘာလိုလိုပါပဲလားအမြဲ အားပေးနေပါမယ် မမချောအမြဲတမ်း အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်....။

အမချောရေ...
ဘလော့ရေးတာ တစ်နှစ်ထဲ ရှိပေမဲ့ အမရဲ့ စာတွေက လူသားအားလုံးအတွက် အသုံးဝင်စေမဲ့ စာမျိုးတွေချည်းပါဘဲ။ ကျနော် တကယ့်စိတ်ရင်းနဲ့ ပြောတာပါ။ အမစာတွေကို အကုန်လုံး မဖတ်ဖြစ်ခဲ့ပေမဲ့ ရာခိုင်နှုန်း တစ်ဝက်ကျော်ကျော် ကျနော် ဖတ်ဖြစ်ခဲ့ပါတယ်။ တကယ်ဘဲ ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်ပြီးတဲ့အခါ ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့လို့လေ။ တစ်ခုခုဆိုတာ သုတဖြစ်ရင်ဖြစ်မယ်။ ရသဖြစ်ရင် ဖြစ်မယ်။ တစ်ခြား ညစ်ညမ်းမှု၊ စိတ်ဓါတ်ပျက်ပြားစေမှုတွေ မဟုတ်ပါဘူး။ အမစာက တကယ့် စာသန့်လေးတွေပါ။ ကျနော်နှင့် ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဘလော့ဂါတွေကိုလဲ အမအကြောင်း မကြာခဏပြောပြပါတယ်။ စာဖတ်ချိန်သိပ်မရှိရင်တောင် အစိမ်းရောင်လွင်ပြင်ကိုတော့ ဖတ်ကြည့်ပေးပါလို့ ပြောခဲ့ဖူးတယ်။ အမှန်တကယ်ပြောခဲ့တာပါ။ အမဘလော့ ပေါ်လာစကထဲက ကျနော် သတိထားမိခဲ့ပါတယ်။ ဘာတစ်ခုမှ အမှိုက်မပါပါဘူး။ မနှစ်က ကထဲက အမကို ဘလော့ဂါဆု ၀င်ပြိုင်ပါလားလို့ ကျနော် အကြံပေးခဲ့သေးတယ်လေ။ အမက ဘလော့တည်ဆောက်တာ လပိုင်းဘဲ ရှိသေးတယ်။ ဘယ်အဆင်ပြေပါ့မလဲတဲ့။ ဘာဘဲဖြစ်ဖြစ် အမစာတွေကို အရမ်းအရမ်းကို ကြိုက်ပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချောရေ ...
တစ်နှစ်ပြည့် ဘလော့ စာရေးဆရာမ မှသည် နောင်နှစ်ပေါင်း အသင်္ချေ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းငြိမ်းချမ်းချမ်း စိုးစိုးမိုးမိုး ဦးဦးဖျားဖျား အောင်မြင်မှုများ ရပါစေ ...
ငြိမ်းစိုးဦး

ချောရေ..
တနှစ်ပြည့်သွားပြီနော်။
ချောရေးတဲ့စာတွေက တကယ်ပဲ ဗဟုသုတရပါတယ်။ နောက်ပြီး အများကြီးကို ဖတ်မှတ်ပြီးမှ ရေးတင်တာကိုလည်း သတိထားမိပါတယ်။ စာဖတ်သူအတွက် စေတနာလေးကို ကျေးဇူးတကယ်တင်မိပါတယ်။
နောက်ထပ်နောက်ထပ် စာတွေအများကြီးရေးနိုင်ပါစေ

အင်း.. မ ချောရေ..
ဘာမှ ပြောစရာမရှိအောင်ပြည့် စုံနေပါတယ်ဗျာ..။
စာတွေကိုရေးသားနေသူတစ်ယောက်ရဲ့  စေတနာတွေကို
သူရေးနေတဲ့ စာတွေထဲမှာတွေ့ နေရတတ်ပါတယ်။
မချောရဲ့ ပို့ (စ)လေးတွေ အားလုံးတို့ ရဲ့  ပင်ကိုယ်ဟန်ကိုက
အားလုံးပေါ်မှာ ခင်ခင်မင်မင် ရှိနေတဲ့ ပုံပါပဲ။
မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူမိပါတယ်ဗျာ..။

ကြည်နူးမှုတွေ အမြဲပေးစွမ်းတဲ့ မချောရဲ့ ဒီဘလော့လေးတောင် တနှစ်ပြည့်ခဲ့ပြီပဲ.... စာတွေအများကြီး ဆက်ဖတ် ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်....

အားပေးနေပါမယ်။ နှစ်ပေါင်းများစွာတိုင်အောင် စာတွေများများေ၇းနိုင်ပါစေ...

အစ်မရေ ..
ဆက်လက်အားပေးနေပါတယ်ဗျာ ....

ယနေ့မှစ နှစ်တရာမကတိုင်ပါစေ မချောရေ....။

ချောရဲ့ ဘလောဂ်ရေးရခြင်း ရည်ရွယ်ချက် ခံစားချက်အားလုံးကို သဘောကျလေးစားမိတယ် ။ အများကြီးအများကြီး ဆက်ရေးနို်င်ပါစေချောရေ...ညီမလေးလဲ ချောရေးသမျှ အများကြီးအများကြီး ဆက်ဖတ်ခွင့်ရချင်ပါတယ်း)

မချောဆီမှာ ပို့စ်အသစ်တက်တိုင်း လာဖတ်ဖြစ်တယ်၊ တခါတလေ လင့်ခ်ကို လာလို့
မရဘူး၊ ဘာဖြစ်လို့လဲ မသိဘူး၊ တစ်နှစ်ကနေ နှစ်ပေါင်းများစွာ တိုင်ပါစေဗျာ ...

မမ....
တစ်နှစ်ပြည့်မှသည် ဖြူစင်သန့်ရှင်းသော ခြေလှမ်းလှလှလေးများဖြင့် အဆုံးမရှိအောင် ဆက်လျှောက်ပါစေလို့ မျှော်လင့် ဆုတောင်းရင်း....
အားပေးလျှက်
ချစ်ခင်စွာဖြင့်...
နီနီဝင်း (ရနံ့မပြယ်မယ့်အဆုံးမဲ့ကမ္ဘာ)

မချောရေ
မချောရဲ့ ကိုယ်ပိုင်ဝါသနာ၊
စာဖတ်သူတွေအပေါ်ထားတဲ့ စေတနာ၊
ဘလောဂ့်ရေးတဲ့သူ အသစ်အသစ်လေးတွေကိုပဲ လက်တွဲခေါ်ယူချင်တဲ့ မေတ္တာ ဂရုဏာ၊
ဒါတွေနဲ့ ပြည့်စုံနေတဲ့ မချောဘ၀မှာ (မြန်မာစာဆရာမလေးမဖြစ်ခဲ့ပေမဲ့)
ဆရာမတစ်ယောက်ရဲ့ မွန်မြတ်တဲ့ စိတ်ထားမျိုးပိုင်ဆိုင်ထားနှင့်ပြီးပါပြီ။
အဖိုးတန်တဲ့ ဘလော့ဂ်လေးမှာ စာတွေအများကြီး ရေးနိုင်ပါစေ။
ဘလော့မွေးနေ့ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်ဖြတ်ကျော်နိုင်ပါစေ။
မချော ပျော်ရွှင်ချမ်းမြေ့ပါစေ။

ချစ်တဲ့

အမ ဘလော့ခ်လေး တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စာဖတ်သူရဲ့ ရင်ထဲကို ဘယ်လိုလှိုင်းမျိုးနဲ့ ပုတ်ချလို့ ပျက်မသွားမယ့် စာပေခြေရာပေါင်းမြောက်များစွာ ထင်ကျန်ရစ်ထင်ကျန်ထားခဲ့နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ

မမချောရေ...ဟိုဘက်မှာမရလို့..
အိမ်သစ်လေးကို လိုက်လာပြီး..
အားပေးသွားတယ်။
တစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာတိုင်
မမချောရဲ့ ဘလောပ့်လေးအဆင်ပြေ
ချောမွေ့စွာနဲ့စာတွေကိုဆက်လက်ရေးသားနိုင်ပါစေနှော်။

ခင်တဲ့
ခိုင်နုငယ်

ကဲတစ်နှစ်ပြည့်သွားပြီး နောက်တစ်နှစ်စမယ်။
အမြဲလာဖတ်ဖြစ်ပါတယ်၊ ရေးအားကိုလည်းလေးစားမိပါတယ်။

နောက်ကျသွားတယ် ချောရယ်...ဆောရီးနော်...။ ကိုယ်စိတ် နှစ်ပါး ချမ်းသာစွာနှင့် ဆန္ဒရှိတဲ့အတိုင်း စာတွေ ဆက်လက် ရေးသားနိုင်ပါစေ ညီမရေ....:)

စာကောင်းလေးတွေပဲ ရွေးပြီးရေးသူမို့ စာဖတ်သူအပေါ် စေတနာထားတာ စာဖတ်တတ်သူတိုင်း ခံစားမိပါတယ်။
ဒီလို ရည်ရွယ်ချက်ကောင်းတဲ့ ဘလော့ဂ်မျိုး
ရေရှည်တည်တံ့စေချင်ပါတယ်။ နေရာဒေသတိုင်းမှာ အတိုက်အခိုက်ဆိုတာ ရှိလို့ ကြုံလာခဲ့ရင်လည်း ကိုယ့်စာတွေကို လေးလေးနက်နက် ဖတ်သူတွေအတွက် ဦးစားပေးပြီး စိတ်အားတင်းပါ။ နောင်နှစ်ပေါင်း များစွာတိုင်အောင် လွင်ပြင်လေး စိမ်းလန်း နေပါစေဗျာ။

ကွန်မန့်လာပေးတာခင်ဗျ။အားလုံးကောင်းပါတယ်ခင်ဗျ။ခွင့်
ပြုပါဦးခင်ဗျ။

စာတွေ အကြာကြီး ဆက်ရေးနိုင်ပါစေ..
ချက်နည်းပြုတ်နည်းတွေလည်း များများဆက်တင်နိုင်ပါစေ..
ဟိုနေ့က အိမ်မှာ ချက်နေရတာနဲ့ နည်း၂နောက်ကျသွားတယ်..ချော။

ခင်မင်ခြင်းများစွာဖြင့်..
မလေး

ဆုတောင်းပေးကြသူများ၊ အားပေးသူများ၊ စာလာဖတ်ကြသူများ အားလုံးကို ကျေးဇူးအထူးပါရှင်။

ချောရေ...
နောက်ဆုံးမှ ရောက်လာလို့ရတာ စိတ်မကောင်း...:(

ချောရဲ့အွန်လိုင်းပေါ်စာရေးသက်(၁)နှစ်ပြည့် ကို သူများတွေထက် ပိုလို့ ၀မ်းမြောက်စွာ ကွန်ကရက်ကျူးလေးရှင်းလုပ်ပါရစေ..။

အခက်အခဲတွေကြားက ဇွဲကောင်းကောင်းနဲ့ စာကောင်းပေမွန်လေးတွေ ဒီထက်မက ဖန်တီးရေးသားနိုင်ပါစေ..လို့..။

သဲသောင်ပြင်ကြီးက ကျယ်ပြောလှတယ်..။ ချစ်စရာခရုခွံလေးတွေကလည်း အခန့်မသင့်ရင် ခြေဖ၀ါးကို စူးရှနိုင်တာမို့ သတိဝီရိယလေးနဲ့ ခရီးမိုင်များစွာကို အောင်မြင်စွာ အခက်အခဲမရှိ လျှောက်လှမ်းနိုင်ပါစေ...လို့..။

ချစ်သော...
မ - မြသွေးနီ

အမရဲ့စာလေးတွေ အမြဲလိုလိုဖတ်ဖြစ်ပါတယ်.. ဖတ်ပြီးတိုင်းလဲ အတွေးတွေကျန်ခဲ့တာချည်းပါပဲ..