ကျေးဇူးပါ ဖေဖေ.......


photo from http://www.ptvn.org/page.aspx?id=96549


 


တစ်ခါတုန်းက မြို့ကလေး တစ်မြို့မှာ နေထိုင်တဲ့ မိသားစုလေးတစ်ခု ရှိပါတယ်.. အဲဒီ မိသားစုမှာ  ဖခင်ရယ် မိခင်ဖြစ်သူရယ် သူတို့ရဲ့ သားငယ် လေးရယ် သုံးယောက်ဟာ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး ရှိကြတဲ့ မိသားစု ဖြစ်ကြပါတယ်..  တစ်နေ့တော့ မိခင်နဲ့ ဖခင်ဖြစ်သူတို့ဟာ သူမတို့ရဲ့ သားကို မြို့ကြီးတစ်မြို့မှာ ရှိတဲ့ ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့အတွက် ဘော်ဒါဆောင် တစ်ခုကို ပို့လိုက်ပါတယ်… အဲဒီ မြို့ကြီးက ဘော်ဒါကို မပို့ခင်မှာ ကလေးဟာ အတန်းထဲမှာ အတော်ဆုံးကျောင်းသားတစ်ယောက် ဖြစ်သလို .. ကျောင်းပြိုင်ပွဲတိုင်းမှာလည်း အနိုင်ရ ဗိုလ်စွဲတဲ့ ထူးချွန်ထက်မြက်သူ ကလေးတစ်ယောက်လဲ ဖြစ်ပါတယ်…  သူဟာ ကျောင်းရဲ့ လက်ရွေးစင် ကျောင်းသားလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်..


 


အိမ်ကနေထွက်လာပြီး ဘော်ဒါဆောင်ကို ရောက်လာတဲ့ နောက် ကလေးဟာ အရာရာ ပြောင်းလဲ သွားပါတယ်..  သူ ရနေကျ ထိပ်ဆုံးအဆင့် ကနေ ကျဆင်းသွားပါတယ်.. အုပ်စုလိုက် ပါဝင်လှုပ်ရှားမှု မရှိသလောက် နည်းလာပြီး၊ အခြား ကျောင်းသားများနဲ့ ပေါင်းသင်း ဆက်ဆံခြင်း ကင်းဝေးလာပါတယ်.. သူ့တစ်ယောက်တည်းသာ အချိန်ပြည့် ငေးငိုင်ပြီး နေပါတော့တယ်.. အထူးသဖြင့် ညမှောင်ရီ သန်းလာတဲ့ အချိန်မျိုးမှာ ကောင်လေးဟာ သူ့ကိုယ်သူ သတ်သေချင်စိတ် ပေါက်မိအောင် စိတ်ပျက်အားငယ်ခြင်း၊ အထီကျန် ၀မ်းနည်းခြင်းတို့ကို ခံစားနေရပါတယ်.. ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းက ကလေးငယ်ဟာ မိဘတွေက သူ့ကို မချစ်၍ အဝေးကို ပို့လိုက်ခြင်းဖြစ်တယ်လို့ သူ့စိတ်ထဲမှာ ခံစားနေရတာပါ.. သူ့ဘ၀မှာ သူ့ကို ချစ်ခင်ကြင်နာမဲ့သူ၊ ဂရုစိုက်တဲ့သူ ဘယ်သူမှ မရှိဘူးဆိုတဲ့ ခံစားချက်ကြောင့် ဘာကိုမှ ကြိုးစားချင်စိတ်လဲ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်စွာ အဖော်ကွဲနေသူ ဖြစ်ပါတယ်..


 


သူ့အကြောင်းကို ကြားသိလိုက်ရတဲ့ မိဘတွေဟာ ကလေးအတွက် စိုးရိမ်ပူပန်ခြင်းများစွာ ဖြစ်ကြ ရပါတယ်.. ဒါပေမဲ့ ဘယ်နေရာမှာ မှားနေတယ် ဆိုတာကို နားမလည်နိုင် ဖြစ်နေကြပါတယ်.. ဒါနဲ့ ကလေးရဲ့ ဖခင်ဖြစ်သူက ဘော်ဒါကို လိုက်သွားပြီး သားလေးနဲ့ စကား ပြောကြည့်ဖို့ ဆုံးဖြတ်လိုက် ပါတယ်.. ဘော်ဒါဆောင်ကို ရောက်တဲ့အခါ ဖခင်ဖြစ်သူက သားလေးကို ခေါ်ပြီး အနီးနားက ရေကန်ဘေး နားမှာ ထိုင်ရင်း စကားပြောဖို့ကြိုးစားပါတယ်.. ဖခင်ဟာ သားဖြစ်သူကို အတန်းအခြေအနေ၊ ဆရာဆရာမအကြောင်းနဲ့ ကျောင်းအားကစားပွဲ စတဲ့ ပုံမှန်မေးခွန်းတွေသာ မေးပြီး အချိန်အနည်းငယ် ကြာမှသာ  “ သား ..ဖေဖေ ဘာကြောင့် ဒီနေရာကို ရောက်လာလဲဆိုတာ သိလား ” လို့ မေးပါတယ်..  ကလေးက “ သားရဲ့ အဆင့် ကျသွားလို့  မဟုတ်လား ဖေဖေ.. ဖေဖေ သားကိုဆူဖို့ ရောက်လာတာ မဟုတ်လား  ”  လို့ ပြန်ပြောပါတယ်..


 


ကလေးရဲ့ ဖခင်က   “ မဟုတ်ဘူးသား..  လုံးဝမဟုတ်ဘူး.. ဒီနေ့ဖေဖေ ဒီကိုရောက်လာရတဲ့ အကြောင်းက သားဟာ ဖေဖေတို့ အတွက် အရေးအကြီးဆုံး သူတစ်ယောက် ဖြစ်တယ်ဆိုတာ ပြောဖို့ ရောက်လာတာပါ..  ဖေဖေတို့က သား ပျော်ပျော်ရွှင်ရွှင် နေတာဘဲ မြင်ချင်တာပါ.. သားအဆင့် ဘယ်လောက် ရတယ်ဆိုတာက ဖေဖေတို့အတွက် သိပ်အရေးမကြီးပါဘူး.. ဖေဖေတို့ဂရုစိုက်တာက သားလေးကိုဘဲ.. သားရဲ့ ပျော်ရွှင်မှုကိုဘဲ အဓိကထားတာပါ. ဘာလို့လဲဆိုတော့ သားဟာ ဖေဖေတို့ရဲ့ ဘ၀၊ ဖေဖေတို့ရဲ့ အသက်ပါ…. ”  ဖခင်ဖြစ်သူရဲ့ စကားလဲကြားရော ကလေးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်များနဲ့ ပြည့်လျှံ သွားပါတယ်.. ပြီးနောက် ဖခင်ဖြစ်သူကို သိုင်းဖက်လိုက်ပြီး ဘာစကားမှ မပြောဖြစ်ဘဲ အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်လို့နေပါတော့တယ်..


 


အဲဒီအချိန်ကစလို့ ကလေးဟာ အတန်းထဲမှာ ပျော်ရွှင်တက်ကြွသူ၊ စာတော်ထက်မြက်သူလေး ပြန်ဖြစ်သွားခဲ့ပါတယ်.. ကောင်လေးဟာ သူ့ကို လေးလေးနက်နက် ချစ်ခင်ဂရုစိုက်သူများ ရှိနေသေးတာကို ကောင်းစွာ သဘောပေါက် နားလည် သွားပြီဖြစ်တဲ့ အတွက် လောကကြီးဟာ သူ့အတွက် နေပျော်ချင်စရာ၊ ကြိုးစားချင်စရာ ဖြစ်သွားခဲ့ပါပြီ.. သူဟာ သူ့မိသားစုရဲ့ အရေးအပါဆုံးသူ ဖြစ်တယ်ဆိုတာ သိရတဲ့ အတွက်လည်း ကျေနပ်ဝမ်းမြောက် နေပါတယ်...... ခုချိန်မှာတော့ ကောင်လေးဟာ ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုမှာ ပျော်ရွှင်စွာ ပညာသင်ကြားလို့ နေပါပြီ.. သူ့ကို ကြည့်လိုက်ရင် အမြဲတမ်း ရွှင်လန်းတက်ကြွ နေတတ်ပြီး ၀မ်းနည်းစရာဆိုတာ သူ့ဘ၀မှာ မရှိခဲ့ဖူးသကဲ့သို့ အချိန်ပြည့် ပျော်ရွှင်စွာ ထက်မြက် ကြိုးစား နေတဲ့ လူငယ်လေး တစ်ယောက် ဖြစ်နေခဲ့ပါပြီ….


 


“ ကျေးဇူးပါဖေဖေရယ်.... ဖေဖေဟာလည်း သားရဲ့ဘ၀ပါ... ဖေဖေတို့ရဲ့ နွေးထွေးတဲ့ မေတ္တာကြောင့် သားရဲ့ဘ၀ ပြောင်းလဲ ခဲ့ပါပြီ ”


 


-------------------------------------------------------------------------------------------------------------------------------------------


 


လူတွေရဲ့ ဘ၀မှာ နွေးထွေးတဲ့ အကြင်နာ မေတ္တာဆိုတာ သိပ်ကို အရေးပါပါတယ်နော်...  တစ်ချို့သူတွေက မိမိတို့သားသမီး၊ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများကို ချစ်ခင်ကြသော်လည်း သူတို့ရဲ့ အကြင်နာကို ဖော်ပြဖို့ ၀န်လေးတတ်ကြသလို အချို့ကျတော့ ဖော်ပြပုံနည်းလမ်း မမှန်ကန်တဲ့ အတွက် နားလည်မှုလွဲကြတဲ့ အဖြစ်တွေ အများကြီး ရှိတတ်ပါတယ်..  ကျွန်မတို့ သတိပြုသင့်တာက အပြစ်တင် စကားလုံးများ အစား သူတို့ကို ဂရုစိုက်တဲ့ နွေးထွေးသော စကားလုံးတွေ ကသာလျှင် လူတစ်ယောက်ကို ပြုပြင် ပုံသွင်းဖို့ အကောင်းဆုံး နည်းလမ်းများ ဖြစ်ကြပါတယ်..  မိမိတို့ သားသမီးများ ချစ်ခင်သူများကို နည်းမှန် လမ်းမှန်ဖြစ်ဖို့ ဆိုတာ အကြင်နာ စကား၊ မေတ္တာ တရားတို့နဲ့သာ သိမ်းသွင်း ယူသင့်ပါတယ်.. ကြမ်းတမ်းသော နည်းလမ်းများကို သုံးပါက အခြေအနေ ပိုဆိုးဝါးအောင် အားပေးရာသာ ရောက်ပါတယ်ရှင်... လူတိုင်း လူတိုင်းဟာ မိမိကို ဂရုစိုက်တဲ့ နွေးထွေးမှုကိုသာ လိုချင်ကြသူများဖြစ်ပြီး ဆူပူ ကဲ့ရဲ့ခြင်းကိုတော့ မုန်းတီး တတ်ကြသူများသာ ဖြစ်ပါတယ်.. မိမိရဲ့စိတ်နဲ့ နှိုင်းယှဉ် စာနာပြီး ချိုသာနွေးထွေးသော မေတ္တာ စကားလုံးလေးများကို သုံးကြရင်ဖြင့် လူတိုင်းက လိုလိုလားလား ခံယူချင်ကြမှာပါလို့ အကြံပြုရင်း ဖခင်ရဲ့ မေတ္တာ စကားကြောင့် ဘ၀လမ်းကြောင်းတစ်ခုလုံး ပြောင်းလဲသွားတဲ့  ဒီဇာတ်လမ်းလေးကို စာဖတ်သူများ အတွက် နမူနာ  တင်ပြ လိုက်ပါတယ် ရှင်......


 


Viraj Bhandare  ရဲ့  You Are My Life ကို ဘာသာပြန် မျှဝေပါသည်...


 


ချော (အစိမ်းရောင်လွင်ပြင်)

အလင်းရောင် ပေးကြသူများ

 



 picture  from http://images.google.com/imgres?imgurl


 


လေရော မိုးပါ သည်းကြီး မည်းကြီး ရွာချနေသော  ညတစ်ည... ၁၁နာရီခွဲအချိန်  အာဖရိကန် ကပြား အမျိုးသမီးကြီး တစ်ယောက်ဟာ ကားမောင်း လာနေရင်း ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာမှာ ကားတာယာ ပေါက်သွားတဲ့အတွက် လမ်းဘေးမှာ သူမကားကို ထိုးရပ်လိုက်ရပါတယ်.. ထိုအချိန်မှာ လေနဲ့မိုးက သည်းသည်းမည်းမည်း ရွာသွန်းတိုက်ခတ် နေသော်လည်း ကားထဲထိုင်နေပါက သူမကို ဘယ်သူကမှ မတွေ့မှာ စိုးတဲ့အတွက်  ကားပြင်ထွက်ပြီး အကူအညီပေးနိုင်မဲ့ ကားတစ်တစ်စီးစီးကို ရပ်ဖို့ လက်ပြ တားနေပါတယ်… အမေရိကန်မှာ ၁၉၆၀ခုနှစ်လို လူဖြူ လူမည်း လူတန်းစား ခွဲခြားမှု ပြင်းထန်နေသေးတဲ့အချိန် သူမလို လူမည်း ကပြား အမျိုးသမီး တစ်ယောက်ယောက်ကို လူဖြူတွေက ကားရပ်ပြီး ကူညီပေးဖို့ ဆိုတာ မျှော်လင့်ချက်တော့ နည်းလှပါတယ်…


 


သူမ မိုးရေထဲမှာ ရပ်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်.. ဖြတ်သွားသမျှ ကားတွေက သူမကို ကြည့်ယုံသာ ကြည့်သွားကြပြီး ဘယ်ကား တစ်စီး တစ်လေ ကမှ ရပ်မပေးကြပါဘူး.. ခနအကြာမှာ ကားတစ်စီး သူမဘေး လာရပ်ပါတယ်.. ကားထဲကနေ ခပ်ငယ်ငယ် လူဖြူကောင်လေး တစ်ယောက် ထွက်လာပြီး သူမကို ထီးမိုး ပေးရင်းက ဘာကူညီရမလဲလို့မေးပါတယ်.. သူမ အရမ်းကို ၀မ်းသာမိပါတယ်.. ချမ်းလဲ ချမ်း၊ လေလဲ တိုက် ၊ ညဉ့်လဲနက်နေတဲ့ ခုလိုချိန်မှာ ဒီကောင်လေးဟာ သူမအတွက်တော့ ကယ်တင်ရှင် တစ်ပါးသာ ဖြစ်ပါတယ်…


 


ကောင်လေးဟာ.. ၀ပ်ရှော့ကို ဖုန်းဆက်ပြီး သူမကားကို သွားယူပေးဖို့ ပြောပေးရှာပါတယ်..  ပြီးတော့ အမျိုးသမီးကြီးကို ကားနဲ့ တင်လာပြီး လမ်းမှာ နွေးနွေးထွေးထွေး ရှိဖို့ ကားကို အပူချိန်မြှင့်ပေးပါတယ်.. သူမ ရေစိုခေါင်းကို သုတ်ဖို့ တဘက်လေး တစ်ထည်ကိုလည်း ပေးပါတယ်.. ပြီးနောက် ကားကို တက္ကစီရှိရာကို မောင်းသွား ပေးပြီး သူမကို တက္ကစီ တစ်စီးပေါ် တင်ပေးပါတယ်.. အမျိုးသမီးဟာ ကောင်လေးရဲ့ နေရပ် လိပ်စာကို မေးပြီး သူမ မှတ်စုစာအုပ်လေးထဲ ချရေးလိုက်ကာ အလျှင်စလို အမူအရာဖြင့်  တက္ကစီနဲ့ ထွက်ခွာ သွားပါတယ်..


 


ဒီအဖြစ်အပျက်အပြီး ၇ ရက်မြောက်တဲ့နေ့မှာ တစ်စုံတစ်ဦးက ကောင်လေးအိမ်တံခါးကို  လာခေါက်ပါတယ်… တံခါးဖွင့်ကြည့်လိုက်တဲ့ အခါမှာ အံ့သြစရာတစ်ခုကို တွေ့လိုက်ရတာက အလွန်ကြီးမားလှသော တီဗီကြီး တစ်လုံးကို သူ့အိမ်အတွက် လာပို့ကြောင်း သိလိုက်ရပါတယ်.. တီဗီကြီးမှာ ချိတ်ထားတဲ့ ကဒ်ပြားတစ်ခုပေါ်မှာ ရေးထားတာက  


 


မိုးသည်းသည်း ညတစ်ညက ဟိုင်းဝေးလမ်း တစ်နေရာမှာ ရခဲ့တဲ့ အကူအညီအတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်… အဲဒီညက ရွာတဲ့မိုးဟာ အဒေါ်ရဲ့ အ၀တ်တွေတင်သာ ရွှဲရွှဲစိုတာ မဟုတ်ဘဲ အဒေါ်ရဲ့ စိတ်ဓာတ် တွေကိုပါ ရွှဲရွှဲစိုစေခဲ့တာပါ.. မိုးထဲလေထဲမှာ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ စိတ်ဓာတ်ကျ ၊ အားငယ်၊ ၀မ်းနည်း နေတဲ့ အချိန် မင်းက ရောက်လာခဲ့တာပါ… မင်းကူညီပေးလို့လဲ  အဒေါ့်ယောက်ျားရဲ့ နောက်ဆုံး အချိန်လေးကို အချိန်မီ ရောက်သွားခဲ့တာပါ.. အဒေါ်ရောက်ပြီး မကြာခင်မှာ သူဟာ ဆုံးပါး သွားခဲ့ပါတယ်.. မင်းလို လူတန်းစား မခွဲခြားဘဲ ကူညီတတ်တဲ့ ကလေးဟာ လူတွေရဲ့ အမြဲတမ်း သတိရခြင်းကို ခံယူထိုက်တဲ့ အလင်းရောင်လေး တစ်ခုပါဘဲကွယ်..  


 


-------------------------------------------------------------------------------------------------------------------


 


ကျွန်မတို့ဟာ ဒုက္ခရောက်နေတဲ့ သူတွေကို တွေ့ရင် ကိုယ်တတ်နိုင်သလောက် ကူညီ သင့်ကြပါတယ်နော်.. ဆင်းရဲချမ်းသာ မရွေး၊ လူတန်းစား အယုတ်၊ အလတ်၊ အမြတ်မရွေး ကူညီနိုင်အောင် ကြိုးစားသင့်ပါတယ်.. သူတစ်ပါးဆီက အကူအညီ ရရှိဘူးသူတွေကလည်း မမေ့မလျှော့ ပြန်ပြီး အမှတ်ရသင့် ကြပါတယ်.. ကူညီသူက တုံ့ပြန်မှု တစ်စုံတစ်ရာကို မမျှော်ကိုးသော်လည်း အကူအညီ လက်ခံရသူက တစ်ဘက်သားရဲ့ ကျေးဇူးကို ပြန်လည် သိတတ်၊ ပေးဆပ်သူများ ဖြစ်သင့်ကြပါတယ်.. ဒီဇာတ်လမ်းလေး ထဲကလိုပါဘဲ.. တစ်စုံ တစ်ယောက်ကို ကူညီ လိုက်ခြင်းအားဖြင့် ကိုယ့်မှာလဲ ဖော်မပြနိုင်သော ကြည်နူးပီတိကို ခံစားရသလို တစ်ချိန်ချိန်မှာ  ကိုယ့်ကို ပြန်ကူညီမဲ့သူ အချိန်မရွေး ပေါ်လာနိုင်ပါတယ်.. ကျေးဇူးသိတတ်သူနဲ့၊ ကူညီဖို့  ၀န်မလေး သူများဟာ လူ့လောက ကြီးကို  တစ်နည်းတစ်ဖုံ အားဖြင့် အလင်းရောင် ပေးနေသူများသာ  ဖြစ်ကြပါတယ်..  ကျွန်မတို့လဲ ကိုယ်တတ်နိုင်သမျှ ပိုးစုန်းကြူးလောက် အလင်းရောင်လေးနဲ့ဘဲ ဖြစ်ဖြစ် လောကကြီးကို ကူညီ ထွန်းလင်းပေး ကြရအောင်ပါနော်...


 


inspirationalblogs မှ  Pickup in the Rain ကို ဘာသာပြန်ပါသည်။


 


ကူညီတတ်သူများ ဖြစ်ကြပါစေရှင်...


 


ချော (အစိမ်းရောင်လွင်ပြင်)