မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Saturday, March 13, 2010

အစိမ်းရောင်လွင်ပြင်ရဲ့ အတွေးတစ်ချို့




ဒီနေ့ဟာ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ဘလောဂ့်လေး ၃လ ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်… ကျွန်မရင်ထဲမှာ ရှိခဲ့တဲ့ အတွေးတစ်ချို့ကို ရေးပေးပါလို့ လူမမြင်ဖူးသော်လည်း ကျွန်မနဲ့ စာရေးတာ ၀ါသနာတူ တစ်ယောက် ဖြစ်တဲ့ Cube မှ Tag ပြီး တောင်းဆိုထားပါတဲ့ အတွက်ကြောင့် ကျွန်မရဲ့ ရင်ထဲမှာ ရှိနေတဲ့ အစိမ်းရောင်လွင်ပြင်နဲ့ သက်ဆိုင်သော အတွေးစလေးများကို  ၃လပြည့် အမှတ်တရအဖြစ် ဒီနေ့မှာ မှတ်မှတ်ရရ ဒီဘလောဂ့် စာမျက်နှာလေးပေါ် ချပြလိုက်ပါတယ်..

 ကျွန်မ ငယ်စဉ်ဘ၀ရဲ့ အတွေးတွေထဲမှာတော့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး များကို   လေးစား အားကျတတ်ခဲ့ပါတယ်..  ကျွန်မရဲ့ အတွေးတွေ တိုင်းမှာလည်း ကျွန်မဖတ်ခဲ့ရတဲ့ စာအုပ်တွေထဲက ထူးချွန်ထက်မြက်တဲ့ မိန်းမတွေအကြောင်းက အမြဲတမ်း ကြီးစိုးထားခဲ့တယ်.. ကျွန်မ ခပ်ငယ်ငယ် ၄တန်းလောက်ကတည်းက ၀တ္ထုတွေ၊ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်.. ကံကောင်းတာက ကျွန်မ ကြိုက်မိတဲ့စာအုပ်တွေဟာ ကျွန်မရဲ့အတွေးတွေကို ဘေးမချော် သွားအောင်၊ လမ်းကြောင်းမှန်အောင် ပံ့ပိုးပေးတဲ့ စာအုပ်များ ဖြစ်ခဲ့ပါတယ်.. အိမ်နဲ့ အဝေးမှာ ထိန်းကျောင်းသူမရှိဘဲ ကျောင်းတက်နေခဲ့ရတဲ့ ကလေးသာသာအရွယ် မိန်းခလေး တစ်ယောက်ကို သွန်သင် ဆုံးမခဲ့သူ၊ လမ်းကြောင်းပေးခဲ့သူများဟာ ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ဒီစာအုပ်တွေကို ရေးခဲ့တဲ့ စာရေးဆရာတွေသာ ဖြစ်ပါတယ်.... ဒါကြောင့် ငယ်စဉ်ဘ၀ ကျွန်မရဲ့ အတွေးတွေရဲ့ ပိုင်ရှင်၊ ကျွန်မရဲ့ အတွေးမှန်သမျှကို လွှမ်းမိုးထားနိုင်တဲ့ အရာကတော့ စာအုပ်တွေသာ ဖြစ်ပါတယ်.. စာအုပ်တွေကို ငယ်စဉ်ကတည်းက မက်မက်စက်စက် ဖတ်ဖြစ်ခဲ့ပါတယ်.. ကျွန်မရဲ့ စိတ်ထဲမှာလည်း စာဖတ်ခြင်းဟာ ကျွန်မကို ကောင်းမွန်တဲ့ အသိတရားများ သင်ခန်းစာများကို ပေးနိုင်တယ်လို့ ငယ်စဉ်ချိန်ကတည်းက တွေးတောမိခဲ့ပါတယ်… တကယ်လည်း ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေထဲကနေ ဘ၀အတွက် ခွန်အားတွေ ရရှိခဲ့ဖူးသလို၊ ကျွန်မ လေးစားအားကျတဲ့ ဇာတ်ကောင်တွေကနေ သူတို့ရဲ့ အတုယူစရာ အကျင့်စရိုက် အတွေးအခေါ်များ လွှမ်းမိုး ခံခဲ့ရဖူးပါတယ်..

 ကျွန်မဟာ စာဖတ်တာကို ၀ါသနာပါသူဖြစ်သလို စာရေးဖို့ကိုလဲ ၀ါသနာကြီးခဲ့ပါတယ်.. ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အသုံးချဖို့အတွက် အင်တာနက် စာမျက်နှာတွေပေါ်မှာ စာရေးဖို့ ဆုံးဖြတ်ဖြစ်တဲ့အခါမှာ ဘာစာတွေကို ရေးရင် ကောင်းမလဲဆိုတာ အရင်ဆုံး တွေးဖြစ်ခဲ့ပါတယ်.. အဲဒီချိန်မှာ ငယ်စဉ်ကာလတုန်းက အိမ်နဲ့ဝေးကွားပြီး ကျောင်းတက်တဲ့  အချိန်တွေကို အတွေး ရောက်သွားခဲ့ပါတယ်..  ငယ်စဉ်က စာမေးပွဲအတွက် စာတွေကျက်ခဲ့တဲ့ အချိန်တွေမှာ စာကျက်ဖို့ စိတ်မပါချိန်ဘဲဖြစ်ဖြစ်၊ စာကျက်ရတာ ပျင်းရိငြီးငွေ့တဲ့အခါဘဲ ဖြစ်ဖြစ် ဆရာတစ်ယောက်ယောက်၊ သို့မဟုတ် ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်က စိတ်ဓာတ်တက်ကြွစေမဲ့ စကားမျိုး ပြောလိုက်တဲ့ အခါ ပျင်းရိနေတဲ့ ကျွန်မရဲ့ စိတ်တွေ၊ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေဟာ ပြန်လည်လန်းဆန်း တက်ကြွလာပြီး စာကျက်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့ စိတ်တွေ ပြန်ဖြစ်ခဲ့ရပါတယ်.. ဒါကို မှတ်မှတ်ထင်ထင် သတိထားမိတဲ့အခါ လူတွေဟာ တစ်စုံတစ်ယောက်ဆီကနေ ကိုယ့်ရဲု့စိတ်ဓာတ်ကို အင်အားဖြည့်ပေးမဲ့ စကားလုံးတွေ လိုကိုလိုအပ်ပါလား ဆိုတာ တွေးတောမိတတ်လာပါတယ်.. ဘ၀မှာ အခက်အခဲ အကြပ်အတည်းများနဲ့ ကြုံလာတဲ့ အခါမှာလည်း တစ်ခြားသူတွေဆီက အားပေးနှစ်သိမ့်မှုတွေ၊ စာနာ နားလည်မှုတွေ ရရှိလိုက်တဲ့အခါမှာ ကိုယ်တွေရဲ့ စိတ်ဟာ သိသိသာသာ ရွှင်လန်း လာတယ်.. တက်ကြွလာတတ်ခဲ့ပါတယ်..  ဒီအဖြစ်တွေကို ပြန်တွေးမိတဲ့အခါ ကျွန်မရေးတဲ့ ဘလောဂ့်လေးမှာ စာဖတ်သူတွေအတွက် စိတ်ဓာတ် ခွန်အားလေးဘဲဖြစ်ဖြစ်၊ အားပေးနှစ်သိမ့်မှု လေးဘဲဖြစ်ဖြစ် ရယ်မောရွှင်ပျစရာ တစ်ခုလေးဘဲဖြစ်ဖြစ်၊ သတိထားမိစရာ တစ်ခုခုဘဲ ဖြစ်ဖြစ်ပေါ့နော်. တတ်နိုင်သလောက် ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီဘလောဂ့်ကို ရေးဖို့ ကြိုးစားမိပါတယ်.. ကျွန်မရေးတဲ့ စာတွေသည် ကိုယ့်ဘ၀ တစ်လျှောက်လုံး ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက ရတဲ့ ဗဟုသုတတွေရယ်... ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးက ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိတရားတွေရယ်၊ လက်ရှိဖတ်နေတဲ့ စာတွေရယ် ပေါင်းစပ်ပြီး ရေးမိတာ ဖြစ်ပါတယ်..

 ကျွန်မရဲ့ စာတွေကို ဖတ်မိတဲ့အခါ စာဖတ်သူများအတွက် တစ်စုံတစ်ရာ အဆိပ်အတောက် မဖြစ်ရလေအောင် အမြဲ သတိထားပါတယ်.. ကျွန်မဖတ်ပြီးတဲ့ စာတစ်ပုဒ်ကို မူရင်းစာရဲ့ ရသနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အတွေးများနဲ့ ပေါင်းစပ်လို့ စာထဲမှာ ပေးချင်တဲ့ အတုယူစရာ၊ သင်ခန်းစာ ယူစရာလေးများကို ရှာဖွေ ကောက်နှုတ်ပြီး ဖော်ပြလေ့ရှိပါတယ်..  ကျွန်မဟာ ၀ါသနာကြောင့် စာရေးတာ ဖြစ်ပါတယ်… ဘလောဂ့်စရေးတဲ့ သက်တမ်းသည် ယနေ့မှ ၃လသာ ရှိသေးပြီး ကျွမ်းကျင်သော စာရေးသူ တစ်ယောက် မဟုတ်တဲ့အတွက်လည်း စာရေးတဲ့နေရာမှာ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ဖို့ စာဖတ်သူများနဲ့ သူငယ်ချင်းများကို ညွှတ်နူးစွာ တောင်းပန်အပ်ပါတယ်..

 ရှေ့ဆက်ပြီးလည်း ကျွန်မရဲ့ အားလပ်ချိန်တွေမှာ စာတွေဖတ်ရင်း ကိုယ်ဖတ်မိတာတွေထဲက ကောင်းမွန်တဲ့ စာများကို ဒီအစိမ်းရောင်လွင်ပြင် စာမျက်နှာပေါ်ကနေ ပြန်လည် မျှဝေနိုင်ဖို့ ကြိုးစားနေဦးမှာပါ… စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကျွန်မရဲ့ဝါသနာပါရာ စိတ်ထွက်ပေါက်၊ စိတ်အပန်းဖြေရာဖြစ်သလို စာလာဖတ်သူများ အတွက်လည်း အကျိုးတစ်ခုခု၊ ရသတစ်ခုခု ပေးနိုင်ဖို့ကို အတတ်နိုင်ဆုံး ကြိုးစားမိပါတယ်.. ဒါဟာ ကိုယ်တတ်နိုင် သလောက် ဝေမျှခြင်းလည်း ဖြစ်ပါတယ်.. ဒီလို စာတွေကို ဝေမျှနိုင်ဖို့ ကျွန်မကိုယ်တိုင်လည်း စာများစွာကို ဖတ်ခဲ့ရပါတယ်. ဖတ်နေဆဲလည်း ဖြစ်ပါတယ်.. စာဖတ်ခြင်းဟာ ကျွန်မဘ၀ရဲ့ အချိန်အများဆုံးကို သိမ်းပိုက်ထားတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်..

 ကျွန်မရဲ့ အတွေးထဲမှာ ကျွန်မရေးတဲ့စာတွေသည် စာဖတ်သူများအတွက် အသိတစ်စုံတစ်ရာ ရရှိစေဖို့ အမြဲတမ်း ရည်ရွယ်ချက် ထားရှိပါတယ်... အစိမ်းရောင်လွင်ပြင် ဘလောဂ့်သက်တမ်း ၃လပြည့် အမှတ်တရနဲ့ တိုက်ဆိုင်တဲ့အတွက် အခု ကျွန်မရေးနေတဲ့ အကြောင်းအရာနဲ့ ကျွန်မရဲ့ အတွေးများသည် ဘလောဂ်ရေးမိခြင်းနဲ့ ပတ်သက်တဲ့ အတွေးများသာ ဖြစ်ပါတယ်.. လူတိုင်းလူတိုင်းမှာ လွတ်လပ်ကျယ်ပြန့်တဲ့ အတွေးများ ကိုယ်စီရှိကြသလို ကိုယ်ယုံကြည်ရာ၊ ကိုယ်တန်ဖိုးထားရာ တို့ကို ဆုပ်ကိုင်ရင်း ကိုယ့်ရဲ့ အတွေးဘောင်တွေကို စိတ်ကူးရှိသလောက် ချဲ့ထုတ်ပစ်လို့လဲ ရပါတယ်..  ဒါကြောင့် ကျွန်မရဲ့ ခင်မင်ရပါသော စာရေးဖော်များဖြစ်ကြတဲ့   ( လင်းကြယ်ဖြူ၊  မြစ်ကျိုးအင်း၊  ဏီလင်းညို၊  ကိုကိုမောင်၊ မချစ်ကြည်အေး၊  မရွှေစင်ဦးမမြသွေးနီ ၊ မကေမဒဏ္ဍာရီသဒ္ဓါလှိုင်းပန်းရင့်ရောင်အဖြူရောင်နတ်သမီးအင်ကြင်းသန့်သိင်္ဂါကျော်  )  တို့ကို “ရင်ထဲက အတွေးစများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ရင်ထဲမှာ ရှိတဲ့ အတွေးများကို ဘယ်လိုသော အကြောင်းအရာများဘဲ ဖြစ်စေ လွတ်လပ်စွာ ဖော်ထုတ်ပေးပါလို့ တောင်းဆိုရင် Tag လိုက်ပါတယ်.. ကျန်တဲ့သူတွေကို တောင်းဆိုချင်ပေမဲ့ အချိန်မရမှာ စိုးတာရော၊ မအားမှာစိုးတာကြောင့်ပါ မတောင်းဆို တော့တာပါ.... အခု ကျွန်မTag ထားသူများလည်း အားလပ်တဲ့အချိန် တစ်ခုခုမှသာ ရေးပေးကြပါလို့ လေးစားစွာ တောင်းဆိုလိုက်ပါတယ်.. ကျွန်မရဲ့ အတွေးစများကို ရေးသားပေးဖို့ တောင်းဆိုတဲ့ အစ်မ Cube ကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနဲ့ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ၃လပြည့်မှသည် နောင်အခွင့်အရေးရနေတဲ့ အချိန်ထိ ကြိုးစားပြီး စာတွေရေးနေပါဦးမယ်လို့…



စာဖတ်သူများနှင့် စာရေးဖော် သူငယ်ချင်းများအားလုံးကို ချစ်ခင်လေးစားလျှက်



ချော (အစိမ်းရောင်လွင်ပြင်)