မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Tuesday, March 23, 2010

သင်းသင်းမွှေးသော ရနံ့များ

 




 


 True Love (Elizabeth Arden)


 


ရေမွှေးတွေကို စွဲစွဲလမ်းလမ်း နှစ်သက်တတ်သူတစ်ယောက်အနေနဲ့  ရေမွှေးအကြောင်း တစ်စေ့ တစ်စောင်းလေး ရေးပြချင်ပါသေးတယ်.. သင်သုံးစွဲနေတဲ့ ရေမွှေးဟာ သင့်ရဲ့ ပုံရိပ်လေးဖြစ်သလို.. သင်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားကိုလဲ ဖော်ပြနိုင်တဲ့ အသုံးအဆောင်လေး တစ်ခုအဖြစ် အရေးပါပါတယ်။ သုံးစွဲလေ့ရှိတဲ့ အနံ့လေးကို လိုက်ပြီး တစ်ချို့သောသူတွေက ဒီအနံ့ကို နှစ်သက်သူက ဘယ်လိုစိတ်နေစိတ်ထားရှိသူ၊ ဘယ်လို စရိုက်မျိုး ရှိတတ်သူရယ်လို့ ခန့်မှန်းတတ်ကြပါတယ်.. အလုံးစုံ မမှန်နိုင်ဘူးဆိုရင်တောင် တစ်စိတ်တစ်ဒေသအားဖြင့်တော့ မှန်တတ်ပါတယ်. ရေမွှေးသုံးစွဲတဲ့ အလေ့အထဟာ ခုခေတ်မှသာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက သုံးစွဲခဲ့ကြောင်း ရာဇ၀င် တွေမှာပါ အထောက်အထားများနဲ့ တွေ့ရပါတယ်။


 



Wrapped With Love Hilary  Duff ( EA Fragrances Co.,)


 


ရေမွှေးကြိုက်တတ်သူများ အနေနဲ့ ရေမွှေး မဆွတ်ဖြန်းမိတဲ့ နေ့တွေမှာ တစ်ခုခုလိုနေတဲ့ ခံစားချက်မျိုး သိသိသာသာ ခံစားဖူးကြပါလိမ့်မယ်။ ရေမွှေးဟာ မိမိကိုယ်ကို ယုံကြည်မှုပေးနိုင်တဲ့အရာ လို့လည်း လက်ခံကြပါတယ်။ နေသိပ်ပူတဲ့ နေ့မျိုးတွေမှာ အပြင်ကို မထွက်မဖြစ် ထွက်ကြရပြီဆိုရင် နေပူဒဏ်ကြောင့် ချွေးထွက်များတဲ့အခါ ရေမွှေး ဆွတ်ဖြန်းလာရင်တော့ မသိသာပေမဲ့.. ကိုယ်နံ့ပြင်းသူများ အတွက်တော့ အခက်တွေ့စရာ ဖြစ်တတ်ပါတယ်… ကိုယ့်ဆီက ချွေးနံ့က သိပ်များ ဆိုးဝါးနေပြီလား.  ဒီအနံ့ကြောင့်  အများတကာ နှာခေါင်းရှုံ့နေပြီလား ရယ်လို့ မိမိကိုယ်ကိုယ် ယုံကြည်စိတ် နည်းတတ်ပါတယ်။ တစ်ချို့သောသူများက ရေမွှေး မကြိုက်ဘူး၊ မသုံးတတ်ဘူးလို့ ပြောကြတာ တွေ့ဖူးပါတယ်.. အနံ့နဲ့ ဓါတ်မတည့်သူများ အနေနဲ့ မသုံးကြတာ ဘာမှမပြောလိုပေမဲ့ မကြိုက်လို့ မသုံးသူများ၊ ရေမွှေးကို မလိုအပ်ဘူးလို့ ထင်နေသူများကိုတော့ ရေမွှေးဟာ သင့်အတွက် အနီးကပ် ဆွဲဆောင်ပေးမဲ့ သင့်ချစ်သူသင့်ကို ပိုချစ်လာအောင် စွမ်းဆောင်ပေးမဲ့ အစွမ်းထက် ဆေးတစ်ခွက်လို့ ညွှန်းလိုက်ပါရစေရှင်။


 



 


 5th Avenue (Elizabeth Arden)


 


လူတစ်ယောက်ယောက် ကိုယ့် နံဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ ရေမွှေးမသုံးစွဲသူ ဖြစ်ခဲ့ရင် အဲဒီလူ ကိုယ့်ဘေးက ဖြတ်သွားတာ အမှတ်တမဲ့ ဖြစ်နိုင်ပေမဲ့ သိပ်ကို ဆွဲဆောင်မှု ကောင်းလှတဲ့ ရနံ့လေးနဲ့ ရေမွှေးကို ဆွတ်သူ တစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သူဆွတ်ထားတဲ့ ရေမွှေးရဲ့ ဆွဲငင်အားကြောင့် သမင်လည်ပြန် သော်လည်းကောင်း၊ ရေမွှေးနံ့လေးက မွှေးလိုက်တာ ဆိုတဲ့ မှတ်ချက်လေးဖြစ်ဖြစ်တော့ ချမိပြီး မှတ်မှတ်ထင်ထင် သတိထားမိလိုက်ကြမှာပါ.. အမြဲတစေ လူအများကြား လှုပ်ရှား သွားလာရသူများ၊ ပေါင်းသင်း ဆက်ဆံမှု နယ်ပယ်ကြီးသူများ၊ ပွဲလမ်း သဘင် ဆင်ယင်ကြသူများ အားလုံး ရေမွှေးကို သုံးစွဲသင့်ပါတယ်... ဒါမှလဲ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုမပျက် အနေမခက်ဘဲ  နေ့တစ်နေ့ကို ကြည်လင်စွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။


 


 


 Chastity (Rasasi)


 


မိန်းခလေး အတော်များများမှာ ရေမွှေးမကြိုက်တဲ့သူ အင်မတန် ရှားပါးပါတယ်.. လက်ဆောင်ပေးလို့ အသင့်တော်ဆုံး အရာဟာလည်း ရေမွှေးဘဲ ဖြစ်ပါတယ်... လက်ဆောင်ပေးဖို့ စဉ်းစားရခက်နေရင် သိပ်မစဉ်းစားပါနဲ့..  ရေမွှေးလေးတစ်ပုလင်းသာ ပေးလိုက်ပါ.. သို့သော် အနံ့ပြင်းထန်လွန်းသော ရေမွှေးကိုတော့ ရှောင်သင့်ပါတယ်. ယဉ်ယဉ်လေးနဲ့ ပျံ့ပျံ့သင်းသင်းလေးမွှေးတဲ့ ရနံ့မျိုးကသာ လူတိုင်း နှစ်သက် စွဲမက်တတ်ကြပါတယ်. ခုခေတ်မှာ ရေမွှေးကို အမျိုးသမီးများသာမက အမျိုးသားများပါ သုံးစွဲလာကြပါပြီ  ရေမွှေးဈေးကွက်ထဲမှာ For Man ဆိုတဲ့ အမှတ်အသားတွေ များလာတာကို ကြည့်ခြင်းအားဖြင့် ရေမွှေးဟာ အမျိုးသမီး အမျိုးသား လူတိုင်းအတွက် အရေးပါလာတယ် ဆိုတာ ထင်ရှားလာပါပြီ။


 


 


 Charlie (Revlon)


 


ရေမွှေးဟာ လူရဲ့ကိုယ်မှာရှိတဲ့ ဓာတုပစ္စည်းပါဝင်မှုပေါ်လိုက်ပြီး အနံ့ ပြောင်းလဲတတ် ပါတယ်..  အရှင်းဆုံး ဥပမာပြောရရင် ရေမွှေးတစ်မျိုးတည်းကို သူငယ်ချင်း ၂ယောက် အတူတူ ဆွတ်ထားပေမဲ့ လူတွေရဲ့ ကိုယ်ပေါ်မှာရှိတဲ့ ဓာတုပစ္စည်းများ မတူညီမှုကြောင့် သူတို့နှစ်ဦးဆီကရတဲ့ အနံ့ဟာလည်း ရေမွှေး တစ်မျိုးတည်းက ဖြစ်ပေမဲ့ ကွဲပြားတဲ့ ရနံ့တွေကို ဖြစ်ပေါ်စေတတ်တယ်လို့ ရေမွှေးပညာရှင်များက ပြောကြားကြပါတယ်.  ဒါကြောင့်ရေမွှေးဝယ်မယ်ဆိုရင် သူတစ်ပါးရဲ့ အကြံပေးချက်၊ တိုက်တွန်းချက်ကြောင့် ရွေးချယ်တာမျိုး၊ မိမိကိုယ်တိုင် စမ်းမကြည့်ဘဲ တစ်ယောက်ယောက်ကို  စမ်းသပ်ခိုင်းပြီးမှ ၀ယ်ယူတာမျိုး မပြုလုပ်သင့်ကြောင်းလဲ အကြံပေးကြပါတယ် ရေမွှေးကို ရွေးချယ်တဲ့ အခါမှာလည်း ပုလင်းဝမှ တိုက်ရိုက် ရှူရှိုက်ခြင်းမပြုလုပ်ဘဲ လက်ကောက်ဝတ် နေရာမှာ အနည်းဆုံး ၂စက်၃စက်လောက် ဆွတ်ပါ ၁၀မိနစ်လောက်ထား ပြီးမှရရှိလာတဲ့ အနံ့ကိုသာလျှင် စဉ်းစားဆုံးဖြတ် ရွေးချယ်သင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ ရေမွှေးဟာ တာရှည်ခံတဲ့ ရနံ့ကို ပေးနိုင်ပြီး  ရေမွှေးအဆီ ပါဝင်မှုနည်းတဲ့ ရေမွှေးများဟာ ခနတာ မွှေးတတ်ပြီး မကြာခင်မှာဘဲ ရနံ့ပျယ်သွားတတ်ပါတယ်.


 


 


Red Door ( Elizabeth Arden) 


 


ရေမွှေးကို လူတွေက အရူးအမူး ဖြစ်တတ်ကြတယ် ဆိုတာ သင်ရော ယုံကြည်ပါရဲ့လား..  နံမည်ကြီး အဆိုတော်၊ ရုပ်ရှင်စတားများနဲ့ အောင်မြင် ကျော်ကြားသူများဟာ ရေမွှေးတွေကို မိမိတို့ရဲ့ နံမည်နဲ့ ကိုယ်ပိုင် Brand အဖြစ် ထုတ်လုပ်လာကြတာကို ကြည့်ခြင်းအားဖြင့် ရေမွှေးကို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအဖြစ်ပါ တန်ဖိုးထားလာကြကြောင်း သုံးသပ်လို့ရပါတယ်။  နံမည်ကြီး မင်းသားမင်းသမီး နံမည်များ၊  ကျော်ကြားသူများရဲ့ နံမည်များနဲ့ ထွက်လာတဲ့ ရေမွှေးပေါင်းစုံကို ဈေးကွက်အတွင်းမှာ အများအပြား တွေ့နိုင် ပါတယ်.။ ဒါကြောင့် ရေမွှေးဟာ လူ့အသုံးအဆောင် ပစ္စည်းကဏ္ဍမှာ အရေးပါတဲ့အခန်းက ပါဝင်နေပြီ ဖြစ်ပါတယ်...


 



 


 Secret ( Rasasi)


 


သင်ရော သင့်ချစ်သူကို ရေမွှေးလက်ဆောင် ပေးဖူးရဲ့လား... မပေးဖူးသေးရင်တော့ ပေးကြည့်ပါလို့ တိုက်တွန်းပါရစေ။ သင့်ချစ်သူ သင့်ကို ပိုချစ်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်ကရော ရေမွှေးသုံးတတ်သူလား သင်ကိုယ်တိုင်လဲ ရေမွှေးကို မသုံးတတ်တဲ့သူ ဆိုရင် သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။  ရနံ့ သင်းပျံ့ပျံ့လေးက သင့်ရဲ့စိတ်တွေကို မကြုံစဖူး ထူးထူးကဲကဲ လန်းဆန်းနေစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပါလိမ့်မယ်…  ကိုယ်နှစ်သက်တဲ့ အနံ့လေးကြောင့် စိတ်ကြည်နူးမှု ရရှိခြင်းဟာ စိတ်ချမ်းသာမှုကို ငွေနဲ့ ၀ယ်ယူခြင်း တစ်မျိုးပါ... စိတ်ချမ်းသာမှုကို ငွေနဲ့ ၀ယ်ယူလို့ ရမယ်ဆိုရင်တော့ ဖြုန်းတီးတာမဟုတ်ဘဲ ငွေကုန်ခံရကျိုးနပ်တယ်လို့ မဆိုနိုင်ပါလားရှင်။


 


 


မွှေးပျံ့တဲ့ ရနံ့ကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေရှင်


 


 


ချော(အစိမ်းရောင်လွင်ပြင်)


  


PLANET MYANMAR မှာ တင်ခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ခုပါ။