မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Wednesday, April 07, 2010

နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့

 



 


ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။  အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။  အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက်  အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်။ 


 
 
နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။  Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။


 


 


နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။  အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။


 


 


အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer  အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။


 
 


အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။


 


 


နွေရက်များကို ပျော်ရွှင် လန်းဆန်းစွာ ကျော်ဖြတ်နိုင်ကြပါစေရှင်......
 


 


ချော(အစိမ်းရောင်လွင်ပြင်)
 


Article for  Hello Journal


Ref: Amazooo.com  Beauty Advice