အလှဆုံး မြင်ကွင်းလေးတစ်ခု




picture from Here



ကျွန်မရဲ့ တစ်သက်မှာ ခုလို ပူပြင်းခြောက်သွေ့မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူုးပါဘူး.. ဘ၀မှာ အပူဆုံး နေ့ရက်တွေပါဘဲရှင်.. မိုးကို မမြင်ရတာလဲ လပေါင်း၊ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ.. ကျွန်မတို့ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေ အားလုံးဟာလည်း တစ်ဖြေးဖြေး ခြောက်သွေ့လာပြီး မွေးမြူထားတဲ့နွားတွေဟာလည်း စိမ်းစိုလန်းဆန်း ချိုမြတဲ့  အရွက်တွေကို မစားရ၊ ရေကို ၀လင်အောင် မသောက်သုံးရတဲ့အတွက် နို့တောင် မထွက်နိုင်အောင် ဖြစ်နေရပါပြီ။ နွယ်ပင်တွေ၊ အပင်ငယ်လေးတွေဟာလည်း ခေါင်းပင် မထူနိုင်တော့အောင် ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ညှိုးနွမ်း သွေ့ခြောက်လို့ ပြားကပ်နေခဲ့ပြီ။ အိမ်နားက ကျွန်မတို့ရဲ့ အားထားရာ စမ်းချောင်းကလေးဆိုလဲ ခြောက်ခမ်းသွားတာ လွန်ခဲ့တဲ့ ၂လ နီးပါး လောက်ကတည်းကပါဘဲ။

ကျွန်မတို့ ပတ်ဝန်းကျင် အနီးနားတစ်ဝိုက်က လယ်သမားတွေအားလုံးလဲ စားစရာ အသီးအနှံမရှိ၊ စိုက်ပျိုးဖို့ ပက်ကြားအက်နေတဲ့ မြေကြီးနဲ့က အဆင်မပြေ၊ ရှိတဲ့ရေလေးကို ချိုးခြံချွေတာရနဲ့ တော်တော့်ကို ဒုက္ခ များနေကြရပါတယ်.. ကျွန်မယောက်ျားနဲ့ သူ့အစ်ကိုတို့ဟာလည်း ခြောက်သွေ့ကွဲအက်နေတဲ့ လယ်မြေကို ရေရရှိဖို့အတွက် နေ့စဉ်နေ့တိုင်း အပြင်းအထန် ကြိုးပမ်းနေကြပါတယ်.. မလှမ်းမကမ်းက ရေပေးဝေရေး ဌာနတစ်ခုကနေ ရေကို ကားနဲ့သယ်ယူဖို့ စီစဉ်ကြပေမဲ့ ရေပေးဝေရေး ဌာနကလည်း ရေမလုံလောက်တော့တဲ့အတွက် ရေပေးဝေမှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြန်တော့ ကျွန်မတို့တွေရဲ့ ဘ၀ဟာ မိုးမှတစ်ပါး အားထားစရာ မရှိတော့ပါဘူး… မိုးသာမရွာခဲ့ရင် စိုက်လက်စ ယာတွေ၊ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ   အိုး အားလုံး အားလုံးကို ဆုံးရှုံးရပါတော့မယ်..

ကျွန်မရဲ့ စိတ်တွေဟာလည်း ပြင်ပ ကမ္ဘာလောကကြီးနဲ့ ထပ်တူ ပူလောင်ကျွမ်းမြေ့လို့ ရှေ့ဆက်ဘယ်လိုများ စခန်းသွားရမလဲဆိုတာကိုဘဲ ပူပန်နေမိပါတယ်.. ကျွန်မတို့ မိသားစုအတွက် နေ့လည်စာ ပြင်ဆင်နေပေမဲ့လို့ အာရုံတွေက စုစည်းလို့မရဘဲ နွေနေရဲ့ ရိုက်ခတ်မှုနဲ့ ညိုးရော်ခြောက်သွေ့လို့ပါဘဲ.. စိတ်မကြည်မသာနဲ့ တံလျှပ်တွေ တစ်ရိပ်ရိပ်ထနေတဲ့ အပြင်ကို လှမ်းကြည့်လိုက်စဉ်မှာဘဲ ၆နှစ်အရွယ် ကျွန်မသားလေးရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုလေးတစ်ခုကို တွေ့လိုက်ရပါတယ်.. သားလေးဟာ ကျွန်မတို့အိမ်နောက်ဘက်က သစ်ရွက်တွေကြွေပြီး သွေ့ခြောက်စ ပြုနေတဲ့ တောအုပ်ကလေးထဲကို ဦးတည်ပြီး သွားနေတာပါ.. ဒါပေမဲ့ ထူးဆန်းတာက သူ့အမူအရာ… သူ့ပုံစံက တောအုပ်ကလေးဆီကို ကလေးတစ်ယောက်ရဲ့ ပုံမှန်အတိုင်း သွားရိုးသွားစဉ် ပုံစံမျိုးမဟုတ်ဘဲ တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ အလေးအနက်နဲ့ သွားနေတဲ့ပုံစံမျိုးပါ.. နည်းနည်း အလှမ်းဝေးနေတော့ ကျွန်မလဲ သားလေးရဲ့ နောက်ကျောကလေးကိုဘဲ မြင်နေရပါတယ်.. စောင့်ကြည့်နေတုန်းမှာဘဲ သားလေးဟာ တောအုပ်ကလေးထဲ ၀င်ရောက် ပျောက်ကွယ်သွားပါတယ်.. မိနစ်အနည်းငယ် အကြာမှာတော့ သားလေးက သစ်တောအုပ် ကလေးထဲကနေ အိမ်ဘက်ကို အပြေးကလေး ပြန်ထွက်လာပါတော့တယ်.. ဒါနဲ့ ကျွန်မလည်း သူလုပ်ချင်တာ တစ်ခုခု သွားလုပ်ခဲ့ပြီးပြီ နေမှာပါလေဆိုပြီး နေ့လည်စာ စီစဉ်နေတဲ့ဘက်ကို အာရုံ ပြန်စိုက်လိုက်ပါတယ်..

နောက် မိနစ်အတန်ကြာပြန်တော့ သားလေးဟာ တောအုပ်ကလေးဘက်ဆီကို တစ်ခါ ပြန်သွားနေတာ တွေ့ရပြန်ပါတယ်.. ပြီးတော့ ပြန်ပြေးထွက်လာပြန်တယ်.. ဒီလို့နဲ့ အကြိမ်ရေ တော်တော်များများ တောအုပ်ကလေးထဲ ၀င်သွားလိုက်၊ အိမ်ဘက်ဆီ ပြန်ပြေးလာလိုက်နဲ့ အလုပ်ရှုပ်နေပုံ၊ တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး စူးစူးစိုက်စိုက် လုပ်နေပုံရတဲ့ သားရဲ့ လှုပ်ရှားမှုတွေဟာ ကျွန်မအမြင်မှာ အတော်လေး ဆန်းကျယ်နေပါတော့တယ်.. ကျွန်မလဲ သိချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘဲ အိမ်အပြင်ဘက် အသာလေး ထွက်လာခဲ့ပြီး တောအုပ်ဆီဦးတည် သွားနေတဲ့ သားလေးရဲ့ နောက်ကို တိတ်တဆိတ် လိုက်ချောင်းမိပါတော့တယ်.. ဒီလို လိုက်ချောင်းတာကိုလဲ သားလေး မသိအောင် လုပ်ရသေးတယ်. မဟုတ်ရင် ကျွန်မလိုက်ကြည့်မှန်းသိရင် သူလုပ်နေတဲ့အလုပ်ကို ဆက်မလုပ်တော့ဘဲ ရပ်ပစ်လိုက်မှာ စိုးရသေးတယ်လေ..
ကျွန်မတွေ့လိုက်ရတာက သားလေးဟာ သူ့လက်ကလေး၂ဘက်ကို ခွက်ကလေးသဏ္ဍာန် ပြုလုပ်ပြီး အဲဒီလက်ကလေးထဲမှာ ရေတွေကိုဖြည့်လို့ ရေမဖိတ်အောင် သတိလေးနဲ့ သစ်တောအုပ်ဘက်ကို လမ်းလျှောက်သွားနေတာ ဖြစ်ပါတယ်.. ကြည့်ပါဦး.. သူ့လက်ကလေး သေးသေးလေးထဲမှာ ရေဘယ်လောက်များများ ပါနိုင်မှာမို့လဲ.. အလွန်ဆုံးပါလှ ဇွန်း၂ဇွန်း ၃ဇွန်းစာပေါ့.. ကျွန်မလဲ သားလေးရဲ့ အပြုအမူကို အတော်စိတ်ဝင်စားမိပြီး သူဝင်သွားတဲ့ တောအုပ်ထဲကို နီးနိုင်သမျှ နီးအောင် တိုးကပ်လို့ တိတ်ဆိတ်စွာဘဲ လိုက်ပါသွားမိပါတယ်.. သစ်ကိုင်းတွေ၊ သစ်ခက်ကလေးတွေဟာ သားလေးရဲ့ မျက်နှာကို ထိခိုက်ပွတ်တိုက်မိကြပေမဲ့ အဲဒါတွေကို အမှုမထားဘဲ လက်ကလေးထဲက ရေကိုသာ မဖိတ်အောင် ဂရုတစိုက်နဲ့ ရှေ့ဆက်သွားနေပါတယ်.. မကြာခင်မှာဘဲ ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းလေးကတော့ ကျွန်မကို အံ့သြတကြီးနဲ့ ကြက်သေ သေသွားစေခဲ့ပါတယ်..

အိုး…. ဟိုရှေ့မှာ  များလိုက်တဲ့ သမင်လေးတွေပါလား. သားလေးက သမင်လေးတွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ လမ်းလျှောက်လို့ သွားနေခဲ့ပါတယ်.. ကျွန်မမှာ သားလေးအတွက် စိုးရိမ်ပူပန်စိတ်ကြောင့် လွတ်ခနဲအော်ဟစ်မိတော့မတတ် ဖြစ်သွားခဲ့ရပါတယ်.. ဒီလောက်များပြားလှတဲ့ သမင်တွေဟာ သားလေးကို တစ်စုံတစ်ရာ အန္တရာယ်ပေးလေမလားလို့ ကျွန်မ တုန်လှုပ်ခြောက်ခြားမိပေမဲ့ သမင်လေးတွေဟာ သားလေးကို ဘာအန္တရာယ်မှ မပေးရှာပါဘူး.. သားလေးဟာ သမင်အုပ်နားမှာ ဒူကလေးထောက်ပြီး ထိုင်ချလိုက်တာတွေ့ရပါတယ်.. ကျွန်မတွေ့လိုက်တာက သမင်ပေါက်စလေး တစ်ချို့ဟာ ရေငတ်လွန်းတဲ့ဒဏ်ရယ် ပူပြင်းလွန်းတဲ့ အပူဒဏ်ရယ်ကြောင့် အားပြတ်ပြီး မြေပြင်ပေါ်ကို လဲကျနေတာပါ.. ကျွန်မရဲ့သားကလေးလဲ ထိုင်ချလိုက်ရော လဲကျနေရှာတဲ့ သမင်လေးတစ်ကောင်ဟာ အားယူပြီး ခေါင်းကလေးကိုအသာမလို့ သားလေးရဲ့ လက်ကလေးထဲက ရေကို အငမ်းမရ သောက်နေရှာပါတော့တယ်.. တောထဲက သတ္တ၀ါလေးတွေတောင် ရေငတ်မွတ်ခြင်းကို ခံနေရပါပြီကောလား..

ရေကုန်သွားတော့ သားလေးဟာ ခုန်ထလိုက်ပြီး အိမ်ဘက်ကို ပြန်ပြေးပြန်ပါတယ်.. ကျွန်မလဲ သစ်ပင်နောက်ကို ကပျာကယာလေး ပုန်းလိုက်ရပါတယ်.. ပြီးတော့ သားလေးနောက်ကို အပြေးကလေး လိုက်ရပြန်ပါတယ်.. ဘာလို့ဆို ခုလိုရေ ရှားပါးနေတဲ့အချိန်မှာ ရေပိုက်ကို တအားဖွင့်လိုက်ရင် အပြင်ကို ရေတွေလျှံထွက်ကုန်ပြီး အလဟဿဖြစ်မှာ စိုးမိလို့ပါ. ဒါပေမဲ့ သားလေးက ကျွန်မတို့ စုဆောင်းသိုလှောင်ထားတဲ့ နည်းနည်းသာကျန်တော့တဲ့ ကန်ထဲကရေကို ယူဖို့ ပိုက်ကို ဖြေးဖြေးလေး လှည့်ဖွင့်လိုက်ပါတယ်.. ကန်ထဲက ရေတွေဟာ တစ်စက်ချင်း သားလေးရဲ့ လက်ကလေးထဲကို စီးကျနေပါတယ်..  ဒူးကလေးထောက်ပြီး တစ်စက်ချင်း စီးကျနေတဲ့ ရေတွေကို လက်ခွက်ကလေးနဲ့ ခံယူနေတဲ့ သားရဲ့ နောက်ကျောကို နေရောင်က တောက်ပစူးရှစွာ ဖြာကျနေပါတယ်.. သားလေးက ပြီးခဲ့တဲ့အပတ်က ဒီကန်ထဲက ရေကိုဖွင့်ပြီး ဆော့ကစားခဲ့လို့ ဒီလောက်ရေရှားပါးချိန်မှာ ဆော့ရပါ့မလားဆိုပြီး ကျွန်မက အပြစ်ပေးခဲ့ဖူးပါတယ်.. ဒါကြောင့်လဲ ကလေးဟာ သမင်လေးကို ကူညီမဲ့ကိစ္စမှာ ကျွန်မကို အသိမပေးရဲတော့ဘဲ တိတ်တဆိတ် လုပ်နေတာဘဲ ဖြစ်ပါတယ်.. ပြီးတော့ ရေပိုက်ကလေးကို တစ်စက်ချင်းသာ ကျအောင် သူ့မှာ ဖွင့်နေရှာတာပါ။  ရေကတစ်စက်ချင်းမို့ သူ့လက်ခွက်လေးထဲ ရေပြည့်ဖို့ကိုဘဲ အတော်အချိန်ကြာပါတယ်..

သူ့လက်ကလေးနဲ့ ရေပြည့်ပြီလဲဆိုရော မတ်တပ်ရပ်လိုက်ပြီး တောအုပ်ဖက်ဦးတည်မယ်လုပ်တော့  သူ့နောက်မှာ ရပ်နေတဲ့ ကျွန်မကိုတွေ့သွားပြီး တုန်လှုပ်သွားဟန်နဲ့ မျက်ဝန်းမှာလည်း မျက်ရည်လေးတွေ ရစ်ဝဲလာပါတယ်.. “သား.. သား ရေကို အလကားဆော့တာ မဟုတ်ပါဘူးမေမေ.. ”  သူ့အသံ တုန်တုန်ရီရီလေးနဲ့ ကျွန်မကို ပြောရှာပါတယ်.. သူ့လက်ထဲက ရေတွေဟာလည်း သားလက်ကလေးထဲကနေ လျှောကျကုန်ပါတော့တယ်.. ကျွန်မလဲ သားလေးကို သိုင်းဖက်လိုက်ပြီး မီးဖိုချောင်ထဲကို ခေါ်လာခဲ့ပါတယ်.. ပြီးတော့ အိုးကလေးတစ်ခုထဲကို ရေထည့်ပေးလိုက်ပြီး သားကိုပေးလိုက်တော့ ပြုံးရွှင်သွားတဲ့ သားကလေးရဲ့ အပြုံးက ဘာနဲ့မှ နှိုင်းမရအောင် ကြည်စင်လှပလွန်းနေတယ်..

ရေအိုးကလေးကိုင်ထားတဲ့ သားလေးနဲ့အတူ တောအုပ်ဖက်ကို ကျွန်မပါ လျှောက်လိုက်ခဲ့ပါတယ် .. သမင်အုပ်နား ရောက်ချိန်မှာတော့ သစ်ပင်တစ်ပင်ရဲ့ အနောက်နားလေးမှာဘဲ ကျွန်မ ကျန်နေခဲ့လိုက်ပါတယ်.. ရေတိုက်တာက သားလေးရဲ့ လုပ်လက်စအလုပ်မို့ သမင်လေးတွေရော သားလေးကိုပါ  ကျွန်မကြောင့် အနှောက်အယှက် မဖြစ်စေချင်တာကြောင့်ပါ။ သမင်အုပ်ကြီးအလယ်က အားပြတ်လဲကျနေတဲ့သမင်လေးတွေကို တစ်ကောင်ပြီးတစ်ကောင် ယုယစွာ ရေတိုက်ကျွေးနေတဲ့ သားလေးကိုကြည့်ပြီး ငယ်ရွယ်သေးတဲ့  ၆နှစ်အရွယ် ကျွန်မရဲ့သားလေးမှာ ဒီလောက်လှပ မွန်မြတ်တဲ့ စိတ်ထားကလေး ရှိနေတာ ကျွန်မ ဂုဏ်ယူလိုက်တာ၊ ပီတိဖြစ်လိုက်ရတာ၊  ကြည့်စမ်းပါဦးနော်.. ဘယ်လောက်များ လှပလိုက်တဲ့ မြင်ကွင်းလေးလဲရှင်.. သားလေးရဲ့ ဖြူစင်တဲ့ အကြင်နာတရားကို တောတွင်းတိရိစ္ဆာန်တွေဖြစ်တဲ့ သမင်လေးတွေကတောင် နားလည်လို့ ဘယ်ကိုမှ ထွက်မပြေးကြဘဲ သားလေးအနားမှာ ၀ိုင်းနေလိုက်ကြတာ.. ကမ္ဘာပေါ်မှာ အလှဆုံး မြင်ကွင်းကလေးပါဘဲလေ.. ဒီမြင်ကွင်းကိုကြည့်ရင်း  မျက်ရည်စက်များက ကျွန်မပါးပြင်ပေါ် တစ်လိမ့်ချင်း စီးကျလာပါတယ်.. တစ်စက်ပြီး တစ်စက်.. တစ်စက်ပြီးတစ်စက်..

ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရင်း ကျွန်မပြောလိုက်မိတာကမိုးမင်းကြီးရယ်.. ကျွန်မရဲ့ သားကလေးဟာ သမင်ကလေးတွေအပေါ် ကြင်နာသနားစွာ ရေတိုက်ကျွေးပြီး အသက် ကယ်လိုက်သလို ပူပြင်း ခြောက်သွေ့နေတဲ့ ဒီဒေသလေး စိမ်းလန်းစိုပြေလာပြီး ကျွန်မတို့တတွေ ရှေ့ဆက်ပြီး အသက်ရှင်သန်နိုင်ခွင့် ရအောင် မိုးကလေးများ ရွာသွန်းလို့ပေးပါလားရှင်… ဆိုတဲ့စကားဘဲ ဖြစ်ပါတော့တယ်….

-------------------------------------------------------------------------------------------------//
၆နှစ်အရွယ် ကလေးငယ်ကလေးကတောင် ဒုက္ခရောက်နေသူများကို ကူညီဖို့ အသိတရားရှိတယ်ဆိုရင် အသက်အရွယ် ရောက်နေပြီဖြစ်တဲ့ ကျွန်မတို့တွေလည်း ဒုက္ခရောက်နေသူများကို စာနာသနား ကြင်နာစိတ်ကလေးထားပြီး ကူညီသင့်ကြပါတယ်နော်...
-----------------------------------------------------------------------------------------------//

The Water of Life (Author Unknown) ကို ဘာသာပြန်ဆိုပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)