စပျစ်ပင်တို့ရဲ့ ခွန်အားများ





picture from Here


ဒီတစ်ခေါက်ပြောပြမဲ့ ပုံပြင်လေးက “စပျစ်ပင်တွေ” အကြောင်း ဖြစ်ပါတယ်.. ဒီပုံပြင်လေးကို နှစ်သက်မိတာ ကလည်း ပုံပြင်လေးက ပေးချင်တဲ့ Message လေးတွေကို သဘောကျမိတာကြောင့်ပါဘဲ.. ဒါကြောင့်လဲ စာဖတ်သူများကို ပြန်လည် မျှဝေခံစားစေချင်လို့ ဒီနေရာက ပြန်ပြောပြပါမယ်.. နားထောင်ကြည့်ပါနော်.. ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက စပျစ်ပင်တစ်ပင်ရဲ့ ပင်စည်ခပ်သေးသေးလေးတစ်ခု ရှိပါတယ်.. ပင်စည်ငယ်ကလေးဟာ လောကကြီးထဲမှာ အသက်ရှင်သန်ခွင့်ရတဲ့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရှာပါတယ်.. သူဟာ မြေဆီလွှာတွေ ဆီကရတဲ့ ရေကိုသောက်သုံးပြီး အပင်အတွက် လိုအပ်တဲ့ အဟာရဓာတ်တို့ကို မြေလွှာဆီကနေဘဲ စုတ်ယူမှီဝဲကာ တစ်ဖြေးဖြေး ကြီးထွားလာပါတယ်.. သူ့ကိုယ်သူလဲ အင်အားရှိလာပြီ၊ သန်မာထွားကြိုင်းလာပြီ ၊ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်စွမ်းပြီလို့ ထင်ကာ ပျော်ရွှင် ဂုဏ်ယူနေပါတယ်..

ဒါပေမဲ့ မကြာခင်မှာဘဲ လေပြင်းမုန်တိုင်းက ကြမ်းရိုင်းစွာ တိုက်ခတ်လာပါတယ်.. လေကြမ်းနဲ့အတူ ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေက သူ့ပင်စည်နေရာအနှံ့ကို ရက်ရက်စက်စက် ထိုးနှက်ပါတော့တယ်.. လေရောမိုးပါ ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်တဲ့ဒဏ်ကြောင့် စပျစ်ပင်စည်လေးဟာ အင်အားချည့်နှဲ့လာပြီး မြေပြင်ပေါ် ပုံရက်သား လဲကျကာ ပြန်လည် ထူထောင်ဖို့ ခွန်အားတောင် သူ့မှာ မရှိတော့အောင် ဖြစ်ရပါတော့တယ်..

မိုးရာသီ ကုန်ဆုံးပြန်တော့ အလွန်အေးစက်ပြင်းထန်တဲ့ ဆောင်းရာသီရောက်လို့ လာပြန်ပါတယ်.. နှင်းတွေက ပက်ပက်စက်စက် အေးလွန်းတော့ စပျစ်ပင်စည်လေးဟာ မြေပြင်ပေါ်မှာဘဲ ၀ပ်စင်းနေရတော့တာပါဘဲ… သူ့မှာ ဆက်လက်ရှင်သန်ဖို့လည်း မောပန်းနွမ်းနယ်လွန်းနေပါပြီ.. သူ့ကိုယ်သူ သိတာက သူမကြာခင်မှာ သေဆုံးတော့မယ်ဆိုတာပါဘဲ.. အပင်တစ်ပင် ကြီးပြင်း အရွယ်ရောက်ဖို့ဆိုတာ အချိန်ကာလ ကြာကြာ လိုအပ်ပေမဲ့ ပြိုလဲဖို့၊ ညိုးနွမ်းသွားဖို့၊ သေဆုံးသွားဖို့ကျတော့ အင်မတန်မှ လွယ်ကူပါတယ်.. အချိန် ကာလလည်း များများ မလိုအပ်ပါဘူး.. အကြောင်းကြောင်းတွေကြောင့် သေဆုံးချည့်နှဲ့သွားနိုင်ပါတယ်..

စပျစ်ပင်စည်ငယ်ကလေးဟာ အားနည်းဖျော့တော့စွာ မြေပြင်ပေါ် ခွေခေါက်နေတဲ့အချိန်မှာ သူ့နားထဲမှာ “ဟေ့ ကောင်လေး ထထ.. ငါ့ကိုမှီထားလိုက် ”  ဆိုတဲ့ အသံလေးတစ်ခု ကြားလိုက်ပါတယ်..  အသံရှင်ကို သူလိုက်ရှာတဲ့အခါ သူ့အနီးနားက ရှင်သန်ရင့်မာ ထွားကြိုင်းနေတဲ့ စပျစ်ပင်စည် ခပ်ကြီးကြီးကို တွေ့လိုက်ရပါတယ်..  ပင်စည်ငယ်ကလေးက သတိကြီးကြီးထားပြီး တွန့်ဆုတ်ဆုတ်နဲ့ ပင်စည်ကြီးနားကို တိုးကပ်သွားးလိုက်ပြီးတော့ “ခင်ဗျားက ဘာသဘောနဲ့ ကျွန်တော့်ကို မှီခိုင်းတာလဲ ”လို့  ပြန်မေးလိုက်တော့ စပျစ်ပင်စည်ကြီးက “မင်းကို ငါကူညီမလို့ပါကွ.. လေပြင်းမုန်တိုင်းတွေ၊ နှင်းမိုးစက်တွေကြောင့် မင်းတစ်ပင်တည်းဆိုရင် ရှင်သန်ရပ်တည်ဖို့ မလွယ်ဘူး.. ဒါကြောင့်လဲ မင်းခေါင်းကို ငါ့ရဲ့ ပင်စည်ပေါ် မှီထားခိုင်းတာ.. တွေ့လား အခုလို ငါ့ကိုမှီထားမယ်ဆိုရင် ဘယ်သဘာဝတရားရဲ့ ဒဏ်ကိုမှ တော်ရုံနဲ့ မင်း မှုစရာမလိုတော့ဘူးပေါ့” လို့ ပြန်ပြောပါတယ်..

စပျစ်ပင်စည်ငယ်ကလေးဟာ ပင်စည်ကြီးရဲ့ စကားကိုကြားလိုက်ရတော့ ယုံယုံကြည်ကြည် အားကိုးတကြီးနဲ့ ခေါင်းကလေးကို ထောင်မတ်ပြီး ပင်စည်ကြီးကို မှီထားလိုက်ပါတော့တယ်.. သူကြည့်လိုက်တော့ ကျန်တဲ့ အင်အားကြီးတဲ့ စပျစ်ပင်စည်ကြီးတွေပေါ်ကို သူ့လို ငယ်ရွယ်ပြီး ခွန်အားနည်းနေတဲ့ ပင်စည်ငယ် ကလေးတွေက မှီခိုတွယ်ယှက်လို့ နေတာကို တွေ့လိုက်ရပါတယ်..  ဒီလိုနဲ့ မိုးသက်လေပြင်းရော နှင်းရိုင်းမုန်တိုင်းပါ အကြိမ်ကြိမ်အခါခါ တိုက်ခတ်ပေမဲ့ အချင်းချင်း ဆက်နွယ်ပြီး ရစ်ပတ်တွယ်ယှက်ထားတဲ့ စပျစ်နွယ်တွေကို မိုးရော၊ မုန်တိုင်းရော၊ နှင်းစက်ပွင့်တွေပါ ထိခိုက်အောင်၊ ပြိုလဲအောင် မလုပ်နိုင်ကြတော့ပါဘူး.. ပင်စည်အချင်းချင်း စုစုစည်းစည်း ညီညီညွှတ်ညွှတ် ပေါင်းစည်းထားတဲ့အတွက်ကြောင့် သဘာဝရဲ့ ရိုက်ခတ်ဖျက်ဆီးမှုအားကို ကြံ့ကြံ့ခိုင်နိုင်ကြပါပြီ။ သူတို့ အချင်းချင်းလဲ စုပေါင်းညီညွှတ်ခြင်းရဲ့ အင်အားအကြောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကြပြီး လောကဓံရဲ့ထိုးနှက်ချက်တို့ကို  ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နဲ့ အံတုခံနိုင်ကြပြီ ဖြစ်ပါတယ်…

ဒီလိုနဲ့ စပျင်ပင်စည်ငယ်ကလေးဟာလည်း စပျစ်နွယ်တို့ရဲ့ စည်းလုံးညီညွှတ်ခြင်း အင်အားနဲ့ သဘာဝအတိုက်အခိုက်တို့ကို ကြံ့ကြံ့ခံရင်း တစ်ဖြေးဖြေး ကြီးထွားစည်ပင်လာပါတယ်.. တစ်နေ့တော့ သူရဲ့ ပင်ခြေအောက်က မြေပြင်ကို ငုံ့ကြည့်လိုက်ချိန်မှာ ဟိုးတစ်ချိန်က သူ့လိုမျိုးပါဘဲ ခပ်ငယ်ငယ် အင်အားချည့်နဲ့နဲ့ စပျစ်နွယ် ပင်စည်ငယ်ကလေးတစ်ခုဟာ မြေမြင်ပေါ်မှာ ဦးခေါင်းညွှတ်ကျပြီး လှဲလျောင်းနေတာကို တွေ့လိုက်ပါတယ်.. ဒီတော့ အရွယ်ရောက် ကြီးပြင်းနေပြီဖြစ်တဲ့ စပျစ်ပင်စည်က ပင်စည်ငယ်ကလေးကို “ငါ့ကို မှီတွယ်လိုက်ပါ.. ငါမင်းကို ကူညီပါ့မယ်” လို့ ပြောလိုက်ပါတယ်.. သူရဲ့စကားကို ကြားတဲ့ ပင်စည်ငယ် ကလေးဟာလည်း အားရ၀မ်းသာနဲ့ သူ့ကို အားကိုးတကြီးနဲ့ တွယ်မှီလိုက်ပါတယ်.. ဒီလို တစ်ဦးကို တစ်ဦး ဖေးမကူညီကြရင်း အင်အားကြီးသူများက အင်အားနည်းသူတို့ကို ရိုင်းပင်းကြရင်းနဲ့ပဲ အချိန်များမကြာမှီမှာ သူတို့တွေအားလုံး စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိကြတာကြောင့် စပျစ်ပင်တွေဟာ အရွက်တွေ စိမ်းစို လန်းဆန်းလာတယ်.. အဖူးတွေ ဖူးညွှတ်ဝေဆာလာတယ်.. အပွင့်တွေ ပွင့်ဝေလန်းဖြာလာကြတယ်.. နောက်ဆုံးတော့ စားချင့်စဖွယ် ချိုမြိန်အရသာရှိလှတဲ့ စပျစ်သီးတွေ ခူးလို့မကုန်နိုင်အောင်   သီးပွင့်ဝေဆာလာပြီး လောကကို အလှဆင်၊ အကျိုးပြုကြပါတော့တယ်..


ပုံပြင်လေးက ဒီမှာ ပြီးဆုံးပါပြီရှင်….

-------------------------------------------------------------------------------------------------------------

ပုံပြင်လေးကိုဖတ်ပြီး တွေးမိတာက ကျွန်မတို့ ကျင်လည်နေကြတဲ့ လက်တွေ လူ့လောကမှာလည်း တစ်ဦးနဲ့တစ်ဦး ရန်စောင် တိုက်ခိုက်နေကြမဲ့အစား၊ တစ်ဦးရဲ့အမှားကို တစ်ဦးက ကဲ့ရဲ့ပြစ်တင် ပြောဆို နေကြမဲ့အစား၊ အားနည်းတဲ့သူတွေကို နိမ့်ချမဲ့အစား၊ ကိုယ်တစ်ဦးတည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး လူမှုအသိုင်းအ၀ိုင်း ရဲ့အပြင်ဘက်မှာ အထီးကျန်အားနည်းစွာ နေထိုင်သွားမဲ့အစား “စပျစ်ပင်” တို့ကို နမူနာယူကာ အင်အားကြီးသူက အင်အားနည်းသူကို ဖေးမကူညီသင့်ပါတယ်...  တစ်ဦးနဲ့ တစ်ဦး စေတနာ ထားကြရင်း လောကရဲ့ သဘာဝ ဘေးဒဏ်တို့ကို ကြံ့ကြံ့ခံကာ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့များ နေသွားပြီး လောကကို တတ်နိုင်သလောက် အလှဆင်ကြမယ်ဆိုရင် သာယာ လှပတဲ့ လောက လူ့ဘောင်၊ နေချင်စရာကောင်းတဲ့ ပျော်ရွှင်ဖွယ် ကမ္ဘာမြေကြီး ဖြစ်လာမယ် ထင်ပါတယ်နော်..


The Little Grape Stem ( Author Unknown) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန် ဝေမျှပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)