ပျံသန်းခြင်း






ပျံသန်းခြင်း





ဂျွန်ကလေးဟာ မိဘတွေမရှိရှာတော့လို့ မိဘမဲ့ ဂေဟာမှာ နေရရှာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်.. ဂျွန့်မှာရှိတဲ့ အကြီးမားဆုံးဆန္ဒက ကောင်းကင်မှာ ငှက်တွေလို ပျံဝဲချင်တဲ့ စိတ်ကူးဆန္ဒဖြစ်ပါတယ်.. အဲဒီလို ကောင်းကင်မှာ ပျံနိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲမှန်း သူနားမလည်ရှာပါဘူး.. တိရိစ္ဆာန်ရုံက အလွန်ကြီးမားလှတဲ့ ငှက်တွေတောင် ပျံနိုင်သေးတာ သူက ဘာလို့ မပျံနိုင်တာလဲဆိုတာကို စဉ်းစားလို့မရ ဖြစ်နေပါတယ်.. ငါ့မှာ သူတို့နဲ့ ဘာမတူလို့ ဘာတွေကွဲနေလို့ မပျံနိုင်ရတာလဲလို့ သူအမြဲစဉ်းစားပါတယ်..




မိုက်ကယ်ဆိုတဲ့ ကလေးကလည်း ဂျွန်တို့အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ မိုက်ကယ်ဟာ မွေးရာပါ မသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်တာမို့ သူများတွေနဲ့ တန်းတူ လမ်းလျှောက်နိုင်ရှာသူ မဟုတ်ပါဘူး.. မိုက်ကယ်ရဲ့ ဆန္ဒကတော့ အခြားကလေးတွေလို လမ်းတွေလျှောက်၊ ပြေးနိုင်လွှားနိုင်တဲ့ သူတစ်ယောက် ဖြစ်ချင်တာပါ.. သူဟာ အမြဲတမ်း “ငါ ဘာလို့များ သူတို့တွေလို လမ်းမလျှောက်နိုင်တာလဲ..” လို့ တွေးပြီး ၀မ်းနည်းနေတတ်ပါတယ်.. ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်ဘဲ သူ့တစ်ယောက်တည်း တွေဝေ ငေးမှိုင်နေတတ်ခဲ့ပါတယ်.. မိုက်ကယ်ရဲ့ မိဘတွေကတော့ မိုက်ကယ်လေး ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ မိုက်ကယ်ကတော့ အမြဲတမ်း ၀မ်းနည်းလို့သာ နေပါတယ်..




တစ်နေ့တော့ ကောင်းကင်မှာ ငှက်ကလေးတစ်ကောင်လို ပျံဝဲချင်တဲ့ ဂျွန်တစ်ယောက်ဟာ မိဘမဲ့ဂေဟာကနေ တိတ်တိတ်ကလေး လစ်ထွက်လာပြီး ပန်းခြံတစ်ခုထဲကို လျှောက်သွားနေပါတယ်.. အဲဒီပန်းခြံထဲရောက်တော့ တစ်ခြားကလေးတွေလို ပြေးလွှားမနေဘဲ ငြိမ်ငြိမ်သက်သက်နဲ့ တစ်ယောက်တည်း သဲပြင်မှာ အိမ်ဆောက်တမ်း ဆော့ကစားနေတဲ့ မိုက်ကယ်ကိုတွေ့သွားတော့ သူ့ဆီလျှောက်သွားပြီး “မင်း.. ငှက်တွေလို ကောင်းကင်မှာ ပျံချင်တဲ့စိတ်တွေ မဖြစ်ဘူးလား၊ သူတို့လို မပျံချင်ဘူးလား ” လို့ မေးလိုက်ပါတယ်..



ဒီတော့ မိုက်ကယ်က “မပျံချင်ပါဘူး.. ဒါပေမဲ့ ငါဟာ တစ်ခြား ကောင်လေး ၊ ကောင်မလေးတွေလို လမ်းလျှောက်နိုင်ရင်၊ ပြေးလွှားနိုင်ရင် သိပ်ကောင်းမှာလို့တော့ အမြဲတမ်း စဉ်းစားမိပါတယ် ”လို့ ပြန်ပြောလိုက်ပါတယ်.. ဒီတော့မှ ဂျွန်ဟာ မိုက်ကယ်ရဲ့ ကြုံလှီသေးသိမ်နေတဲ့ ခြေထောက်၂ဘက်ကို သတိထားမိသွားပါတယ်.. “အိုး စိတ်မကောင်းစရာဘဲ.. ငါ့နံမည်ဂျွန်ပါ.. မင်းနံမည်ကရော ” လို့ပြန်မေးတော့ လမ်းမလျှောက်နိုင်တဲ့ကလေးက “မိုက်ကယ် ” လို့ ပြန်ဖြေပါတယ်.. “ငါတို့၂ယောက် သူငယ်ချင်းတွေ ဖြစ်ကြရအောင်” လို့ ဂျွန်က ပြောတော့ မိုက်ကယ်ကလည်း  သဘောတူ လက်ခံပါတယ်..



ဒီလိုနဲ့ သူတို့၂ယောက်ဟာ သဲပြင်မှာ အတူတူ ဆော့ကစားကြပါတယ်.. သဲတွေနဲ့ ရဲတိုက်ကြီးတွေ ဆောက်တမ်းကစားကြပြီး သူတို့ ပါးစပ်ကနေလဲ အသံပေါင်းစုံ အော်ဟစ်ကြကာ ပျော်ရွှင်စွာ ကစားကြပါတယ်..  မိုက်ကယ်လေးရဲ့ အဖေဟာ ခပ်လှမ်းလှမ်းကနေ ကလေး၂ယောက်ကို ကြည့်ပြီး ကျေနပ် ၀မ်းသာနေပါတယ်.. သူ့သားကလေးဟာ ဘယ်တုန်းကမှ ခုလို ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ဖူးပါဘူး.. အခု ဂျွန်နဲ့အတူ ကစားတော့မှ ရယ်မောပျော်ရွှင်နေတာကို တွေ့ရတာပါ… အချိန် အတော်လေးကြာတော့မှ မိုက်ကယ့်အဖေဟာ မိုက်ကယ်ကို အိမ်ပြန်ခေါ်သွားဖို့ ၀ှီးချဲလေးကို တွန်းပြီး သူတို့၂ယောက်အနားကို ရောက်လာတဲ့အခါမှာ ဂျွန်က မိုက်ကယ်ရဲ့အဖေ နားနားကိုကပ်ကာ တစ်စုံတစ်ရာကို တီးတိုးလေး ပြောလိုက်ပါတယ်..  မိုက်ကယ့်အဖေကလဲ ဂျွန်ရဲ့ စကားကို “ကောင်းပြီလေ” လို့ပြောပြီး သဘောတူ လက်ခံလိုက်ပါတယ်..



ဒါနဲ့ ဂျွန်ဟာ မိုက်ကယ်ကို သူ့လည်ဂုတ်ပေါ်ကို ခွစီးးစေပြီး မြက်ခင်းပြင်ကျယ်ကြီးပေါ်ကို လမ်းစလျှောက်ပါတယ်.. တစ်ဖြေးဖြေး ခြေလှမ်းတွေ မြန်လာကာ စတင် ပြေးပါတော့တယ်… မြန်သထက်မြန်အောင် အရှိန်ကိုမြှင့်ရင်း မြက်ခင်းပြင်ကြီးတစ်လျှောက် မရပ်မနား ပြေးလွှားနေပါတယ်.... သူ့ခြေလှမ်းတွေကို ဆထက်တိုးအောင်မြန်ဖို့ ကြိုးစားကာ ပြေးပြီးရင်း ပြေးတဲ့အခါ လေတွေက သူတို့၂ယောက်ရဲ့ မျက်နှာပြင်ကို အရှိန်ပြင်းပြင်းနဲ့ တိုးဝှေ့သွားကြပါတယ်.. ဒီအချိန်မှာ သူတို့၂ယောက်ကို စောင့်ကြည့်နေတဲ့  မိုက်ကယ်ရဲ့အဖေဟာ မျက်ရည်တွေစီးကျလာပါတော့တယ်.. သူတွေ့ရတဲ့မြင်ကွင်းက ဂျွန်ရဲ့ ပုခုံးပေါ်က မိုက်ကယ်ဟာ လက်ကလေး၂ဘက်ကို လေထဲမှာ ဆန့်တန်းလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ ပါးစပ်မှလည်း  အဖေရေ… သားလေထဲမှာ ပျံနေပြီ.. လေထဲမှာ ပျံနေပြီ လို့ ၀မ်းသာ အားရ ဟစ်ကြွေးနေပါတော့တယ်....





ဂျွန်ကလေးဟာ သူကိုယ်တိုင်က မပျံသန်းနိုင်ဦးတော့တောင် သူ့ထက်အားနည်းတဲ့ မိုက်ကယ်ကလေး ပျော်ရွှင်အောင်၊ ပျံသန်းနိုင်အောင်တော့ လုပ်ပေးနိုင်သေး တာပါဘဲလေ.... လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ထက်အားနည်းသူများကို ကူညီတတ်သူ၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်သူများ ဖြစ်နိုင်ပါသေးတယ်နော်..








Roger Dean Kiser, Sr. ရဲ့  I'm flying ကို ဘာသာပြန်ပါသည်။




ချော(အစိမ်းရောင်လွင်ပြင်)



photo from Here