ကျွန်မတို့ရဲ့ ဒေသအစားအစာများ(၂)





ုရက်ပိုင်း ခေါင်းကိုက်နေတာမို့ စာမရေးနိုင်သလို၊ စာရေးဖို့ ဦးနှောက်က မလန်းဆန်းဖြစ်နေပါတယ်.. ဒီအတွက် စာဖတ်သူများကို ဖတ်စရာစာများ မတင်ပေးနိုင်လို့ တောင်းပန်ချင်ပါတယ်.. ၂ရက်လောက်မှ ပိုစ့်အသစ်မတင်ဖြစ်ဖူးဆိုရင် စာအသစ်တင်မလားလို့ ရောက်လာတတ်တဲ့ အလည်လာသူများကိုလည်း အားနာမိပါတယ်.. ဒါကြောင့် စာများများ ရေးဖို့မလိုဘဲ ပုံတွေများများနဲ့ ကျွန်မတို့ရဲ့ ဒေသ အစားအစာလေးအကြောင်း ရေးပါရစေနော်..




မုန်လာဥအစိမ်းသုပ်





ပထမဦးဆုံး ဖော်ပြချင်တာက မုန်လာဥဖြူ အစိမ်းသုပ်ပါ။







မုန်လာဥဖြူဟာ အစိမ်းသက်သက်ဆိုရင် စိမ်းစော်နံတဲ့ အနံ့ရှိပါတယ်.. စိတ်မပူပါနဲ့ .. အဲဒီအနံ့ကို ပျောက်အောင်လုပ်ပြီး စားကောင်းတဲ့ အစိမ်းသုပ်ဖြစ်အောင် ဖန်တီးလို့ရပါတယ်.. မုန်လာချဉ် သုပ်စားချင်ကြတဲ့ နိုင်ငံရပ်ခြားမှာ ရှိသူများလည်း ခုလို လုပ်စားရင် မုန်လာဥချဉ်လို အရသာမျိုးအတိုင်း ဖြစ်တာမို့ အချဉ်တည်စရာမလိုဘဲ အလွယ်တကူ သုပ်စားဖို့  အဆင်ပြေပါလိမ့်မယ်နော်..







မုန်လာဥဖြူကို ခုလို ပါးပါးလှီးလိုက်ပါတယ်..





မြန်မာဗီနီကာ






အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥများ




ပါးပါးလှီးထားတဲ့ မုန်လာဥတွေကို ခုလို ဗီနီကာ (သို့) ရှာလကာရည်နဲ့ နာရီဝက် တစ်နာရီ ကြာအောင် စိမ်ထားလိုက်ပါတယ်.. ခနလေးစိမ်ရင် အနံ့မပျောက်မှာစိုးလို့ သေချာအောင် တစ်နာရီလောက်စိမ်ထားတာ ပိုကောင်းပါတယ်..







အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥတွေကို ရေဆေးပစ်ပါတယ်.. ရေမဆေးဘဲ သုပ်မယ်ဆိုရင်လဲ အဆင်ပြေပါတယ်.. အချဉ်အရမ်းစူးမှာ စိုးတာကြောင့် ရေဆေးလိုက်ရင်တော့ ပိုစိတ်ချရမယ်ထင်ပါတယ်..  ပြီးတော့ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံတို့ကို  ပါးပါးလှီးထည့်ပါတယ်..  ပုဇွန်ခြောက်၊ မြေပဲဆန် ထောင်းထည့်ပါတယ်.. မြေပဲဆန်ကို ညက်အောင် ထောင်းစရာမလိုပါ။ ရန်ကုန် ဆူးလေဘုရားနားက ဒေါ်ရိပ်ကြီးဆိုင်ရဲ့ လက်ရာမျိုး စားချင်ရင်  ပဲမှုန့်နဲ့  ဆီစိမ်း (သို့) ကြက်သွန်ဆီကျက်ကို ထည့်နိုင်ပါတယ်.. ကျွန်မကတော့ နှမ်းဆီကို အနံ့မွှေးအောင် ထည့်ပါတယ်..







ဆား၊ အချိုမှုန့် (သို့) အသားမှုန့် သင့်တင့်သလို ထည့်ပြီး သံပုရာသီး အနည်းငယ် ညှစ်ပြီး နှယ်လိုက်မယ်ဆိုရင် သိပ်ကောင်းတဲ့ မုန်လာဥ အစိမ်းသုပ်ကို ရပါတယ်။ အချဉ်အတွက် သံပုရာသီး မရှိလဲ ခုနက ဗနီကာ(သို့) ရှာလကာရည်ကိုသာ ထည့်လို့ရပါတယ်.. သံပုရာသီးထည့်တာက သံပုရာနံ့လေး မွှေးနေအောင် ထည့်တာဖြစ်ပါတယ်.. အချဉ်ရည်နဲ့ စိမ်ထားပြီးဖြစ်တာကြောင့် မုန်လာဥသည် ချဉ်နေပြီး ဖြစ်တဲ့အတွက် အချဉ်အရသာကိုတော့ မြည်းကြည့်ပြီး လိုအပ်မှ ထပ်ထည့်သင့်ပါတယ်..





စားလို့ရနေပြီဖြစ်တဲ့ ကျွတ်ဆတ်ဆတ်လေးနဲ့ မုန်လာဥအစိမ်းသုပ်ပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



မှိုကပ်ပေါင်း၊ မှိုကပ်ထောင်း




ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ နောက်ထပ် အသီးအရွက်တစ်မျိုးက မှိုအမျိုးအစားဖြစ်တဲ့ မှိုကပ်ပါ... သစ်တုံး အဆွေးအမြေ့တွေပေါ်မှာ ကပ်ပြီးပေါက်တတ်တာမို့ တုံးမှို (သို့) မှိုကပ် လို့ ခေါ်တတ်ကြပါတယ်... အခြောက်လှမ်းထားတဲ့ မှိုဖြစ်တာမို့ ခြောက်ခြောက်သွေ့သွေ့ထားမယ်ဆိုရင် အထားခံတဲ့ မှိုတစ်မျိုးပါ။ မှိုကပ်မှာ ကပ်ငြိနေတတ်တဲ့ အမှိုက်သရိုက်များနဲ့ သဲမှုန်များ ပါဝင်တာကြောင့် ဂရုစိုက်ပြီး ဆေးကြောဖို့တော့ လိုအပ်ပါတယ်..  ရေမဆေးခင် ရေနွေးနဲ့ အချိန်ကြာကြာ စိမ်ထားရမှာ ဖြစ်ပါတယ်.. ရေနွေးနဲ့စိမ်ပြီး အနည်းငယ်ပျော့့ပြောင်းလာတဲ့ မှိုတွေကို ရေအထပ်ထပ်နဲ့ စိတ်ရှည်ရှည် ပြောင်းစင်အောင်ဆေးကြောရပါတယ်။







ဆေးလို့ ပြောင်စင်ပြီ ယူဆရင် အိုးတစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ဆား၊အချိုမှုန့်ထည့်ကာ မှိုကို ပြုတ်လိုက်ပါတယ်.. ရေကို အခမ်းပြုတ်ကာ ခြောက်ပြီး အိုးကပ်သွားတဲ့အထိ ထားလိုက်ပါတယ်.. အေးသွားတဲ့အချိန်မှာ ကြက်သွန်ဖြူကိုထောင်းပြီး မှို၊ ငရုပ်သီး၊ ပဒဲကော( ရှိလျှင်) ၊နံနံပင်ပါးပါးလှီးပြီး ထည်က့ာ မညက်တညက် ထောင်းလိုက်ပါတယ်..  ဒီလိုဆို မှိုကပ်ထောင်း တစ်ခွက် ဖြစ်လာပါတယ်.. မှိုကပ်ကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့မှာ တွေ့ရပါတယ်.. အခြားပြည်နယ်နဲ့ နိုင်ငံခြားမှာ ရှိမရှိတော့  ကျွန်မ သေချာမသိပါ။





မှိုကပ်ထောင်း




နောက်ထပ် မှိုကပ်ကို လုပ်စားနိုင်တဲ့ ဟင်းတစ်မျိုးက ကြက်ဥနဲ့ ပေါင်းစားတာပါ။ ကြက်ဥ ၄လုံး ၅လုံးကို ခွက်တစ်ခုထဲ ခေါက်လိုက်ပြီး ရေစင်အောင်ဆေးထားတဲ့မှိုကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြက်ဥနဲ့ ရောမွှေလိုက်ပါတယ်.. ရေအနည်းငယ်ထည့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံပင်တို့ ပါးပါးလှီးထည့်ပြီးအားလုံး နှံ့စပ်သမ သွားအောင် မွှေလိုက်ပြီး ရေထည့်ပြီး ရေနွေးအိုးတည်လိုက်ကာ ကြက်ဥခွက်ကို ရေတစ်ဝက်မြုပ်အောင် ထည့်လိုက်ပြီး အဖုံးဖုံးထားလိုက်ပါတယ်.. ရေငွေ့နဲ့ မကြာခင်မှာ ကြက်ဥကျက်သွားပြီးနောက် ကြက်ဥမှိုကပ်ပေါင်း ဟင်းတစ်ခွက်ဖြစ်လာပါတယ်။








ကြက်ဥမှိုကပ်ပေါင်း



မှိုကပ်ကို နောက်ထပ် လုပ်စားနိုင်တာက ဆန်မှုန့်နှစ်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီး၊ ဆီအနည်းငယ်ထည့်နယ်ပြီး ငှက်ပျောဖက်ရွက်လေးနဲ့ မုန့်ဖက်ထုပ်လို အထုပ်ငယ်လေးတွေ ထုပ်လို့ ရေနွေးငွေ့နဲ့ ပေါင်းတဲ့ အိုးထဲထည့်ကာ မှိုကပ်ပေါင်းလည်း လုပ်စားကြပါတယ်။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ငါးခူချဉ်စပ်ဟင်း










နောက်ထပ် ရေးမဲ့ အစားအစာဟင်းချက်စရာက ငါးခူချဉ်စပ်ဟင်းပါ။ ငါးကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးပါတယ်.. ပြီးတော့ ဇလုံတစ်ခုထဲထည့်ကာ ငါးများကို ဆား၊ အချိုမှုန့်၊ ငံပြာရည်( ရှိပါက) မရှိလဲဖြစ်ပါတယ်၊ အသားမှုန့်၊ ဂျင်း ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း များများ တို့နဲ့ နယ်ပြီး အချိန်ကြာကြာ ထားလိုက်ပါတယ်.. သို့မှသာ ဆား၊အချိုမှုန့် အရသာများ ငါးအသားထဲဝင်ပြီး စားလို့ပိုကောင်းပါတယ်။








အချိန်တန်ကြာ နှယ်ပြီး နှပ်ထားတဲ့ ငါးကို အိုးထဲထည့် ရေ သင့်တင့်ရုံ ထည့်၊ သံပုရာသီးညှစ်ကာ ဆူပွက်အောင် ချက်လိုက်ပြီး အရသာ အပေါ့အငံမြည်းလို့ နံနံပင်အုပ်ပြီး ချလိုက်မယ်ဆိုရင် ငါးခူချဉ်စပ်ဟင်း ရပါပြီ။   ချဉ်လဲချဉ် စပ်လဲစပ်မို့ ထမင်းလဲ မြိန်မှာ သေချာလှပေမဲ့ ငရုပ်သီးကို ချင့်ချိန်ပြီး ထည့်နိုင်ပါတယ်.. အရမ်းစပ်လွန်းရင်တော့ ကျွန်မသူငယ်ချင်းပြောသလို ငါးခူချဉ်စပ်ဟင်း စားရတာ လျှာပေါ်မှာ မီးခဲတင်လိုက်သလိုဘဲ လို့ ပြောရပါလိမ့်မယ်။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဍရင်ကောက်သုပ်




နောက်ထပ် စားစရာ အရွက်တစ်မျိုးက ဍရင်ကောက်သုပ်ပါ။ ဟိုတစ်လောက စီဘောက်ကနေ ညီမလေးတစ်ယောက် လာအော်သွားဖူးပါတယ်.. ဍရင်ကောက်ပင်မမြင်ဖူးလို့ ကြည့်ချင်ပါတယ်ဆိုပြီး။ ဒါပေမဲ့ အပင်တော့ ဓာတ်ပုံအဆင်သင့် မရှိတဲ့အတွက် တောင်းပန်ပါတယ်.. ဍရင်ကောက် အညွှန့်လေးကို ပြပါမယ်.. ကျေနပ်ပါနော်။






ပြုတ်ထားတဲ့ ဍရင်ကောက် အညွှန့်လေးတွေပါ။




ပြုတ်ထားတဲ့ ဍရင်ကောက်ညွှန့်လေးတွေကို အပိုင်းပိုင်းလေးတွေ လှီးဖြတ်ပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊သံပုရာသီးညှစ်လို့ ဆား၊ အချိုမှုန့်ထည့် နယ်လိုက်မယ်ဆိုရင် ဍရင်ကောက်သုပ် ချဉ်စပ်ကလေးကို ရပါပြီ။ ဍရင်ကောက်ကို အချဉ်ရည်ဟင်းလဲ ချက်စားကြပါတယ်..








ဍရင်ကောက်သုပ်




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



မျှစ်ချင်းသုပ်




ကျွန်မတို့ အရပ်ဒေသမှာ စားတဲ့ နောက်ထပ် ဟင်းတစ်မျိုးက ၀ါးပင်၊ ၀ါးရွက်တွေမှာ ကပ်ပြီးဖြစ်နေတဲ့ မျှစ်ချင်းလို့ ခေါ်တဲ့ ရေညှိလိုလို အရာတစ်မျိုးပါ။ အိစိ အိစိနဲ့ မို့ ကျောက်ကျောနဲ့လည်း တူပါတယ်.။ မြို့ပြမှာ တစ်ခါမှ မတွေ့ခဲ့ရဖူးတဲ့ ဟင်းတစ်မျိုးပါ။ သူက မိုးရာသီကုန်ခါနီး ဆောင်းဦးရာသီလိုမျိုးမှာ တွေ့ရတတ်တဲ့ ရာသီစာတစ်မျိုးပါဘဲ။








မျှစ်ချင်းကိုလည်း အမှိုက်သရိုက်ပြောင်စင်အောင် သေချာဆေးကြောရပါတယ်... စင်အောင်ဆေးပြီးရင် ရေနွေးပူပူနဲ့ ခနကြာ စိမ်ထားပြီးရင် ပြန်ဆယ်ယူပြီး အပေါ်ကလို ကြက်သွန်နီ၊ ငရုပ်သီးစိမ်းပါးပါးလှီးထည့်ပြီး စိမ်းစားငပိ မီးဖုတ်ပြီး အနည်းငယ်ထည့်ကာ ပုဇွန်ခြောက်၊ သံပုရာသီး၊ နံနံပင် ၊ ဆား၊အချိုမှုန့် တို့နဲ့ နယ်လိုက်ရင် မျှစ်ချင်းသုပ် တစ်ခွက် ရပါတယ်။





သုပ်ဖို့ အဆင်သင့် အနေအထား




မျှစ်ချင်းကို စားခါနီးမှ ဆားအချိုမှုန့်ထည့်နယ်ပြီးတာနဲ့ ချက်ခြင်းစားရပါတယ်.. မဟုတ်ရင် ဂျယ်လီလိုဖြစ်နေတာမို့ ဆားနဲ့တွေ့တဲ့အခါ အရည်ပျော်ကုန်ပြီး ခွက်ထဲမှာ အဖတ်တွေ ပျောက်ကုန်ပြီး အရည်တွေသာ ကျန်နေတတ်တာကြောင့်ပါ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ပိန်းဥ ကျောက်ဖရုံသီးဟင်းရည်




နောက်ထပ်ဟင်းတစ်မျိုးက ကချင်ပြည်နယ်မှာ ပေါပေါများများ ရှိတဲ့ ပိန်းဥဟင်းရည်ပါ။





ပိန်းဥ




ပိန်းဥနဲ့ ကျောက်ဖရုံသီးကို အခွံခွာ အတုံးလေးများ တုံးပြီး ရေနွေးအိုးတည်၊ ဆား၊ ငပိ၊ ပုဇွန်ခြောက်ခတ်ပြီး  ဆူလာတဲ့အခါ ပိန်းဥကိုထည့်ပါတယ်.. ငရုပ်သီးစိမ်း ၂တောင့် ၃တောင့် ထည့်ပါတယ်.. မျှစ်ကို သေးသေးပါးပါးလှီးပြီး အခြောက်လှမ်းထားတဲ့ မျှစ်တို့ခြောက် ကို ထည့်ပါတယ်..





ကျောက်ဖရုံသီး


ဟင်းအိုး ဆူလို့ ပိန်းဥနဲ့ ကျောက်ဖရုံသီး နူးမနူး စမ်းကြည့်ပြီးတဲ့အခါ ဟင်းရည်အိုး ကျဲမနေအောင် ပိန်းဥနဲ့ ကျောက်ဖရုံသီး အနည်းငယ်ကို ခြေမွပြီး အိုးထဲပြန်ထည့်လိုက်ပါတယ်..  အပေါ့အငံမြည်းလို့ ကချင်ပြည်နယ်ရဲ့ ကံဇင်းရွက်လေး ခတ်လိုက်မယ်ဆိုရင် ပိန်းဥ၊ ကျောက်ဖရုံသီး ဟင်းချို ရပါပြီ။






ပိန်းဥ၊ ကျောက်ဖရုံသီး ဟင်းရည်




မျှစ်ကို ပါးပါးလှီးပြီး အခြောက်လှန်းထားတဲ့ မျှစ်တို့ခြောက်ပါ။ ချဉ်တဲ့ အရသာရှိပြီးတော့ ဟင်းထဲမှာ ထည့်စားလို့ရသလို ရှမ်းလူမျိုးတို့ရဲ့ ဆွမ်ထန်ခြောက်ကဲ့သို့ ရေနွေးဆူဆူထဲ ဆား၊အချိုမှုန့်၊ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီးစိမ်း၊  နံနံပင် မျှစ်တို့ခြောက် ထည့်ပြီး လွယ်ကူမြန်ဆန်တဲ့ ဟင်းရည်တစ်ခွက်လဲ လုပ်စားလို့ ရပါတယ်။




နောက်ထပ် ဒေသအစားအစာများကို အခွင့်အရေး ရသလို ရေးသွားပါဦးမယ်.. . အခုတော့ ဒီလောက်နဲ့ဘဲ ရပ်နားပါရစေရှင်။






လေးစားချစ်ခင်စွာဖြင့်