မျှော်လင့်ချက် မီးအိမ်



မျှော်လင့်ချက်မီးအိမ်



ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို တစ်ခါမှ ပြိုင်စံရှားတဲ့ လူတစ်ယောက်၊ သံမဏိလူသားတစ်ယောက်ရယ်လို့ မထင်ခဲ့မိပါဘူး..  ဒါပေမဲ့ ယုံကြည့်ချက်၊ မျှော်လင့်ချက်တွေကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ပြီး မဖြစ်မနေ လုပ်တတ်တဲ့ သူတစ်ယောက်သာ ဖြစ်ပါတယ်.. အသက်၁၉နှစ်အရွယ် ကျွန်တော်ဟာ ငယ်ရွယ်တက်ကြွပြီး ရည်မှန်းချက်တွေ၊ မျှော်လင့်ချက် အိပ်မက်တွေနဲ့ ဘ၀ကို ကြိုးစားဖြတ်သန်းနေတဲ့ သာမာန်လူငယ်တစ်ယောက်သာ  ဖြစ်ပါတယ်.. ကျွန်တော့ရဲ့ အကြီးမားဆုံး မျှော်လင့်ရည်မှန်းချက် တစ်ခုဖြစ်တဲ့ အရိုးခွဲစိတ်ကု ဆရာဝန်ကြီး ဖြစ်ဖို့အတွက် တက္ကဆက် ယူနီဗာစီတီကြီးမှာ ရွှင်လန်း တက်ကြွစွာနဲ့ ပညာသင်ယူနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်.. ကျွန်တော့် မျှော်လင့်ချက်တွေ ဖြစ်မြောက်လာဖို့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်လိုအရာကမှ တားဆီး နှောက်ယှက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေမဲ့ မထင်မှတ်တာ ဖြစ်လာတတ်တဲ့ လောကကြီးမှာ ကျွန်တော့ဘ၀ဟာလည်း ကံကြမ္မာတစ်ဆစ်ချိုးပြီး လမ်းကြောင်းပြောင်းမဲ့ အဖြစ်နဲ့ ကြုံလိုက်ရပါတော့တယ်.။




၁၉၈၁ခုနှစ် ဖေဖော်ဝါရီ၁၇ ရက်ညနေစောင်းမှာ ကျွန်တော်ဟာ Organic Chemistry စာမေးပွဲလေး တစ်ခုအတွက် စာကြည့်တိုက်မှာ ကျွန်တော့်ချစ်သူ ရှာရွန်နဲ့ စာကြည့်နေခဲ့ပါတယ်.. စာကြည့်ပြီးချိန်မှာတော့ အဆောင်ပိတ်ချိန် နီးနေပြီဖြစ်လို့ သူ့အဆောင်ကို ကားမောင်းပို့ပေးဖို့ ရှာရွန်က ပြောပါတယ်.. ကားထဲကျွန်တော်တို့ ၂ယောက် ကားမောင်းထွက်လာပြီး ခနအကြာမှာ ဆီ ဂိတ်မှာ ဆီမရှိတော့ကြောင်း ပြနေတာနဲ့ နီးရာ စတိုးဆိုင်တစ်ခုရဲ့ရှေ့မှာ ကားကို ထိုးရပ်လိုက်ပြီး ၂ဒေါ်လာတန် ဓာတ်ဆီတစ်ဗူးလောက် ၀ယ်ဖို့ ကားပေါ်က ဆင်းလိုက်ပါတယ်..  လမ်းတစ်ဘက်က စတိုးဆိုင်ကို သွားဖို့ ကားတံခါးကိုပြန်ပိတ်လိုက်ရင်း   “မကြာပါဘူး.. ၂မိနစ်လောက်ဘဲနော် ရှာရွန် ” လို့ ရှာရွန့်ကို ပြောလိုက်ပါတယ်.. ဒါပေမဲ့ ဒီ၂မိနစ်ဟာ ကျွန်တော့် ဘ၀တစ်ခုလုံးကို ပြောင်းလဲ သွားစေလိမ့်မယ်လို့ ကျွန်တော် သိရရင် ဒီဆိုင်ထဲကို ဘယ်သွားပါ့မလဲလေ… ကံကြမ္မာဆိုတာ ကိုယ်က မမြင်နိုင်တော့လဲ အန္တရာယ်ကြားထဲ မဖိတ်ခေါ်ဘဲ ရောက်သွားမိတတ်တာကိုး…




စတိုးဆိုင်းထဲကို ရောက်သွားတာဟာ ဘ၀ကို ပြောင်းလဲစေမဲ့ နယ်မြေသစ်တစ်ခုထဲ ၀င်ရောက်သွားတာနဲ့ အလားသဏ္ဍာန် တူပါတယ်.. ကျွန်တော်ဟာ ဆိုင်ထဲမ၀င်ခင်မှာတော့ ကျန်းမာသန်စွမ်းတဲ့၊ ဘ၀အတွက် မျှော်လင့်ချက်တွေနဲ့ လင်းလက်တောက်ပပြီး လန်းဆန်းတက်ကြွနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့.. ဆိုင်ထဲဝင်သွားမိတဲ့အချိန်ကစလို့ ကျွန်တော့ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲမဲ့ အဖြစ်အပျက်နဲ့ ရင်ဆိုင်ရပါတော့တယ်.. ဆိုင်ထဲဝင်ဝင်ချင်း အသံတိတ်ဆိတ်နေလွန်းတာမို့ လူတစ်ယောက်မှ မရှိဘူးလို့တောင် ထင်လိုက်မိပေမဲ့ ကျွန်တော့်အထင် မှားသွားခဲ့ပါတယ်.. တကယ်တော့ ဆိုင်ထဲမှာ ဓားပြသုံးယောက်က ဆိုင်တစ်ခုလုံးကို စီးနင်းထားခဲ့တာပါ။ ရုတ်တရက် ကျွန်တော် ဆိုင်ထဲဝင်ရောက်သွားတော့ သူတို့တွေလဲ လန့်ဖြတ်သွားတဲ့ပုံရပြီး အဲဒီထဲက ဓားပြတစ်ယောက်က သူ့လက်ထဲမှာ ရှိနေတဲ့ .၃၈ ပစ္စတိုလ်နဲ့ ကျွန်တော့်ကို ထိုးချိန်လိုက်ပါတယ်.. ပြီးတော့ “မလှုပ်နဲ့” လို့ အော်ဟစ်လိုက်ပြီး ကျွန်တော့ကို ဆိုင်အတွင်းဘက်က ရေခဲသေတ္တာအနားကို သွားဖို့ အမိန့်ပေးလိုက်ပြီး ကျွန်တော် ရေခဲသေတ္တာအနီး ရောက်သွားတဲ့အခါမှာတော့ သူ့လက်ထဲကသေနတ်နဲ့ ကျွန်တော့်ခေါင်းကို ပစ်ချလိုက်ပါတော့တယ်.. သေနတ်နဲ့ အပစ်ခံလိုက်ရတဲ့ ကျွန်တော်ဟာ ခေါင်းနောက်ဘက်ကို ကျည်ဆန်ထိမှန်ပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားပါတယ်.. ကံကောင်းတာက ဓားပြတွေဟာ တစ်ချက်တည်းနဲ့ ကျွန်တော်သေသွားပြီလို့ ထင်မှတ်ခဲ့ပုံရပါတယ်..  နောက်ထပ် ကျွန်တော့ကို လုံးဝ မပစ်ကြတော့ဘဲ သူတို့လိုချင်တဲ့ ငွေနဲ့ ပစ္စည်းတွေ ယူပြီးတာနဲ့ ဆိုင်ထဲကနေ အပြေးအလွှား ထွက်ခွာသွားကြပါတယ်.. ဆိုင်ကတော့ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျန်ရစ်ခဲ့ပါတယ်. ကျွန်တော်ကတော့ လောကကြီးနဲ့ လုံးဝကို အဆက်အသွယ်ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်..




အချိန်အတော်ကြာတဲ့ အထိ ကျွန်တော် ဆိုင်ပြင်ကို ထွက်မလာတော့ အပြင်ကနေ စောင့်ကြည့်နေတဲ့ ရှာရွန်က စိတ်ပူလာပါတယ်.. လူသုံးယောက် ဆိုင်ထဲကနေ ထွက်သွားပြီးချိန်မှာ ကျွန်တော်ဟာ ဆိုင်ထဲကို နောက်ဆုံး ၀င်သွားတဲ့သူဖြစ်တယ်ဆိုတာ သိထားတဲ့ ရှာရွန်က ဆိုင်ထဲကို ၀င်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ်.. ဆိုင်ထဲကို ရောက်ချိန်မှာ လူတစ်ယောက် တစ်လေကိုမှ မတွေ့ရဘဲ ဟောင်းလောင်းပွင့်နေတဲ့ ငွေထည့်ကောင်တာနဲ့ ပြန့်ကျဲနေတဲ့ အကြွေစေ့တွေ၊ ဖရိုဖရဲ လွှင့်စင်ကျနေတဲ့ ကုန်ပစ္စည်းတွေကိုသာ တွေ့လိုက်ရပါတယ်.. ဆိုင်ထဲကို ပတ်ပြီး ကျွန်တော့်နံမည်ကို တကြော်ကြော်အော်ရင်း လိုက်ရှာတဲ့အခါမှာတော့ ဆိုင်ဝန်ထမ်းဖြစ်ပုံရတဲ့ လူတစ်ယောက်ပြေးထွက်လာပြီး အစောတုန်းက သေနတ်နဲ့ လူသုံးယောက်က ဓားပြတိုက်နေကြောင်း၊ သေနတ်ပစ်ခံရသူလည်း ရှိထားကြောင်းနဲ့ ကြမ်းပြင်ပေါ် ၀ပ်နေဖို့ လှမ်းအော်လိုက်ပါတယ်.. ရှာရွန်က ဒီတော့မှ ကြမ်းပြင်ပေါ် ၀ပ်လိုက်ပြီး “ခုနက ဆိုင်ထဲဝင်လာတဲ့ လူတစ်ယောက် သူအခု ဘယ်မှာလဲ.. အပြင်ပြန်ထွက်လာတာ မတွေ့လို့ ကျွန်မ လိုက်လာတာ” လို့ လှမ်းမေးလိုက်ပါတယ်.. ဆိုင်ဝန်ထမ်းက အဖြေမပေးဘဲ ရေခဲသေတ္တာဘက် လျှောက်လာချိန်မှာ ကြမ်းပြင်ပေါ် သွေးတွေအိုင်ပြီး လဲကျနေတဲ့ ကျွန်တော့်ကို တွေ့သွားပါတော့တယ်.. ဆိုင်ဝန်ထမ်းဟာ ယိုစီးနေတဲ့ ခေါင်းကသွေးကို အ၀တ်တစ်ခုခုနဲ့ ပိတ်လိုက်ပြီး ရဲစခန်းနဲ့ လူနာတင်ကားကို အမြန်ဖုန်းဆက်ပါတယ်.. ဒီတော့မှ ကျွန်တော် ဒဏ်ရာရသွားမှန်းသိတဲ့ ရှာရွန်ဟာ ထိတ်လန့်တုန်လှုပ်သွားပြီး အကြီးအကျယ် ခြောက်ခြားကာ ကြက်သေသေသွားခဲ့ပါတယ်။




ရဲတွေရောက်လာချိန်မှာတော့ သူတို့က သေမှုသေခင်းဌာနကို အကြောင်းကြားလိုက်ပြန်ပါတယ်. ရဲတွေက ကျွန်တော့်ကို အသက်ရှင်မယ်လို့ကို မထင်ကြတော့ပါဘူး… ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ယောက်ကလည်း “ကျွန်တော့လို ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ လူတစ်ယောက်ဟာ အသက်ရှင်ဖို့ မလွယ်ဘူး” လို့ သတင်းပို့တယ်လို့ သိရပါတယ်.. ကျွန်တော်ကတော့ ဒါတွေကို ဘာတစ်ခုမှ မသိတော့ပါဘဲ အမှောင်ကမ္ဘာကြီးထဲမှာ အိပ်ပျော်နေခဲ့ပြီ ဖြစ်ပါတယ်..  ညသန်းကောင်ဖြစ်တဲ့ ၁နာရီခွဲအချိန်မှာ ဟတ်စတန်မှာ နေတဲ့ ကျွန်တော့မိဘတွေဟာ ဖုန်းသံတစ်ခုကြောင့် နိုးလာကြပြီး ကျွန်တော့ရဲ့ သတင်းဆိုးကို လက်ခံရရှိကြပါတယ်.. ကျွန်တော်ရောက်နေတဲ့ အော်စတင်အရပ်က ဆေးရုံကြီးရဲ့ တာဝန်ရှိသူတွေက ကျွန်တော့မိဘတွေကို ချက်ခြင်း လိုက်လာဖို့ အကြံပေးခေါ်ခိုင်းတယ်လို့ သိရပြီး ကျွန်တော်ဟာ နောက်နေ့ထိအောင် အသက်ရှိနေမယ်လို့ မထင်ကြတော့ကြောင်း ဖုန်းဆက် အသိပေး ပြောကြားလိုက်ပါတယ်။




ဒါပေမဲ့ ကျွန်တော်ဟာ အဲဒီညက တစ်ညလုံးနဲ့ နောက်နေ့မနက်ထိအောင် အသက်ရှိနေသေးတဲ့အတွက် ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီးက ကျွန်တော့်ကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ခွဲခန်းထဲ ကျွန်တော့်ကို မသွင်းခင်မှာ ကျွန်တော့မိဘတွေနဲ့ ရှာရွန်ကို ကျွန်တော်အသက်ရှင်ဖို့ ရာခိုင်နှုန်း အနည်းငယ်မျှသာရှိကြောင်းနဲ့ အသက်ရှင်ခဲ့ရင်တောင် အရင်လို လမ်းလျှောက်နိုင်ဖို့၊ စကားပြောနိုင်ဖို့၊ အသိအာရုံတွေ ယခင်အတိုင်း ရှိနေဖို့ မလွယ်တော့ကြောင်း၊ သာမာန်လူတစ်ယောက် အနေအထားကို ပြန်မရောက်နိုင်တော့ကြောင်းကို သတိပေးသွားခဲ့ပါတယ်..




ကျွန်တော့်ရဲ့ မိသားစုနဲ့ ရှာရွန်ဟာ မျှော်လင့်ချက်တွေကို လျှော့မချပစ်ဘဲ ခွဲစိတ်နေတဲ့ တစ်ချိန်လုံးမှာ ကျွန်တော့်အတွက် ဆုတောင်းပေးနေခဲ့ပါတယ်.. ဆရာဝန်ကြီးပြောသွားခဲ့တဲ့ ဆိုးဝါးလွန်းတဲ့ ကောက်ချက်တွေအတွက်လည်း စိတ်ဓာတ်မကျဘဲ ကျွန်တော်ဟာ လူ့လောက အသိုင်းအ၀ိုင်းမှာ ပြန်ပြီး ကျင်လည်နိုင်တဲ့သူတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်လို့ သူတို့စိတ်ထဲ ပြင်းပြင်းပြပြ ယုံကြည်ခဲ့တယ်လို့ သိရပါတယ်.. စွဲစိတ်မှု ၃နာရီခွဲ ကြာပြီးတဲ့နောက်မှာ ကျွန်တော်ဟာ သေမင်းခံတွင်းဝကနေ လွတ်မြောက်ခွင့် ရလာပြီလို့ သိရပြီး ကျွန်တော့မိဘတွေလည်း ခုမှ သက်ပြင်းချနိုင်တော့တာ ဖြစ်ပေမဲ့လို့ စိုးရိမ်စရာ အခြေအနေကနေ လွန်မြောက်ဖို့တော့ ရက်အနည်းငယ် စောင့်ကြည့်ပြီးမှသာ စိတ်ချရမယ်လို့ ဆရာဝန်တွေက ပြောပါတယ်.. ဘယ်လိုပင်ဖြစ်စေ ကျွန်တော်ကတော့ တစ်ရက်ထက်တစ်ရက် အခြေအနေ ကောင်းလာခဲ့ပြီး ၂ပတ်လောက်ကြာတဲ့ အခါမှာတော့ အထူးကြပ်မတ် ကုသဆောင်ကနေ သီးသန့်အခန်းတစ်ခုကို ပြောင်းရွေ့ခွင့် ရခဲ့ရပါတယ်..




ဆရာဝန်ကြီး ပြောခဲ့သလိုပါဘဲ.. ကျွန်တော်ဟာ တစ်ပတ်ကြာတဲ့ အချိန်ထိတော့ အသိအာရုံတွေက ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သေးသလို၊  ဘာကိုမှလည်း အမှတ်မရနိုင်သေးပါဘူး၊ စကားပြောနိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်းလည်း မရှိသေးပါဘူး။ ကျွန်တော့်ရဲ့ ညာဘက်ခြမ်း တစ်ခြမ်းလုံးဟာလည်း သေသွားသလို ဖြစ်သွားခဲ့ပါတယ်.. လူတိုင်းက ကျွန်တော်ဟာ လူကောင်းပကတိ ပြန်မဖြစ်နိုင်တော့ဘူးလို့ အခိုင်အမာ ပြောနေခဲ့ကြပေမဲ့ ကျွန်တော့်မိသားစုနဲ့ ရှာရွန်ကတော့ တည်တည်ငြိမ်ငြိမ်ဘဲ ရှိနေခဲ့ပါတယ်.. သူတို့ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို ဘယ်အရာကမှ ဖျက်မပစ်နိုင်ခဲ့ပါဘူး… သီးသန့်ခန်းမှာ တစ်ပတ်လောက် ကြာပြီးတဲ့နောက် ဟတ်ဆန်မှာရှိတဲ့ Del Oro Rehabilitation ဆေးရုံကို လွှဲပြောင်းခံရလောက်အောင် ကျွန်တော့်အခြေအနေ အထူးတိုးတက်လာခဲ့ပါတယ်။ တတယ်တမ်းတော့ ကိုယ်ခန္ဓာတိုးတက်မှု အခြေအနေ၊ စိတ်အာရုံ ထိန်းသိမ်းကွပ်ကဲနိုင်မှု အနေအထားတွေ ဆိုးဝါးလွန်းနေသေးတာကြောင့် ကျွန်တော်အတွက် လူကောင်းတစ်ယောက်လို ပြန်ဖြစ်ဖို့ မျှော်လင့်ချက် အလားအလာဟာ  အလွန်ကို မှုန်ဝါးဝါး နိုင်နေပါသေးတယ်.. ဘယ်သို့ပင်ဖြစ်စေကာမူ ၆ပတ်ဆိုတဲ့ အချိန်တစ်ချို့ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့   ကျွန်တော့်အာရုံကြော အခြေအနေဟာ ကောင်းမွန်စပြုလာပြီး ကျွန်တော်ရဲ့ ညာဘက်ခြေထောက်ဟာ အနည်းငယ် လှုပ်နိုင်လာပြီ ဖြစ်ပါတယ်.. ၇ပတ်အကြာမှာ  ညာဘက်လက်က စပြီး လှုပ်ရှားလာနိုင်ပြီး ၈ပတ်အကြာမှာ ကျွန်တော့်ပါးစပ်က မပီမသ ၀ိုးတိုးဝါးတား စကားသံတစ်ချို့ စပြီး ထွက်လာနိုင်ပါပြီ။




စကားပြောဆိုရာမှာ ကျွန်တော့အသံဟာ မပီဝိုးဝါးနိုင်လှပြီး ကျွန်တော့်အတွက်လည်း စကားလုံးလေး တစ်လုံးတစ်လေ ထွက်ဖို့ရာတောင် ခက်ခဲပင်ပန်းလွန်းလှပါတယ်.. ဒါပေမဲ့ ဒါဟာ အစဘဲ ရှိပါသေးတယ်.. ခုမှ ကျွန်တော့်ဘ၀ကို အစက ပြန်စနေတယ် မဟုတ်လား.. ဘယ်အရာမဆို အစပိုင်းမှာ ဒီလိုဘဲ အခက်အခဲများစွာ တွေ့ရမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်.. ကျွန်တော့်ရဲ့ နေ့သစ်တစ်နေ့စတိုင်း စတိုင်း ကျွန်တော် ဘယ်အခြေအနေထိ တိုးတက်လာပြီလဲလို့ ကိုယ့်တိုးတက်မှုကိုယ် စောင့်ကြည့်မိပါတယ်.. နောက်ဆုံးတော့ ဦးနှောက်နဲ့ အာရုံကြော စမ်းသပ်စစ်ဆေးချက်တစ်ခု အပြီးမှာတော့ ကျွန်တော့်ရဲ့ ကောင်းမွန်တောက်ပတဲ့ နေ့ရက်တွေ ပြန်ရနိုင်ဖို့ ယုံကြည်မျှော်လင့်ချက်တွေ အခိုင်အမာ ချစေမဲ့ အဖြစ်နဲ့ ကြုံတွေ့လာရပါတယ်.... ဆရာဝန်က ကျွန်တော့်ကို ကျွန်တော့်အခြေအနေဟာ မျှော်လင့်ထားတာထက် အများကြီး ပိုမို ကောင်းမွန်လာပြီ ဖြစ်တယ် လို့ ပြောပြပြီးနောက် ကျွန်တော့ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ အနေအထားအရ ကျောင်းတွေတက်၊ စာတွေကျက်ပြီး ပင်ပန်းခံဖို့ မသင့်တော့ကြောင်းနဲ့ ဦးနှောက်ကို ပြင်းထန်စွာ အလုပ်ပေးတာမျိုး မပြုလုပ်သင့်တော့ကြောင်း ရှင်းပြပြီး ဒီထက် လက်တွေ့ပိုကျတဲ့ ရည်မှန်းချက် တစ်ခုခုကိုသာ ထားသင့်ကြောင်း အကြံပေးပါတယ်..




ဆရာဝန်ကြီးရဲ့ စကားကို ကြားချိန်မှာ ကျွန်တော်ဟာ အလွန်အမင်းဒေါသဖြစ်ခဲ့ရပါတယ်.. “ ငါ့ကို ဘယ်ဟာမလုပ်နဲ့၊ ဘယ်ဟာကိုလုပ်လို့ ပြောရအောင် သူက ဘာမို့လို့လဲ… သူက ငါ့အကြောင်း ဘယ်လောက်သိလို့လဲ.. ငါဟာ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးရင် မဖြစ်ဖြစ်အောင် လုပ်တဲ့သူ၊ ငါလုပ်ချင်တာကို ခေါင်းမာမာနဲ့ မဖြစ်မနေ လုပ်တတ်သူဆိုတာ သူ သိလို့လား”  လို့ ကျွန်တော့်ရင်ထဲမှာ အခါခါ ပြောနေခဲ့ပါတယ်.. ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်တယ်.. တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်ကျောင်းပြန်တက်နိုင်ရမယ်.. ကျွန်တော့်ဘ၀ကို ကျွန်တော်ကသာ ပိုင်စေရမယ်၊ သူများတကာတွေလို ပညာတတ်တစ်ယောက် ဖြစ်ရစေမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်.. ဖြစ်လာမယ်လို့ ယုံကြည်နေခဲ့ပါတယ်..




အဲဒီ ဒဏ်ရာတွေ၊ ဝေဒနာတွေ ခံစားနေရတဲ့ အချိန်တွေဟာ ကျွန်တော့ အတွက်တော့ အလွန်ကို ရှည်လျားပြီး ဒုက္ခများလှပါတယ်.. ဒါပေမဲ့ ဘယ်လောက်ပင် ခက်ခဲပင်ပန်းစေကာမူ ၁၉၈၃ ခုနှစ် နွေဦးရာသီမှာ ကျွန်တော်ဟာ တက္ကဆက် တက္ကသိုလ်ထဲကို ပြန်လည်ခြေချနိုင်ခဲ့ပြီ ဖြစ်ပါတယ်.. တစ်နှစ်နဲ့ ၆လနီးပါးကြာအောင် သေလုမြောပါး ဝေဒနာတွေနဲ့ ရုန်းကန်ပြီးတဲ့နောက် ကျွန်တော်ရဲ့ မျှော်လင့်ချက်ဥယျာဉ် တံခါးပေါက်ဝကို တစ်ဖန်ပြန်ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပါတယ်..  တက္ကသိုလ် ပြန်ရောက်စအချိန်တွေဟာလည်း ကျွန်တော်အတွက် ခက်ခဲပင်ပန်းတဲ့ ရက်တွေချည်းပါဘဲ.. ဒါပေမဲ့ ဘ၀မှာ သာယာလှပတဲ့ ရက်တွေကို ပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ရလိမ့်မယ် ဆိုတဲ့ အမှန်တရားကို  ကျွန်တော် ယုံကြည်လက်ခံပါတယ်. ဒီအခက်အခဲတွေဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ ခြေလှမ်းတွေ တွန့်ဆုတ်သွားအောင် ယိမ်းယိုင်သွားအောင်မလုပ်နိုင်ခဲ့ပါဘူး.. ကျွန်တော့်ဘ၀အတွက် ကျွန်တော်တတ်နိုင်သမျှ အင်အားနဲ့ မလျှော့သော ဇွဲလုံးလနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားနေခဲ့ပါတယ်..




တက္ကသိုလ်တက်နေရင်းနဲ့လည်း တစ်ပတ်ကို သုံးရက်ကနေ ငါးရက်အထိ Brackenridge ဆေးရုံကြီးမှာ ဆေးကုသ စစ်ဆေးမှုကို ခံယူနေရဆဲ ဖြစ်ပါတယ်.  ဒါ့အပြင် ကျောင်းအားရက်တွေမှာ ကောလိပ်တွေ၊ နံမည်ကျော်အားကစားသမားတွေ၊ ထိခိုက်ဒဏ်ရာကြောင့် မသန်မစွမ်းဖြစ်နေတဲ့ အားကစားသမားတွေကို ကူညီနည်းပြပေးနေတဲ့ တွမ် ၀ီလျှံ တို့၊ အားလ်ကမ့်ဘဲလ် နဲ့ အဲရစ် ဒစ်ကာဆန်  တို့နဲ့ သွားတွေ့ပြီး ကျွန်တော့် ကိုယ်ခန္ဓာ သန်စွမ်းဖို့အတွက် အကြံဥာဏ်တွေ နည်းလမ်းတွေ သွားယူရသလို လေ့ကျင့်ခန်းတွေကို လုပ်ခဲ့ရပါတယ်.. တွမ့်ဆီက ကျွန်တော် လက်ဆောင်ရခဲ့တဲ့ စကားလေးတစ်ခွန်းက “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးနဲ့။  အလျှော့မပေးနဲ့” ဆိုတဲ့ စကားလေးဘဲ ဖြစ်ပါတယ်..




ကျွန်တော့မိဘတွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ ဟတ်စတန်က ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ အလက်ဇန်ဒါး ဂိုလ်း ဟာလည်း အိမ်ကို အလည်လာရင်း ကျွန်တော့ကို လိုအပ်တဲ့ စစ်ဆေးမှု၊ အကြံပေးမှုများ အမြဲတမ်း ပြုလုပ်ပေးပြီး ဒီစကားမျိုး ပြောတတ်ပါတယ်…  လပေါင်းများစွာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အချိန်တွေမှာ ဆရာဝန်တွေ၊ အထူးကုတွေဆီက ထင်မြင်ချက်ပေါင်းများစွာ၊ ယူဆချက်ပေါင်းများစွာ ကြားခဲ့ရပေမဲ့ ဒေါက်တာဂိုလ်းကတော့“အပေါ်ယံ ကြည့်ရတာ အခြေအနေ ဘယ်လောက်ဘဲ ဆိုးဝါးတယ်လို့ ထင်ရပါစေ။ စိတ်အားမလျှော့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်ရည်ကို ဘယ်သူကမှ အတိအကျ မဆုံးဖြတ်နိုင်ကြပါဘူး” လို့ အားပေးတတ်ခဲ့သူပါ။




ကျွန်တော့်ရောဂါကို စပြီး ကုသကတည်းက ကျွန်တော့်ဖေဖေက သူလက်ခံယုံကြည်တဲ့ စကားလေးတစ်ခွန်းကို ကျွန်တော့်နားနားမှာ ကပ်ပြီး မကြာခန ရွတ်ဆိုတတ်ပါတယ်.. အဲဒီစကားလေးကတော့ ကျွန်တော့်ကိုယ်ခန္ဓာ သန်စွမ်းဖို့ နည်းပြပေးတဲ့ တွမ်နဲ့ ဒေါက်တာဂိုလ်းတို့ရဲ့ လက်သုံးစကားလေးလည်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစကားကို စိတ်ထဲကနေရော၊ ပါးစပ်ဖျားကပါ နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်းမြောက်မြားစွာ ရွတ်ဆိုတတ်ခဲ့ပါတယ်..




“တစ်မိုင်ပြီးတစ်မိုင်သွားဖို့ဆို ခြေကုန်လက်ပန်း ကျနိုင်တယ်.... တစ်ပေပြီးတစ်ပေ ခရီးသွားရင်လည်း မောပန်း ခက်ခဲလာနိုင်တယ်လို့ ထင်ရတယ်.... တစ်လက်မပြီး တစ်လက်မ ဖြေးဖြေးချင်းသာ လျှောက်လှမ်းမယ်ဆိုရင် ကိုယ်ရည်မှန်းတဲ့ခရီးပန်းတိုင်ကို သေချာပေါက် မရောက်စရာ မရှိပါဘူး”




ဒီစကားလုံးအတိုင်း ကျွန်တော်တွေးခဲ့ပါတယ်.. ပြီးတော့ ကျွန်တော့်ကို နည်းပြပေးနေတဲ့ တွမ်တို့ ဒေါက်တာဂိုလ်းတို့ ကျွန်တော့်မိသားစုနဲ့ အထူးသဖြင့် ကျွန်တော့်အပေါ် ပေးဆပ်ခြင်း၊ ယုံကြည်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း များစွာနဲ့ ချစ်နိုင်တဲ့ ရှာရွန်တို့အကြောင်းတွေကို အမြဲတွေးပြီး ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်တွေကို ပြန်လည် တည်ဆောက်ယူခဲ့ရတာ ဖြစ်ပါတယ်.. ရှာရွန်ရဲ့ အကူအညီ၊ မိသားစုရဲ့ ဖေးမမှုတွေနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ်  တက္ကဆက် ယူနီဗာစီတီကနေ Deam of Liberal Arts ဒီပလိုမာဘွဲ့ကို ၁၉၈၆ခု ဇွန်လရဲ့ နေ့လည်ခင်းတစ်ခုမှာ လက်ခံရယူနိုင်ခဲ့ပါတယ်. အဲဒီနေ့ဟာ သာယာလှတဲ့ နေသာတဲ့ နေခြည်နွေးနွေးတွေ ဖြာကျနေတဲ့ နေ့လေးတစ်နေ့ဖြစ်သလို ကျွန်တော့်မျှော်လင့်ချက်တွေ ရွှေရောင်ဝင်းလက် တောက်ပနေတဲ့ နေ့လေး တစ်နေ့လည်း ဖြစ်ပါတယ်.. ကျွန်တော် ဒီပလိုမာဘွဲ့ကို အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုနဲ့အတူ အောင်မြင်ခဲ့ပြီး ကျောင်းသားပေါင်း ၁၆၀၀ ကျော်ထဲမှာမှ အမှတ်အကောင်းဆုံး ၊ အထူးချွန်ဆုံး ကျောင်းသား ၁၂ဦးထဲမှာ တစ်ဦး အပါအ၀င်အဖြစ် ဂုဏ်ပြု ရွေးချယ်ခံရပြီး မာစတာဘွဲ့ကို ဆက်တက်ခွင့် ရခဲ့ပါတယ်.. ဆုနဲ့ ဘွဲ့လက်မှတ်ကို လက်ခံတက်ယူတဲ့အချိန်မှာ ကျွန်တော့်အကြောင်းကို သိထားကြတဲ့ လူတွေတော်တော်များများက မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်.. ကျွန်တော့အတွက် မျက်ရည်လည်မိအောင်ကို စိတ်လှုပ်ရှား ပီတိဖြစ်ခဲ့ရတဲ့  အချိန်လေးတစ်ခု ပါဘဲ… ကျွန်တော်ဟာ လူမှုအသိုင်းအ၀ိုင်းကြားကို ခုလို ဘ၀အနေခြေအနေမျိုးနဲ့ ပြန်လည်ရောက်ရှိဖို့ မျှော်လင့်ချက် မရှိတော့တဲ့ အနေအထားကနေ လူတွေက ၀ိုင်းဝန်း သြဘာပေးရတဲ့ လူသားတစ်ယောက်အဖြစ်ကို ပြန်လည် ရောက်ရှိနိုင်ခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ထွန်းလင်းတောက်ပလာအောင် ကူညီထွန်းညှိပေးသူတွေကတော့ ကျွန်တော့ မိသားစု၊ ကျွန်တော့်ချစ်သူရှာရွန်နဲ့ ကျွန်တော့်ကို အားပေးခဲ့ကြသူများဘဲ မဟုတ်ပါလား။




၁၉၈၇ခု မေလ ၂၄ရက်နေ့မှာ ကောင်းတဲ့အချိန်ရော ဆိုးတဲ့အချိန်ရော ကျွန်တော့်ဘေးမှာ တောက်လျှောက် အမြဲရှိလာတဲ့ ရှာရွန်နဲ့ လက်ထပ်လိုက်ပါတယ်.. ကျွန်တော်နဲ့ ရှာရွန်တို့ရဲ့ ရည်းစားသက်တမ်းဟာ ၇နှစ် ရှိလာခဲ့ပြီး သူမဟာ ကျွန်တော့ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နတ်သမီးတစ်ပါးလေးနဲ့ တူပါတယ်.။ ရှာရွန်ဟာ ကျွန်တော့်ဘ၀ ပန်းခင်းလမ်းဖြစ်နေတဲ့အချိန်၊ ရွှေရောင်ဝင်းလက်နေတဲ့အချိန်မှာ သူနဲ့ ကျွန်တော်တွေ့ပြီး ချစ်ကြိုက်ခဲ့တာ ဖြစ်ပေမဲ့လို့ ကျွန်တော့်ဘ၀ ဆူးခင်းလမ်းကို ဖြတ်သန်းနေရချိန်၊ ခက်ခဲပင်ပန်း နာကျင်နေရချိန်တွေမှာလည်း ကျွန်တော့အနားက မခွာဘဲ ကျွန်တော့်ကို ပြုစု ယုယပြီး လက်တွဲမဖြုတ်ခဲ့တဲ့ ချစ်သူကောင်းတစ်ယောက် ဖြစ်ပါတယ်.. ကျွန်တော် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ ရှာရွန်ဟာ ကျွန်တော့် ဘေးနားမှာ တစ်ချိန်လုံးပြုစုနိုင်ဖို့၊ ကျွန်တော် လိုအပ်တာ လုပ်ပေးနိုင်ဖို့ ကျောင်းကနေ ထွက်ခဲ့သူပါ။ သူမရဲ့ ချစ်ခြင်း ၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတွေနဲ့ ကျွန်တော့ရဲ့ မဲမှောင်နေတဲ့ ကမ္ဘာလေးထဲကို သူ့ဘ၀ကို ပေးဆပ်ပြီး လင်းလက်တောက်ပတဲ့ အလင်းရောင် ထွန်းညှိပေးလိုက်တဲ့ ကျွန်တော့်ရဲ့ တန်ဖိုးဖြတ်မရတဲ့  အနှိုင်းမဲ့ မေတ္တာရှင်မလေး တစ်ယောက်ပါ။ ကျွန်တော့်ဘ၀ မျှော်လင့်ချက်မဲ့ပြီး ဆေးရုံပေါ်မှာ နေနေရတဲ့အချိန်တွေမှာ ရှာရွန့်အရွယ် မိန်းမငယ်လေးတွေဟာ ကလပ်တွေ၊ ပျော်ပွဲစားတွေ၊ ဖျော်ဖြေပွဲတွေနဲ့ ပျော်ရွှင်နေကြချိန်မှာ ရှာရွန်ကတော့ သူ့အချိန်တွေအားလုံး ကျွန်တော့်ဘေးနားမှာဘဲ ကုန်ဆုံးစေခဲ့ပြီး ကျွန်တော် ပြန်ကောင်းလာနိုင်မဲ့ နည်းလမ်းမျိုးစုံကို ကူညီစဉ်းစား ဖေးမခဲ့ပါတယ်.. ရှာရွန့်လို အချစ်မျိုး ဘယ်မှာမှ ကျွန်တော့်အတွက် မရှိနိုင်တော့ဘူးဆိုတာ သေချာပါတယ်.




လက်ထပ်ပြီးတော့ ကျွန်တော်က မာစတာဘွဲ့ရဖို့ ဆက်ကြိုးစားရင်း အချိန်ပိုင်းအလုပ်တစ်ခုကို လုပ်သလို ရှာရွန်ကလည်း အိမ်ရှင်မတာဝန် ထမ်းဆောင်ရင်း ပြင်ပအလုပ်လဲ လုပ်ပါတယ်.. အဲဒီအချိန်တွေဟာ ကျွန်တော်တို့ ၂ယောက်အတွက် အပျော်ဆုံး အချိန်တွေဖြစ်ခဲ့ပေမဲ့ ရှာရွန့်မှာ ကိုယ်ဝန်ရှိလာပြီဆိုတဲ့ သတင်းစကားလေးကတော့ ကျွန်တော့်ရဲ့ အပျော်တွေ အဆုံးစွန် ရောက်သွားခဲ့ရတဲ့အချိန်ဖြစ်ပါတယ်.. ဒီအပျော်ကတော့ ဘယ်အပျော်နဲ့မှ မတူအောင် ကျွန်တော့်ကို အပျော်ဆုံးလူသားတစ်ယောက် ဖြစ်စေခဲ့တာပါဘဲ။ ၁၉၉၀ခုနှစ် ဂျူလိုင်၁၁ရက်နေ့မှာ ကျန်းမာသန်စွမ်းပြီး ချစ်စရာ ဖြူစင်နူးညံ့တဲ့ သမီးလေးဟာ ကျွန်တော်တို့ဘ၀ထဲကို ရောက်ရှိလို့ လာခဲ့ပါပြီ။ သမီးလေးရဲ့ ခြေလက်ကလေးတွေကို စုံစုံစေ့စေ့ပါမပါ စိတ်လှုပ်ရှားစွာ ရေတွက်ရင်း ကျွန်တော်နဲ့ ရှာရွန်တို့ဟာ မိဘမေတ္တာဆိုတဲ့အရာကို တစိမ့်စိမ့် ခံစားရင်း သမီးလေးကိုကြည့်ပြီး ပျော်ရွှင်ကြည်နူးမှု မျက်ရည်တွေ ကျွန်တော်တို့ ပါးပြင်ပေါ် တသွင်သွင်စီးကျလို့ လာနေပါတယ်.. သမီးလေးဟာ ကျွန်တော်တို့ဘ၀ကို အတောက်ပဆုံး ထွန်းညှိပေးလိုက်တဲ့ အလင်းရောင်လေး တစ်ခုပါဘဲလေ။




ဘယ်သူက ထင်မှတ်ထားမလဲနော်… သာမန်လူတစ်ယောက်အဖြစ် ပြန်မရောက်နိုင်တော့ဘူးလို့ သတ်မှတ်ထားခြင်းခံရတဲ့ လူတစ်ယောက်ဟာ အောင်မြင်ပျော်ရွှင်ပြီး ပြည့်စုံတဲ့ မိသားစုရဲ့ ဘ၀ကို တည်ဆောက်နိုင်ခဲ့တယ် ဆိုတာကိုပေါ့ ။ ဒါကြောင့် လောကမှာ “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးနဲ့။  အလျှော့မပေးနဲ့” ဆိုတဲ့စကားလေးကို လက်ကိုင်ထားပြီး စွဲစွဲမြဲမြဲ ယုံကြည်မှုနဲ့ ကြိုးစားမယ်ဆိုရင် သင့်မျှော်လင့်ချက်တွေ မဖြစ်လာနိုင်စရာ ဘယ်မှာ ရှိပါ့မလဲလေ။







Michael Jordan Segal ရဲ့  My Miraculous Family ကို နှစ်သက်မိသဖြင့် စာဖတ်သူများ စိတ်ခွန်အားရစေဖို့ ဘာသာပြန် မျှဝေပါသည်။