မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Friday, September 24, 2010

မွေးရက်အလိုက် ဆောင်ရမည့်ကျောက်များ

မွေးရက်အလိုက် အဆောင်ကျောက်များ










အရင်လက လအလိုက် အဆောင်ကျောက်များ ဆိုပြီး မွေးဖွားရာလနဲ့ ကိုက်ညီတဲ့ ၀တ်ဆင်ရမဲ့ အဆောင်ကျောက်များ အကြောင်းကို ရေးသားဖော်ပြခဲ့ဖူးပါတယ်.. လအလိုက်အဆောင်ကျောက်မှာ အချို့သော သူများက မိမိမွေးဖွားရာ လရာသီရဲ့ အဆောင်ကျောက်တွေကို မကြိုက်ကြတာတွေ တွေ့ရပါတယ်.. အဲဒီမကြိုက်တဲ့သူတွေထဲမှာ ကျွန်မကိုယ်တိုင်လည်း အပါအ၀င်ပါ။ ကျွန်မမွေးဖွားရာလအတွက် ကိုယ်ဆောင်ရမယ်ဆိုတဲ့ ကြောက်မျက်ရွဲကို မကြိုက်ပါဘူး။ ဒီတော့ တစ်ခြားနည်းနဲ့ မိမိလည်းနှစ်သက်၊ အဆောင်အဖြစ်လည်း အသုံးဝင်မဲ့ ကျောက်မျိုးကို ၀တ်ဆင်ခွင့်ရဖို့ ဘယ်လိုနည်းလမ်းများ ရှိဦးမလဲလို့ ပြန်လှန်ရှာဖွေကြည့်တော့ မိမိမွေးဖွားရာ ရက်အလိုက် ဆောင်လို့ရတဲ့ ကျောက်များ ရှိသေးတာကို သွားတွေ့ပါတယ်.. ဒီတော့ လအလိုက်ဆောင်ရမဲ့ ကျောက်မျက်ရတနာတွေကို မကြိုက်သူများက အခု မွေးရက်အလိုက် ဆောင်ရမဲ့ ကျောက်များကို ရွေးချယ် ဆောင်ထားနိုင်ဖို့ ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေ ဖော်ပြပေးချင်ပါတယ်..





အဆောင်ကျောက်တွေကို ၀တ်ဆင်တဲ့အလေ့အထဟာ ရှေးယခင်ခေတ်များကတည်းက ပေါ်ထွန်းခဲ့တယ်လို့ သိရပြီး မိမိမွေးနေ့ သို့မဟုတ် မွေးလ တို့နဲ့ ကိုက်ညီ သင့်လျှော်တဲ့ အဆောင်ကျောက်များကို ၀တ်ဆင်ခြင်း၊ ဆောင်ထားခြင်းအားဖြင့် ၄င်းကျောက်မျက်ရတနာတို့ဟာ  ဆောင်ထားသူ မွေးနေ့၊ မွေးလပိုင်ရှင်အား ကံကောင်းစေခြင်း၊ ကျန်းမာရေးကောင်းစေခြင်း စသည့် အာနိသင်များ၊ အကျိုးထူးများကို ပေးနိုင်စွမ်းရှိတယ်လို့ လက်ခံယုံကြည်ကြပါတယ်.. အောက်မှာ မွေးရက် ၇ရက်ကိုလိုက်ပြီး ဆောင်သင့်တဲ့ ကျောက်များအကြောင်းကို ဖော်ပြပေးထားပါတယ်. ကျောက်အမျိုးအစား အကြောင်းနဲ့ သူ့ရဲ့ ဂုဏ်သတ္တိတွေကိုတော့ ဖော်ပြပြီးသားဖြစ်တဲ့ လအလိုက် အဆောင်ကျောက်များ ဆောင်းပါးထဲက ပြန်လည် ဖော်ပြထားခြင်း ဖြစ်ပါတယ်.. ကျောက်တွေကို ၀တ်ဆင်တဲ့နေရာမှာ မိမိမွေးလ၊ မွေးရက်နဲ့ ကိုက်ညီတဲ့ ကျောက်တွေကို အဲဒီ မွေးလ မွေးရက်မှာ ၀တ်ဆင်မယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်၊ စွမ်းအင်ပိုထက်မြက်တယ်လို့ သိမှတ်ရပါတယ်။




တနင်္ဂနွေနေ့မွေးဖွားသူများအတွက်  ဥဿဖရား









တနင်္ဂနွေနေ့မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်ရှိသော ဥဿဖရားကျောက် ဖြစ်ပြီး လအလိုက်ဆိုရင် နိုဝင်ဘာလမွေးသူများ ဆောင်ရမဲ့ ကျောက်လည်းဖြစ်ပါတယ်..   ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏ အရောင်နှင့် တူသောကြောင့် ၀ါရွှေတောက်ပကာ လင်းလက်လှပသောအရောင်အဆင်း ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်များ ယှက်ဖြာပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်.. တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ ဥဿဖရား အရိုင်းတုံးအဖြစ် မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ အလွန်လှပစွဲမက်ဖွယ် အပြာရောင်ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်.. နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့ ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။






အပြာရောင်ဥဿဖရား





ဥဿဖရားတွင်




၁.ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း


၂.မကောင်းသော ရောဂါ၊ အန္တရာယ်တို့မျ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း


၃.စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း


၎.ပိုမိုလက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊ စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း


၅.နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။




~~~~~~~~~~~~~~~~~~~~~~~~



တနင်္လာနေ့ဖွားများအတွက် ပုလဲ






တနင်္လာနေ့မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ ပုလဲဖြစ်ကြောင်း သိရပါတယ်.. ဇွန်လဖွားများ ၀တ်ဆင်တဲ့ ရတနာလည်း ဖြစ်ပါတယ်.. ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ၀တ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်…  သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ၀တ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း၊ လေ၀င်လေထွက်ကောင်းမွန်ုခြင်းတို့ဟာ ပုလဲအတွက်  မရှိမဖြစ်လိုအပ်တယ်လို့ သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်။






ချစ်စရာ့ပုလဲသွယ်




ပုလဲသည် ၀တ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။


၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊


၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း


၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း


၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~



အင်္ဂါနေ့ဖွားအတွက် ပတ္တမြား









အင်္ဂါနေ့မှာ မွေးဖွားသူများ ဆောင်သင့်တဲ့ ရတနာမှာ ပတ္တမြားဖြစ်ကြောင်းသိရပြီး ဇူလိုင်လရာသီဖွားများလည်း ဆောင်သင့်တဲ့ ကျောက်ဖြစ်ပါတယ်.. ဇူလိုင်လဖွားများအတွက်  အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်..  ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားဟာ အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်..  ပတ္တမြားဟာ အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး.  ၄င်းကို ၀တ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ် ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်း ရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။






ရဲရဲနီစွေးပတ္တမြားသွေး





ပတ္တမြားသည် ၀တ်ဆင်သူအား



၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း


၂. အမျိုးသားများ ကာယသုခ ရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း


၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း


၎. မိတ်ဆွေတိုးပွားစေခြင်း


၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း


၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း


၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါတယ်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဗုဒ္ဓဟူးနေ့ဖွားများအတွက် ခရမ်းစွဲ








နီလာခရမ်း ခေါ် ခရမ်းစွဲကျောက်ဟာ ဗုဒ္ဓဟူးသားသမီးတွေအတွက် အဆောင်ကျောက်ဖြစ်သလို ဖေဖော်ဝါရီဖွားများ အတွက်လည်း ဆောင်ရန်ကျောက်ဖြစ်ပါတယ်..  ၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင်ကျောက်တွေထဲမှာ ရေပန်းစား နံမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးမီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်ဟာ နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်..







ခရမ်းစွဲရတနာ




ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ



၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း


၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို ၀တ်ဆင်ထားပြီး ၀ိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း


၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရားတည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း


၎.ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း


၅. ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း


၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း


၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း


၈. ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ကြာသာပတေးနေ့ဖွားများအတွက် နီလာ








နီလာကျောက်ဟာ ကြာသာပတေးဖွားတို့ အတွက်အဆောင်ကျောက်သာမက စက်တင်ဘာဖွားတို့ အတွက်လည်း အဆောင်ကျောက်ဖြစ်ပါတယ်.. စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၉ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အ၀ါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်..  အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော ကျောက်များ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်..





ပြာပြာလွင်လွင်




နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ



၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း


၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း


၃.ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း


၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း


၅.နီလာ ၀တ်ဆင်ထားသူသည်  တစ်စုံတစ်ရာသော မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း


၆.ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း  စသည်တို့ဖြစ်ပါတယ်။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



သောကြာဖွားများအတွက် ကာနီလီယံ









သောကြာနေ့မွေးဖွားသူများအတွက်အဆောင်ကျောက်မှာ လိမ္မော်နီရောင်အဆင်းရှိသော ကာနီလီယံ ကျောက်ဖြစ်ပါတယ်..  လိမ္မော်ရောင်ဖျော့ဖျော့မှ နီညိုရောင်ရင့်ရင့်ထိ အရောင်အနုအရင့် ရှိတတ်ပါတယ်.. မာခြင်းအဆင့် ၇ရှိပြီး အကြမ်းခံတဲ့ ကျောက်မျက်ရတနာ တစ်မျိုးဖြစ်သောကြောင့် လက်ဝတ်ရတနာ ပြုလုပ်ရန်လည်း ပို၍ သင့်တော်ပါတယ်.. (Carnelian) ကာနီလီယံဆိုတဲ့စကားဟာ လက်တင်စကားဖြစ်တဲ့ Caro မှ ဆင်းသက်လာဖြစ်ပြီး စိတ်ရွှင်လန်းတက်ကြွခြင်း လို့ အဓိပ္ပါယ်ရပါတယ်.. ကာနီလီယံကျောက်ဟာ အမျိုးသားများနှင့်ပို၍ လိုက်ဖက်သင့်တော်ကြောင်းနဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ၄င်းကျောက်ဟာ ဒဏ်ရာ အနာတရများကို လျှင်မြန်စွာ ပျောက်ကင်းအောင် ကုစားပေးနိုင်စွမ်းရှိပြီး သွေးအထွက်လွန်ခြင်း များကိုလည်း သွေးတိတ်နိုင်စေသော အစွမ်းသတ္တိရှိကြောင်း သိရပါတယ်.. အီဂျစ်လူမျိုးများဟာ ၄င်း ကာနီလီယံကျောက်သည် နောင်ဘ၀သို့ကူးပြောင်းရာတွင် အစွမ်းသတ္တိထူးများ ရှိကြောင်း စွဲစွဲလန်းလန်း ယုံကြည်ကြပါတယ်.. ကာနီလီယံကျောက်ဖြင့် ပြုလုပ်ထားသော အဆောင်လက်ဖွဲ့များဟာ လက်ရှိဘ၀မှ နောင်ဘ၀သို့ ကူးပြောင်းရာတွင် စိတ်ဝိဥာဉ်များအား ကူညီလမ်းပြပေးတယ်လို့လည်း ယုံကြည်ကြပါတယ်.. ထို့ကြောင့်မို့လည်း ရှေးခေတ် အီဂျစ်အုတ်ဂူများ၊ ပိရမစ်များအတွင်းမှာ ကာနီလီယံနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာမျိုးစုံတို့ကို တွေ့ရှိရလေ့ရှိကြောင်း သိရပါတယ်.. ရှေးခေတ် ဂရိနဲ့ ရောမ အင်ပါယာတို့မှာ ကာနီလီယံကျောက်ကို အမှတ်တံဆိပ် လက်စွပ်ကွင်း အဖြစ်သော်လည်းကောင်း၊ တော်ဝင် အသုံးအဆောင် ကျောက်မျက်ရတနာ အဖြစ်သော်လည်းကောင်း သုံးစွဲခဲ့ကြပါတယ်.. အာရှနိုင်ငံများဖြစ်တဲ့ အိန္ဒိယနဲ့ တိဘက်တို့တွင် ရှေးယခင် ခေတ်များကတည်းက အဆောင်လက်ဖွဲ့၊ လက်ဝတ်ရတနာများအဖြစ် အသုံးပြုခဲ့ကြပြီး ၄င်းကျောက်မှာ အစွမ်းသတ္တိ များစွာရှိကြောင်း ယုံကြည်ကြပါတယ်.. သြစကြေးလျ၊ ဘရာဇီး၊ မာဂါဒါစကာ၊ အမေရိက၊ အိန္ဒိယ၊ ရုရှနဲ့ အာဖရိက အချို့နိုင်ငံများမှာ ၄င်းကျောက်ကို တူးဖော်တွေ့ရှိရပါတယ်..







ကာနီလီယံလက်ဝတ်ရတနာ





ကာနီလီယံသည်


၁.ဒဏ်ရာရောဂါတို့ကို သက်သာ ပျောက်ကင်းစေခြင်း၊ သွေးတိတ်စေနိုင်သော အစွမ်းသတ္တိရှိခြင်း


၂. ၀တ်ဆင်သူအား မကောင်းသော ဘေးရန်တို့မှ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း


၃. မျှော်လင့်ချက်များကို ထွန်းလင်းတောက်ပစေခြင်း၊ ဟာသဥာဏ်ပွင့်လင်းစေခြင်း


၎. စိတ်ခွန်အားကို မြှင့်တင်ပေးခြင်း၊ စိတ်အာရုံကို တည်ငြိမ်စေခြင်း၊ မှတ်ဥာဏ်အားကောင်းစေခြင်း


၅. ၆.မနာလို မုန်းတီးစိတ်၊ ဒေါသစိတ်၊ မကောင်းသော စိတ်ခံစားမှုများကို လျှော့ချပေးနိုင်စွမ်းရှိခြင်း


၆.အရိုးရောဂါများကို သက်သာစေနိုင်ခြင်း ၊ သွေးသားကို သန့်ရှင်းစင်ကြယ်စေခြင်း၊ သွေးလှည်ပတ်မှုကို ကောင်းမွန်စေခြင်း  စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~



စနေဖွားများအတွက် မိုးပြာရောင် တာကွိုက်ဇ်








စနေသားသမီးများဆောင်ရန်ကျောက်မှာ မိုးပြာရောင်ရှိသော တာကွိုက်ဇ်ကျောက်ဖြစ်ပါတယ်.. ဒီဇင်ဘာလဖွားများဆောင်ရန်ကျောက်လည်း ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက်  လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်ပါတယ်..  တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင် တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်.. အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင် တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့် ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး၊ ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။






တာကွိုက်ဇ်လက်ဝတ်ရတနာများ




တာကွိုက်စ်ကျောက်သည်



၁.ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း


၂.ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း


၃.အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း


၎.စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း


၅.အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း


၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း  စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။





လအလိုက်ဆောင်ရမဲ့ ကျောက်တွေကို မနှစ်သက်သူများ မိမိမွေးဖွားရာ ရက်အလိုက်ဆောင်ရမဲ့ ရတနာများကို ရွေးချယ်လို့ ၀တ်ဆင်ရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင်။