ကြက်ဆီထမင်းစားကြသူတွေက တစ်ခြားသူတွေမဟုတ်ပါဘူး။ ကိုယ်တိုင် လုပ်စားဖြစ်တာကို ပြောချင် တာပါ။ ကြက်ဆီ ထမင်းကို လူတိုင်း စားဖူးကြမှာ ဖြစ်သလို ကြက်ဆီထမင်း လုပ်နည်းကို လည်း တော်တော် များများက သိပြီးကြပြီး ဖြစ်မှာပါနော်... ဒါပေမဲ့ လုပ်နည်းလေးတွေတော့ တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်.. ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့တုန်းက အိမ်မှာ ကြက်ဆီ ထမင်း လုပ်ပြီး သူငယ်ချင်းတွေနဲ့ စားခဲ့ကြပါတယ်.. အဲဒီတုန်းက လုပ်ခဲ့တဲ့နည်းလေးကို ဒီနေရာ ကနေ ပြန်လည် မျှဝေချင် ပါတယ်။ ဆိုင်တွေမှာ လုပ်တဲ့နည်းနဲ့တော့ ကွဲပြားမှာပါ။ မိမိအိမ်မှာ ပေါ့ပေါ့ ပါးပါး လုပ်စားလို့ ရ နိုင်တဲ့ နည်းသာ ဖြစ်ပါတယ်။
ပြုတ်ဖို့ အနေအထား ပြင်ဆင်ခြင်း
ပထမဦးဆုံး ကြက်၀၀ ဆူဖြိုးဖြိုးကို အကောင်လိုက်ဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ ရေနဲ့ ပြုတ်ဖို့ လိုအပ်ပါတယ်.. အဲဒီထဲကို ကြက်သွန်ဖြူ၊ ဂျင်း၊ မှိုခြောက်၊ ဆန်အရက်(သို့) ဟင်းချက်ဝိုင်(အနည်းငယ်)၊ ဆား၊ အချိုမှုန့် တို့ကိုထည့်ပြီး ရေကို ခပ်များများထည့်ကာ ပြုတ်ပါတယ်.. ကျွန်မတို့ဆီမှာတော့ ဆွမ်းမွှေးရွက်လေး ရှိနေတာကြောင့် အဲဒါလေးပါ ထည့်လိုက်ပါတယ်.. ကြက်သားပြုတ်ရာမှာ Rice cooker နဲ့ ပြုတ်လဲဖြစ်ပါတယ်..
ကြက်သား ရေထည့်ပြီး ပြုတ်ဖို့ ပြင်ဆင်ပါတယ်
ကြက်သားလဲ နူး၊ ကြက်ဆီတွေလဲ ထွက်လာချိန်မှာ ဒီလိုလေးပေါ့နော်။
အဆီများမဲ့ ကြက်၀၀ကို ပြုတ်မှ ခုလို ကြက်ဆီတွေအများကြီးထွက်ပါတယ်..
အပေါ်က ကြက်ဆီများကို ဇွန်းနဲ့ကဲ့ပြီး ခွက်တစ်လုံးနဲ့ အသာလေး ခပ်ထားပါတယ်။ ပြီးတော့ အသားတွေကို လည်း ဆယ်ယူလိုက်ပါတယ်.. ကြက်ဆီကို ဒယ်အိုးတစ်ခုထဲ ထည့်ပြီး ကြက်သွန်ဖြူအမွှာကို ဆီထဲထည့် ရှောက်ကော၊ ပါးကော( နာနတ်ပွင့် လို့လည်း ခေါ်ပါတယ်) အဲဒါကို အလုံးလိုက်ထည့်၊ ရေဆေးပြီး စစ်ထားတဲ့ ဆန်ကိုပါထည့်ပြီး အောက်က ပုံအတိုင်း ဆန်အနည်းငယ် ၀ါလာအောင် ကြော်လိုက်ပါတယ်.
ကြက်ဆီနဲ့ ဆန်အစိမ်းကို ကြော်တာပါ။ အကြာကြီး ကြော်ဖို့မလိုဘဲ ၀ါရောင်သန်းရုံလေးသာ ကြော်ဖို့ လိုပါတယ်..
ကြော်ထားတဲ့ ဆန်ကို အိုးထဲထည့်၊ အစောက ရှိနေတဲ့ ကြက်ပြုတ်ရည်ကိုထည့်၊ ဆွမ်းမွှေး ရွက်လေး မွှေးအောင်ထည့်ပါတယ် (မရှိရင် ထည့်ဖို့မလိုပါ)။ အိမ်မှာရှိတဲ့ ပျားရည်လေးပါ ထည့်ထား ပါတယ်. ဆားသင့်တင့်ရုံထည့်ဖို့ လိုပါတယ်.. ရေခမ်းချိန်မှာ ထက်အောက် မွှေပေးဖို့ လိုပါတယ်.. ဒါမှသာ ကြက်ဆီများ နှံ့စပ်သွားမှာ ဖြစ်ပါတယ်.. မဟုတ်ရင် ဆီတွေက အောက်မှာဘဲ ရှိနေမှာဖြစ်ပြီး ထမင်းအိုး အပေါ်ပိုင်းက ခြောက်ကပ်ကပ် ဖြစ်နေနိုင်ပါတယ်..
ကျက်သွားပြီ။ ပျားရည်ပါလို့ ဆန်က အ၀ါရောင်သန်းနေပါတယ်.. ကြက်ဆီထမင်းက ဆွမ်းမွှေးရွက်နံ့၊ ပျားရည်နံ့၊ ရှောက်ကောပါးကောနံ့၊ ကြက်ဆီနံ့တွေ တလှိုင်လှိုင်နဲ့ပေါ့။
ပြုတ်ပြီး ဆယ်ယူထားတဲ့ ကြက်သားတွေကို ခုလို လှီးဖြတ်ထားပါတယ်..
ဒီမုန်လာဥနီတွေက ကြက်ဆီထမင်းကို လှပအောင် တန်ဆာဆင်ပေးမဲ့အရာတွေပေါ့။
မုန်လာဥနီပန်းပွင့်ဖော်ပုံ
မုန်လာဥနီတွေကို အပေါ်ကလို ပန်းပွင့်ပုံလေးတွေ ဖြစ်အောင် လုပ်နည်းလေးကို လူတိုင်းသိကြမှာပါနော်။ ဒါပေမဲ့ မသိသူများကို တစ်လက်စတည်း ဒီနေရာကနေ မျှဝေချင်ပါသေးတယ်.. သိပြီးသူများ ခွင့်လွှတ် သီးခံပါရှင်။ ဥနီကို အပေါ်ယံအခွံကို ခြစ်ပစ်ပြီး ပုံပေါ်မှာ ပြထားသလို ခပ်ရွေရွေ ခပ်စောင်းစောင်းလေး ဖြစ်အောင် အမြောင်းလေး လုပ်ပါတယ်.. ပြီးရင် အဲဒီ အမြောင်းနေရာက အသားလေးကို ဖယ်ထုတ်လိုက်ပါတယ်။
ဒီလိုအနေအထား ရရင် အိုကေပါ။
အကွာအဝေးခပ်ညီညီ ခုလို မြောင်းလေးတွေ ပတ်ပတ်လည် ဖော်လိုက်ပါတယ်.. မြောင်းထဲက အသားတွေကို ဖယ်ထုတ်ပြီး တစ်လုံးလုံးကို ခုလို မြောင်းလေးတွေလုပ်ပြီးတဲ့အခါ မထူမပါးလေး လှီးလိုက်ပါတယ်. ဒီလိုဆိုရင် ပန်းပွင့်ပုံ ဥနီလေးတွေ ရပါပြီ။ သခွားသီးကိုလည်း ခုလို ပန်းပွင့်ပုံဖော်ပါတယ်.. ဒါပေမဲ့ ဒီက သခွားသီးတွေက သေးသေးရှည်ရှည်လေးတွေ ဖြစ်တာကြောင့် ပန်းပွင့်ပုံဖော်လို့ အဆင်ပြေတာပါ။ သခွားသီး ကြီးကြီးတွေဆိုရင်တော့ ပန်းပွင့်လုပ်ဖို့ အဆင်မပြေနိုင်ပါ။
သုံးဆောင်လို့ရပါပြီ။
ကျက်ပြီး ကြက်ဆီထမင်းကိုခူးကာ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး သိပ်သွားအောင် လက်နဲ့အသာဖိပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါတယ်.. ဒီလိုဆို ပုံမပျက် လှလှပပ ကြက်ဆီထမင်းလေးက ပန်းကန်ပြားလေးပေါ်မှာ၊ ထမင်းဘေးပတ်လည်မှာ ကြက်သားရယ် ၊ သခွားသီး၊ ဥနီ၊ နံနံပင်များကို ခုလို နေရာချလိုက်တဲ့အခါ အားလုံး အဆင်သင့် အနေအထားနဲ့ ကြက်ဆီထမင်းပါ။ တွဲဖက် စားသုံးရတဲ့ ငရုပ်ဆော့နဲ့ ပဲငပိကိုတော့ ဓာတ်ပုံ မရိုက်ဖြစ်လိုက်လို့ မဖော်ပြနိုင်တော့ပါဘူး။ ကြက်သားပြုတ်ရည် ကျန်နေသေးရင်တော့ သောက်စရာ ဟင်းချိုအဖြစ် အသုံးချလို့ ရပါတယ်။
စားချင့်စဖွယ် ပြင်ဆင်ကွယ်
ကြက်ဆီထမင်းလေးကတော့ ဒီတစ်ပတ် Sunday Special ပါ။ ချက်ပြုတ်ရာမှာ ဘယ်ဟင်းလျှာ၊ ဘယ်မုန့်လုပ်နည်းမဆို မိမိစိတ်ကူးရှိသလို၊ မိမိအိမ်မှာရှိတဲ့ ပစ္စည်းပေါ် မူတည်ပြီး တီထွင် ချက်ပြုတ်နိုင်ပါတယ်.. အခြားသူတွေ ချက်ပြတာ၊ လုပ်ပြထားတာနဲ့ တစ်ထပ်တည်း ဖြစ်ရမယ်လို့ သတ်မှတ်ချက်ထားဖို့ မလိုပါဘူးနော်။ မိမိမှာ ရှိတာလေးနဲ့ အဆင်ပြေစွာ ချက်ပြုတ် စားသောက်နိုင် ကြပါစေရှင်။ :)






















