မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်





ဒီနေ့တော့ အစားအသောက်အချက်အပြုတ် ၀ါသနာပါသူများအတွက်  မာလာငါး၊ မာလာကြက်ခြေထောက်၊ ကြက်ခြေထောက်ချဉ်စပ်၊ ပြုလုပ်ပုံလေးကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကလေးနဲ့ ရှင်းပြချင်ပါတယ်။





မာလာငါးဟင်း




ပထမဦးစွာ အရွယ်တော် ငါး တစ်ကောင်ဖြစ်စေ မိမိပြုလုပ်မည့် ပမာဏအတိုင်း ၃ကောင်၎ကောင်ဖြစ်စေ ရေဆေး အကြေးခွံထိုးပြီး အပေါ်မှ ဓားဖြင့် မွန်းပါတယ်။ ထို့နောက် အိုးတစ်လုံးထဲ ရေအသင့်တင့်ထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်( ရှိက) ဆား၊အချိုမှုန့်တို့ကိုထည့်ပြီး ငါးကိုပြုတ်ပါတယ်.. အကျက်ညီအောင် ဟိုဘက်ဒီဘက် ဖြေးညင်းစွာ လှန်လှောပေးပါ။








ငါးကို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် အကြာကြီးပြုတ်ဖို့မလိုပါ။ အချိန်အနည်းငယ်အတွင်းမှာ ငါးကျက်ပြီဆိုတာနဲ့ ငါးကို အကောင်မပျက်ဆယ်ယူပြီး ပန်းကန်ပြားလေးတစ်ခုထဲမှာ ငါးကိုထားထားလိုက်ပါတယ်..






ငရုပ်သီးကြမ်းမှုန့်(အစပ်ကြိုက်လျှင် များများ) ကြော်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ရှောက်ကော၊ ပါးကော၊ ဟွားကြောင်း (တရုတ်မဆလာများ)အမှုန့်နဲ့ တိုကျန် (တရုတ်ပဲငပိ) ကိုအသင့် ပြင်ဆင်ထားပါတယ်။







တရုတ်ပဲငပိ( တိုကျန်) ပါ။






မာလာအနှစ်ပြုလုပ်ထားပုံ



အစောက ငါးပြုတ်ထားတဲ့အရည်ကို ဆူအောင်ပြန်တည်ပြီး ကော်မှုန့်အနည်းငယ်ကို ရေအေးဖြင့်ဖျော်ပြီး ဆူနေတဲ့ ငါးပြုတ်ရည်ထဲ လောင်းထည့်ကာ တိုကျန်(တရုတ်ပဲငပိ) အနည်းငယ်ကို ထည့်ပြီး ဖြေးဖြေးမွှေပေးပါက အရည်မှာ ပစ်လာပါလိမ့်မယ်.. ဆားအချိုမှုန့် အနေတော်ဖြစ်မဖြစ် မြည်းကြည့်ပြီးနောက် ၄င်းအရည်ကို အသင့်ပြင်ထားသော ငရုပ်သီးကြမ်းကြော်၊  ရှောက်ကော၊ ပါးကောအမှုန့်၊ နှမ်း၊ မြေပဲတို့ဖြင့် ရောနှောကာ နံနံပင်ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးကာ အားလုံးကို ပန်းကန်လုံးတစ်ခုထဲ  ရောမွှေလိုက်ပါတယ်...






မာလာငါး စားလို့ရပြီ



ရောမွှေထားတဲ့ အရည်ကို အစောက ဆယ်ယူထားသောာ ငါးပေါ်လောင်းချလိုက်မယ်ဆိုရင် အခုလို စားချင်စဖွယ် ငါးမာလာဟင်းတစ်ခွက်ကို ရပြီ ဖြစ်ပါတယ်... ဧည့်သည်များကို ဧည့်ခံဖို့ အဆင်ပြေသလို သူငယ်ချင်းတွေနဲ့ အိမ်မှာ ပျော်ပျော်ပါးပါးလုပ်စားဖို့ဘဲ ဖြစ်ဖြစ်၊ အိမ်သားတွေနဲ့ ချက်စားဖို့ဘဲဖြစ်ဖြစ် ပြုလုပ်ရ လွယ်ကူပြီး စားလို့လဲ ကောင်းတဲ့ ငါးမာလာဟင်းပါ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





မာလာကြက်ခြေထောက်






မာလာကြက်ခြေထောက်






ကြက်ခြေထောက်ကို ရေဆူဆူနဲ့ပြုတ်ပါတယ်..



မာလာကြက်ခြေထောက် ပြုလုပ်ပုံမှာလည်း အထက်ပါနည်းအတိုင်း အတူတူဖြစ်ပါတယ်.. ပထမဦးစွာ ကြက်ခြေထောက်များကို ခြေသည်း လှီးဖြတ်၊ ရေစင်အောင်ဆေးပြီး ကြက်သွန်ဖြူ၊ ဂျင်းများထည့်ပြီး ၄င်း ကြက်ခြေထောက်များ နူးအိနေအောင်  ပြုတ်ပါတယ်..  ကြက်ခြေထောက်များ နူးအိပါက အရည်ပြုလုပ်ပုံမှာ အပေါ်ကအတိုင်းဖြစ်ပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ပေါ် လောင်းချလိုက်ပါက မာလာကြက်ခြေထောက်ဟင်း တစ်ပွဲ ရပါတယ်။






မာလာကြက်ခြေထောက်





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ကြက်ခြေထောက်ချဉ်စပ်စိမ်




ကြက်ခြေထောက်ကို အသီးအရွက်တွေနဲ့ အချဉ်ရည်စိမ်တဲ့ နည်းလေး ပြောပြပါဦးမယ်.. ဒီ ကြက်ခြေထောက် ချဉ်စပ်ကို ယူနန်ပြည်နယ်တစ်ဝိုက်မှာ သွားရေစာအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားသောက်ကြတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ခြေထောက်နဲ့အတူ အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥနီ၊ ဥဖြူ၊ သခွားသီးတို့ဟာ ဆတ်တောက်ဆတ်တောက် ချဉ်ချဉ် စပ်စပ်နဲ့  စားရတာ အလွန်အရသာရှိပါတယ်။







ပြုတ်ပြီး ကြက်ခြေထောက်များ






ကြက်ခြေထောက် အချဉ်ရည်စိမ်ဖို့ ကြက်ခြေထောက်တွေကို ပြုတ်ပါတယ်.. ဒီတစ်ခါမှာတော့ အစောတုန်းကလို နူးအိနေအောင် ပြုတ်ဖို့ မလိုပါဘူး။ ကျက်လောက်ရုံ အနေအထားလေးသာ ပြုတ်ပြီး ကျက်တာနဲ့ အအေးခံထားပါတယ်။







ကြက်ခြေထောက်စိမ်ထဲ ထည့်ဖို့ ပြင်ဆင်ထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ဥဖြူ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီး၊ သံပုရာသီး၊ အရိုးဖြူဖြူ ရှည်ရှည်လေးတွေက တရုတ်နံနံလို့ ခေါ်တဲ့ အရိုးတွေပါ။







အစောက အရိုးဖြူဖြူလေးတွေ ဖြတ်ယူထားတဲ့ တရုတ်နံနံပင်ပါ။ အချဉ်ရည်စိမ်တဲ့အခါ အရွက်တွေက အချဉ်ရည်နဲ့စိမ်တာကြာတဲ့အခါ ရိသွားမှာ စိုးတဲ့အတွက် အရိုးကိုသာ ယူပါတယ်။







ရှောက်ကောပါးကောနဲ့ နာနတ်ပွင့်၊ (ဟွားကြောင်း) တရုတ်ငရုပ်ကောင်းစေ့လေးတွေပါ။







ဂျင်းတွေကို အချောင်းသွယ်သွယ်လေးတွေ လှီးဖြတ်ပြီး၊ ကြက်သွန်ဖြူ၊ ငရုပ်သီး သံပုရာသီး အနည်းငယ်တို့ကို ပုံပါအတိုင်း ထည့်ပါတယ်။








တရုတ်နံနံရိုး၊ မုန်လာဥနီ၊ ဥဖြူတို့ကို အချောင်းရှည်ရှည်လေးတွေ ဖြစ်အောင် လှီးဖြတ်ရပါတယ်.. ပြီးနောက် ရှာလကာရည်(သို့) ဗနီကာရည် ထည့်ပြီး သံပုရာသီးကို အရည်ညှစ်လိုက်ပါတယ်.. ပြီးနောက် ရှောက်ကောပါးကော၊ ငရုပ်ကောင်းစေ့ တို့ကို ထည့်ပြီး ရေထပ်ထည့်ကာ ဆား၊အချိုမှုန့်တို့နဲ့ ရောမွှေလိုက်ပါတယ်..









သခွားသီးကိုလည်း သေးသေးရှည်ရှည် လှီးဖြတ်ပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ပါ ရောပြီး ထည့်လိုက်ပါတယ်။ အချို့ကတော့ ကြက်ခြေထောက်ကို နှစ်ခြမ်း ခြမ်းပါတယ်.. အသီးအရွက်များကို ရေမြုပ်စေရန် အရည်များများထည့်ဖို့ လိုအပ်ပါတယ်..အချဉ်ရည်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး ၄နာရီ ၅နာရီကြာရင် စားလို့ ရပါပြီ။  ရေခဲသေတ္တာမရှိ၊ မီးမလာလျှင်လည်း အပြင်မှာ ၄နာရီ ၅နာရီ ထားထားလျှင် စားလို့ ရပါပြီ။ အကယ်၍များ ညကတည်းက စိမ်မယ်ဆိုရင် သခွားသီးကို နောက်တစ်နေ့မနက်မှ အချဉ်ရည်ထဲ ထည့်ပါ။ မဟုတ်လျှင် သခွားသီးများ ရိပြီး ပျော့အိသွားတတ်ပါတယ်..








စားခါနီးမှာ ငရုပ်သီးမှုန့်ကို ကြော်ပြီး နှမ်းနှင့်ရောကာ အခုလို လောင်းထည့်ပြီး နံနံပင်လေးနဲ့ မွှေပေးလိုက်လျှင် အရောင်အဆင်းလဲလှ မွှေးလဲ ပိုမွှေးပါတယ်..







ဒါက ဆိုင်မှာရောင်းတဲ့ ကြက်ခြေထောက် ချဉ်စပ်စိမ်ပါ။  ကျွန်မလက်ရာနဲ့ ဘယ်ဟာ ပိုကောင်းမလဲ မြည်းကြည့်ကြပါနော်။  :)








စားဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျွန်မရဲ့ ကြက်ခြေထောက် ချဉ်စပ်စိမ် ဖြစ်ပါတယ်။  ကျွန်မကတော့ ကြက်ခြေထောက်ထက်ကို ဥနီဥဖြူ၊ သခွားသီးတို့ကို စားရတာ ချဉ်ချဉ်စပ်စပ်လေးနဲ့ ကျွတ်ကျွတ်မြည်အောင် ၀ါးစားရတာ အလွန်သဘောကျပါတယ်.






မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်ကတော့ ဒီတစ်ပတ် Sunday Special ပါ။ အိမ်မှာ လုပ်စားလို့ အဆင်ပြေကြပါစေရှင်။