လူသားဆန်သော... သူ


နန့်စမ်းကျေးရွာကလေးတွင် ဦးနှောက်ကျပ်မပြည့်သော သူတစ်ဦးရှိသည်။ သူ့နံမည်က အောင်ထွန်း……

အောင်ထွန်းကို မွေးတော့ အချင်းစလွယ်ဆိုင်းပြီး မွေးသည်ဟု ပြောကြသည်။ ထိုသို့ အချင်းစလွယ်ဆိုင်း၍ မွေးလာသောသူသည် တစ်ခုခု ထူးထူးခြားခြား ဖြစ်ထွန်းတတ်သည်၊ အကြီးအကဲဖြစ်တတ်သည်ဟု ဆိုရိုးရှိသောကြောင့် လူအများက “ဒီကလေးက ထူးခြားမဲ့ကလေး”ဟု ၀ိုင်းပြီး မှတ်ချက်ပေးကြသောအခါ အနီးနားရှိ လူကြီးတစ်ဦးက “အင်း ထူးရင်ထူး၊ မထူးရင်တော့ အရူးဘဲ ဖြစ်မယ်” ဟု ပြောလိုက်ကြောင်းကို  အောင်ထွန်းမွေးလာသော ဇာတ်ကြောင်းအဖြစ် လူအချို့က ပြန်ပြောတတ်ကြလေသည်။ တကယ်တမ်း ကျောင်းနေသည့်အရွယ် ရောက်လာချိန်တွင် အောင်ထွန်းမှာ ဦးနှောက်ကျပ်မပြည့်သူ ဖြစ်သောကြောင့် အခြားကလေးများလို ကျောင်းတက်ဖို့ အခွင့်မရရှာပါ။ သို့သော် အံ့သြဖို့ကောင်းသည်မှာ အောင်ထွန်းက ဦးနှောက်မပြည့်သော်လည်း မှတ် ဉာဏ်တော့ အလွန်ကောင်းသည်။ နန့်စမ်းရွာ တစ်ရွာလုံးက လူတွေကို နံမည်နှင့်တွဲရက် သူမသိသူမရှိ။ မမှတ်မိဘဲမနေ။ ထို့ပြင် လူတိုင်းကို နံမည်မှန်အောင် ခေါ်နိုင်သလို လူတိုင်း၏ နံမည်ကိုလည်း အင်္ဂလိပ်လို စာလုံးပေါင်းတတ်သည်။ ကျောင်းပင်မနေခဲ့ဖူးသော အောင်ထွန်းသည် ထိုစာလုံးပေါင်းများကို မည်ကဲ့သို့တတ်လာသည်ကိုလည်း မည်သူကမျှ မပြောနိုင်ချေ။ ရွာထဲကလူတစ်ချို့က “အောင်ထွန်းရေ.. ငါ့နာမည် အင်္ဂလိပ်လို ပေါင်းပြစမ်းပါကွာ” ဟု မေးလိုက်လျှင် ရွှန်းရွှန်းဝေအောင် ပေါင်းပြလေတော့သည်။

အောင်ထွန်းသည် ထင်းခွေ၊ ရေခပ် ၊ တောတောင်ထဲတွင် သပြေပန်းများခူး၍ လိုအပ်သည့်အိမ်များကို ရောင်းချပေးခြင်းဖြင့် မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သည်။ ယောက်ျားသား မရှိသောအိမ်များ၊ အလုပ်မအားလပ်သော အိမ်များကလည်း အောင်ထွန်းကိုခေါ်၍ ထင်းခွဲခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်းတို့ကို အခကြေးငွေ ပေး၍ ခိုင်းစေတတ်ကြသည်။ ဘယ်၍ ဘယ်မျှဟု သတ်မှတ်ခြင်းမရှိဘဲ ပေးသလောက်သာ ယူတတ်၍ အလုပ်ကိုလည်း စေတနာပါပါ လုပ်ပေးတတ်သည်။ ဓားများတုံးနေသည်ကို မြင်ပါက မနေနိုင်ဘဲ သွေးသွားပေးခြင်း၊ ခြင်းများ စုတ်ပြဲနေလျှင် နှီးရက်ပြီး ဖာထေးသွားပေးခြင်း၊ ခြံထဲတွင် ရှုပ်ပွနေလျှင် ရှင်းသွားပေးခြင်း၊ ၀ါးလုံးတို အစများတွေ့လျှင် နှီးဖြာပေးသွားခြင်း စသည်ဖြင့် သူ့မျက်စိထဲ မြင်သမျှ တောက်တိုမယ်ရ အလုပ်တို့ကိုလည်း ၀င်လုပ်ပေးတတ်သောကြောင့် ရွာထဲမှ လူအများက အောင်ထွန်းကို သဘောကျ၊ ခင်မင်ကြသည်။

လူကြီးပိုင်းက အောင်ထွန်းနှင့် အဆင်ပြေသလောက် သူနှင့်အစေးမကပ်သော ရန်ဘက်များမှာ ကလေးများအုပ်စု ဖြစ်လေသည်။ အောင်ထွန်းတွင် မည်သို့သော အကြောင်းကြောင့်မှန်းမသိရဘဲ သူ့ရှေ့တွင် ချောင်းဆိုးလျှင် စိတ်ဖောက်ပြန်သလိုဖြစ်လာပြီး ချောင်းဆိုးသူကို တွေ့ရာဒုတ်ချောင်းများ ခဲလုံးများ စသည်ဖြင့် လိုက်ရိုက်ခြင်း၊ ပေါက်ခြင်းကို လုပ်တတ်သည်။ ပြီးလျှင်လည်း သူ၏ရှေ့တွင် ငပိဆိုသော စကားလုံးကို သုံးလျှင်လည်း အလွန်စိတ်ဆိုးတတ်သည်။ စိတ်ဆိုးပြီး လိုက်ရိုက်တတ်သော အကျင့်ရှိသည်။ ကလေးများအုပ်စုကလည်း အောင်ထွန်းကိုမြင်လျှင် သူ့ရှေ့တွင် တမင်တကာ ချောင်းဆိုးခြင်း သော်လည်းကောင်း၊ အောင်ထွန်း ငပိ ဟု အော်ဟစ်စနောက်ခြင်း သော်လည်းကောင်း ပြုလုပ်ကာ ထွက်ပြေးတတ်ကြသည်။ ထို့ကြောင့် ကလေးများက အောင်ထွန်းကိုမြင်တိုင်း စတတ်၊ နောက်တတ်သလို အောင်ထွန်းကလည်း သူ့ကို စနောက်တတ်သော ကလေးများကို မုန်းသူ၊ ရန်လိုသူ ဖြစ်လာသည်။ အချို့ကလေးများမှာ အောင်ထွန်း ရှိနေသည်ကို မတွေ့မိဘဲဖြစ်စေ၊ အောင်ထွန်းအကြောင်း မသိ၍ဘဲ ဖြစ်စေ ချောင်းဆိုးမိခြင်း ပြုခဲ့မိလျှင် ထိုကလေးကို အောင်ထွန်းက လိုက်ရိုက်တတ်လေသည်။ လူကြီး မိဘ တစ်ဦးဦးက မြင်တွေ့သွားပြီး အော်ဟစ်ခြောက်လှန့်ကာ အောင်ထွန်းကို ပြန်ရိုက်နှက်မည့်ပုံစံ လုပ်ပြမှ ထွက်ပြေးသွားတတ်သည်။

တစ်ရက် အောင်ထွန်းမှာ တောထဲ ပန်းခူးထွက်ဖို့ နန့်စမ်းကျေးရွာ၏ စာသင်ကျောင်းအနီးမှ ဖြတ်သွားရသောအခါ ကျောင်းခေတ္တအားလပ်ချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ကျောင်းသားများအားလုံး ကျောင်းခန်းပြင်ပ ကျောင်းဝင်းထဲတွင် ဆော့ကစားနေချိန် ဖြစ်လေသည်။ ကျောင်းအနီးမှ  အောင်ထွန်းဖြတ်သွားသည်ကို တွေ့မြင်ကြသော ကျောင်းသားများ အားလုံးက “အောင်ထွန်း ငပိ ၊ အဟမ်းအဟမ်း”  စသော အသံများ ဆူညံစွာဖြင့် အော်ဟစ် စနောက် ကြလေသောအခါ ဒေါသအိုး ပေါက်ကွဲလေသော အောင်ထွန်းသည် ကျောင်းကို ခဲဖြင့် အညှိုးတကြီး ထုလေတော့သည်။ ဆရာ၊ဆရာမများက ကျောင်းသားများကိုမစကြ၊ မနောက်ကြဖို့၊ အသံတိတ်ဖို့ အော်ဟစ်တားမြစ်သောကြောင့် ကျောင်းသားများဆီက အသံ တိတ်သွားတော့မှသာ အောင်ထွန်းမှာ တောထဲသို့ ထွက်ခွာသွားလေသည်။ ထိုသို့ဖြင့် ကလေးများမှာလည်း အောင်ထွန်းကိုတွေ့တိုင်း အော်ဟစ် နောက်ပြောင်ကာ ထွက်ပြေးတတ်သလို  အောင်ထွန်းကလည်း ကလေးများကိုတွေ့လျှင် မျက်စောင်းတခဲခဲ ဖြစ်နေတတ်သည်။ ဘယ်သူက သူ့ရှေ့တွင် ချောင်းဆိုးလိုက်လေမည်လဲ၊ ဘယ်သူက ငပိဟု အော်ဟစ်မည်လဲဟူ၍ သတိကြီးကြီးနှင့် စောင့်ကြည့်နေတတ်သည်။ ရွာထဲမှ အစ အနောက် သန်လွန်းသော အချို့ကလေးများ၊ အောင်ထွန်းအကြောင်း မသိ၍ ချောင်းဆိုးမိသော ကလေးများမှာ သူ့လက်ချက်ဖြင့် ထိပ်ပေါက်ခေါင်းကွဲခြင်းမှာ မကြာခန ဖြစ်တတ်လာသည်။ သို့ဖြင့် အောင်ထွန်းနှင့် ကလေးများမှာမူ ကမ္ဘာ့ရန်များသဖွယ် ဖြစ်လာကြလေတော့သည်။

နန့်စမ်းရွာ၏ စာသင်ကျောင်းသည် ရွာအ၀င် လမ်းမကြီးဘေးတွင်ရှိပြီး ရွာထဲမှ ကျောင်းသို့လာလျှင် ချောင်းကူး တံတားကြီးတစ်ခုကို ဖြတ်ပြီးမှ ကျောင်းသို့ရောက်သည်။ တံတားမှာ ခပ်ကျဲကျဲ ပျဉ်ချပ်များဖြင့် ခင်းထားလေသည်။ ကျေးလက်တောရွာဖြစ်ပြီး လယ်ယာအလုပ်၊ တောတောင်ထဲတွင် ထင်းခွေ၊ ဟင်းရှာ၊ မီးသွေးဖုတ် စသဖြင့် အလုပ်မအားလပ်ကြသော မိဘများမှာ မြို့ကျောင်းများမှ မိဘများကဲ့သို့ မိမိတို့သားသမီးများကို ကျောင်းပို့၊ ကျောင်းကြို လုပ်လေ့လုပ်ထ မရှိသလို လုပ်နိုင်အောင်လည်း အချိန်မပေးနိုင်ကြသောကြောင့် ကျောင်းသားများ၊ ကလေးသူငယ်များမှာ မိမိတို့ဖာသာ ကျောင်းသို့ သွားကြရသည်။ ကျောင်းတက်စ သူငယ်တန်း  ကလေးများကိုလည်း နီးစပ်ရာ ကျောင်းသားကြီးများနှင့် ထည့်ပေးလိုက်ကြသော်လည်း ကျောင်းတက်ရက် ကြာလာလျှင်တော့ သူတစ်ဦးတည်းဖြစ်စေ သူငယ်ချင်းများနှင့်ဖြစ်စေ ကျောင်းသွားကျင့် ရသွားတတ်ကြသည်သာ ဖြစ်လေသည်။

တစ်ရက်တွင် ၄တန်းကျောင်းသားလေး အိုက်ဦးမှာ မိခင်ဖြစ်သူ ထမင်းချက် နောက်ကျနေသဖြင့် မနက်စာ စားနောက်ကျသောကြောင့် ကျောင်းချိန် အနည်းငယ် နောက်ကျသွားလေသည်။ ကျောင်းနှင့် မဝေးလှသောကြောင့် ခေါင်းလောင်းထိုးသံကိုပင် ကြားလိုက်ရသေးသည်။ ကျောင်းနောက်ကျနေသဖြင့် ကပျာကယာ အပြေးအလွှား ကျောင်းသို့ထွက်အလာတွင် ချောင်းကူးတံတားပေါ်အရောက်တွင်  ပျဉ်ပြားခင်းသော တံတား၏ တစ်နေရာတွင် သစ်သားတစ်ချောင်းမှာ ကျိုးနေသောကြောင့် အပေါက်အနည်းငယ်ကျယ်နေရာ အမြန်လျှောက်လာသော အိုက်ဦးမှာ ထိုအပေါက်တွင် ခြေတစ်ဖက် ကျွံသွားပြီး သူစီးလာသော ဖိနပ်တစ်ဖက်မှာ တံတားအောက်သို့ ကျသွားတော့သည်။ ဖိနပ်မှာ မိခင်ဖြစ်သူ ဒီမနက်မှ ဈေးက၀ယ်လာသော ဖိနပ်အသစ်ဖြစ်သည့်အတွက် အရိုက်ခံ ထိတော့မည်ကို တွေးမိပြီး ထိတ်လန့်သွားမိလေသည်။ တံတားပေါက်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ချောင်းအစပ်မြေပြင်ပေါ်တွင် ရေပြင်ပေါ်တစ်ပိုင်း ကမ်းစပ်ပေါ် တစ်ပိုင်း  ကျလုကျခင် တင်နေသော သူ၏ ဖိနပ်လေးကို တွေ့လိုက်ရသောကြောင့် အမြန်ဆင်းကောက်မည်ဟု ဆုံးဖြတ်ကာ တံတားထိပ်ဖက်သို့ ပြန်လျှောက်လာပြီး ဖိနပ်ကျသွားရာ တံတားအောက်ဖက်ရှိ ချောင်းကမ်းစပ်သို့ ဆင်းသွားလေသည်။

ထိုအချိန်တွင် အောင်ထွန်းမှာ တောထဲမှ သပြေပန်းများ ခူးပြီး  တံတားဟိုဘက်ထိပ်ဆီမှ ရွာဘက်သို့ ပြန်လာရာ အိုက်ဦးလေး ချောင်းစပ်သို့ ပြေးဆင်းသွားသည်ကို သူက တွေ့လိုက်ရလေသည်။ သို့နှင့် တံတားပေါ်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ချောင်းစပ်သို့ ပြေးဆင်းနေသော အိုက်ဦးကိုတွေ့လိုက်၍ ပြန်လာခဲ့ရန် အော်ခေါ်လိုက်သော်လည်း အိုက်ဦးမှာ ကြားဟန်မတူဘဲကမ်းစပ်ဆီသို့ ပြေးမြဲပြေးဆင်းနေသဖြင့် အောင်ထွန်းလည်း တံတားထိပ်ဘက်သို့ ရောက်အောင် အမြန်ပြေးကာ အိုက်ဦးနောက်သို့ လိုက်လေတော့သည်။ အိုက်ဦးလေး ချောင်းစပ်သို့ ရောက်ချိန်တွင် ညက ပြင်းပြင်းထန်ထန် ရွာခဲ့သော မိုးကြောင့် တရိပ်ရိပ် တက်နေသော ချောင်းရေက သူ့ဖိနပ်လေးကို ကမ်းစပ်မှ မျှောပါသွားအောင် ဆွဲချသွားလေတော့သည်။ ဖိနပ်အသစ်လေးလဲဖြစ်၊ အိမ်ရောက်၍ ဖိနပ်မပါလာသည်ကို တွေ့ပါက လူကြီးများ ရိုက်မည်ကိုလည်း စိုးသောကြောင့် အိုက်ဦးလေးမှာ ဘာမှ မစဉ်းစားတော့ဘဲ ရေကြီးနေသောချောင်းထဲ ဆင်းလိုက်ပြီး မျှောပါစ ပြုနေသော ဖိနပ်ကို ဆင်းဆယ်ပါတော့သည်။

သို့သော်လည်း ရေတက်နေသောကြောင့် ဖိနပ်မှာ ရေစီးဖြင့် အလျှင်အမြန်မျှောပါနေသလို ရေထဲဆင်းလိုက်သော အိုက်ဦးကိုလည်း ချောင်းရေက အရှိန်ဖြင့် ဆွဲခေါ်သွားလေရာ ရေကူးတတ်သော်လည်း ရေစီးပြင်းသဖြင့် အိုက်ဦးမှာ ချောင်းရေထဲ မျှောပါလေတော့သည်။ အိုက်ဦးနောက် လိုက်လာသော အောင်ထွန်းမှာ ချောင်းရေထဲ မျှောပါနေသော အောင်ထွန်းကိုတွေ့သည်တွင် ဘာမှ စဉ်းစားမနေတော့ဘဲ သူ့ထဲကိုင်လာသော သပြေပန်းနှင့် ခါးတွင်ထိုးထားသော ဓားကို ကမ်းစပ်တွင် ပစ်ချလိုက်ပြီး အောင်ထွန်းမျှောပါသွားရာ ချောင်းရေထဲသို့ အမြန် ဆင်းလိုက်လေတော့သည်။ ရေစီးသန်နေသဖြင့် အောင်ထွန်းကိုယ်တိုင်မှာလည်း မျှောပါသွားတော့သည်။ မကြာခင်တွင် ရေစီးနှင့်မျှောပါနေသော အိုက်ဦးလေးမှာ ရေကူးတတ်သောကြောင့် ရေစီးဖြင့် မျှောရုံသာမျှောပါနေသော်လည်း  အောင်ထွန်းမှာ ရေထဲတွင် မြုပ်ချည်ပေါ်ချည် ဖြစ်နေတော့သည်။ ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့် စက်လှေတစ်စီး ဖြတ်အသွား ရေနစ်စပြုနေသော အောင်ထွန်းနှင့် ရေစီးဖြင့် မျှောနေသော အိုက်ဦးတို့ကို စက်လှေပေါ်မှ လူများက ကယ်လိုက်ကြလေသည်။

သူတို့၂ယောက်ကို စက်လှေက ကမ်းစပ်သို့ ပြန်ပို့ချိန်တွင် ရေနစ်သည်ဟု အသံကြားသဖြင့် ကမ်းစပ်တွင် လူအများက ရောက်ရှိနေကြပြီဖြစ်သည်။  တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြရင်း အိုက်ဦးကို ဆင်းကယ်သဖြင့် အောင်ထွန်းရေနစ်သည် ဟု သိလိုက်ကြလေသည်။ တကယ်တမ်းတွင် အောင်ထွန်းမှာ ရေလုံးဝ မကူးတတ်ပါ။ သို့သော် သူ့ရှေ့တွင် ရေထဲမျှောပါနေသော ကလေးကိုတွေ့သဖြင့် ဘာကိုမှ မစဉ်းစားဘဲ ရေထဲဆင်းကယ်ဖို့ ကြိုးစားခြင်း ဖြစ်လေသည်။  ကလေးများကို မုန်းတီးသူ၊ ရန်လိုတတ်သူ အောင်ထွန်းမှာ ယခု သူ၏ ရန်ဘက်ဖြစ်သော အိုက်ဦးကဲ့သို့ ကလေးတစ်ယောက်ကို ရေပင်မကူးတတ်ဘဲ ကယ်ဖို့ ကြိုးစားသည်ကို ၀ိုင်းကြည့်နေသူများက နားမလည်နိုင်အောင်ဖြစ်ကာ အံ့သြကြလေသည်။ ဘာကြောင့်ရေမကူးတတ်ဘဲ ကလေးတစ်ယောက်ကို ကယ်ဖို့ ကြိုးစားသည်ကို နားမလည်နိုင်ဖြစ်ရသလို အံ့သြခြင်းလည်း ဖြစ်ကြရလေသည်။ သို့ဖြင့် အောင်ထွန်းအား လူအများက “ရေမကူးတတ်ဘဲ ဘာကြောင့် ရေထဲဆင်းသလဲ”  ဟု ၀ိုင်းမေးကြလေတော့သည်။ ထိုသူများ၏ မေးခွန်းကို အောင်ထွန်းပြန်ဖြေလိုက်သည်က “ လူတစ်ယောက် ရေနစ်နေတာ မြင်တော့ ကျုပ် ရေမကူးတတ်တာ သတိမရတော့ဘူး။ ရေနစ်မှာကိုလည်း သတိမထားမိတော့ဘူး.. ကျုပ်ကို ရွာဦးဆရာတော်က ပြောဖူးတယ်.. လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းဟာ ရခဲတယ်.. တန်ဖိုးရှိတယ်လို့ ပြောထားဖူးတယ်.. ကျုပ်အဲဒါကို ဘယ်တော့မှ မမေ့ဘူး.. ဒါကြောင့်လည်း ဒီကလေး ရေနစ်မှာစိုးလို့ ကျုပ် ဆင်းပြီးကယ်တာ..” ဟူ၍ ဖြစ်သည်။
လူအုပ်ထဲတွင် ၀ိုင်းကြည့်နေသောသူများထဲမှာ လူတော်တော်များများ၏ စိတ်ထဲတွင် “ကျပ်မပြည့်သော အောင်ထွန်းလို လူတစ်ယောက်ကပင် သူနှင့် လုံးဝ မတည့်သော သူ၏ရန်ဘက် ကလေးတစ်ယောက်အား လူ့အသက်တစ်ချောင်းသည် တန်ဖိုးရှိမှန်း၊ ကယ်တင်ရကောင်းမှန်းကို လူသားဆန်စွာ သိနားလည်နေခဲ့ပါလျှင် အောင်ထွန်းထက်  ဦးနှောက်အသိဉာဏ် ပြည့်စုံသောသူတွေကရော လူအများကို တန်ဖိုးထားရကောင်းမှန်း၊ အသက်တစ်ချောင်းကို ကယ်တင်ရကောင်းမှန်း သိကြပါရဲ့လား ” ဟူ၍ အတွေးနက်မိကြတော့သည်။

လူအချင်းချင်း တန်ဖိုးထားတတ်သော စိတ်နှလုံးကောင်းဟူသည် ရာထူးအဆင့်အတန်း၊ အသက်အရွယ်၊ ဆင်းရဲချမ်းသာ၊  ပညာတတ်ခြင်း၊ မတတ်ခြင်းပေါ်တွင် ခွဲခြမ်းစိတ်ဖြာ ကြည့်ရှု၍ မရနိုင်ဘဲ လူတစ်ယောက်၏ ပင်ကိုယ်နှလုံးသားထဲမှ စိမ့်ထွက် ယိုစီးကျလာသော စစ်မှန်သည့် အသံကို နားထောင်မှသာ မြင်နိုင်သည့်အရာ  ဖြစ်လေသည်။