ကျူးလစ်ပန်းက ပြောတဲ့စကား


ဒီနေ့တော့ ကျွန်မနှစ်သက်သဘောကျတဲ့ ကျူးလစ်ပန်းလေးတွေရဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်.. ဒီကျူးလစ်ပန်းဟာ .. ကမ္ဘာပေါ်မှာ ရေပန်းစားထင်ရှားတဲ့ပန်းဖြစ်ပေမဲ့ ကျွန်မတို့မြန်မာနိုင်ငံမှာ မရှိသလောက် ရှားပါးတဲ့အတွက် ဒီပန်းကို ငယ်စဉ်ကတည်းက စာအုပ်တွေမှာသာ မြင်ဖူးခဲ့ရတာမို့ ကျွန်မ စိတ်ဝင်စားမိတဲ့ ပန်းလည်း ဖြစ်ပါတယ်.. ဆွဲဆောင်မှုကောင်းလှတဲ့ အရောင်အသွေး စုံလင်စွာနဲ့ တင့်တယ်လှပပြီး အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေအတွက် အထူးသင့်တော်တဲ့ပန်းဖြစ်ပြီး ဥရောပမှာတော့ ကျူးလစ်ပန်းဟာ မင်္ဂလာအခမ်းအနားတွေမှာ အသုံးများတဲ့ပန်းလည်းဖြစ်ပါတယ်.. နေ့ထူးနေ့မြတ်များ၊ နှစ်ပတ်လည်နေ့များ အတွက်လည်း လက်ဆောင် အပေးများဆုံး ပန်းထဲမှာ ပါဝင်ပါတယ်.. အချို့ ကျူးလစ်အမျိုးအစားတွေဟာ ခပ်သင်းသင်းမွှေးတဲ့ ရနံ့လေးရှိပြီး အရောင်အမျိုးစုံလင်လှသလို အရောင်ကိုလိုက်ပြီး အဓိပ္ပါယ်များကိုလည်း ခွဲခြားထားကြောင်း သိရပါတယ်.. အောက်မှာတော့ ကျွန်မ စုဆောင်းထားတဲ့ အင်မတန်လှပ ဆွဲဆောင်မှုရှိလှတဲ့ ကျူးလစ်ပန်းခင်းပုံများနဲ့ ကျူးလစ်ပန်းအကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။


ရေလှိုင်းပမာ

တစ်ကွက်စီ တစ်ကန့်စီ


ခရမ်းပြာရောင်ကျူးလစ်ပန်းခင်း

ကျူးလစ်ပန်းဟာ စိတ်ကူးယဉ်ဆန်ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ ပြည့်စုံသောချစ်ခြင်းနဲ့ ချစ်ခြင်း မေတ္တာတရားကို ဖော်ကျူးခြင်း တို့ရဲ့ သင်္ကေတ လို့ လက်ခံယုံကြည်ကြပါတယ် ဥရောပနိုင်ငံတွေမှာ အထူးထင်ရှား ကျော်ကြားသော်လည်း ကျူးလစ်ပန်းရဲ့ မူလအစဟာ အာရှအလယ်ပိုင်းမှာ တောင်စောင်းတွေ၊ အေးတဲ့နေရာတွေမှာ သဘာဝအတိုင်း ပေါက်ရောက်သော အပင်အဖြစ် ပထမဦးဆုံး တွေ့ရှိရတာဖြစ်ပြီး ပါးရှားနဲ့ တူရကီနိုင်ငံမှာတော့ အေဒီ ၁၀၀၀ခုနှစ်ထက် စောပြီး စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်. ကျူးလစ်ပန်းကို ကမ္ဘာပေါ်မှာ ထင်ရှားလာအောင် စပြီး မိတ်ဆက်ပေးခဲ့သူက သြစတြီးယန်း ရုက္ခဗေဒပညာရှင် Carolus Clusius  ဖြစ်ပါတယ်.. သူဟာ ကျူးလစ်ပန်းများကို ပထမဦးဆုံး အကြီးအကျယ် စိုက်ပျိုးခဲ့သူဖြစ်ပါတယ်. ယခုအချိန်မှာတော့ မှတ်တမ်းတင်ထားတဲ့ ကျူးလစ်ပန်း အမျိုးအစားပေါင်း ၃၀၀၀ခန့် ရှိနေပြီး နှစ်စဉ် ကျူးလစ်ပန်း သန်းပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းလုံး စိုက်ပျိုးထုတ်လုပ် ရောင်းချကြပါတယ်.. သမိုင်းအထောက်အထားများအရ ဥရောပတိုက်မှာ ကျူးလစ်ပန်းကို အော်သိုမန် အင်ပါယာခေတ်မှာ စတင် စိုက်ပျိုးခဲ့တယ်လို့ ယုံကြည်ကြပါတယ်..
ပန်းရင့်ရောင်ကျူးလစ်ပန်းခင်း


အနီရောင်ကျူးလစ်ပန်းခင်း


ဖူးပွင့်ဝေစီ

ကျူးလစ်ပန်းဟာ နွေဦးရာသီမှာ လှပဝေစီစွာ ဖူးပွင့်ပြီးတော့ သစ္စာပန်းတို့လို ဥကနေ စိုက်ပျိုးတဲ့အပင် အမျိုးအစား ဖြစ်ပါတယ်.. သူ့ရဲ့ မျိုးစိတ်ပေါ်မူတည်ပြီး ပင်စည်ဟာ အရှည်၎လက်မကနေ ၂၈လက်မအထိ ရှိနိုင်ပါတယ်.. အများအားဖြင့် ပင်စည်ရိုးတံ တစ်ခုမှာ တစ်ပွင့်တည်းသာ ပွင့်တတ်သောပန်း ဖြစ်သော်လည်း အချို့သော ကျူးလစ်အမျိုးအစားကတော့ ရိုးတံတစ်ခုမှာ အပွင့်၎ပွင့်အထိ ပွင့်နိုင်ပါတယ်.. အပြာရောင်မှလွဲ၍ အရောင်မျိုးစုံ ရှိပြီး ချစ်စရာကောင်းလှတဲ့ အရောင်စပ်ကြားများလည်း ရှိပါတယ်.. ပန်းပွင့်ပုံသဏ္ဍာန်မှာ ခွက်တစ်ခုပမာ ရှိပြီး ကျူးလစ်ပန်းပင်တစ်ပင်မှာ အရွက် ၂ရွက်မှ ၆ရွက်အထိ ရှိတတ်ပြီး အချို့မျိုးစိတ်မှာတော့ ၁၂ရွက်အထိ ရှိတတ်ကြောင်း သိရပါတယ်… အရွက်ပုံသဏ္ဍာန်မှာ ရှည်လျားပြီး အပေါ်မျက်နှာပြင် ဖယောင်းသားကဲ့သို့ ချောပြောင်နေကာ စိမ်းစိုတောက်ပလျှက် ရှိပါတယ်.. အလွန်ကြီးမားကျယ်ပြန့်သော မြေဧကပေါင်းများစွာမှာ တစ်ရောင်စီ ခွဲခြား စိုက်ပျိုးတတ်တာကြောင့် ကျူးလစ်ပန်းခင်းများဟာ ရှုချင်စဖွယ် မျက်စိပသာဒရှိလှပြီး ဓာတ်ပုံဝါသနာအိုးများအတွက်လည်း စွဲမက်ဖွယ် ကောင်းလှပါတယ်.. အရောင်စုံကို ရောထွေးစိုက်ပျိုးတာမဟုတ်ဘဲ တစ်မျိုးကို တစ်ကန့်စီသော်လည်းကောင်း၊ တစ်ကွက်စီသော်လည်းကောင်း စိုက်ပျိုးကြတာ ဖြစ်တဲ့အတွက် သူ့အရောင် သူ့အကန့်နဲ့သူ အရောင်စုံ၊ အကွက်စုံမို့ စိတ်ဝင်စားဖို့ကောင်းသလို လှလည်းအလွန်လှပါတယ်..



ရေလှိုင်းပမာ


တိမ်ဆည်းဆာနှင့် ပန်းပင်လယ်


အနီရောင်လွင်ပြင်

လှပစွာဖူးပွင့်နေတဲ့ ကျူးလစ်ပန်းခင်းများ
ကျူးလစ်ပန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း ကျူးလစ်ပန်းတို့ရဲ့ သဘာဝအရ အပွင့်များကို ခူးဆွတ်ပြီး မြေကြီးထဲကျန်သော ဥများကို ဇွန်လတွင် တူးဖော်သိမ်းဆည်းကာ စက်တင်ဘာလတွင် ပြန်လည် စိုက်ပျိုးကြပါတယ်.. အေးမြတဲ့ .. နွေနှောင်းနဲ့ ဆောင်းရာသီတို့မှာ မြေကို ကောင်းစွာထွန်ယက်ပြီး လေးလက်မမှ ၈လက်မအထိ မြေအနက်မှာ စိုက်ပျိုးကြတာ များပါတယ်.. ရှည်လျားတဲ့ ဆောင်းရာသီမရှိသော အချို့နိုင်ငံတွေမှာတော့ ကျူးလစ်ပန်းဥကို ၁၂လက်မအထိ မြေကြီးထဲ မြုပ်နှံကာ စိုက်ပျိုးကြရပါတယ်.. အဲဒီလိုစိုက်ပျိုးတာဟာ ပူပြင်းတဲ့ နေရောင်ဒဏ်မှ ကာကွယ်ဖို့ရယ် အပင်မပေါက်နိုင်တဲ့ ဥသေးဥမွှားများ ဖြစ်မလာဘဲ အပင်ကြီးမားသန်စွမ်းမဲ့ ဥကြီးတစ်ခုတည်းသာ ဖြစ်စေပြီး အပွင့်လှလှ ရနိုင်ဖို့အတွက်ရယ် ဖြစ်ပါတယ်… ကျူးလစ်ပန်းဥတစ်လုံး သေးငယ်သောအရွယ်မှ ပန်းပွင့်များ ပွင့်နိုင်တဲ့အရွယ် ရောက်ဖို့ ၅နှစ်မှ ၈နှစ်အထိ အချိန်ယူရတယ်လို့ သိရပါတယ်.. စိုက်ပျိုးနိုင်သော အရွယ်ရောက်တဲ့ ဥတွေကိုမှသာ အရွယ်အစားအလိုက် ဈေးကွက်မှာ ရောင်းချကြပါတယ်.. ဥအရွယ်အစား ကြီးမားလေ ပန်းပွင့်အရွယ်ကြီးမားလေဖြစ်ကြောင့် သိရပါတယ်.. ပန်းပွင့်ဖို့အရွယ်မရောက်သေးသော ဥငယ်များကိုတော့ မြေကြီးထဲမှာ ပြန်လည်မြုပ်နှံပြီး ကြီးထွားလာအောင် ထားကြရပါတယ်..  ကျူးလစ်ပန်းပွင့်များကို ခူးဆွတ်ပြီးခဲ့သော်မှ အပင်ကို ခုတ်ပစ်ခြင်းမပြုရဘဲ နောက်တစ်ရာသီ စိုက်ပျိုးချိန်အတွက် ကျူးလစ်ဥများ အင်အားပြည့်ကြီးထွားလာဖို့ အပင်များ အလိုလို သေဆုံးသွားသည်အထိ မြေကြီးထဲမှာ ဆက်လက် ထားရှိရပါတယ်.. တကယ်လို့ သင့်အိမ်မှာ ကြက်သွန်နီ ကုန်နေတယ်ဆိုခဲ့ရင် ကြက်သွန်နီအစား ကျူးလစ်ပန်းဥကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။



အနီနဲ့ခရမ်းပြာ

အရောင်အသွေးစုံစွာ

ပန်းကော်ဇော

ကျူးလစ်ပန်းကို ၁၆၃၆- ၃၇ခုနှစ်မှာ နယ်သာလန် ( ဟော်လန်) နိုင်ငံမှာ ဂုဏ်သိက္ခာရှိခြင်း၊ ချမ်းသာကြွယ်ဝခြင်း ပြယုဒ်အနေနဲ့လည်း စိုက်ပျိုးသူများ ရှိကြပါတယ်.. အဲဒီခေတ်က ကျူးလစ်ပန်းများကို ငွေကြေးတစ်ရပ်ကဲ့သို့ ကုန်သွယ် ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်.. ထိုအချိန်ကတည်းက ဆန်းပြားသော အရောင်မျိုးစုံလည်း ပေါ်ထွက်နေပြီ ဖြစ်ပါတယ်.. ရှားပါးသော တန်ဖိုးကြီး ကျူးလစ်ပန်းဥ တစ်ဥသည်ပင် အိမ်တစ်လုံးဝယ်နိုင်သည့် ပမာဏခန့်မျှ ငွေကြေးဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ကျူးလစ်ပန်း၏ တန်ဖိုးအဆင့်အတန်းကို ပန်းတွင်ပါဝင်သော အရောင်များကိုကြည့်ကာ ခွဲခြား သတ်မှတ်ကြပါတယ်.. ခုခေတ်တွင်တော့ ကျူးလစ်ပန်းစိုက်ပျိုးသူများဟာ အရောင်မျိုးစုံရအောင် မျိုးစပ်ပြီး စိုက်ပျိုးနိုင်ကြပြီ ဖြစ်သလို စိုက်ပျိုးတဲ့ နည်းပညာတွေလည်း ပိုမိုတိုးတက်လာပြီ ဖြစ်ပါတယ်.. ကျူးလစ်ပန်းဟာ ဟော်လန်နိုင်ငံရဲ့  အထိမ်းအမှတ်ပန်းလို့ ပြောနိုင်လောက်အောင် တစ်နိုင်ငံလုံးမှာ ကျူးလစ်ပန်းခင်းများ လှပဆန်းကျယ်စွာ စိုက်ပျိုးကြပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားကို တင်ပို့ရောင်းချတာကြောင့် ကမ္ဘာပေါ်မှာ  ကျူးလစ်ပန်းကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးရောင်းချတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တစ်နှစ်ကို ကျူးလစ်ပန်းဥပေါင်း သန်း၃၀၀၀ ခန့် ထုတ်လုပ်ရောင်းချပါတယ်..



ပန်းမွေ့ရာ


ပန်းခြံထဲမှာ


ပန်းလွင်ပြင်

ပန်းကလေးတွေဟာ အဓိပ္ပါယ် အသီးသီးရှိတာမို့ မိမိပြောလိုတဲ့ စကားတွေကို နှုတ်က ဖွင့်ဟစရာမလိုဘဲ ပန်းတွေမှာရှိတဲ့ ကိုယ်စားပြု အဓိပ္ပါယ်လေးတွေနဲ့ မိမိပြောလိုတဲ့စကားတွေကို လိုက်ဖက်တဲ့ ပန်းအရောင်တွေ ရွေးချယ် လက်ဆောင်ပေးပြီး ပြောလို့ရပါတယ်.. ကျူးလစ်ပန်းနဲ့ပတ်သက်ပြီး အရောင်တစ်ချို့ရဲ့ အဓိပ္ပါယ်မှာ အနီရောင်သည် “ငါ့ကိုယုံကြည်ပါ” ဟူသော အဓိပ္ပါယ် ရသကဲ့သို့ ချစ်ခြင်းမေတ္တာကို ဖွင့်ဟ၀န်ခံရာတွင်လည်း အနီရောင် ကျူးလစ်ပန်းဖြင့် ဖွင့်ဟ ၀န်ခံကြပါတယ်.. အ၀ါရောင် ကျူးလစ်ပန်းရဲ့ အဓိပ္ပါယ်မှာ နေရောင်ခြည်လို တောက်ပတဲ့အပြုံးလေးလို့ အဓိပ္ပါယ်ဖြင့် ပေးကြသလို ပျော်ရွှင်ဝမ်းမြောက်ခြင်းကိုလည်း ကိုယ်စားပြုပါတယ်.. ခရင်မ်ရောင် ကျူးလစ်ပန်းက မင်းကိုထာဝရချစ်နေမယ်၊ အဖြူဆွတ်ဆွတ် ကျူးလစ်ပန်းက  ကောင်းကင်ဘုံ၊ သစ်လွင်တောက်ပခြင်း၊ သန့်စင်ခြင်းကို ကိုယ်စားပြုပါတယ်.. ခရမ်းရောင်က တော်ဝင်ဆန်ခြင်း မြင့်မြတ်ခြင်း၊ ပန်းရောင်က ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက် နွေးထွေးခြင်း၊ လိမ္မော်ရောင် ကျူးလစ်ပန်းကတော့ ခွန်အားရှိခြင်း၊ စိတ်အားထက်သန်ခြင်း၊ စိတ်ကူးဥာဏ်ကွန့်မြူးခြင်း၊ ရမ္မက်စိတ်ထက်သန်ခြင်း စသဖြင့် အသီးအသီး ကိုယ်စားပြု အဓိပ္ပါယ်များရှိကြောင်း မှတ်သားရပါတယ်..


အ၀ါထဲက တစ်ပွင့်တည်းသော အနီ
လှဟန်ရေးခြယ် လှရေးကြွယ်

ရောင်စုံလှိုင်းများ


ပန်းချီကားတစ်ချပ်လိုလှရေးကြွယ်

အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်ရဲ့ အနောက်မြောက် ဆီယာတယ်မြို့ရဲ့ မြောက်ဘက် မိုင်၆၀အကွာက Skagit Velly တစ်ဝိုက်မှာတော့ ကျူးလစ်ပန်းပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်.. အဲဒီပွဲတော်ချိန်မှာ ဧကပေါင်း ရာနဲ့ချီပြီး ကျယ်ဝန်းတဲ့ ကျူးလစ်ပန်းခင်းကြီးတွေဟာ အရောင်စုံ အသွေးစုံ မျက်စိတစ်ဆုံး၊ လျှောက်လည်၍ပင် မဆုံးနိုင်အောင် ပြန့်ပြောကျယ်ဝန်းလှပြီး လာရောက်လည်ပတ်တဲ့ ဧည့်သည် အရေအတွက်ဟာလည်း များပြားလှပါတယ်.. ရောက်လာသူတိုင်း ရင်သပ်ရှုမောကြရလောက်အောင် ပန်းပင်လယ်ကြီးဟာ အချင်းမိုင်အားဖြင့် ၁၅မိုင်ခန့် ကျယ်ဝန်းတယ်လို့ သိရပါတယ်.. ကျူးလစ်ပန်းပွဲတော်ကို ပန်းတွေအားလုံး စုံညီစွာ ဖူးပွင့်ကြတဲ့ ဧပြီ ၁ရက်နေ့မှ ၃၀ရက်အထိ ၄င်းဒေသမှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်.. ဒီလောက်ကျယ်ဝန်းပြီးး အရောင်စုံစွာလှပတဲ့ အိပ်မက်ဆန်ဆန် ပန်းခင်းကြီးကို ကြည့်ရဖို့ ဘယ်လောက်များ ရင်ခုန်စရာ ကောင်းလိုက်မလဲနော်။ အခွင့်အရေးများရရင် အဲဒီပန်းပွဲတော်ကြီးကို သွားကြည့်ချင်မိပါတယ်။ လောလောဆယ်တော့ ကျူးလစ်ပန်းပွဲတော်ကြီးကို မရောက်နိုင်သေးခင်မှာ ဓာတ်ပုံတွေကိုကြည့်ရင်းဘဲ စိတ်အပန်းဖြေကြရအောင်လားရှင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီကျူးလစ်ပန်းကိုတော့ ကျွန်မနှစ်သက်တဲ့ပန်းတစ်မျိုးမို့ အချက်အလက်များ၊ ဓာတ်ပုံများ စတာတွေကို နှစ်သက်စွာ စုဆောင်းထားသမျှ မျက်စိပသာဒဖြစ်စွာ ဖတ်ရှုခံစားနိုင်ဖို့ ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်ရှင်..



Sources and photos from Google


http://www.livingartsoriginals.com/flower-tulip.htm