ပျော်ပျော်ပါးပါး ထမင်းစားကြွပါ.....




ပျော်ပျော်ပါးပါး လက်ဆုံစားကြမယ်

ဒီနေ့တော့ ဘလော့ကို အလည်ရောက်လာကြတဲ့ ကျွန်မရဲ့ မောင်နှမတွေကို ပျော်စရာနေ့လေးအတွက် အမှတ်တရ အထူးထမင်းဝိုင်းနဲ့ ဧည့်ခံပါမယ်…. ပျော်ပျော်ပါးပါးနဲ့ ဂုဏ်ပြုစားသောက်ပွဲလေး ပါဝင်ဆင်နွဲ ကျင်းပကြပါစို့လားနော်… အားလုံးလဲ ကျွန်မနဲ့ထပ်တူ ပျော်ရွှင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်.. ဒီထမင်းဝိုင်းမှာ ပါဝင်မဲ့ ဟင်းလျာတွေက ငါးပဲငပိပေါင်း၊ သီးစုံအစိမ်းကြော်၊ ကြက်သားကချင်ချက်၊ လက်ဖက်ပုဇွန် ကောင်လုံးမွှေးကြော်၊ ဂေါ်ရခါးသီးနဲ့ ဥနီကို အချဉ်သုပ်၊ အားလူးမွကြော်၊ ငါးဖယ်လုံးနဲ့ ပဲလိပ်ပြာရွက် ဟင်းချိုတို့ ဖြစ်ပါတယ်.. အခု ထမင်းပွဲမှာ ပါဝင်တဲ့ အချို့သော ဟင်းချက်နည်းတွေကို ဖော်ပြပြီးသားဖြစ်တာမို့ မဖော်ပြရသေးတဲ့ ဟင်းတွေအတွက် ချက်နည်းကို ပြန်လည်ဝေမျှပါမယ်ရှင်။

ငါးပဲငပိပေါင်း
ပထမဦးဆုံး ပေါင်းလိုတဲ့ ငါးကို ကြေးခွံခွာ၊ ဗိုက်ဖောက်ရေဆေး လုပ်ပြီးသကာလ ဓါးဖြင့် ပုံပါအတိုင်း မွန်းပါတယ်… ပြီးတော့ ငါးကို အရက်အနည်းငယ်၊ ဆား၊အချိုမှုန့် (အသားမှုန့်) တို့နဲ့ နယ်ပြီး အရသာတွေ ငါးထဲဝင်အောင် အချိန်အတန်ကြာ ထားလိုက်ပါတယ်..



အသုံးပြုမဲ့ ပဲငံပြာရည်နဲ့ ပဲငပိပုလင်း


ပုလင်းထဲက ပဲငပိ ဒီလောက်ထည့်မယ်နော်

 

ပဲငံပြာရည်၊ ပဲငပိ၊ ကြက်သွန်ဖြူ၊ချင်း၊ ငရုပ်သီး နံနံ၊ အချိုမှုန့်၊ အသားမှုန့်

ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခန့်ကို ပန်းကန်လုံးတစ်ခုထဲ ထည့်ပါတယ်.. ရေအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးအနည်းငယ်တို့ကို တောက်တောက်စင်းပြီး ရှမ်းနံနံ ပါးပါးလှီး၊ နှမ်းဆီ အနည်းငယ်နဲ့ ပဲငပိ ဇွန်းတစ်ဝက်ခန့် ၊ သကြားနည်းနည်း၊ အချိုမှုန့် ၊ အသားမှုန့်တို့ အားလုံးကို ရောမွှေပါတယ်..


အဆာပလာတွေနဲ့ နယ်

ငါးကို ပန်းကန်ပြားတစ်ခုထဲထည့်လိုက်ပြီး ရောမွှေထားတဲ့ ပဲငံပြာရည်တို့ကို ငါးပေါ်လောင်းချလိုက်ပြီး နှံ့အောင် နယ်ပါမယ်..

ပေါင်းပြီနော်

ထို့နောက် ဒယ်အိုးတစ်ခုထဲရေထည့်ကာ ငါးထည့်ထားတဲ့ ပန်းကန်ပြားကို ဒယ်အိုးထဲ နေရာချပြီး ငါးကိုလုံအောင်  အဖုံးဖုံးကာ ရေနွေးငွေ့ဖြင့် စတင်ပေါင်းပါတယ်.. ပန်းကန်ပြားအောက်မှာ ပန်းကန်လုံးတစ်လုံး ခံထားပါတယ်.. တစ်ဖက်ကျက်ရင် နောက်တစ်ဖက်ကို လှန်ပေးလို့ စုစုပေါင်း ၁၅ မိနစ်ခန့် အချိန်လောက်ဆို ဖွင့်ကြည့်လိုက်မယ်ဆိုရင် အနံ့အရသာ ကောင်းမွန်မွှေးကြိုင်နေတဲ့ ငါးပဲငပိပေါင်းကို ရပါတယ်..




စားဖို့အဆင်သင့်ပါ။

ပန်းကန်ပြားတစ်ခုထဲ ထည့်ပြီး အပေါ်က အစိမ်းရောင်နံနံပင်များကို အလှဖြူးလိုက်ပြီဆိုရင်တော့ သုံးဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့ ငါးပဲငပိပေါင်းတစ်ခွက် ရပါပြီရှင်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သီးစုံအစိမ်းကြော်
ရောင်စုံ အသီးများ

နောက်ဟင်းတစ်မည်က သီးစုံအစိမ်းကြော်ပါ… ကျွန်မက အစိမ်းကြော်ဆိုရင် အရောင်လေးတွေ စုံအောင် ထည့်ရတာကို သဘောကျပါတယ်.. ဒါကြောင့် အခုကြော်ထားတဲ့ အစိမ်းကြော်မှာ ပြောင်းဖူးသေး ( Baby Corn)၊ ဥနီ၊ ငရုပ်ပွ အနီ၊ အစိမ်း၊ ရွှေပဲသီး တို့ကို အဆင်သင့်ပြင်ဆင်ထားပါတယ်.



ကြော်ကြမယ် လှော်ကြမယ်..

ကက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီအိုးထဲထည့်လိုက်ပါတယ်.. ပြီးတော့ အသီးရောင်စုံတွေကို ဆီအိုးထဲထည့်၊ ဆားအချိုမှုန့်၊ ခရုဆီ၊ အသားမှုန့် တို့ကို ထည့်ပြီး မွှေပါမယ်.. ကော်မှုန့်နည်းနည်းကို ရေဖျော်ပြီး ထည့်ပါတယ်..  အသီးတွေ မနွမ်းခင် ခပ်ကျွတ်ကျွတ် အနေအထားမှာ ချလိုက်ရင် အရောင်လဲလှ အရသာလဲ ရှိတဲ့ သီးစုံအစိမ်းကြော် တစ်ခွက်ရပါပြီ။ အသီးတွေက ၀ါစိမ်းနီတော့ စုံသွားတာပါဘဲ.. ဒါတောင် အပြာရောင် အသီးမရှိလို့ မထည့်လိုက်ရဘူး... ရှိများရှိရင် ၀ါစိမ်းနီပြာဆိုပြီး နံမည်ပေးဦးမလို့း)


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာလူးမွကြော်

အာလူးမွကြော်

အာလူးမွကြော်ဖို့အတွက် အာလူးတွေကို အရင်ပြုတ်ပါတယ်.. အာလူးကျက်ပြီဆိုရင် ရေအေးနဲ့ ခနထားလိုက်ပြီး အခွံနွာ အသားတွေကို လက်နဲ့ အနည်းငယ်ခြေလိုက်ပါတယ်.. ပြီးတော့ ဆီအိုးတည် ဆီကျက်ရင် နနွင်းမှုန့်အနည်းငယ်ထည့် ၊ အာလူးခြေထားတာကိုထည့်ပြီး ဆားအချိုမှုန့်လေးထည့်ပြီး အနည်းငယ်ကြော်လိုက်ပြီး ပန်းကန်ပြားထဲထည့် နံနံပင်လေး အုပ်လိုက်ရင် အာလူးမွကြော် ရပါပြီနော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးဆုပ်ပဲလိပ်ပြာ ဟင်းချို




ငါးဆုပ်ပဲလိပ်ပြာဟင်းချို

ငါးဆုပ်လုံး ပဲလိပ်ပြာဟင်းချိုအတွက် ပထမဆုံး အိုးတစ်လုံးနဲ့ ရေနွေးတည်ပါမယ်.. ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပြီး ဆား၊ အချိုမှုန့် ထည့်ပြီး ငါးဆုပ်များကို နှစ်ခြမ်းခွဲပြီး ထည့်ပြုတ်ပါတယ်.. ငါးဆုပ်ကျက်ပါက ဟင်းအိုးဆူဆူထဲကို အရွက်ကြမ်းသင်ထားတဲ့ ပဲလိပ်ပြာရွက်ထည့်လိုက်ပြီး အပေါ့အငံမြည်းလို့ ပန်းကန်တစ်လုံးထဲထည့်ကာ အပေါ်က ငရုပ်ကောင်းမှုန့်လေး ဖြူးလိုက်ပါက ပူပူနွေးနွေး ငါးဆုပ်လုံး ပဲလိပ်ပြာဟင်းချို ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂေါ်ရခါးသီး ဥနီ အချဉ်သုပ်

ခေါ်ရခါးသီး၊ ဥနီ အစိမ်း အချဉ်သုပ်

ဂေါ်ရခါးသီးနဲ့ ဥနီ အချဉ်သုပ်ဖို့အတွက် ဂေါ်ရခါးသီးကို အခွံခွာ၊ ပါးပါးလှီးပြီး အချောင်းသေးသေးလေးများ ရအောင် လှီးပါမယ်.. ဥနီကိုလည်း ပါးပါးလှီးပြီး အချောင်းသေးရှည်ရှည် မျှင်မျှင်လေးတွေ လှီးပြီး ကျွတ်အောင် ရေစိမ်ထားပါမယ်.. စားခါနီးမှာ  ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊ နံနံ၊ သံပုရာသီး (ရှာလကာရည်)၊ ဆား၊အချိုမှုန့် တို့နဲ့ နယ်ပြီး အပေါ်က နှမ်းလှော်ကို ဖြူးလိုက်ရင် အချဉ်သုပ်တစ်ခွက်ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကြက်သားကချင်ချက်

ဆီနည်းနည်း အချဉ်အစပ် များများနဲ့ ကြက်သားကချင်ချက်

ကက်သားကချင်ချက်ကို ဟိုးအရင်ကတင်ခဲ့ဖူးပါတယ်.. ဒါပေမဲ့ ချက်နည်းကို ပြန်ပြောရမယ်ဆိုရင် ကြက်သားကို ရေဆေးပြီး အတုံးအနေတော်လေးများ တုံးပါတယ်.. ငရုပ်သီးများများ၊ ကြက်သွန်ဖြူနီ၊ ခရမ်းချဉ်သီး၊ နံနံ၊ ဖက်ဖယ်ရွက်၊ မက်လင်ချဉ်သီးအခြောက် ပါးပါးလှီး၊ ဆား၊ အချိုမှုန့်၊ ဆီအနည်းငယ်၊ ကြက်သားနဲ့တကွ အရောင်တင်၊ နနွင်းမှုန့်နဲ့ အဆာပလာအားလုံးကို အိုးတစ်လုံးထဲထည့် ရေထည့်ပြီး ကြက်သားနူးအောင် ချက်လိုက်ရင် အချဉ်နဲ့ အစပ် အရသာကဲတဲ့ ကြက်သားကချင်ချက် ရပါတယ်.. ကချင်ချက်မှာ မပါမဖြစ်ထည့်တာက ဖက်ဖယ်ရွက် ဖြစ်ပါတယ်.. မက်လင်သီးမရရင် ရတဲ့အချဉ်နဲ့ ချက်နိုင်ပါတယ်.. ဆီအနည်းငယ်သာ ထည့်ဖို့လိုပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ဖက်ပုဇွန်ကောင်လုံးမွှေးကြော်

လက်ဖက်ပုဇွန်ကြော်

လက်ဖက် ပုဇွန်ကောင်လုံးမွှေးကြော်နည်းကို ဒီစာမျက်နှာအောက်မှာတင် ဖော်ပြပြီး ဖြစ်တဲ့အတွက် ထပ်ပြီး မရေးပြတော့ပါဘူးရှင်.. ဒီနေ့တော့ လက်ဖက်ခြောက်ခပ်များများနဲ့ ကြော်ထားတာဖြစ်ပါတယ်... အားလုံးဘဲ ပျော်ရွှင်စိတ်ကြည်လင်စွာ သုံးဆောင် စားသောက်ကြပါနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူတိုင်းပျော်ရွှင်ဝမ်းသာ စိတ်ချမ်းသာသော နေ့ကလေးအတွက် ရည်ရွယ်တဲ့ ထမင်းဝိုင်းလေး ဖြစ်ပါတယ်... နောင်လာမဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ၊  ကောင်းသော မျှော်လင့်ခြင်းတွေ ယူဆောင်ပေးသော နေ့ရက်များ ဖြစ်ကြပါစေရှင်..