ကစားမလား နားမလား

ဓာတ်ပုံဆရာတစ်ယောက်က အခြားသော ဓာတ်ပုံကင်မရာမင်း တစ်ယောက်ကို ဓာတ်ပုံရိုက်ထားတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အောက်က ပုံမှာ အမေရိကား အရီဇိုးနားပြည်နယ်က နံမည်ကျော်ကြားလှတဲ့ ဂရင်းကင်ညွှန်ချောက်ကြီးရဲ့ ညနေဆည်းဆာအလှကို ဓာတ်ပုံဆရာ Hans van de Vorst က ဓာတ်ပုံရိုက်နေရင်း ပင်မ ချောက်ကမ်းပါးထိပ်ကနေ သီးသန့် ကွဲထွက်နေတဲ့ ကျောက်သားအစွန်းပေါ်ကိုတက်ပြီး ဓာတ်ပုံရိုက်နေတဲ့ ပုံထဲက အင်္ကျီအဖြူနဲ့ ( အမည်မသိ) အခြားသော ဓာတ်ပုံဆရာကို သူတွေ့လိုက်ရပါတယ်.. အဲဒီမှာ ကင်မရာမင်း Hans van de Vorst က သူလက်ရှိ ဓာတ်ပုံရိုက်နေတဲ့ ချောက်ကမ်းပါးကြီးရဲ့ ညနေဆည်းဆာအလှကို မေ့လျော့သွားပြီး အင်္ကျီအဖြူနဲ့ ကင်မရာမင်းအပေါ်ကိုသာ သူ့စိတ်အာရုံတစ်ခုလုံး  လုံးလုံးလျားလျား ကျရောက်သွားပါတော့တယ်..

သီးသန့် ကျောက်စွန်းပေါ်က ဓာတ်ပုံဆရာ

ဓာတ်ပုံထဲမှာတွေ့ရတဲ့အတိုင်း အင်္ကျီဖြူနဲ့ ကင်မရာမင်းရပ်နေတဲ့ ကျောက်သားဟာ ကမ်းပါးနဲ့ အနည်းငယ် လှမ်းနေပါတယ်.. သူ့မှာက သုံးချောင်းထောက် ဓာတ်ပုံရိုက်တဲ့ စတဲန်းရယ်၊ ကင်မရာရယ် ပါနေသေးတယ်.. ပြီးတော့လည်း သူစီးထားတာက ရိုးရိုး သားရေကွင်းစွပ်ဖိနပ်နဲ့… သူရပ်နေတဲ့ ကျောက်စွန်းအောက်တည့်တည့် ဂရင်းကင်ညွှန်ချောက်ကြီးရဲ့ အနက်ဟာ ၉၀၀မီတာ (ပေပေါင်း ၂၉၀၀ကျော်) ရှိပါတယ်.. ပြုတ်သာကျခဲ့မယ် ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိဖို့ မလွယ်ကူပါဘူး…   ကင်မရာမင်း Hans Van De Vorst က ထူးဆန်းအံ့သြစိတ်ရဲ့ စေ့ဆော်မှုနဲ့ အဲဒီအင်္ကျီဖြူနဲ့ ဓာတ်ပုံသမားလေးကို ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်.. ပြီးတော့ သူ့စိတ်ထဲမှာ

၁.  သူဘယ်လိုများ အဲဒီကျောက်စွန်းထိပ်ကို ရောက်နေတာပါလိမ့်

၂.  ဒီကျောက်စွန်းပေါ်ကနေ ဘာကြောင့်များ ဓာတ်ပုံရိုက်နေတာပါလိမ့်.. လုံခြုံစိတ်ချမှု ရှိတယ်လို့ သူယုံကြည်ရဲ့လား

၃. သူ ဒီဘက် ချောက်ကမ်းပါးပေါ်ကို ဘယ်လိုများ ပြန်ကူးလာမှာပါလိမ့် ဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်စားစွာ စောင့်ကြည့်နေမိပါတယ်..

နေလုံးကြီးဟာ ဂရင်းကင်ညွှန်ချောက်ကြီးရဲ့ နောက်ကွယ်ကို ၀င်ရောက်သွားပြီးလို့ အမှောင်ရိပ်လေးစပြီး လွှမ်းခြုံလာတာနဲ့ အင်္ကျီဖြူနဲ့ ဓာတ်ပုံဆရာလေးဟာ သူ့ပစ္စည်းတွေကို စတင်ထုတ်ပိုး သိမ်းဆည်းပါတော့တယ်..   ကင်မရာကို သူ့ပုခုံးမှာ လွယ်လိုက်ပြီး သုံးချောင်းထောက်တိုင်ရယ် ပလပ်စတစ် အိတ်ရယ်ကိုတော့ သူ့ဘယ်လက်က ခေါက်ပြီးကိုင်ထားပါတယ်.. ဒီတော့ သူ့မှာ ညာဘက်လက် တစ်ဖက်ဘဲ အားပါတော့တယ်.. သူဟာ မျက်နှာချင်းဆိုင်က ပင်မချောက်ကမ်းပါးထိပ်ကို မျက်နှာမူလိုက်ပြီး အသက်ကို အပြည့်အ၀ ရှူရှိုက်လိုက်ကာ သူ့ရဲ့ သားရေကွင်းထိုးဖိနပ်နဲ့ အားယူပြီး ခုန်လိုက်ပါတော့တယ်.. ချောက်ကြီးရဲ့ အနက်ဟာ မီတာ ၉၀၀(ပေ ၂၉၀၀ကျော်) ရှိပါတယ်.. ဒါပေမဲ့ အင်္ကျီဖြူနဲ့ ဓာတ်ပုံဆရာဟာ သူခုန်လိုက်ဖို့ပြင်တဲ့အချိန်မှာ ချောက်ကမ်းပါးကြီးရဲ့ အနက်ကိုရော၊ သူဟိုဘက်ကမ်းပါးကို ရောက်မှ ရောက်ပါ့မလားဆိုတဲ့ သံသယအတွေးကိုရော လုံးဝ တွေးမိပုံ မပေါ်ပါဘူး.. သူ့ကိုယ်သူ ယုံကြည်မှု ရှိရှိနဲ့ ရဲရဲရင့်ရင့် ခုန်ကူးလိုက်ပါတယ်..


တစ်ဖက်ကမ်းပါးသို့ခုန်အကူး

တစ်ဘက် ကမ်းပါးဟာ သူရပ်နေတဲ့ ကျောက်စွန်းထက် ပိုမြင့်တဲ့အတွက် သူဟာ အနည်းငယ်နိမ့်တဲ့ အောက်က လျှောစောက်ကလေးပေါ် ခုန်လိုက်တာ ဖြစ်ပါတယ်.. အဲဒီခပ်လျှောလျှောဖြစ်နေတဲ့ နေရာလေးဟာ လူတစ်ကိုယ်စာ ရပ်တည်ဖို့အတွက် ခက်ခဲလွန်းတဲ့ အနေအထား ဖြစ်ပါတယ်.. ဒါပေမဲ့ သူဟာ အဲဒီနေရာကို ညာခြေလှမ်းနဲ့ ခုန်ချလိုက်ပြီး ကျောက်သားပေါ် ခြေချမိတာနဲ့ လွတ်နေတဲ့ တစ်ဖက်တည်းသော ညာလက်နဲ့ အပေါ်က ကျောက်သားကို ခိုင်ခိုင်မြဲမြဲ ကုတ်တွယ်လိုက်ပါတယ်.

ညာခြေနဲ့ တစ်ဖက်တည်းသော ညာလက်ကို အားပြု၍

တကယ်လို့များ သူ့လက်သာ ကုတ်တွယ်မှု မြဲမြံခြင်း မရှိခဲ့ရင် အောက်ကို ပြုတ်ကျသွားမှာ သေချာပါတယ်.. ဒါပေမဲ့ သေချာကြည့်ပါ.. အဲဒီ ကင်မရာမင်းလေးမှာ လွယ်ထားတဲ့ ကင်မရာရယ်၊ သုံးချောင်းထောက်ရယ်၊ ပလပ်စတစ်အိတ်တစ်လုံးရယ်ပါ ပါနေပါသေးတယ်.. ဒီပစ္စည်းတွေရယ် သူ့ခန္ဓာကိုယ်အလေးချိန်ရယ်ကို သူ့ညာဘက်လက် တစ်ဖက်တည်းရဲ့ ကုတ်တွယ်မှုအားနဲ့ ထိန်းထားခဲ့ပါတယ်.. အဲဒီအနေအထားကို သေချာ စောင့်ကြည့်နေတဲ့ ကင်မရာမင်း Hans Van De Vorst က စိတ်ဝင်တစား ဓာတ်ပုံရိုက်ထားခဲ့မိပါတယ်.. ခြေချော်သွားတာဘဲဖြစ်ဖြစ် လက်မမြဲလို့ဘဲ ဖြစ်ဖြစ် ပြုတ်သာကျလိုက်မယ်ဆိုရင်တော့ တကယ်ကို မတွေးရဲစရာပါ။

အန္တရာယ်လက်တစ်ကမ်း

တစ်ဖက်က ချောက်ကမ်းပါး လျှောစွန်းလေးမှာ ရောက်သွားတဲ့ အင်္ကျီဖြူနဲ့ကင်မရာမင်းလေးဟာ စက္ကန့် အနည်းငယ်မျှ ရပ်လိုက်ကာ သူ့ပစ္စည်းတွေကို  အပေါ်ကမ်းပါးစွန်းပေါ် ပစ်တင်လိုက်ပါတယ်.. ထို့နောက်တော့ ခန္ဓာကိုယ်တစ်ခုလုံး အပေါ်ရောက်အောင် တွယ်တက်လိုက်ပြီး အပေါ်ရောက်တာနဲ့ သူ့ပစ္စည်းတွေကို ကောက်သိမ်းလိုက်ကာ သက်တောင့်သက်သာ အနေအထားနဲ့ ဘာကိုမှ ဂရုမထားမိလေဟန် သူ့ခရီးကို ဆက်လက် ထွက်ခွာသွားပါတော့တယ်.. ဓာတ်ပုံရိုက်နေမိတဲ့ ကင်မရာမင်း Hans Van De Vorst သာလျှင် မဆုံးနိုင်တဲ့ အတွေးတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်..  တကယ်လို့များ ဓာတ်ပုံထဲက ကင်မရာမင်းလေးဟာ ပြုတ်ကျမဲ့ အန္တရာယ်ကိုကြောက်ပြီး ခုန်ကူးဖို့ သတ္တိမရှိခဲ့ဘူးဆိုရင် ဒီအဖြစ်အပျက်တွေ ဖြစ်လာမှာမဟုတ်သလို လူတွေဟာ အန္တရာယ်ကို တွေးတောကြောက်လန့်ပြီး ဘယ်အလုပ်ကိုမှ မလုပ်ဖြစ်ဘူးဆိုရင် အောင်မြင်မှုဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။

ဓာတ်ပုံဆရာ Hans Van De Vorst က ပြောပါတယ်.. ကြိုးစားမယ်ဆိုရင်  မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးတဲ့..  ဘ၀ဆိုတာ ကစားပွဲနဲ့တူပါတယ်.. လောကကြီးက သတ္တိရှိသူတွေ၊ စွန့်စားဝံ့သူတွေ၊ အောင်မြင်တဲ့ သူရဲကောင်းတွေကို ချစ်ခင်မြတ်နိုးသလို ကြိုးစားရက်နဲ့ ရှုံးနိမ့်သွားတဲ့ သူတွေကိုလည်း ချစ်ခင်စွာနဲ့ နောက်ထပ်ကြိုးစားဖို့ အခွင့်အရေးတွေ ပေးတတ်ပါတယ်.. ဒါပေမဲ့ ဘာမှမလုပ်၊ ဘာမှမကြိုးစားဘဲ အခြားသူတွေ လုပ်နေတာ၊ ကြိုးစားနေတာတွေကို ဘေးကနေထိုင်ကြည့်ပြီး အပြစ်ပြောနေတတ်တဲ့ သူမျိုးတွေကိုတော့ လောကကြီးက မုန်းတီးပါတယ်တဲ့..  ဒီလိုဆိုရင်ဖြင့် မဖြစ်နိုင်ဘူးဆိုတာ မရှိတဲ့ ဒီကမ္ဘာကြီးပေါ်မှာ  အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ ဘ၀ရဲ့ကစားပွဲတွေ ဆင်နွဲရင်း အောင်မြင်မှုကို စွန့်စွန့်စားစား ရယူမလား.. ဘာမှမလုပ်ဘဲ ထိုင်ကြည့်ပြီး လွယ်လွယ်နဲ့ အရှုံးပေးလိုက်မလား..

စာဖတ်သူမိတ်ဆွေ...   စွန့်စားမှုတွေ၊ အန္တရာယ်တွေ၊ မာယာတွေများလှတဲ့ ဘ၀ရဲ့ကစားပွဲကြီးမှာ သင်သာဆိုရင် ရှေ့ဆက်ပြီး.... ကစားမလား…  နားမလား ???

Photographer Hans Van De Vorst ရဲ့  Nothing is Impossible ကို နှစ်ခြိုက်စွာ ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။