ချယ်ရီသက်သေ..



ချယ်ရီတွေ ပွင့်တဲ့အချိန်ရောက်လာပြီ။ ပန်းတွေကို ချစ်တတ်တဲ့ ကျွန်မဟာ ချယ်ရီပန်းကိုလည်း သိပ် သဘောကျပါတယ်။ ဘာဖြစ်လို့ သဘောကျ တာလဲလို့ မေးရင်တော့ အဖြေတိတိကျကျ မရှိပါဘူး။ တစ်နှစ်မှ တစ်ခါသာပွင့်တတ်တဲ့ ပိတောက်ပန်းတွေကို သဘောကျသလို ဆောင်းရာသီမှ ပွင့်လာရတဲ့ ချယ်ရီပန်း ကိုလည်း သဘောကျပါတယ်။အခြားနိုင်ငံများ (ဂျပန်၊ တရုတ်နဲ့ အမေရိကန်၊ ကနေဒါ) တို့မှာတော့ မတ်၊ ဧပြီလောက်မှသာ ချယ်ရီပွင့်ပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ချယ်ရီဟာ ဒီဇင်ဘာ၊ ဇန်နဝါရီလ တို့မှာ ပွင့်ပါတယ်။ သူတို့နိုင်ငံတွေမှာ သိန်းနဲ့ချီပြီး စိုက်ပျိုးထားတဲ့  ပန်းခြံကြီးတွေမှာ ချယ်ရီပန်းတွေ ပွင့်ပြီဆိုရင် လူပေါင်းများစွာ သွားရောက်ကြည့်ရှုကြသလို အပင်အောက်မှာ ပျော်ပွဲစားထွက်ကြ၊ ဓာတ်ပုံရိုက်ကြ၊ စားကြသောက်ကြနဲ့ ပွဲတော်တမျှ စည်ကားလှပြီး ကမ္ဘာလှည့် ခရီးသွားတွေလည်း အများအပြား လာရောက်ကြပါတယ်။  ဂျပန်လို ဆာကုရာလို့ ခေါ်တဲ့ ချယ်ရီပန်းဟာ ဂျပန်တွေရဲ့ အထွတ်အမြတ် ထားတဲ့ ပန်းတစ်မျိုး လည်း ဖြစ်ပါတယ်။ ချယ်ရီပန်းပွင့်ချိန်မှာ Hanami လို့ခေါ်တဲ့ ချယ်ရီပန်းကြည့်တဲ့ ပွဲကို တခမ်းတနား ပြုလုပ်လေ့ ရှိပါတယ်။ 

အမေရိကန်နိုင်ငံမှာ ယခင်က ချယ်ရီပန်းဆိုတာ လုံးဝမရှိပါဘူး။ ၁၉၀၅ခုနှစ်မှာ ဂျပန်နိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိသွားသူတွေက အပြန်မှာ ဂျပန်ပြည်က ချယ်ရီပန်းတွေကို ယူဆောင် သွားကြတဲ့ အတွက် ချယ်ရီပန်းရောက်ရှိလာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ဝန် Yukio Ozaki ကလည်း အမေရိကန်နိုင်ငံကို ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၁၂ မတ်လ၂၇ ရက်နေ့မှာ ချယ်ရီပင်ပေါင်းများစွာကို လက်ဆောင်  ပေးခဲ့ပါတယ်။  အခုဆိုရင် အမေရိကန်မှာလည်း ချယ်ရီပင်ပေါင်း များစွာ ရှိနေပြီး အပွင့်ပွင့်ချိန်မှာတော့ လှပဝေဆာစွာ ဖူးပွင့်လို့ နေပါတယ်။ ချယ်ရီပွင့်တဲ့ အချိန်တွေမှာ ပင်လုံးကျွတ် ညွှတ်ဝေနေတဲ့ ချယ်ရီပန်းခြံကြီးတွေထဲမှာ ချယ်ရီပန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး လာရောက်ကြည့်ရှုသူတွေ အလွန်များပြားလှပါတယ်

ချယ်ရီနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ မန္တလေး တက္ကသိုလ်မှာ တက်တုန်းက ချယ်ရီတွေ ပွင့်ချိန်မှာ သူငယ်ချင်းတွေစုပြီး ဆိုင်ကယ်နဲ့ ပြင်ဦးလွင်ကို တက်ကြပါတယ်။ ညနေစောင်းတော့မှ ချယ်ရီပန်းတွေခူးပြီး လက်ကကိုင်ကာ သူငယ်ချင်းမောင်းတဲ့ ဆိုင်ကယ်နောက်ကနေ စီးပြီး မန္တလေးမြို့ကို ပြန်ခဲ့ကြပါတယ်။ မန္တလေးမြို့အဝင်မှာ လက်ထဲက ချယ်ရီပန်းတွေကို ကြည့်လိုက်ချိန်မှာတော့ အပွင့်တစ်ပွင့်မှာ ကျန်မနေတော့ဘဲ ရိုးတံတွေချည်း ကျန်နေလို့ သူငယ်ချင်းတွေ ဝိုင်းရယ်ခဲ့ကြပါတယ်။ အပွင့်အားလုံးဟာ ဆိုင်ကယ်စီးတော့ လေတိုက်တဲ့ အရှိန်နဲ့ လမ်းတစ်လျှောက်လုံး လွှင့်ကြွေကုန်ခဲ့တာပါ။ ဒီအဖြစ်လေး ကတော့ ကျွန်မအတွက် ချယ်ရီပန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာလေးတစ်ခုပါ။

အဲဒီချိန်တုန်းကတော့ ကင်မရာ ဘာညာကိုယ့်လက်ထဲပါမသွားတော့ ဓာတ်ပုံ သေချာ မရိုက်ဖြစ်ခဲ့ ပါဘူး။ ကျောင်းပြီးတော့လည်း ပြင်ဦးလွင်ကို ချယ်ရီပွင့်ချိန်နဲ့ တိုက်ဆိုင်ပြီး တစ်ခါမှ ထပ် မရောက်ဖြစ်တဲ့ အတွက် ချယ်ရီပန်းနဲ့ ဝေးနေခဲ့ပါတယ်။ ဒီဇင်ဘာမှာ ကျွန်မနေတဲ့ မြို့ကလေး အနီးက တောင်ကုန်းပေါ်မှာ ချယ်ရီပန်းတွေ ဝေဆာလို့ နေပါပြီ။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ကျွန်မဟာ ဟိုးအရင်ကတည်းက ချယ်ရီ ပန်းတွေကို သေသေ ချာချာလေး ဓာတ်ပုံရိုက်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ချယ်ရီတွေ ပွင့်ရာ အရပ်မှာ ရှိနေတာမို့ ချယ်ရီပန်း ပွင့်ချိန်မှာတော့ ချယ်ရီရှိတဲ့ တောင်ပေါ်ကို အကြိမ်ကြိမ်သွားရောက်လို့ အချိန်ပေးပြီး ချယ်ရီပန်းတွေကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing






Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ပထမဆုံးရက် တောင်ပေါ်ကို ရောက်တဲ့အချိန်ဟာ ညနေစောင်းနေပါပြီ။ တောင်ပေါ်ရောက်တော့မှ ချယ်ရိတွေ ပွင့်နေတာတွေ့ခဲ့ရပြီး ပါသွားတဲ့ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်. သို့ပေမဲ့ ညနေစောင်းပြီး အလင်းရောင် နည်းနေပြီမို့ ဓာတ်ပုံတွေရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေဟာ စိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။ အဲဒါကြောင့် နောက်ရက်မှာ တောင်ပေါ်ကို ပြန်သွားပြီး ချယ်ရီပန်းတွေကို အေးအေးဆေးဆေး လင်းလင်း ချင်းချင်း ဓာတ်ပုံ ရိုက်ယူဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ မတောက်တခေါက် လက်ရာများကို အောက်ကပုံတွေမှာ အားပေးကြည့်ရှု ကြပါဦးလို့နော်။

ဖြစ်နိုင်မယ် ထင်ရင်..



Rocky Lyons ဆိုတာ Kelly  ရဲ့ ၇နှစ်အရွယ် သားငယ်လေးပါ။ တစ်ရက်မှာ သူကလေးဟာ သူ့ရဲ့ မိခင်ဖြစ်သူ Kelly နဲ့ အတူ Alabama ဒေသရဲ့ ကျေးလက်ရွာကလေးတွေကို ကားနဲ့ဖြတ်ပြီး ပြန်လာ ခဲ့ပါတယ်။ ကလေးပီပီ  Rocky လေးဟာ သူ့မိခင်ရဲ့ ပေါင်ပေါ်မှာ ခြေထောက်လေး တင်ပြီး ကားမောင်းသူဘေးက ထိုင်ခုံလေးပေါ်မှာ အိပ်ပျော်ရင်း ပါလာခဲ့ပါတယ်။ သူ့မိခင် Kelly ကလည်း လေ ခပ်ပြင်းပြင်း တိုက်ခတ်နေတဲ့ ကျေးလက်ရဲ့နှစ်လမ်းသွား လမ်းမပေါ်မှာ ကားကို သတိထားပြီး မောင်းနှင်နေ ခဲ့ပါတယ်။ Kelly ဟာ အရှိန်လေးနဲ့ ကားကို မောင်းနှင်လာရာကနေ တံတားငယ်လေး တစ်ခုကို ဖြတ် လိုက်တဲ့ အခါမှာ လမ်းပေါ်က ချိုင့်တစ်ခုထဲကို ကျသွားတဲ့အတွက် ကားဟာ ရုတ်တရက် မြောက်တက် သွားပြီး လမ်းမပေါ်ကနေ ချော်ထွက်သွားပါတယ်။ 

Kelly ဟာကားကို အလောတကြီး ပြန်ထိန်းဖို့ ကြိုးစားပေမဲ့ မမှီတော့ဘဲ လမ်းဘေးက ပေ ၂၀ကျော်ခန့် နက်တဲ့ ချောက်ထဲကို လိမ့်ကာ ထိုးကျ သွားပါတော့တယ်။ ချောက်ရဲ့ အောက်ခြေ ကိုရောက်သွားတော့မှ ကားဟာ ရပ်သွားပြီး Rocky လေးဟာ “နိုးလာပြီး မေမေ ဘာဖြစ်တာလဲဟင်.. သားတို့ ကားက ဇောက်ထိုးကြီးဖြစ်နေပြီ” လို့ အထိတ်တလန့်မေးလိုက်ပါတယ်။ ဟုတ်ပါတယ် Kelly တို့ရဲ့ကားဟာ ပက်လက် အနေအထားနဲ့ ချောက်ရဲ့ အောက်ခြေမှာ ကျနေတာဖြစ်ပါတယ်။ Kelly ရဲ့ မျက်နှာတစ်ခုလုံးဟာ သွေးတွေနဲ့ ဖုံးလွှမ်းနေတာမို့ မျက်လုံးဖွင့်ကြည့်လျှင်ပင် ဘာကိုမှ မမြင်တွေ့နိုင်တော့ပါ။ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားခဲ့ပြီး ပုခုံးရိုှးမှာလည်း ကျိုးသွားကာ အရိုးမှာ ချိုင်းအောက်မှ ငေါထွက်နေတာကို စမ်းမိလိုက်ပါတယ်။ ချောက်ထဲမှာတော့ မီးအလင်းရောင် စိုးစိမျှ မရှိဘဲ မဲမှောင်လို့နေပါတယ်။

တစ်ကိုယ်လုံးနာကျင်လွန်းဖြင့် လှုပ်ရှားလို့ပင် မရတော့ဘဲ ငြိမ်သက်နေမိတော့ Rocky က “ မေမေ . မေမေ့ကို ကားထဲကနေ သားဆွဲထုတ်မယ်” ဟုဆိုကာ သူမခန္ဓာကိုယ်အောက်ကနေ တွားတွားပြီး ထွက်လိုက်ကာ ကားအပြင်ရောက်အောင် ပက်လက်ဖြစ်နေကာ ပွင့်နေတဲ့ကား ပြတင်းပေါက်ကနေ ထိုးထွက်နိုင်ဖို့ သူ့ဟာသူ ကြိုးစားရှာပါတယ်။ Rocky ဟာ ကံကောင်းထောက်မ စွာနဲ့ ဒဏ်ရာ တစ်ခုလေးတောင် မရခဲ့ပါဘူး။ ထိုင်ခုံပေါ်မှာ အိပ်ပျော်နေခဲ့တာဟာလည်း သူ့အတွက် ကံကောင်းစေတဲ့ အချက် ဖြစ်ပါလိမ့်မယ်။ အပြင်ကိုရောက်သွားတဲ့ Rocky ဟာသူ့မိခင်ကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နာကျင်လွန်းလှတဲ့ Kelly ဟာ နည်းနည်းလေးတောင် ရွေ့လျားမှုကို ပြုလုပ်ဖို့ ခွန်အား ရှိမနေခဲ့ပါဘူး။

နာကျင် ပင်ပန်းလွန်း အားကြီးလွန်းလို့ “သားရယ်.. မေမေ ခဏလေး အိပ်ပါရစေ” လို့ Rocky ကို တောင်းပန်တိုးဖွတဲ့အသံနဲ့ ပြောလိုက်တော့ “ ဟင့်အင်း.. မေမေ မအိပ်ရဘူး.. မအိပ်ရဘူး” လို့ တတွတ်တွတ် ရေရွတ်ကာ Kelly ကို အပြင်မရောက်ရောက်အောင် ဆွဲထုတ်ပါတယ်။ ပြီးတော့ “ သား.. ဒီချောက်ထဲကနေ တက်ပြီး လမ်းပေါ်က ကားတစ်စီးစီးကို တားပြီး မေမေ့ကို ဆေးရုံရောက်အောင် ပို့မယ်” လို့ ပြောလာတဲ့အခါ အမှောင်ထုထဲမှာ ကလေးတစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်မချတဲ့ Kelly ဟာ သားကို သွားဖို့ ခွင့်မပြုပါဘူး။ Rocky တစ်ယောက်တည်း ချောက်ထဲကနေ တက်သွားမဲ့ အစား နှစ်ယောက်လုံး ဖြေးညှင်းစွာ ချောက်ထဲကနေ တက်နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ တစ်ကြိမ်ကို လက်မအနည်းငယ်စီ ကြိုးစားတွယ်တက်ပြီးနောက် Kelly ဟာ အလွန့်ကို နာကျင်ပင်ပန်းလွန်းလို့ လက်လျော့လိုက်ဖို့ စိတ်ကူးမိပါတယ်။ 

ဒါပေမဲ့ Rocky က သူ့အမေ နားလိုက်ဖို့၊ အိပ်ပျော်သွားဖို့ လုံးဝကို ခွင့်မပေးပါဘူး။ သူ့ရဲ့ ပေါင် ၅ဝရှိတဲ့ ကိုယ်ခန္ဓာရဲ့ ခွန်အားလေးနဲ့ ၁ဝ၅ပေါင်ရှိတဲ့ သူ့မိခင်ရဲ့ ကိုယ်ခန္ဓာကို ကြိုးစားပန်းစား တွန်းပြီးချောက် ထဲကနေ တက်နိုင်အောင်ကြိုးစားပါတယ်။ သူ့မိခင်က လက်လျော့ဖို့ ပြောလာတိုင်း Kelly လေးဟာ သူငယ်ကတည်းက နားထောင်ခဲ့ရတဲ့ “ရထားသေးသေးလေး” ပုံပြင်အကြောင်း သူ့အမေကို ပြောပြပြီး အားတင်းစေခဲ့ပါတယ်။ သူပြောပြတဲ့ ပုံပြင်က ရထားလေးဟာ အင်ဂျင်သေးသေးလေး ပေမဲ့ မတ်စောက်တဲ့ တောင်ကြီးကို တက်နိုင်ခဲ့တဲ့ ပုံပြင်ဖြစ်ပါတယ်။ သူ့အမေကို အဲဒီပုံပြင်လေးကို ပြန်ပြောပြပြီး “ အားမလျော့နဲ့နော် မေမေ.. မေမေလုပ်နိုင်တယ် ဆိုတာ သားသိပါတယ်။ ဒီချောက်ထဲကနေ ရအောင်တက်ကြမယ်နော်.. ” လို့ တတွတ်တွတ်လည်း ပြောတတ်ပါတယ်။ သားလေးရဲ့ တောင်းဆို တိုက်တွန်းသံကြောင့် အားပြန်တင်းရင်း ချောက်ထဲကနေ တက်နိုင်ဖို့ ကြိုးစားရပါတယ်။ 

Kelly ဟာ တစ်ကြိမ်ကို နည်းနည်းစီ ရွေ့ရင်း တက်ရင်းနဲ့ ခက်ခဲပင်ပန်း လေးလံနာကျင်လွန်းစွာနဲ့ သူ့သားရဲ့ တွန်းအားပေးချက်နဲ့အတူ ဖြေးဖြေးချင်း တက်နေရပါတယ်။ နာရီပေါင်း များစွာ ကြာပြီးတဲ့ နောက်ဆုံး မှာတော့ ချောက်နှုတ်ခမ်းကို ရောက်သွားပြီး လမ်းမပေါ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ လမ်းပေါ်က မီးအလင်းရောင်အောက်မှာ သူ့မိခင်ရဲ့ မျက်နှာကို ပထမဦးဆုံး မြင်လိုက်ရတယ်ဆိုရင်ဘဲ Rocky လေးဟာ ထိတ်လန့်တကြား ငိုပါတော့တယ်။ စုတ်ပြတ်ပြီး သွေးချင်းချင်းနီနေတဲ့ Kelly ရဲ့ မျက်နှာဟာ ကလေးငယ်တစ်ယောက်အတွက် အင်မတန်မှ ထိတ်လန့်ဖွယ် ဖြစ်နေခဲ့ပါတယ်။ ထို့နောက် ချက်ခြင်းဘဲ လမ်းမပေါ်ကို ပြေးဆင်းသွားပြီး ဖြတ်သွားတဲ့ ကားတွေကို လက်ဝှေ့ရမ်းပြီး တားပါတော့တယ်။ ကားတစ်စီးက Rocky ရဲ့ လက်ပြတားတာကို မြင်ပြီး ရပ်ပေးလိုက်တဲ့အခါ Rocky ဟာ “ကျွန်တော့် အမေကို ဆေးရုံပို့ပေးပါ.. ကျွန်တော့်အမေကို ကယ်ပေးကြပါ” လို့ မျက်ရည်တွေ တွေတွေ စီးကျရင်း တောင်းပန်ပါတယ်။ 

အနီးဆုံး ဆေးရုံကြီးမှာ Kelly ကို ဆရာဝန်တွေ ခွဲစိတ်မှုလုပ်တာ ၈နာရီကြာမြင့်ပြီး မျက်နှာပေါ်က စုတ်ပြတ်ပြဲထွက်သွားတဲ့ ဒဏ်ရာကို ၃၄၄ချက် ချုပ်ကြရပါတယ်။  ချောမောပြေပြစ်ခဲ့တဲ့ Kelly ရဲ့ မျက်နှာဟာ ပျောက်ဆုံးသွားခဲ့ပြီး နှာခေါင်းဟာလည်း တိုသွားခဲ့ပါပြီ။ ပါးရိုးမြင့်မြင့်လည်း မရှိတော့ဘဲ သူမရဲ့ ခပ်ပါးပါး နှုတ်ခမ်းအစား ထူထဲလန်ထွက်နေတဲ့ နှုတ်ခမ်းတစ်စုံကို တွေ့မြင်နေရပါတယ်။ အရင်နဲ့မတူ ရုပ်ဆိုးလွန်းလှတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ Kelly ရဲ့ မျက်နှာဟာ သူ့သား Rocky အကြောင်း ပြောတဲ့ အချိန်မှာတော့ ကြည်နူးပီတိတွေဖုံးလွှမ်းလို့ နေခဲ့ပါတယ်။ သူဟာ Rocky ကြောင့်သာ အသက် ရှင်သန်ခွင့်ရခဲ့တာ ဖြစ်ပြီး သူ့တစ်ယောက်တည်းသာဆို အဲဒီ ချောက်ထဲကနေ ဘယ်လိုမှ ပြန်တက်နိုင်မှာ မဟုတ်သလို ပြန်တက်ဖို့လည်း ခွန်အားရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဒီအဖြစ်အပျက်မှာ အသက်ငယ်ပေမဲ့ Rocky ရဲ့ သူ့မိခင်အပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ ခွန်အားကို အခြားသူတွေက ဝိုင်းပြီး ချီးကျုးကြပေမဲ့  Rocky လေးကတော့ “ ကျွန်တော် ဘာမှ ထူးထူးခြားခြား လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့ မေမေကို မသေစေချင်ဘူး။ ဒါကြောင့်လည်း မေမေ့ကို ချောက် ထဲကနေ ရအောင် ထုတ်လာတာဘဲ ရှိတာပါ။ မေမေ့ကို အပေါ်ရောက်အောင် ကျွန်တော်လုပ်နိုင်မယ် ထင်ခဲ့တယ်လေ။  တစ်ခြား သူတွေလည်း ဒီလိုဘဲ လုပ်ကြမှာပါ” လို့ ပြန်ပြောပါတယ်။ သူ့မိခင်ကတော့ “သားရဲ့ တိုက်တွန်းစကားသာ အဲဒီအချိန်မှာ မကြားခဲ့ရင် ခုချိန်မှာ ကျွန်မဟာ သေချာပေါက် သေပြီးတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ” လို့ ယနေ့ချိန်ထိတိုင် အခိုင် အမာ ပြောနေခဲ့ပါတယ်။ အသက်ငယ်ပေမဲ့ Rocky ရဲ့ သူ့မိခင်ကို ချစ်တဲ့စိတ်၊ တွန်းအားပေးမှုနဲ့ နားလည် သိတတ်မှုတို့ကြောင့် Kelly အသက်ရှင်ခွင့် ရခဲ့တယ်ဆိုရင်လည်း အမှန်တရား သာ ဖြစ်ပါလိမ့်မယ်။ 
  

Michele Borba ရဲ့ I Think I can ကို ဘာသာပြန်ပါသည်။ 


လုပ်နိုင်မယ်လို့ မိမိကိုယ်တိုင် စိတ်ပြင်းပြင်းပြနဲ့ လုပ်ရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်ပါတယ်။ အဓိကက ငါလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖို့သာ လိုပါတယ်။ (Henry Ford)


Image Hosted by PicturePush - Photo Sharing


ကြက်သားနှမ်းမွှေးချိုချဉ်နဲ့ ဝက်သစ်ကြားသီးကြော်

ဒီနေ့တော့ ခရစ္စမတ်ပွဲတော်ကို ပျော်တဲ့သူက ပျော်၊ အားလပ်ရက်မို့ လည်သူတွေက လည်နေကြပြီ ထင်ပါတယ်နော်။ ဒီနေ့အတွက် ဟင်းချက်စရာအဖြစ် ကြက်နှမ်းမွှေး ချိုချဉ် လုပ်နည်းလေး ပြောပြချင် ပါတယ်။ ပထမဦးစွာ အရိုးမပါတဲ့ ကြက် ရင်အုပ်သားချည်းကို ရွေးထုတ်လိုက်ပါတယ်။ ရေ စင်အောင်ဆေးပြီး အတုံးကလေးများ တုံးပါမယ်နော်။




Image Hosted by PicturePush - Photo Sharing
အသားချည်းသက်သက်ကို ခုလို အတုံးလေးများ တုံးပါတယ်. 


Image Hosted by PicturePush - Photo Sharing
ကြက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းချက်ဝိုင်၊ ငရုပ်ကောင်းမှုန့် ၊ နှမ်းဆီ၊ သကြားအနည်းငယ်တို့ဖြင့် နယ်ပြီး အချိန် နာရီဝက်ခန့်ထားလိုက်ပါတယ်။ အချိန်မရရင်တော့ ၁၅မိနစ်ခန့် ထားနိုင်ပါတယ်။ အရသာများ အသားထဲသို့ ဝင်စေရန်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်ဥ၊ ဂျုံမှုန့်၊ အကြော်မှုန့်၊ ဆော်ဒါအနည်းငယ်၊ နှမ်းဆီ အနည်းငယ်၊ ဆား၊ အရသာမှုန့် တို့ကို ရေဖြင့် ရောမွှေပြီး ပျစ်ပျစ်လေး ဖျော်ထားတာပါ။ 


Image Hosted by PicturePush - Photo Sharing

အစောက အတုံးလေးတွေ တုံးပြီး နယ်ထားတဲ့ ကြက်သားကို မှုန့်အနှစ်နဲ့လူးပြီး ဆီပူပူများ ကြော်ပါတယ်.။ မီးခပ်အေးအေးနဲ့ ကြော်ပြီး ရွှေရောင်သန်းလာရင် ကျက်ပါပြီ။ မီးတအားများရင် အပေါ်ကသာကျက်ပြီး အထဲက အသားတွေ မကျက်မှာစိုးတာကြောင့် မီးအေးအေးနဲ့ ကြော်ပါတယ်.  


Image Hosted by PicturePush - Photo Sharing
ကြက်သားလုံးကြော်
 
ကြက်သားကို ဒီအခြေအနေထိ ကြော်ပြီးပြီဆိုရင် ခနထားလိုက်ပြီး နောက် တစ်ဆင့် အတွက် ဆောစ့် ပြုလုပ်ပါမယ်နော်။


 ဆောစ့် ပြုလုပ်ဖို့ လိုအပ်တဲ့ အရာတွေက ခရမ်းချဉ်သီးဆောစ့်၊ နှမ်းဆီ၊ ပျားရည်၊ ဆား၊ အရသာမှုန့်၊ ဗနီကာအရည်၊ ငရုပ်ကောင်းမှုန့်၊ လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ကာ ၄င်းတို့အားလုံးကို  ရောမွှေလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
၎င်းတို့ကို မီးမှာ ဆူအောင်တည်ပါတယ်. ထို့နောက် ကော်မှုန့်ကို အရည်ဖျော်ကာ လောင်း ထည့်ပြီး မွှေကာ အရည်ပျစ်လာပြီဆိုရင် အစောက ကြက်သားလုံးနဲ့ ရောမွှေလိုက်ပါတယ်။



Image Hosted by PicturePush - Photo Sharing

ပြီးရင် နှမ်း လှော်ကို အပေါ်က ဖြူးလိုက်ပြီး ကြက်သွန်မြိတ်၊ နံနံလေးပါ ဖြူးလိုက်ရင် စားချင်စဖွယ် ကြက်သားနှမ်းမွှေးချိုချဉ်ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing




စားပါဦးလားနော်။

ချိုချိုချဉ်ချဉ်လေးနဲ့ နှမ်းဆီနံ့မွှေးမွှေး ကြက်သားနှမ်းမွှေးချိုချဉ်ကို အထက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါပြီရှင်။


********@@@@*********


ဝက်သားသစ်ကြားသီးကြော်

ခုလို ဆောင်းရာသီမှာ ပေါပေါများများ တွေ့နိုင်ပြီဖြစ်တဲ့ သစ်ကြားသီး ( Walnut) ကို ဝက်သားနဲ့ ကြော်ပါ မယ်နော်။ 



သစ်ကြားသီး(Walnut) များ
Image Hosted by PicturePush - Photo Sharing

                                                   သစ်ကြားသီးအဆန်များ

Image Hosted by PicturePush - Photo Sharing

 ဝက်သားကို ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်နယ်ပြီး ခေတ္တထားထားပါတယ်။  သစ်ကြားသီးဆန်များကို ဆီပူနဲ့ ကြော်လိုက်ပါတယ်
Image Hosted by PicturePush - Photo Sharing
ကြော်ပြီး သစ်ကြားသီးဆန်များ


Image Hosted by PicturePush - Photo Sharing

ဒါကတော့ လိုအပ်တဲ့ အဆာပလာများပါ။ ငရုပ်ပွစိမ်း၊ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီး

Image Hosted by PicturePush - Photo Sharing

ဝက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ဖြင့် ကြော်လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ငရုပ်သီးများ ထည့်ပါတယ်။ ငံပြာရည်၊ အရသာမှုန့်များ ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing
နောက်ဆုံးမှ သစ်ကြားသီးများကို ရောထည့်လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဝက်သားသစ်ကြားသီးကြော် ရပါပြီနော်။
Image Hosted by PicturePush - Photo Sharing
ငရုပ်သီးနံ့လေး မွှေးပြီး ဆိမ့်ဆိမ့်လေး စားကောင်းတဲ့ ဝက်သားသစ်ကြားသီးကြော်ပါရှင်။


Image Hosted by PicturePush - Photo Sharing


အားလုံးလည်း ခရစ္စမတ် အားလပ်ရက်မှာ စားကောင်းသောက်ဖွယ်များဖြင့် ပျော်ရွှင်နေကြပြီ ထင်ပါတယ်နော်။ လူတိုင်းအတွက် Merry Christmas ပါရှင်။




Image Hosted by PicturePush - Photo Sharing

မမေ့နိုင်တဲ့ လက်ဆောင် ခရစ္စမတ်ပန်း


မမေ့နိုင်တဲ့ လက်ဆောင်
*********

 
ကျွန်မအဖေဟာ သူငယ်စဉ်ဘဝရဲ့ ၁၅နှစ်လုံးလုံးကို ယူကရိန်းနိုင်ငံမှာ ကုန်လွန်ခဲ့ရပါတယ်။ အဲဒီမှာ နေခဲ့စဉ် သူ့ဘဝရဲ့ ထူးဆန်း အံ့သြဖွယ် အဖြစ်အပျက်အကြောင်းကို အဖေက ကျွန်မတို့ ငယ်စဉ် ကတည်းက ပြောပြခဲ့လို့ အလွတ် ရလောက်အောင် မှတ်မိနေခဲ့ပါတယ်။ အဲဒီ ယူကရိန်းမှာ နေထိုင် စဉ် တစ်ခုသော ခရစ္စမတ်မှာတော့ အဖေရဲ့အစ်ကို နှစ်ယောက်ဟာ မိသားစုအတွက် ခရစ္စမတ် လက်ဆောင်လေး တစ်ခု ယူလာပေးပါတယ်။ အဲဒါလေးကတော့ သံပတ်ပေးလိုက်ရင် သီချင်းသံလေး ထွက်လာတဲ့ ဂျာမန်လုပ် အသံဘူးကလေးတစ်ခုပါ။ သံပတ်လေးပေးလိုက်ရင် Silent Night ဆိုတဲ့ သံစဉ်လေးက သာယာနာပျော်ဖွယ် ကောင်းစွာ အေးအေးငြိမ့်ငြိမ့်လေး ထွက်ပေါ်လာပါတယ်။



ခရစ္စမတ်ပြီးလို့ သိပ်မကြာခင်မှာဘဲ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်လာပါတော့တယ်။ ယူကရိန်းဟာလည်း စစ်ဒဏ်ကို ခံရတဲ့နိုင်ငံတစ်ခု ဖြစ်လာပြီး တိုင်းပြည်တစ်ခုလုံးလည်း မငြိမ်မသက်ဖြစ်နေပါတော့တယ်။ ဒီကြားထဲမှာဘဲ ရုရှတော်လှန်ရေးကြီး ဖြစ်လာပြန်ပါတယ်။ လူထုအုံကြွ တော်လှန်ရေးကြီး ဖြစ်နေချိန်မှာ လူဆိုး၊ သူခိုးများလည်း တိုင်းပြည်အနှံ့ပေါ်ပေါက်လာပြီး အိမ်တွေကို ဝင် ဓားပြတိုက်၊ လုယက်၊ စတဲ့ဖြစ်ရပ်တွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လာပါတယ်။ အကြမ်းဖက် သူတွေဟာ သူတို့ဝင်ရောက် လုယက်တဲ့ အိမ်ထဲမှာ အစားအသောက်တွေ ရှာဖွေလုယက်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ယူငင်သွားကြရုံမက မိန်းမတွေရှိရင် အနိုင်ကျင့် အကြမ်းဖက် နှိပ်စက်ပြီး ယောက်ျားတွေကိုတော့ ဖမ်းဆီးပြီး သတ်ပစ်တာမျိုးတွေအထိ သောင်းကျန်းလာကြတော့ လူတိုင်းဟာ ကျီးလန့်စာစားဘဝနဲ့ မိမိအိမ်ထဲမှာဘဲ ရင်တစ်ထိတ်ထိတ်နဲ့ နေနေကြရပါတယ်။ 


အဲဒီလိုနဲ့ ခရစ္စမတ် အကြိုညကို ရောက်လာပါတယ်။ အဖေတို့ဟာ မိသားစုနဲ့အတူ ခရစ္စမတ်အကြိုညကို အိမ်ထဲမှာ တိုးတိုးတိတ်တိတ် ပြင်ဆင်ကျင်းပနေကြပါတယ်။ ခရစ္စမတ်သစ်ပင် ခပ်သေးသေးလေးကို ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဆင်ယင် ခင်းကျင်းထားပြီးတော့ အပင်ရှေ့မှာစုထိုင်လိုက်ကြပြီး အရင်နှစ်က အဖေရဲ့ အစ်ကိုတွေ လက်ဆောင်အဖြစ်ယူလာတဲ့ အသံဗူးလေးကို သံပတ်လေးပေးပြီး ဖွင့်လိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ Silent Night သံစဉ်လေးနဲ့အတူ မိသားစုတွေဟာ သီချင်းကို လိုက်ဆိုနေကြပါတယ်။ အဲဒီတုန်းမှာဘဲ အိမ်ရဲ့ တံခါးမကြီးဟာ ဝုန်းခနဲဆို ပွင့်ထွက်သွားပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူရမ်းကားတစ်စု ဝင်ရောက်လာပါတော့တယ်။ 

Silent Night သီချင်းကို ဆိုနေတဲ့ အသံတွေအားလုံး ရုတ်တရက် ရပ်တန့်သွားကြပြီး ဝင်ရောက်လာတဲ့ လူဆိုးတွေကို ထိတ်လန့်တကြား  ကြောင်ပြီး ကြည့်နေမိကြပါတယ်။ မိသားစုဝင်တွေ အားလုံးရဲ့ သီချင်းဆိုသံ ရပ်သွားပေမဲ့ အလယ်မှာ ရှိနေတဲ့ အသံဗူးလေးဆီကတော့ Silent Night တီးလုံးသံလေးက ဆက်လက် ထွက်ပေါ်နေပါတယ်။ ဘယ်သူကမှ လှုပ်ရှားဖို့ သတိမရကြဘဲ အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မှာကို  သိလိုက်ကြတာမို့လည်း ကြောက်မက် ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။ မဖိတ်ခေါ်ဘဲ ရုတ်တရက် ဝင်ရောက်လာတဲ့ လက်နက်ကိုင် လူဆိုးတွေနဲ့ အိမ်သားတွေကြားမှာ ဘယ်သူကမှ ရုတ်တရက် အသံမထွက်လာပေမဲ့ အစောက သံပတ်ပေးဖွင့်ထားခဲ့တဲ့ Silent Night တီးလုံးသံလေးက လွှင့်ပျံထွက်ပေါ်နေပေမဲ့ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဘယ်သူကမှ ပိတ်လိုက်ဖို့လည်း သတိမရခဲ့ကြပါဘူး။

လူဆိုးတွေထံကလည်း အသံမထွက်လာဘဲ တီးလုံးသံလေးထွက်လာရာ အသံဗူးလေးနဲ့ ခရစ္စမတ် သစ်ပင်ကိုကြည့်လိုက် ၊ မိသားစုဝင်တွေကို ကြည့်လိုက်နဲ့ ခေတ္တကြည့်နေပြီးတော့မှ ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ လူဆိုးတစ်ဖွဲ့လုံးဟာ ပြန်လည် ထွက်ခွာသွားကြပြီး တံခါးကို ပြန်ပိတ်ပေးသွားခဲ့ကြပါတယ်။ အိုး တကယ်လဲ အဲဒီအဖြစ်အပျက်ဟာ သိပ်ကို ထူးဆန်းဖွယ်ကောင်းတဲ့ ခရစ္စမတ်အကြိုနေ့ပါဘဲ။ အဖေ့အတွက် တစ်သက်လုံး မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်ခဲ့ရသလို အဖေပြန်ပြောပြလို့ သိလာရတဲ့ ကျွန်မတို့အတွက်လည်း အဖေတို့မိသားစုကို သေတွင်းကနေ ကယ်တင်ခြင်း ခံခဲ့ရတဲ့ အဲဒီနေ့ကို ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အဲဒီအချိန်တုန်းက အဖေတို့မိသားစု ခရစ္စမတ်အကြိုနေ့မှာ ဖွင့်ခဲ့တဲ့ အသံဗူးလေးဟာ ခုဆိုရင် ကျွန်မရဲ့ လက်ထဲမှာ ရောက်နေပါပြီ။ ကျွန်မတို့ မိသားစုရဲ့ အမှတ်တရ ပစ္စည်းလည်း ဖြစ်တာကြောင့် အမြတ်တနိုး သိမ်းဆည်းထားခဲ့ကြတာမို့ ဒီဗူး ကလေးဟာ ဟောင်းနွမ်း လို့ နေပေမဲ့ ခုချိန်ထိ အသံကောင်းကောင်း ထွက်ပါသေးတယ်။ အထဲက စက် ကိရိယာတွေ မပျက်စီးသေးပါဘူး။ ကျွန်မတို့ မိသားစုအတွက်တော့ ဒီအသံဗူးလေးဟာ အလွန်တန်ဖိုး ကြီးမားလှတဲ့ ခရစ္စမတ် လက်ဆောင်လေးတစ်ခုဘဲ မဟုတ်ပါလား။


Katherine Kehler  ရဲ့ An Awesome Christmas Eve ကို ဘာသာပြန်ပါသည်။ 

              **************************@@@******************************


ခရစ္စမတ်ပန်း


Image Hosted by PicturePush - Photo Sharing

 ခရစ္စမတ်ပန်း( Poinsettia)


နိုင်ငံ အသီးသီးကလူတွေဟာ ခရစ္စမတ်ရောက်တော့မှာမို့ ရက်ရှည် အားလပ်ရက်တွေ၊ ခွင့်ရက်တွေ၊ ဘောနပ်စ်တွေ ရပြီး ပျော်တဲ့ သူတွေက ပျော်၊ ခရီးထွက်တဲ့သူတွေက ထွက်နဲ့ လူတိုင်းလူတိုင်း စိတ် လှုပ်ရှားနေကြတာ ကြည့်ရတာနဲ့တင် ပျော်ရွှင်ကြည်နူးဖို့ ကောင်းပါတယ်နော်။ ဒီလို ခရစ္စမတ်ကာလမှာ ခရစ္စမတ်နဲ့ ဆိုင်တဲ့ ပန်းတစ်မျိုးအကြောင်း ပြောပြ ချင်ပါတယ်။ ခုလို ရာသီချိန်ခါ မှာတော့ နေရာအနှံ့မှာ ထင်ထင်ရှားရှား တွေ့ရတဲ့ ပန်းတစ်မျိုးကတော့ ရဲရဲနီတဲ့ အရောင် အဆင်းနဲ့ နေရာတိုင်းမှာ တွေ့ရပြီဖြစ်တဲ့ ခရစ္စမတ်ပန်းဖြစ်ပါတယ်။ အခြား ဘယ်လိုနာမည်မျိုး ရှိသေးလဲမသိပေမဲ့ ကျွန်မတို့ကတော့ ခရစ္စမတ်ရာသီမှာ အစွမ်းကုန် နီရဲတောက်ပနေလို့ အဲဒီပန်းကို ခရစ္စမတ် ပန်းလို့ဘဲ ခေါ်ပါတယ်။ အခြားအမည်များ ရှိရင် ကော်မန့်မှာ ရေးသွားပေးလို့ ရပါတယ်နော်။ ပြီးတော့လည်း ခရစ္စမတ်ကျင်းပတဲ့ အခမ်းအနားတွေမှာ မပါမပြီးတဲ့ ပန်းလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို Poinsettia လို့ ခေါ်တဲ့ ခရစ္စမတ်ပန်းပင်ဟာ တကယ်တမ်းတော့ နီရဲနေတဲ့အပိုင်းဟာ အပွင့် မဟုတ်ဘဲ အရွက်တွေသာ ဖြစ်ပါတယ်။ 


အပင်ကြီးမဟုတ်ဘဲ ခပ်နိမ့်နိမ့် အပင်မျိုးဖြစ်တဲ့ ခရစ္စမတ်ပန်းပင်ဟာ အမြင့် ၂ပေကနေ ၁၆ပေထိ မြင့်နိုင်ပါတယ်။ အရွက်ဟာ အနည်းငယ် ရှည်သော အမျိုးအစားဖြစ်ပြီး ၃လက်မကနေ ၆လက်မ အထိရှည်ပြီး အစိမ်းရင့်ရောင် ရှိပါတယ်။ ဒီဇင်ဘာလလို ဆောင်းရာသီမျိုးမှာ ထိပ်ဖျားပိုင်း အရွက်နုတွေဟာ ရဲရဲနီလာတတ်ပြီး အများအားဖြင့် အနီရဲရဲရောင်သာ ဖြစ်သော်လည်း လိမ္မော်ရောင်၊ အဝါဖျော့၊ အစိမ်းဖျော့ရောင်၊ ခရင်မ်ရောင်၊ ပန်းနုရောင်၊ အဖြူရောင် တို့ကိုလည်း တွေ့ရတတ်ပါတယ်။ အပင်ရဲ့ မူလ အရွက်စိမ်းနဲ့ မတူတော့တဲ့ အရောင်တွေကြားမှာ အပွင့်သေးသေး ဝါဝါလေးများကို မထင်မရှား တွေ့ရနိုင်ပါတယ်။ ခရစ္စမတ်ပန်းပင်ရဲ့ မူလဇာတိဟာ မက္ကဆီကိုဖြစ်ပြီး သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့ရသော်လည်း ယခုခေတ် အခါမှာတော့ နေအိမ်များ၊ ပန်းခြံများ၊ ဟိုတယ်နဲ့ ဧည့်ခမ်းဆောင်များ၊ ဥယျာဉ်ခြံကြီးများမှာ အလှပင်အဖြစ် အမြတ်တနိုး စိုက်ပျိုးလာကြသလို ခရစ္စမတ်ရာသီနဲ့ တိုက်ဆိုင်တဲ့အတွက်လည်း ခရစ္စမတ်ပွဲများ ကျင်းပရာမှာလည်း အလှဆင် ထည့်သွင်းကြပါတယ်။



poinsettias



poinsettias

အရောင်စုံခရစ္စမတ်ပန်းပင်များ

photo


photo



photo

photo
ခရစ္စမတ်အမှီရောင်းဝယ်ဖောက်ကားနေကြသူများ


photo

photo
 အဝါဖျော့

photo

photo

 အစိမ်းဖျော့

photo

poinsettias
 ပန်းရောင်


poinsettias
အများဆုံးတွေ့ရတဲ့ အနီရောင် 

photo

poinsettias
ဖြူနီ အရောင်စပ်ကြား

http://0.tqn.com/d/poolandpatio/1/0/5/_/-/-/orangies.jpg
လိမ္မော်


poinsettias

photo

Image Hosted by PicturePush - Photo Sharing

အဖြူရောင်(ခရင်မ်ရောင်)



photo

ခရစ္စမတ်မှာထွန်းညှိတဲ့ ခရစ္စမတ်ပန်းပုံ မီးလုံးများ
Image Hosted by PicturePush - Photo Sharing
ခရစ္စမတ်ကဒ်

Image Hosted by PicturePush - Photo Sharing

photo


photo
 
မက္ကဆီကိုနိုင်ငံနဲ့ ဂွာတီမာလာ တို့မှာတော့ Noche Buena ရယ်လို့ လူသိများပြီး ခရစ္စမတ်အကြို ညနေခင်း လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်နိုင်ငံမှာတော့ Floe de Pascua လို့ခေါ်ပြီး အီစတာပန်းလို့ အဓိပ္ပါယ်ရပါတယ်။ ချီလီနဲ့ ပီရူးမှာတော့ Crown of the Andes ပန်းလို့ လူသိများပါတယ်။ အမေရိကားကိုတော့ ၁၈၂၅ခုနှစ်မှသာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မက္ကဆီကိုဆိုင်ရာ ပထမဦးဆုံး သံအမတ် ဖြစ်သူ Joel Robert Poinsette  က မက္ကဆီကိုမှာ တာဝန်ကျချိန်မှာ အမေရိကန်မှာ မရှိတဲ့ ဒီပန်းမျိုးတွေကို အမေရိကားသို့ ပို့ဆောင်ပေးလိုက်တဲ့အတွက် ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ် စကားပြောနိုင်ငံတွေကတော့ ဒီပန်းကို သူ့အမည်ဖြစ်တဲ့ Poinsetteလို့ ခေါ်ဆိုခဲ့ကြပါတယ်။  ဒီပန်းကို ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ ပန်းလို့ သတ်မှတ်ခဲ့တာကတော့ ၁၆ရာစုကနေ စတင်ခဲ့ပါတယ်။ ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ ပိုစ့်ကဒ်တွေမှာပါ မပါမပြီး ပါဝင်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ မျိုးပွားစိုက်ပျိုးထားတဲ့ ခရစ္စမတ်ပန်းပင် အမျိုးအစား တစ်ရာကျော်ခန့်ကို အမျိုးမျိုးသော အရောင်များဖြင့် ဒေသ အသီးသီးမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။



ချစ်သော မိတ်ဆွေများအားလုံး ခရစ္စမတ်အားလပ်ရက်များမှာ ပျော်ရွှင်အေးချမ်း ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing