ခရီးသွားမှတ်တမ်းတစ်ခုအနေနဲ့ ဆက်လက်ဖော်ပြမဲ့ အကြောင်းအရာက နေပြည်တော် မြို့တော်သစ်ကြီးရဲ့ ဆာဖာရီ ဥယျာဉ်အကြောင်းပဲ ဖြစ်ပါတယ်ရှင်။ ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့ကမှ ဖွင့်လှစ်လိုက်တဲ့ ဆာဖာရီဥယျာဉ်ကြီးထဲမှာ ဘာတွေရှိမလဲလို့ တစေ့တစောင်း လေ့လာ ကြည့်ရှုကြရအောင်လားရှင်။ အောက်မှာတော့ ဥယျာဉ်ကြီးကို ပြုပြင်တည်ဆောက်ထားပုံနဲ့ ဥယျာဉ်ကြီးထဲမှာ ရှိတဲ့ အကောင်တွေကို အတတ်နိုင်ဆုံးတော့ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ကားလမ်းကြောင်းနဲ့ ဝေးတဲ့နေရာ ရောက်နေလို့ မမြင်ခဲ့ရတဲ့ အကောင် တစ်ချို့တလေ ကျန်ခဲ့ပါသေးတယ်။ အားလုံး မစုံလင်တဲ့အတွက်တော့ နားလည်ခွင့်လွှတ်ပေးကြပါနော်။
ကဲ … ဧက ၃၀၀ကျယ်ဝန်းပါတယ်ဆိုတဲ့ နေပြည်တော်ရဲ့ ဆာဖာရီ ဥယျာဉ်ကြီးထဲကို ကျွန်မနဲ့အတူ လျှောက်သွားကြည့်ရအောင်နော်.. ဘာတွေများ ရှိပြီး ဘာတွေများ တွေ့ရမလဲလို့ ပေါ့….
ဆာဖာရီဥယျာဉ်တဲ့
ဒါကတော့ ဆာဖာရီဥယျာဉ်တွင်းသို့ ၀င်မယ်ဆို စစခြင်း ၀င်ရမဲ့ ဂိတ်ဦးဖြစ်ပါတယ်..
ကားပါကင်မှာ ကားထားပြီးတာနဲ့ အထဲကိုရောက်ရင် မြင်ရမဲ့ မြင်ကွင်းတွေကတော့ အောက်က ပုံတွေ အတိုင်း ဖြစ်ပါတယ်။
အထဲကိုရောက်ပြီး ပြင်ဆင်ထားတဲ့ ရှုခင်း
နေရောင်အောက်မှာ
တလူလူလွှင့်နေတာ ဘာအလံတွေလဲ မသိ
ဟိုနားဒီနား လမ်းလျှောက်သွား
ရေပန်းလှလှပပလည်း ရှိလေရဲ့
အနီးကပ်ရိုက်ချက်
အထဲကိုဝင်ရဖို့ စောင့်နေသူများ အတွက် နားနေဆောင်
ကဲလေ အားရပါးရ စောင့်ကြတာပေါ့
ဒီနေရာဟာ ဆာဖရီဥယျာဉ်ရဲ့ အတွင်းထဲကို ၀င်ရောက်ဖို့အတွက် လက်မှတ်ရောင်းချတဲ့နေရာ ဖြစ်သလို ကားလက်မှတ်ဝယ်ဖို့ စောင့်ဆိုင်းနေကြတဲ့ နေရာလည်း ဖြစ်ပါတယ်.. ဥယျာဉ်ကြီးမှာ ကားစုစုပေါင်း လေးစီး ရှိတယ်လို့ ဆိုပါတယ်.. ကားတစ်စီးကို လူ ၂၅ ၂၈ယောက်လောက်သာ စီးခွင့် ရှိပြီး လက်မှတ်တစ်ခါကို ၂၈စောင် (ကားတစ်စီးစာ) စီသာ ရောင်းချပါတယ်.. သူတို့ ဥယျာဉ်က ကားတွေက လွဲလို့ ကိုယ်ပိုင်ကားတွေ ၀င်ရောက်ခွင့်မရှိပါဘူး။ ကျွန်မ ရောက်သွားတဲ့နေ့ဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်လို့လားတော့ မသိပါဘူး။ လူ အင်မတန်များသလို လာတဲ့လူနဲ့ ဥယျာဉ်တွင်း လိုက်ပို့တဲ့ကား အစီးရေ မမျှသလို ဖြစ်နေပါတယ်။ ဒါကြောင့် လက်မှတ်ဝယ်ခွင့်ရဖို့ကို ၃နာရီနီးပါး စောင့်ခဲ့ရပါတယ်။ အထဲကို မ၀င်တော့ဘဲ ပြန်တော့မယ်လို့ စိတ်ကူးမိပေမဲ့ ရောက်လာပြီးမှတော့ မ၀င်ရပဲ အရှုံးပေးပြီး ပြန်သွားတာမျိုး မဖြစ်လိုတာကြောင့် စိတ်ရှည်လက်ရှည် စောင့်ခဲ့ရပါတယ်.. စောင့်နေရင်း ရေဆာတာ မအောင့်နိုင် မအီးနိုင် ဖြစ်ရသေး. ဒါတောင် ဒီအချိန်မို့ပေဘဲ. မတ်၊ ဧပြီလ လောက်မှာသာ လာမိရင် မတွေးရဲဘူး။
ဘ၀တူ ဒီက စောင့်နေသူ များ
လက်မှတ်ရောင်းသူကို မမြင်ရလောက်အောင် ၀ိုင်းအုံနေကြလေရဲ့.. ဒါတောင် လူနည်းသွားချိန်ရိုက်ထားတာ
ကားဝါကြီးကိုစီးကာရယ်
ဒါကတော့ ဥယျာဉ်တွင်းသို့ ပို့ဆောင်ပေးတဲ့ကားဖြစ်ပါတယ်.. ကားမှန်တွေကို ခုလို သံဇကာကွက်တွေနဲ့ ကာရံထားပြီး မြင်းကျားလိုလို ကျားသစ်လိုလို ခြယ်ထားပါတယ်.. ဘာကျားလဲတော့ မသိ :) ဒီကားဟာ ကိုယ်စီးရမဲ့ကား မဟုတ်သေးပါဘူး ။ အလှည့်မရောက်သေးပါ။ လက်မှက်တောင် ၀ယ်လို့ မရသေးဘူး။ ဒီတော့ ဆက်စောင့်........
ကျေးဇူးကြီးပါပေတယ်.. ၃နာရီနီးပါးစောင့်ရပြီးချိန်မှာ အထဲဝင်ဖို့ လက်မှတ်ရပါပြီ။
ဥယျာဉ်တွင်းထဲသို့ ၀င်ရောက်ဖို့ဆိုရင် ကားစီးဖို့ လက်မှတ်ခ လူကြီးလက်မှတ် တစ်စောင် ၁၀၀၀၊ ဥယျာဉ်ထဲဝင်ခ ၁၀၀၀ လူတစ်ယောက်ကို ၂၀၀၀ ကျသင့်ပါတယ်.. ကလေးလက်မှတ်ဆို ၅၀၀တဲ့။ ဒီတော့ ၅၀၀ သက်သာလည်း နည်းလားဆိုပြီး “ကျွန်မအတွက် ကလေးလက်မှတ် ၀ယ်ရင် ရမလားလို့ ” လက်မှတ်ရောင်းတဲ့ သူတွေကိုမေးတော့ “အစ်မက သူငယ်ပြန်နေပြီလား” တဲ့ ပြန်ပြောတယ် .. ဟင်းဟင်း ပြောစရာလားနော်.. ခုမှ ၁၆နှစ် ပါဆို။ ၁၆နှစ်က ကလေးမဟုတ်ဘူးလားလို့ :) ပြောင်းပြန်မဖတ်ကြေး ...
ဟော... ဒါ ကိုယ်တွေ စီးရမဲ့ကားတဲ့..
ကဲ .. ဓာတ်ပုံရိုက်လို့လွယ်တဲ့ ပြူတင်းဘေးနား နေရာရအောင် မြန်မြန်တက်ကြစို့
ကားစထွက်ပါပြီ
အကောင်ဗလောင် တိရိစ္ဆာန်တွေပုံကို အောက်မှာ ဆက်လက်ကြည့်ရှုပါရန်..
ကွန်ကရိလမ်းတွေ ခင်းထားပါသေးတယ်.
ဥယျာဉ်တွင်းမှာ အာရှပြကွက်၊ အာဖရိကပြကွက်၊ သြစတေးလျပြကွက်ဆိုပြီး အပိုင်း၃မျိုး ရှိပြီး သု့အပိုင်းနဲ့သူ သူ့ဒေသမှာ ရှိတတ်တဲ့ အကောင်တွေကို ခွဲခြားပြသထားပါတယ်. ဒါပေမဲ့ ကိုယ်တိုင်ကတော့ ဓာတ်ပုံရိုက်ဖို့သာ ပြင်နေရတာနဲ့ ဘယ်အကောင်က ဘယ်ပြကွက်ကရယ်လို့ မမှတ်မိတော့တာကြောင့် အစဉ်လိုက် မဖြစ်ဖို့ များပါတယ်.. ခွင့်လွှတ်ပါ။ တွေ့တဲ့အကောင်ကနေ စပြီး ကြည့်ရှုရအောင်နော်..
ဟိုမှာ စုစု စုစုနဲ့ ဘာလုပ်နေကြတာပါလိမ့်။
မြင်နေရတဲ့ အကောင်တွေက သမင်တွေထင်ရဲ့.. ကိုယ့်ဟာကို မမှတ်မိတော့ဘူး.. မျက်လုံးပြူးပြီးသာ သေချာ ကြည့်သွားကြပါကုန် :)
အကောင်တွေ ရှိတဲ့နေရာရောက်ရင် ကားမောင်းသူက ကားကို ခေတ္တခဏ ရပ်ပေးပါတယ်.. အဲမှာ ဓာတ်ပုံရိုက်လို့ရပါတယ်.. ဒါပေမဲ့ ခပ်လှမ်းလှမ်းရောက်နေရင်တော့ ရိုက်ရတာ ဝေးတဲ့အတွက် ပုံတွေက မထင်မရှားဖြစ်ပါတယ်.. သံဇကာကွက်ကနေ ရိုက်ရတာဖြစ်လို့ ဓာတ်ပုံရိုက်ဖို့ခက်ပါတယ်..
ဒါတော့ သမင်ဆိုတာ သေချာပါတယ်။။
အမောက်လေးထောင်လို့.... အဲ ဟုတ်ပေါင် ချိုကလေးထောင်လို့ အင်းလေ သူလဲ နေပြည်တော်ရောက် သမင်ပေကိုး
ကဲလေ.. နားနားနေနေ နေကြပေါ့
ခြင်္သေ့တွေတဲ့.. သူတို့လဲ နေပူတော် အဲလေ နေပူတော့ အေးအေးလူလူ အရိပ်အောက် နေချင်ရှာပေမပေါ့
ပုံစံကိုက ဘာမထီဟန်နဲ့.. အေးလေ သူလဲ နေပြည်တော်ရောက် ခြင်္သေ့ဆိုတော့ မာနကြီးပေမပေါ့ :)
“ဘာမှတ်သလဲ ငါကွ.. ပစ်ထည့်လိုက်ရမလား။” အဲ ဟုတ်ပေါင် ယောင်လို့ “ကိုက်ထည့်လိုက်ရမလား” တဲ့ ကြိမ်းဝါး နေလေရဲ့...
ဥယျာဉ်ကြီးမှာ ခြင်္သေ့၊ သမင်၊ မြင်းကျား၊ ငှက်ကုလားအုတ် စသဖြင့် အကောင်တွေကို ကျယ်ပြန့်တဲ့ ခြံကြီးထဲမှာ ထားရှိပြီး အမျိုးမတူတဲ့ အကောင်တွေကို တစ်ခြံစီ ခွဲခြားထားပါတယ်.. တစ်ခြံနဲ့ တစ်ခြံကိုလည်း ဂိတ်တံခါးများ ထားရှိပြီး တံခါး ၂ထပ် ရှိပါတယ်.. အဲဒီဂိတ်တံခါးတိုင်းမှာ အစောင့်တွေ ရှိပြီး သံဇကာ အထပ်ထပ် ကာရံထားတဲ့ အတွင်းထဲကနေသာ တံခါးဖွင့်ပေးရပါတယ်.. ကားရောက်လာရင် အစောင့်တွေက တံခါးကို ပထမတစ်ထပ်ဖွင့် ပြီးတော့ ဟိုဘက်အကူးအတွက် တစ်ထပ်ပြန်ဖွင့်ပေးရပါတယ်..
ဒီနေရာက တံခါးစောင့်တွေ နေတဲ့နေရာပါ။ ခြင်္သေ့က အစောင့်တွေကို လှည့်ပတ်ခြောင်းနေတယ် ထင်ပါရဲ့။ အစောင့်ကလည်း ကြောက်လို့ဆိုပဲ.. ကြောက်မှာပေါ့လေ သူက ခြင်္သေ့ကိုးးးးးးး
ကားပေါ်မှာ ပါတဲ့ ဥယျာဉ်လုပ်သားတစ်ယောက်က အစာကျွေးဖို့ ခြင်္သေ့ကြီးကို ခေါ်လိုက်တော့ ခြင်္သေ့ကြီးက ရပ်ထားတဲ့ကားဆီ လျှောက်လာပါတယ်..
ပြီးတော့ ကားခေါင်းက လူတွေဆီ ခုလို ရောက်လာပါတော့တယ်
အစောကတော့ မှန်တံခါးကို ဖွင့်ထားပြီး သံဇကာထဲ လက်ထုတ်ပြီး ဓာတ်ပုံရိုက်နေတဲ့ ကျွန်မဟာ ဓာတ်ပုံအမြန်ရိုက်ပြီး မှန်တံခါးကို ကြောက်ကြောက်နဲ့ ဆွဲပိတ်လိုက်ပါတယ်.. တော်ကြာ ခြင်္သေ့က သံဇကာကွက် ကနေ လက်နဲ့ နှိုက်ပြီး မကုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲနော်.. နဂိုက မလှမပ ကိုယ့်မျက်နှာ ခြင်္သေ့လက်သည်းစာမိမှာတော့ အကြောက်သားလေ။ :)
ငှက်ကုလားအုတ်တဲ့လေ
ဒါလည်း ငှက်ကုလားအုတ်
ဒါကတော့ ငယ်ငယ်က သင်ခဲ့ရတဲ့ ဇီးပြား အဲ မှားလို့ ဇီးဘရား ခေါ် မြင်းကျား
သူဘာတွေ စားနေပါလိမ့်..
သမီးက အနံ့ခံကောင်းတယ် ဆိုပဲ..
သူကလည်း ကနွဲ့ကလျနဲ့ပါလား ဂေး မြင်းကျားလားမသိ :)
ကဲဗျာ.. သူက ကျောခိုင်းထားလေတော့ ဘာကောင်မှန်းတောင် မမှတ်မိတော့ဘူး
နွားနောက်ဆိုတာလား မသိဘူး
သံဇကာကြားက ၀ိုးတ၀ါးပေါ့.. ဟုတ်ကဲ့ နွားနောက်ပါတဲ့ သူ့ကိုယ်သူမိတ်ဆက်လေရဲ့...
ဘာကိုမျှော်
လည်ပင်းရှည်အောင် မျှော်တတ်တဲ့ သစ်ကုလားအုတ်တွေပေါ့
သူတို့အနီးတစ်ဝိုက်က စိုက်ထားတဲ့ အပင်တွေကတော့ သူတို့စားတာနဲ့ ကုန်လုနီးနေပြီ.. စားပါ စားပါ ၀အောင်စားကြပါ။
မှန်တံခါးက ၀ိုးတ၀ါးဖြစ်စေခဲ့တယ်.. သူတို့လည်း စားချင်လို့မျှော်နေတာ လည်ပင်းရှည်နေပြီ
ကြံ့ဖြူ ရှိတယ် ဆိုလား.. ဝေးနေတော့ ဘာမှ မမြင်ရပါဘူး။။ မြင်နေရတာလေးဘဲ ဓာတ်ပုံရိုက်လိုက်တယ်..
ဝေးဝေးက လှမ်းမြင်ရတာပါ. နက္ခတာရာ ပြခန်းလို့ပြောတယ် .. ရောက်တော့ မရောက်ခဲ့တော့ဘူး။
ဝင်ရဖို့ စောင့်ရတာ ကြာပေမဲ့ တကယ် လျှောက်ကြည့်ရတော့ အားလုံးပြီးလို့ ၀င်ပေါက်ပြန်ရောက်ဖို့ မိနစ် ၂၀လောက်ဘဲ ကြာပါတယ်.. ဥယျာဉ်ထဲမှာ သားပိုက်ကောင်၊ ဥဒေါင်း စတဲ့အခြားအကောင်တွေ ရှိပါသေးတယ်တဲ့.. ဒါပေမဲ့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ရလို့ ကျန်တဲ့အကောင်တွေကို မဖော်ပြနိုင်တော့ပါဘူး။ ကျားဖြူတို့ပင်ဒါဝက်ဝံတို့ဆိုတာက တိရိစ္ဆာန်ဥယျာဉ်မှာ သီးသန့်ရှိပါတယ်.. ဒီဆာဖာရီ ဥယျာဉ်ထဲမှာ မထားပါဘူး။
ဥယျာဉ်တွင်း စိုက်ပျိုးစ အပင်များ
ဆာဖာရီဆိုတာ တောတွင်းစွန့်စား လှည့်လည်ကြည့်ရှုခြင်း ဖြစ်ပေမဲ့ နေပြည်တော်ကြီးရဲ့ ဆာဖာရီဥယျာဉ်ဟာ အပင်ကြီးတွေ မရှိဘဲ ခြောက်သွေ့နေသေးတာကို တွေ့ရပါတယ် သို့သော်လည်း အပင်တွေ အများအပြား စိုက်ပျိုးထားပြီ ဖြစ်လို့ နောင် နှစ်အနည်းငယ်ကြာရင်တော့ သစ်ပင်တွေ ဝေေ၀ဆာဆာနဲ့ တကယ့်တောတွင်းထဲ လှည့်လှည်ကြည့်ရှုရတဲ့ ခံစားချက်မျိုးကို အမှန်တကယ် ပေးစွမ်းလာနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်.. သစ်ပင်တွေ အမြန်ဆုံးကြီးပါစေလို့ ဆုတောင်း ရမှာပဲလေ။
ဒါဘာကောင်လဲ
ဟုတ်ကဲ့ အပေါ်က မြက်စားနေတဲ့အကောင်က “နေပြည်တော်ကျွဲ ”ပါ.. ဆာဖာရီဥယျာဉ်ကြီးကအပြန် လမ်းဘေးမှာ အေးအေးလူလူ မြက်စားနေတဲ့ ကျွဲကိုတွေ့တော့ ကားမောင်းနေတဲ့သူငယ်ချင်းကို “ကားရပ်ပေးဦး ငါ ဟိုအကောင်ကို ဓာတ်ပုံရိုက်မလို့ ” လို့ပြောလိုက်ပါတယ် ဒီတော့ သူငယ်ချင်းက “ဘာ.. ကျွဲကိုများ ဓာတ်ပုံရိုက်မလို့ဟုတ်လား ” တဲ့ မယုံသလို မေးပါတယ်.. ကျွန်မက “ဟုတ်တယ် တကယ်ရိုက်မလို့” ဆိုပြီး ကင်မရာနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ။ ပြီးတော့ သူငယ်ချင်းကို “မင်းတို့နေပြည်တော်မှာက ထူးထူးဆန်းဆန်းတွေ ရှိတဲ့နေရာဆိုတော့ နေပြည်တော်က ကျွဲကလည်း အထူးအဆန်းဖြစ်နိုင်တယ် ဒီတော့ ငါ ဘလော့ဂ်ပေါ်မှာ နေပြည်တော်ကျွဲ ဆိုပြီး တင်မလို့ ” လို့ ပြောလိုက်တယ်လေ ။ ချစ်သော စာဖတ်သူ မိတ်ဆွေများ နေပြည်တော်က ကျွဲကို မမြင်ဖူးရင် အားပေးသွားကြပါဦးလို့... :)
မှတ်ချက်။ ။ ကင်မရာ ၂ခုနဲ့ ရိုက်လာတဲ့ပုံတွေကို စုပြီး တင်ရတာဖြစ်လို့ ပုံတွေရဲ့ အရောင်တွေက မတူညီဘဲ လင်းလိုက် မှိန်လိုက် ဖြစ်နေပါတယ်.. ဒါကိုလည်း ခွင့်လွှတ်ကြပါရှင်. စိတ်ရှည်လိုက်ရှည် နေရာအနှံ့လိုက်ပို့ပေးသော သူငယ်ချင်းကို ကျေးဇူးအထူးတင်ပါကြောင်းနဲ့ ချစ်သော စာဖတ်သူ မိတ်ဆွေများ၊ မရောက်သေးသူများအတွက် ဒေသန္တရ ဗဟုသုတ အလို့ငှာ မျှဝေခြင်း ဖြစ်ပါကြောင်း.....
လေးစားချစ်ခင်စွာဖြင့်























































41 comments:
ဆာဖါရီထိတော့ရောက်ဖူးပီ..ဟိုကျားဖြူတို့..(အကောင်
နော်)ပင်ကွင်းတို့..ပန်ဒါဝက်ဝံတို့ကရော..ရောက်ခဲ့သေးလား..အဲဒါတစ်ခြားဥယာဉ်လား...ခုတော့နေပြည်တော်
မရောက်ဘူးရင်တောသားဖြစ်နေတော့သပေါ့နော်...
:(
အိုး.. နေပူတော်ဥယျာဉ်ကြီးမှာ အကောင်တွေ များသား..
သူလာနေပြီဆိုတာလေးကြိုက်တယ်...
မြင်းကျားခင်များ အစ်မနဲ့ တွေ့ မှ ဂေးမြင်းကျားဖြစ်ရရှာလေတယ်.... သနားပါတယ်.. မြင်းကျားမ ဖြစ်မှာပေါ့အစ်မရယ်...
ဟုတ်ကဲ့ပါ ကျမ နွားနောက်ပါရှင် တဲ့ အဲ့ဒါလဲ မိုက်တယ်...
သစ်ကုလားအုတ်တွေကိုတော့သနားပါတယ်... သူတို့ ခင်မျာ အပင်မြင့်မြင့်မရှိလေတော့ ခေါင်းငုံ့ ငုံ့  ပြီးစားနေရမှာ ဇတ်ကြော တက်လောက်တယ်.. ငယ်ငယ်ရွယ်ရွယ် နဲ့  လည်ပင်းရိုး ကျီးပေါင်းတက်မယ်...
နောက်ဆုံးမှာတော့ လူယုတ်ကြီးတွေ တွေ့  ခဲ့၇တယ်ပေါ့... လူအရုပ်ကြီးတွေလေ...
အဟီး... ဘွာတေး... တားတားပါဝူး
ခြင်္သေ့က မချောကိုလှမ်းကြည့်တယ်
အဲ နေပူတော့ကို စာလုံးမှားလိုက်သေးတယ်
အဲ ...
လာပီ ...
ခြင်္သေက ပိန်တယ်နော် .. သနားပါတယ် ...
အဲ ကြောက်စရာ ခြင်္သေ့ကကားဆီလာတယ် .. မချောကိုလာရှာတာများလား ..
မြင်းကျားလေးတွေလှလိုက်တာ ..
နောက်ကျောပေးထားတဲ့ နွားကို နွားနောက်ဟုခေါ်သည်၊
ကစ်သလားအုပ် ...
ကျွဲတောင်မှ နေရောင်မိလွန်းလို့ အသားအညိုရောင်ဖြစ်နေပီ၊
ဓါတ်ပုံတွေမှာ တစ်ခုက ရုပ်ရှင်ကာလာ တစ်ခုက ဗီဒီယိုကာလာ အရသာနှစ်မျိုးရတယ်၊
နေပူတာကြီးမကြိုက်တော့ အပင်တွေကြီးမှသွားလည်တော့တယ်၊ အဲဒီအထိ ကိုယ်က အသက်မှရှည်ပါ့မလားပဲ
မချောရော ဆာဖာရီထဲ အလည်ခေါ်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ချစ်တဲ့
အဲလောက်အကြာကြီးစောင့်ရပြီး ဘာမှလဲ သိပ်မရှိဘူးနော်။ အထဲမှာ ခြောက်ကပ်နေတာပဲ။ တိရစ္ဆာန်လေးတွေ သနားဖို့ ကောင်းလိုက်တာ။
ဝင်ကြေး+ ကားခ စုစုပေါင်း ၂၀၀၀ ဆိုတော့ ဒီက Safari park နဲ့ ယှဉ်ရင် ဈေးသက်သာတယ် ဆိုရမယ်။ အမတို့နားက West Midlands Safari park က လူကြီးဆို ၁၃.၉၉ ပေါင် ပေးရတယ်။ ၁၄ ပေါင်ပဲ ဆိုပါတော့။ သွားကြည့်ချင်နေတာ ခုထိ မရောက်ဖူးသေးဘူး။
နေပူတော် ဆာဖာရီကတော့ တောင်ကတုံးရယ် လွင်တီးခေါင်မှာ အပင်ကျိုးကျဲနဲ့ မြက်လဲမပေါက် နေကလဲ ပူလိုက်မယ့် ဖြစ်ခြင်း။
ကျားကြီးမတ်တပ်ရပ်နေတာကို ရအောင်ရိုက်နိုင်တာ တော်လိုက်တာ။
ငှက်ကုလားအုပ်ကတော့ အမွှေးစုတ်စုတ်နဲ့ အပူမိနေသလိုပဲ။
မြင်းကျားခမျာမှာလဲ မရှိတဲ့မြက်ကို အတင်းနှုတ်ပြီး စားနေရရှာတယ်။
ကနွဲ့ကလျမြင်းကျားကတော့ မော်ဒယ်တွေကို အားကျလို့နေမှာနော် ... ချောက ဂေးလို့ ပြောတော့ အထီးများလား မသိဘူး ... အင်းးး ...
သစ်ကုလားအုပ်တွေလဲ လည်တံရှည်ပေမဲ့ အပင်မြင့်မြင့်မှာ စားစရာမရှိတော့ မြေပေါ်ကအပင် လေးတွေပဲ ဦးညွှတ်ပြီး စားနေရတာ လည်ပင်း ညောင်းရော့မယ်။
အင်း ... နေပူတော်ကျွဲကို ကြည့်ပြီး ဆင်ပိန်ကျွဲ လောက်ရှိတယ် ဆိုတဲ့ စကား သွားသတိရတယ်။ ကျွဲပိန်တော့ ဆိတ် ... ပေါ့ ... ။ သူလဲ ဆိတ်သာသာရယ်။
ကြည့်ရတာ ဖုန်းဆိုးမြေရိုင်းကို ကမန်းကတန်း ပြုပြင်ပြီး ဥယျာဉ် လုပ်ထားသလိုပဲ။ သေချာ အချိန်ယူ ပြင်ဆင်ပြီးမှ တိရစ္ဆာန်တွေကို ထားပြီး အများပြည်သူ ကြည့်ရှုဖို့ ဖွင့်လှစ်ရင် သွားကြည့်တဲ့လူတွေရော တိရစ္ဆာန်တွေပါ ဒုက္ခရောက်မှာ မဟုတ်ဘူး။
ခုတော့ ပင်ပန်းနေကြမယ့် အားလုံးကိုပဲ သနားနေမိတယ်။
အင်း..ဟုတ်ပါ့..တိရစ္ဆာန်လေးတွေ ကြည့်ပြီး..သနားလိုက်တာ..ဘာမှမရှိတဲ့ လွင်တီးခေါင်မှာ..ကမန်းကတမ်းအဖြစ်လုပ်ထားတာပဲ၊ လူတွေနားနေဖို့လဲ ထိုင်ခုံမရှိ..ရေသောက်ဖို့တောင် အအေးရောင်းစက်လေးတောင် မထားနိုင်..ဒါနဲ့များ..ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောနေသေး.. လူတွေပိုက်ဆံပေးပြီးဒုက္ခလာခံကြရသလိုပဲ..ဘကျောက်တို့ဆီက park တွေနဲ့ ဝင်ကြေးကွာသလို....ပေးနိုင်တဲ့ entertainment ကလဲကွာပေမပေါ့..ဒါပေမဲ့လဲ ကိုယ့်မှာဘာမှမဟုတ်ပဲ လေကြီးမိုးကြီတွေ လျောက်ကြွားပြောနေတာတော့ လူရီစရာဖြစ်နေတာပေါ..
ကိုယ်လဲအဲလို လှောင်ခံရပြီးပြစားခံရရင်ဒုက္ခ၊ နေပူပူ အပင်နည်းနည်း အရိပ်ကျဲကျဲမှာ နောက်တော့ဖြစ်လာမှာပေါ့၊ ဘလော့ဂါတွေကို ဆာဖါရီလုပ်ပြီး ပြစားရမယ်၊….ဒါကတော့ အမေရိကားက.. ဒါကတော့စလုံးက….း)
ကျေးဇူးဘဲသိလား..
မရောက်ဖူးသေးပေမယ့် ပုံလေးတွေကြည့်ရတာ တော်တော် ကျေနပ်တယ်..
စာက ပိုရီရတယ်.. ဟားဟား
မရောက်ဖူးသေးဘူး.. ပုံလေးတွေကြည့်ရတာ သွားချင်သွားပြီ..
သွားချင်ဘူး စောင့်ရတယ်ဆိုရင်ပဲ စိတ်ညစ်နေပြီ။
ကြည့်ရတာ နေအရမ်းပူတယ်။
အကောင်တွေကို သနားတယ် သူတို့တော်တော်ပူရှာမှာပဲနော်။
ရောက်ဖူးသေးဘူး။ ကျေးဇူး။ နေပြည်တော်ကျွဲ ကိုတော့ သေချာကြည့်သွားတယ်
ဟူးးးးးးး.....ကိုယ်တိုင်တောင်သွားမကြည့်ရသေးဘူး....
ဓါတ်ပုံတွေကြည့်ရုံနဲ့တင် ပူစပ်ပူလောင်ဖြစ်သွားတယ်း((
ဒီကဓာတ်ပုံတွေကြည့်ရတာနဲ့တင် သွားဖို့မလိုတော့ဘူး ။
ဂလောက်ဆို နေပီတော် ဆာဖာရီ ဆိုတာ သိပြီ ။
နောက် ၅ နှစ်ကျော်လောက်မှ သွားဖို့ စဉ်းစားတော့မယ် ။
ကင်မရာမင်း အစားချွေးပျံသွားတယ် ။ ပူထှာ ။ အဟေးဟေး ။
ကိုရင်ညိန်း
နေတော်တော်ပူမယ့်ပုံပဲ .....
အမဘလော့ဂ်ကနေဘဲ မြန်မာပြည်အနှံ့ လျှောက်လည်တော့မယ် :)
အစ်မချောရေ... နေပူတော် တိရစ္ဆာန်ရုံ အစ်မနဲ့ အတူ လျှောက်လည် လိုက်ပြီ။ ရို့စ် အကောင်လေးတွေ သွားကြည့်ရတာ ကြိုက်တယ်။ ဒါပေမယ့် ဒီ နေပူတော်ကတော့ ခြောက်ကပ်ကပ်ကြီးနော်။ ခြင်္သေ့ကလည်း ပိန်လိုက်တာ။ အကောင်လေးတွေ အားလုံး အစာ ရေစာ မ၀ကြသလိုပဲနော်။ မျှဝေပေးတာ ကျေးဇူးတင်၏။
၃ နာရီနီးပါး စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ရိုက်လာတဲ့ပုံတွေ အခုလို မျှဝေပေးတာ ကျေးဇူးပါ မချောရေ...၊
ကားပေါ် ပတပ်ရပ်နေတဲ့ ခြင်္သေ့ကို စွန့်စွန့်စားစား လက်ထုတ်ပြီး ရိုက်လာတဲ့ပုံ အရမ်းကောင်းတယ်..၊ နောက်ဆုံးပိတ် ကျွဲကို ဓါတ်ပုံရိုက်ပြီး တင်လိုက်တဲ့ ဟာသ အိုင်ဒီယာလေးကို ကြိုက်တယ်၊ တိရစ္ဆာန်လေး တွေကို သနားလို့ အပင်တွေ အမြန်ဆုံး ကြီးလာဖို့ပဲ မျှော်လင့်ပါတယ်..။
မချောတစ်ယောက် စိတ်ရှည်လက်ရှည်နဲ့ သည်းခံစောင့်ပြီး ရခဲ့တဲ့ ပုံလေးတွေကို မျှဝေပေးတာ ကျေးဇူးပါ။ မချောဆီကတဆင့် နေပြည်တော် ဆာဖာရီကို ရောက်ဖူးသွားပြီ။
မလေး အကောင်လေးတွေကို ကြည့်သွားပါတယ်ချော..
ကိုယ်တိုင်သွားလိုက်ရသလိုပါဘဲ။ ကျေးဇူးပါဘဲချောရေ။
တော်တော် နာမည်ကြီးနေတဲ့ နေပြည်တော် ခုတခေါက်ပြန်မှ ရောက်အောင်ကို သွားကြည့်လိုက်ဦးမယ်။
ချောရေ လက်မှတ်ရဖို့ စောင့်တဲ့နေရာမှာ ရေသန့်ဗူးလေးဘာလေးတောင် မရောင်းဘူးလား။ တိရိစ္ဆာန်အကောင်တွေကို သနားပါတယ်။ သူတို့ခမျာ နေပူတော် အဲ ဟုတ်ပေါင် စကားမပီလို့ နေပြည်တော်နော် နေပြည်တော်ကန္တာရထဲ(သဲကန္တာရ)မှာ သိမ်းထားခံရတော့ ပူနေကြမှာပေါ့။ နေပူထဲအညောင်းခံပြီး ဓာတ်ပုံရိုက်ပေးတဲ့ ချောကို ကျေးဇူးတင်တယ်။ ဓာတ်ပုံနဲ့စာကို တွဲကြည့်ပြီးတဲ့အခါ တစ်ဝက်ရောက်ဖူးသလိုမျိုး ခံစားရပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ...
မချော (အစိမ်းရောင်လွင်ပြင်) ရိုက်ပြတဲ့
နေပြည်တော်(တိရစ္ဆာန်ဥယျာဉ်)ကို သေချာကြည့်သွားတယ်.. ကျေးဇူးပါအစ်မ
နေပြည်တော်မှာ တိရိစ္တန်တွေ များကြီးနော်..ရှားပါ သတ္တ၀ါတွေရှိတာ ဂုဏ်ယူစရာပဲ
နေပြည်တော်ကို မရောကဖူးသေးဘူး...
မချောဆီကနေ တဆင့် ရောက်ဖူးသွားပြီ...။
အဟဲ .. ကွန်မန့်တွေ ပြန်လာဖတ်ကြည့်မှပဲ ကိုယ်ရေးတဲ့ ကွန်မန့်မှာ ခြင်္သေ့နဲ့ ကျား မှားရေးမိပါလားလို့ တွေ့တော့တယ်။ အဲဒီလောက်တောင် ကျားကို စိတ်ထဲစွဲနေတာ .. ဟီးး :))
ပုံ
ကျားခင်စိန်
“အစ်မက သူငယ်ပြန်နေပြီလား” .. မေးတဲ့သူကလည်း မေးတတ်ပါပေတယ် ..း))
ချာပါတီတွေ လုပ်ထားတဲ့ ဆာဖါရီ ဆိုတာကြီးကိုတော့ ၊ စိတ်ကူးထဲမှာတင် လန့် ပါတယ် ။ မြန်မာဆန်ချင်လွန်းလို့  ကြိုးကြီးချိတ် တွေ ပြန်ဝတ်နေကြသူများက ဘာလို့ များ
“ ဆာဖါရီ ” ဆိုတဲ့ အမည်နာမကို ယူပြီးသုံးစွဲနေကြတာပါလိမ့် ...
သနားတယ် ။ လူတွေ ရော ၊ သတ္တဝါ တွေ ရော..
ပွဲကြိုက်သူ ဒီလူတွေကတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာ ကြတာ ကိုး...း))) ။
hahahahahha nice 1
ရောက်သွားပြီ နေပြည်တော် ဆာဖာရီ.
နေတော့ တော်တော်ပူတာပဲ...
ကြည့်ရတာနဲ့တင် ချွေးပြန်တယ်..
ဒါပေမယ့် မြန်မာပြည်ပြန်ချင်တယ်..
သူငယ်ချင်းတွေကို လွမ်းတယ်...
သင်္ကြန်အမှီပြန်ကဲ ကောင်းမလား
စဉ်းစားတုန်း..ဟဲဟဲ
“ဘာမှတ်သလဲ ငါကွ.. ပစ်ထည့်လိုက်ရမလား။” အဲ ဟုတ်ပေါင် ယောင်လို့ “ကိုက်ထည့်လိုက်ရမလား” တဲ့ ကြိမ်းဝါး နေလေရဲ့... /
အဲဒီလို အရွှန်းဖောက်ထားတာလေးက
ဆာဖာရီထက်တောင် ဆွဲဆောင်သေး။
ဒါပေမယ့် ဘာရမလဲ..ဒေါ်ချောလို လူကြုံကောင်းရှိတုန်း နောက်ကနေ မသိမသာ
အမြီးဆွဲလိုက် အဲ..လေ အိတ်ဆွဲလိုက်ခဲ့ပေါ့။
ခြင်္သေ့ကြီးကိုက်ရင်တော့ ဒေါ်ချောတာဝန်ယူပေးနော်.။:P
အဆုံးသတ်မှာ ကျွဲကို တဖွဲ့တနွဲ့ တင်စားပြသွားတာလေး လွှတ်သဘောကျ။
ကြည့်ရတာ အဲဒီကျွဲလည်း gay လားပဲနော်။:p
ဓါတ်ပုံတွေကြည့်ရလို့ကျေးဇူးပါ...
ဥယျာဉ်ကအရမ်းခြောက်သွေ့နေတယ်နော်...ဒီပုံအတိုင်းဆိုအားလုံးမကြာခင် ကိစ္စချောကုန်မယ်ထင်တယ်
ခြင်္သေ့ပုံက တကယ်ခုန်အုပ်မယ့်ရုပ်နော်။
သတ္တဝါလေးတွေ ဆာဖာရီရောက်တာဟုတ်ပဲ ..ဟိုအိုင်ရောက်တယ်များထင်နေမလားပဲနော်။
သနားပါတယ် သူတို့မှာ ပူကပူနဲ့
အစာက ရှားသနဲ့
ဖေါ်ကွာဝေးသနဲ့ ...
ဓါတ်ပုံတွေနဲ့ရောက်ဖူးသွားပြီ။
မမ နောက်တစ်ခါ သံဇကာထဲကနေ လက်မထုတ်လိုက်ပါနဲ့နော်။ အဲလိုဓါတ်ပုံမကြည့်ရလည်းနေပါစေ။ စိတ်ပူစရာကြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဘယ်နေရာမှာပဲ ရှိရှိပါလေ။ ကိုယ့်နိင်ငံမှာ ဒါတွေရှိတာတော့ ကြံဖန်ဂုဏ်ယူရမှာပဲ။
ဒီလိုအကုန်ခံမလုပ်လည်း ဘဏ္ဍာငွေက တခြားနေရာ ရောက်မှာပဲ ဆိုတော့ တည်ဆောက်ထားတာပဲ တော်ပါသေးတယ် ပြောရမယ်။
သမီးကတော့ သစ်ကုလားအုတ် အပင်တွေစားနေတာ တွေ့ခဲ့ပါတယ် ဓါတ်ပုံတွေလည်းရိုက်ခဲ့ပါတယ် ။အထူးသဖြင့် မြင်းကျားတွေရဲ့ဖင်တွေကိုပေါ့။ အစ်မ ရဲ့web page ကိုလည်းကြိုက်တယ်။အစ်မပြောတဲ့ ဆာဖာရီ ကိုလည်းတွေ့တယ်။
မြန်မာပြည်မပြန်သေးခင်မှာပဲ ကြိုပြီးမြင်တွေ့ ခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ့။
thanks
အတော်ပဲ...ဒီလကုန်ခါနီးမှာ နေပြည်တော် အလည်သွားမလို့...ကြိုကြည့်သွားလိုက်တယ်...အင်း ကျောင်းပိတ်ရက်ဆိုတော့ လေးနာရီလောက်များစောင့်ရမလားမသိ...အိုး...နေပူပူ အပင်မရှိရှိ...ဘာဆိုဘာမှ မရှိတဲ့ဒေသမှာ လေးငါးနှစ်ကြာအောင် နေခဲ့ရတဲ့သူအတွက်တော့ သုခဘုံပါလေ...အညာသွားတယ်ဆိုမှတော့ နေပူခံဖို့ အသင့်ပြင်ထားပြီးသားမို့ အေးဆေးပါ...ဓာတ်ပုံကောင်းလေးတွေအတွက် ကျေးဇူးတင်ပါရဲ့...
သွားတော့သွားချင်တယ်
ဟီးးးးးးးးးးဒါပေမဲ့ မစောင့်ချင်ဘူးးးစောင့်ရတဲ့အလုပ်ကစိတ်အပျက်ဆုံးပဲ............
မမချောကို ကျေးဇူးတင်ပါတယ် ခုလို တင်ူပပေးတဲ အတွက်
လာရောက် ကြည့်ရှုသွားပါတယ်..။ မရောက်ဖူးတဲ့နေရာ ကြည့်ခွင့်ရ၊ သိခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်...။
ခြင်္သေ့တွေ ရှိတဲ့နေရာမှာတော့ ကားတံခါးဖွင့် ဓာတ်ပုံရိုက်တာ အန္တရာယ်တော့ ကြီးတယ်နော်..။ ကျွန်တော်တို့ နေတဲ့ နိုင်ငံမှာ တခါဖြစ်ဖူးလို့..။ ဘာပဲဖြစ်ဖြစ် ခဏတာ ကိုယ့်တိုင်းပြည်မြင်ကွင်းတွေ ပြန်ကြည့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ...
လေးစားလျှက်
အဲဒီနေရာလေးကို တကယ်ကို ရောက်သွားတယ်လို့ ခံစားရလောက်အောင်ကို. ရေးသားဖော်ပြပေးသွားတာလေး တွေ က ပီပြင်လိုက်တာဗျာ...
ကျေးဇူးကမ္ဘာပါ....
ဥယျာဉ်ကြီးသို့ အလည်ပို့ပေးတာ ကျေးဇူးပါရှင်
Post a Comment