Wednesday, March 02, 2011

ပျော်ပျော်နေပါ သူငယ်ချင်း..



“ပျော်ပျော်နေပါ” တဲ့..  စကားလေးက သိပ်ကို ရိုးစင်းလွန်းပါတယ်..  တကယ်တမ်းတော့ ကျွန်မတို့ရဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေကို သူတစ်ပါးက ဖန်တီးပေးနိုင်သလို ကိုယ်တိုင်ကလည်း ဖန်တီးယူနိုင်ပါတယ်.. ဒါပေမဲ့ တကယ်တမ်းတော့ ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်ရွေးချယ်မှုကနေပြီးတော့ ပိုပိုသာသာရနိုင်ပါတယ်.. တကယ်လို့များ သင်ဟာ အရာရာကို အကောင်းဘက်ကသာ ကြည့်မယ် တွေးမယ်ဆိုရင် အမြဲပျော်ရွှင်နေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

ကျွန်မတို့ရဲ့ ဘ၀တွေမှာ လူတိုင်းဟာ နိမ့်မြှင့်တက်ကျ လောကဓံရဲ့ သဘောတရားကို ကြုံတွေ့ကြရမှာပါ။ ကြုံလာတဲ့ အခြေအနေကို ဘယ်လိုရှုမြင် သုံးသပ်မလဲ ဆိုတာတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်.. လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီနိုင်ပါဘူး။ အကောင်းမြင်တတ်သူက လောကကြီးရဲ့ ပျော်ရွှင်မှုကို ပိုပြီး ခံစားရတယ်လို့ ဆိုပါတယ်.။  စကားပုံလေးတစ်ခုတောင် ရှိပါသေးတယ်  “လောကကြီးက ကိုယ့်ကို သံပုရာသီး ပေးလာတဲ့အခါ သံပုရာရည် လုပ်သောက်လိုက်ပါ” ဆိုတဲ့ သိုးဆောင်း စကားပုံလေးပါ။ ဆင်းရဲဒုက္ခနဲ့ ကြုံလာရင် အဲဒီဒုက္ခကို ကြံ့ကြံ့ခံပြီး ကိုယ့်အတွက် ရနိုင်သလောက် သင်ခန်းစာကို ယူသင့်ပါတယ်.. အထူးသဖြင့် စိတ်ဓာတ် အလွယ်တကူ မကျဖို့တော့ လိုအပ်ပါတယ်..

ဘ၀မှာ ဘယ်လိုများ ပျော်ပျော်ရွှင်ရွှင် နေကြမလဲ......


၁. များများပြုံးပါ။ ရယ်မောပါ။ တွေ့တဲ့လူတိုင်းကို ကြည်ကြည်လင်လင် ပြုံးပြနိုင်ဖို့ကြိုးစားပါ။ ပြန်လည်တုံ့ပြန်မှု မရှိသည့်လူ ဖြစ်ပါစေ။ ကိုယ့်အပြုံးကြောင့်တော့ ထိုသူလည်း အနည်းငယ်တော့ ပျော်ရွှင်သွားနိုင်ပါတယ်။ ပြုံးလိုက်မိတဲ့အတွက် ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ၊ တင်းမာနေတဲ့ ကြွက်သားတွေ လျော့သွားစေနိုင်ပါတယ်။ ရယ်မောစရာတွေကို ရှာကြံပြီး အားပါးတရ ရယ်မောပါ။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ကုစားနိုင်တဲ့ အလွယ်ဆုံး နည်းတစ်ခုလည်း ဖြစ်ပါတယ်..


၂. သီချင်းဆိုပါ။  အချို့သူများဟာ စိတ်ညစ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်အတွက် သီချင်တွေ အော်ဆိုတတ်ကြပါတယ်.. ဒါဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်. မယုံရင် သင်ကိုယ်တိုင် စမ်းကြည့်ပါ။ ဒေါသဖြစ်နေလျှင်ဖြစ်စေ ၊ စိတ်ညစ်နေလျှင်ဖြစ်စေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုလိုက်ပါ။ အိမ်မှာ ကာရာအိုကေစက်ရှိလျှင် စက်ဖြင့် ဆိုပါ။ အကယ်၍ မရှိလျှင် ဆိုင်၊ သူငယ်ချင်းအိမ်မှာဆို၊ ဒါမှ အဆင်မပြေရင် ရေချိုးခန်းထဲမှာဆို၊ ဒါမှ အဆင်မပြေဘူး ဆိုရင်တော့ စဉ့်အိုးတစ်လုံးထဲ ခေါင်းစိုက်ပြီးသာ အော်ဆိုပါ. (ပတ်ဝန်းကျင်က မေးရင် အဆိုတော်လုပ်ဖို့ အသံကျင့်နေတယ် ဖြေပေါ့။ လူအထင်ကြီးခံရနည်းလားနော်)  မကြာခင်မှာ သင့် စိတ်ထဲမှာ ခံစားနေတဲ့ ဖိအားတွေ လျော့ပါးလာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်. (ဒီနည်းကတော့ ကျွန်မအတွက် လက်တွေ့မှန်ကန်တဲ့နည်း ဖြစ်ပါတယ်..)


၃. အကောင်းမြင်စိတ်နှင့် အရာရာကို တွေးတောပါ။ ရှုမြင်သုံးသပ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်သူများထံမှ စိတ်နေစိတ်ထား နည်းလမ်းများ ရယူပါ။ ပျော်ရွှင်စွာနေတတ်သူ၊ ဟာသဥာဏ် ရှိသူတို့ဟာ သူတို့ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း ရှိတတ်ကြပါတယ်.. ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ လောကကြီးကို အကောင်းမမြင်၊ အရာရာကို အဆိုးဘက်မှ ပြောဆိုနေသူများထက်၊ အကောင်းမြင်စိတ်နဲ့ ဖြောင်းဖျ ပြောဆိုတတ်သူ၊ မိမိကို ရယ်မောပျော်ရွှင်စေသူတို့ကို ရှာဖွေ ပေါင်းသင်းပါ။


၎. ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ။ လှုပ်ရှား တက်ကြွနေသူများဟာ ပျော်ရွှင်တတ်သူတစ်ယောက် ဖြစ်ဖို့ လွယ်ကူပါတယ်.. သင့်ကို တက်တက်ကြွကြွ လုပ်ရှားစေမဲ့ အားကစားလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ အစုအဖွဲ့များဖြင့် လူမှုရေး လုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ခြင်း၊ သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံ သွားလာခြင်း၊ ချက်ပြုတ်စားသောက်ခြင်း တို့ဟာလည်း သင့်အား အထီးကျန်သူတစ်ယောက် မဖြစ်စေဘဲ လောကကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူတစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်..


၅. တီထွင်ဖန်တီးပါ။ မိမိရဲ့ ဖန်တီးမှု၊ အားထုတ်မှုလေးတွေဟာလည်း စိတ်ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်.. တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်လို့ အောင်မြင်သွားတဲ့အခါ ရလာတဲ့ ပီတိဟာ သင့်အတွက် ခွန်အားတွေဖြစ်ပါတယ်.. တီထွင်ဖန်တီးပါ ဆိုတဲ့ နေရာမှာ လက်လှမ်းမမှီ၊ ကိုယ်နဲ့ မဖြစ်နိုင်တဲ့ အရာတွေကို ဖန်တီးခိုင်းတာမျိုးမဟုတ်ပဲ မိမိ ၀ါသနာကို အရင်းခံပြီး အသစ်အဆန်းလေးတွေ ဖန်တီးတာမျိုးကို ဆိုလိုပါတယ်.. ဥပမာ- ပန်းချီ ၀ါသနာပါသူက ခါတိုင်းဆွဲပုံနဲ့ မတူတဲ့ ပန်းချီကားအသစ်လေးတွေ ဆွဲတာ၊ ပန်းပု ဒီဇိုင်းအသစ်လေးတွေ ထုတာ၊ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးထွက်တာ၊ ကကွက်ဆန်းတွေ ကတာ၊ ဟင်းချက် ၀ါသနာပါသူများကလည်း မချက်ဖူးသေးတဲ့ ဟင်းအမယ်သစ်လေးတွေ စမ်းချက်ကြည့်တာ၊ အပင်လေးတွေ အသစ်စိုက်ပျိုးတာ၊ အိမ်ကို ခန်းဆီးလိုက်ကာ အသစ်လဲတာ၊ ပန်းအိုးလေးတွေ အသစ်ဝယ်ပြီး နေရာချတာ၊  စသဖြင့် ခါတိုင်းနဲ့ မတူတာလေးတွေကို လုပ်ကြည့်တာမျိုး ဖြစ်ပါတယ်.. (မှတ်ချက်- ရည်းစားအသစ်ပြောင်းတာ၊ အိမ်ထောင်အသစ်ရှာတာ အဲဒါတွေ မပါဘူးနော်  :)  ) စိတ်ကူး အသစ်အဆန်းလေးနဲ့ တီထွင်ဖန်တီးပြီး လုပ်ကြည့်ခြင်းဟာလည်း စိတ်ပျော်ရွှင်မှုကို ရှာဖွေခြင်း တစ်နည်းဖြစ်ပါတယ်။  


၆. တခါတရံ ကလေးဆန်းပါ။ မိမိငယ်စဉ်က ပြုမူခဲ့တဲ့ အပြုအမူကလေးများကို ပြန်လည်ပြုမူခြင်းအားဖြင့် မိမိကိုယ်ကို ငယ်မူငယ်သွေး ပြန်ပေါ်လာစေပြီး လန်းဆန်း တက်ကြွသူတစ်ယောက် ဖြစ်လာစေပါတယ်.. ငယ်ငယ်ကလို ခုန်ပျံကျော်လွှားကစားခြင်း၊ လမ်းမပေါ်က ဘီယာဘူးခွံ၊ ဖျော်ရည်ဘူးခွံများကို အားပါးတရ ဆော့ကစား ကန်ကျောက်ခြင်း၊( သူငယ်ပြန်နေပြီလို့ ပြောခံရရင် စာရေးသူနဲ့ မဆိုင်ပါ :) )  ငယ်ငယ်က သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံပြီး ငယ်ဘ၀အကြောင်းများ ပြန်ပြောင်းသတိတရ ပြောကြခြင်း စတာတွေဟာလည်း မိမိကို ပျော်ရွှင် လန်းဆန်းစေနိုင်ပါတယ်။ 

၇. အခြားသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ တိရိစ္ဆာန်များကို ချစ်ခင်စာနာပါ၊ ကြင်နာငဲ့ညှာပါ။ နွေးထွေးယုယစွာ နေထိုင်ပါ။ စကားကို ချိုသာစွာပြောဆိုခြင်း၊ သူတပါးအတွက် လိုအပ်နေသော်လည်း မိမိအတွက် အပန်းမကြီးသော အကူအညီများကို ပေးခြင်း၊ သူတပါး အခက်အခဲကို စာနာနားလည်းခြင်း၊ စသော စိတ်နှလုံး သိမ်မွေ့နူးညံ့စေသည့် အဖြစ်အပျက်၊ ချစ်ခြင်း မေတ္တာတရားတို့သည်လည်း မိမိစိတ်ကို ပျော်ရွှင်စေသော အရာများ ဖြစ်ပါတယ်။

၈. တိတ်ဆိတ်သောနေရာ၊ အချိန်များတွင် မျက်စိမှိတ်၍ ငြိမ်သက်စွာ အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း စသည်တို့သည် စိတ်ခွန်အားကို တိုးပွားလာစေပြီး ၊ ပြန်လည် လန်းဆန်းလာစေသော နည်းလည်း ဖြစ်ပါတယ်. သီချင်းအေးအေးများကို နားထောင်ခြင်း ၊ရေချိုးကန်တွင် အချိန်ယူ၍ ရေစိမ်ချိုးခြင်း၊ ဖယောင်းတိုင်မီးရောင်လို ခပ်မှိန်မှိန် မီးရောင်အောက်တွင် အနားယူခြင်း၊ စသည်တို့ကို တခါတရံ လုပ်ပေးသင့်ပါတယ်.

၉. ဘ၀ကြီးဟာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ ခက်ခဲပင်ပန်းလွန်းတယ်လို့ ပြောလာခဲ့ရင် အဲဒီစကားကို လစ်လျှူရှုလိုက်ပါ။ မနက်ခင်းတိုင်း နိုးထလာချိန်မှာ မိုးရွာနေသည့်နေ့ ဖြစ်နေပါစေ.. မနက်ခင်းကို မြင်တွေ့ရပြီး ရှင်သန်ခွင့်ရတဲ့ တစ်နေ့အတွက် လောကကြီးကို ကျေးဇူးစကား ဆိုလိုက်ပါ။ မည်သည့်အခက်အခဲကိုမှ လွယ်လွယ်နှင့် လက်လျှော့ အရှုံးပေးလိုက်ဖို့ မစဉ်းစားပါနှင့်။

၁၀. တစ်ရက်ကို စိတ်ရွှင်လန်းစရာ အလေ့အထလေးတစ်ခုကို ကြိုစားလုပ်ဆောင်ပါ။ သင့်မိတ်ဆွေအိမ်တစ်အိမ်ကို အလည်အပတ်ထွက်ခြင်း၊ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ခြင်း ဘုရားတက်ခြင်း၊ အိမ်တွင်ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်၊ ဘုရားကန်တော့ခြင်း၊ သစ်ပင်ကလေးများ စိုက်ပျိုး ပြုစုပျိုးထောင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။


ဖော်ပြပါ အချက်တွေဟာ ကျွန်မ ဖတ်မှတ်ထားမိတာတွေထဲက အကျဉ်းချုပ် ပြန်လည်ဖော်ပြလိုက်တဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်တဲ့ နည်းတစ်ချို့ ဖြစ်ပါတယ်.. အချက်တွေ တော်တော်များများဟာ လက်တွေ့ကျင့်သုံးတဲ့အခါမှာ တကယ်ကို အထောက်အကူဖြစ်တာ တွေ့ရတာမို့ ချစ်သော မိတ်ဆွေများအတွက် ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. တကယ်တမ်းတော့ စိတ်ညစ်တယ်ဆိုတာ ဘ၀မှာ ခဏတာကြုံလာတဲ့ အခက်အခဲကြောင့် အခိုက်အတန့် စိတ်ညစ်ရခြင်းသာ ဖြစ်ပါတယ်.. ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ကိုယ့်ဘ၀မှာ ကြုံရဦးမှာ ဖြစ်ပါတယ်.. လူတိုင်း မိမိလိုဘဲ အဆင်မပြေမှုတွေနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့  ကြုံရသူတွေ ချည်းသာပါ။ သူဌေးမှာလည်း သူ့ဘ၀နဲ့သူ စိတ်ညစ်စရာရှိသလို ဆင်းရဲသားမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ညစ်ရမှုတွေ ရှိနိုင်ပါတယ်. ဒါပေမဲ့ စိတ်ညစ်စရာကို ဟာသ အနေနဲ့ ဖြေပြီးတွေးတတ်ဖို့ လိုသလို မိမိ စိတ်ညစ်ခြင်းဟာ တဒင်္ဂ အတွက် စိတ်ညစ်ခြင်းဖြစ်တယ်လို့ နားလည်ထားပြီး နက်နက်ရှိုင်းရှိုင်း မခံစားဖို့၊ ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့တော့ အသိတရား ရှိထားသင့်ပါတယ်.  မကြာခင်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ဦးမှာ ဖြစ်ပါတယ်..  ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်သူတွေဟာ စိတ်ညစ်စရာတွေကို ကြာရှည်မသိမ်းထားတတ်သူတွေ ဖြစ်ကြပါတယ်.. ဒါကြောင့်လည်း စိတ်ညစ်နေသူများရှိရင် “ပျော်ပျော်နေပါ သူငယ်ချင်း”  ဆိုတဲ့ စကားလေးကို ပြောလိုက်ပါရစေနော်....



 “When life gives you lemons, make lemonade”



နောက်လာမဲ့ ပိုစ့်မှာတော့ နေပြည်တော်ရဲ့ ရေပန်းဥယျာဉ်အကြောင်းလေး ဖော်ပြပေးချင်ပါတယ်.. စောင့်မျှော် အားပေးကြပါဦးလို့.... :)  :)

30 comments:

မချောရေ ဆွေလေးလဲ သီချင်းအော်ဆိုတဲ့နည်းကို သုံးတယ်..ရန်ကုန်မှာဆို ကာရာအိုကေစက်နဲ့ ဟဲတာ..
အိမ်ကလူတွေက ဆွေလေး စိတ်ညစ်မှာ စိုးကြတယ်..
:) :)

အရည်တွေ..... ပျော်ကုန်ပြီ ဦးနှောက်အပိုင်းအစတွေ ...ကဲ မှတ်ပလား :)

ချောရေ ချောပြောပြတဲ့အချက်တွေ အကုန်လုံးကောင်းသဗျ ဦးဇင်းလည်း သူငယ်ချင်းတစ်ပါးနဲ့ တစ်နေ့ကို ခဏခဏရယ်ဖြစ်ပါတယ် တစ်ခါတစ်ခါ ရယ်စရာမရှိလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ဖြစ်ပါတယ် တစ်ရက်ကျတော့ အဝေးကရောက်လာတဲ့ သူငယ်ချင်းတစ်ပါးက ပြောတယ် အင်း...ငါကတော့ အရူးထောင်ရောက်ပြီနဲ့တူတယ်...တဲ့ ချောပြောတဲ့အချက်တွေထဲမှာ တစ်ချက်ကတော့ ဦးဇင်းတို့နှင့် မကိုက်ဘူးဖြစ်နေတယ် ဘယ်ဟာလည်းဆိုတော့ "အချိန်ယူ၍ ရေစိမ်ချိုးခြင်း"လေ ဘာလို့လဲဆိုတော့ ဒီမှာက နွေရောက်ရင် ရေရှားပြီး နှစ်ခွက်ချိုး၊ ဆပ်ပြာတိုက်၊ သုံးခွက်ပြန်ချိုးပြီး (မှတ်ချက်၊ ၊ ရေခွက်က နည်းနည်းတော့ကြီးပါတယ်)တော်ရတယ် တရားထိုင်တာကတော့ ညကျိန်းစက်ခါနီးမှ ထိုင်ရတယ် နေ့ခင်းဘက်ဆိုရင် ဆူလို့လေ အဲ စာလည်းများသွားပြီ လှစ်ပြီဟေ့ နည်းကောင်းတွေပေးတဲ့ချောကိုလည်း ကျေးဇူးတင်တယ်နော် ရွှင်လန်းချမ်းမြေ့ပါစေ

အစ်မချော... ပျော်ရွှင်အောင် နေထိုင်နည်းလေးတွေ လာဖတ်သွားပါတယ်။ ခိခိ... သီချင်းကို စဉ့်အိုးထဲ ခေါင်းစိုက် ဆို ရမတဲ့လား။ ပီားးပီားး ရယ်သွားတယ်း)))))))

;)
သဘောကျလို့ ကူးသွားတော့မယ် ..း)

မိုးခါး

သီချင်းလေးဆိုလိုက်၊
စာလေးတွေဖတ်လိုက်၊
တရားခွေလေး နာလိုက်နဲ့
ပျော်ပျော်ပဲ နေတော့မယ်..
နော် ချော..။

အဆိုတော်တွေဟာ အမြဲတမ်း စိတ်ညစ်နေသူတွေလား မသိဘူးနော်....၊ ;-) ခင်မင်ရာ ခင်မင်ကြောင်း နောက်တာပါ မချောရေ...၊

ရိုးရှင်းတဲ့ ဘဝနေနည်းလေးတွေအတွက် ကျေးဇူးပါဗျို့။

ဒီနေ့ကစပြီးတွေ့သမျှလူကိုရယ်ပြမယ်။ ကိုယ့်အခန်းထဲမှာ သီချင်းတွေအကျယ်ကြီးအော်ဆိုပစ်မယ်။ ပျော်ပျော်ကြီးပဲနေတော့မယ်။ :-)

သီချင်း အော်ဆိုတဲ့ နည်းကတော့ သုံးနေတာကြာပြီခင်ဗျ။ ပျော်ရွှင်စွာ နေနိုင်တဲ့ နည်းလမ်းတွေ အတွက် ကျေးဇူး

အမှတ်စဉ်(၆)ကိုတော့
လက်တွေ့လိုက်လုပ်ဖြစ်ပါတယ်..။
ဟီး..။
ကျန်တာတွေကတော့ အင်း ..ခရီယိုခေလည်း
ဆိုဖြစ်ပါတယ်..။ ပတ်ဝန်းကျင်ကို နား ဒုက္ခပေးချင်တဲ့အခါမျိုးပေါ့။

အချစ် ၁ နဲ့ ၆ ကိုပိုင်ဆိုင်ထားတဲ့သူဆိုတော့ ကိုယ်လည်း ပျော်နေတဲ့သူတစ်ယောက်ဆိုပြီး ပျော်သွားတယ်း) ကျေးဇူးပါ မချော ရေ ။

ဟုတ်ဘီ ..
ပိတ်ရက် ဘယ်သူတွေအလုပ်ပိတ်လဲမသိ ..
ဘော်ဒါတွေနဲ့  ..သီချင်းသွားဆိုမယ် ..
အော်မယ် ....
ကျန်တဲ့အချက်တွေလည်း တကယ်
ကျင့်သုံးဖို့ ကြိုးစားရဦးမယ် ...

ခင်မင်လေးစားလျှက်
အုပ်ကြီး

အကုန်လုပ်တယ်ဗျ..ဟားဟားဟား..
ကောင်းလိုက်တဲ့ပို့စ်...ဒါထက်..ဟာသလေးများ
ရေးပါဦးဗျ...ကြာပေါ့..မရေးတာ...:)

ဟမ်.... အစ်မဆီမှာ စဥ့်အိုးရှိလို့ လား.... စဥ့်အိုးရှိလဲ ခေါင်းတော့စိုက်မနေပါနဲ့ အစ်မချောရယ်... ကာလာအိုကေစက် ၀ယ်ပေးဆိုဝယ်ပေးပါ့မယ်... :P

တိရစ္ဆာန်လေးတွေကြင်နာလား မကြင်နာလား ကျနော့ကြောင်ပိုစ့်လေးတွေ မှာ တွေ့ ရမှာပါ.. အဟိ... (ဂုဏ်ဖော်ဦးမှ)

ဆွမ်းတော်ကပ်တယ် ဘုရားပန်းတင်တယ်... ဒါမယ့် လည်စရာအိမ်ရှာမရဘူးဗျာ...

အကြိုက်ဆုံးကတော့ မနက်နိုးလာတဲ့အချိန် မိုးရွာသည့်နေပင်ဖြစ်စေ.... ရှင်သန်ခွင့်ရတဲ့အတွက်.... ဆိုတာပဲ...

တိုက်ဆိုင်နေလို့ လားမသိဘူး... ကျေးဇူးတင်လိုက်တာ အစ်မရေ... ကျနော်ပျော်အောင်ကြိုးစားနေပါတယ်လို့  .. :(

အကုန်လုံးလိုလို လုပ်ဖြစ်တယ် ဒါဆို များက အပျော်ရွှင်ဆုံး လူသားတယောက်ပေါ့လေ ဟုတ်လား ဟဲဟဲ တကယ်ပြောတာ မနောက်ဖူး

မချောရေ..
မချောပြောတဲ့အတိုင်း ပျော်ပျော်နေနိုင်အောင်
ကြိုးစားပါ့မယ်..။ စိတ်မပျော်မရွှင်ဖြစ်လာတိုင်း သတိရနေမိမှာပါ..။
ချစ်တဲ့
သဒ္ဓါ

မချောရေ..
ပျော်ပျော်နေ ရေခဲ...အဲလေ သေခဲဆိုသလိုပေါ့။ သေရင်ခဲအောင်လို့ ... ရေခဲတိုက်ထဲပို့... (ဒါ ကိုကျော်သူစီစဉ်ပေးပါလိမ့်မယ်။):P

ကျွန်တော်ကတော့ ဘယ်တော့မှ စိတ်ညစ်စရာမတွေးဘူး။ ယုတ်စွအဆုံး ပစ္စုပ္ပန်တည့်တည့်မှာပဲ စိတ်ကူးတည့်ရာ နေတယ်။ စိတ်ကို လတ်ဆတ်အောင် ရေအမြဲစွတ်ထားတယ်... အဲလေ.စာအကောင်းရေးရင်းက ဖောက်ဖောက်လာတယ်။ တေးသွားသံစဉ်နဲ့နေတယ်။ အမ ပေးတဲ့နည်းလမ်းတွေလည်း နောက်ဆက်လက် ပျော်အောင်နေဖို့ ဆောင်သွားတယ်။ ကျေးကျူးကမ္ဘာဆိုင်ပါ(စာလုံးပေါင်း သည်းခံပေးပါ အမရေ။)

အမရေ အမြဲပျော်ပျော်နေအောင် ကြိုးစားမယ် အမရေးတဲ့ အချက်တွေကိုလည်းတော်၂များလုပ်ဖြစ်ပါတယ် အမ ကျေးဇူးပါ...

ဟုတ်ကဲ့.. မချော... လိုက်နာပါမယ်...း))

ခင်မင်တဲ့
နေ၀သန်

တကယ်တန်းစိတ်ညစ်လာရင် ဘယ်လိုမှပျော်ပျော်နေလို့ မရတော့ဘူး။
သံပုရာသီး ပေးလာတဲ့အခါ ဆား၊သကြားနှင့်ရေပါပေးပါလို့ ထပ်တောင်းမိမှာပဲ သံပုရာသီးတစ်လုံးထဲနဲ့ သံပုရာရည် မဖြစ်လာဘူး။ ပျော်ပျော်တော့နေပါတယ်။

၂. သီချင်းဆိုပါ။ အချို့သူများဟာ စိတ်ညစ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်အတွက် သီချင်တွေ အော်ဆိုတတ်ကြပါတယ်.. ဒါဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်. မယုံရင် သင်ကိုယ်တိုင် စမ်းကြည့်ပါ။ ဒေါသဖြစ်နေလျှင်ဖြစ်စေ ၊ စိတ်ညစ်နေလျှင်ဖြစ်စေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုလိုက်ပါ။
.....................
အဲဒါကြောင့်ထင်တယ်..
ဘေးခန်းက တရုတ်မလေးတယောက် သီချင်းတွေ အော်ပြီး ဆိုနေတာ..။

ပိုဆိုးတာက လူတွေ့ရင် ပိုဆိုတယ်..။
သူ့ရှေ့မှာ ဘယ်သူမှမရှိရင် အသံမထွက်ဘူး..။
သူ့ရင်ထဲက ခံစားချက် တခုခုကို ဖုံးကွယ်နေသလိုပဲ..။

အမချော...
အမချောရဲ့ နည်းအတိုင်း ပျော်ပျော် နေတတ်အောင် ကြိုးစားတော့မယ်။ အခုထက်ထိ ပျော်ပျော်မနေတတ်သေးဘူး။ ကျေးဇူးနော်။

ရေပန်းလေးကိုလဲ မျှော်နေပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ပျော်ပျော်ပဲ နေတော့မယ် ... :P

ဟုတ်တယ် ..
သီချင်းက လူရဲ့ စိတ်ထွက်ပေါက်ပဲ ..

အားကစားလုပ်တာလည်း
စိတ်ညစ်စရာတွေ ပြေပျောက်သွားစေတယ် ဆိုတာလည်း
ဟုတ်တာပဲ ..
ကြိုက်တယ် .. ဒီပို့စ်ကို ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အကောင်းမြင်စိတ်နဲ့ အရာရာကို ရှုမြင်သုံးသပ်တာ ။
အင်း... မှတ်ထားသင့်တယ်။
တကယ်လုပ်နိင်ရင်တော့ ပျော်ရွှင်ရတဲ့သူ ဖြစ်မှာ အမှန်ပဲ။ မလုပ်နိင်လို့ စိတ်ညစ်ရတာ ကြုံးဖူးကြမှာပါ။

မချော“ ပျော်ပျော်နေပါသူငယ်ချင်း” ပိုစ့်လေးလည်းကောင်းတယ်၊ မနက်က တစ်ခေါက်ဖတ်ပြီးပြီ ခုတစ်ခေါက်သေချာထပ်လာဖတ်တာ၊ အချက် တော်တော်များများတော့ လိုက်အောင်နေပါတယ်၊ သီချင်းတော့ညည်းပေမဲ့ အော်မဆိုဖူးဘူး၊ ကာရာအိုကေတောင်မဆိုဖူးဘူး၊ သီချင်းတော့နားထောင်တယ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သွားလာလည်ပတ်ရတာ ကောင်းတော့ ကောင်းပါတယ်၊ ကြာတော့ အချိန်သိပ်ကုန်တာပဲ၊ စကားပြောရ ရယ်ပြရ ကြာလာတော့ ပါးစပ်ညောင်းတယ်၊ :D
မချော ဒီနေ့ ဘာနေ့လဲပဲ၊ မချောပုဇွန်ကြက်သွန်ဖြူပေါင်းသတိရလို့ ဟိုမှာ ရှိတဲ့ကြက်ဥကိုပဲ ကြက်သွန်ဖြူလေးနဲ့ပေါင်းစားခဲ့တယ်၊
weekend မှာပျော်ရွှင်စွာစားသောက်ပြီး စားသောက်ပျော်ရွှင်ပါစေ၊
ချစ်တဲ့

ညီမက ကိုရီးယားစာ လေ့လာနေသူ တစ်ယောက်ပါ။
အမရဲ့ ဒီဆောင်းပါးလေးကို ဖတ်ပြီး သဘောကျလို့ ကိုရီးယားလို ရေးရာမှာ မှီငြမ်းရေးသားခွင့်ပြုပါလို့ ခွင့်ပန်လိုက်ရပါတယ် အမ။

ညီမမေသူရေ

မှီငြမ်းလို့ရပါတယ်.။ ခွင့်ပြုပါတယ်နော်
စာလာဖတ်တဲ့အတွက် ကျေးဇူးပါ

အမြဲအဲလိုနေနိုင်အောင် ကြိုးစားရဦးမယ်....း)

thanks millions. please post more..