ခေတ်သစ် သစ်ခုတ်သမားပုံပြင်နှင့် ဘုရားသခင်ထံ ရေးတဲ့စာ



ခေတ်သစ် သစ်ခုတ်သမားပုံပြင်

ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဟာ ပရိုဂရမ်တစ်ပုဒ်ကို အသစ်ရေးဆွဲဖို့ လူသူရှင်းတဲ့ မြစ်ကမ်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်ရှိနေခဲ့ပါတယ်။ သူဟာ သူရဲ့ Pentium ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး စိတ်ဝင်တစား အလုပ်လုပ်နေရင်း သူရေးဆွဲတဲ့ ပရိုဂရမ်ဟာ အောင်မြင်စွာပြီးဆုံးသွားတာကြောင့် မြစ်ကမ်းဘေးမှာ ရောက်နေတာကို သတိမေ့ပြီး ၀မ်းသာအားရ မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့ လက်ပ်တော့ကွန်ပျူတာဟာ ပေါင်ပေါ်ကနေ လျှောပြီး မြစ်ထဲကျသွားပါတော့တယ်။

ကွန်ပျူတာရေထဲကျသွားတော့ စိတ်ညစ်သွားတဲ့ အင်ဂျင်နီယာဟာ ရုတ်တရက် ငယ်ငယ်တုန်းက သူအမြဲကြားခဲ့ရဖူးတဲ့ သစ်ခုတ်သမားနဲ့ ပုဆိန် ပုံပြင်ကို သတိရလိုက်ပါတယ်။ အဲဒီအခါမှာ သူဟာ မြစ်စောင့်နတ်သမီးကို တိုင်တည်ပြီး ဆုတောင်းလိုက်ပါတယ်။ အဲဒီခါ မြစ်စောင့်နတ်သမီးက ကိုယ်ထင်ပြလာပြီး “ဘာအတွက် သူ့ကိုတိုင်တည်ပါသလဲ” လို့မေးတော့ အင်ဂျင်နီယာက သူ့ကွန်ပျူတာ ရေထဲကျသွားကြောင်း နတ်သမီးကို ပြောပြပါတယ်။
Image Hosted by PicturePush - Photo Sharing


ပုံပြင်ထဲက အတိုင်းပါဘဲ။ နတ်သမီးက အင်ဂျင်နီယာရဲ့ ရိုးသားမှုကို စမ်းချင်တော့ မီးခြစ်ဆံဗူးကလေးကို မြစ်ထဲက ယူလာပြီး “ဒါဟာ ရေထဲကျသွားတဲ့ ကွန်ပျူတာလား”လို့ အင်ဂျင်နီယာကို ပြပါတယ်။ ဒီတော့ အင်ဂျင်နီယာကလည်း ကွန်ပျူတာကိုတောင် မသိတဲ့ နတ်သမီးရဲ့ ခေတ်ရဲ့ ဗဟုသုတ နည်းပုံကို စိတ်ပျက်သွားပြီး သူ့ကွန်ပျူတာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


ဒါနဲ့ နတ်သမီးက နောက်တစ်ကြိမ်မှာ  ခပ်သေးသေး အိတ်ဆောင်ဂဏန်းပေါင်းစက် တစ်လုံးကို ယူလာပြီး ပြပြန်ပါတယ်။ အင်ဂျင်နီယာကလည်း စိတ်ပျက်လက်ပျက်နဲ့ မဟုတ်ကြောင်း ငြင်းပြန်ပါတယ်။

ဒါနဲ့ တတိယတစ်ကြိမ်မှာတော့ နတ်သမီးက အင်ဂျင်နီယာရဲ့ လက်ပ်တော့အစစ်အမှန်ကို ရေထဲက ယူလာပြီး ပြပြန်ပါတယ်။ ပုံပြင်ထဲက အတိုင်းဆို နောက်ဆုံးတစ်ကြိမ်ဖြစ်တာကြောင့် အင်ဂျင်နီယာမှာ ပုံပြင်ထဲက သစ်ခုတ်သမားလို အကောင်းစားတွေ ရဖို့၊ ကံကောင်းဖို့ အခွင့်အရေး မရှိတော့ပါဘူး ။ ဒါနဲ့ သူက “ဟုတ်ပါတယ်” လို့ မဖြေချင်ဖြေချင်နဲ့ ဖြေလိုက်ပါတယ်။ နတ်သမီးဟာ အင်ဂျင်နီယာရဲ့ ရိုးသားမှုအတွက် ၀မ်းသာသွားပြီး သူမြစ်ထဲက ယူလာပြတဲ့ ပစ္စည်း သုံးခုလုံးကို အင်ဂျင်နီယာကို ပေးလိုက်ဖို့ ပြင်လိုက်ချိန်မှာဘဲ အင်ဂျင်နီယာက နတ်သမီးကို “ နတ်သမီး ခင်ဗျားက ကျုပ်ရဲ့ ကွန်ပျူတာအစစ်ကို မပြခင် ပထမနဲ့ ဒုတိယ ၂ကြိမ်လုံးမှာ ကျုပ်ကွန်ပျူတာထက် ပိုကောင်းတဲ့ အမျိုးအစားတွေကို ပြရမယ်ဆိုတာ နည်းနည်းမှ မသိဘူးလား။ ခင်ဗျား သစ်ခုတ်သမား ပုံပြင် မကြားဖူးဘူးထင်တယ်… ပြီးတော့ ကွန်ပျူတာဆိုတာလည်း အရင်က မတွေ့ဖူးဘူးထင်တယ်” လို့ ပြောလိုက်ပါတယ်။

ဒီလိုအပြောခံလိုက်ရလို့ နှာတင်းပြီး စိတ်ဆိုးသွားတဲ့ နတ်သမီးက ငါသိပါတယ်ဟဲ့ ငတုံးရဲ့။ နင်သာ ငတုံး ငအ။ ငါ ပထမနဲ့ ဒုတိယ ယူလာပြတဲ့ ဟာတွေက ခုနောက်ဆုံးပေါ်နည်းပညာနဲ့ IBM ကုမ္ပဏီထုတ် Trillennium နဲ့ Billennium ကွန်ပျူတာတွေ၊ နင့်ဟာက  Pentium အဆင့်ဘဲ ရှိတယ်” လို့ ပြောလိုက်ပြီး အင်ဂျင်နီယာရဲ့ လက်ပ်တော့နဲ့အတူ နတ်သမီးဟာ ပျောက်ကွယ်သွားပါတော့တယ်။ သစ်ခုတ်သမားပုံပြင်ကို အားကျတဲ့ အင်ဂျင်နီယာဟာ သူတစ်ပါးကို အထင်သေးလိုက်မိတဲ့ အတွက် ကွန်ပျူတာ အကောင်းစားတွေကို မရတဲ့အပြင် ကိုယ်ပိုင် ကွန်ပျူတာပါ ဆုံးရှုံးသွားပါတော့တယ်။ :)

~~~~~~@@@~~~~~~~


ဘုရားသခင်ထံ ရေးတဲ့စာ

Dear God: From the Major Motion Picture Letters to God


အသက် ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မုန့်ဝယ်စားချင်တာကြောင့် ပိုက်ဆံ ၅၀၀၀ လိုချင်တဲ့အတွက် ဘုရားသခင်ထံ မုန့်ဖိုးပေးဖို့ နေ့စဉ် ဆုတောင်းပါတယ်။ သူဆုတောင်းပေမဲ့ နေ့တွေသာ ကုန်သွားပြီးဘာမှ မထူးခြားပါဘူး။ နောက်ဆုံးတော့ ကောင်ကလေးဟာ ဘုရားသခင်ထံ စာရေးပြီး မုန့်ဖိုး ၅၀၀၀ တောင်းဖို့ ဆုံးဖြတ်လိုက်ကာ စာတစ်စောင်ရေးပါတယ်. စာထဲမှာ မုန့်ဖိုး ၅၀၀၀ လိုချင်တဲ့အကြောင်းရေးပြီးနောက် စာအိတ် ပေါ်မှာတော့ ဘုရားသခင်သို့ လို့ လိပ်စာရေးလိုက်ပါတယ်။

တောင်တန်းများဆီသို့...

ဒီတစ်ခေါက် အိမ်ပြန်ရင်းနဲ့ ကချင်ပြည်နယ်ရဲ့ သစ်တောများပေါလှတဲ့ တောင်တန်းကြီးတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ တောင်တန်းတွေပေါ်ကို ခရီးသွားရတဲ့အရသာဟာ စိတ်ကို တစ်မျိုးလေး လတ်ဆတ်စေသလို ရှုခင်းတွေကြည့်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကျွန်မတော့ ခံစားမိပါတယ်။ ကျွန်မ သွားခဲ့တဲ့ တောင်ပေါ်ခရီးလမ်းဟာ လမ်းမကြီး မဟုတ်သလို မြို့ကြီးပြကြီး သွားတဲ့လမ်းလည်း မဟုတ်တာကြောင့်  ရောက်ဖူးသူ နည်းမယ် ထင်ပါတယ်။ အဲဒီဒေသဟာ သစ်တောတွေပေါတာကြောင့် သစ်တွေ ခိုးထုတ်ကြ၊ သစ်ထုတ်လုပ်ရေးတွေ လုပ်ကြတဲ့ ဒေသဖြစ်ပြီး ဗန်းမော်၊ မိုးမောက် စတဲ့ မြို့နယ်တွေကို ဖြတ်သွားပြီး ပေ ၅၀၀၀ကျော် မြင့်မားတဲ့ ကချင်တောင်တန်းကြီးကို ဖြတ်ရတဲ့ ခရီးဖြစ်ပါတယ်။ အဲဒီတောင်တန်းကြီးရဲ့ အမည်က စိန်လုံတောင်တန်း ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဗလမင်းထင်တံတား

Image Hosted by PicturePush - Photo Sharing 
နှုတ်ဆက်နေတဲ့ မြစ်ကြီးနားမြို့


Image Hosted by PicturePush - Photo Sharing
ဝိုင်းမော်မြို့အ၀င်

Image Hosted by PicturePush - Photo Sharing

မြစ်ကြီးနားမြို့ကနေ ကားနဲ့သွားရပြီး မိုင်တစ်ရာကျော်ဝေးတယ်လို့ သိရပါတယ်။ ကားဆရာကိုမေးတော့ ကားဆရာကလည်း သူက အခုမှ ဒီလမ်းကိုမောင်းတာမို့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။ ခရီးသွားရင် ကျွန်မလို မေးမြန်း စပ်စုတတ်သူနဲ့ တိုးလို့ကတော့ ကားဆရာတွေ စိတ်ညစ်မယ် ထင်ပါတယ်။ ကျွန်မအကျင့်က ခရီးသွားရင် လမ်းတစ်လျောက် ကိုယ်မသိတာမှန်သမျှ မေးတတ်တဲ့ အကျင့် ရှိပါတယ်။  စစချင်းတော့ မြစ်ကြီးနား - ဗန်းမော်လမ်းအတိုင်း မောင်းလာတဲ့ခရီးက ကတ္တရာခင်းလမ်းဖြစ်ပြီး ကျယ်လဲကျယ်ဝန်းပါတယ်။ မြစ်ကြီးနားမြို့ကနေ ထွက်လာပြီးမကြာခင်မှာ ၀ိုင်းမော်မြို့ကို ရောက်ပါတယ်။ ၀ိုင်းမော်မြို့ဆိုတာ တစ်ချိန်က ဗလမင်းထင်တံတားမရှိခင် မြစ်ကြီးနားမြို့ကနေ စက်လှေ၊ မော်တော် စသည်တို့ဖြင့်သာ ကူးသန်းသွားလာနိုင်ခဲ့ပြီး ခုချိန်မှာတော့ တံတားကြီးကနေ သွားလာနိုင်ပြီဖြစ်တာကြောင့် အတော်အသင့် ဖွံ့ဖြိုးနေပြီလို့ ပြောလို့ရတဲ့မြို့ကလေးဖြစ်နေခဲ့ပါပြီ။ တရုတ်နယ်စပ်နဲ့နီးတာကြောင့်လည်း တရုတ်ပစ္စည်းတွေနဲ့ စည်ကားလို့နေပါတယ်။ လမ်းတစ်လျှောက်မှာ လိမ္မော်ခြံ၊ ရာဘာခြံ၊ သစ်မွှေးခြံတွေ တစ်လမ်းလုံးတွေ့ရပါတယ်။ ယခင်ကတော့ ကျွန်မတို့ ကချင်ပြည်နယ်မှာ ရာဘာစိုက်ပျိုးတာမျိုး မရှိခဲ့ပါဘူး။ ခုနောက်ပိုင်းမှ ရာဘာကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြတာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လမ်းတစ်လျောက်က ရာဘာခြံများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing
တောင်တန်းတွေဆီ ဦးတည်နေတဲ့ မြေပဲယိုလမ်းများ

ပန်းခြံထဲက အနုပညာလက်ရာများ

လူတွေ စိတ်ရွှင်လန်းဖို့ အနားယူ အပန်းဖြေရာ ပန်းခြံတွေမှာ သိပ်လှတဲ့ စိတ်ကူးလေးတွေနဲ့ အပင်တွေကို ပေါင်းစပ်လို့ ဖန်တီးထားတာလေးတွေဟာ အနုပညာ လက်ရာမြောက်လွန်းတာမို့ မချီးကျူးဘဲ မနေနိုင်ဖြစ်ရပါတယ်။ အောက်ကပုံလေးတွေမှာ တရုတ်ပြည်က ပန်းခြံတွေမှာ အလှဆင် ဖန်တီးထားတဲ့ ရုပ်ပုံလေးတွေဟာ နှစ်သက်စဖွယ် သက်ဝင်လှပလို့ နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း စာဖတ်သူ မိတ်ဆွေများကို ကျွန်မ နှစ်သက်မိသော ပန်းခြံထဲက အနုပညာများကို ပြန်လည် ဝေမျှလိုက်ပါတယ်ရှင်။ ဘယ်လောက်များ စိတ်ကူးကောင်းတယ်ဆိုတာ ပုံတွေကိုကြည့်လို့ ခံစားကြည့် ကြပါစို့လားနော်။


Image Hosted by PicturePush - Photo Sharing
တရားဟောဟန် ဗုဒ္ဓရုပ်ပွားတော်



Image Hosted by PicturePush - Photo Sharing 
ပန်းတံတား


Image Hosted by PicturePush - Photo Sharing 







Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
ဝှေ့တော့မယ်ပြင်




Image Hosted by PicturePush - Photo Sharing 

စွမ်းရည်ပြပွဲလား

Image Hosted by PicturePush - Photo Sharing 
ပန်းခြံထဲကငှက်


Image Hosted by PicturePush - Photo Sharing 

ဇာပန်းထိုးသူ


စိတ်ဝင်စားသေးရင် ကျန်ရှိတဲ့ပုံများကို အောက်မှာဆက်ကြည့်နိုင်ပါတယ်ရှင်

ကချင်ပြည်နယ် လက်ဆောင်

အားလုံးပဲ မင်္ဂလာပါရှင်..  

ကချင်ပြည်နယ်က ကျွန်မရဲ့ ဇာတိ ဖားကန့် ကျောက်စိမ်းတွင်းကို ပြန်သွားတဲ့ခရီးက ပြန်ရောက်ပါပြီ။  ကျွန်မ မရှိသော်လည်း ပုံမှန်အတိုင်း အလည်လာ စာဖတ်ကြသူများ၊ အိမ်ကလေးကို စောင့်ရှောက်ပေးကြသူများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ ချစ်စွာသော သူငယ်ချင်း မိတ်ဆွေများ၊ စာဖတ်သူများအတွက် ကျွန်မကလည်း ကချင်ပြည်နယ်ထွက် လက်ဆောင်လေးတွေ ယူလာပါတယ်။  ဘာ လက်ဆောင်တွေများ ယူလာတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ပါနော်။ အိမ်အပြန် လက်ဆောင်အဖြစ် ဖားကန့်က ကျောက်စိမ်းတွေများ လက်ဆောင်ယူလာတာလို့များ ထင်နေမလားဘဲ။ ဟုတ်ကဲ့ အားလုံးအတွက် ယူလာတဲ့ လက်ဆောင်တွေကတော့

 
အစိမ်းရောင်တော့ အစိမ်းရောင်ပါ။ ဒါပေမဲ့ ဖက်နဲ့ ထုပ်ထားတဲ့ အထုပ်တွေဖြစ်ပါတယ်။ ဘာတွေများလဲလို့ သိချင်ကြမယ်ဆိုရင် အထုပ်လေးတွေကို ဖြည်ကြည့်ကြပါစို့နော်။


ဖက်ထဲက ဟင်းပြင်းဖူးများ




ဟင်းပြင်းဖူး 


ဒါကတော့ ကျွန်မတို့ကချင်ပြည်နယ်ရဲ့  ဟင်းပြင်းဖူး ဖြစ်ပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားမှန်ရင် မသိသူ မရှိသလောက်ပါဘဲ။ တောတောင်တွေ ပေါလှတဲ့ ကချင်ပြည်နယ်ရဲ့ ဘယ်တောထဲမှာမဆို တွေ့နိုင်ပြီး ယာခင်းတွေနဲ့ စိုက်ပျိုးတာမဟုတ်ဘဲ သဘာဝအလေ့ကျ ပေါက်ပင်ကနေ သီးပွင့်တာ ဖြစ်ပါတယ်။ ကြော်စားစား၊ ဟင်းပေါင်းလုပ်စားစား၊ လှော်စားစား ကြိုက်သလို လုပ်စားလို့ရပါတယ်။



 ဖက်ထဲက ဟင်းပြင်းရွက်


ဆေးကြောထားတဲ့ ဟင်းပြင်းရွက်
ဒါကတော့ အပေါ်က ဟင်းပြင်းသီးရဲ့ အပင်က အရွက်ဖြစ်တဲ့ ဟင်းပြင်းရွက်ဖြစ်ပါတယ်။ အရည်သောက်ချက်ချက်၊ ကြော်စားစား ၊ သုပ်စားစား စားလို့ကောင်းပါတယ်။ 


နောက် တစ်ထုပ်ဖြည်ကြည့်မယ်ဆိုရင် ထွက်လာတာက 

ကံဇင်းရွက် 

ကျွန်မအမြဲပြောလေ့ရှိတဲ့ ကချင်တိုင်းရင်းသားများ သိပ်ကြိုက်သောကံဇင်းရွက် ဖြစ်ပါတယ်။ဆူးကလေးများ ပါတတ်ပါတယ်။ ကြိုက်ရင် အနံ့မွှေးပြီး မကြိုက်ရင် နံတယ်လို့ထင်တတ်ကြပါတယ်။ အရည်သောက် ဟင်းတွေမှာ ဟင်းခတ်ရွက်အဖြစ် အသုံးပြုကြပါတယ်။ 



နောက်တစ်မျိုးက



ကြက်သားကချင်ချက်၊ ငါးပေါင်း ငါးကင် ငါးချက်တွေမှာ မပါမပြီးတဲ့ ဖက်ဖယ်ရွက်ဖြစ်ပါတယ်။ ကျွန်မကတော့ အပင်စိုက်ဖို့ ၀ယ်လာပါတယ်။ အပင်ဖြစ်ထွန်းလာရင် ၀မ်းသာစရာပေါ့နော်။ အရွက်တွေကို ဖက်နဲ့ထုပ်ထားရင် ပိုပြီး ကြာကြာခံတာမို့ ဖက်ကလေးတွေနဲ့ ထုပ်ပြီး ယူလာတာ ဖြစ်ပါတယ်ရှင်။            


ဒီပုံကြည့်ပြီးတော့  ကချင်ပြည်နယ် လက်ဆောင်လဲ ဆိုသေးရဲ့ Grand Royal Whisky တွေလို့ အထင်တော် မလွဲကြပါနဲ့။ :)




သကြား၊ ကြံသကာ စတဲ့ ဘာအရောအနှောမှ မပါသော ကချင်ပြည်နယ်ထွက် ပျားရည်စစ်စစ် ဖြစ်ပါတယ်။ တစ်စက်လောက် တို့ပြီး လျှာပေါ်တင်လိုက်တာနဲ့ ပန်းဝတ်မှုံပေါင်းစုံတို့ရဲ့ အနံ့လေးဟာ မွှေးလှတာမို့ ချိုချိုမွှေးမွှေး ပျားရည်စစ်စစ် လိုချင်သူများ အတွက်ပါနော်။ မွေးမြူရေးပျားရည်ထက် တောတောင်တွေက ပန်းပေါင်းစုံတို့ရဲ့ ပန်းဝတ်မှုံ၊ ပန်းဝတ်ရည်တွေကို စုဆောင်းလို့ ရလာတဲ့ သဘာဝပျားရည်ကို ကျွန်မက ပိုနှစ်သစ်တာမို့ တကူးတက သယ်လာဖြစ်ပါတယ်။ 


ချဉ်စော်ကားသီးဝိုင်


ပေ ၅၀၀၀ကျော် မြင့်မားကာ သစ်ပင်ကြီးများ ထူထပ်ပြီး၊ တောင်တန်းကြီးတွေ မြင့်မားလှတဲ့  ကချင်ပြည်နယ်ရဲ့ ဗန်းမော်၊ မိုးမောက်ဒေသ စိန်လုံတောင်တန်းပေါ်က ထွက်ရှိတဲ့ ချဉ်စော်ကားသီးဝိုင်ပါ။  ခရီးအမှတ်တရ ၀ယ်ဖြစ်ခဲ့ပါတယ်။( ဒီခရီးအကြောင်းကိုတော့ သီးသန့် ဖော်ပြပါဦးမယ်ရှင်) ဒီဝိုင်ကိုတော့ သောက်တတ်သူများ အလိုရှိရင် လက်ဆောင်ယူသွားပါနော်။ ဆေးဘက်လဲ ၀င်တယ်လို့ ဆိုပါတယ်။ :)



ဒါကလည်း ကချင်ပြည်နယ်နဲ့ အဲဒီ စိန်လုံတောင်တန်းပေါ်မှာ တစ်တောတစ်တောင်လုံး ရှိတတ်တဲ့ တည်သီးခြောက်ပါ။ 

 
တည်သီးပါ။ တည်သီးကို `တယ်သီး´လို့ အသံထွက်ပါတယ်။

တည်သီးကို မမြင်ဖူးသူများအတွက် ဖော်ပြပေးတာပါ။ ၄င်းအသီးတွေကို မှည့်တဲ့အခါ ဒီတိုင်းစားကြပြီး အရသာက ချိုပါတယ်။ အတွင်းသားက အပေါ်က ပုံအတိုင်းပါ။ အသီးတွေ သိပ်ပေါလို့ စားမနိုင်တဲ့အခါ အထက်က ပုံလို အခြောက်လှမ်းပြီး ချိန်ခါမရွေးစားနိုင်တဲ့ တည်သီးခြောက်လုပ်ရောင်းကြပါတယ်။ အသီးမှည့်အခြောက်က ပိုချိုပြီး အချို့က အသီးစိမ်းကို အခြောက်လှမ်းရင် အရသာက ဖန်တွတွမို့ စားလို့ မကောင်း ဖြစ်တတ်ပါတယ်။

ကျောက်ဂျင်း

ဒါလည်း စိန်လုံတောင်တန်းပေါ်က ၀ယ်လာတဲ့ ကျောက်ဂျင်းဆိုတာပါ။ ကျွန်မကိုယ်တိုင်တောင် ဒီကျောက်ဂျင်းကို တစ်ခါမှ မစားဖူးတာမို့ ဆိုင်ရှင်ကိုမေးတဲ့အခါ ပါးပါးမျှင်မျှင်လှီးပြီး ခရမ်းချဉ်သီးနဲ့ အစိမ်းသုပ်စားလို့ရသလို ငရုပ်သီးထောင်းစားစား၊ မြေပဲဆန်နဲ့လည်း သုပ်စားစားစား စားလို့ ရတယ်ပြောပါတယ်။ မစားဖူးတဲ့ အစားအသောက် အသစ်အဆန်းတွေကို စိတ်ဝင်စားတာမို့ ၀ယ်လာတာပါ။ အခြားတစ်ရက်မှ ဒီကျောက်ဂျင်းကို သုပ်ကျွေးပါမယ်နော်။


 ပိန်းဥ

ကျောက်ဂျင်းနဲ့ တူသလိုလို ရှိပေမဲ့ မဟုတ်ပါ။ ပိန်းဥပါ ။ ဒီပိန်းဥနဲ့ ကချင်ဟင်းရည် ချက်ကျွေးပါမယ်နော်။


မျှစ်တို့ခြောက် 

အိမ်က သယ်လာတဲ့ မျှစ်တို့ခြောက်ပါ။ မျှစ်ချဉ်ကို ပါးပါးမျှင်မျှင်လေးတွေ လုပ်ပြီး အခြောက်လှမ်းထားတာပါ
။ ငါးချဉ်လဲပါလာပေမဲ့ ဟင်းမချက်ခင် ဓာတ်ပုံမရိုက်ဖြစ်လိုက်မိပါဘူး။


~~~~~~@@@~~~~~~

ဒါတွေကို ချစ်စွာသော မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ကချင်ပြည်နယ်ရဲ့ လက်ဆောင်အဖြစ် ယူလာတာပါ။ ကြိုက်သလောက် ယူသွားကြပါနော်။ ဒီစားသောက်စရာတွေကို ဘယ်လို လုပ်စားရမယ်မှန်း မသိသူများအတွက်တော့ ကျွန်မကိုယ်တိုင် ချက်ကျွေးပါမယ်နော်။


ကချင်ပြည်နယ်ထွက် အသီးအရွက်များနဲ့ ချက်ထားပါပြီ။ ဟင်းတစ်မျိုးချင်းစီကို မိတ်ဆက်ပြောပြရမယ်ဆိုရင်


ဟင်းပြင်းဖူးကြော်


Image Hosted by PicturePush - Photo Sharing


ဟင်းပြင်းဖူးကို ဆူးပုတ်ရွက်လေးရောပြီး ကြော်ထားတာပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီ စိတ်ပြီး ကြော် ပုဇွန်ခြောက်ထည့်၊ ဟင်းပြင်းဖူးထည့်၊ ကျက်ခါနီးမှ ဆူးပုတ်ရွက်နဲ့ ခရမ်းချဉ်သီး ငရုပ်သီးတို့ကိုထည့်ပြီး ဆားအရသာမှုန့်ထည့်ပြီး ကြော်ထားတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ သိပ်စားကောင်းတာပါ။ 



Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်

အဲဒီမျှစ်ချဉ်နဲ့ ဟင်းပြင်းရွက်ကို လှော်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်ကို ရေနဲ့ အရင်ပြုတ်ပါတယ်။ ပြီးတော့မှ ဆီ အနည်းငယ်ထည့် ကြက်သွန်ဖြူနီထည့် ပုဇွန်ခြောက်၊ ငပိထည့်ပြီး မျှစ်ချဉ်ကို လှော်ပါတယ်။ မျှစ်ချဉ်ကျက်တော့ ဟင်းပြင်းရွက်၊ ကံဇင်းရွက်လည်း ထည့်ပါတယ်။ ခရမ်းချဉ်သီး၊ ငရုပ်သီး ဆား၊အရသာမှုန့်၊ ငံပြာရည်( ကြိုက်တတ်လျှင်) တို့ထည့်ပါတယ်။ ဟင်းပြင်းရွက် အနေတော် နူးပြီဆို စားလို့ရပါပြီ။ 


Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်နဲ့ ဟင်းပြင်းရွက် လှော်ပါ။


Image Hosted by PicturePush - Photo Sharing


 အရည်သောက်အတွက် ချက်ဖို့က

ကျောက်ဖရုံသီးပါ။

ပိန်းဥကို ကျောက်ဖရုံသီးနဲ့ မျှစ်တို့ခြောက်ထည့်ပြီး ကံဇင်းရွက်ခတ်တဲ့ ဟင်းရည် ချက်ထားပါတယ်။  



Image Hosted by PicturePush - Photo Sharing

ပိန်းဥ၊ ကျောက်ဖရုံသီး၊ မျှစ်တို့ခြောက်၊ ကံဇင်းများနဲ့ ငရုပ်သီးစပ်စပ် ဟင်းရည်
ဒီဟင်းရည်ချက်နည်းကတော့ ရေအိုးတည် ဆား၊ ငပိ၊ ပုဇွန်ခြောက်ခတ်ပြီး ပိန်းဥနဲ့ ကျောက်ဖရုံသီးကို အတုံးများလုပ်ပြီး ထည့်ပါတယ်။ ငရုပ်သီး ၄တောင့် ၅တောင့် ထည့်ပါတယ်။ ၄င်းပိန်းဥနဲ့ ကျောက်ဖရုံသီး၊ ငရုပ်သီးတို့ နူးပြီဆို အရည်မပါဘဲ ခွက်တစ်ခုထဲ ခူးထည့်ပြီး  အတုံးများကို အနည်းငယ်ကြေအောင် ဇွန်းဖြင့် ခြေပါတယ်။ ပြီးနောက် အိုးထဲပြန်ထည့်ပြီး မျှစ်တို့ခြောက် ခတ်ပါတယ်။ ထိုသို့ ခြေမှ ဟင်းရည် ခပ်ပြစ်ပြစ်လေးကို ရပါတယ်။ အချိန်အနည်းငယ်ထားပြီး ဆား၊ အရသာများ အပေါ့အငံများ အရသာစိတ်ကြိုက်ဖြစ်ပါက ကံဇင်းရွက်ကို ခတ်ပြီး ချလို့ရပြီ။ အရသာကတော့ အချဉ်အရသာလဲပါ၊ စပ်လဲစပ်၊ ကံဇင်းနံ့လေး မွှေးလှတဲ့ ကချင်ဟင်းရည် ရပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကချင်ပြည်နယ် အင်းတော်ကြီးငါးချဉ်ပါ။ အဲဒီငါးချဉ်ကို ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing


အဲဒီဟင်းတွေကို ငရုပ်သီးလေးထောင်းလေးနဲ့ စားလိုက်ရင် ရှူးရှူးရှဲရှဲ အရသာလေးနဲ့ လျှာလည်သွားမယ်ဆိုတာ သေချာပါတယ်နော် :)


~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


ကျွန်မရဲ့ ကချင်ပြည်နယ် လက်ဆောင်လေးများဖြင့် အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်.. ခရီးသွားရာက ရရှိလာတဲ့ အတွေ့အကြုံလေးတွေလည်း ရေးစရာတွေ ပါလာတာမို့ ဖြေးဖြေးချင်း ရေးပါဦးမယ်လို့...
 
Image Hosted by PicturePush - Photo Sharing

စိတ်ရဲ့ ပြူတင်းပေါက်



အိမ်ထောင်ကျကာစ လင်မယားအသစ်ကလေး တစ်စုံဟာ  နေရာသစ်က တိုက်ခန်းအသစ်လေး တစ်ခုကို ပြောင်းရွေ့လာကြပါတယ်။ သူတို့နေရတဲ့တိုက်ခန်းအသစ်ဟာ ပြင်ပ ၀န်းကျင်ကို ကောင်းကောင်း ကြည့်မြင်နိုင်တဲ့  မှန်ပြူတင်းပေါက်တွေ ရှိနေခဲ့ပါတယ်။



နောက်တစ်နေ့မနက် သူတို့နှစ်ယောက် မနက်စာ စားနေချိန်မှာ ထမင်းစားခန်းရဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ တစ်ဖက် အိမ်က ခြံဝင်းထဲမှာ အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားတာ တွေ့လိုက်ရပါတယ်။

အဲဒီအ၀တ်တွေကိုကြည့်ပြီး အမျိုးသမီးလေးက “အ၀တ်တွေကြည့်ရတာ စင်တဲ့ပုံလည်းမရဘူး။ အဲဒီအ၀တ်တွေကို လျှော်တဲ့ မိန်းမဟာ အ၀တ်လည်း ကောင်းကောင်း မလျှော်တတ်ဘူးထင်တယ်။ ဒါမှမဟုတ် သူတို့သုံးတဲ့ ဆပ်ပြာမကောင်းလို့လား မသိဘူး” ဆိုတဲ့ မှတ်ချက် ချပါတယ်။
Image Hosted by PicturePush - Photo Sharing


တစ်ဖက် အိမ်ကလည်း နေ့စဉ်နေ့တိုင်း အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားသလို မိန်းခလေးဟာလည်း  အဲဒီပြူတင်းပေါက်ကနေ ကြည့်မိတိုင်း သူတို့လျှော်တဲ့ အ၀တ်တွေ မစင်တဲ့အကြောင်း၊ အ၀တ် မလျှော်တတ်ကြောင်း၊ ဆပ်ပြာမကောင်းကြောင်း စတဲ့မှတ်ချက်တွေကို ချတတ်ပါတယ်။
နောက်တစ်နေ့ မနက်စားစားချိန်မှာတော့ ထုံးစံအတိုင်း မိန်းခလေးဟာ တစ်ဖက် ခြံဝင်းထဲကို ကြည့်လိုက်ပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing

“ဟယ်..  ကိုယ်ရေ ဒီနေ့တော့ ထူးထူးခြားခြားတော်..  ဟိုဖက်တိုက်ခန်းက အ၀တ်တွေ လျှော်ထားတာ ပြောင်စင်နေပါလား။ ဆပ်ပြာကောင်းကောင်းသုံးပြီထင်တယ်.. ကိုယ်ရော မြင်ရလား အ၀တ်တွေ ပြောင်အောင် လျှော်ထားတာကိုလေ..” လို့ အံ့သြတကြီး ပြောလိုက်ရင်းက  သူ့ အမျိုးသားကို လှမ်းမေးလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီတော့ မိန်းခလေးရဲ့ အမျိုးသားက “ အော်.. အဲဒါ ပြောဖို့ မေ့နေတာ။ ကိုယ် ဒီမနက် စောစောနိုးတာနဲ့ အိမ်ရဲ့ ပြူတင်းပေါက်မှန်တွေကို သေချာဆေးကြော သန့်စင်ထားလိုက်တယ်။ တကယ်က ဟိုဖက်အိမ်က မိန်းမ အ၀တ်လျှော်တာ မစင်လို့ မဟုတ်ပါဘူး။ ကိုယ်တို့ပြူတင်းပေါက်မှန်က ညစ်ပေနေလို့ပါ” လို့ ပြန်ပြောလိုက်ပါတယ်။


 ~~~~~~~~~~~~@@@~~~~~~~~~~~~~~~


တကယ်တော့ တစ်ဖက်သားကို ကြည့်တဲ့အခါ ကြည်ကြည်လင်လင် မြင်နိုင်ဖို့ဆိုရင် မိမိရဲ့ အတွင်းစိတ်ဖြစ်တဲ့ ပြူတင်းပေါက်လေးဟာလည်း သန့်ရှင်းကြည်လင်နေမှသာ ကြည်ကြည် လင်လင် မြင်ရမှာ ဖြစ်ပါတယ်။ မကြည်လင်နေတဲ့ စိတ်အခံနဲ့ လူတစ်ယောက်ကို ကြည့်တဲ့အခါ အမြင်မှန်ကို မြင်နိုင်ဖို့ မလွယ်ကူပါဘူး။ ကျွန်မတို့တွေ မိမိရဲ့ အတွင်းစိတ် ပြူတင်းပေါက်တွေ ညစ်နွမ်းနေတာကို သတိမထားမိဘဲ သူတစ်ပါးကို  မှတ်ချက်အမှားတွေ ကောက်ချက်အလွှဲတွေ ဘယ်နှကြိမ်များ ချနေမိခဲ့ပြီလဲ မသိနော်.. ဒါကြောင့် အရာရာကို ကြည်လင်ပီသစွာ မြင်နိုင်ဖို့ မိမိရဲ့ စိတ်ပြူတင်းပေါက်တွေကိုလည်း သန့်ရှင်းရေး လုပ်သင့်တယ်ဆိုတာကို  ကျွန်မကိုယ်တိုင်လည်း မိမိကိုယ်ကို သတိပေးတဲ့အနေနဲ့ ဒီပိုစ့်လေးကို တင်ဖြစ်ပါတယ်ရှင်။




Inspiration from; A window from open visit ( Funzug.com)
Photo from : google