Thursday, May 19, 2011

မေတ္တာရနံ့


ညနက်သန်းကောင် အေးစက်နေသော လေတွေသည် Dallas ရဲ့ ဆေးရုံသေးသေးလေးတစ်ခုတွင် ရောက်နေသော ဒိုင်ယာနာ၏ အခန်းဘေးပတ်ဝန်းကျင်တွင် ခပ်ပြင်းပြင်းတိုက်ခတ်လို့ နေခဲ့သည်။ ခွဲစိတ်ခန်းထဲမှ ထုတ်ယူခြင်း ခံထားရတာ မကြာသေးသော သူမသည် မူးနောက်ရီဝေနေသော အရှိန်က မပြယ်သေးပေ။ သူမယောက်ျား ဒေးဗစ်က သူမရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်ပြီး ဘေးနားကနေ တစ်ဖွဖွ အားပေးစကား ပြောနေခဲ့သော်လည်း သူမရင်ထဲမှာတော့ မကြာခင်ကမှ ခွဲပြီး မွေးလိုက်ရတဲ့ သမီးလေးအတွက် ပူပင်သောကတွေ ရင်နဲ့မမျှအောင် ခံစားနေမိရသည်။
သူမသမီးလေးသည် ကိုယ်ဝန် ၂၄ပတ်ဖြင့်သာ အချိန်မတိုင်ခင် စောစီးစွာ မွေးဖွားလာခဲ့သောကြောင့်  အလွန်သေးငယ်ပြီး ပေါင်ချိန်မှာလည်း တစ်ပေါင်နှင့် ၉အောင်စသာ ရှိနေခဲ့သည်။ ဆရာဝန်က သူမတို့ကို တတ်နိုင်သမျှ နူးညံ့ညင်သာသော စကားလုံးများဖြင့် နှစ်သိမ့်ပြောကြားလာသော်လည်း သူမတို့နားတွင်တော့ ဗုံးကွဲသည်ထက် ပြင်းထန်လို့ နေခဲ့သည်။ “သူမတို့သမီးလေးသည် ထိုနေ့ညထက် ကျော်လွန်ပြီး အသက်ရှင်သန်ဖို့ အခွင့်အရေးမှာ ၁၀ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုလေသည်။ အကယ်၍ ကံကောင်းထောက်မပြီး အသက်ရှင်သန်ခဲ့လျှင်တောင်မှ သူမလေး၏ ဘ၀သည် အခြားကလေးငယ်များလို လှပသော အနာဂတ် ရရှိနိုင်လိမ့်မည်မဟုတ်။ စကားလည်း မပြောနိုင်၊ လမ်းလည်း မလျှောက်နိုင်၊ အသိဥာဏ်လည်း အခြားသူများလို ပြည့်ဝနိုင်မည် မဟုတ်သလို မျက်စိပင် မြင်နိုင်လိမ့်မည် မဟုတ် ” စသဖြင့် သမီးလေး၏ ဆိုးဝါးသော အနာဂတ်အကြောင်း ဆရာဝန်က ရှင်းပြလေသည်။
ဆရာဝန်ပြောသမျှ စကားကို ဒိုင်ယာနာကတော့ မယုံကြည်နိုင်ခြင်းများစွာဖြင့် “မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး”ဟု သွေးရူးသွေးတန်း အသွင်သား ငြင်းဆိုနေခဲ့မိတော့သည်။ သူမတို့ သမီးလေးတွင် ထိုမျှလောက်ဆိုးဝါးသော ဘ၀ကို ပိုင်ဆိုင်ရလိမ့်ဟု သူမ မယုံကြည်နိုင်ပါ။ သူမရယ် သူမယောက်ျား ဒေးဗစ်ရယ်၊ ငါးနှစ်အရွယ် သားလေးတို့သည် သမီးလေးတစ်ယောက် တိုးလာမည့် မိသားစု လေးယောက်ဘ၀ကို ပိုင်ဆိုင်ကြဖို့ စိတ်ကူးယဉ်ခဲ့ကြတာ ကြာပြီဖြစ်သည်။ ခုတော့ ထိုအိပ်မက်သည် ဆရာဝန်၏ စကားအောက်မှာ တစ်စစီ ပြိုကွဲ ပျောက်ကွယ် ရပေတော့မည်။ သူမ စိတ်ကူးယဉ်မျှော်လင့်ခဲ့ရသော အိပ်မက်ကိုဖြင့် လွယ်လွယ်နှင့် လက်မလျှော့ချင်ပါ။ သူမတို့ မိသားစုအားလုံး တစ်ညလုံး မအိပ်နိုင်ဘဲ သမီးလေးကို အရိပ်တကြည့်ကြည့် ကြည့်နေမိသလို သမီးလေးအတွက်လည်း ဆုတောင်းပေးနေခဲ့မိသည်။
သမီးလေးသည် အသက်ကို မျှဉ်းမျှဉ်းကလေးရှူကာ သူမ၏ အနာဂတ်ကို ဘာမှမသိနိုင်စွာ မျက်လုံးလေးမှိတ်ပြီး အိပ်နေခဲ့သည်။ လှုပ်ရှားမှု ဘာတစ်ခုမှ မရှိ။ ဒိုင်ယာနာမှာလည်း အိပ်ပျော်လိုက် နိုးထလိုက်ဖြင့် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့သလို မနက်အာရုဏ်တက်လာချိန်တွင်တော့ သူမသမီးလေး အသက် ရှင်သန်ရမည် ဆိုသော ယုံကြည်မှုကို ပိုမို ခိုင်မာလာခဲ့သည်။ သူမတို့ သမီးလေးသည် အများသူငှာလို ကျန်းမာသော၊ ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်ခွင့်ရလိမ့်မည်ဟုသာ သူမ တွေးချင် ယုံကြည်ချင်မိပါသည်။ သို့သော်လည်း ဒေးဗစ်ကတော့ အသုဘ စီစဉ်သောအဖွဲ့နှင့် ကြိုတင်စီစဉ်စရာရှိတာ စီစဉ်ထားသင့်သည်ဟု ထင်မိသည်။ သူ့သမီးလေးအသက်ရှင်သန်ဖို့ မျှော်လင့်ချက်မရှိသလောက် နည်းနေပြီဟု ဆရာဝန်က ပြောထားသည် မဟုတ်လားလေ။
ဒိုင်ယာနာကတော့ ဒေးဗစ်မျှော်လင့်သလို သူမက မမျှော်လင့်ချင်ပါ။ ဆရာဝန်တွေ အကောင်းဆုံးကြိုးစားပေးခဲ့ကြသည်ကို သူမ သိပါသည်။ သို့သော်လည်း သူမတို့၏ သမီးလေး ဆက်လက် မရှင်သန်နိုင်တော့ဘူး ဆိုသည့်စကားကိုတော့ သူမ မကြားလို၊ နားလည်း မထောင်လို။ ထို့ကြောင့် ဒေးဗစ်ကို သူမ ပြောမိသည်က “ ကျွန်မတော့ လက်မလျော့ဘူး။ ကျွန်မသမီးလေး အသက်မရှင်ဘူးဆိုတဲ့ အဖြစ်ဟာ ဖြစ်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ဆရာဝန် ဘာပြောပြော ကျွန်မ လက်မခံနိုင်ဘူး ။ ကျွန်မတို့သမီးလေးဟာ အသက်ဆက်ပြီး ရှင်သန်ရမယ်။ မကြာခင် ဆေးရုံကနေ ကျွန်မတို့နဲ့အတူတူ အိမ်ပြန်ခွင့်ရလာမယ်လို့ ကျွန်မ ယုံကြည်တယ်။  တစ်နေ့နေ့မှာ သမီးလေးဟာ အများတကာ မိန်းခလေးငယ်တွေလို သမီးလေးဟာ ပုံမှန်အတိုင်း ကြီးထွားလာမှာ” ။
ဒိုင်ယာနာဟာ သမီးလေးရဲ့ အနားကနေ တစ်ဖဝါးမှ မခွာဘဲ အချိန်တိုင်း သမီးလေး၏ ဘေးနားတွင် ထိုင်ကာ စကားတွေ တစ်တွတ်တွတ်  ဆိုနေခဲ့သလို ဆရာဝန်တွေကိုလည်း သမီးလေးအတွက် လိုအပ်သော ကုသမှုအားလုံးကို ပြုလုပ်ပေးဖို့ အသနားခံ တောင်းဆိုလေသည်။ ဒိုင်ယာနာ၏ ထက်သန်သော ဇွဲ၊ ယုံကြည်မှု၊ မေတ္တာတရား၊ တောင်းပန်မှုတို့ကြောင့် ဆရာဝန်တွေသည်လည်း အလွန်သေးကွေးလှသော ကလေးလေးအတွက် စက်ကိရိယာ၊ ဆေးဝါး၊ ကုသမှု စသော လိုအပ်တာ မှန်သမျှကို လုပ်ပေးခဲ့ကြသော်လည်း သမီးလေးမှာ အနည်းငယ်လေးတောင် လှုပ်ရှားမှု ရှိမလာ။ သို့သော် အသက်တော့ မှန်မှန်ရှူနေခဲ့သည်။ သမီးလေးမှာ ဖွဖွလေး နမ်းခြင်း၊ ညင်သာစွာ ကိုင်တွယ်ထိတွေ့ခြင်း တို့ကိုပင် ခန္ဓာကိုယ်က လုံးဝ ခံနိုင်ရည်မရှိဟု ဆရာဝန်တို့က ပြောကြားပြီးနောက်  ကလေးလေးကို ထိတွေ့ကိုင်တွယ်ခြင်း မပြုဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။  နောက်တစ်ရက်တွင်တော့ သမီးလေးကို အလင်းရောင်ပေးထားသော ဖန်ပေါင်းချောင် လေးထဲတွင် ထည့်ထားလိုက်လေတော့သည်။ အနည်းငယ်လေးတောင် လှုပ်ရှားမှုမရှိသော သမီးလေးကို ကြည့်ကာ မျက်ရည်သွင်သွင် စီးကျရင်းသာ သမီးလေးအသက်ရှင်သန်ဖို့ ဆုတောင်းနေမိတော့သည်။
တစ်ပတ်ခန့် ကျော်လွန်လာသည့်အချိန်တွင် သမီးလေးမှာ တစ်အောင်စခန့် ပေါင်ချိန်အနည်းငယ် တိုးလာပြီဟု ဆရာဝန်က အသိပေးလေသည်။ ဆေးရုံတွင် နှစ်လခန့် အချိန်ကုန်သွားပြီးနောက်တွင်တော့ ဒိုင်ယာနာ၏ သမီးငယ်လေးမှာ ထိတွေ့ကိုင်တွယ်နိုင်သော အခြေအနေသို့ ရောက်လာခဲ့လေပြီ။ ထိုချိန်ကျမှ သူမတို့မှာ သမီးလေးကို လက်မောင်းပေါ်တွင် ပထမဦးဆုံး အနေနှင့် ပွေ့ချီခွင့်ရကြလေတော့သည်။ သို့သော်လည်း ဆရာဝန်များမှာ သူမတို့သမီးလေးသည် အခြားသော ကလေးငယ်များလို ပုံမှန်အခြေအနေအတိုင်း ကြီးထွားနိုင်ဖို့တော့ အခွင့်အရေး အလွန်နည်းကြောင်း ပြောဆိုနေတုန်းသာ ရှိလေသည်။  သို့သော် နောက်ဆုံးတွင်တော့ သမီးလေသည် မိခင်ဖြစ်သူ ခန့်မှန်းသကဲ့သို့ပင် ဆေးရုံမှ အိမ်သို့ ဆင်းခွင့်ရခဲ့လေတော့သည်။ သို့သော် တဖြေးဖြေး ကြီးပြင်းလာမည့် သမီးလေးသည် အများသူငှာကဲ့သို့ ခန္ဓာကိုယ် ကြီးထွားလာပါ့မလား.. ဦးနှောက်အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ပါ့မလား ဟူ၍ စိုးရိမ်နေရပေဦးတော့မည်။
တစ်ဆယ့်ငါးနှစ်ကြာပြီးနောက် ၁၉၉၆ခုနှစ်တွင် သမီးလေး အဲန်နီသည် ကိုယ်လုံးသေးသွယ်သော်လည်း မီးခိုးဖျော့ဖျော့ မျက်ဝန်းလေးများနှင့် တက်ကြွသော၊ ငယ်ရွယ်နုပျိုသော  မိန်းခလေးဖြစ်နေခဲ့ပြီ။ ဒေးဗစ် မရှိတော့သည့် နောက်ပိုင်းတွင် သူမတစ်ယောက်တည်း သားနှင့် သမီးတို့ကို  လူလား မြောက်အောင် ပြုစုစောင့်ရှောက် ကျွေးမွေးလာခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ သမီးလေး အဲန်နီတွင် စိတ်မူမမှန်သော လက္ခဏာများ၊ ဦးနှောက်မပြည့်သည့် အနေအထား စသည်ဖြင့် ဘာတစ်ခုမှ ရှိမနေသလို လောကကြီး အကြောင်း ပျော်ရွှင်စွာ၊ ရင်ခုန်စွာ၊ စူးစမ်းလိုစိတ်များစွာတို့ဖြင့် သင်ယူလေ့လာရန် အဆင်သင့်ဖြစ်နေသော မိန်းမငယ်လေး တစ်ယောက် ဖြစ်နေလေပြီ။ သူမတို့အရွယ် အခြားသော မိန်းခလေးများလုပ်နိုင်သည့် မည်သည့်အလုပ်မျိုးမဆို အဲန်နီကလည်း လုပ်နိုင်ခဲ့သည်။
ကောင်းကင်ကြီးတစ်ခုလုံး ပြာပြာလွင်လွင်ဖြင့် နေသာနေကာ ၀န်းကျင်တစ်ခွင် လှပသာယာနေသော နွေဦး၏ နေ့လည်ခင်း တစ်ခုတွင် အဲန်နီနှင့် သူမ၏မိခင် ဒိုင်ယာနာတို့သည် အိမ်နှင့် မလှမ်းမကမ်းရှိ မြက်ခင်းတစ်ခုပေါ်တွင် ထိုင်ကာ အဲန်နီ၏အစ်ကို ဘရိုင်ယန် ပါဝင်ကစားသော ဘေ့စ်ဘောအသင်း၏ လေ့ကျင့်ခန်း ဆင်းနေပုံကို ကြည့်ရှုအားပေးနေခဲ့ကြသည်။ ဘရိုင်ယန်၏ အားကြိုးမာန်တက် ကစားနေပုံကို ကြည့်ကာ အဲန်နီလေးမှာ မရပ်မနား လက်ခုပ်လက်ဝါးများတီးကား အားပေးနေလေသည်။ ဒိုင်ယာနာကတော့ သမီးလေးပုခုံးကို ခပ်ဖွဖွလေးဖက်ကာ လှုပ်ရှားတက်ကြွ ပျော်ရွှင်နေသော သမီးငယ်လေးကို ကြည့်ပြီး ပီတိဖြစ်နေခဲ့သည်။ သူမတို့သမီးလေးသည် ယခုလိုမှ အရွယ်ရောက်လာပါ့မလား၊ ဦးနှောက်အသိဥာဏ်မှ ဖွံ့ဖြိုးပါ့မလားဟူ၍ ခြောက်အိပ်မက် မက်ခဲ့ရသော နေ့ရက်များမှ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် သမီးလေးမှာ လက်ခုပ်တီးနေရာမှ ရပ်လိုက်ပြီး နှာခေါင်းလေးကို ရှုံ့ပွ ရှုံ့ပွလုပ်ရင်း လေထဲမှာ အနံ့ခံနေတော့သည်။ ပြီးနောက် ဒိုင်ယာနာလက်မောင်းကို ဖက်လိုက်ပြီး “မေမေ.. မေမေ့နှာခေါင်းမှာ အနံ့တစ်ခုခု မရဘူးလားဟင်။”  ဟု သူမကို မေးလေသည်။ သူမကလည်း သမီးလုပ်သကဲ့သို့ နှာခေါင်းထဲသို့ လေကို ရှုသွင်းလိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ ရုတ်တရက်တော့ သူမ ဘာအနံ့ကိုမှ မခံစားမိပေ။ သို့သော်  ခဏတွင် သူမ သိလိုက်သည်။ မိုးသားတိမ်ရိပ် မရှိပါဘဲနှင့်လေထဲတွင် နှစ်သက်စဖွယ် အနံ့တစ်မျိုးလေး ရနေသည်။ ထိုအနံ့သည် မိုးရွာတော့မည့် မိုးနံ့သာဖြစ်လေသည်။ နွေဦးမိုး ရွာလေတော့မည်။  “မေမေ အနံ့ရလားဟင် ” ဟု သမီးလေးက  ပြန်မေးသောအခါ ဒိုင်ယာနာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာ “ရတာပေါ့ သမီးရဲ့ မိုးရွာတော့မဲ့ အနံ့လေ။ မိုးနံ့ပေါ့” ဟု ပြန်ပြောလိုက်လေသည်။ သမီးလေး အဲန်နီက ခေါင်းကို အသာအယာညိတ်လိုက်ပြီး “ဟုတ်တယ်မေမေ.. မိုးနံ့ ရနေပြီ။ ပတ်ဝန်းကျင်ကို အေးမြလန်းဆန်းစေနိုင်တဲ့ အဲဒီအနံ့ကို သမီးတော့ မေမေ့ရဲ့ မေတ္တာနံ့လို့ တင်စားချင်တယ်။ ဘာလို့လဲဆိုတော့ မေမေရဲ့ မေတ္တာက  သန့်စင်တယ်။ အေးမြတယ် တကယ်တမ်းတော့ သမီးအသက်ရှင်သန်ခွင့်ရတာဟာလည်း ပြင်းပြတဲ့ မေမေရဲ့ မေတ္တာစိတ်ကြောင့်ပါ။ အခုရတဲ့ မိုးနံ့ကလည်း အေးအေးလေးနဲ့ သန့်စင်နေတယ်လေ။ ဒီတော့ အဲဒီ မိုးနံ့က မေမေရဲ့ မေတ္တရနံ့နဲ့ တူနေတာပေါ့ မေမေရဲ့”။
ပြုံးပြုံးလေး ပြောနေသော သမီးလေး အဲန်နီရဲ့ စကားသံက သူမရင်ထဲ အေးမြလန်းဆန်းလို့ သွားစေခဲ့သည်။ လေ့ကျင့်ခန်းပြီးဆုံး၍ ခပ်လှမ်းလှမ်းမှ လက်ပြကာ သူမတို့ ရှိရာဘက်သို့ လျှောက်လှမ်းလာနေသော သားလေး ဘရိုင်ယန်၏ အပြုံးကလေးကလည်း သူမကို ကြည်လင် ရွှင်လန်းစေနိုင်သည်သာလေ။ အိုး.. မကြာခင်ရွာတော့မည့် မိုးရနံ့သည်လည်း သူမ ချစ်သော သားသမီးတို့၏ မေတ္တာရနံ့နှင့် အတူတူသာ ဖြစ်သည်ဟု သူမ ထင်ပါသည်။ မေတ္တာရနံ့တို့မည်သည် အေးမြစေသော သဘောရှိသည် မဟုတ်လားနော်။ အနားသို့ ရောက်လာသော သားနှင့် သမီးကို ပွေ့ပိုက်လိုက်ရင်း သူမရင်ထဲတွင်တော့ ကြည်နူးပီတိအဟုန်တို့ကြောင့် အေးမြလန်းဆန်းကာ ငြိမ့်ငြိမ့်ညင်သာလေး ခံစားနေမိရတော့သည်။

Stephen ရဲ့ The smell of rain ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။


Image Hosted by PicturePush - Photo Sharing

23 comments:

အမြဲဖတ်ကောင်းအောင်ရေးတတ်တယ်။ ချောဘာသာပြန်တာညက်နေတာဘဲ။

ဟုတ်တယ်..၊ မအိုင်အိုရာ ပြောသလိုပဲ၊ ဘာသာပြန်တဲ့ အခါ မချောရဲ့ စကားလုံး ရွေးချယ်မှုက တကယ်ပဲ ချီးကျူးစရာပါပဲ၊ ခေါင်းစဉ်ကအစ ရိုးရိုးကြီး ဖြစ်မနေအောင် ပေးတတ်တယ်၊ အခုလို ညက်ညောတဲ့ ဘာသာပြန်တွေနဲ့ ဆက်ပြီး ဝေမျှပါဦး....။

လူဘ၀ရလာရင် စိတ်ဆင်းရဲစရာ၊ ပူပန်စရာတွေနဲ့  ပြည့်နှက်နေကြတာ သဘာဝပါပဲအစ်မရေ။ ခိုင်မာတဲ့ စိတ်ဓါတ်၊ သန့် ရှင်းတဲ့ မေတ္တာစစ်၊ လူသားချင်းကြင်နာယုယ မှုတွေဟာ လူ့ သဘာဝ အတွက် အကာအရံ ဒိုင်း တွေပဲ မဟုတ်လား အစ်မချောရေ...။

သန့် ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့  နှောင်ဖွဲ့ ပြီး လူသားတွေ အချင်းချင်း ကူညီရိုင်းပင်းကြရင် ကမ္ဘာကြီး သာယာလှပလာမှာ ပါလေ..။

(သိပ်ဖတ်လို့ ကောင်းတာပဲ.. ညစ်နေတာလေးတွေ ပျောက်သွားတယ်)

Thank you so much for translation and sharing this beautiful piece, Chaw.
Mon Petit Avatar

ချစ်စရာကောင်းလိုက်တဲ့ စာစုလေးပဲဗျာ..း))... မချောဘာသာပြန်တာတွေ သိပ်ကောင်းတယ်...


ခင်မင်လျက်
နေ၀ဿန်

မိဘနှင့် သား၊ သမီးဟာ စိတ်ခြင်း ဆက်သွယ်မူ ရှိကြတာပဲလေ။

အမေ့ မေတ္တာစွမ်းအားက အံသြစရာ ကောင်းအောင် ကြီးမားတဲ့ သဘောပေါ့နော်..

အမေ့ မေတ္တာစွမ်းအားက အံသြစရာ ကောင်းအောင် ကြီးမားတဲ့ သဘောပေါ့နော်..

မိခင်မေတ္တာတိုင်းမှာ အံ့သြဘွယ်ရာ ကြီးမားတဲ့ စွမ်းအင်တွေ ရှိနေကြတယ်နော်...

ဒီပို့စ်လေးဖတ်ပြီး အဲ့လိုပဲ မွေးကာစ ပေါင်မပြည့်လို့ ဖန်ပေါင်းချောင်ထဲ နေခဲ့ရချိန်တွေ ၊ကိုယ့်ငယ်ငယ်တုံးက ချူချာခဲ့တဲ့အချိန် မှာ မေမေဘယ်လောက်ပင်ပန်းခဲ့လေမလည်း တို့ တွေးမိသွားပါတယ် မချောရေ...
မိဘကျေးဇူးဆိုတာ ရှိနေသေးတဲ့အချိန်လေးမှာ အတတ်နိုင်ဆုံး ဆပ်သင့်ပါတယ်...
စာရေးကောင်းတဲ့ မချောတယောက် စာပေကောင်းလေးတွေ ဆက်လက် ရေးသားနိုင်ပါစေ

ခင်တဲ့
မကိ..

မိဘမေတ္တာ က တော့ အမြဲ လေးစားနေရတာပဲ အမရေ

Came to read the translated novel. Very touching. Love it.

ဘာသာပြန် အားကီး မိုက်လယ်...
ကြိုက်လယ် ခိုက်လယ်
မိုက်လယ်..ဗျာ

မိခင်တစ်ယောက်ရဲ့ ဇွဲ၊ ယုံကြည်မှု နဲ့ ထက်သန်တဲ့ မေတ္တာတရားတို့ ကြောင့် ရှင်သန်ခွင့်ရလာတဲ့ အပြင် လူစဉ်မှီတဲ့ သူတစ်ယောက်ဖြစ်လာတာဟာ အရမ်း ဆူးရှတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်ကြောင့်လို့ ထင်ပါတယ်။ ဘာသာပြန်ဆိုမှုလေးလည်း အရမ်းကောင်းပါတယ်။

မိခင်မေတ္တာရဲ့ စွမ်းပကားလို့ ဆိုရမလို ကလေးရဲ့ ကံလို့လည်း ပြောရမှာပါပဲ။
မေတ္တာရနံက မွှေးပျံ့ပါတယ်။

မေတ္တာစွမ်းကြောင့် လန်းဆန်းဖူးပွင့်လာတဲ့ ပန်းကလေးအကြောင်း ဖတ်ရင်း မိုးနံ့လေးပါ ရှုရှိုက်မိသွားတယ် ချောရေ...

မချော မေတ္တာရနံ့လေးက ဖတ်ရတာကြည်နူးစရာလေး၊
ရေးထားပုံလေးက ငြိမ့်ငြိမ့်လေး၊
နောက်ဆုံးပိုဒ်လေး ရေးထားတာလည်းကြိုက်တယ်။
ချစ်တဲ့

smell of the rain
smell of the love ...
touching ..

မိခင်မေတ္တာကိုဖော်ကျူးပြီရေသားထားထဲဘာသာပြန်ကိုဖတ်
ရတာအရမ်းတန်ဘိုးရှိပါတယ်လူတိုင်မိခင်မေတ္တာကိုနာလည်နိုင်ပါစေမမချောရေ

This comment has been removed by the author.

မချောရဲ့ မြန်မာပြန်လေးကို သဘောကျတယ်ဗျာ။
ဘာသာပြန်ကောင်းတဲ့ အခါ ရသ ကပေါ်လွင်တာကိုး။
မူရင်းတွေကိုဖတ်ပေမဲ့ စိတ်မှာ အဟာရ မတွေ့မိလို့။
ကျေးဇူး.....

အင်း..
မေတ္တာကို မိုးရနံ့  နဲ့  ခိုင်းနှိုင်းတာ ကြိုက်တယ်။
အဲ့ ဒီ မိုးရနံ့ က စာနဲ့  ဘယ်လို ပေါ်လွင်အောင်
ဖွဲ့ ရမှန်းမသိပေမယ့်  မိုးရနံ့  အေးအေးလေး
ဆိုတာနဲ့  တင် သိ နေပြီနော်..။
ဆီလျှော်အောင် ဘာသာပြန်သည်ဆိုတာက
တကယ်တော့ မလွယ်ပါဘူးလေ..။

မချောရေ .ဆွေလေးလဲ ခုမှ ရောက်ဖြစ်တယ်။
ရောက်ဖြစ်တယ်ဆိုရင်လဲ ရသကောင်းကောင်းလေးတစ်ခုလဲ ရသွားတာပဲ။

ချောရေ
ရေးတာကောင်းတော့ ကိုယ့်အဖြစ်ကို ပြန်မြင်ယောင်ရတဲ့ အထိပဲ။
ကျွန်မသားလေး ၆လမှာ ကိုယ်ပူလို့ဆေးရုံတင်ရတယ်။ ကိုယ်ပူရုံပါပဲ ငယ်လွန်တော့ အဖျားရှိတာကို ဆရာဝန်တွေက မကြိုက်လို့ ဆေးရုံတင်ခိုင်းတာပေါ့၊ ရောဂါတော့ မတူပေမယ့် မိခင်နေရာမှာ ခံစားရတာတွေကတော့ ချောရေးတဲ့ အတိုင်းပါပဲ (ဘာသာပြန်ကောင်းဖြစ်တာလဲပါတာပေါ့)။
အခုတော့ သားက စကားတွေ အရမ်းတတ်နေပြီး တခါတလေ “ ကြည်နူးပီတိ အဟုန်တို့ကြောင့် အေးမြလန်းဆန်းကာ ငြိမ့်ငြိမ့်ညင်သာလေး ခံစား” ရပါတယ်။
ခင်မင်လေးစားလျှက်