ကျွန်မတို့ကချင်ပြည်နယ်မှာ သိပ်ကို ဂန္တဝင်ဆန် လှပတဲ့ သူမ ရှိပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ သူမပါ။ သူမဆိုတာ တစ်ခြားတော့ မဟုတ်ပါ။ သိပ်လှတဲ့ ဧရာဝတီမြစ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်က စလို့ မြစ်ဖျားခံစီးဆင်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း အောက်ပိုင်း တို့ကို ဖြတ်သန်းကာ နောက်ဆုံးမှာ ပင်လယ်ကြီးထဲ စီးဝင်ပျောက်ကွယ်သွားတဲ့ မြန်မာပြည်သူစစ်စစ် သူမဟာ ခမ်းနားတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ ကျွန်မ ဧရာဝတီမြစ်ကို သိပ်သဘောကျမိပါတယ်။
ဧရာဝတီမြစ်ကြီး ဖြတ်သန်းစီးဆင်းတဲ့ မြို့တွေ ရောက်လေတိုင်းမြစ်ပြင်ကို ပြက်ပြက်ထင်ထင် မြင်ရတဲ့ ရှုခင်းကောင်းကောင်း နေရာမျိုးကို ရောက်အောင် သွားတတ်ခဲ့ပါတယ်။ အားမာန်အပြည့်နဲ့ တည်ငြိမ်စွာ စီးဆင်းနေတဲ့ မြစ်ရေကိုမြင်ရတိုင်း ခွန်အားတွေ တိုးပွားလာတယ်လို့ ကျွန်မ စိတ်ထဲ ခံစားမိပါတယ်။ မေခ မေလိခမြစ်နှစ်စင်းဆုံလို့ ဖြစ်ပေါ်လာတဲ့ မြစ်ဧရာအကြောင်း ဟိုယခင်က အက်ဆေးလေးတစ်ပုဒ်အနေနဲ့ ရေးခဲ့ဖူးပါသေးတယ်။ ခုချိန်မှာ ဧရာဝတီမြစ် အကြောင်း ပြန်ရေးချင်စိတ်ပေါ်လာရတာက ပြီးခဲ့တဲ့ လပိုင်းက အိမ်အပြန်မှာ မြစ်ကြီးနား၊ ဗန်းမော်စတဲ့ မြို့တွေအရောက်မှာ ဧရာဝတီမြစ်ရဲ့ ရှုခင်းပေါင်းစုံက အလှတွေနဲ့အတူ မြစ်ဆုံအထိ သွားရောက်လို့ ဓာတ်ပုံတွေ များစွာ ရိုက်ယူခဲ့ပါတယ်။ သို့ပေမဲ့ ကံဆိုးစွာဘဲ မြစ်ကြီးနား၊ မြစ်ဆုံ ၊ ကရိန်နော်နဲ့ ကျွန်မရဲ့ ဇာတိဒေသက ဓာတ်ပုံတွေအားလုံး ၈၀%နီးပါးဟာ ကင်မရာထဲကနေ မင်မိုရီစတစ်ထဲ အကူးမှာ ပျက်စီး ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့် ကျန်နေတဲ့ ၂၀%ထဲက ပုံတွေနဲ့ ပိုစ့်တွေတင်ဖြစ်ခဲ့ပါတယ်။ အခုလည်း ဧရာဝတီမြစ်ရဲ့ ဓာတ်ပုံတစ်ချို့ကို ကျွန်မထံမှာ ကျန်ရှိထားသလောက်လေး ဖော်ပြချင်ပါတယ်။
မြစ်ကြီးနားမှာ ကျွန်မကျောင်းတက်ခဲ့စဉ်က ကျွန်မတို့ သူငယ်ချင်းတစ်စုတွေ မြစ်ဆိပ်မှာ အမြဲတမ်း သွားသွားထိုင်တဲ့အကျင့် ရှိပါတယ်။ ဧရာဝတီဟာ တစ်ခါတစ်ရံ စိမ်းလဲ့ကြည်လင် နေတတ်သလို နေရောင်ဖြာကျချိန်မှာတော့ ငွေရောင်ဖိတ်လက်နေတတ်ပြန်တဲ့အခါ မြစ်ပြင်ကြီးက သိပ်ကိုလှပတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်. တစ်ဖက်ကမ်းက ညိုမှိုင်းမှိုင်း တောင်တန်းကြီးတွေကလည်း ဆွေးရိပ်သန်းစရာ လွမ်းစရာ ရှုခင်း ဖြစ်နေတတ်ခဲ့သလို မြစ်ပြင်က ကျွန်းလယ်မှာ ကူးခတ်ပျော်ပါး ဆော့ကစားနေတဲ့ အနီရောင် ဟင်္သာငှက်လေးတွေကို တွေ့ရတာကျပြန်တော့ ကြည်နူးစရာ ကောင်းနေပြန်ပါတယ်။ သိပ်လှတဲ့ မြစ်ဧရာရဲ့ အလှဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ ကြည့်မဝတဲ့ ရှုခင်းတွေ ဖြစ်ပါတယ်။
အခြားမြို့တွေမှာ ကျောင်းဆက်တက်ဖြစ်လို့ မြစ်ကြီးနားမြို့နဲ့ ဝေးသွားတဲ့အခါမှာလည်း အမြဲမြင်ခဲ့ရတဲ့ ဧရာဝတီမြစ်ရဲ့ အလှဟာ ကျွန်မရဲ့ အတွေးထဲမှာ အမြဲတမ်း စိုးမိုးထားခဲ့ဖူးပါတယ်။ မြစ်ဆိပ်မှာထိုင်ခဲ့ချိန်တွေ မြစ်ပြင်ရဲ့ ငွေရောင်ဖိတ်လက်နေချိန်တွေ ညနေဆည်းဆာချိန်ရဲ့ တစ်ဖက်ကမ်းက မှုန်ပြပြတောင်တန်းကြီးတွေ၊ သဲသောင်အပြန့် ကျယ်ကျယ်ကြီးတွေ၊ တစ်ဖက်ကမ်းက စိုက်ခင်း စိမ်းစိမ်းတွေ၊ ဆောင်းမနက်ခင်း နှင်းမှုန်တွေအောက်က အဖြူရောင်အငွေ့တွေ ဝေနေတတ်တဲ့ မြစ်ပြင်စိမ်းစိမ်း၊ လှပစီရီနေတတ်တဲ့ ကမ်းစပ်က ကျောက်တုံးတွေ စသဖြင့် မြင်ကွင်းတွေအားလုံးကို ပြန်မြင်ယောင်နေတတ်ခဲ့ပါတယ်။ မန္တလေးမှာ ကျောင်းတက်ချိန်ကျတော့ မြစ်ဆိပ်နဲ့ သိပ်ဝေးလွန်းတဲ့အတွက် စစ်ကိုင်းတံတားကြီးကိုဖြတ်ချိန်ရယ် မင်းကွန်းသွားချိန်ရယ်ကလွဲလို့ ဧရာဝတီမြစ်ဆီကို ကျွန်မ မရောက်ဖြစ်တော့ပါဘူး။
ဒီလိုနဲ့ ကျွန်မ မြစ်ဧရာကို မတွေ့ရတာ အတော် ကြာသွားခဲ့ပါတယ်။ ဟိုတစ်လောက အိမ်ပြန်မှာ ဗန်းမော်မြို့ကို အလည်ရောက်ချိန်မှာ သူငယ်ချင်းကို ဧရာဝတီမြစ်ကို ကောင်းကောင်းမြင်ရတဲ့ နေရာကို လိုက်ပို့ပေးပါလို့ တောင်းဆိုပြီး လိုက်ပို့ခိုင်းမိပါတယ်။ သူငယ်ချင်းက ကျွန်မကို ဗန်းမော်မြို့ရဲ့ သဘောင်္ဆိပ်ကို လိုက်ပို့ပါတယ်။ အဲဒီမှာတော့ စက်လှေဆိပ်၊ သင်္ဘောဆိပ်ဆိုတဲ့အတိုင်း သင်္ဘောတွေ၊ စက်လှေတွေ၊ လူတွေ ၊ ဈေးဆိုင်တွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ မြစ်ဆိပ် မြင်ကွင်းကို မြင်ရတာကြောင့် ဓာတ်ပုံ နည်းနည်းသာ ရိုက်ယူခဲ့ပါတယ်။
အိုးတွေ ရောင်းနေတဲ့ မြစ်ဆိပ်ကမ်းက ဆိုင်
ပြီးတာနဲ့ သူငယ်ချင်းကို " ဧရာဝတီ မြစ်ပြင်ရဲ့ အလှကို လူတွေ စက်လှေတွေ၊ သင်္ဘောတွေ စတဲ့ အတားအဆီး၊ အမှိုက်သရိုက်မရှိဘဲ လွတ်လပ်ကျယ်ပြောစွာ မြင်ရတဲ့ ရှုခင်းမျိုး ကြည့်ချင်တာ " လို့ ထပ်မံတောင်းဆိုမိပါတယ်။ ဒီတော့ သူငယ်ချင်းဖြစ်သူက နေရာတစ်ခုကို လိုက်ပို့ပါတယ်။ အဲဒီမှာ သိပ်လှတဲ့ ဧရာဝတီမြစ်ကို ကျွန်မ တစ်ဖန် ပြန်မြင်ခွင့်ရခဲ့ပြန်ပါတယ်။ အဲဒီမှာတော့ ကျွန်မ ချစ်တဲ့ ဧရာဝတီမြစ်ကို ဓာတ်ပုံတွေ အားရပါးရ ရိုက်ယူခဲ့မိပါတယ်။
ဒီနေရာဟာ ဧရာဝတီမြစ်နဲ့ တာပိန်မြစ်တို့ ဆုံတဲ့နေရာပါ။ ညာဘက်က မြစ်ငယ်လေးက တာပိန်မြစ် ဖြစ်ပါတယ်။ အပြာရောင် တောင်တန်းကြီးနောက်ခံထားပြီး မြစ်နှစ်ခု ပေါင်းဆုံနေတဲ့ မြင်ကွင်းဟာ ကျွန်မအတွက်တော့ သိပ်လှတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ကို ရောက်ချိန်မှာလည်း ထိုနည်းလည်းကောင်းပါဘဲ။ ဓာတ်ပုံရိုက်လို့ကောင်းမဲ့ ဧရာဝတီမြစ်ရဲ့ အလှကို လိုက်ကြည့်ပြီး ဓာတ်ပုံရိုက်ဖို့ကြိုးစားမိပြန်ပါတယ်။ မြစ်ကြီးနားရောက်တော့ မိတ်ဆွေတစ်ယောက်က ကျွန်မကို မြစ်ရှုခင်းကြည့်နိုင်မဲ့နေရာတစ်ချို့နဲ့ ဝိုင်းမော်စက်လှေဆိပ်ကို လိုက်ပို့ပါတယ်။ အောက်ကပုံတွေကတော့ မြစ်ကြီးနားမှာ ရိုက်ခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ မြစ်ကြီးနားရောက်ချိန်ဟာ ညနေစောင်းဖြစ်တာရယ် ဖုန်းကင်မရာနဲ့သာ ရိုက်ဖြစ်ခဲ့တာရယ်ကြောင့် ဓာတ်ပုံတွေက ဗန်းမော်မှာ ရိုက်ခဲ့တဲ့ မြစ်ရှုခင်းနဲ့ နှိုင်းယှဉ်ရင် ကြည်လင်ပြတ်သားမှုတော့ သိပ်မရှိခဲ့ပါဘူး။ နောက်တစ်ချက်က ကျွန်မတို့ ငယ်စဉ်က မြစ်ဆိပ်ကမ်းဟာ အမှိုက်သရိုက်ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေခဲ့ပါတယ်။ ယခုချိန်မှာ တွေ့ခဲ့ရတဲ့ မြစ်ကမ်းစပ်ဟာ အမှိုက်တွေနဲ့ ရှုပ်ပွနေတာမို့အဲဒီမြင်ကွင်းကိုကြည့်ပြီး စိတ်မကောင်းတဲ့ ခံစားချက်၊ ဝမ်းနည်းမိတဲ့ ခံစားချက်တွေ ရင်ထဲကို ရောက်လာခဲ့ပါတယ်။ မြစ်ကြီးနားရော ဗန်းမော်မှာရော တူညီတာတစ်ခုက မြစ်ရေဟာ နောက်ကျိနေတာဘဲ ဖြစ်ပါတယ်။ မိုးရာသီကာလကလွဲလို့ ယခင်ကဆိုရင် နွေနဲ့ ဆောင်းရာသီမှာ မြစ်ရေဟာ စိမ်းလဲ့ ကြည်လင်နေတာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဧရာဝတီ မြစ်ဆုံနဲ့ မေခမြစ်ဖျားတို့မှာ မြောက်မြားလှစွာသော ရွှေတူးဖော်လုပ်ကွက်များကြောင့် မြစ်ရေဟာ အချိန်တိုင်း နောက်ကျိနေခဲ့ရပြီ ဖြစ်ပါတယ်။ မြစ်ရေ နောက်ကျိခြင်း၊ မြစ်ဆိပ်ကမ်းတွေမှာ အမှိုက်သရိုက်များ၊ ကျွတ်ကျွတ်အိတ်များနဲ့ ရှုပ်ပွနေခဲ့ရတာဟာ လူတွေရဲ့ ပယောဂကြောင့်သာ ဖြစ်ရတာပါ။
အမှိုက်တွေကြောင့် သဘာဝအလှကို ဖျက်ဆီးခံထားရတဲ့ မြစ်ဧရာကမ်းခြေ
ဧရာဝတီမြစ်ဟာ လူတွေရဲ့ ပယောဂကြောင့် အမှိုက်သရိုက်တွေနဲ့ အလှပျက်နေရသလို လူတွေရဲ့ လောဘဇောကြောင့်လည်း မြစ်ရေဟာ နောက်ကျိနေရပါပြီ။ ဘယ်သို့ပင်ဖြစ်စေကာမူ ကျွန်မတို့ရဲ့ ဧရာဝတီမြစ်ကြီးကတော့ စီးဆင်းမြဲစီးဆင်းနေဦးမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ကနေ မေခ မေလိခမြစ်နှစ်သွယ်ပေါင်းဆုံကာ စတင်စီးဆင်းလာတဲ့ ဧရာဝတီမြစ်ဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စတဲ့ မြန်မာပြည်ရဲ့ ပြည်နယ်တိုင်း အသီးသီးကို နှလုံး သည်းပွတ်သဖွယ် အလည်ကောင်မှ စီးဆင်းကာ ဧရာဝတီတိုင်းအရောက်မှာ ပင်လယ်ထဲကိုစီးဝင်သွားခဲ့ပါတယ်။ သူစီးဆင်းရာ လမ်းတစ်လျှောက်မှာ တိုင်းပြည်အတွင်းရှိ မြို့ရွာ ကျေးလက် စတဲ့ ဒေသက လူတွေအတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့သလို မြစ်ကြီးကို အမှီပြုလို့ နေထိုင်ကြသူတွေလည်း အဆင်ပြေခဲ့ကြရပါတယ်။ ဒါကြောင့် ကျွန်မချစ်တဲ့ ဧရာတီမြစ်ကြီး ဘေးရန်ကင်းရှင်းစွာ လှပသာယာစွာ အမြဲတမ်း စီးဆင်းနိုင်စေဖို့ ဆုတောင်းမိပါတယ်။
တိုင်းပြည်ရဲ့ ထိပ်ဖျားကနေ တိုင်းပြည်အောက်အရပ်တိုင် ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ပုံရိပ်ဟာ စည်းလုံးညီညွှတ်မှုရဲ့ ပြယုဒ်လည်း ဖြစ်ပါတယ်။ သမိုင်းကြောင်းများစွာ၊ ခေတ်များစွာကို သယ်ပိုးရင်း တာဝန်ကျေစွာ စီးဆင်းနေတဲ့ မြစ်တစ်စင်းက ဖြစ်တည်ပေးတဲ့ စည်းလုံးညီညွှတ်မှုကို ကျွန်မတို့ လူသားတွေက တန်ဖိုးထား မြတ်နိုးကြရမှာပါ။ အသိဥာဏ်မရှိတဲ့ မြစ်တစ်စင်းသာဖြစ်တဲ့ ဧရာဝတီမြစ်ဟာ ကျွန်မတို့ မြန်မာပြည်ကြီးရဲ့ စည်းလုံးမှုနဲ့ လူသားတွေ ကောင်းကျိုးကို သယ်ပိုးကာ တာဝန်ကျေစွာ စီးဆင်းနေခဲ့တယ်ဆိုရင် အသိဥာဏ်ရင့်သန်သော သူတွေဖြစ်ကြတဲ့ ကျွန်မတို့ လူသားတွေကရော မိမိနေထိုင်ရာ တိုင်းပြည်မြို့ရွာ၊ ကမ္ဘာမြေကြီးအတွက် ဘယ်လိုကောင်းကျိုးတွေများ သယ်ပိုးဆောင်ရွက်ခဲ့ဖူးပါပြီလဲ။ စဉ်းစားစရာပါ။ လူသားတွေရဲ့ မာန ၊ အတ္တ၊ လောဘ၊ အငြိုး၊ အာဃာတ အမုန်းတရားများဟာ ဝန်းကျင်ရပ်ရွာရဲ့ အလှအပ ငြိမ်းအေးသာယာမှုတို့ကို ဖျက်ဆီးပစ်စေနိုင်တဲ့ အဖျက်တရားများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ မာန်မာန၊ အတ္တ၊ လောဘ၊ ဒေါတတရားများကို လျော့ချလို့ မိမိနေထိုင်ရွာ မြို့ရွာအတွက် ကောင်းကျိုးကို ဆောင်ရွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့များ အများအကျိုး မဆောင်နိုင်ခဲ့ရင်တောင် အကျိုးမဲ့ဖြစ်စေနိုင်တဲ့ အမှိုက်လိုလူများ မဖြစ်အောင်တော့ ကြိုးစားသင့်ကြတယ် မဟုတ်ပါလားရှင်။




























26 comments:
ရာဇဝင်များရဲ့သတို့သမီး ကတော့ ကျက်သရေရှိဆဲပါပဲလေ..။ ချစ်သော ဧရာဝတီကို ဘယ်လိုကြည့်ကြည့် ဘယ်ကကြည့်ကြည့် လှနေအောင် ကျွန်မတို့လူသားတွေ တာဝန်သိစွာ တန်ဖိုးထား ထန်းသိမ်းသွားကြရမှာပါ..။
ဧရာဝတီရဲ့အလှ ဓါတ်ပုံတွေအတွက် ကျေးဇူးပါချောရေ..
သဘာဝဧရာဝတီအလှကို ကြည့်လို့မဆုံးပါဘူး။
ဧရာဝတီမြစ်ကြီးလိုပဲ.. မာနတွေ. အတ္တတွေ. လောဘတွေကို လျှော့ချပြီး မိမိကိုယ်ကို အမှိုက်တခုမဖြစ်အောင် ကြိုးစားသွားပါ့မယ်။
ချစ်တဲ့
သဒ္ဓါ
"ကျွန်မတို့တွေဟာ မာန်မာန၊ အတ္တ၊ လောဘ၊ ဒေါတတရားများကို လျော့ချလို့ မိမိနေထိုင်ရွာ မြို့ရွာအတွက် ကောင်းကျိုးကို ဆောင်ရွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့များ အများအကျိုး မဆောင်နိုင်ခဲ့ရင်တောင် အကျိုးမဲ့ဖြစ်စေနိုင်တဲ့ အမှိုက်လိုလူများ မဖြစ်အောင်တာ့ ကြိုးစားသင့်ကြတယ်"
110% agree on that proposition!!!
Mon Petit Avatar
~~~ ဧရာဝတီ ... ရာဇ၀င်များရဲ့ သတို့သမီး ... ငါတို့ရဲ့ဝိဉာဉ် ~~~
ချောတင်ထားတဲ့ ပုံတွေကိုကြည့်ရင်း သီချင်းလေး တိုးတိုးညည်းမိတယ်။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း စနစ်တွေ ဘယ်လိုဟောင်းဟောင်း ဧရာဝတီကတော့ စီးဆင်းနေအုံးမှာပါပဲ။
ဒါပေမဲ့ သူ့တန်ဖိုးကိုသိ၊ သူ့အလှကိုခံစားတတ်ပြီး အားလုံးက သူ့ကိုထိမ်းသိမ်းစောင့်ရှောက်ကြမှ ရာဇ၀င်များရဲ့ သတို့သမီး ကျန်းမာမှာနော်။
(ဓာတ်ပုံ ၈၀% ပျက်သွားတယ်ဆိုလို့ နှမြောလိုက်တာ။)
တွေးခဲ့ဖူးတဲ့ အတွေးလေးတစ်ခုပါ..။ မချော ချစ်တဲ့ ဧရာဝတီအတွက်ပေါ့နော်..။
"ဧရာဝတီ"
သူ့ အနားသတ်မှာတစ်ခါက ကျွန်တော်တို့
သမိုင်းကြောင်းတွေလည်း ရေးထားတယ်
ပျောက်ပျက်သွားတဲ့ သဘာဝတွေ ရှိတယ်
ဖျောက်ဖျက် ခံရတော့မယ် သဘာဝတွေရှိတယ်...။
သူ့ ရင်ခွင်ကို စုန် ဆန်
ကူးချီသန်းချီ ၀မ်းစာရှာသူတွေ ရှိတယ်
သူ့ ရင်ခွင်ကို ကန့်လန့်တိုက်
ဟို ဒီ ကမ်းနှစ်ဖက် လူးလွန့် ၀မ်းစာရှာသူတွေ ရှိတယ်
သူ့ သဘာဝကို ဖျက်ဆီး
လက်တစ်လုံးခြား စီးပွားရှာသူတွေလည်း ရှိတယ်....။
သူ ပြတာက စုန် ဆန် ရ တရားလား
မတည်မမြဲ သဘာဝ တရားလား
ရိုးသားကြိုးစား လူ့ အားမာန်တွေလား
အမှန်တရားတစ်ချို့ ခေါက်သိမ်း
ကြည့်ကောင်းရှုပျော် ပုံရိပ်တွေလား....။
ဧရာဝတီကတော့
အမှတ်တရတွေကို ခင်းကျင်း
ဆက်လက် စီးဆင်းနေဆဲ....။
(ဂျွန်မိုးအိမ်)
ကျနော်လည်း ဧရာဝတီ ကမ်းနဖူးက မြို့တွေကို ရောက်တိုင်း မြစ်ကို သွား,သွား ကြည့်တတ်တယ်၊ မချောရဲ့ ဧရာဝတီ ဓါတ်ပုံတွေ လှတယ်၊ ရာဇဝင်ထဲက သတို့သမီးကို လာမယ့်အနာဂါတ် ကာလများစွာမှာပါ ဆက်လက်ပြီး ကြီးကျယ်ခမ်းနား စေချင်ပါတယ်ဗျာ...။
"မြစ်ဧရာ ကြော မှာလ..စုန်ဆန် ကာ မျောပါလို့..." ဆို့ တဲ့ သီချင်းကဗျာ ကလေး နဲ့ အိပ်ခဲ့တယ်။ ဧရာဝတီ မြစ်ကမ်း နဘေးက မြို့လေးမှာ မွေးဖွားခဲ့ပြီး ဧရာဝတီမြစ်နဲ့ ပတ်သက်သမျှ.. ရွက်လှေကြီးတွေ၊ မြစ်ကျဉ်း တွေ အကြောင်း ၊ နာမည်ကျော် ၀ဲ ကြီးတွေ၊ လျှို့ဝှက်တဲ့ ကြောက်စရာငရွေး ကြီးတွေ၊ လူကို ကယ်တယ် ဆိုတဲ့ ဘုရားငါး ကြီးတွေ၊ လူနဲ့အတူ ငါးဖမ်းပေးတဲ့ လင်းပိုင်တွေ၊ ပျောက်ကွယ် သွားပြီဖြစ်တဲ့ ဧရာဝတီ မိကျောင်းကြီးတွေ အကြောင်း..ဧရာဝတီမြစ်ကြီး နဲ့ ပတ်သက်သမျှ အကြောင်းအရာ တွေ ဒဏ္ဍာရီ ပုံပြင်တွေနဲ့ ကြီးပြင်းလာသူ ပါ။ မြစ်မင်းဧရာဝတီ ထာဝရ တည်တံ့ ပါစေ။
ချောရေ 'ချစ်သောဧရာဝတီ' ပို့စ်ကိုဖတ်ရပြီး ပုံတွေကိုမြင်ရတော့ ပေါ်လာတဲ့ဆန္ဒတစ်ခုက မေခနဲ့မေလိခမြစ်နှစ်သွယ်ဆုံတဲ့နေရာကို ရောက်ဖူးချင်တယ်။ မျှဝေပေးတာ ကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဧရာတီ မြစ်ကြီးတစ်ခုတည်းကို မှီခိုကာလေ လုပ်ကိုင်ကာစားတဲ့ မြေပြန့်တောင်ပေါ် မခွဲခြားနဲ့ ညီအစ်ကိုပါ...
ဧရာဝတီမြစ်ကမ်းဘေးမှာ ထိုင်ငေးရတဲ့အရသာကတော့
ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူးဗျာ...၊၂ခါလားပဲ ၂
နေရာမှာထိုင်ခဲ့ဖူးတယ်...ဒါပေမယ့်ခုထိ လွမ်းလို့ကောင်း
တုန်း....၊အင်း..ရာဇဝင်သတို့သမီးလည်း လူရမ်းကားတွေ
လက်ချက်နဲ့ အလှပျက်ရရှာတယ်နော်...၊မြန်မာပြည်ပြန်
ရောက်ရင် မြစ်ဆုံကိုရောက်အောင်သွားမယ်စိတ်ကူးထား
တယ်ဗျ...။အင်း....စိတ်ကူးကတော့....စိတ်ကူးပေါ့ဗျာ..:(
ဒီလို ရှုခင်းလေးတွေက မျက်စိ ပသာဒ ဖြစ်စေသလို စိတ်နှလုံးကိုလဲ အေးချမ်းစေပါတယ်။ ရောက်ခဲ့ဖူးသားမို့ ဓါတ်ပုံထဲ လတ်လတ်ဆတ်ဆတ် မြင်တွေ့လိုက်ရတော့ ပိုပြီး လွမ်းမောမိသလိုလို။
ခင်မင်လျက်
ဘယ်တော့ကြည့်ကြည့် မရိုးနိုင်အောင် ချစ်ရတဲ့ ဧရာဝတီပါ...ချောရေ....:)
ဧရာဝတီကိုတကယ်ချစ်တတ်ကြသူတွေပေါများလာပါစေ..သား.......
ဧရာဝတီ ရဲ့ အလှက အတော် ယစ်မူးချင်စရာကောင်းတာပဲ သဘာဝတရားတွေနဲ့ ဆွဲဆောင်းနေတာ .။
ချစ်သော ဧရာဝတီကို ဘယ်လိုပဲကြည့်ကြည့် လှပခဲ့တယ်၊ လှပနေဆဲ၊ လှပနေဦးမှာပါ ချောရယ်။ ဘုန်းဘုန်းတော့ တစ်ခါမှ မရောက်ဖူးသေးဘူး။ ချောပြောတာနဲ့ပဲ သွားချင်စိတ်၊ မြင်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေမိပြီ။ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်တတ်ကြတာတော့ တော်တော်ဆိုးတဲ့ အကျင့်စရိုက်ပဲ။ သိလား။
(ချောရေ ဘုန်းဘုန်း အိန္ဒိယပြန်ရောက်ပြီနော်။ အခု ညနေကမှ ပြန်ရောက်တာ Air Asia နဲ့။ အို မဆီမဆိုင်နော် ချော၊ မပြောဘဲလည်း မနေနိုင်လို့။ ဟိ။ )
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်း အေးမြပါစေ...
ကျေးဇူးပါချောရေ။ သိပ်တန်ဘိုးရှိတဲ့ပုံတွေပါ။ မြစ်တလျှောက် ဗန်းမော်ထိ ကားနဲ့ ၊ မော်တော် နဲ့ ၊ ခြေလျင်နဲ့  wetland survey လုပ်ခဲ့ဘူးလို့ သူ့ ကို သိပ်တန်ဖိုးထားပါတယ်။ ချစ်လည်းချစ်ပါတယ်။ ညစ်ညမ်းခံနေရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။
အိုင်အိုရာ
မြန်မာပြည်ရဲ့ နှလုံးသွေးကြောကြီးကို မညစ်နွမ်း မခန်းခြောက်စေဖို့ အရေးကြီးတယ်။ အသိတရားရှိရှိ ကာကွယ်စောင့်ရှောက်စေချင်တယ်။
မြစ်ဆုံကို ရောက်ဖူးချင်တယ်။
ဧရာဝတီမြစ်ကြီး လှပရှင်သန်ပါစေလို့ပဲ ဆုတောင်းနေပါတယ် မချောရေ ...
ငယ်ငယ်က ညနေတိုင်း မြစ်ဆိပ်မှာ ရေသွားကူးတယ်
လွမ်းလိုက်တာ :( ပုံလေးတွေအတွက် ကျေးဇူးပါ
ဧရာဝတီရဲ့ အနာဂတ်ကတော့ ရတက်မအေးစရာပဲ အစ်မရေ.... ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီး အမြန်ဆုံးကယ်တင်မှ တန်ရာကျမယ်...
ခင်မင်လျက်
နေ၀ဿန်
ဧရာဝတီမြစ်ကြီးက... တကယ့်ကို မြန်မာနိုင်ငံရဲ့ အသက်သွေးကြောတစ်ခုလိုပါပဲ။
အမြဲ ဆက်လက်စီးဆင်း လှပနေနိုင်ပါစေ..။
မချော ရေးထားပုံလေးက ဧရာဝတီကို မြင်သာထင်သာရှိလိုက်တာ။
မှတ်ချက်လေးတွေ ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းတယ်။
ဧရာဝတီနဲ့ တာပိန်ဆုံတဲ့နေရာလေးလှတယ်။
ချစ်တဲ့
PP
လှသော ဧရာဝတီကြီးကိုလာကြည့်ပါတယ် မချောရေ
ဓာတ်ပုံတွေ တင်ပေးတာကျေးဇူးပဲအမ
Wishing our bride Irrawaddy.....long live,healthy,carrying green n wealth along her bank....
Thanks for your photoes.
Gyidaw
မချောရေ. ချစ်သော ဧရာဝတီမြစ်ကြီးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝ အရင်းအမြစ်ကြီး ဖြစ်သလို ကျွန်တော်တို့ မိသားစု အတွက်လည်း အရေးကြီးတဲ့ ကျေးဇူးရှင် သဘာဝအရင်းအမြစ်ကြီးပါဗျာ။ ဒီ တန်ဖိုးမဖြတ်နိုင်တဲ့ မိခင် ဧရာဝတီ မြစ်ကြီး ကော မသွားဖို့ ကျွန်တောတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့... တစ်ချို့သော လူတွေရဲ့ လောဘ၊ မောဟ ၊နဲ့ အတ္တတွေကြောင့် ဒီမြစ်ကြီး တိန်ကော သွားမှာကိုတော့ စိုးရိမ်မိပါရဲ့ဗျာ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ကမ္ဘာတည်နေသရွေ့ ဧရာဝတီတည်နေပါစေလို့ ဆုတောင်းပါတယ် မမရယ်....း(
ညီမလေး
အင်ကြင်း
Post a Comment