သမိုင်းဝင် ဗန်းမော်မြို့နဲ့ ရွှေကျီးနားစေတီတော်



ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို အလည်တစ်ခေါက် အရောက် သွားကြပါစို့လားရှင်။ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ပြီးရင် ဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့ ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေတာဖြစ်ပြီး တာပိန်မြစ်နဲ့ ဆုံတဲ့ နေရာလည်းဖြစ်ပါတယ်။ မြစ်ချောင်း ပေါများပြီး မြေဆီမြေသြဇာကောင်းမွန်ကာ စိုက်ပျိုးမြေအများအပြားရှိရာဒေသလည်းဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ နီးကပ်စွာ တည်ရှိတာကြောင့် တရုတ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ကုန်သွယ်မြို့လို့ ဆိုရင်လည်း မမှားပါဘူးရှင်။ ဗန်းမော်မြို့သို့ လေကြောင်း၊ ရေကြောင်း၊ ကုန်ကြောင်းများဖြင့် သွားရောက်နိုင်ပြီး သင်္ဘောဖြင့် အောက်မြန်မာပြည်အရပ်ရပ်သို့ တရုတ်ပြည်ထွက် ကုန်စည်စီးဆင်းရာ  အချက်အခြာ မြို့ဖြစ်ပါတယ်။

ဗန်းမော်မြို့ဆိုတာ ယခုမှ မြို့ပြအိမ်ရာ တည်ထောင်ပြီးဖြစ်ပေါ်လာတဲ့ မြို့မဟုတ်ဘဲ သမိုင်းကြောင်း ရှည်လျားစွာ ရှေးလွန်ခဲ့သော နှစ် ပေါင်း မြောက်မြားစွာကတည်းက တည်ရှိဖြစ်ပေါ်ခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မူလအမည်ဖြစ်တဲ့ မန်မော် (ရှမ်းဘာသာဖြင့် အိုးလုပ်သော ဒေသ) ဆိုတဲ့ အမည်ကနေ ဗန်းမော်မြို့ရယ်လို့ ကာလရွေ့လျောကာ ပြောင်းလဲလာကြောင်း သိရပါတယ်။ မြို့တစ်မြို့ကို အလည်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ ရောက်တိုင်းမှာ မြို့ရဲ့ သမိုင်းတွေကို စိတ်ဝင်စားမိတဲ့ ကျွန်မက ရာဇ၀င်တွေပြည့်နေတဲ့ ရှေးဟောင်းဘုရင်တွေတည်ခဲ့သော ဗန်းမော်မြို့ကို စိတ်ဝင်စားမိပါတယ်။ ဒါကြောင့် သမိုင်းအထောက်အထား စာအုပ်တွေကို လိုက်ရှာပြီး ဖတ်ကြည့်တဲ့အခါ  ဗန်းမော်မြို့ရဲ့ သမိုင်းကြောင်းဟာ အလွန်စိတ်ဝင်စားစရာ အလွန်ကောင်းတာကို တွေ့ရပါတယ်။ ကျွန်မ ဖတ်မိထားတဲ့ ဗန်းမော်မြို့အကြောင်းလေးကို သမိုင်းတစ်ပုဒ်လိုဖြစ်စေ၊ ပုံပြင်လေးတစ်ပုဒ်လိုဖြစ်စေ  နားထောင်ကြည့်ပါလားရှင်။
Image Hosted by PicturePush - Photo Sharing

ရွှေကျီးနားစေတီအ၀င်ဝ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
ရွှေကျီးနားစေတီတော်

Image Hosted by PicturePush - Photo Sharing

စေတီတည်ရှိရာ လွမ်းမောဖွယ် တောင်တန်းများနဲ့ တာပိန်မြစ်ကမ်း

Image Hosted by PicturePush - Photo Sharing 
သာယာတင့်မောဖွယ်ကောင်းတဲ့ ရွှေကျီးနားစေတီတော်ရှိရာ ကျောင်းပုရဝုဏ်

ဗန်းမော်မြို့အကြောင်း ပြောရမယ်ဆိုရင် ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီ အကြောင်းကိုလည်း ချန်လှပ်ထားလို့ ရမယ် မထင်ပါဘူး။ ဘာလို့ဆို ဗန်းမော်မြို့နဲ့ အိုက်ခေါတော် စေတီ၊ ရွှေကျီးနားဘုရားတို့ဟာ ခွဲခြားလို့ မရနိုင်တဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့ပါတယ်။ ဗန်းမော်မြို့ရဲ့ နာမည်ကျော် သမိုင်းဝင် ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အိန္ဒိယမှာ သီရိဓမ္မာ သောကမင်းကြီး စိုးစံချိန်မှာဘဲ တည်ထားခဲ့တယ်လို့ သမိုင်းကြောင်းများက ပြဆိုပါတယ်။ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိပြီဖြစ်တဲ့ ရွှေကျီးနားစေတီကို လှူဒါန်းတည်ဆောက်ခဲ့တဲ့ ဘုရင်ဟာလည်း ဗန်းမော်မြို့ရယ်လို့ ဖြစ်ပေါ်လာမဲ့ စမ္ပာနဂိုရ်မြို့ကို ရှေးဦးမဆွ တည်ထောင်ခဲ့သော ဘုရင်စမ္ပေယျမင်းရဲ့ မြစ်တော် ဘုရင်စိတ္တရာဇာမင်းနဲ့ စိတ္တရာဇာမင်းကြီးရဲ့ သားတော် ၀ိမလမင်းသားတို့ ဖြစ်ပါတယ်။ စမ္ပာနဂိုရ်မြို့ကို စစဦး တည်ခဲ့တဲ့ ဘုရင်က စမ္ပေယျမင်း ဖြစ်ပါတယ်။

မူလက ၄င်း စမ္ပေယျမင်းဟာ အိန္ဒိယနိုင်ငံ မစ္ဈိမဒေသ အင်္ဂတိုင်းရှိ စမ္ပာနဂိုရ်နေပြည်တော်တွင် စိုးစံနေတော်မူခဲ့ရာ  မိုးခေါင်သောနှစ်တစ်နှစ်တွင် ၄င်းတို့နှင့် နယ်မြေချင်း ကပ်လျှက်ရှိသော မဂဓတိုင်းနှင့် စမ္ပာမြစ်ရေကို ခွဲဝေသုံးစွဲမှုတွင် အငြင်းပွားရာမှာ စစ်မက်ဖြစ်ပွားပါတယ်။ အင်္ဂတိုင်းဘက်မှ စစ်ရှုံးသောအခါ ပြည့်ရှင်ဘုရင် စမ္ပေယျမင်းဟာ မင်းမိဖုရား၊ နောက်လိုက်နောက်ပါ အချွေအရံတို့ဖြင့် ထွက်ပြေးတိမ်းရှောင်လာရာ မြန်မာနိုင်ငံ အထက်ပိုင်း တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာအရပ်ကို ရောက်ရှိလာကြပါတယ်။ မြို့သစ် နန်းသစ်တည်ဖို့ မြေအနေအထား ကောင်းမွန်တဲ့အတွက် ၄င်းနေရာကို မြို့သစ်တည်ကြပြီး မူလက စိုးစံခဲ့တဲ့ စမ္ပာနဂိုရ်မြို့ကို သတိတရအနေဖြင့် မြို့သစ်ကိုလည်း စမ္ပာနဂိုရ်မြို့လို့ အမည်နာမ ခေါ်တွင်စေခဲ့ပါတယ်။

စမ္ပေယျမင်း နတ်ရွာစံ ကံတော်ကုန်တဲ့အခါ သားတော် ဗြဟ္မာရကုမ္မာ က ထီးနန်းကို ဆက်လက်စိုးစံပါတယ်။
ဗြဟ္မာရကုမ္မာမင်းမှာ ထီးမွေနန်းမွေအတွက် သားတော်တစ်ပါးမှ ထွန်းကားခြင်းမရှိဘဲ ရုပ်ရည်ချောမောတင့်တယ်ကာ မိန်းမမြတ်အင်္ဂါတို့နဲ့ ပြည့်စုံတဲ့ သမီးတော်မုဉ္စန္ဒာ မင်းသမီးတစ်ပါးသာ ထွန်းကားလာပါတယ်။ သမီးတော်မုဉ္စန္ဒာ အရွယ်ရောက်လာချိန်မှာ မုဆိုးမတစ်ဦးရဲ့ သားဖြစ်သူ အိုက်ခေါတော်က တွေ့မြင်ပြီး ချစ်ခင်နှစ်သက် စုံမက်စွဲလန်းကာ မအိပ်နိုင် မစားနိုင်ဖြစ်တာကြောင့် မခင် မုဆိုးမကြီးက သားဖြစ်သူအတွက် နန်းတော်ထဲဝင်ရောက်ကာ ဘုရင်ကြီးအား အကျိုးအကြောင်း လျှောက်ထားပြီး ဘုရင်ကြီးရဲ့ သမီးတော်မုဉ္စန္ဒာနဲ့ လက်ထပ်စုံဖက်ပေးဖို့ တောင်းပန်လျှောက်ထားပါတယ်။ အိုက်ခေါတော်ဆိုတာက ရှမ်းဘာသာနဲ့ ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ၄င်းဒေသမှာ ရှမ်းလူမျိုးများ အခြေချနေထိုင်ခဲ့တာ သမိုင်း အထောက်အထားများအရ ထင်ရှားလှပါတယ်။

နန်းတော်ထဲ ၀င်ရောက်လျှောက်ထားတဲ့ မုဆိုးမကြီးရဲ့ စကားကို ကြားရတဲ့ ဘုရင်ကြီးဟာ မတန်မရာစကား လာရောက်လျှောက်ထားတဲ့ မုဆိုးမကြီးစကားကို ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ ရာဇမာန်ရှလေသော်လည်း ပညာရှိဘုရင်ကြီးက သူရဲ့ ဒေါသကို အပြင်ကို မထွက်စေဘဲ နန်းတော်နဲ့ အိုက်ခေါတော်တို့ရဲ့ အိမ်လမ်းတစ်လျှောက် ရွှေတံတား၊ ငွေတံတားကို ညတွင်းချင်းခင်းနိုင်ပါက သမီးတော်နဲ့ လက်ထပ်ထိမ်းမြားပေးမယ်။ မခင်းနိုင်ရင် အိုက်ခေါတော်ကို သတ်စေ လို့ အမိန့်တော်ချတယ်လို့ ဗန်းမော်မြို့ရာဇ၀င်မှာ ပြဆိုပါတယ်။ ဒါကတော့ ကျွန်မ ဖတ်မိတဲ့ ဗန်းမော်မြို့ရဲ့ သမိုင်းကြောင်းထဲက တစ်စိတ်တစ်ပိုင်းပါ။ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တွေများ ကြောက်ဖို့ကောင်းလိုက်တာ။ ဘာမဆို သူတို့ အမိန့််ချတာနဲ့ဘဲ ဖြစ်မြောက်အောင် လုပ်ပေးရတော့တာပါဘဲ။ မလုပ်နိုင်ရင်လည်း မင်းပြစ်မင်းဒဏ်က ခံရပေဦးတော့မယ်။

ဗန်းမော်မြို သမိုင်းကို ဆက်ပါဦးမယ်။ ဆင်းရဲသူများဖြစ်တဲ့ မုဆိုးမကြီးနဲ့ အိုက်ခေါတော်တို့ဟာ ညတွင်းချင်း ရွှေတံတား၊ ငွေတံတားမခင်းနိုင်တဲ့အတွက် ဖမ်းဆီးခံရပြီး ကွက်မျက်ဖို့အတွက် လည်ပင်းထိရောက်အောင် မြေတွင်းမှာ မြုပ်နှံထားတာကို ခံရပါတယ်။ အဲဒီချိန်မှာဘဲ တရုတ်ပြည် (ထိုစဉ်ကတော့ ဂန္ဓာလရာဇ်လို့ ခေါ်တွင်ပါတယ်) ဥတည်မင်းကြီးက ထူးဆန်းသော ရွှေကြုတ်ကြီးတစ်လုံးနဲ့အတူ ရွှေသဝဏ်လွှာတစ်စောင်ကို သံတမာန်များနဲ့ ပို့ဆောင်လာပါတယ်။ ရွှေကြုတ်တွင် ထုလုပ်ထားသော အရုပ်များမှာ လူရုပ်ပုံ နှစ်ခု ပါရှိပြီး လူရုပ်တစ်ခုမှာ တစ်ခုမှာ ပုဝါ( စုလျား)ကို ရင်ဘတ်တွင်သိုင်းကာ လေးကိုကိုင်ကာ ပစ်ခွင်းနေဟန်ဖြစ်ပြီး နောက်ထပ် လူရုပ်တစ်ခုမှာ မြှားထိမှန်ပြီး မြေပြင်တွင် လဲကျနေကာ ညာလက်ဖြင့် မြှားကို ကိုင်ထားဟန် ထုလုပ်ထားပါတယ်။ သဝဏ်လွှာမှာ ရေးသားထားတာက ရွှေကြုတ်ကြီးထဲမှာ ဘယ်လိုပစ္စည်းတွေ ရှိနေတယ်ဆိုတာကို အဖုံးကို ဖွင့်မကြည့်ဘဲ ဥာဏ်ပညာနဲ့ တွေးခေါ်စဉ်းစားကာ ဖြေဆိုရန် ရေးသားထားတာ တွေ့ရပါတယ်။ ရွှေကြုတ်အတွင်း ဘယ်ကဲ့သို့ ပစ္စည်းများရှိကြောင်းကို ၇ရက်အတွင်း မဖြေဆိုနိုင်ခဲ့ရင် စမ္ပာနဂိုရ်နေပြည်တော်ကို အပ်နှင်းရန် မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့ပါက စမ္ပာနဂိုရ်နှင့် နယ်မြေချင်း ထိကပ်နေသော တရုတ်ပြည်ပိုင် ကောမ္ဗီနယ်မြေတစ်ခုအား လက်ဆောင်ပေးပါမည် လို့ ပါရှိပါတယ်။

ရွှေကြုတ်ထဲမှာ ဘာတွေရှိမယ်လို့ မသိနိုင်၊ မဖြေနိုင်တဲ့ ဘုရင် ဗြဟ္မာရမင်းကြီးဟာ “မေးခွန်းပုစ္ဆာကို ဖြေဆိုနိုင်သူအား ယောက်ျားဖြစ်ပါက သမီးတော်နဲ့ လက်ထပ်ကာအိမ်ရှေ့မင်းအရာ ပေးသနားမည်၊ မိန်းမဖြစ်ပါက အသပြာငွေ တစ်သိန်းပေးမည်” ဟု မောင်းခတ်ကြေငြာစေခဲ့ပါတယ်။ သို့သော် ဖြေဆိုနိုင်သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး။ အဲဒီချိန်မှာ မြေကြီးလည်ပင်းထိ မြုပ်နှံခံထားရတဲ့ အိုက်ခေါတော်က ကြော်ငြာချက်ကို ကြားသိရပြီး အမေးပုစ္ဆာကို သူဖြေဆိုနိုင်ကြောင်း ပါးကွက်သားတို့ကနေတစ်ဆင့် ဘုရင့်ထံ လျှောက်ထားတဲ့အခါ ဘုရင်းကြီးက အိုက်ခေါတော်ကို အနှောင်အဖွဲ့ကနေ ခေတ္တကင်းလွတ်စေပြီး ရေမိုးချိုး၊ ဝတ်ကောင်းစားလှ ဝတ်ဆင်စေကာ နန်းတော်ထဲ ဝင်ရောက်စေပါတယ်။

နန်းတော်ထဲရောက်လာပြီး ဘုရင်ကြီးနဲ့တကွ တစ်ဖက်နိုင်ငံမှ သံတမာန်များ၊ မူးကြီးမတ်ရာ သေနာပတိများ အရှေ့မှာ ရွှေကြုတ်တွင် ထွင်းထုထားတဲ့ ရုပ်ထုများကို သေချာစူးစိုက်လေ့လာပြီး “ ရွှေကြုတ်တွင် ပါဝင်သော လူရုပ်နှစ်ခုအနက် ပုဝါကို ရင်ဘတ်တွင် ရစ်သိုင်းကို လေးမြှားကို ပစ်ခွင်းနေဟန်ရှိသည့် လူရုပ်တွင် ရင်ဘတ်တွင်စည်းနှောင်ထားသော ပုဝါနှင့် ကိုင်ဆောင်ထားသော လေးမှာ လူရုပ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကြီးနေသည်ကို တွေ့ရသဖြင့် ရွှေကြုတ်ထဲတွင် ပိတ်အုပ်နှင့် လက်နက် ပါရှိမည်။ အခြားလူရုပ်တစ်ခုဖြစ်သော မြေပြင်ပေါ် လဲကျနေဟန် လူရုပ်မှာ လက်တစ်ဖက်က ကိုင်ထားသော မြှား၏ မြှားဦးမှာ ကိုယ်တွင်းသို့ စူးဝင်နေခြင်းမရှိဘဲ လက်ဖျားတွင် ပေါ်နေဟန် ရှိသဖြင့် ပိတ်အုပ်အတွင်းတွင် ချွန်ထက်သော သံချောင်း(သို့မဟုတ်) အပ် ပါရှိလိမ့်မည် ” လို့ ဖြေဆိုပါတယ်။
တရုတ်ကိုယ်စားလှယ် သံတမန်များက ရွှေကြုတ်ကို ဖွင့်ပြတဲ့အခါ အိုက်ခေါတော် လုလင်ဖြေကြားတဲ့အတိုင်း မှန်ကန်နေတာကို တွေ့ရှိရတဲ့အတွက် ဘုရင် ဗြဟ္မာရမင်းကြီးနဲ့ အမတ်များက အိုက်ခေါတော်ကို ချီးမွမ်းကြသလို တရုတ်သံတမန်တို့ကလည်း ကတိစကားအတိုင်း နယ်မြေချင်းထိစပ်နေတဲ့ ကောမ္ဗီနယ်ကို ဘုရင် ဗြဟ္မာရမင်းကြီးအား ပေးအပ်ကာ လာရာလမ်းကို ပြန်သွားကြပါတော့တယ်။ ဘုရင်ကြီးလည်း ကတိစကားအတိုင်း အိုက်ခေါတော်နဲ့ သမီးတော်ကို လက်ထပ် ထိမ်းမြားကာ အိမ်ရှေ့မင်းအရာ ပေးလိုက်ပါတယ်။ ဘုရင် ဗြဟ္မာရမင်းကြီး ကံတော်ကုန်တဲ့အခါ အိမ်ရှေ့မင်းဖြစ်တဲ့ အိုက်ခေါတော်က စမ္ပာနဂိုရ်ထီးနန်းကို ဆက်လက် စိုးစံအုပ်ချုပ်ပါတယ်။

အိုက်ခေါတော်ဘုရင်နဲ့ မိဖုရား မုဉ္စန္ဒာတို့မှာ စိတ္တရာဇာနဲ့ ဂုတ္တရာဇာဆိုတဲ့ သားတော်နှစ်ပါး ဖွားမြင်ပါတယ်။ သားတော်ကြီး စိတ္တရာဇာကို အခြားနယ်မှ သမီးကညာအဖြစ် လာရောက်ဆက်သသော မင်းသမီးပုပ္ဖ၀တီနှင့် လက်ထပ်ပေးပြီး အိမ်ရှေ့မင်းရာထူး ပေးလိုက်ကာ သားတော်ငယ်ကိုတော့ စမ္ပာနဂိုရ်မြို့နဲ့ ၁၂မိုင်ကွာဝေးတဲ့ ကျောက်ဆီးမြို့တွင် ဘုရင်အဖြစ် အုပ်ချုပ်စေပါတယ်။ ကျောက်ဆီးမြို့တည်နေရာဟာ ယနေ့ချိန်မှာ မိုးမောက်မြို့အမည်ရတဲ့ မြို့ တည်ရှိတဲ့နေရာ ဖြစ်ကြောင်း သိရပါတယ်။ ဘုရင်ဖြစ်လာတဲ့ အိုက်ခေါတော်ဟာ ဘုရင်ဗြဟ္မာရမင်းကြီး  အမျက်ရှပြီး သူ့ကို မြေမှာမြုပ်ပြီး အကျဉ်းချထားတဲ့ နေရာမှာ အထိမ်းအမှတ် စေတီတစ်ဆူ တည်ထားတော်မူပါတယ်။ ၄င်းစေတီမှာ ယနေ့ထိတိုင် အိုက်ခေါတော်စေတီလို့ ခေါ်တွင်ပါတယ်။ အိုက်ခေါတော်စေတီဟာ ဗန်းမော်မြို့နဲ့ မလှမ်းမကမ်း တာပိန်မြစ်ကမ်းမှာ တည်ရှိပါတယ်။

Image Hosted by PicturePush - Photo Sharing 
အိုက်ခေါတော်စေတီတော်

အိုက်ခေါတော်စေတီ ဒါယကာ အိုက်ခေါတော်မင်းကြီး နတ်ရွာစံ ကွယ်လွန်တဲ့အခါ သားတော်ကြီး အိမ်ရှေ့မင်း စိတ္တရာဇာက ထီးနန်းဆက်ခံပါတယ်။ သို့သော်လည်း သားတော်ကြီး ထီးနန်းဆက်ခံတာကို ကျောက်ဆီးမြို့မှာ ဘုရင်လုပ်နေတဲ့ သားတော်ငယ် ဂုတ္တရာဇာက  ကြားသိပြီး စမ္ပာနဂိုရ်ထီးနန်းကို အသာတကြည်အပ်နှင်းဖို့နဲ့ မအပ်နှင်းပါက စစ်တိုက်ခါ အနိုင်ယူမည်ဖြစ်ကြောင်း သဝဏ်လွှာဖြင့် အရေးဆိုလာပါတယ်။ စစ်မက်ဖြစ်ပွားမှာကို မလိုလားတဲ့ စိတ္တရာဇာဘုရင်က တိုင်းသူပြည်သားတို့ စစ်ကြောင့် ဘေးဒုက္ခရောက်မှာကို မျှော်တွေးပြီး ရန်တုံ့နှင်းခြင်း မပြုတော့ဘဲ ဘုရင်နှင့်မိဖုရားနှစ်ပါး ဆင်တော်ကိုစီးနှင်းကာ နေပြည်တော် မြောက်တံခါးမှထွက်၍ တာပိန်မြစ်ကိုဖြတ်ကူးကာ မြို့ကိုစွန့်ခွာပါတယ်။
စစ်မက်မဖြစ်ပွားလိုတာကြောင့် ဘုရင်စိတ္တရာဇာနဲ့ မိဖုရားတို့ ထီးနန်းကို စွန့်ခွာသွားပြီဖြစ်ကြောင်း ကြားသိရတဲ့ ညီတော် ဂုတ္တရာဇာဟာ ထီးနန်းအရေးစိတ်မအေးနိုင်သေးဘဲ နောင်တော်ဘုရင်နဲ့ မရီးဖြစ်သူ မိဖုရားကို လိုက်လံဖမ်းဆီးစေပါတယ်။ ဆင်စီး၍ ထွက်ပြေးရသော ဘုရင်နဲ့ မိဖုရားတို့မှာတောတောင်များကို ကျော်ဖြတ်ကာ တိမ်းဖာတောင်သို့ ဆိုက်ရောက်ကာခရီးတထောက်နားပါတယ်။ ထို့နောက် ဆက်လက် ထွက်ပြေးကြပြန်ရာ လမ်းခရီးတွင် ကျောက်ဂူကြီးတစ်ခုမှာ ခိုအောင်းကြပါတယ်။ ကိုယ်လေးလက်ဝန် ရှိနေပြီဖြစ်တဲ့ မိဖုရားကြီးက ပြင်းထန်လွန်းတဲ့ ခရီးကြမ်းကို ဆက်လက် မသွားနိုင်တော့တဲ့အတွက် ဘုရင်ကြီးသာ လွတ်အောင် ပြေးပါရန် တိုက်တွန်းလျှောက်ထားပါတယ်။ ထိုကြောင့် မိဖုရားပုပ္ဖ၀တီက ကျောက်ဂူကြီးတွင် ခိုအောင်းချန်နေရစ်ပြီး ဘုရင် စိတ္တရာဇာက ကိုယ်လွတ်ရုန်းကာ ထွက်ပြေးစဉ်မှာပင် ညီတော် ဂုတ္တရာဇာရဲ့ စစ်တပ်မှ ရဲမက်စစ်သည်များက လက်ရဖမ်းဆီးမိသွားပါတယ်။ ဖမ်းမိတဲ့ ဘုရင်ကြီး စိတ္တရာဇာကို ညီတော်ဖြစ်သူက အကျဉ်းချပြီး ချုပ်နှောင်ဖမ်းဆီးထားခဲ့ပါတော့တယ်။

နေပြည်တော်မှ လျှို့ဝှက်စွာလိုက်ပါလာတဲ့ သစ္စာရှိ လူယုံများက ဘုရင်ကြီးအဖမ်းခံရတဲ့သတင်းကို မိဖုရားထံ ပို့ဆောင်ကြပါတယ်။ မိဖုရားဟာ တောင်ပေါ်ဒေသတစ်ခုမှာ ရွေ့ပြောင်းကာ တောတွင်းမှာပဲ လျှို့ဝှက်စွာ ခိုအောင်းနေခဲ့ရပါတယ်။ အဲဒီလို ခိုအောင်းနေရင်း ကိုယ်ဝန်ရင့်မာပြီး သားတော်လေးတစ်ပါး ဖွားမြင်လာခဲ့ပါတယ်။ သားတော်ကို ဝိလာသမင်းသားရယ်လို့ အမည်ပေးခဲ့ပါတယ်။ မိဖုရားနဲ့ သားတော်တို ခိုအောင်းကြီးပြင်းခဲ့တဲ့ တောင်ကိုလည်း ဝိလာသတောင်ရယ်လို့ ယခုချိန်ထိတိုင် အမည်တွင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ ဝိလာသတောင်ပေါ်မှာ ဝိလာသမင်းသား ငယ်စဉ်က ဆော့ကစားခဲ့တဲ့ ကျောက်အိုး၊ ကျောက်ရေမှုတ်၊ ကျောက်ပုခက် တို့ဟာလည်း ယခုချိန်ထိ ကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။
ဇာတ်လမ်းကို အကျဉ်းချုပ်ရရင် တောတွင်းမှာကြီးပြင်းလာတဲ့ ဝိလာသမင်းသားအရွယ်ရောက်ချိန်မှာ မယ်တော်က အကြောင်းစုံကိုပြောပြတဲ့အတွက် သူ့ဖခင် ဘုရင်ကြီးမှာ စမ္ပာနဂိုရ်နေပြည်တော်ကြီးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း သိရပြီး ဖခင်အားသွားရောက်တွေ့ဆုံလိုကြောင်း မိခင်အား ခွင့်တောင်းပါတယ်။ မိခင်က ဘထွေးတော်ဖြစ်သူ ဂုတ္တရာဇာဘုရင်က သားတော်ကို ဖမ်းဆီးအရေးယူမည်စိုးတာကြောင့် မသွားရန်တားမြစ်သော်လည်း ဆန္ဒပြင်းပြလွန်းသော သားတော်ကြောင့် ခွင့်ပြုလိုက်ရပါတယ်။ ဖခင်ဖြစ်သူနဲ့ တွေ့ခွင့်ရခဲ့ရင် သားဖြစ်ကြောင်း သက်သေပြဖို့ မိခင် မိဖုရားကြီးက သူမ  လက်မှာဝတ်ဆင်ထားတဲ့ ပတ္တမြားလက်စွပ်ကို ပေးအပ်လိုက်ပါတယ်။
စမ္ပာနဂိုရ်နေပြည်တော်ကို အစ်ကိုတော် စိတ္တရာဇာမင်းရဲ့ သားတော် ဝိလာသမင်းသား ချီတက်လာကြောင်း ကြားသိတဲ့ ဘုရင် ဂုတ္တရာဇာက အတွင်းရန်ကို အရင် သုတ်သင်ရှင်းလင်းရန် ဆိုတဲ့ သဘောနဲ့ အစ်ကိုတော်ကို သတ်စေဟု အမိန့်ထုတ်ပြန်ပါတော့တယ်။ အသတ်ခံရန်အတွက် သူသတ်ကုန်းကို ခေါ်ဆောင်လာခြင်း ခံရတဲ့ စိတ္တရာဇာဘုရင်နဲ့ သားဖြစ်သူ ဝိလာသမင်းသားတို့ဟာ သူသတ်ကုန်းမှာ ဆုံတွေ့ကြပြီး အကြောင်းစုံကို သိကာ ပတ္တမြားလက်စွပ်ကြောင့်လည်း သားမှန်း သိလိုက်ရပါတယ်။ ဝိလာသမင်းသားဟာ ဖခင်ကိုယ်စား သူ့ကိုသတ်ပါလို့ ဘထွေးတော် ဂုတ္တရာဇာဘုရင်အား ခွင့်ပန်လျှောက်ထားပါတယ်။ စိတ္တရာဇာ ဘုရင်လည်း အစ်ကိုတော်ကို လွှတ်ပြီး တူတော် ဝိလာသမင်းသားကို ဖမ်းဆီးကာ နည်းလမ်းအမျိုးမျိုးဖြင့် သတ်ဖို့ ကြိုးစားပါတော့တယ်။
ဓား၊ လှံလက်နက်တို့နဲ့ ခုတ်သတ်သော်လည်း ဓားကျိုး လှံကျိုးခြင်း၊ ဧရာဝတီမြစ်နဲ့ တာပိန်မြစ်တို့ဆုံရာ ဝဲဂယက်အတွင်း ပစ်ချသော်လည်း အသက်ရှင်လျှက်သား ပြန်ပေါ်လာခြင်း၊ မီးရှို့သတ်သော်လည်း မီးမလောင်ခြင်း၊ ဆင်နင်း၍ သတ်စေသော်လည်း ဆင်က မနင်းခြင်း၊ ဧရာဝတီ ဒုတိယမြစ်ကျဉ်းရှိရာ ကျောက်တောင်ထိပ်မှ တွန်းချသော်လည်း တောင်ခြေရှိ နတ်မျက်နှာ ရွာသားတို့ ကယ်တင်မှုကြောင့် အသက်ရှင်လျှက် ရှိနေခြင်းတို့ကြောင့် ဝိလာသမင်းသားရဲ့ ကံတရားကြီးမားပုံကို ကြောက်ရွံ့လာတဲ့ ဘထွေးတော် စိတ္တရာဇာမင်းက မူလစံမြန်းရာ ကျောက်ဆီးမြို့(မိုးမောက်မြို့) ကို ပြန်ကြွစဉ်မှာဘဲ မြို့အနီးက နမ့်ကျရီချောင်းတွင် ကံတော်ကုန်တယ်လို့ ဆိုပါတယ်။
စိတ္တရာဇာဘုရင်ကြီး စမ္ပာနဂိုရ်နေပြည်တော်ထီးနန်းကို ပြန်လည်စိုးစံချိန်မှာ သားတော် ဝိလာသမင်းသားကို ကယ်တင်ခဲ့တဲ့ နတ်မျက်နှာတောင်မှ ရွာသားများကို ကျေးဇူးတင်သောအားဖြင့် စမ္ပာနဂိုရ်နေပြည်တော်ရဲ့ ဆင်ခြေဖုံးအရပ်ဖြစ်တဲ့ နေရာတစ်ခုကို အိုးလုပ်ငန်း လုပ်ကိုင်စေဖို့ နေရာချထားပေးတော်မူပြီး ၄င်းနေရာကို မန်မော်ရယ်လို့ အမည်တွင်စေခဲ့ပါတယ်။ မန်မော်အရပ်မှာ နေထိုင်ကြသူများဟာ အိုးလုပ်ငန်းကို လုပ်ကိုင်ဖို့ မြေကိုတူးဆွကြရတာကြောင့် မြေပြင်တွေဟာ ကျင်းတွေ၊ ချိုင့်တွေ ပေါများလွန်းစွာ ရှိနေတယ်လို့ ဗန်းမော်မြို့သမိုင်းနဲ့ ရွှေကျီးနား စေတီသမိုင်းစာအုပ်တွေမှာ ပြဆိုပါတယ်။ တကယ်လို့များ သင်ဟာ ဗန်းမော်မြို့ကို အလည်ရောက်ခဲ့မယ်ဆိုရင် ယခုချိန်ထိတိုင် ဗန်းမော်မြို့တည်ရှိရာ အရပ်ဟာ ကျင်းတွေ၊ ချိုင့်တွေ ပေါများလှတာကို တွေ့ရမှာဖြစ်ပါတယ်။ မန်မော်ဆိုတဲ့ အမည်ဟာလည်း ရှမ်းဘာသာအရ အိုးလုပ်တဲ့ အရပ်လို့ ခေါ်တွင်တာဖြစ်ပါတယ်။
စိတ္တရာဇာဘုရင်ဟာ မိဖုရားပုပ္ဖ၀တီကို သွားရောက်ခေါ်ဆောင်ဖို့ သားတော်ကို ရဲမက်အစောင့်အရှောက်များဖြင့် စေလွှတ်လိုက်သေည်လည်း ဝိလာသတောင်ပေါ်ရှိ ကျောက်ဂူကြီးသို့ ရောက်တဲ့အခါ မိဖုရားကြီးမှာ သက်တော်ကုန်နေပြီ ဖြစ်တဲ့အတွက် ယူကျုံးမရ ဖြစ်ပါပြီး ဖခင် ဘုရင်ကြီးအားလည်း အကြောင်းကြားပါတယ်။ စိတ္တရာဇာဘုရင်လည်း တွေ့ခွင့်မကြုံခင် ကံတော်ကုန်သွားတဲ့ မိဖုရားအတွက် နှလုံးကြေကွဲဖြစ်ရပါတယ်။ ထို့နောက် ဖိဖုရားကြီးရဲ့ အလောင်းကို ရွှေတလားတွင် ထည့်သွင်းကာ မီးသင်္ဂြိုလ်ပါတယ်။ ထိုမီးသင်္ဂြိုလ်ရာအရပ်မှာ စေတီတစ်ဆူတည်ထားတော်မူကြကာ လွမ်းစေတီလို့ အမည်ပေးပါတယ်။ မင်းသား ငယ်စဉ်ခါက ဆော့ကစားခဲ့ရာ အရပ်မှာတော့ အားစမ်းစေတီ ကို တည်ထားတော်မူခဲ့ပါတယ်။
ဝိလာသ တောင်မှ ပြန်ကြွလာပြီး အခြားတောင်ထိပ်တစ်ခုကနေ ငယ်စဉ်ကတည်းက နေထိုင်ကြီးပြင်းရာ၊ မိခင်ကြီး မီးသင်္ဂြိုလ်ရာ ဝိလာသတောင်တော်ကို လွမ်းဆွတ် သတိရစွာ  ပြန်လည်မျှော်ကြည့်မိတဲ့ အရပ်မှာတော့ လွမ်းကျင်စေတီကိုတည်ထားခဲ့ပါတယ်။ ဘုရင်နဲ့ မိဖုရားတို့ ခေတ္တခိုအောင်းရာ တိမ်းဖာတောင်မှာတော့ တိမ်းဖာဘုရားကို တည်ထားခဲ့ပါတယ်။ ထို ဝိလာသတောင်နဲ့ လွမ်းစေတီ၊ တိမ်းဖာတောင်နဲ့ တိမ်းဖာဘုရားတို့ဟာလည်း ဗန်းမော်မြို့ အနီးတစ်ဝိုက်မှာ ယခုချိန်ထိတိုင် သမိုင်းအထောက်အထား သက်သေများအဖြစ် တွေ့ရှိနိုင်ပါတယ်။
စမ္ပာနဂိုရ်ကို ရောက်ရှိပြီး ထီးနန်းစိုးစံတဲ့ ဘုရင်နဲ့ သားတော်တို့ဟာ အိန္ဒိယမှ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားတော်မူတဲ့ ဘုရားဒါယကာ သီရိဓမ္မာသောကမင်းကြီးထံကနေ မြတ်စွာဘုရားရဲ့ ဓာတ်တော်လေးဆူကို လက်ခံရရှိတော်မူတဲ့အတွက် ၄င်းဓာတ်တော်လေးဆူကို ဌာပနာပြီး စေတီလေးဆူ တည်ထားခဲ့ပါတယ်။ ပထမစေတီတော်မှာ စမ္ပာနဂိုရ်နေပြည်တော်အနီး တာပိန်မြစ်ကမ်းရှိ ရွှေကျီးနားစေတီတော်ဖြစ်ပြီး ဒုတိယစေတီမှာ ဗန်းမော်မြို့တွင်းရှိ ရွှေစေတီ ( သိမ်မဟာစေတီတော်)၊ တတိယစေတီမှာ ကောင်းတုံမြို့ ရွှေစည်းခုံစေတီတော်၊ ဟားခမ်းခေါ် ငဆောင်ချမ်းမြို့ရှိ မြစေတီတော် စတဲ့ စေတီလေးဆူဖြစ်ပါတယ်။ စေတီလေးဆူမှာ ရွှေကျီးနားစေတီနဲ့ သိမ်မဟာစေတီကိုသာ ဖူးခွင့်ရခဲ့ပြီး ရွှေစည်းခုံစေတီနဲ့ မြစေတီတို့ကိုတော့ အချိန်မရတာနဲ့ မရောက်ဖြစ်ခဲ့ပါဘူး။

Image Hosted by PicturePush - Photo Sharing

သမိုင်းဝင် ရွှေကျီးနားစေတီတော်

Image Hosted by PicturePush - Photo Sharing 
အလွန်သာယာ ကျယ်ဝန်းသော ဘုရားပရဝုဏ်ရှိပြီး သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှသော သိမ်မဟာ ရွှေစေတီတော်ကြီး

သိပ်ကို စိတ်ချမ်းသာစရာကောင်းပြီး ကြာပန်းတွေ ဝေဆာနေတဲ့ ရေကန်ကြီးရယ် အပွင့်တွေ ဝေဆာစွာ ပွင့်ဝေနေတဲ့ စကားပန်း အနီ၊ အဖြူတို့တွေ စီတန်းပေါက်ရောက်နေတဲ့ ဘုရားဝင်းကြီးဟာ ကျွန်မ အလွန်နှစ်သက် သဘောကျမိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ စေတီတော်ကြီးနဲ့ ဘုရားကျောင်းဝင်းရှိ သစ်ပင်ပန်းမာန် ရှုခင်းများရဲ့ ပုံများကို နောက်ထပ်ပိုစ့်များမှာ ဆက်လက်ဖော်ပြချင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မြတ်စွာဘုရား၏ ဓာတ်တော်တစ်ဆူ ဌာပနာထားသည့် သိမ်မဟာ ရွှေစေတီတော်ကြီး၏ အနီးကပ်ပုံတော် 

စေတီလေးဆူကို တည်ထားပြီးတဲ့နောက် စိတ္တရာဇာဘုရင်ဟာ ထီးနန်းကို ငြီးငွေ့လာတာကြောင့် သားတော် ဝိလာသမင်းသားကို ထီးနန်းလွှဲအပ်ပြီး မြို့တော်နဲ့ အရှေ့ဘက် မိုင်၂၀အကွာရှိ တာပိန်မြစ်ကမ်း သောင်ယံမှာ ရဟန်းဝတ်နဲ့ တရားအားထုတ်တော်မူပါတယ်။ ထီးနန်းကို ဆက်ခံတဲ့ ဝိသာလ မင်းသားဟာ စမ္ပာနဂိုရ် နေပြည်တော်ကနေပြောင်းရွေ့ပြီး မြို့အသစ်တည်ဖို့ ဆန္ဒဖြစ်ကာ သူ့ခမည်းတော် တရားအားထုတ်သော နေရာအနီးနားမှာဘဲ မြို့သစ်ကို ဖော်ထုတ်တည်ထောင်ကာ မြို့နာမည်ကိုလည်း မြို့သစ်မြို့လို့ အမည်သမုတ်ပါတယ်။ ထို့နောက်မှာ သူ့ဖခင် တရားအားထုတ်သော နေရာတွင်လည်း စေတီတစ်ဆူ တည်ထားပြန်ပါတယ်။ ထီးနန်းစိုးစံနေတဲ့ ဝိလာသ မင်းဟာလည်း စည်းစိမ်းချမ်းသာ အာဏာတို့ကို ငြီးငွေ့စိတ်ဖြစ်လာပြီး ၄င်းတို့ကို စွန့်ခွာချန်ထားရစ်ကာ တောထွက် တရားအားထုတ်ပြန်ပါတော့တယ်။  ထိုအခါ မြို့သစ် နေပြည်တော်တွင် မင်းမရှိတော့ဘဲ မြို့တော်ကို ကြီးကြပ်အုပ်ချုပ်ရန် မှူးမတ်များသာ ကျန်ရစ်ခဲ့ပါတယ်။  

ကျန်ရစ်လေသော မှူးမတ်များက မြို့တော်ကို စုပေါင်းအုပ်ချုပ်ခဲ့ကြပြီး မကြာမီမှာပင် မင်းမရှိတော့သည့် မြို့သစ်မြို့တော်ကို စွန့်ခွာကာ အုပ်ချုပ်ရေးဌာနကို မန်မော်အရပ်သို့ ပြောင်းရွေ့ကြပြန်တော့ရာ ထိုအချိန်မှ စကာ စမ္ပာနဂိုရ်မင်းဆက် ပြတ်သွားပြီး မှူးမတ်များကသာ အုပ်ချုပ်လာခဲ့ကြရာ မန်မော်မှသည် ကာလရွေ့လျောလာသောအခါ ဗန်းမော်မြို့ဟူ၍ ခေါ်တွင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဗန်းမော်မြို့ သမိုင်းမှတ်တမ်းများအရ မင်းဆက်ပြတ်ပြီးနောက်ပိုင်းမှာ ဗန်းမော်မြို့ကို စော်ဘွားများက အဆက်ဆက် အုပ်ချုပ်ခဲ့ကြောင်း သိရပါတယ်။ ပုဂံပြည်ကို အနော်ရထာမင်း အုပ်စိုးစဉ်က ဗန်းမော်မြို့ကို အုပ်စိုးခဲ့သော် စော်ဘွားမှာ သိုလျင်ဘွားဖြစ်ပြီး ကျန်စစ်သားလက်ထက်မှာ သိုစွန်စော်ဘွား၊ အလောင်းစည်သူမင်း လက်ထက်မှာ သိုတူစော်ဘွား၊ နရပတိစည်သူလက်ထက်မှာ သိုခွန်စော်ဘွား စသဖြင့် စော်ဘွားအစဉ်အဆက် စာရင်းများကို မှတ်တမ်းမှတ်ရာများဖြင့် တွေ့ရှိရပါတယ်။ ခရစ်သက္ကရာဇ် ၁၃၈၈ခုနှစ် (မြန်မာသက္ကရာဇ် ၇၅၀) ထိ စော်ဘွား ၂၃ဆက်ထိ မှတ်တမ်းတင်ထားတာကို တွေ့ရတယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရား လက်ထက်မှ စကာ ( ခရစ်သက္ကရာဇ် ၁၇၅၂ မှ ၁၈၈၅) သီပေါမင်းထိ ဗန်းမော်မြို့ကို အုပ်ချုပ်ခဲ့ကြသော မြို့ဝန်နဲ့ စော်ဘွားများမှာ ၃၁ဦး စာရင်းမှတ်တမ်း ရှိပါတယ်။


Image Hosted by PicturePush - Photo Sharing

နီးကပ်စွာ တည်ရှိနေတဲ့ အိုက်ခေါတော်စေတီနဲ့ ရွှေကျီးနားစေတီတော် (အရှေ့က ဘုရားက အိုက်ခေါတော်ဖြစ်ပြီး အနောက်က ဘုရားမှာ ရွှေကျီးနားစေတီဖြစ်ပါတယ်)

ဘိုးတော်ဗဒုံမင်း လက်ထက် (၁၈၁၈ခုနှစ်) မှာ ရွှေကျီးနားစေတီတည်ထားရာ တာပိန်မြစ်ကမ်းဦးကို ရေတိုက်စားခံရသဖြင့် စေတီပြိုပျက်ကျမည်စိုးသောကြောင့် တာပိန်မြစ်ကမ်းနဖူးမှ မြစ်နဲ့ အနည်းငယ် လှမ်းသော ယခု အိုက်ခေါတော် စေတီအနီးကို ပြောင်းရွေ့တည်ထားခဲ့ကြတယ်လို့ ဖတ်ရပါတယ်။ မင်းတုန်းမင်း တရားကြီလက်ထက်မှာလည်း ရွှေကျီးနားစေတီတော်ကို ငုံကာ ပြန်လည် ပြုပြင် တည်ထားတော်မူကာ ထီးတော်ဒါယကာအဖြစ်လည်း ခံယူတော်မူခဲ့ပါတယ်။ ၁၈၇၅ခု မြေငလျင်နဲ့ ၁၉၃၁ မြေငလျင်တို့ကြောင့် စိန်ဖူးတော်နဲ့ ထီးတော်ပြိုကျပျက်စီးရာမှာလည်း ပြန်လည် ပြုပြင်လှူဒါန်းခဲ့ကြပြန်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်လာချိန်မှာ ဗုံးဒဏ်ကို ဆိုးဆိုးဝါးဝါးခံရတဲ့ စေတီတော်ကို တစ်ဖန် ပြင်ဆင်ကြရပြန်ပါတယ်။ ယခုအချိန်မှာတော့ ရွှေကျီးနား စေတီကြီးကို ရွှေရောင်ဝင်းဝါစွာဖြင့် ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့ရမှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့မှ စကာ ရွှေကျီးနားစေတီ ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါကတော့ ကျွန်မ စိတ်ဝင်စားဖွယ် အထ္ထုပ္ပတ္တိတွေ ရှိခဲ့သော ကျွန်မဖတ်ခဲ့ရတဲ့ ဗန်းမော်မြို့နဲ့ သမိုင်းဝင် ရွှေကျီးနားစေတီတို့ရဲ့ သမိုင်းကြောင်းဖြစ်ပါတယ်။ ဗန်းမော်မြို့ဆက်ကို စတင်တဲ့ ဘုရင်စမ္ပေယျမင်းဟာ စမ္ပာနဂိုရ်မြို့ကို စတင်တည်ထောင်ခဲ့တာဖြစ်တဲ့ အထောက်အထားအဖြစ်လည်း ဗန်းမော်မြို့မှာ စမ္ပာနဲ့ နဂိုရ်အရပ်တို့ဟာ ယခုချိန်ထိတိုင် ရှိနေပါသေးတယ်။ သို့သော် ကာလရွေ့လျောလာပြီဖြစ်လို့ စမ္ပာအမည်မှ စံပါအဖြစ်လည်းကောင်း၊ နဂိုရ်အမည်မှ နောင်ခိုစသော အမည်နာမများနှင့် ရပ်ကွပ်အဖြစ် ပြောင်းလဲ ကျန်ရှိနေခဲ့ပါတယ်။ သမိုင်းကြောင်း သိပ်ရှည်လွန်းရင် စာဖတ်သူတွေ ပျင်းမှာစိုးတာကြောင့်အတော်များများကို အကျဉ်းချုပ်ကာ ရေးလိုက်ရတာဖြစ်ပေမဲ့ အကျဉ်းချုပ်ထားတာတောင် အတော်လေး ရှည်လျားနေပြီဖြစ်ပါတယ်။ အထောက်အထား မပြည့်စုံခြင်း၊ သမိုင်းအချက်အလက်များ လွဲချော်ခြင်းတို့ ရှိခဲ့ပါက ကျွန်မရဲ့ လိုအပ်ချက်၊ သမိုင်းဆိုင်ရာ ဗဟုသုတ အားနည်းခြင်းတို့ကြောင့်သာ ဖြစ်တဲ့အတွက် အမှားပါရှိပါက သီးခံပေးကြပါနော်။ မကြာခင်မှာတော့ ဗန်းမော်မြို့ရဲ့ လက်ရှိအနေအထား ရှုခင်းများ အကြောင်းကို ဆက်ပါဦးမယ်ရှင်။

အားလုံးကို ကျေးဇူးတင်ခြင်းများစွာဖြင့်


Image Hosted by PicturePush - Photo Sharing


ကိုးကား ။   ။ရွှေကျီးနားမဟာစေတီနှင့် အိုက်ခေါတော်စေတီတော်မြတ် သမိုင်း
               ဗန်းမော်မြို့ အထ္ထုပ္ပတ္တိ

24 Responses to “သမိုင်းဝင် ဗန်းမော်မြို့နဲ့ ရွှေကျီးနားစေတီတော်”

ချောရေ မင်္ဂလာပါ ဗန်းမော်မြို့က အိုက်ခေါတော် စေတီတော်၊ ရွှေကျီးနားစေတီတော်၊ သိမ်မဟာ ရွှေစေတီတော်ကြီးတို့ကို တစ်ဝကြီး ဖူးမျှော်သွားခဲ့ပါတယ်။ တင်ပေးတဲ့ ချောချောကိုလည်း ကျေးဇူးအထူးတင်
ကြောင်းပါ။ ဟုတ်တယ် ချော၊ ကြောက်စရာကောင်းတယ်။ ဘုရင်မှန်ရင် သတ်ရဲဖြတ်ရဲရမယ်တဲ့။ သူ့ကိုယ်သူဘုရင်လို့ သတ်မှတ်ပြီး သတ်ရဲဖြတ်ရဲတဲ့ပုဂ္ဂိုလ်ကိုလည်း မြက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။ သမိုင်းကြောင်းကိုတော့ မနက်ဖန်မှ သေသေချာချာ လာဖတ်တော့မယ်။ ခုတော့ ကျိန်းစက်လိုက်ဦးမယ်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ။ Good Night နော်။

Baby taster said...

ကျေးဇူးပါ ဘုရားတွေအားလုံး
ဒီနေရာက ဖူးမျှော်ခွင့်ရလို့
သမိုင်းကြောင်း များများရေး
ကိုယ်စိတ်ဝင်စားတယ် သိလာ

Mghan said...

ညောင်ဦးကမ်းပါးပျိုးတုန်းကပေါင်ကျိုးတဲ့နွားမရဲ့ဇာတိရပ်ရွာရယ်..စုလျားရစ်ပတ်ဆိုတာရယ်..ရွှေလမ်းငွေလမ်းခင်းဆိုတာရယ်..ရဲ့background storiesတွေကိုသိလိုက်ရပါ၏..ကျေးဇူးပါ..အမရေ

Nyi Linn Thit said...

ဗန်းမော်ကို တခါသွားလည်ဖူးတယ်၊ အခု နောက်ခံသမိုင်းတချို့ သိလိုက်ရတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားတယ်၊ ကျေးဇူးပါပဲ မချောရေ..။

johnmoeeain said...

သိပ်ကောင်းတဲ့ ပို့စ်လေးပါ မချော..း)
ငယ်ငယ်တုန်းက မှတ်ထားမိတာလေးတစ်ခုကတော့ မချော အထက်မှာ ရေးခဲ့သလိုပဲပေါ့နော်..။ မှတ်မိသလောက်လေး ထပ်ဖြည့်မယ်နော်..။ ရတယ်ဟုတ် ? :)

ဗန်းမော် ဆိုတာ မန်မော် ကနေ ဆင်းသက်လာခဲ့တာပါ..။ ရှမ်းနီ ဘာသာစကားအရ "အိုးလုပ်တဲ့ ရွာလေး" ပေါ့နော်..။ ဒါကြောင့်လည်း ဗန်းမော် ဒေသက မြေသဘာဝမှာ ကျင်းတွေ ချိုင့်တွေ လျှိုတွေ အများကြီး ဖြစ်နေတတ်ပါတယ်..။ ပုံပြင်တွေကတော့ ဒါတွေက ၀ိလာသကို ကယ်တင်ပေးခဲ့တဲ့ နဂါးတွေ ပျော်စံခဲ့လို့ ဖြစ်တယ်လို့ ဆိုတတ်တယ်..။ နောက်.. မချော ရှေ့ဖက်က ပို့စ်တွေမှာ ရေးခဲ့သလိုပေါ့နော်..။ ကျောက်စခမ်းနဲ့ ရေပူတွင်း..။ ဗန်းမော်ကနေထွက်ရင် ကျောက်စခမ်း မရောက်ခင် ရေပူစမ်းလေးတစ်ခု ရှိတယ်လေ..။ ဆောင်းတွင်းဆို ပျော်ပွဲစားထွက်လို့ သိပ်ကောင်းတာပေါ့..။ ဘထွေးတော် ဂုတ္တရာဇာမင်း ကျောက်ဆီးမြို့(မိုးမောက်မြို့) ကို ပြန်ကြွစဉ်မှာဘဲ နမ့်ကျရီ ချောင်းမှာ ကံတော်ကုန်ခဲ့တယ်လို့ ဆိုသလိုပဲ...။ အဲ့ဒီမှာ ဘထွေးတော် မြေမြိုခံခဲ့ရလို့ ဒီချောင်းလေးဟာ ရေပူတွေ ထွက်တယ်လို့ ပုံပြင်တွေက ဆိုကြတယ်...။ ဘူမိဗေဒအရဆိုရင်တော့ ဒီ နမ့်ကျရီချောင်းမြေဟာ ကန့်သတ္တုတွေ ဖွဲ့တည်ထားလို့ ဆောင်းတွင်းအခါမှာ ပိုပြီး ရေက ပူလာတတ်တာပေါ့..။

ကျွန်တော်တို့မြို့လေးကို စိတ်ဝင်စားအောင် ရေးတတ်တဲ့ မချောကိုတော့ ကျေးဇူးလည်းတင်တယ်နော်..။

Thanks sis :)

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးအိမ်ရေ
ဖြည့်လို့ရပါတယ်။ ခုလိုဖြည့်စွက်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။ အားလုံးလည်း ကျေးဇူးတင်ပါတယ်နော်။

အင်း.. ဇာတ်လမ်းလေးဖတ်ရင်းနဲ့ မျောသွားတယ်..း)).. ကျေးဇူးတင်ပါတယ် မချောရေ..

ခင်မင်လျက်
နေ၀ဿန်

စိတ်ဝင်စားစရာ လေးတွေမျှဝေပေးတာ ကျေးဇူးပါ အစ်မချောရေ..။ သမိုင်းကြောင်းကို ဓါတ်ပုံနဲ့ တကွ လေ့လာသွားပါတယ်။

sosegado said...

စိတ်ဝင်စားစရာပါပဲ ရာဇဝင်ပုံပြင်တွေက ဘာပဲဖြစ်ဖြစ် ဗန်းမော်ကတော့ ရာဇဝင်မှာပါတဲ့ ရှေးဟောင်းမြို့တစ်မြို့ဆိုတာသေချာပါတယ်၊ တရုတ်စာတမ်းတစ်စောင်အရ နောင်၁၀နှစ်အတွင်း ပြောင်းလဲလာနိုင်သော မြို့တစ်မြို့ဖြစ်ပါတယ်

ဗန်းမော်မြို့ကိုရောက်သွားသလိုပဲ ခံစားလိုက်ရတယ်။
ဘုရားလည်းဖူး.. စာလည်းဖတ်.. လျှောက်လည်ရင်းနဲ့...
သမိုင်းကြောင်းလေးလည်း သိသွားရတယ်။

ချစ်တဲ့
သဒ္ဓါ

mstint said...

ဗန်းမော်မြို့အကြောင်းဖတ်သွားပါတယ်ကွယ် မရောက်ဖူးတော့ စိတ်ဝင်စားဖို့ကောင်းးတယ် အလည်တစ်ခေါက်တော့ ရောက်ဖူးချင်ပါသေးတယ်။

shan said...

The only thing I can recall about ရွှေကျီးနား is golden pagoda. I visited it long long ago, in 1977. ရွှေကျီးနား pagoda festival is the most famous festival in Kachin State.
I am very happy to read your post. Please tell us more about Kachin State. I would love to hear more because I am Tai and I was born in Kachin too.

But nothing has changed.

SHWE ZIN U said...

ညီမ ရေ

စိတ်ဝင်စားစွာဖတ်သွားပါတယ်နော် ဗန်းမော် မြို့ ကို မရောက်ဘူးသေးဘူး

သမိုင်းကြောင်းလေးက စိတ်ဝင်စားစရာ အရမ်းကောင်းတာပဲ။ သေချာစွာ ဖတ်မှတ်သွားတယ် ချောရေ။ ကျန်းမာပျော်ရွှင်ပါစေ...

ဘုရင်တွေကတော့ သတ်စေ ဆိုတာက များနေတယ်။
ပညာရှိဘုရင်တွေ အုပ်ချုပ်တဲ့ အချိန်လောက်ပဲ ပြည်သူတွေ စိတ်အေးချမ်းသာ နေကြရတာ။
ရာဇဝင်တွေဆို ငယ်ငယ်တုန်းက ပိုစိတ်ဝင်စားတယ်။

PhyoPhyo said...

ဗန်းမော်မြို့သမိုင်းကြောင်းကစိတ်ဝင်စားစရာ။
ရှေးရှေးတုန်းက မိုက်တယ်နော်၊ မြို့သစ်တည်ပြီး ကိုယ့်ဘာသာအုပ်ချုပ်ကြနဲ့၊
ဘုရားတွေအများကြီးဖူးခွင့်ရလို့လည်း ကျေးဇူးအများကြီး။
အိုက်ခေါ်တော် အကြောင်းကိုသိဘူး။
မသိတာတွေကလည်း များများရယ်။
ချစ်တဲ့
(စကားမစပ် - အိပ်ပြီလား)

စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်.မမ
ဗဟုသုတတွေမျှဝေပေးတဲ့အတွက်..
ကျေးဇူးတင်ပါတယ်.

ချစ်ခြင်းအလကာင်္

စိတ်ဝင်တစားဖတ်သွားပါတယ် မချောရေ ..
သမိုင်းကြောင်းတွေက နေရာတကာ စိတ်ဝင်စားစရာ ကောင်းနေတော့တာပဲနော် ..း))

flowerpoem said...

အမရေ ဘုရားပုံတော်နဲ့ ဘုရား သမိုင်းကို လာဖတ်ပါတယ် . . ဘုရားသမိုင်းကို သိခွင့်ရတဲ့အတွက် ကျေးဇူးပါ. . .

ဟန်ကြည် said...

ကောင်းတယ် ဒေါ်ချောရေ...ခရီးသွားမှတ်တမ်းပုံစံလေးလည်း ရေးပါဦးလား...ဘယ်မှာဘာစားလို့ရတယ်...ဘယ်မှာတည်းလို့ရတယ် စသည်ဖြင့်ပေါ့...

Thank you for sharing Chaw!

ပန်းချီ said...

ချော..
ဘုရားသမိုင်းကို အချိန်ယူပြီး ဖတ်နေတာမို့ အခုမှပဲမန့်နိုင်တော့တယ်..။ အသေအချာဖတ်ရှုလေ့လာပြီးရေးထားတာမို့ အသေအချာကိုမှတ်သားစရာတွေ အပြည့်နဲ့ပို့စ်လေးပါချောရေ..။

Mai Arkar Saung Oo said...

မချောရေကိုယ့်ဒေသနားကအင်းတော်ကြီးအကြောင်းလည်းရေးပါဦး..သိတဲ့သူတွေများယ်ထင်လို့ပါ..ကျွန်တော်ကတော့ပုံပြင်တွေရေးနေတယ်မြည်းကြည့်ပါဦး....http://maiarkarsaungoo.blogsport.com

Fred K.Thet said...

ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကချင်ပြည်နယ်ကို အပြေးအလွှားရောက်သွားခဲ့ပါတယ်။ ကိုယ်နေတဲ့မြို့မှာတောင် ၂ နာရီဘဲ အချိန်ရပေမဲ့ ငယ်ငယ်က စနေနေန့တိုင်းဘုရားပန်းတွေကို ကွာလော့တောင်းနဲ့ သိမ်မဟာစေတီတော် သွားပို့ခဲ့ရတာကို အရမ်းအမှတ်ရရင်း ကား‌ေပေါ်ကနေဘဲ ဖူးခဲ့၇ပါါတယ်မချော‌ေရေ