စွဲလန်းခြင်းတစ်စုံတစ်ရာ





"ကြည်နူးရိပ်
"

သူမရဲ့ စာအုပ်ဆိုင်လေး နံမည်လေးဖြစ်ပါသည်။

စာအုပ်တွေကို ချစ်မြတ်နိုးသော သူမက စာအုပ်အငှားဆိုင်လေး တစ်ခု ဖွင့်မည်ဟု စဉ်းစားမိသောအခါ ဆိုင်နံမည်လေးကို သူမကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ ဒီနံမည်လေး ပေးဖြစ်ခဲ့သည်။ သူမကတော့ စာအုပ်တွေဖတ်နေရလျှင် စာအုပ်တွေကြားမှာ နေရလျှင် ပျော်ရွှင်ကြည်နူးနေတတ်သူ ဖြစ်သောကြောင့်လည်း စာအုပ်ဝါသနာရှင်များလည်း သူမဆိုင်ကလေးကို ရောက်လာလျှင် ကြည်နူးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်စိတ်ဖြင့် ထိုနံမည် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ စီးပွားရေးသက်သက်ကြောင့် မဟုတ်ဘဲ ၀ါသနာ ပါ၍ ဖွင့်ဖြစ်သောကြောင့် သူမဆိုင်ကလေးက စာဖတ်ဝါသနာပါသူတို့အတွက် စာအုပ်အမျိုးအစား စုံလင်လွန်းလှသည်။ သူမက ဘယ်လိုစာအုပ်မျိုးကို စာဖတ်သူတွေ ကြိုက်မယ်ဆိုတာ သိသူမို့ သူမ ဆိုင်တွင် လူကြိုက်များသော စာအုပ်များ၊ စာဖတ်သက်တမ်းရင့်သူများ ကြိုက်နှစ်သက်မည့်စာအုပ်များ၊ စာဖတ်ခါစ လူငယ်များ ကြိုက်နှစ်သက်မည့် စာအုပ်များ စသဖြင့် စာအုပ်အမျိုးအစားမျိုးစုံ ရှိနေတတ်သည်။


မနက်မှ ညနေအထိ မြို့ထဲက စတိုးဆိုင်တစ်ခုတွင် စာရင်းကိုင်အလုပ်ကို လုပ်ပြီး သူမ၏ ဆိုင်ထိုင်ချိန်သည် ညနေ ၆နာရီတွင် စတင်တော့သည်။ နေ့ခင်းတွင်တော့ စာအုပ်ငှားသူများ ကျဲပါးတတ်ပြီး အိမ်ရှိ လူများက တစ်လှည့်စီ သူမဆိုင်ကို စောင့်ပေးတတ်သည်။ လူမရှိလျှင်တော့ ဆိုင်ပိတ်ထားတတ်သော်လည်း တကယ်တမ်း သူမတို့စာအုပ်ဆိုင်ရဲ့ လူအငှားကျချိန်သည် ညဦးပိုင်းတွင်သာ ဖြစ်လေသည်။ ည ၇နာရီ ၈နာရီတွင် စားအုပ်ငှားသူများနှင့် လူစည်ကားတတ်ပြီး ၈နာရီကျော်ပြီး နောက်ပိုင်းတွင် တဖြေးဖြေး လူကျဲပါးသွားတတ်သည်။ သူမကတော့ ငှားသူမလာသည့်အချိန်တွင် စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလေ့ရှိပြီး ၉နာရီခွဲတွင်မှ ဆိုင်ပိတ်လေ့ ရှိပါသည်။ ထိုအချိန်သည် သူမ၏ ပုံမှန်ဆိုင်ပိတ်ချိန်သာ ဖြစ်လေသည်။

ယနေ့သည် မိုးအနည်းငယ် အေးသောကြောင့် စာအုပ်ငှားသူ အခါတိုင်းထက် ကျဲပါးသည်။ ၉နာရီထိုးပြီမို့ ဆိုင်ပိတ်မည်ဆိုလျှင် ပိတ်လို့ရနေပြီ ဖြစ်သော်လည်း သူမကတော့ မင်းလူရဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေသဖြင့် စာအုပ်ထဲ အာရုံဝင်စားနေသောကြောင့် ဆိုင်ပိတ်ဖို့ စိတ်မကူးမိဘဲ  ဇိမ်ကျနေသလို ရှိနေလေသည်။ ထိုအချိန်တွင် သူမဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီး ထိုးရပ်လိုက်သံကြားရပြီး  ဆိုင်ထဲသို့ လူတစ်ယောက် ၀င်လာသည်ကို မော့မကြည့်ပေမဲ့ သူမ သိလိုက်ပါသည်။ ထိုသူဆိုင်ထဲ ၀င်လာတာနှင့် ရနံ့သင်းသင်းဖျော့ဖျော့ တစ်ခုကပါ သူမနှာဝတွင် ရှုရှိုက်မိလိုက်သည်။ ဘာရနံ့ရယ်လို့ သူမ မသိသော်လည်း အမျိုးသားသုံး ရေမွှေးရနံ့ တစ်ခုခုတော့ ဖြစ်မည်မှန်း သူမ သိလိုက်ပါသည်။


"ကျွန်တော် စာအုပ်ငှားချင်လို့ပါ" ဆိုင်ထဲဝင်လာသူ၏ စကားအဆုံး ထိုသူကို သူမ မော့ကြည့်လိုက်တော့ သူမထံတွင် တစ်ခါဖူးမှ ငှားလေ့ငှားထ မရှိသောသူဖြစ်ကြောင်း သူမ သိလိုက်သည်။ "တစ်ခါမှ မငှားဖူးဘူး ထင်တယ်နော်" သူမအမေးစကားအဆုံး

"ဟုတ်ပါတယ်.. ကျွန်တော် ဒီမြို့ကို ရောက်တာ မကြာသေးပါဘူး… အသိတစ်ယောက်က ဒီဆိုင်မှာ စာအုပ်စုံတယ်ဆိုလို့ စာအုပ်ငှားဖို့ ဒီဆိုင်ကို ရောက်လာတာပါ။"

"ဟုတ် .. ငှားလို့ရပါတယ်.. ဒါပေမဲ့ တစ်ခါမှ မငှားဖူးရင်တော့ စပေါ်ငွေ တင်ရပါတယ်.. "

"ရပါတယ်.. ကျွန်တော် စပေါ်ငွေတင်ပါ့မယ်.. " ဟု ပြန်ပြောလေသည်။ ထို့နောက်တော့ ထိုသူသည် စာရေးဆရာနံမည်အလိုက် စီရီထားသော စာအုပ်စင်ပေါ်မှ သူနှစ်သက်သော စာရေးဆရာတို့၏ စာအုပ်များကို ရှာဖွေနေတော့သည်။ သူမလည်း ဖတ်လက်စ စာအုပ်ကို ငုံ့ဖတ်နေတော့သည်။

သူ စာအုပ်တွေ ရွေးနေသည်မှာ ၁၀မိနစ်ခန့် ကြာမည်ထင်သည်။ နောက်တော့ သူမရှေ့က စားပွဲပေါ်တွင် စာအုပ် ၃အုပ်ကို ထိုသူက လာချပေးပြီး "ဆိုင်က စာအုပ်တွေ သိပ်စုံတာဘဲနော်.. ဒီလောက်စုံတဲ့ စာအုပ်တွေ တွေ့တော့ ကျွန်တော် အရမ်းဝမ်းသာမိတယ်.. ကျွန်တော်က စာဖတ် ၀ါသနာကြီးသူမို့ ဘယ်ရောက်ရောက် စာအုပ်တွေက ကျွန်တော့်အတွက် မရှိမဖြစ်ပါဘဲဗျာ.. ကျွန်တော် ဒီစာအုပ်၃အုပ် ငှားသွားမယ်နော်.. " ဟု ပြောသည်။ သူမက စာအုပ်များကို စာအုပ်အငှားစာရင်းတွင် မှတ်တမ်း ရေးသွင်းလိုက်ပြီး သူ့နံမည်နှင့် နေရပ်လိပ်စာ တောင်းတော့ စည်သူကျော်ဇော ဟု ပြောပြီး သူမတို့မြို့တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော NGO တစ်ခု၏ လိပ်စာကို သူပြောသည်။ ထိုအခါမှ သူမ သိလိုက်သည်က ထိုသူသည် သူမတို့ မြို့ကလေးတွင် ရှိသော ၄င်း NGO ရုံးခွဲသို့ တာဝန်ထမ်းဆောင်ဖို့ ရောက်လာသူဖြစ်လိမ့်မည်။ သူပြောသော လိပ်စာမှာ သူမတို့မြို့တွင်ရှိ တစ်ခုတည်းသော NGO အဖွဲ့၏ လိပ်စာလည်း ဖြစ်သည်မဟုတ်ပါလား။ သူမ စာအုပ်၃အုပ်အတွက် စပေါ်ငွေကို ၅၀၀၀ တောင်းယူထားလိုက်သည်။ သူငှားသော စာအုပ်များကို ကြည့်သည်နှင့် ထိုသူသည် စာဖတ်သက် အတော်ရင့်သူမှန်း သိသာစေသည်။ စာအုပ်၃အုပ်ကို ကောက်ယူပြီး သူမကို ကျေးဇူး ဟု ခပ်တိုးတိုး ပြောကာ ဆိုင်အရှေ့တွင်ရပ်ထားသော ဆိုင်ကယ်အမြင့်ကြီးကို မောင်း၍ ထွက်ခွာသွားသော ထိုသူသဏ္ဍာန်ကို တဒင်္ဂတော့ သူမ ငေးခနဲကြည့်ရင်း ကျန်ခဲ့မိရတော့သည်။ အရပ်အတော်မြင့်ပြီး ကြည့်ကောင်းလှသော ဥပတိရုပ်ပိုင်ရှင် တစ်ယောက်မှန်း သူမ မှတ်မှတ်ထင်ထင် သတိထားလိုက်မိသည်။ ဆိုင်ထဲတွင် ထိုသူ မရှိတော့သော်လည်း သူဝင်ရောက်လာစဉ်က ရခဲ့သော ရနံ့ သင်းပျံ့ပျံ့တစ်ခုက ယခုတိုင် ဆိုင်ထဲတွင် ဝေ့၀ဲကျန်ရစ်ခဲ့လေသည်။

၂ရက်ခြား ၃ရက်ခြားတစ်ခါ ထို စည်သူကျော်ဇော ဆိုသူသည် သူမစာအုပ်ဆိုင်ကလေးတွင် စာအုပ်များ လာငှားလေ့ရှိပြီး သူလာတိုင်းလည်း သူမ မှတ်မိနေသော ရနံ့တစ်မျိုးက သူနှင့်အတူ အမြဲ ပါလာတတ်သည်။ သူ့ကို ရင်းနှီးယုံတင်မက သူ့ထံမှ ရတတ်သော စွဲမက်ဖွယ် သင်းပျံ့ပျံ့ ရနံ့လေးကိုပင် သူမ မှတ်မိနေတတ်ပြီ။ ကောက်ချက်ချရလျှင် ထို စည်သူကျော်ဇောဆိုသည်သူ ပညာတတ် လူရည်မွန်တစ်ယောက် ဖြစ်ပုံရပြီး သန့်သန့်ပြန့်ပြန့် နေထိုင်တတ်ပုံရသော သူတစ်ယောက်လည်း ဖြစ်လေသည်။ ဂျင်းဘောင်းဘီနှင့် တီရှပ်ရောင်စုံ ၀တ်ဆင်တတ်ပြီး အ၀တ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေတတ်သည်။ သူ့ကိုကြည့်လိုက်လျှင် ရေချိုးပြီးခါစ လူတစ်ယောက်လို လတ်ဆတ်သော ရနံ့တစ်မျိုးနှင့်အတူ အမြဲ ရှင်းသန့်နေလေ့ ရှိသည်။ သူမ စာအုပ်ဆိုင်သို့ သူလာတတ်သော အချိန်သည်လည်း လူရှင်းလေ့ ရှိသော ၉နာရီလောက်တွင်သာ ပုံမှန်လာလေ့ရှိသည်။ သူပြန်အပ်သော စာအုပ်များထဲမှ အချို့အကြောင်းအရာများကို သူမနှင့် ပြန်ဆွေးနွေးလေ့ ရှိသည်။ ဆိုင်တွင်ရှိသော စာအုပ်တော်တော်များများကို ဖတ်ပြီးသော သူမကလည်း သူနှင့်အပြိုင် ပြန်လည် ဆွေးနွေးတတ်သောကြောင့် စာဖတ်ဝါသနာပါသူချင်းမို့ သူမကိုလည်း ပြန်ပြီး ခင်မင်ပုံရလေသည်။

သူမထက် အသက်၎နှစ်ခန့် ကြီးသော သူ့ကို ကိုစည်သူဟု သူမက ခေါ်တတ်ပြီး သူမကိုတော့ သူမနံမည် ကြယ်စင်လင်း ဆိုတာကို သိသော်လည်း မကြယ်စင်ဟုသာ ခေါ်တတ်သည်။ နံမည်ရှေ့ မ ထည့်မခေါ်ရန် သူမက ပြောသော်လည်း ကိုစည်သူက လေးစားသမှုနဲ့ ခေါ်တာပါ ဟု ပြောကာ မကြယ်စင် ဟုသာ ခေါ်မြဲ ခေါ်တတ်လေသည်။ ဆိုင်လာတိုင်းလည်း ဆိုင်ကယ်အမြင့်ကြီးကို စီးလာတတ်ပြီး သူလာတိုင်းလည်း သူ့ဆီက ရနေကျ ရနံ့ခပ်ဖျော့ဖျော့က အမြဲတမ်း ပါလာတတ်သည်။ တစ်ရက်တွင် ကိုစည်သူက ဆရာမဂျူး၏ "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ " စာအုပ်နှင့် ဆရာ မြသန်းတင့် ဘာသာပြန်ထားသော "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" စာအုပ်ကို ဖတ်ချင်သည်ဟု ပြောသည်။ ထိုစာအုပ်များမှာ တစ်ခြားသူများ ငှားထားသည်ဖြစ်၍ ထိုနေ့က သူမဆိုင်တွင် ရှိမနေသဖြင့် နောက်ရက်ပြန်လာအပ်လျှင် သိမ်းထားပေးမည်ဟု သူမက ကတိပေးလိုက်လေသည်။ ထိုနေ့က ကိုစည်သူက ဆရာမောင်ထွန်းသူနှင့် ဆရာထင်လင်း၏ ဘာသာပြန်နှစ်အုပ်ကို ငှားပြီး သူဖတ်ချင်သော စာအုပ်ကို ဆက်ဆက်ချန်ထားပေးဖို့ မှာပြီး နောက်တစ်ရက်ခြား ဖြစ်သော သန်ဘက်ခါ ညနေတွင် လာယူမည်ဟု ပြောကာ ပြန်သွားခဲ့လေသည်။

နောက်ရက် ညနေပိုင်းတွင် ကြယ်စင်တံတားနှင့် လွမ်းမောခဲ့ရသော နွေညများ စာအုပ်ကို ငှားထားသူက ပြန်လာပို့သောကြောင့် သူမက ထိုစာအုပ်၂အုပ်ကို တော်ရုံ မမြင်နိုင်သော စာအုပ်စင်အမြင့် အပေါ်ဆုံးဆင့်တွင် ကိုစည်သူအတွက် လှမ်းတင်ထားလိုက်လေသည်။ ဒီညသည် ကိုစည်သူ လာလိမ့်မည် မဟုတ်သောကြောင့် မနက်ဖန် ည သူလာလျှင် ပေးဖို့ ကြိုပြီး သိမ်းထားလိုက်ခြင်း ဖြစ်ပြီး အခြားသူများ မြင်လျှင် ထပ်ငှားသွားမည် စိုးသောကြောင့် လူမမြင်နိုင်သော နေရာတွင် သိမ်းထားလိုက်ခြင်းသာ ဖြစ်လေသည်။ ရည်မွန်ယဉ်ကျေးကာ စကားပြောလျှင် အေးဆေးညင်သာစွာဖြင့် ခပ်ပြုံးပြုံးလေး ပြောတတ်ပြီး သူမ အပေါ်တွင်လည်း အခြား ယောက်ျားလေးများလို ရိသဲ့သဲ့စကားများ မပြောတတ်ဘဲ  ကိုယ်ရေးကိုယ်တာများကိုလည်း ဘယ်တော့မှ စပ်စုမေးမြန်းတတ်ခြင်း မရှိသော ကိုစည်သူကို သူမ စိတ်ထဲကလည်း နှစ်နှစ်ကာကာ ခင်မင်မိပါသည်။ ပြီးတော့  သူနှင့်အတူ ပါလာတတ်သော ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်မျိုးကိုလည်း သူမက ရင်းရင်းနှီးနှီး နှစ်သက်နေမိပြီ ဖြစ်လေသည်။

ထိုနေ့ နေ့လည်ခင်းတွင် သူမ အလုပ်လုပ်သော စတိုးဆိုင်တွင် သူမနှင့်အတူတူ စာရင်းကိုင်လုပ်သည့် သူငယ်ချင်း မြနှင်းဖြူက သူမကို သတင်းတစ်ခု ပေးလေသည်။ "မနေ့ညနေက ငါတို့အိမ်နားက မြို့ပတ်လမ်းနဲ့ အဝေးပြေးလမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်တယ် သိလား.. ကားနဲ့ဆိုင်ကယ် တိုက်မိတာ.. ကားမောင်းတဲ့သူက နည်းနည်း မူးနေတယ်.. အဲဒါ ရှေ့က လာနေတဲ့ဆိုင်ကယ်ကို မူးမူးနဲ့ ၀င်တိုက်မိတာ ဆိုင်ကယ်သမားက ပွဲချင်းပြီး ဆုံးသွားတယ်.. ဆိုင်ကယ်နဲ့လူက ဒီမြို့ကို ရောက်လာတာ မကြာသေးတဲ့ NGO က ၀န်ထမ်း အရာရှိတစ်ယောက်လို့ ပြောကြတယ်.."

နှင်းဖြူစကားအဆုံး သူမ နှင်းဖြူမျက်နှာကို အထိတ်တလန့် ကြည့်မိလိုက်လေသည်။

" နင် သူ့မည် သိလားဟင်… အဲဒီ သေသွားတဲ့သူနံမည် သိလိုက်လား " သူမရဲ့ အမောတကော မေးသံအဆုံး နှင်းဖြူက "ဟင့်အင်း နံမည်တော့ မသိလိုက်ဘူး.. အိမ်က မောင်လေးတွေ ပြောတာ NGO က ၀န်ထမ်း အရာရှိအသစ်လို့ဘဲ ပြောကြတယ်.. ငါလဲ သွားမကြည့်ရဲဘူးလေ.. ပွဲချင်းပြီး သေတာ ဆိုတော့ ကြည့်ရမှာကြောက်တာပေါ့။ ဘာလို့လဲဟင် အဲဒီ NGO က ၀န်ထမ်းတွေနဲ့ နင်သိလို့လား "

" ဟင့်အင်း.. သိတဲ့သူများ ဖြစ်နေမလားလို့ပါ" သူမ သက်ပြင်းလေးချပြီး ဖြေလိုက်မိသည်။ အိုး.. NGO မှာ ၀န်ထမ်းဆိုတာ သူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ.. ကားတိုက်ခံရပြီး ဆုံးသွားတဲ့သူဟာ သူမဆီ စာအုပ်လာငှားနေကျ ကိုစည်သူ ဖြစ်လိမ့်မယ်လို့ ဘယ်သူ ပြောနိုင်မလဲနော်။ သူမဘာသာ အတွေးဖြင့် ပြန်နှစ်သိမ့်လိုက်မိတော့သည်။ ထိုနေ့တစ်နေ့လုံး အလုပ်လုပ်ရတာ  စိတ်ပါလက်ပါ မရှိသလို သူမ စိတ်ထဲတွင်လည်း တစ်စုံတစ်ရာ တင်းကြပ်မှုဖြင့် လေးလံထိုင်းမှိုင်းလို့ နေသည်။

အလုပ်မှ အိမ်ပြန်ရောက်ပြီး ညဦးပိုင်း သူမ ဆိုင်စထိုင်ချိန်မှ စလို့ သူမ ရင်ထဲတွင် ဆုတောင်းနေမိသည်က "လာနေကျအချိန်မှာ ကိုစည်သူ ရောက်လာပါစေ။ သူ့အတွက် ချန်ထားသော စာအုပ်ကို လာယူပါစေ" ဟူ၍သာ ။ ကိုစည်သူရောက်လာလျှင် သေဆုံးသွားသော ဆိုင်ကယ်စီးသူမှာ ကိုစည်သူမဟုတ်ကြောင်း သူမ သေချာသိနိုင်ပြီမို့ စိတ်အေးချမ်းမှုတော့ ရသွားမှာ သေချာသည်မဟုတ်လား။ ကိုစည်သူအပေါ်တွင် ရှိနေသော သူမ သံယောဇဉ်ကိုလည်း ခုမှ သေချာစွာ သိလိုက်မိတော့သည်။ ထိုညဦးပိုင်းသည် သူမ စာအုပ်ဆိုင်တွင် စာအုပ်ငှားသူများ တဖွဲဖွဲရောက်လာကာ ငှားသူငှား၊ ပြန်အပ်သူအပ်နှင့် လူစည်ကားနေခဲ့ပြီး သူမသည် စက်ရုပ်တစ်ခုလို စိတ်မပါလှစွာ စာအုပ်တွင် စာရင်းများ မှတ်နေခဲ့သော်လည်း  အကြည့်တို့က လက်မှ နာရီဆီသို့သာ။ ၉နာရီ မြန်မြန်ထိုးပြီး ကိုစည်သူ ရောက်လာဖို့ကိုဘဲ သူမ ဆုတောင်းနေမိသည်လေ။ ယနေ့မှ အချိန်တွေကလည်း ကုန်နိုင်ခဲလှသည်ဟု သူမ တွေးနေမိတော့သည်။

ည ၉နာရီတွင် သူမဆိုင်သည် ငှားသူမရှိတော့သဖြင့် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ သူမလက်ထဲမှ ဖတ်လက်စ စာအုပ်ကို စိတ်က မရောက်နိုင်ဘဲ ကြားနေကျ ဆိုင်ကယ်သံလေး တစ်ခုကိုသာ လည်တဆန့်ဆန့်ဖြင့် မျှော်နေမိသည်။ ထိုအချိန်မှာဘဲ သူမနှာခေါင်းထဲ သင်းပျံ့ပျံ့ ရနံ့လေးတစ်ခု ၀င်ရောက်လို့လာသည်။ အိုး………… ဘုရားရေ ဒီရနံ့လေးဟာ ကိုစည်သူလာတိုင်း သူ့ဆီကနေ ရနေကျ ရနံ့လေးဘဲ ဖြစ်သည်။ သူမ ဘယ်လိုမှ မမှားနိုင်ပါ။ ရေမွှေးတစ်မျိုးတည်းကို စွဲစွဲမြဲမြဲသုံးတတ်သော ကိုစည်သူဆီက မွှေးရနံ့လေးမှန်း သူမ လုံးဝသေချာပါသည်။ ခြေဖျားလက်ဖျားများ ရုတ်ချည်း အေးစက်လို့လာပြီး စိတ်ထဲတွင်လည်း ဆိုင်ထဲတွင် သူမအပြင် အခြား တစ်ယောက်ယောက် ရှိနေသည့် ခံစားချက်မျိုးကို သိသိသာသာ ခံစားမိလေသည်။ သူမ နှုတ်မှ လွှတ်ခနဲ "ကိုစည်သူ … ကိုစည်သူ ရောက်နေတာလားဟင်…" ဟု တိုးဖွဖွလေး အသံ ထွက်သွားမိသည်။ သူမအသံကို ပြန်ကြားရသည်ကပင် ခြောက်ခြားစရာကောင်းအောင် အားနည်းဖျော့တော့နေပြီး ခြောက်ကပ် အက်ကွဲလို့နေသည်။ သို့သော် ဘာလှုပ်ရှားမှုမှ မရှိသလို ဘာအသံမှ မကြားရပါ။ ဆိုင်တစ်ခုလုံး ခပ်ဖျော့ဖျော့ ရနံ့လေးတစ်ခုက လွဲလို့ အရာရာ ငြိမ်သက်လွန်းနေသဖြင့် သူမအသက်ရှူသံ ခပ်ပြင်းပြင်းကိုပင် ပြန်ကြားရ လောက်အောင်  အရာရာက တိတ်ဆိတ်ငြိမ်သက်လို့ နေနေသည်။ တစ်စုံတစ်ရာသော မသိစိတ်၏ ခံစားချက်ဖြင့် ဆိုင်ထဲသို့ ဟိုဟိုဒီဒီ သူမ လိုက်ကြည့်နေမိသည်။ ထိုစဉ်

"ဘုတ်"

ငြိမ်သက် တိတ်ဆိတ်နေသည့် အချိန်မှာဘဲ စာအုပ်စင်ပေါ်မှ စာအုပ်တစ်ချို့ မမျှော်လင့်ဘဲ ပြုတ်ကျလာသဖြင့် သူမ ပါးစပ်မှ "အမေ့" ဟု ယောင်ယမ်းကာ အသံထွက်သွားပြီး ရုတ်တရက် ထိတ်လန့်သွားမိတော့သည်။ လေမတိုက်ပါဘဲ ပြုတ်ကျလာသော စာအုပ်များသည် ကြွက်တိုးမိသောကြောင့်လား ဟု သူမ အတွေးရောက်သွားရကာ ထိုင်ရာမှ အသာထ၍ ပြုတ်ကျလာသော စာအုပ်၂အုပ်ကို မူလနေရာတွင်ပြန်ထားဖို့ ကောက်ယူပြီး ကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုစာအုပ်၂အုပ်မှာ ကိုစည်သူအတွက် စာအုပ်စင် အပေါ်ဆုံးအဆင့် ဘယ်သူမှ မမြင်သောနေရာတွင် သူမ သိမ်းထားခဲ့သော ကြယ်စင်တံတားနှင့် နွေညများ စာအုပ် ၂အုပ် ဖြစ်နေလေသည်။


ကြက်သီးမွှေးညှင်းများ ထောင်ထလာမိအောင် သူမ ရင်ထဲစိမ့်ခနဲ ဖြစ်သွားရကာ ထိုထူးဆန်းသော တိုက်ဆိုင်မှုအတွက် ကြောက်ရွံ့စိတ်များ ၀င်လာမိသည်။ လက်ထဲမှ စာအုပ်ကို ကြောင်ငေးကာ စိုက်ကြည့်နေမိစဉ်မှာဘဲ အစောက ရနေသော ခပ်ဖျော့ဖျော့ ရနံ့တစ်ခုက ပိုပို မွှေးပျံ့လာသည်ကို သူမ ခံစားမိလေသည်။ သူမ နားလည်လိုက်ပါသည်။ မနေ့ညက ကားတိုက်ခံသရဖြင့် ပွဲချင်းပြီး သေဆုံးသွားသော ဆိုင်ကယ်နှင့်လူ ဆိုသူမှာ ကိုစည်သူ သေချာပေါက် ဖြစ်ပါလိမ့်မည်။ ပြီးတော့ သူဆိုင်ကို နောက်ဆုံးရောက်လာသည့် ဟိုတစ်နေ့ညက ပြောခဲ့သော "ဒီညတွင် စာအုပ်လာယူမည်" ဆိုသည့် စကားအတိုင်း ရောက်အောင် လာခဲ့ပုံရသည်။ ပြီးတော့လည်း သူရောက်လာကြောင်း သူမ သိအောင် တစ်နည်းတစ်ဖုံ ပြလိုက်ခြင်းသာ ဖြစ်ရမည်ဟု ယုံကြည်လိုက်မိပါသည်။


"သနားဖို့ ကောင်းလိုက်တာ ကိုစည်သူရယ်.. ကိုစည်သူ တကယ်ဘဲ မရှိတော့ဘူးပေါ့နော်.." အသံမထွက်ဘဲ ရေရွတ်မိရင်း သူမရင်ထဲ ကြေကွဲ ဆို့နင့်လို့လာသည်။ ပြီးတော့ မျက်ဝန်းတွင်လည်း မျက်ရည်စများက အိုင်ဖွဲ့လာရတော့သည်။ ဆိုင်ထဲတွင် ပျံ့လွှင့်နေသော မွှေးရနံ့ ခပ်ဖျော့ဖျော့ကို သူမ ရင်ထဲထိရောက်အောင် ရှူရှိုက်လိုက်မိရင်းက " အမျှ အမျှ ကိုစည်သူရေ…. ကောင်းရာမွန်ရာ ရောက်ပါစေနော်၊ သွားလိုရာကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်ပါစေရှင်။ "

သူမရဲ့ ခပ်တိုးတိုးနှင့် ရှိုက်သံစွက်သော အမျှဝေသံ အဆုံးတွင် ဆိုင်တွင်း၌ ရနေသော မွှေးရနံ့မှာ အံ့သြစဖွယ် တဖြေးဖြေးနှင့် ပျောက်ကွယ်လို့ သွားတော့သည်။ နောက်ဆုံးတွင် သူမနှာခေါင်းက မည်သည့်အနံ့ကိုမျှ မရတော့ဘဲ ဆိုင်တစ်ခုလုံးလည်း ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်လို့ ကျန်ရစ်ခဲ့တော့သည်။ ကိုစည်သူသည် စာအုပ်တွေကို စွဲလန်းစိတ်ဖြင့် ရောက်လာခဲ့သည်လား၊ သို့တည်းမဟုတ် သူမ အပေါ်ထားသော သံယောဇဉ်ကြောင့် ရောက်လာခဲ့သည်လား ဆိုသည်ကိုတော့ သူမကိုယ်တိုင် မသိနိုင်သလို ဘယ်သူကမှလည်း အဖြေပေးနိုင်မည် မထင်ပါ။ သူမကတော့ ထိုအဖြစ်အပျက်ကို ဘယ်သူ့ကိုမှ ပြန်ပြောဖို့ စိတ်ကူးမရှိသလို ပြောလျှင်လည်း ယုံကြလိမ့်မည် မထင်ပါ။

သို့သော် ထိုညက ကိုစည်သူ ရောက်လာခဲ့ကြောင်းကိုတော့ဖြင့် သူမက ရင်ထဲက လှိုက်လှဲစွာ ယုံကြည်မိပါသည်။


Image Hosted by PicturePush - Photo Sharing

ဒီရက်ပိုင်း အလုပ်တအားများလို့ စာအသစ်ရေးဖို့ အချိန်မရတာကြောင့် ဟိုးယခင်က အခြားဘလောဂ့်တစ်ခုမှာ ရေးခဲ့ဖူးတဲ့ ဝတ္ထုလေးကို တင်လိုက်တာ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရှင်...

19 Responses to “စွဲလန်းခြင်းတစ်စုံတစ်ရာ”

ညီမချောရဲ့ စွဲလမ်းခြင်းတစ်စုံတစ်ရာကို ဖတ်သွားတယ်။ မသေခင် စိတ်ထဲမှာ လုပ်ရမယ်လို့ စွဲနေခဲ့ပြီး အရောက်လာခဲ့တာမျိုးပေါ့နော်...။ အဲလိုအဖြစ်အပျက်မျိုးတွေ ကြားဖူးတယ် သိလား...

PhyoPhyo said...

ဆိုင်ကယ်တိုက်ပြီဆိုတာနဲ့ ရေမွှေးနံ့လေးပေးပြီး လာတော့မယ်တော့ထင်သား၊၊ မချောက ၀တ္ထုတိုအရေးကောင်းတယ်၊ ရေးတာကြာပြီလား။
ရေးတတ်လိုက်တာ။
ချစ်တဲ့

ahphyulay said...

အင်း...
စက္ကန့် ပိုင်းပဲ ဖြစ်ပလေ့ စေ ၊
အချိန်တိုအတွင်း ဟိုးမိုင်ပေါင်းများစွာအထိ
ရစ်ပတ်နိုင်အားကောင်းတဲ့  သံယောဇဉ်
အဟုန် အကြောင်းကို ဒီပို့ (စ)လေးမှာ
မြင်လိုက်ရပါတယ်.....။
သံယောဇဉ်ကို ရိုးရိုးလေးဘာသာပြန်ရရင်
စွဲလန်းမှု လို့  ထင်ပါတယ်။
ဖတ်လို့ ကောင်းပါတယ်။

အေးဗျာ...စွဲလမ်းခြင်းတွေက ကြေကွဲခြင်းများကိုပဲ ဖြစ်လာ
စေခဲ့တယ်လို့ပဲပြောရမှာပဲ...ဖတ်လို့ကောင်းတယ်ဗျ..ရိုးရိုး
လေးနဲ့....။

SHWE ZIN U said...

အင်း ညီမ ချောရေ

ဒီလို အဖြစ်မျိုးကို ကြုံရတာ ကြောက်စရာကောင်း ပေမဲ့ အခုတော့ သနားစရာ

စိတ်ဆိုတာ လူတယောက်ကို အဆုံးမဲ့ ပျော်ရွှင်ခြင်းတွေပေးသလို.. ညစ်ညူးမှုတွေနဲ့လည်း အသားကျနေခဲ့တယ်။ စိတ်ရဲ့စွမ်းအားကြီးမားမှုဟာ အံ့သြစရာကောင်းလောက်အောင်ပဲ. စွဲလမ်းခဲ့တဲ့အရာတခုအပေါ် လွှမ်းမိုးကြီးစိုးနေခဲ့တယ်။
အဲဒီစိတ်လေးတခုကြောင့်ပေါ့မချောရယ်..
ချစ်တဲ့
သဒ္ဓါ

Nyi Linn Thit said...

အရင်က ရေးခဲ့ပြီးသား ဆိုပေမယ့် မဖတ်ရသေးပါဘူး၊ ဖတ်လို့ကောင်းတယ် မချောရေ..၊ ရှင်းလင်းပြေပြစ်တဲ့ အရေးအသားတွေနဲ့ ကြေကွဲစရာတွေကို ခံစားရစေတဲ့ စာစုလေးပါပဲဗျာ....။

Mghan said...

တရဲ........တရဲဂျ..........တရဲ..တရဲ

mstint said...

ချောရေ

လူ့စိတ်ဆိုတာ ဆန်းကျယ်သား။ အစွဲတစ်ခုခုနဲ့ ဘဝနိဂုံးချုပ်ခဲ့တဲ့သူတွေဟာ မကျွတ်မလွပ်တဲ့ ဘဝမျိုးမှာ တည်ရှိနေတဲ့အချိန် ဒီလိုမျိုးလေးတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်လေ။ ဝတ္ထုလေးဖတ်လို့ကောင်းတယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြေကွဲစရာဇာတ်လမ်းလေးပါ ချောရေ..။ သူငယ်ချင်းတွေထဲမှာ အဲဒီလိုကြုံဖူးခဲ့လို့ ကိုယ့်အဖေဆုံးတဲ့အချိန်တုန်းကကြုံဖူးချင်ခဲ့တာ..။ ဒါပေမယ့် အဖေ့ကို အိပ်မက်ခဏခဏမက်လေ့ရှိတာကလွဲရင် အရိပ်အယောင် အသံဗလံသော်မှ မပြခဲ့ပါဘူး..။ ကောင်းရာမွန်ရာ ရောက်သွားလို့ပဲ နေမှာလို့ စိတ်ကိုဖြေခဲ့ရတယ်ရှင်..။

ဖတ်လို့ အရမ်းကောင်းတယ် ဆရာမချောရေ။ ၀မ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းလေးပါပဲ။ ပြီးတော့ သင်ခန်းစာတစ်ခုလည်း ရသွားတယ်ချော။ ရိသဲ့သဲ့စကားများကိုလည်း မပြောရဘူး၊ ကိုယ်ရေးကိုယ်တာကိစ္စများကိုလည်း ဘယ်တော့မှ စပ်စုမေးမြန်းခြင်း မပြုရဘူးတဲ့။ ကျေးဇူးနော် ချော။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

may16 said...

အမရေ ဇာတ်လမ်းကောင်းလေးလာဖတ်ပါတယ် အဲဒါတွေက တကယ်ရှိတာနော် ဒါကြောင့်သေခါနီးစိတ်က အရမ်းအရေးကြီးတယ်ဆိုတာ သိပ်မှန်တာပဲ. .

ဖတ်ရင်းနဲ့ရင်မောသွားတယ်။

ဒီဝတ္ထုလေးကို ဟိုးအရင် တခြားဆိုက်မှာတင်ထားတုံး ကတည်းက အမဖတ်ခဲ့ဖူးတယ်။ ညီမရေးတာမှန်း သတိမထားမိခဲ့ဘူး။ အခုလဲ ဖတ်လို့ကောင်းလို့ ထပ်ပြီးဖတ်သွားတယ်။ အရမ်းရေးတတ်တာဘဲ။ ရှင်းရှင်းလေးနဲ့ စာဖတ်သူကို ဆွဲဆောင်သွားတဲ့ အရေးအဖွဲ့မျိုးလေး.. သဘောကျလိုက်တာ..

လသာည said...

ဝတ္တုလေးက ရင်ကိုထိရှသွားလိုက်တယ်။ နှစ်ယောက်လုံးကို သနားပါတယ်.. :'(

rose said...

Come to read the short novel, sis. Love it!

နွေလ said...

အန်တီချောေ၇ . . .
စွဲလမ်းခြင်းတစ်စုံတစ်ရာ တဲ့
ခေါင်းစဉ်လေးကို မြင်ကတည်းက
စိတ်ဝင်စားတာနဲ့ ဖတ်လိုက်မိပါတယ်
အရမ်းကောင်းတယ်
ဘုတ် ဆိုတဲ့နေရာမှာ ကြက်သီးမွှေးညင်းတောင်
ထသွားမိတယ်ဗျာ

Aung Myint Hein said...

ဖတ်လို့ကောင်းလိုက်တာ

Anonymous said...

ကောင်ပါတယ် ကြိုးစားပါ အစ်မ အားပေးလျှက်ပါ