ဒီနေ့က တော်သလင်းလပြည့်နေ့ဖြစ်ပါတယ်။ အခါကြီး ရက်ကြီးဖြစ်လေတော့ ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားဖူးကြရင် ကောင်းမှာဘဲလို့ စဉ်းစားမိပါတယ်။ ဒါကြောင့် ဒီနေ့တော့ခင်မင်ရပါသော မိတ်ဆွေ သူငယ်ချင်းတို့ကို ဘုရားဖူး လိုက်ပို့ပေးချင်ပါတယ်။ ဘယ်ဘုရားကို လိုက်ပို့ပေးရင် ကောင်းမလဲ စဉ်းစားကြည့်မိတော့ ခရီးဝေးလို့ သိပ်မရောက်ဖြစ်ကြတဲ့ ရှမ်းပြည်နယ် နယ်စပ်တစ်နေရာက ဘုရားဖူး ခရီးပို့ပေးချင်ပါတယ်။ ကျွန်မ ရွေးချယ်ထားတဲ့ ဘုရားဖူး ခရီးစဉ်က ရှမ်းပြည်နယ် မူဆယ်မြို့အဝင်က လွယ်တိန်းခမ်းတောင်ပေါ်က ဘုရားများ ဖြစ်ပါတယ်။
မူဆယ်မြို့ကိုရောက်ပေမဲ့ လွယ်တိန်ခမ်းတောင်ပေါ်မှ မရောက်ဖြစ်ခဲ့ရင် မူဆယ်ကို ရောက်တယ်လို့တောင် မခေါ်နိုင်ဘူးလို့ အဆိုရှိရလောက်အောင် ကြည်ညိုဖွယ်ရာ စေတီတော်များတည်ရှိပြီး အင်မတန်မှ ရှုခင်းလှပကာ တောရိပ်တောင်ရိပ်တို့နဲ့ ဆိတ်ငြိမ်အေးချမ်းလွန်းတဲ့ သာသနာ့နယ်မြေ ဖြစ်ပါတယ်။ မူဆယ်မြို့ကို သွားမယ်ဆိုရင် ၁၀၅မိုင်ကို ကျော်ဖြတ်လာပြီး မူဆယ်မြို့ အဝင်နားရောက်တဲ့အခါ ညာဘက်တောင်ထိပ်ကို လှမ်းကြည့်ရင် စေတီဘုရားများနဲ့ စိတ်ကြည်နူးဖွယ်ရာ လွယ်တိန်ခမ်းတောင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ရှမ်းမောင်မယ်နှင့် ရွှေသမင်ရုပ်ထု
တောင်ပေါ်မရောက်သေးခင် လှမ်းပေါ်ကနေ ဖူးတွေ့ရတဲ့ မဟာသန္တိသုခ ရပ်တော်မူ ရုပ်ပွားတော် မြတ်ကြီးဟာ မူဆယ်မြို့ကို ရောက်လာတဲ့ ဧည့်သည်အပေါင်းတို့ကို စိတ်ကြည်နူး ချမ်းမြေ့စေမှာဖြစ်ပြီး ကြည်ညို သဒ္ဓါစိတ်လည်း ယိုဖိတ်စေမှာ ဖြစ်ပါတယ်။ မူဆယ်မြို့အဝင်ဆိုင်းဘုတ် နေရာလေးဟာ မူဆယ်မြို့မှာ အလွန်သာယာတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဖူးပွင့်နေတဲ့ ပန်းမာလာ၊ စိမ်းစိုနေတဲ့ မြင်ခင်းပြင်၊ မလှမ်းမကမ်းက တောင်တန်းနဲ့ ရွှေရောင်ဝင်းနေတဲ့ စေတီတော်တို့ကို ဖူးတွေ့နေရတဲ့ သာယာလှသော နေရာလေးတစ်ခု ဖြစ်ပါတယ်။
တောတောင်ရိပ်ကြောင့်လည်းကောင်း၊ ဘုရားရိပ်၊ တရားရိပ်ကြောင့်လည်းကောင်း အေးချမ်းသာယာ ကြည်နူးဖွယ်ရာသော လွယ်တိန်ခမ်းတောင်တော်ကို ကျွန်မနဲ့အတူ အလည်သွားကြည့်ကြရအောင်လားရှင်။
မြို့အဝင်ဆိုင်းဘုတ်ကို ကျော်ခဲ့ပြီး ကိုက်အနည်းငယ်မှာဘဲ ညာဘက်ခြမ်းမှာ တောင်အတက်လမ်းကို ရောက်ပါပြီ။ အပေါ်ပုံမှာ တောင်အတက် လွယ်တိန်ခမ်းတောင် အဝင်ဝကိုမြင်တွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။
မုဒ်ဦးဝက ရွှေသမင်မိသားစု
မူဆယ်မြို့အဝင် ဆိုင်းဘုတ်နားမှာရော၊ အခု တောင်ပေါ်အတက် မုဒ်ဦးဝမှာပါ ရွှေသမင်ရုပ်ပုံကို မြင်တွေ့ရပါတယ်။ မူဆယ်မြို့မှာ ရွှေသမင်ရုပ်ပုံများကို နေရာတာ တွေ့ရတာကြောင့် စုံစမ်းကြည့်တဲ့အခါမှာတော့ ဟိုးယခင် ကမ္ဘာပေါင်းများစွာက မြတ်စွာဘုရား နုစဉ်ခါက ရွှေသမင်ဘဝနဲ့ အခုတက်တော့မဲ့ လွယ်တိန်ခမ်း တောင်ပေါ်မှာ နေထိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တကယ်တမ်း အလွယ်တကူ လွယ်တိန်ခမ်းလို့ခေါ်ပေမဲ့ လွိုင်တိန်ခမ်း လို့ ခေါ်ရမှာဖြစ်ပါတယ်။ လွိုင်ဆိုတာ ရှမ်းဘာသာအားဖြင့် တောင်ကို ခေါ်ဆိုတာ ဖြစ်ပြီး တိန်ခမ်းဆိုတာ ရွှေသမင်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ရွှေသမင်တောင်လို့ မြန်မာလိုခေါ်ရင် မှားမယ် မထင်ပါဘူးရှင်။
တောင်ပေါ်စတက်တာနဲ့ လမ်းဘေးဝဲယာတစ်လျှောက်လုံး စိမ်းစိုနေတဲ့ ယူကလစ်တောကြီးကို တွေ့ရမှာဖြစ်ပါတယ်။
လွယ်တိန်ခမ်း ဓမ္မာရုံ
ဓမ္မာရုံရှေ့မှာ ကဗျည်းကျောက်စာ
ဧက ၆၀နီးပါးကျယ်ဝန်းလှတဲ့ လွယ်တိန်ခမ်း သာသနာ့နယ်မြေဟာ ဘုရားဖူးဖို့သာမက မြို့ခံလူငယ်များ လေညင်းခံရင်း၊ ရှုခင်းများကြည့်ရင်း ဆိုင်ကယ်များဖြင့် လာရောက်တတ်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ တောတောင် ရှုခင်းများ၊ ရွှေလီမြစ်ဝှမ်းရဲ့ အလှများကို တောင်ထိပ်ပေါ်မှ တွှေမြင်နိုင်ပြီး၊ ကျေးငှက်တို့ရဲ့ အော်မြည်သံကို သာယာနာပျော်ဖွယ် နားဆင်နိုင်ပါတယ်။ တောပန်းတောင်ပန်းလေးများ လှပဝေဆာ ဖူးပွင့်နေတဲ့ အေးချမ်းလှသော လွယ်တိန်ခမ်းတောင်ဟာ အေးရိပ်ဆာယာတစ်ခုလည်း ဖြစ်ပါတယ်။
တောင်တက်လမ်းတစ်နေရာက လမ်းဘေးအောက်ဖက်မှာ ရှင်ဥပဂုတ်နဲ့ ရေကန်ကြီးရှိပါတယ်.
ရေကန်ဘေးမှာ ခုလို အမိုးချွန်ဆိုင်ကလေးတွေမှာ ရှမ်းအစားအစာများ၊ အသုပ်စုံများ ရနိုင်ပြီး ရေကန်ကြီးထဲမှာတော့ ခြေနင်းလှေများ စီးနိုင်ပါတယ်။
လမ်းဘေးတစ်လျှောက် ပန်းဝါလေးတွေ လှလှပပ ပွင့်နေတာ သိပ်ကို သဘောကျဖို့ကောင်းပါတယ်။
ဒီလိုပန်းဝါလေးတွေ
သဗ္ဗညု စုမ့်မိုင်း စေတီတော်
စေတီပေါ်သို့ တက်ရောက်ရာ လှေကားထစ်တွင် နဂါး နှစ်ကောင်ရှိသောကြောင့် နဂါးနှစ်ကောင်စေတီဟုလည်း ခေါ်ကြပါတယ်
ဒီစေတီရဲ့ အနောက်ဖက်မှာ အင်မတန်လှပတဲ့ ရှုခင်းများကို တွေ့မြင်နိုင်ပါတယ်။
ရွှေလီမြစ်ဝှမ်းတစ်လျှောက် မြစ်ဟိုဘက်ဒီဘက် တည်ရှိနေတဲ့ တရုတ်ပြည်ရဲ့ ကျယ်ခေါင် ရွှေလီရှုခင်းများ
တရုတ်ပြည်ဘက်သို့ ရောက်ပြီးကာမှ မူဆယ်မြို့သို့ ပြန်ကြွလာတော်မူသည့် ပြည်တော်ပြန်ဘုရား စံမြန်းရာ ကျောင်းဆောင်
ဒီကျောင်းဆောင်ကို ဘယ်နေရာက ဓာတ်ပုံရိုက်ရိုက် အတော်ကို သပ္ပါယ်ပါတယ်။
ပြည်တော်ပြန်ဘုရားကို အတွင်းထဲ ဝင်ဖူးရအောင်နော်
နဂါးပလ္လင်ပေါ်တွင် စံပယ်တော်မူနေသည့် ပြည်တော်ပြန်ဘုရား
ဆွမ်းခံကြွနေသည့် မြတ်စွာဘုရားနှင့် သံဃာတော်များ ရုပ်ပုံတော်
ထိုနေရာမှ တောင်ကြား လျှိုတစ်ခုကို ကျော်ဖြတ်ပြီး တောင်တစ်လုံးကို ပြန်တက်ရပါတယ်။ တောင်ထိပ်ကို ရောက်တာနဲ့ ကြည်ညိုဖွယ်ကောင်းလှတဲ့ မဟာသန္တိသုခ ရပ်တော်မူရုပ်ပွားတော်မြတ်ကြီးကို သပ္ပါယ်လှစွာ ဖူးမြင်ရမှာ ဖြစ်ပါတယ်။
တောင်ရဲ့ အခြားတစ်ဖက် နောက်ထပ် တောင်တစ်လုံးရဲ့ ထိပ်ပေါ်မှာ တည်ထားတော်မူတဲ့ မဟာသန္တိသုခရပ်တော်မူဘုရား ကိုရောက်ပါပြီ။
ကြည်ညိုဖွယ်ကောင်းလှသည့် ရပ်တော်မူ ရုပ်ပွားတော်
ရပ်တော်မူဘုရားကြီးဟာ ဥာဏ်တော်၈၂ပေ အမြင့်ရှိပြီး မြန်မာနိုင်ငံမှာ ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ တည်ထားပြီးသည့်ချိန်ကနေ ခုချိန်ထိ သုံးကြိမ်တိုင်တိုင် မျက်နှာတော်နဲ့ ညာလက် ဖဝါးမှာ ပျားစွဲခဲ့တာကြောင့် ပျားစွဲဘုရားလို့လည်း လူသိများပါတယ်။
ရုပ်ပွားတော်ရဲ့ အောက်ခြေမှာ လှိုဏ်ဂူသဖွယ် အခေါင်းပေါက်ဖြစ်ပါတယ်။ အဝင်ဝဘေးဘက်မှာ မြေကပ်ပန်းအဝါရောင်လေးတွေ လှပစွာစိုက်ပျိုးထားပါတယ်။
ရုပ်ပွားတော် အောက်ခြေအတွင်းမှာ စကျင်ကျောက် ရုပ်ပွားတော်တစ်ဆူနဲ့ ရပ်တော်မူဘုရား ပုံစံတူ တစ်ဆူရှိပါတယ်.။။
အတွင်းနံရံပေါ်မှာ ဗုဒ္ဓဝင်ရုပ်ကြွများ
ချယ်ရီပင်တွေအောက်က ခုံတန်းလျားမှာထိုင်ပြီး ကြည့်မယ်ဆိုရင် အင်မတန်လှပတဲ့ ရွှေလီမြစ်ဝှမ်းနဲ့ တရုတ်မြန်မာ နယ်စပ်တစ်လျှောက်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာကနေ ထိုင်ပြီး ရှုခင်းများ ကြည့်ကြစို့လားနော်။
တော်ပေါ်ကနေ လှမ်းမြင်နေရတဲ့ ကတ္တရာလမ်းမကြီးဟာ မူဆယ် မြို့တွင်းသို့ ဝင်ရောက်ရာ ဒုတိယလမ်းမဖြစ်ပါတယ်.
မူဆယ်မြို့နဲ့ တရုတ်နယ်စပ်ကို လှမ်းမြင်နေရပုံ
မူဆယ် စက်မှုမြို့သစ်
ဘယ်ဘက်မြင်ကွင်းမှ တောင်တန်းများ
စေတီတော်မှ တောင်အဆင်းလမ်း
လွယ်တိန်ခမ်းတောင်တော်ကို စောင့်ရှောက်တဲ့ ရှမ်းဘိုးဘိုးကြီး ဟော်နန်း
တောင်ပေါ်မှာ ယခုလို ချစ်စရာဆိုင်တဲကလေးတွေ နေရာအနှံ့ရှိတာကြောင့် အေးအေးလူလူ အနားယူအပန်းဖြေ စားသောက်နိုင်ပါတယ်။
မူဆယ်မြို့ရဲ့ ကျက်သရေဆောင် လွယ်တိန်ခမ်းတောင်တော်မြတ်မှာ တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ တက္ကသီလမဟာဓမ္မာစရိယ M.A (Buddhism)., M.A Sri Lanka ( ဆရာတော် စဝ်ဆုခမ်း) သီတင်းသုံး ကျောင်းထိုင်တော်မူပါတယ်။ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ ဆရာတော်ကို မူဆယ်တစ်မြို့လုံးသာမက ရှမ်းပြည်နယ်တစ်လွှား ပြည်သူများနဲ့ မြန်မာပြည်အနှံ့ ပြည်သူများက လေးမြတ်ကြည်ညိုကြပါတယ်။ ဆရာတော်ဘုရားရဲ့ ဝက်ဆိုဒ်ကို ကျွန်မဘလောဂ့်၏ ဆိုဒ်ဘားတွင် လည်းကောင်း ဤနေရာတွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။
မူဆယ်မြို့ကို ရောက်ခဲ့လျှင်ဖြင့် လွယ်တိန်ခမ်းတော်ပေါ်ကိုပါ ခါတစ်ခေါက်တော့ ရောက်အောင်သွားကြဖို့ တိုက်တွန်းနှိုးဆော်ရင်း မရောက်နိုင်သေးသူများလည်း တော်သလင်းလပြည့် ဤယနေ့မှာ လွယ်တိန်ခမ်း တောင်တော် ဘုရားစေတီများကို ဤနေရာမှာ ဖူးရင်းဖြင့် ကုသိုလ်ရယူနိုင်ကြ ပါစေကြောင်းပါရှင်။




























































27 comments:
ရေးလည်းရေးနိုင် သွားလဲသွားနိုင်ပါပေရဲ့ ဒေါ်ချောရေ...တစ်ပုဒ်ဖတ်ပြီးတုန်းပဲ ရှိသေးတယ် နောက်တစ်ပုဒ် တက်လာပြန်ပါကောလား...ကချင်ပြည်နယ်တစ်ခွင်တော့ ဒေါ်ချောကောင်းမှုနဲ့ ဘလော့ပေါ်မှာ ပြဲပြဲစင်အောင် ရောက်ဖူးပြီမို့ လက်တွေ့သွားကြည့်ဖို့ စီစဉ်နေပါကြောင်း...
မူဆယ် တစ်ခေါက် ရောက်ခဲ့ဖူးပြီ...
သာဓု သာဓု သာဓု
လပြည့်နေ့မှာ ဘုရားဖူးခွင့်ရလို့ ကျေးဇူးအများကြီး။
ခုဘုရားအမြန်ဖူးသွားပါတယ်။ မနက်ကျမှ သေချာထပ်ဖူးဦးမယ်။
Good Night
ချစ်တဲ့
pp
လားရှိုးအထိ ရောက်ပြီးမှ မူဆယ်ကို မရောက်ဖြစ် လိုက်ဘူးဗျ၊ အခုမှပဲ မချောကျေးဇူးနဲ့ ဒီဖက်တခွင်ကို နှံ့ တော့တယ်..၊ ပုံတွေအများကြီး ကြည့်ရတာလည်း အားရစရာပါပဲ....။
ဘုရားတွေ ဖူးသွားတယ်။ သာယာ လိုက်တာ။ သွားလည်ချင်တယ်။ အချိန်ရ ရင် သွားလည် ရင်း ဓါတ်ပုံ တွေ ရိုက် ချင်တယ်။ တော်တော် သာယာ တာ ဘဲ။ ဈေးတန်း တွေ ရိုက် ပြ ပါ ဦး။ စိမ်းစိမ်း စိုစို တွေ ကြည့် ချင်တယ်။ တိုင်းရင်းသားတွေ လဲ ကြည့် ရ တာ ပျော် စ ရာ ကောင်း တယ်။
ဘုရားမှာ သန့်ရှင်းနေတာပဲ... မြက်ခင်းလေးတွေ စိုက်ထားတာလည်း စိမ်းစိမ်းလေး.... တော်တော်တော့ သွားနိုင်တာပဲ..း))
ခင်မင်လျက်
နေ၀သန်
ဓါတ်ပုံတွေနဲ့ ခရီးစဉ်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အံ့သြစရာ အလှအပတွေနဲ့ ပြည့်နေ့တဲ့ မြန်မာပြည်ပါပဲ
ညီမချော ရေ
တောရိပ်တောင်ရိပ်ဘုရားရိပ် နဲ့ တော်တော်အေးချမ်းမဲ့ နေရာလေးဘဲနော်
ဆိုင်လေးတွေ ကလည်း စားချင်စဖွယ် မြတ်စွာဘုရား ရွှေသမင် ဖြစ်စဉ်လေး က အဲ တောင်ပေါ်မှာကိုး
ဆောင်းတွင်းလာဖြစ်ရင် လိုက်ပို့အုန်းနော်
ကျေးဇူးပါ
အမရွှေစင်
မချောခေါ်လို့ မူဆယ်ကို တစ်ခေါက်ရောက်ခဲ့ပြီ...
ဝိုးး မမချောကျေးဇူးနဲ့အမြဲ ခရီးထွက်နိုင်ရတယ်
ကျေးဇူးပါမမရေ
ချောပို့စ်တွေ ဖတ်ရတာ မရောက်ဖူးတဲ့ ဒေသတွေရောက်ရ၊ မစားဖူးတဲ့ အစားတွေ စားရ (အဲ ကြည့်ပြီး သွားရည်ကျရ) ဟန်ကိုကျနေတာပဲ။
မြန်မာပြည် ပြန်ရင် သွားရမယ့်နေရာတွေ တိုးတာပေါ့။ ချောရဲ့ စာနဲ့ ပုံတွေကိုကြည့်ပြီး မြ၀တီရုပ်သံ ကလာတဲ့ ခရီးသွား documentary တွေကိုတောင် သတိရမိတယ်။ ချောလဲ ကိုယ်တိုင် documentary ရိုက်လို့ရနေပြီ။
ဟိုင်းသူငယ်ချင်း
ကျမလည်းပလောင်လူမျိုးပါ။ နမ့်ခမ်းဇာတိပါ။ သူငယ်ချင်းတင်ထားတဲ့ရူးခင်များနှင့်တချို့ article များကို ကြည့်ပြီးစိတ်ဝင်စားတယ်။ ကူးလို့ ၇လား၊ ရရင် ပြန်ဖြေပေးပါဦးနော်..
တောင်ပေါ်သူလေးပါ
ချောရေ...
လပြည့်နေ့မှာ ကြည်ညိုစရာ
ရုပ်ပွားတော်များနဲ့ စေတီပုထိုးတွေ ဖူးတွေ့ရလို့ စိတ်ထဲ အေးချမ်းသွားရတယ်။ မရောက်ဘူးတဲ့ ဒေသမို့လို့ ဒေသန္တရဗဟုသုတပါ တစ်ပါတည်းရလိုက်တယ်။ စာဖတ်သူတွေ ကုသိုလ်ရသလို မျှဝေပေးတဲ့ ညီမချောလည်း ထပ်တူထပ်မျှ ကုသိုလ်တွေ အများကြီးရနေတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲနော်...။
( http://coolkidsonly.org/က ကျော်ဝင်တာ commentပါ ပေးလို့ရနေလို့ ၀မ်းသာစွာ ရေးခဲ့ပါတယ် ချောရေ )
ကျေးဇူးအထူးတင်ပါတယ် ချောရေ။
မချိုမာ
ချောရေ ချောနဲ့အတူ ဘုရားလိုက်ဖူးလိုက်တာ စိတ်ထဲ အတော်လေးကို အေးချမ်းသွားတာပဲ။ သိလား။ ကျန်းမာပျော်ရွှင်ပါစေ ချော။
မချော..
မူဆယ် မရောက်ဖူးသေးဘူး။ မရောက်ဖူးပေမဲ့လဲ အဓိက နေရာဖြစ်တဲ့ ဘုရားတောင်တော်ကို အခုလို တင်ပေးလိုက်တော့ ကိုယ်တိုင် ရောက်သွားသလိုပါဘဲ။ စိတ်ချမ်းသာဖို့ကောင်းတယ်။
ခင်မင်လျှက်
ချော ။ ကိုယ်လည်း ရွှေသမင်တောင်ပေါ် ချောကျေးဇူးနဲ့ ရောက်ဖူးရပြီ။ ကိုယ်က ရှမ်းဘာသာစကား နားလည်ပေမယ့် ရှမ်းပြည်ကို မရောက်ဖူးဘူး။ ခုတော့ ချောကြောင့် မရောက်ဖူးရင်တောင် သိဖူး မြင်ဖူးရပြီ။ ကျေးဇူးအထူးတင်ပါတယ်။ ကိုယ်က ချောရဲ့ ပိုစ့်တိုင်း မလွတ်အောင် ဖတ်ပါရဲ့ ကွန်မန့်ကို မပေးတာများပါတယ်။ ခုကလေ ဟဲဟဲ ဆရာလုပ်တာမဟုတ်ပါ။ ချောရေ။ ဒီနေ့က တော်သလင်းလပြည့်ဖြစ်တယ်မဟုတ်လား။ ချောပိုစ့်ထဲမှာ တန်ဆောင်မုန်းဖြစ်နေတယ်။ တကယ်တမ်း တန်ဆောင်မုန်းသာဆိုရင် ချောက မြန်မာပြည်နာမည်ကြီး တောင်ကြီးတန်ဆောင်တိုင်အကြောင်း ရေးနေမှာလေ ဟုတ်တယ်ဟုတ်။ (တော်သလင်းလပြည့် ပြောရင်း တောင်ကြီးတန်ဆောင်တိုင်ကို တဂ်လိုက်တားP) ချော ကျန်းမာပျော်ရွှင်ပါစေ
မေလေး. ကျေးဇူးပါ။ ကိုယ် တော်သလင်းလပြည့် ရေးတာပါ။
ဒါပေမဲ့ သိတဲ့အတိုင်း မရှမ်း ဆိုတော့ နည်းနည်းရှမ်းသွားတယ် ။။း)
ပြင်လိုက်ပါပြီ သူငယ်ချင်း
ကျေးဇူးနော်
တိမ်တွေနဲ့တောင်တွေကလှလိုက်တာအစ်မရာ..၊
ဒါပုံတွေကိုအတော်သဘောကျသွားတယ်.....။
ရှုခင်းက တော်တော်လှပါလား၊ မှုဆယ် ရောက်အောင်တော့ သွားဦးမျာပဲ။
ရှူ့ခင်းတွေက လှလိုက်တယ် ပြန်တွေးကြည့်မိတာ ကိုယ့်နိုင်ငံတွင်းက တကယ့်လှပတဲ့နေရာတွေတောင်မရောက်ဖူးသေးပါလားလို့း(
ချောရေ ဒီလိုနယ်စပ်မှာသာသနာရောင်တွေထွန်းလင်း
နေတာသာဓုခေါ်မိပါတယ်။ရပ်တော်မူရုပ်ပွားတော်ကြီး
ကလဲကြည်ညိုစရာကောင်းလိုက်တာ။လပြည့်နေ.မှာ
မရောက်ဘူးတဲ့ဒေသကမဖူးဘူတဲ့ဘုရားကိုဖူးစေချင်
တဲ့စေတနာနဲ.ပိုစ့်တင်လိုက်တဲ့ချောလဲကုသိုလ်တွေ
အများကြီးရသွားပါပြီ။
ဘုရားလာဖူးသွားပါတယ်မကြီးချောရေ
မကြီးချောစီစာတခါလာဖတ်တိုင်း
မြန်မာနိုင်ငံအနှံ
ကမ္ဘာအနှံရောက်သွားသလိုပါဘဲ..အမရယ်
ကျေးဇူးတင်ပါတယ်နော်
ချစ်တဲ့ညီမ jerry pigpig
ညီမရဲ့ ပို့ စ်တွေအတွက်ကျေးဇူးတင်တယ်
ဘုရားဖူးရလို့  သာဓု သာဓု သာဓုပါညီမရေ
သပ္ပာယ်တဲ့ ဘုရားစေတီတွေကို ဖူးမြော်ခဲ့ပါတယ်။
အေးချမ်းတဲ့နေရာလေးကိုကြည့်ပြီး အပြေးသွားချင်တဲ့ စိတ်တောင်ဖြစ်မိတယ်။
မချောပြောတဲ့နေရာလေးတွေကို ရောက်အောင်သွားနိုင်ဖို့မျှော်လင့်နေပါတယ်။
ချစ်တဲ့
သဒ္ဓါ
ချောရေအလည်ရောက်ပါတယ်။
ရွှေဝန်းရတနာ..ချမ်မြေ့ပါစေ.....
မကြီးချော မူဆယ်ကပုံတွေတင်ပေးလို့ကျေးဇူး....အဲ့ဘက်ကိုတစ်ခါမှမရောက်ဘူးသေးဘူး.....ရပ်တော်မူဘုရားကြီးကလည်းအရမ်းသပ္ပါယ်တယ်နော်....ကျေးဇူးပါ....
Post a Comment