ကျွန်မတို့ရဲ့ မြန်မာရာဇဝင်တွေထဲမှာ ထင်ရှားတဲ့ အမျိုးသမီးတွေဟာလည်း အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့တယ်ဆိုတာ အားလုံးလည်း အသိပါဘဲ မဟုတ်လားရှင်။ အဲဒီလို ကျော်ကြားထင်ရှားခဲ့တဲ့ ရှေးရာဇဝင်ထဲက အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို ပြောပြဖို့ ရွေးချယ်ရမယ်ဆိုရင် ပုဂံပြည့်ရှင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်သူ ရှမ်းမင်းသမီး စောမွန်လှကို ရွေးချယ်ချင်ပါတယ်။ မိဖုရားစောမွန်လှဟာ ချောမောလှပ စိတ်ထားကောင်းကာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး သာသနာပြုဖို့အတွက် စေတီပုထိုးများကို သဒ္ဓါတရားထက်သန်စွာ ဆောက်လုပ်လှူဒန်းခဲ့သူ အဖြစ်ရာဇဝင်မှာ ထင်ရှားခဲ့ပါတယ်။ စောမွန်လှရဲ့ မွေးရပ်ဌာနေဟာ မောရှမ်းတို့ရဲ့ တောင်တန်းမြေက စယ်လန့်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်။ အချို့က ရှမ်းမင်းသမီး စောမွန်လှဟာ မိုးကောင်းစော်ဘွားကြီးရဲ့ သမီးလို့ ပြောဆိုကြပါတယ်။ သို့သော် စောမွန်လှရဲ့ မူလဇာတိဒေသဟာ ရှမ်းတောင်တန်းကြီးတွေကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်မဲ့ မောတို့ရဲ့ ဒေသ စယ်လန့်က ဖြစ်ပါတယ်။
စောမွန်လှဟာ ရှမ်းပြည်နယ်သူ စယ်လန့်ဇာတိဆိုတာ ခိုင်မာတဲ့ သက်သေ အထောက်အထားများ ယနေ့တိုင် ရှိနေသေးတာကို စယ်လန့်ကို ရောက်ဖူးခဲ့ရင် တွေ့ရှိရမှာဖြစ်ပါတယ်။ စယ်လန့်ရွာဟာ ရှမ်းပြည်နယ်က မူဆယ်မြို့နဲ့ နမ်းခမ့်မြို့အကြားမှာ တည်ရှိနေတဲ့ရွာဖြစ်ပြီး စယ်လန့်သူတွေဟာ အင်မတန် ချောမောလှပတယ်လို့ ခုချိန်ထိလည်း နာမည်ကြီးပါတယ်။ ဒီအဆိုစကား မှန်မမှန် ပုဂံရာဇဝင်ကို နောက်ပြန်လှန်လို့ ကြည့်ကြမယ်ဆိုရင် အသားအရေ ဖြူစင်ဝင်းနှစ်ပြီး ပါးအို့လေးများ နီစွေးနေတဲ့ မောပျိုဖြူ မင်းသမီးလေးကို အနော်ရထာမင်းက တော်ကောက် သိမ်းပိုက်ခဲ့တာဟာဖြင့် ရှမ်းမင်းသမီးလေးရဲ့ လှပချောမောမှုက ထိပ်ဆုံးကပါဝင်ပါလိမ့်မယ်။ ရှမ်းမင်းသမီးလေး စောမွန်လှနဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းတို့ရဲ့ မေတ္တာဇတ်လမ်းလေးကို နောက်ပြန်လို့ သွားကြည့်ကြရအောင်လားရှင်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ခရစ်သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှမ်းလူမျိုးတို့ဟာ ရွှေလီမြစ်ဝှမ်း တစ်လျှောက်မှာ တိုင်းပြည်တည်ထောင်ပြီး ရှမ်းစော်ဘွားများက စိုးမိုးအုပ်ချုပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းတို့ရဲ့ တိုင်းပြည်တည်ထောင်ချိန်ဟာ ပုဂံနေပြည်တော်ကြီးကို တည်ထောင်ချိန်နဲ့ တစ်ပြိုင်တည်း ကျတယ်လို့ ဆရာကြီး ဘီအေဦးဘသန်း ရေးသားပြုစုတဲ့ မြန်မာရာဇဝင်ကျမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မြန်မာသက္ကရာဇ် ၃၀၀ကျော်ခန့်အချိန်ဟာ မောရှမ်းတို့ရဲ့ ပြည်နယ်ကိုးခုကို အုပ်ချုပ်တဲ့ ရှမ်းစော်ဘွားကြီး စဝ်ဆေခန်ဖဟာ စယ်လန့်လို့ ယခုတိုင်ခေါ်ဆိုဆဲဖြစ်တဲ့ ဒေသမှာ ထီးနန်းစိုက်ကာ စိုးစံနေတဲ့အချိန် ဖြစ်ပါတယ်။ စော်ဘွားကြီး စဝ်ဆေခန်ဖ နတ်ရွာစံပြီး နောက်မှာတော့ သားတော်ဖြစ်သူ စဝ်ဆေဟုံဖက ဆက်လက်အုပ်ချုပ်ပါတယ်။ စော်ဘွားကြီး စဝ်စေဟုံဖနဲ့ မိဖုရား အဂ္ဂမဟေသီဒေဝီတို့ကနေ သက္ကရာဇ် ၃၉၅မှာ သမီးတော်လေး စောမွန်လှကို မွေးဖွားခဲ့ပါတယ်။
၄၁၈ခုနှစ်ရောက်တဲ့အခါ ပုဂံနေပြည်တော်ကို စိုးစံတော်မူတဲ့ အနော်ရထာမင်းဟာ ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်ကို သွားရောက်ပြီး မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမျှော်ပါတယ်။ တရုတ်မင်း ဥတည်ဘွားက လက်ဆောင်ပေးလိုက်တဲ့ မြဘုရားတစ်ဆူကို ပင့်ဆောင်ပြီး တရုတ်ပြည်က အပြန်မှာ စယ်လန့်နေပြည်တော်နဲ့ မဝေးလှတဲ့ ရွှေလီမြစ်ကမ်းက ဟိုလောင်းရွာကလေးမှာ စခန်းချနေပါတယ်။ အဲဒီလို စခန်းချ နားနေစဉ်မှာ ရှမ်းတို့ရဲ့ ဥသျှောင် စယ်လန့်စော်ဘွား စဝ်ဆေဟုံဖနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြပါတယ်။ ဘုရင် မင်းဧကရာဇ်များရဲ့ထုံးစံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် လက်ဆောင်ပဏ္ဍာ ပေးဆက်ကြရိုး ထုံးစံရှိကြရာ ရှမ်းမင်းသမီးလေး စောမွန်လှဟာလည်း ပဏ္ဍာ ဆက်ခံရတဲ့မင်းသမီး ဖြစ်လာပါတယ်။ အနော်ရထာမင်းကြီး ပုဂံပြည်ပြန်အကြွမှာတော့ စောမွန်လှ မင်းသမီးလေးကို စုလျားရစ်ပတ် လက်ထပ်သိမ်းမြန်းလို့ ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်သွားပါတော့တယ်။
ပန်းချီဆရာ မောင်ကျော်ညွှန့်၏လက်ရာ မိဖုရားစောမွန်လှ
အသားအရေ ဖြူစင်ဝင်းပကာ ချောညက်လှပသူ မင်းသမီးလေး စောမွန်လှဟာ ရုပ်ရည်တင်မက နှလုံးရည်လည်း ပြည့်စုံကောင်းမွန်တဲ့ မိန်းမမြတ်တစ်ဦး ဖြစ်ပါတယ်။ နက်မှောင်သန်စွမ်းလွန်းတဲ့ စောမွန်လှမင်းသမီးရဲ့ ဆံကေသာဟာ ဖြန့်များချထားခဲ့ရင် မြေကြီးနဲ့ထိလုနီးပါး ရှည်လျားလှတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ မင်းသမီးဟာ ရှမ်းပြည်နယ်မှာ နေထိုင်ခဲ့စဉ်ကတည်းက ဗုဒ္ဓဘာသာကို နှစ်သက်ကြည်ဖြူစွာ ကိုးကွယ်ယုံကြည်ခဲ့သူဖြစ်ပြီး မြတ်စွာဘုရားရဲ့ ဓာတ်တော်များကိုပင် သူမရဲ့ နားတောင်းအတွင်းမှာ ဌာပနာပြီး ကိုးကွယ်ပူဇော်ထားခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို အလွန် ကြည်ညိုကိုးကွယ်တဲ့ မင်းသမီးဟာ ပုဂံနေပြည်တော်ကို ရောက်ရှိစဉ်မှာလည်း ပုဂံပြည်ကြီးကို ဗုဒ္ဓသာသနာ စတင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့တဲ့ ရဟန်းတော် ရှင်အရဟံ အစရှိသော သံဃာတို့ကို ဆွမ်းကွမ်းမပြတ်အောင် သူကိုယ်တိုင်ဦးစီးကာ နန်းတော်တွင်းမှာ ချက်ပြုတ် လှူဒါန်းပါတော့တယ်။ သံဃာတော်များရဲ့ တရားတော်ကိုလည်း အမြဲတမ်း နာယူလေ့ရှိပြီး သူမကိုယ်တိုင်လည်း တရားဓမ္မတို့ကို နေ့စဉ် ရွတ်ဆိုပူဇော်ကာ နန်းတွင်းသူ နန်းတွင်းသားများကိုပါ ဗုဒ္ဓဘာသာကို နက်နက်နဲနဲ ကိုးကွယ်တတ်လာစေရန် တိုက်တွန်း အားပေးခဲ့တယ်လို့ သိရပါတယ်။
အနော်ရထာမင်းကြီးမှာ မိဖုရား၊ မောင်းမိဿံ အခြွေအရံပေါများလှပေမဲ့ စိတ်နှလုံး ဖြူစင်ပြီး ဘာသာရေးကိုလည်း အလေးအနက် ကိုးကွယ်ဆောင်ရွက်နေတဲ့ တောင်တန်းဌာနေသူ ရှမ်းမင်းသမီးလေး စောမွန်လှကို တစ်နေ့ထက်တစ်နေ့ အချစ်ပိုပြီး အများနဲ့မတူ မြတ်နိုးသဒ္ဓါ ထူးခြားစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွှေစည်းခုံစေတီတော်ကြီး တည်ထားရာသို့ပင် မိဖုရားစောမွန်လှကိုသာ မင်းကြီးအနော်ရထာက ခေါ်ဆောင်သွားလေ့ ရှိခဲ့ပါတယ်။ သို့သော်လည်း ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးရာများကြားမှာ မင်းသမီးလေးစောမွန်လှ ကံမကောင်းခဲ့ရှာပါ။ မင်းတရား အနော်ရထာရဲ့ ချစ်ခင်လေးမြတ်ခြင်းကို ပြိုင်ဘက်ကင်းစွာ ရရှိခဲ့ပေမဲ့ မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီကိုယ်တိုင်၊ မိဖုရားကြီးရဲ့ အမှုထမ်းများနဲ့ နန်းတွင်းသူအချို့ပါ။
မင်းသမီး စောမွန်လှအပေါ် မကျေနပ် မနာလိုတဲ့ အမုန်းမီးတောက်တွေ လောင်မြိုက်နေတဲ့ မိဖုရားခေါင်ကြီးက နန်းတွင်းသူ၊ နန်းတွင်းအရာထမ်းများကို သူ့ဖက်ပါအောင် သိမ်းသွင်းပြီး စောမွန်လှကို အရှက်တကွဲဖြစ်အောင် အမျိုးမျိုး ကြံဆောင်ကြပါတော့တယ်။ မင်းသမီးစောမွန်လှက မိဖုရားခေါင်ကြီးနဲ့ ထိပ်တိုက်မတွေ့ရလေအောင် ဘယ်လိုပင်ရှောင်ပေမဲ့ အငြိုးကြီးတဲ့ မိဖုရားကြီးက နည်းမျိုးစုံနဲ့ စောမွန်လှ နာမည်ပျက် အရှက်ရအောင် လုပ်တော့တာပါဘဲ။ ကိုယ်တိုင်ထိခိုက်စော်ကားလို့ အားမရ မင်းတရား အနော်ရထာထံ ဝင်ရောက်ခစားပြီး တောင်ပေါ်သူ ရှမ်းမင်းသမီး စောမွန်လှဟာ ၁၂ကြိုး ကဝေ စုန်းအတတ်ကို တတ်မြောက်သူ စုံးမဖြစ်တဲ့အကြောင်း ဂုံးတိုက်ချောစား လုပ်ပါတယ်။
စောမွန်လှကို ချစ်ခင်မြတ်နိုးပြီး ယုံကြည်ကိုးစားတဲ့ မင်းကြီးဟာ မိဖုရားခေါင်ကြီးနဲ့ အဖွဲ့ရဲ့ ဂုံးတိုက်စကားကို ဘယ်လိုမှ မယုံကြည်ခဲ့ပါဘူး။ သို့သော်လည်း တစ်ညမှတော့ ဆီမီးအလင်းရောင်များ ငြိမ်းနေပေမဲ့ မင်းသမီးလေး စောမွန်လှအခန်းမှာတော့ တလက်လက်နဲ့ တောက်ပနေတဲ့ အရောင်များထွက်နေတာကို မင်းကြီးကိုယ်တိုင် တွေ့မြင်နိုင်အောင် မိဖုရားကြီးအဖွဲ့က တိုးတိုးတိတ်တိတ် ခေါ်ပြပါတော့တယ်။ ဘုရင် အနော်ရထာက နောက်တစ်နေ့မှာတော့ မင်းသမီးလေးကို ညသန်းကောင် မီးရောင်တစ်လက်လက် ဖြစ်ရတဲ့ကိစ္စ မေးမြန်းပါတော့တယ်။ တကယ်တမ်းတော့ စောမွန်လှရဲ့ အခန်းထဲက တောက်ပနေတဲ့အရောင်များဟာ မင်းသမီး ဘုရားရှိခိုးချိန်မှာ နားတောင်းအတွင်းမှ ဌာပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်များမှ ရောင်ခြည်တော် ကွန့်မြူးတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကိုလည်း မင်းသမီးစောမွန်လှက မြတ်စွာဘုရားနဲ့ ရဟန်းသံဃာ၊ ရတနာ သုံးပါးကလွဲလို့ အခြားဘယ်လို ကိုးကွယ်မှုမျိုးကိုမှ မယုံကြည် မကိုးကွယ် လက်မခံခဲ့ကြောင်း မင်းတရားကို အခိုင်အမာ ရှင်းပြခဲ့ပါတယ်။ ပြီးတော့လည်း “သူမကို မယုံကြည်ဘူးဆိုခဲ့ရင် နန်းတော်ကနေ ထွက်ခွာခွင့်ပြုပါ၊ သူမ မရှိခဲ့ရင် နန်းတော်တွင်းမှာ ပိုပြီးငြိမ်းချမ်းပါလိမ့်မယ်။ မွေးရပ်ဌာနေ မောရှမ်းမြေကို ပြန်ပါရစေ”လို့ အနော်ရထာ မင်းကြီးထံ ခွင့်တောင်း အသနားခံပါတယ်။
ဆရာမောင်ကျော်ညွှန့်၏ သရုပ်ဖော်ပန်းချီထဲက မိဖုရားစောမွန်လှ
မင်းသမီးလေးကို စုန်းကဝေမလို့ ယုံကြည်သွားခဲ့တာကြောင့်လား၊ သို့မဟုတ် နန်းတွင်းမှာ ဆက်နေမယ်ဆိုရင် စောမွန်လှမင်းသမီးလေး ပိုပြီး စိတ်ညစ်ရမှာကို စိုးရိမ်တာကြောင့်ဘဲ ပြည်တော်ပြန်ခွင့် ပြုခဲ့တာလား ဆိုတာကျုတော့ မင်းတရားအနော်ရထာ ကိုယ်တိုင်သာ အသိဆုံး ဖြစ်ခဲ့မှာပါ။ ချစ်သူမျက်နှာ တစ်ရွာမှတ်ကာ နောက်တော်ပါးသို့ လိုက်ပါခစားခဲ့ပေမဲ့ ကံတရားက ဖန်လာတာကြောင့် ပြည်တော်ကို ပြန်ချိန်ကျပြီလို့ ဆုံးဖြတ်မိတဲ့ စောမွန်လှမင်းသမီးဟာ မင်းတရားအနော်ရထာကို နောက်ဆုံးဖူးမျှော်ခြင်းနဲ့ ဦးတိုက်ရှိခိုးကာ နှုတ်ဆက်ပါတယ်။ ရွှေနန်းတော်ကြီးကနေ လှမ်းမြင်နေရတဲ့ မပြီးသေးသော ရွှေစည်းခုံစေတီကြီးကိုလည်း မျှော်ရည်မှန်းဆကာ ဦးချလိုက်ပါသေးတယ်။ ပြီးတော့မှ ပုဂံနန်းတော်ကြီးနဲ့ မင်းတရားအနော်ရထာကို မျက်ရည်ဝေသီ ဆို့နင့်ကြေကွဲစွာ နှုတ်ဆက်လို့ စိတ်နှလုံး ညိုးချုံးနွမ်းနယ်စွာနဲ့ ရွှေနန်းတော်ကနေ သန်မြန်စွာဆင်ကြီးကိုစီးကာ ထွက်ခွာခဲ့ပါတော့တယ်။
သို့သော်လည်း ကံခေလွန်းရှာတဲ့ ရှမ်းမင်းသမီးလေး စောမွန်လှဟာ သူမရဲ့ မွေးဖွားရာဇာတိ စယ်လန့်နေပြည်တော်ကိုတောင် မရောက်နိုင်ဘဲ လမ်းတစ်ဝက် သီပေါမှာတင် ကံတော်ကုန်ခဲ့ရှာပါတယ်။ ဗုဒ္ဓဘာသာကို မြတ်နိုးကိုးကွယ်ခဲ့သူ မင်းသမီးစောမွန်လှဟာ ပုဂံနေပြည်တော်မှ ရှမ်းတောင်တန်းများဆီ ပြန်အလာ လမ်းတစ်လျှောက်မှာ စေတီပုထိုးတို့ကို တည်ထားခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့သူ မိဖုရားစောမွန်လှရဲ့အကြောင်း ဖတ်ပြီးပြီဆိုရင် သူမရဲ့ မွေးရပ်ဌာနေ မောရှမ်းမြေက စယ်လန့် နေပြည်တော်ဟောင်းဖြစ်ခဲ့တဲ့ စောမွန်လှရဲ့ ဇာတိ စယ်လန့်ရွာကလေးဆီ ကျွန်မနဲ့အတူ အလည် သွားကြရအောင်လားရှင်။
စောမွန်လှရဲ့ မွေးရပ်ဌာနေ ရွှေလီမြစ်ဝှမ်းက စယ်လန့်ကို သွားရောက်ဖို့အတွက် မြင့်မားလှတဲ့ ရှမ်းတောင်တန်း ကြီးတွေကို ကျော်ဖြတ်ခဲ့ပြီးနောက် စည်ကားလှတဲ့ တရုတ်မြန်မာနယ်စပ်က မူဆယ်မြို့ကိုပါ ကျော်လွန်ခဲ့ပါတယ်။ မူဆယ်မြို့အကြောင်းကိုတော့ နောက်များမှ ဆက်ရေးမှာမို့ အခုချိန်မှာတော့ မူဆယ်မြို့ကို ကျော်လွန်ပြီး စယ်လန့်ရွာကလေးကို အရင်သွားပါ့မယ်ရှင်။
မူဆယ်မြို့ကို ကျော်လွန်ပြီး စယ်လန့်ရွာကိုအသွားမှာ လမ်းတစ်လျှောက်စိမ်းစိုလှပနေတဲ့ လယ်ကွင်းစိမ်းစိမ်းတွေကို စိတ်ကြည်နူးချမ်းမြေ့ဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မိဖုရားစောမွန်လှရဲ့ ဇာတိစယ်လန့်ရွာကလေးကို ရောက်ပါပြီ။
ရွာလယ်လမ်းမကြီးကနေ ရွာအစွန်ဘက် ချိုးကွေ့လာပြီး ခုလို လမ်းညွှန်ဆိုင်းဘုတ်နဲ့အတူ
ဟိုမှာ စောမွန်လှရဲ့ ဟော်နန်းတော်ဟောင်းရဲ့ မုဒ်ဦးကို လှမ်းမြင်နေရပြီ။
တောင်ကုန်းတစ်ခုလုံး မယ်ဇလီပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လွမ်းချင့်စဖွယ်
တစ်ချိန်ကတော့ ဟောဒီကုန်းကြီးဟာ ကြီးကျယ်စည်ကားခဲ့တဲ့ ရှမ်းတို့ဌာနေကို ပိုင်စားသူ စော်ဘွာကြီးတို့ရဲ့ နန်းတော်ဖြစ်ခဲ့ပါရဲ့။ မိဖုရားစောမွန်လှရဲ့ မွေးဖွားကြီးပြင်းရာ၊ ပျော်စံရာ ဇာတိမြေလည်း ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းနေတဲ့ ဘုရားတရားရိပ် ဖြစ်နေလေခဲ့ပြီ။
အဝင်မုဒ်ဦးဝ
စောမွန်လှ ဟော်နန်းတော် နေရာမှာ တည်ထားတော်မူသော စေတီနဲ့ ဘုန်းတော်ကြီးကျောင်း
စောမွန်လှ နန်းဦးစေတီ ဆိုင်းဘုဒ်
သာသနာတော်ကို အကျိုးဆောင်ခဲ့သူ မိဖုရားစောမွန်လှ မွေးဖွားရာအရပ်အဖြစ် အမှတ်တရ အနေနှင့် ရသေ့ကြီး ဦးခန္တီ တည်ထားတော်မူသော ကိုးတောင်ပြည့် နန်းဦးစေတီနှင့် ကျောက်စာတိုင်များ
ကျောက်စာများကို ဖတ်ရှုနိုင်ပါတယ်။
ဘုရားကျောင်းဆောင်
ကျောင်းဆောင်အတွင်းမှ ထိုင်းလက်ရာဖြစ်ဟန်တူသည့် ဆင်းတုတော်
တောင်ကုန်းရဲ့ အခြားတစ်ဖက်မှာတော့ စောမွန်လှစံမြန်းတဲ့ ဟော်နန်းတော်
စောမွန်လှအတွက် ဆောက်လုပ်လှူဒါန်းထားတဲ့ ဟော်နန်း
ဟော်နန်းအတွင်းမှာတော့ မြတ်စွာဘုရားကို ပူဇော်နေသည့်ဟန် ထုလုပ်ထားသည့် မိဖုရားစောမွန်လှရုပ်ထုနှင့် လှူဒါန်းထားကြသော အုန်းငှက်ပျောပွဲများ
ရှမ်းဝတ်စုံဖြင့် လှပပြေပြစ်တင့်တယ်စွာ ထုဆစ်ထားသည့် မိဖုရားစောမွန်လှရုပ်ထုပုံ
ဒီမှာလည်း စောမွန်လှ နန်းတော်ဆိုတဲ့ အဆောက်အဦတစ်ခုပါ။ အေးချမ်းဆိတ်ငြိမ်ရာဌာန ဖြစ်တာနဲ့အညီ သက်သပ်လွတ်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ဘာတွေရှိမလဲလို့ အတွင်းထဲကို သွားရောက်ကြည့်ရှုကြပါဦးစို့ရဲ့..
မိဖုရား စောမွန်လှနဲ့ မောင်ဖြစ်သူ စိုင်းစောနောင်တိုရဲ့ ရုပ်ထုများကို အိပ်ရာခမ်းနား အဆင်တန်ဆာများဖြင့် တွေ့ရပါတယ်။
အစ်မတော် စောမွန်လှ
ရှမ်းအမျိုးသားတို့၏ ရိုးရာဝတ်စုံ လက်သုံးတော်ဓါး အဆင်အယင်များဖြင့် မောင်တော် စိုင်းစောနောင်
ရှမ်းလူမျိုးတို့ရဲ့ မီးရှူးတန်ဆောင် မိဖုရားစောမွန်လှအတွက် ကျောက်စာတိုင်
ခပ်လှမ်းလှမ်းက မျှော်ကြည့်ရင်
မိဖုရား စောမွန်လှ ရှိစဉ်က ရေချိုးတော်မူရာ ကန်တော်နေရာတွင် အမှတ်တရ ဆောက်လုပ်ထားသည့်ရေကန်
စယ်လန့်နေပြည်တော်တွင် စိုးမိုးအုပ်ချုပ်ခဲ့သော စော်ဘွားများအဆက်ဆက် အသုံးပြုခဲ့သည့် ရေတွင်း
နှောင်းခေတ်လူများ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ထားသည့်ရေတွင်းသို့ အနီးကပ်
ပြန်ပါဦးမယ် နှုတ်ဆက်ပါတယ် အစ်မတော်..
******@@@@@@**********
မိဖုရားစောမွန်လှရဲ့ အထ္ထုပ္ပတ္တိအကြောင်း တစေ့တစောင်း ဖော်ပြရာမှာ တုတ်ထမ်း၊ ဓါးထမ်း ငြင်းရတဲ့ ပုဂံရာဇဝင်များရဲ့ အငြင်းပွားမှုမျိုးနဲ့ ဖော်ပြလိုတာမဟုတ်ဘဲ မိဖုရားစောမွန်လှရဲ့ ဇာတိချက်ကြွေ စယ်လန့်မြေကို အဓိကထား ဖော်ပြချင်တာ ဖြစ်တဲ့အတွက် သမိုင်းဆိုင်ရာ အချက်အလက်များ၊ မှားယွင်း လွဲချော်မှုရှိခဲ့ပါက ခွင့်လွှတ်သီးခံပေးကြဖို့ အနူးအညွှတ် ပန်ကြားလိုပါတယ်ရှင်။ သမိုင်းပညာရှင်လည်းမဟုတ်၊ ရာဇဝင်များကို ကြေညက်သူလည်းမဟုတ်တဲ့ ကျွန်မဟာ ဖတ်မိထားတဲ့ မိဖုရားစောမွန်လှရဲ့ အကြောင်းလေးထဲကနေ ကောက်နှုတ်ရေးသားခြင်းသာ ဖြစ်ပါတယ်။
မိဖုရားစောမွန်လှ ပန်းချီများကို ပန်းချီ ဆရာကြီး မောင်ကျော်ညွှန့် ရေးဆွဲသည့် ရာဇဝင်ထဲက မဟေသီများပြပွဲမှ ပန်းချီကားများဖြစ်ပါသည်။ ထိုပန်းချီကားပုံများကို မြလေးသျှင်ရေးသားသည့် ပန်းချီကားထဲမှ မဟေသီများ မှ အသုံးပြုပါသည်။ မိဖုရားစောမွန်လှအကြောင်းကိုတော့ စယ်လန့်ရွာရှိ စယ်လန့်နိဂမ စောမွန်လှကျောင်းမှ ဆရာတော် နာဂိတရေးသားသည့် စောမွန်လှ အထ္ထုပ္ပတ္တိ အကျဉ်းချုပ်အား မှီငြမ်းကိုးကားပါသည်။









































35 comments:
စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ မြစ်ငယ်မြစ်ကမ်းနားက ရွှေစာရံဘုရားလဲ စောမွန်လှ တည်ထားခဲ့တယ်လို့ ဆိုတယ်။
ကျောက်စာမှာ သာသနာ ၂၅၁၉ ဖြစ်နေတယ်။ ၃ ကနေ အမြီးပြတ်ပြီး ၁ ဖြစ်သွားတာ ထင်တယ်။
အမှန်က...
ကောဇာ ၁၃၅၇
သာသနာ ၂၅၃၉
ခရစ် ၁၉၉၅
အဲဒီလို ဖြစ်ရမှာ။
ပျော်ရွှင် ချမ်းမြေ့ပါစေ။
အကြိမ်ကြိမ် ကြားဖူးပြီးသား ဇတ်လမ်းပေမယ့် မချောရဲ့ ရေးဟန်ကြောင့် ဇတ်လမ်းလေးက ပြန်ပြီး အသက်ဝင် လာခဲ့ ပြန်တယ်၊ မရောက်ဖူး၊ မရောက်နိုင်တဲ့ ဒေသက ပုံတွေကို ဝေဝေဆာဆာ ကြည့်ရတဲ့အတွက် ကျေးဇူး ပါပဲဗျာ..၊ တောင်တန်းတွေ ရှုခင်းတွေ အရမ်းလှတယ်..။
မမချောရေ
အဲဒါကြောင့်မမဆီကိုမလာရရင်မနေနိုင်တာ
အမြဲတမ်း ဗဟုသုတရလွန်းလို့
ခုလဲမမကျေးဇူးနဲ့ ရောက်ခဲ့သိခဲ့ရပြန်ပြီ
ခင်တဲ့
မဒိုးကန်
မချော . . . ဗဟုသုတ ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် . . . စောမွန်လှ မိဖုရားကို နာမည်သာ ကြားဖူးပေမဲ့ သူ့ ရဲ့ ဇာတ်ကြောင်းကိုသေချာမသိခဲ့ပါဘူး . . အခုလို ပြည့်ပြည့်စုံစုံ ပုံတွေနဲ့တကွ ဖော်ပြပေးလို့ အရမ်းကို ကျေးဇူးတင်ပါတယ် . . .
စောမွန်လှတည်ခဲ့တဲ့ မြတဘက်ကျဘုရားနဲ့ သမိုင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ် မချောရယ်၊ ရင်နင့်စရာဇာတ်လမ်းလေးပါပဲ။
ဖတ်ရတာ တ၀ကြီးဘဲ ချောရေ
ဆောင်း
အင်း.. မချောတို့ လည်ပတ်သမျှ ဗဟုသုတ ရပါပေ့ဗျာ..း)))...
ခင်မင်လျက်
နေ၀သန်
စိတ်ထားကောင်းပြီး နှလုံးသားလှတဲ့ မိဖုရားစောမွန်လှအကြောင်း ဖတ်ဘူးတယ်။ မိဖုရားစောမွန်လှရဲ့ဇာတိချက်ကြွေ စယ်လန့်မြေ အကြောင်းနဲ့ ရာဇဝင်အသေးစိတ်ကို ဖတ်ခွင့်ရလို့ ကျေးဇူးပါ ချောရေ။ မှိုင်းညို့ညို့တောင်တန်းကြီးတွေ မြင်ရတာ အလည်သွားဘို့ စိတ်ကိုတိုက်တွန်းနေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သမိုင်းတွေကို စိတ်ဝင်စားတယ် .. ဒါမယ့် စိတ်ဝင်စားတာမှာတင် ရပ်နေတာ ..း)
စိတ်ဝင်တစားဖတ်သွားပါတယ် မချော .. ရှဲ့ရှဲ့ :D
ရွှေစာရံ စေတီတည်ဘူးတာ နှင့် ရွှေစာရံစေတီကို အရောက်သွားမယ် သီချင်းလေးကို သတိရသွားတယ်။
စောမွန်လှက ရွှေစာရံတည်ပြီ သိပ်မကြာခင်မှာ ဆုံးသွားတယ်လို တော့ သိသလိုပဲ။ နောက်တဆူ တည်ခဲ့သလားဆိုတာ မမှတ်မိတော့ဘူး။
ပုဂံခေတ်က ဘုရင်တွေ နယ်လှည့် တော်ကောက်တော့ ဗမာစကားမတတ်တဲ့ တိုင်းရင်းသူ မိဘုရားတွေခမျာ ဒုက္ခရောက်ရလို့  ချင်းမတွေ ဆိုရင် တော်ကောက်မှာကြောက်ပြီး မျက်နာမှာ ပရဲထိုးခဲ့ရတဲ့ အထိပဲတဲ့။ ချင်းမတွေလည်း တော်တော်ချောဆိုပဲ။
အစ်မချောခေါ်တဲ့ စယ်လန့် ရွာကလေးကို ရောက်ခဲ့ပါတယ်။ စောမွန်လှ မိဖုရားအတွက် စိတ်မကောင်း ဖြစ်မိတယ်။ ဘုရင်ခောတ်က ဒီလိုပါဘဲ အစ်မရယ်...
ကျေးဇူးတင်လိုက်တာ အစ်မရေ တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလည်းရပါရဲ့ ။
အေးချမ်းသာယာပြီးစိမ်းလန်းစိုပြေနေတဲ့
စယ်လန်.ရွာလေးကိုရောက်ဖူးချင်လိုက်တာ။
သမိုင်းအထောက်အထားခိုင်မာစွာနဲ.
အထင်ကရတွေဘဲနော်။ချောကျေးဇူးကြောင့်
ပုံလေးတွေကြည့်ပြီးတကယ်ရောက်သွားသလိုခံစား
ရပါတယ်။
ဒီဇာတ်လမ်းလေး က ရိုးမသွားပဲ နားထောင်တဲ့ သူ၊ ဖတ်တဲ့ သူတွေကို အမြဲ ခံစားရစေပါတယ်။ အစ်မချော သေချာ ရေးပြမှ ဆယ်လန့် ဆိုတာ သိရပါတယ်။ အရင် က နေရာ အတိအကျ မသိခဲ့ပါ။
အမချော မြန်မာပြည်တစ်လွှား ကုန်တော့မယ်။ အမချော မရောက်ဖူးတဲ့ နာမည်ကြီးတဲ့နေရာ မကျန်လောက်တော့ဘူး။း))
အမချော ခရီးသွားလေလေ စာဖတ်သူ ဗဟုသုတ ရလေလေနဲ့ ဆက်လက်ချီတက်ပါ အမချော။
ခင်မင်လျှက်
ပုဂံခေတ် နာမည်တွေထဲမှာ စောမွန်လှ နာမည်က အဲဒီခေတ်နှင့်ဆိုရင် ခေတ်ဆန်တယ်လို့ ဆရာတစ်ရောက်ကပြောဖူးပါတယ်၊ ပုံတွေကိုကြည့်ရတာ စောမွန်လှကို နတ်အဖြစ်ကိုးကွယ်ကြသလိုပါပဲ၊
စောမွန်လှရဲ့ ဇာတိမြေကို သိရတွေ့ရတာ မချောကို ကျေးဇူးတင်ပါသည်။
“ အသက်မကြီးသေးပေါင်ရှင်ရယ်...ထန်းရွက်ပန်းတီးလေးဆွဲလို့ ရွှေစာရံကို အရောက်သွားမယ်...” ညိုညိုဆန်းရဲ့ သီချင်းကလေးတောင် ညည်းဖြစ်သွားတယ်...
စောမွန်လှရဲ့ သမိုင်းနဲ့ ဖြစ်စဉ်ကိုတော့ သမိုင်းဝါသနာပါတာနဲ့ လေ့လာထားမိတော့ တီးမိခေါက်မိရှိပါရဲ့...သူ့ဇာတိအကြောင်းကိုတော့ အခုမှပဲ ဂဃနဏ သိတော့တယ်...ရှမ်းမင်းသမီးအကြောင်းကို ဖတ်နေပေမယ့် ရွှေစာရံကို ပြန်သတိရသွားရင်းကနေ အညာသားဦးဟန်ကြည်ကတော့ မန်းလေးကို လွမ်းသွားမိပါရဲ့...
ဒေါ်ချောတစ်ယောက် နောက်ထပ်လေးငါးနှစ်အတွင်း မစွံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်...ဒါမှလည်း ခရီးတွေ များများစားစား စိတ်လွတ်ကိုယ်လွတ်သွားနိုင်၊ ခရီးသွားမှတ်တမ်းတွေ ဖောဖောသီသီ ရေးနိုင်မှာမို့...း)))
ဒီအကြောင်းအရာတွေကို မကြားဖူးသေးဘူး။ စိတ်ဝင်စားဖွယ်ရာကောင်းလွန်းလှပါတယ်။ မနာလိုစိတ်က သိပ်.......ကို ကြောက်စရာကောင်းလှတာပါပဲလား။ (လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ)။
စယ်လန့်ရွာလေးက ရာသီဥတုအရမ်းကောင်းတယ်တဲ့ တူပါရဲ့။ စိမ်းလန်းစိုပြေနေတယ်နော်။ တင်ပေးတဲ့ချောကိုလည်း ကျေးဇူးတင်နေမိပါရဲ့။
ကျန်းမာပျော်ရွှင်ပါစေ ချောရေ။
အဲ့ဒီအချိန်ကထဲက ရှမ်းအမျိုးသမီးတွေ လှကြ ချောကြ တယ် ဆိုတာ ငြင်းစရာ ရှိမယ် မထင်ပါဘူး။ ခုထိလည်း ရှမ်းပြည်သူတွေ ချောလှရင် တခြားဘယ် သူနဲ့  မှ မတူတာ ကိုယ်တွေ့ ပါပဲ။ ဟီးဟီး
သမိုင်းအကြောင်းတော့ ငြင်းစရာ မရှိပါဘူး။ ကိုယ်လဲ ဘာမှ မသိပါဘူး လို့  အစ်မချောရေ။
ညီမ ချောရေ
စိတ်ဝင်စားစွာ နဲ့ ပုံလေးတွေ ကြည့် စာလေးတွေ ဖတ်သွားပါတယ် ညီမ ရဲ့ စေတနာ နဲ့ ရေးသားဖော်ပြချက် တွေအတွက် ကျေးဇူးပါနော်
မြန်မာပြည်ပြန်ရောက်ရင်တော့ လိုက်ပို့ခိုင်းရမယ်ထင်တယ်... ဓာတ်ပုံနဲ့တကွ အချက်အလက်စုံစုံလင်လင်တင်ဆက်ပေးထားတဲ့အတွက် ကျေးဇူးပါပဲ...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
နာမည်ပဲကြားဖူးထားတဲ့ မိဖုရားကြီးအကြောင်းကို ပုံတွေနဲ့ မြင်ရတော့ ဒေသန္တရဗဟုသုတ ရစေတာပဲ။
ဒီလို ပို့စ်မျိုးတွေ သဘောကျတယ်။
နတ်ကိုးကွယ်မှုနဲ့ နွယ်တဲ့ သမိုင်းတွေကို သိပ်မသိခဲ့ဖူး...။ ဖတ်ကြည့်တော့ စိတ်ဝင်စားစရာ ကောင်းတယ်နော် မချော...။
မိဖုရားစောမွန်လှနာမည်ပဲကြားဖူးပြီး သမိုင်းကြောင်းသေချာမသိဘူး။ ဘာလို့သေသွားတာလဲမသိဘူးနော်။ သနားစရာ။
စယ်လန့်ရွာလေးက ကြည့်ရတာအေးချမ်းလိုက်တာ။
မချော မိဖုရားစောမွန်လှကို နတ်အဖြစ်ကိုးကွယ်ထားတာလား။
သမိုင်းကြောင်းတွေမသိတာများလိုက်တာ။
ကျေးဇူးအများကြီး။
ချစ်တဲ့
pp
ချောရေ..
ကိုယ်ရဲရွာရေအားလျှပ်စစ်အတွက် မြစ်ငယ် (ခ)ဒုတ္ထ၀တီမြစ်ကြောင်းတလျှောက်မှာ စခန်းချပြီး ဆာဗေးဆင်းခဲ့ဘူးတယ်။ ၂ပတ်၃ပတ်လောက်မြစ်ကြောင်းတလျှောက် မော်တော်နဲ့ ရော ခြေလျင်နဲ့ ရောသွားခဲ့ရတယ်။ မန္တလေးကစထွက်ခဲ့ကတည်း ကစောမွန်လှ တည်ခဲ့တဲ့ ရွှေစာရံဘုရားကိုဖူးခဲ့ရတယ်။ ကိုယ်တို့ သွားတဲ့မြစ်ကြောင်း က စောမွန်လှ ပြည်တော်ပြန်တဲ့လမ်းကြောင်းဘဲ။ မြစ်ကြောင်းဘေးက တောထဲမှာ စောမွန်လှ ဆုံးပါးသွားတဲ့နေရာမှာ စောမွန်လှနတ်ကွန်း ရှိပြီး ကိုယ်တောင် စိတ်ဝင်စားလို့ ဓါတ်ပုံရိုက်ယူခဲ့တယ်။ အုတ်နဲ့ ဆောက်ထားတာဘဲ။ လူအရောက်အပေါက်လုံးဝမရှိတဲ့နေရာမှာပါ။ အဲဒီတောက ရဲရမန်း လို့ ခေါ်တယ်ထင်တယ်။ အဲဒီတုန်းက တောနက်တာနာမည်ကြီးပေါ့။ ရေပိတ်ပြီးသွားရင် ရေအောက်ရောက်သွားမဲ့ သမိုင်းနေရာတစ်ခုပေါ့။ ကခုဘလော့ရေးတော့အိမ်မှာကျန်ခဲ့တဲ့ဓါတ်ပုံတွေသတိရမိတယ်။
အိုင်အိုရာ
မိဖုရားစောမွန်လှအကြောင်းလာဖတ်ရင်း စယ်လန့်ရွာလေးကို လေ့လာသွားပါတယ် မချောရေ။
မိဖုရားစောမွန်လှရဲ့ အကြောင်းလေးကို ပြည့်ပြည့်စုံစုံလေးသိပြီး စယ်လန့်ရွာလေးကိုလည်း ရောက်ဖူးသွားခဲ့ပါရဲ့။ ကြည့်ရတာ လွမ်းမောစရာကြီးပါလားနော်။
မချောကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်။
ချစ်တဲ့
သဒ္ဓါ
ချောက တို့ငယ်ငယ်က သမိုင်းဘာသာရပ်သင်ပေးတဲ့ဆရာမလိုပဲ။ ဆရာမက သမိုင်းသင်တော့မယ်ဆိုရင် အဲဒိသမိုင်းထဲက အဖြစ်အပျက်တွေ နေရာတွေထဲကို တို့တွေကိုယ်တိုင် ပါနေသလိုမျိုး အသံနဲ့ပြောရင်း တို့တွေကို သမိုင်းပိုမှတ်မိအောင် လုပ်ပြီး သင်ပေးတယ်။ ချောရဲ့ ပိုစ့်တွေကို ဖတ်ရင်လည်းအဲလိုပဲ။ ကိုယ်တိုင်ခံစားရောက်ရှိနေသလိုမျိုးပဲ ရေးတတ်ပါပေ့ တော်လိုက်တဲ့ ချော။ ကျေးဇူးလည်းတင်ဖို့ ကောင်းလိုက်တာ။ ဗဟုသုတအိုးလိုပဲ ဘယ်နားက လိုလို သူ့ထဲ နှိုက်လိုက်တာနဲ့ လိုချင်တာ ပါလာတာချည်းပဲ။ ချော ကျန်းမာပျော်ရွှင်ပါစေ
ချစ်တဲ့ မေလေး
မိဖုရားစောမွန်လှ အကြောင်းဖတ်သွားပါတယ်.. နောက်များလဲကြုံကြိုက်တဲ့အခါ ရာဇဝင်ထဲမှ ထင်ရှားတဲ့ တခြားအမျိုးသမီးများ အကြောင်းကိုလဲ မျှဝေပေးပါဦးလို့..
အားပေးလျှက်
အိမ်မက်
မကြီးချောရေ
ရှမ်းပြည်အကြောင်းလေးဖတ်လိုက်ရတော့
ညီမ ပိုသတိ၇သွားတယ်
သူကရှမ်းပြည်မှာလေ..
ချစ်တဲ့ blackroze
မချောရေ ရှမ်းမိဖုရားလေးအကြောင်း ဖတ်ရင်း တိုင်းရင်းသံဝဲ၀ဲနဲ့ မချောအသံကို ကြားယောင်လာသလိုပါပဲဗျာ.. ဟဲဟဲ
ခင်မင်စွာဖြင့်
ချောရေ.. စောမွန်လှအကြောင်း ခုမှ ပြည့်ပြည့်စုံစုံသိတော့တယ်။း)
ှဗဟုသုတရစရာတွေ မျှဝေပေးလို့ ကျေးဇူးပါ။
Jr.
စိတ်ဝင်စားစရာ မိဖုရားစောမွန်လှနဲ့ သူ့ဇာတိဒေသအကြောင်းလေးကို ဖတ်သွားတယ်ချောရေ။ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဇာတ်ကြောင်းလေးတွေနဲ့ မှတ်တမ်းဓါတ်ပုံလေးတွေနဲ့ ရေးတတ်တဲ့ချောကို တကယ်ကို အားကျချီးကျူးမိတယ်။
@ Sosegado , စောမွန်လှ ဆိုတဲ့နာမည် အဲခေတ်က ခေတ်ဆန်တယ်ဆိုတဲ့ ဆရာကိုပြောလိုက်ပါ.. စောမွန်လှ ရှမ်းနာမည်
စ၀်မွမ်းလ {စောက်မွမ်းလာ့} ကို မြန်မာမှုပြုပြီးခေါ်ထားခြင်းဖြစ်ပါတယ်..
Thank you so much for sharing.....very interesting indeed. Sellum is in my dream for long long time.
Post a Comment