မှော်စီစာတောင်ပေါ်ရှိ စန္ဒာမုနိဘုရား
ကျွန်မကို မွေးဖွား ကြီးပြင်းစေခဲ့တဲ့ ကျွန်မရဲ့ ဇာတိ ရွာကလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ဦးဆုံး ရွာအကြောင်း မပြောခင်မှာ ကျွန်မ မိဘတွေအကြောင်းလည်း အနည်းငယ် ပြောပြချင်ပါတယ်။ ကျွန်မ အင်တာနက်ပေါ်မှာ စာတွေရေးတယ်ဆိုတာ သိတဲ့ ကျွန်မအမေဟာ သူကိုယ်တိုင်လည်း စာရေးစာဖတ် သိပ်ဝါသနာကြီးတော့ သဘောတွေကျပြီး ကျေနပ်လို့နေပါတယ်။ ပြီးတော့လည်း အမေနဲ့ ဖုန်းပြောတိုင်း ကျွန်မတို့ဒေသရဲ့ အကြောင်းတွေ၊ အစားအသောက် အကြောင်းတွေ ရေးဖို့ တိုက်တွန်းတတ်သလို၊ ဖားကန့်ဒေသမှာ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေဖြစ်စေ၊ တစ်ခုခု ထူးခြားတာတွေ ရှိလာရင်ဖြစ်စေ “မင်းတို့ အစ်မသာရှိရင် ဓာတ်ပုံရိုက်တော့မှာ။ အခုလည်း ဓာတ်ပုံတွေရိုက်ထား။ မင်းတို့အစ်မဆီ ပို့ရအောင်” လို့ ပြောတတ်ပြီး အနားမှာရှိတဲ့ မောင်နှမတွေကို ဓာတ်ပုံ အတင်းရိုက်ခိုင်းတတ်ပါတယ်။ ဘလော်ဂါတွေကတော့ သိတဲ့အတိုင်း ရောက်ရာအရပ်မှာ ကင်မရာတကားကားနဲ့ တွေ့သမျှ ဓာတ်ပုံရိုက်ကြတာကိုးနော်။ ကျွန်မရဲ့ ညီမအငယ်ဆုံးကလည်း ဘာလေးဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ထားပြီး ကျွန်မဆီကို ပို့တတ်ပါတယ်။ ကျွန်မပြန်သွားတုန်းက ရိုက်ခဲ့တဲ့ ပုံတွေ ၉၀%နှုန်းလောက်က ပျက်စီးကုန်တာမို့ သူတို့ကျေးဇူးနဲ့မို့သာ ဖားကန့်ဒေသအကြောင်း ဓာတ်ပုံတွေ စုံစုံလင်လင်နဲ့ ရေးနိုင်တာပါ။
အဖေကတော့ အနေအေးသူမို့ ကျွန်မ ဘာလုပ်လုပ် ကန့်ကွက်တာတွေ ဘာတွေ မလုပ်သလို ထူးထူးခြားခြားလည်း ဘာမှ ပြောလေ့မရှိပါဘူး. ဒါပေမဲ့ အဖေက ဗဟုသုတသိပ်စုံပါတယ်. ကျွန်မသိလိုတာရှိရင် အဖေကို အမြဲ မေးရပါတယ်. ပြီးတော့လည်း ကျွန်မတို့ရွာကလေးမှာလည်း အဖေက အသက်ကြီးသူ၊ ဗဟုသုတစုံသူ၊ တည်တည်တံ့တံ့ နေတတ်သူ ဖြစ်တာကြောင့် အများက လေးစားကြပြီး သိလိုတာရှိရင်လည်း အဖေကို လာမေးတတ်ကြပါတယ်. ကျွန်မတို့ ရှမ်းနီ လူမျိုးတွေရဲ့ ရိုးလာဓလေ့တွေဆိုရင် ခုခေတ် လူတွေက သိပ်မသိကြတော့ ရှေ့မီနောက်မီဖြစ်တဲ့ အဖေကို လာမေးတတ်ကြပါတယ်။ အဖေဟာ အင်မတန်မှ ရိုးသားပြီး လူတွေကို ယုံလွယ်တဲ့သူတစ်ယောက်ပါ. စိတ်ကောင်းလည်း အလွန်ရှိပါတယ်။ အခုဆို အဖေက အသက်အတော်ကြီးပြီဖြစ်လို့ အိမ်မှာဘဲ နေပါတော့တယ်။ အမေကတော့ ဘာသာတရားကို အလွန်ကိုင်းရှိုင်းပြီး သားသမီးတွေကိုလည်း သူ့အတိုင်း ဘာသာရေးကို လိုက်စားစေချင်သူပါ။ ကျွန်မကို တွေ့တိုင်းလည်း ဘုရားတရားကို မမေ့ဖို့၊ တရားထိုင်ဖို့၊ စသဖြင့် အမြဲတမ်း တိုက်တွန်းတတ်သူပါ။ ခုချိန်ထိလည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို နှစ်သက်ခုံမင်စွာ လုပ်နေသူဖြစ်ပါတယ်။ အခါကြီး ရက်ကြီးတွေမှာ အမေရဲ့ ဘုရားစင်က ဆွမ်းတော်ပွဲဟာ ဆွမ်းခွက်ပေါင်းများစွာနဲ့ ဆွမ်းတော်တင်တတ်တဲ့ သဒ္ဓါတရားကြီးမားသူ ဖြစ်ပါတယ်။ သာမန်ရက်တွေမှာလည်း ဘုရားကို သက်တော်ထင်ရှား ရှိသကဲ့သို့ ဆွမ်းကပ်သူတစ်ယောက် ဖြစ်ပါတယ်။ အမေရဲ့ ဘုရားစင်နဲ့ အမေအကြောင်းကိုလည်း ပိုစ့်လေးတစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ်။
ဘလောဂ့်လေးလုပ်ပြီး စာရေးလာတဲ့ နောက်ပိုင်း ခရီး သွားလာ ရင်း မြို့တစ်မြို့ကို ရောက်တဲ့အခါ အချိန်ရရင် ရသလို အဲဒီမြို့ရဲ့ ထူးခြားတဲ့နေရာ၊ သာယာ လှပတဲ့ နေရာ၊ သမိုင်းဝင် စေတီဘုရားတွေ၊ ထင်ရှား ကျော်ကြားတဲ့နေရာတွေ ရှိရာကို ရောက်အောင် သွားပြီး ဓာတ်ပုံရိုက်၊ အချက်အလက်တွေ စုဆောင်းလေ့ ရှိပါတယ်။ ပြီးတော့ အဲဒါတွေကို ကျွန်မရဲ့ ဘလောဂ့်ပေါ်ကနေ အခြားသော စာဖတ်သူ မိတ်ဆွေတို့ကို ပြန်လည် မျှဝေလေ့ ရှိပါတယ်။ ကျွန်မ ရောက်ခဲ့ဖူးတဲ့ မြို့တွေရဲ့ ကောင်းတဲ့ အချက်တွေ၊ သာယာ လှပပုံတွေကိုသာ ဦးစားပေးပြီး ရေးလေ့ ရှိခဲ့ပါတယ်။ ကျွန်မ ရေးခဲ့ဖူးတဲ့ မြို့တွေလိုဘဲ ကျွန်မကို မွေးဖွား ကြီးပြင်းလာစေခဲ့တဲ့ ကျွန်မရဲ့ ဒေသ အကြောင်းကိုလည်း ကောင်းတဲ့အချက်လေးတွေ၊ သာယာ လှပတဲ့ နေရာတွေကို ရေးချင် မိပါတယ်။ သို့ပေမဲ့လည်း ကျွန်မရဲ့ ဇာတိဒေသဟာ နာမည်ကျော်ကြားလှတဲ့ ကျောက်စိမ်းကြောင့် ရှိသမျှ တောတွေ တောင်တွေ ကုန်တော့မဲ့ အထိအောင် မြေလှန် ရှာဖွေခြင်း ခံရတဲ့ အခါမှာတော့ ဘယ်မှာလာပြီး ဟိုး ယခင် တုန်းကလို တောင် တန်း ပြာပြာတွေ သစ်တော စိမ်းစိမ်းတွေနဲ့ သာယာ လှပခဲ့တဲ့ တောရိပ်တောင်ရိပ် တို့ဟာ ခုနေခါမှာတော့ ဘယ်မှာလာပြီး စိမ်းစို လှပပါတော့မလဲရှင်.
အမေရဲ့ ဘုရားစင်
ဘုရားစင်က ဆွမ်းတော်ပွဲ
ကျွန်မတို့ဒေသကလေးဟာ သဘာဝပတ်ဝန်းကျင်အားဖြင့် အရင်ကလို သာသာယာယာ မရှိတော့ပေမဲ့ ဘာသာ၊ သာသနာရေးမှာတော့ လက်မနှေးကြသလို၊ ဗုဒ္ဓဘာသာအလှူပွဲတွေမှာ အလွန်ကို ရက်ရက်ရောရော လှူတန်းကြသလို၊ ပွဲတွေကလည်း ရိုးရာထုံးတမ်း အစဉ်အလာမပျက် ကျင်းပတာမို့ သိပ်ကို ပျော်စရာကောင်းပါတယ်။ ကျွန်မတို့ဒေသရဲ့ သင်္ကြန်တို့လို၊ မီးထွန်းပွဲတော်တို့လို အကြောင်းတွေကို အရင်ကလည်း ရေးခဲ့ဖူးပါသေးတယ်။ ကျွန်မရဲ့ မိဘနှစ်ပါးစလုံးဟာ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းလူမျိုးတွေ ဖြစ်ပြီး ကျွန်မတို့ဒေသရဲ့ ကျောက်စိမ်းတွင်းက မြို့ရွာ၊ နာမည်တွေ တော်တော် များများဟာ ရှမ်းနာမည်တွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်. ဖားကန့်ဆိုရင် ဖာ- ကျောက်ဖျာ ကန့်- ပြိုကျတာ လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ ကျွန်မရဲ့ ဇာတိ လုံးခင်းဆိုရင်လည်း ဆည်ကြီးတစ်ခုရဲ့ အနီးမှာ ရှိလို့ ရှမ်းလိုခေါ်တာဖြစ်ကြောင်း ကျွန်မရဲ့ အဖေက ပြောပြခဲ့ဖူးပါတယ်။ မှော်စီစာ၊ နမ့်မဖြစ်၊ ဆိပ်မူ၊ နမ့်စမ်း စသဖြင့် ရွာတွေဟာ ရှမ်းနာမည်တွေ များစွာ ရှိပါတယ်။
ကျွန်မရဲ့ ဇာတိဒေသဟာ ဖားကန့်လို့ဆိုပေမဲ့ တိတိကျကျ ပြောရရင်တော့ ဖားကန့်မြို့နဲ့ ၆မိုင်နီးပါး ဝေးတဲ့ လုံးခင်းဆိုတဲ့ ရွာကလေးဟာ ကျွန်ရဲ့ မိဘတွေနဲ့ မောင်နှမတွေ နေထိုင်ဆဲဖြစ်ပြီး ကျွန်မကို မွေးဖွားခဲ့တဲ့ ရွာကလေးဖြစ်ပါတယ်။ ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှာ ဖားကန့်ကိုရောက်တာပါ။ ဖားကန့်ကနေ ဆက်သွားရင်
ဆိုင်းတောင်၊ တာမခံ စတဲ့ မြို့ရွာတွေကို ရောက်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဟိုး အရင်က ပြောခဲ့ဖူးသလိုပါဘဲ။ မှော်နယ်မြေမှာ ရွာတည်ထားတာ ဖြစ်လေတော့ ကျောက်စိမ်း လုပ်ကွက်တွေ များပြားလာတာနဲ့ အမျှ ရွာတွေကလည်း မြေစာတွေကြေင့် ရေနှစ်တာ၊ အခြေတကျ ရွာတွေတည်ပြီး အထိုင်ကျနေကာမှ စီးပွားရေး သမားတွေက အဲဒီနေရာမှာ ကျောက်စိမ်းတူးဖို့ လုပ်ကွက်တွေ လျှောက်လိုက်လို့ ရွာတွေ ဖယ်ပေးရတာ၊ အခြားနေရာကို ရွှေ့ကြ ပြန် တော့လည်း မြေမှန် (မူလမြေ) မဟုတ်တော့ဘဲ ကျောက်တူးရာက ထွက်လာတဲ့ မြေစာပုံတွေပေါ်မှာ ရွာတည်ကြရတာကြောင့် မိုးတွင်းဆိုရင် ရွာလမ်းမဟာ ရွံ့တွေ ဗွက်တွေနဲ့ ညစ်ပတ် ပေရေနေတာ၊ နွေအခါဆိုရင် ဖုန်တွေ တစ်ထောင်းထောင်းနဲ့မို့ Mask ( ဖုန်ကာ)တွေနဲ့ ကာထားမှသာ သွားလာလို့ ရကြတာတွေဟာ မရိုးနိုင်တဲ့ မှော်နယ်မြေရဲ့ အလှတရားတွေသာ ဖြစ်ပါတော့တယ်။
မိုးရာသီရဲ့ ရွာလမ်းကလေးပေါ့
မိုးတွင်းဆိုရင် တစ်ရွာကနေတစ်ရွာ သွားကြတဲ့အခါ ခုလို ချောင်းတွေ မြောင်းတွေကို ဖြတ်သွားရတာ ခက်ခဲပါတယ်။
သူက ကျွန်မလိုချင်တဲ့ ဖားကန့်တစ်ဝိုက်က ဓာတ်ပုံတွေ အများဆုံးရိုက်ပေးတဲ့ ညီမအငယ်ဆုံးလေးပါ.. ဦးထုပ်နည်းနည်းတိုနေလို့ ဆွဲချထားပေးလိုက်တယ်း)
ဂျပန်နိုင်ငံဟာ ငလျှင်ကြောပေါ်မှာ ရှိနေပေမဲ့ အဲဒီနေရာပေါ်မှာ ရှေးဦးမဆွက ဂျပန်လူမျိုးတွေ တိုင်းပြည်မြို့ရွာ တည်ထောင်ခဲ့လေတော့ အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ အံတုပြီး နေထိုင်ကြရသလို ထိုင်းတို့ရဲ့ ဘန်ကောက်မြို့ဟာလည်း အရင်ကတည်းက ပညာရှင်တွေက ရေဘေးကြောင့် ဒုက္ခရောက်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုခဲ့ကြ ဖူးပေမဲ့ ဒီနေရာမှာ ရှေးခေတ် ထိုင်းလူမျိုးတို့က မြို့ပြ တည်ထောင် ခဲ့လေတော့ နောက်လူတွေ ကလည်း အန္တရာယ်ရှိတာ သိသိကြီးနဲ့ ဆက်လက် နေထိုင်နေကြတာ ခုဆို တစ်မြို့လုံး ရေတွေ ဖုံးနေတာ အားလုံးလည်း သိပြီးသားပါ။ အဲဒီလိုပါဘဲ ကျွန်မတို့ ဖားကန့်ဒေက ရွာတွေဟာ တကယ်တမ်းတော့ လယ်ယာလုပ်ကိုင်သူတွေဖြစ်တဲ့ ရှမ်း၊ ကချင်လူမျိုးတွေကနေ အစပြုပြီး ရွာတည်ခဲ့ကြတာ ဖြစ်ပေမဲ့ ဖားကန့် ကျောက်စိမ်း ကမ္ဘာကျော်လာတာနဲ့အမျှ အနယ်နယ် အရပ်ရပ်က လာရောက်လုပ်ကိုင် ရှာဖွေ စားသောက်သူတွေ ရောက်လာပြီး ပိုမို စည်ကားလာခဲ့ပါတယ်။ အရင်ကတော့ လူအင်အားနဲ့သာ ကျောက်စိမ်း တူးဖော်ကြပေမဲ့ ခုခေတ်မှာတော့ စက်ကိရိယာ စုံလင်လွန်းလှတဲ့ အတွက် တောတွေ တောင်တွေများ တစ်နှစ်နဲ့တစ်နှစ် ကုန်လာလိုက်တာ ပထမတစ်နှစ် အိမ်ပြန်သွားတဲ့ မြင်ကွင်းဟာ နောက်တစ်နှစ် အိမ်ပြန်သွားတဲ့ မြင်ကွင်းနဲ့ မတူတော့အောင် ပြောင်းလဲနိုင် လွန်းလှပါတယ်။
သတ္တုတူးဖော်ရေးဝန်ကြီးဌာနရဲ့ ကျောက်မျက်ရုံး ရုံးရှေ့က ဆိုင်းဘုဒ်ပေါ်မှာတော့“ မြေလွှာကိုဖွင့် ပြည်ကိုမြှင့်အံ့” တဲ့
အဲဒီ ဒီကျောက်စိမ်းကြောင့်ဘဲ မြို့ပြအိမ်ခြေတွေဟာ မြေစာပုံအောက်ကို ရောက်ရတာတွေ၊ ဖားကန့်ရဲ့ နာမည်ကျော် ဥရုချောင်းရဲ့ ရေစီးလမ်း ကောပြီး ကျဉ်းမြောင်းလာတဲ့အတွက် တစ်နှစ်ထက် တစ်နှစ်ဆိုးလာတဲ့ ရေဘေးကြောင့် ရွာခံလူတွေက မကြာခင် ရွာကို ရွေ့ကြရတော့မယ်ဆိုပြီး မျက်ခုံး လှုပ်နေကြရပါတော့တယ်။ အိမ်တွေကိုလည်း ရေဘေးက လွတ်အောင် လေးပေ ငါးပေအထိ လမ်းမထက် မြှင့်အောင် ဆောက်လုပ်လာ လိုက်ကြတာ ပိုက်ဆံမရှိလို့ အိမ်မမြှောက်နိုင်တဲ့ အိမ်တွေကတော့ ရေကြီးရင် အိမ်ခေါင်မိုးလေး ပေါ်ရုံသာ ရှိနေပြီး ဆိုင်းတောင်ဘက်က အိမ်တွေများဆို ခုချိန်ထိ ရေကြီးတုန်းက ဖုံးထားတဲ့ မြေကြီးက အိမ်တစ်ဝက်ကျော်ကို ဖုံးထားတာ ဒီအတိုင်း မြင်နိုင်ပါသေးတယ်။ သူများတွေရဲ့ မြို့ရွာတွေတော့ ကောင်းတာတွေ ရေးပြီး ကိုယ့်ဒေသရဲ့ ကောင်းတာတွေလည်း ရှာပြီး ရေးပါလားလို့ ပြောလာရင်တော့ ကျွန်မလည်း ကိုယ့်မွေးရပ်မြေ အကြောင်းကို ကောင်းတာတွေဘဲ ရေးချင်ပါတယ်… မကောင်းတာတွေ ရေးလို့လည်း စိတ်ချမ်းသာရတာမှ မဟုတ်တာ။ ဒါပေမဲ့လည်း တကယ်ကို ဆိုးဝါးနေတဲ့ မျက်မြင် အနေအထားတွေကို မျက်ကွယ်ပြုဖို့ မဖြစ်နိုင်တာကြောင့် ပကတိအခြေအနေကိုသာ ရေးရတာပါ။
အိမ်ပြန်သွားတုန်းက တစ်ရက်တော့ ငါရဲ့ ရွာကလေးအကြောင်းကို သေချာရေးဦးမယ်လို့ စိတ်ကူးပြီး တစ်ရွာလုံးကို အပေါ်စီးက မြင်ရတဲ့ ချောင်းတစ်ဖက်ကမ်းက နှစ်မျက်နှာဘုရား တည်ရှိရာ တောင်ကုန်းရဲ့ ထိပ်ပေါ်ကို ကင်မရာယူပြီး ညီမလေးနဲ့အတူ ဆိုင်ကယ်နဲ့ သွားကြပါတယ်။ တောင်ပေါ်ရောက်တော့ ညနေစောင်း နေဝင်ခါနီးအချိန် ဖြစ်နေပါပြီ။ အဲဒါနဲ့ တောင်ပေါ် ကနေဆို အနောက်ဘက်ကျတဲ့ ရွာရဲ့ ရှုခင်းကို ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံတွေ ရိုက်ပါတော့တယ်။ ဒါပေမဲ့ မြင်ကွင်းက ဘယ်လိုမှ ရှင်းရှင်းလင်းလင်း မရှိဘဲ မြူတွေဆိုင်းနေသလို ခပ်ဝါးဝါးဖြစ်နေပါတယ်။ ဒါနဲ့ ညီမလေးကို ကျွန်မက ပြောမိပါတယ်။ “ငါတို့လာတာ နောက်ကျသွားတယ်။ ညနေရောက်သွားတော့ ဓာတ်ပုံရိုက်လို့ မကောင်းတော့ဘူး မြူတွေဆိုင်းနေပြီ” လို့ ပြောပြီး တောင်ကုန်းထိပ်ကနေ မြင်ရတဲ့ ရွာနဲ့ ဆန့်ကျင်ဘက် အရှေ့ဘက်ခြမ်းက လယ်ကွင်းတွေ၊ တောအုပ်တွေ ရှိတဲ့ဘက်ကို ကင်မရာကို ချိန်လိုက်တဲ့ အချိန်မှာတော့ မြင်ကွင်းက ထူးဆန်းနေပါတယ်။
ဒီလို နှစ်မျက်ရှိတာကြောင့် နှစ်မျက်နှာဘုရားလို့ ခေါ်တွင်ပါတယ်။
ရွာရဲ့ အခြားတစ်ဖက်က မြူမှုန်တွေ ကင်းရှင်းရာ လယ်ကွင်းပြင်နဲ့ တောင်တန်း
ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာတော့ မြင်နေရတဲ့ မြင်ကွင်းက ပကတိ ကြည်လင် ပြတ်သားနေပြီး လယ်ကွင်းတွေ အနောက်ဖက်က တောအုပ် စိမ်းစိမ်းစိုစိုတွေကို အတိုင်းသား မြင်နေရပါတယ်။ အဲဒါနဲ့ “ဟင် ဒါဆိုရင် ခုနက မြင်နေရတဲ့ ခပ်ဝါးဝါးမြင်ကွင်းက မြူတွေကြောင့်လည်း မဟုတ်လောက်ဘူး။ မြူတွေသာ ဆိုင်းနေရင် ဒီဘက်က မြင်ကွင်းကလဲ အစောကလို ခပ်ဝါးဝါးဖြစ်ရမှာ .. ခုကျတော့ အဲဒီလိုမဟုတ်ပါလား” ဆိုပြီး ရွာဘက်ကို ပြန်လှည့်လို့ သေချာ ကြည့်တော့မှ ကျွန်မတို့ရွာကလေးဟာ ဘာကြောင့်များ ခပ်ဝါးဝါးနဲ့ မြူတွေ ဆိုင်းသလို ဖြစ်နေရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သဘောပေါက် နားလည်မိပါတော့တယ်။
တူးဆွထားတဲ့ နေရာတွေမှာ တည်ထားတဲ့ အိမ်ခြေကျေးရွာများ
ရွာဘေးပတ်လည်က လုပ်ကွက်ကျောက်တွင်းများ
အရှေ့ဘက်ခြမ်းမှာရှိတဲ့ လယ်ကွင်းတွေ၊ သစ်ပင်တွေရှိတဲ့အရပ်ဟာ ကျောက်တူးတဲ့ ကျင်းတွေ မရှိတဲ့ ချောင်းတစ်ဖက်ကမ်း ဖြစ်ပါတယ်။ ကျွန်မတို့ရွာကလေးရဲ့ ဘေးပတ်ပတ်လည်မှာတော့ ဘက်ဖိုး၊ ဘူဒိုဇာ စတဲ့ စက်ကရိယာတွေနဲ့ တူးနေတဲ့ ကျောက်တွင်းတွေ၊ မြေကြီးတွေကို တွင်းကနေတင်ပြီး အခြားတစ်နေရာကို ပစ်ဖို့ သယ်လာတဲ့ မြေသယ်ကားကြီးတွေ စသဖြင့် အများကြီး ရှိနေပါတယ်။ အဲဒီကနေ ထွက်လာတဲ့ မြေမှုန့်၊ ဖုန်မှုန့်တွေဟာ ကျွန်မတို့ရဲ့ ရွာကလေးကို ဖုံးလွှမ်းနေတာများ ခုလို ခပ်လှမ်းလှမ်းခပ်မြင့်မြင့် တောင်ပေါ်ကနေ ကြည့်လိုက်လို့ မြင်ရတာဖြစ်ပါတယ်။ ကျွန်မစဉ်းစားမိတယ်။ ဒီရွာကလေးမှာ တစ်သက်လုံး နေထိုင်လာတဲ့ ရွာသူရွာသားတွေ၊ နောက် ကျွန်မရဲ့ မိဘနဲ့ ညီအစ်ကို မောင်နှတွေ.. သူတို့တွေဟာ ဖုန်မှုန့်တွေကို နေ့စဉ် ရှုရှိုက်နေခဲ့ရတာ အဆုပ်ထဲမှာ ဖုန်မှုန့်တွေ ဘယ်လောက်များ ရှိနေပြီလဲလို့ တွေးမိပြီး ကျွန်မ တော်တော်လေးကို ထိတ်လန့်သွားမိပါတယ်။ အဲဒီလို ထိတ်လန့်မိလို့ ကျွန်မမိဘတွေကို ဒီနေရာကနေ ပြောင်းရအောင် လို့များ ပြောလိုက်ရင်လဲ ကိုယ်ကြီးပြင်းလာရာ ကိုယ့်မြေ၊ ကိုယ့်ဒေသမှာသာ တစ်သက်ပတ်လုံး နေထိုင်လာပြီး ဒီမှာဘဲ ခေါင်းချ ချင်ပါတယ်လို့ ဒေသစွဲကြီးကြတဲ့ ကျွန်မမိဘတွေဟာ လက်ခံမှာ မဟုတ်ပါဘူး။ ငါတို့ ဒီလိုဘဲ နေလာတာ ဘာမှမဖြစ်ပါဘူးဆိုပြီး ပြန်ပြောမှာ သေချာတာက ၁၀၀ ရာခိုင်နှုန်းပါဘဲ။
အဲဒီတော့ ကျွန်မရဲ့ မွေးရပ်မြေ ကျွန်မတို့ရဲ့ ရွာကလေးဟာ ဒီကျောက်စိမ်းတွေ မကုန်မချင်း ဖုန်မှုန့်တွေ ကြားမှာ နေကြရဦးတော့မယ် ထင်ပါရဲ့။ မိန်းခလေးတစ်ယောက် သိပ်ချောသိပ်လှရင် အဲဒီအလှအပကြောင့် ဒုက္ခရောက်ရတတ်တယ်လို့ လူကြီးသူမတွေက ပြောတတ်ကြပါတယ်။ ကျွန်မတို့ ဒေသဟာလည်း နာမည်ကျော် ထင်ရှားတဲ့ ကျောက်စိမ်းကြောင့် မြို့ရွာတွေ ဒုက္ခရောက်ကြရတာ ဖြစ်ပါတယ်။ ကျွန်မပြန်သွားတဲ့အချိန်က မနှစ် နွေရာသီ သင်္ကြန်မှာပါ။ အဲဒီအချိန်တုန်းကတော့ လမ်းတွေက ဖုန်တစ်ထောင်းထောင်းနဲ့.. တစ်ရွာကနေ တစ်ရွာ မှော်တစ်ခုကနေတစ်ခုကို သွားလာကြတဲ့သူတွေကို မျောက်ဖြူတွေ ဖြစ်စေတဲ့ လမ်းမျိုးပေါ့။ ရောက်တုန်းရောက်ခိုက်မှာ ကျွန်မကလည်း ကိုယ့်ဒေသရဲ့ နေရာအနှံ့လျှောက်သွားပြီး ဓာတ်ပုံရိုက်ချင်သူဆိုတော့ ညီမလေးနဲ့ သူ့သူငယ်ချင်းတွေကို ခေါ်ပြီး မှော်အနှံ့ ရွာအနှံ့လျှောက်သွားလို့ ဓာတ်ပုံတွေ လိုက်ရိုက်ပါတော့တယ်။
မျက်နှာဖုံးတွေတတ်ပြီး ဘာတွေလုပ်မလို့ပါလိမ့်လို့ မတွေးပါနဲ့.. အဲဒီလိုမှ mask တွေမတတ်ရင် မျောက်ဖြူလိုဖြစ်သွားပါလိမ့်မယ်။း)
မှောင်ခို ဂိုဏ်းဝင်လိုလို. ဓားပြဂိုဏ်းဝင်လိုလို အနှီမျက်နှာဖုံးရှင်သည်ကား... :P
(ဒီပုံစံနဲ့ သွားခဲ့တဲ့ ခရီးအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တစ်ခါမှာ ရေးပါဦးမယ်)
မှောင်ခို ဂိုဏ်းဝင်လိုလို. ဓားပြဂိုဏ်းဝင်လိုလို အနှီမျက်နှာဖုံးရှင်သည်ကား... :P
(ဒီပုံစံနဲ့ သွားခဲ့တဲ့ ခရီးအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တစ်ခါမှာ ရေးပါဦးမယ်)
အဲသလိုဖုန်ထူတဲ့ လမ်းတွေဟာ မနှစ် တစ်နှစ်ကမှ အသစ်ဖြစ်လာတဲ့ လမ်းတွေပါ။ ဟိုးအရင်က ရှိခဲ့တဲ့ လမ်းဟောင်းတွေကတော့ ကျောက်တူးသူတွေရဲ့ လက်ချက်နဲ့ ခုတော့ မြေကျင်းကြီးတွေ ဖြစ်ကုန်ပါပြီ။ ကျွန်မတို့ ရွာကလေးကို ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ကြည်ကြည်လင်လင် မရှိတာကြောင့် ကျွန်မရဲ့ ညီမလေးကို အခွင့်ကြုံတဲ့ တစ်နေ့ မြူမှုန်တွေလည်း မရှိတဲ့ တစ်နေ့မှာ ဓာတ်ပုံ ရိုက်ထားပေးဖို့ မှာပြီး ရွာကလေး ကနေ ပြန်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာ ကျွန်မညီမလေးက ကျွန်မရဲ့ ဇာတိ ရွာကလေးရဲ့ဓာတ်ပုံတွေ ရိုက်ပြီး ပို့ပေးလာပါတော့တယ်။
ရွာဦးထိပ်က ဘုရားကုန်းပေါ်ကနေ မြင်ရတဲ့ ရွာကလေးရဲ့ တစ်ပိုင်းတစ်စ ရှုခင်းပါ.။
ရွာဦးစေတီ
ဟိုးအနောက်က မြေသား ခပ်မို့မို့ကတော့ ကျောက်တူးပြီး ရွာချောင်းဘေးတစ်လျှောက် ဖို့ထားတဲ့ မြေစာတွေ ပါ။ ရေဘေး ကာကွယ်ရေးလို့ ခေါင်းစဉ်တတ်ပြီး ချောင်းဘေးတစ်လျှောက်မှာ ခုလို ပုံထားပေမဲ့ ရွာရိုးတစ်လျှောက်ရဲ့ အခြားနိမ့်တဲ့ နေရာတွေကနေ ရေတွေ ဝင်နိုင်တာကိုတော့ မေ့နေပုံပါဘဲ။ မြေတွေခုလို ပုံထားတော့ ချောင်းရိုးက ပိုကျဉ်းမြောင်းသွားပြီး ရေတွေ ပိုကြီးလာတာ ဘယ်သူတွေကြောင့်လို့ ဆိုရမလဲ..
အိမ်တွေထက် မြင့်နေတဲ့ မြေစာပုံကြီးကလည်း တောင်ကြီးတစ်လုံးပမာ ကြီးမားလွန်းလှပါတယ်
ဒီတံတားကတော့ နှစ်ပေါင်းများစွာ ကြာညောင်းပြီမို့ ခပ်ယဲ့ယဲ့သာ ကျန်တော့တဲ့ ရွာဦးတံတားပါ။ ကျောက်စိမ်းတွေ ထွက်သမျှ နိုင်ငံခြားဝင်ငွေများစွာ ရနေသော်လည်း တံတားခမြာ အသစ်ဆောက်နိုင်ခြင်း မရှိဘဲ ကျောက်မျက်ကုမ္ပဏီ များစွာတို့က ကားတွေ၊ ခရီးသည်တင်ကားတွေ၊ ကျောင်းသားလူငယ်တွေ အားလုံးတို့ဟာ အန္တရာယ်များစွာနဲ့ ကူးနေရဆဲ တံတားလည်း ဖြစ်ပါတယ်။
ရွာကလေးမှာနေပြီး ကျွန်မကို ငယ်စဉ်ကနေ ခု အသက်အရွယ် အထိ ရောက်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ကျွန်မရဲ့ မိဘများနဲ့ နွေးထွေးစွာ ဂရုတစိုက် ရှိကြသော ကျွန်မရဲ့ မောင်နှမများကို ကျေးဇူးအထူး တင်ပါတယ်။ သူတို့တွေဟာ ကျွန်မ ဝါသနာပါရာကို လုပ်နိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီခဲ့သူများ ဖြစ်ပါတယ်။ ကျွန်မတို့ရွာကလေးဟာ အခြားသော သာယာလှပတဲ့ မြို့ရွာများလို ကြီးကျယ်ခမ်းနားခြင်း၊ ထည်ဝါ သန့်ရှင်းခြင်း စသည်ဖြင့် ဘာမှ မရှိသော်လည်း ဒီရွာကလေးမှာ ကြီးပြင်းလာတဲ့ ကျွန်မအနေနဲ့တော့ ရွာကလေးကို ဘယ်လိုအခြေအနေဘဲ ရောက်ရောက် ချစ်ခင်နေမှာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ကျွန်မရဲ့ ရွာမအကြောင်းကို အမှတ်တရ ရေးချင်မိတာကြောင့် ရေးဖြစ်သွားပါတယ်။ ရွာကလေး ခုထက်ပိုပြီး တိုးတက်လာဖို့၊ စည်ပင်ဝပြောလာဖို့၊ သန့်ရှင်းသပ်ရပ်တဲ့ ရွာကလေးဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒီနေရာလေးဟာ ကျွန်မကို မွေးဖွားခဲ့တဲ့ရွာ၊ ကျွန်မရဲ့ မိဘတွေ ချစ်ခင်မြတ်နိုးတဲ့ ကျွန်မချစ်သော ရွာကလေးလည်း ဖြစ်ပါတယ်။ ကျွန်မတို့ ရွာကလေး ထာဝရ ငြိမ်းချမ်း တည်မြဲပါစေလို့ ဆန္ဒပြင်းပြစွာ ဆုတောင်းမိပါတယ်ရှင်..





























32 comments:
ဖတ်မငြီးဘူးချောရေ
ဆောင်း
Got so much knowledge about your birth place. Excellent photo. By the way, happy birthday to you. May you be always happy. I know why you are smart because you are October born like me, hehe :)))
ချော..
ကြည်လင်တဲ့ချောင်းရေထဲမှာ ပျော်ရွှင်ခဲ့ရတာတွေကို
နှမျောတမ်းတနေမှာဘဲနော်။
ကိုယ်ရောက်ဖူးချင်တဲ့ဒေသထဲမှာ ချောရဲ့ ရွာလေးပါတယ်။
အိုင်အိုရာ
ဖတ်ပြီးတော့ ဗဟုသုတလည်း ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘာပြောရမှန်းလည်း မသိ ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ဗဟုသုတအတွက် ကျေးဇူးပါ မချောရေ...
အခါအခွင့်ကြုံရင်ဖြင့် လိုက်လည်ချင်မိပါသေ၏ ချစ်မရေ ....
စကားမစပ်။။ မျက်နှာဖုံးဂိုဏ်းခေါင်းဆောင်တော့ မလုပ်သေးဘူးမလားး)
မြန်မာပြည်အနှံ့ခြေဆန့်ခဲ့ဘူးပါတယ် မရောက်ဘူးသေးတဲ့
ကချင်ပြည်နယ်ကို အလည်သွားချင်နေတာ-
အခုချောရဲ့ ရွာလေးကိုသိသွားပြီဆိုတော့
ဘယ်တော့အလည်ခေါ်မှာလဲ။ အတည်ပြောတာနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ် ... ကျောက်တူးထားကြတာလည်း နေရာ အပြည့်ပဲနော် ... သဘာဝ အလှ တော့ တော် ပျက်စီး တယ်ဗျာ ... ကျေးဇူးပါဗျာ .. မရောက်ဘူးပင်မဲ့ အခုလို့  မြင်ခွင့်ရတဲ့ အတွက်ကြောင့်ပါ ...
ဥတုချောင်းက အရမ်းလှတယ်လို့  နံမယ်ကြီးတယ်။ လူတွေရဲ့ လောဘတွေက ကြောက်စရာကောင်းတယ်နော်။ လုံးခင်းက ခဏ ခဏ နေရာရွေ့ နေရတယ်နော်။
လိုခြင်ရင်တောင် မြို့ ကို မြင့်တင်ပေးနိုင်မယ့် စီမံကိန်းတွေချလို့  စနစ်တကျလုပ်သင့်တယ်။
ဝမ်းနည်းစရာကောင်းတယ် အမရေ။
အင်း မြေလွှာကိုဖွင့်ပေမယ့် ပြည်ကတော့ မမြှင့်သေးပါလားနော်။ အမြဲစဉ်းစားမိတာက ငွေတွေ ဘယ်ရောက်ကုန်ပါလိမ့်။
မိုးကောင်းအထိပဲရောက်ဖူးတယ်။ တစ်နေ့တော့ သွားဖြစ်အောင် ကြိုးစားရဦးမယ်။
ခင်တဲ့
မေသိမ့်
မချောရေ... ဗဟုသုတရတယ်ဗျာ.. မရောက်ဖူးပေမယ့် ဒီထဲကပုံတွေကြည့်ပြီး တော်တော်နှံ့နှံ့ရောက်ဖူးသွားပြီ...း))
ခင်မင်လျက်
နေ၀သန်
စည်းကမ်းမရှိဘဲကျောက်စိမ်းတူးဖေါ်တဲ့လူတွေကြောင့်ဖါးကန့်နယ်မြေနေ့စဉ်နဲ့အမျှပျက်စီးလာတာအရမ်းဝမ်းနည်းစရာပါကောင်းတယ်
ရှမ်းမလေးတွေ..ချောတယ်..ချောတယ်း)
မချော..ပို့စ်တွေမြင်မှ
သွားချင်တဲ့နေရာတွေများလာပီဗျို့းP
အန်တီ့ရဲ့.ဘုရားစင်ကိုလည်း.ကြည်ညိုသွားပါတယ်ရှင်
ွ(ဆွမ်းတော်ပြန်စွန့်တဲ့အချိန်ကျရင်
ရှယ်ပဲနော်အစ်မးP)
တော်တော်သာယာတဲ့နေရာလေးပါပဲ
ဆိုင်ကယ်ကြီးတွေနဲ့ပုံတွေ
အားကြီးသဘောကျတယ်ကွယ်း)
အဲလိုစီးပြီး..လျှောက်.လျှောက်သွားချင်တာ
ပြီးတော့...
မချောတောင်းတဲ့ဆုတွေ.အမြန်ပြည့်စုံပါစေရှင်
အဆင်သင့်တဲ့တနေ့တော့ မချောရဲ့ဒေသလေးကို လာလည်ပါမယ်။ ဒေသဗဟုသုတတွေလည်း ရသွားတာပေါ့.။ မချောရဲ့မွေးရပ်မြေလည်း ထာဝရငြိမ်းချမ်းတည်မြဲပါစေ။
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေမချော။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေ အားလုံး ပြည့်ဝပါစေ။
ချစ်တဲ့
သဒ္ဓါ
မချောရေ... သာယာလှပတဲ့ ရွာအကြောင်းလေးတွေ ဓာတ်ပုံတွေဝေေ၀ဆာဆာနဲ့ ဖတ်သွားတယ်၊ ဒေသန္တရဗဟုသုတတွေလဲ အများကြီးရပါတယ်။ ချောအတွက် ကုန်ကြမ်းတွေစုပေးတယ်ဆိုတဲ့ညီမငယ်ကို ဘာသာရေးဓလေ့အကြောင်း ကုန်ကြမ်းတွေလဲ စုပါဦးလို့.. မတူကွဲပြားတဲ့ဘာသာရေးဓလေ့တွေလဲ စောင့်မျှော်ကြည့်ရှုချင်ပါသေးတယ်ချောရေ..
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အစ်မချောတို့ က ရှမ်းလူမျိုးကိုး။ ကချင် ထင်နေတာဗျ။ ဘယ်သူမဆို ကိုယ်မွေးတဲ့ အရပ်မှာ ကိုယ်ခေါင်းချချင်ကြ တာပဲ ဆိုတာကြောင့်သာ ဖားကန့်  က မရွေ့ချင်ကြတာပါ အစ်မရေ။ သူငယ်ချင်း မိသားစု တစ်သိုက်တော့ အတင်း စိတ်ကို ဆုံးဖြတ်ပြီး မန္တလေးမှာ အခြေချလိုက်ကြလေရဲ့ဗျာ။ မြေလွာကို ဖွင့်ပြီး ပြည်ကို မြှင့်ချက် က ရက်စက်တယ်။ ပြည် မြင့် မမြင့်တော့ မသိဘူး။ ဖားကန့်  ၀န်းကျင်တော့ ကျစ်စာ တွေနဲ့  မြင့်လာလိုက် နိမ့်သွားလိုက်ပဲ မဟုတ်လား။ အော်...... ခေါင်းတွေ ကောင်းလိုက်တဲ့ တို့  လူကြီးတွေ။
ဟိုးတုန်းက
ညနေတိုင်း
ပုန်းကွယ်နေကျ
တောင်တန်းတွေရယ်
ရေသောက်ဆင်းနေကျ
ချောင်းလေးတွေရယ်
ဘယ်ရောက်ကုန်ပါလိမ့်
ကြည့်ရင်းနဲ့
အသွင်တွေ ပြောင်းခဲ့တာ
ငါကိုယ်တိုင်ပဲ
အမြင်တွေက မှားရော့လား
သင်တို့
ဘယ်များပုန်းရှောင်နေသလဲကွယ်....။
(မချောရဲ့ ဓါတ်ပုံထဲက ၀င်လုဆဲ နေမင်းကြီးကိုယ်စား တွေးပေးတာပါး) )
Your village is very pleasant.Your post is also very nice.I like very much.Happy Birthday..ma ma chaw.
မကြီးချောရေ
ဖတ်ပြီးရင်မောသွားတယ် ဟူးးးးးးးးး
အမဆုတောင်းပြည့်ပါစေနော်..
ဒေါ်ချောတို့ရွာက အလှသားကပဲ...တစ်ခုပဲ မျက်စိလည်သွားတယ်...အဲဒီလိုနှစ်မျက်နှာရှိလို့ လေးမျက်နှာဘုရားလို့ခေါ်တယ်ဆိုတာကိုပါ...တကယ်ဆို နှစ်မျက်နှာဘုရားကို ခေါ်သင့်တယ်မဟုတ်လား...mask တွေတပ်ပြီး သွားနေကြတဲ့မြင်ကွင်းကတော့ တကယ့်အထူးအဆန်းပါပဲ...
စီဘောက်စ်မှာ သူများတွေမွေးနေ့ဆုတောင်း တောင်းပေးထားလို့ ဆုတောင်းပေးခဲ့ဦးမှ...
အသက် ၅၀ ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်း ၅၀၀ အထိဘလော့ဂင်းနိုင်ပါစေဗျား...( ကိုင်း မေတ္တာပို့မခံရခင် လစ်ပါပြီ ;D )
ဆရာဟန်.. နှစ်မျက်နှာဘုရားဖြစ်ရမှာ
မှားပြီးလေးမျက်နှာဘုရားလို့ ရေးမိတာဗျို့...
ဆရာဟန်ဆုတောင်းပေးတာ နည်းနည်လွဲသွားတယ်.. အသက်က ၅၀ပြည့်မဟုတ်ဘူး.. ၆၀ပြည့်...
ရှိရင်းစွဲအသက် ၆၀ကို
၅၀လို့ထင်စေတဲ့ ကိုယ့်ရဲ့ နုပျိုမှုကို သိလိုက်ရလို့ ကျေနပ်ဝမ်းသာဖြစ်မိပါတယ်.ဗျား. :P
အားလုံးကို ကျေးဇူးပါနော်..
Pls check your spelling. A correct word for mark is mask or face mask.
Thanks Anonymous, you are right. Mask is correct. It's my mistake.
ရောက်ဖူးချင်တယ် ဖုန်မှုန့်တွေကြားမှာဆိုတာ သူငယ်ချင်းတွေပြောပြလို့ အမြဲနေရမှာတွန့်မိတယ် အလုပ်နဲ့မသွားဖူး ငြင်းမိတယ် ငှက်လည်းကြောက်တယ်
မျက်နှာဖုံးနဲ့တစ်ယောက်က ဘူတုန်း
ဓားပြလားး)း) အသက်ခြောက်ဆယ်ဆိုတာ တကယ်လား မစည်းစိမ်ကိုမေးအုံးမှ
ဘုရားကျောင်းဆောင်ကလေးက ကြည်ညိုစရာပါ။ ချောတို့ရွာကလေးကလည်း သာသာယာယာပါပဲ။ ဒါပေမယ့် တစ်ခေါက်လာ မြင်ကွင်းတစ်မျိုးဆိုတော့... ဘယ်လိုလုပ်ရမလဲ ရွာကလေးရယ်။
အမချောရေ ခဏခဏပြောင်းနေရတော့ စိတ်ညစ်စရာပဲနော်... ဒါပေမယ့် ညီမလေးရိုက်ပေးတဲ့ပုံကတော့ လှလိုက်တာ.... လာလည်ရင် ဖိတ်မှာလား....
ပဲ့ရွဲ့နေတဲ့ ကမ္ဘာမြေကြီးတဲ့ ဖတ်ရင်း စိတ်မကောင်းဖြစ်သွားတယ် မချောရယ်။
အေးချမ်းတဲ့ မိသားစုလေးနဲ့ မချောလည်း မွေးနေ့မွေးရက်မှသည် သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ။
ချစ်တဲ့
pp
မချောတို့  ရွာကလည်း ဟောင်ကောင်လိုပဲနော်..မျက်နှာဖုံး တပ်ရတယ်..ဘဝပြောင်းနေတဲ့ တောင်၊ နောက်ကျိနေတဲ့ ချောင်းတွေကို မြင်ရတာ စိတ်မချမ်းသာ မချောရေ..စန်းထွန်းတို့  ဟိုင်းကြီး ပင်လယ်ဖက်မှာလည်း ယိုးဒယားတွေက မိုင်းချ၊ ပိတ်ပါးလို ပါးတဲ့ ပိုက်တွေနဲ့  ငါးသေးငါးမွှားတွေကိုပါမချန် ဖမ်းလေတော့ ငါးတွေ မျိုးတုန်းနေပါရောလား...
Happy Belated Birthday ပါ ချောရေ...။
ချောမွေးနေ့ကို ပြက္ခဒိန်မှာ ကြိုမှတ်ထားပေမယ့် ရုံးပိတ်ရက်မို့ နောက်ကျစွာ နှုတ်ဆက်ရတာ စိတ်မကောင်းဘူး ။ :(
မွေးနေ့ အမှတ်တရပို့စ်လေးက မိမိရဲ့ မွေးရပ်မြေအပေါ် ဘယ်လောက်တောင် ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြနေပါတယ် ချောရေ...။
ရွာကိုခုမှပဲ လာလည်သွားပါတယ်၊ ဖတ်ပြီးတစ်မျိုးကြီးခံစားရပါသည်
မချောကို ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော်ကတော့ အဝေးရောက်နေတဲ့ လုံးခင်းရွာသားလေးတစ်ယောက်ပါ
အခုလို ကျွန်တော့်တို့ရဲ့ လုံးခင်းရွာ အကြောင်းကို ရေးသားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်လို့ ထပ်ပြီး ပြောပါရစေ
ဖြစ်နိုင်ရင် ကျွန်တော်တို့ အလက လုံးခင်း ကျောင်း(ယခင်) အကြောင်းလည်း
ရေးပေးပါဦး
အခုတော့ အထက ဖြစ်နေပြီ ထင်ပါတယ်
တော်တော် များများက လုံးခင်းရွာလို့ မသိကြဘူး ငယ်ငယ်က ပထ၀ီထဲမှာ ရေးတဲ့
လုံးခင် ဆိုတာကိုဘဲတော်တော်များများ သိနေကြတယ် အားပေးလျက်
မချော ရဲ့ စာလေးတွေကို အမြဲအားပေးနေပါတယ်နော်...
အမေ၇...
ခုဆို ယမ်းငွေ့တွေ...သွေးညှီနံ့တွေ နဲ့....မြေပြန့်မှာ ငြိမ်းချမ်းစွာနေ နေ၇တဲ့ ဗမာတယောက်ဖြစ်ပေမဲ့ ကိုယ့်တိုင်း၇င်းသား ညီအကိုမောင်နှမတွေအတွက် ...စိတ်မကောင်းခြင်းများစွာဖြင့်....
Post a Comment