Monday, November 28, 2011

ကျွန်မနဲ့ လည်ပင်းကြေးကွင်းစွပ်ကြသူများ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ရောက်ခဲ့စဉ်က လည်ပင်းမှာ ကြေးကွင်းတွေစွပ်တဲ့ ရိုးရာ အစဉ်အလာ ရှိတဲ့ ပဒေါင်လူမျိုးနဲ့ တွေ့ဆုံခဲ့ပုံ အကြောင်းလေး ရေးချင်ပါတယ်။ ပဒေါင်လူမျိုးတွေဟာ တိုင်းရင်းသား လူမျိုးတွေထဲမှာ ထူးခြားတဲ့ သူအဖြစ် ပါဝင်ကြသူများ ဖြစ်ပါတယ်။ အားလုံးလဲ သိကြတဲ့အတိုင်း ပဒေါင် အမျိုးသမီးတွေဟာ လည်ပင်းကို ကြေးကွင်းစွပ်ကြသူတွေ ဖြစ်ပါတယ်။ ကျွန်မနဲ့ တွေ့ဆုံဖြစ်တဲ့ ပဒေါင် အမျိုးသမီး နှစ်ဦးဟာ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့မှာ ရောက်ရှိနေ ကြတဲ့ သူတွေပါ။ တကယ် တမ်းတော့ ပဒေါင်လူမျိုးတွေရဲ့ ဇာတိဒေသဟာ ရှမ်းပြည် မဟုတ်ပါဘူး။ သူတို့ဟာ ကယားပြည်နယ် ဒီမောဆိုးမြို့နယ်က ရွာလေး တစ်ရွာမှာ နေထိုင်ကြတာပါ။  ဝေးဝေးလံလံ ဒီမောဆိုးမြို့နေ ဘာကြောင့် ရောက်လာတာလဲလို့ စိတ်ဝင်တစား မေးမြန်း ကြည့်တော့မှ အကြောင်းရင်း ကို သိရပါတော့တယ်။ 


ရှမ်းပြည်နယ် နမ့်ခမ်းမြို့ဟာ တစ်ဖက်နိုင်ငံနဲ့ ရွှေလီမြစ်သာခြားတဲ့ နယ်စပ်မြို့ကလေး ဖြစ်ပါတယ်။ နယ်စပ်မြို့ ဖြစ်တာနဲ့အညီ တစ်ဖက်နိုင်ငံက လူတွေက မူဆယ် နမ့်ခမ်းစတဲ့ မြို့တွေကို အလည်လာပြီး ဘုရားဖူးကြ၊ မမြင်ဖူးတာတွေ ကြည့်ကြနဲ့ ခရီးသွားလုပ်ငန်း စည်ကားတယ်လို့ ပြောရမှာပါ။ ဘာတွေ လာကြည့်ကြလို့လဲ ဆိုရင် သူတို့ဆီမှာ မရှိတဲ့ စေတီဘုရားတွေ ၊ မတူညီတဲ့ ဓလေ့စရိုက်တွေကို လာကြည့် ကြတာပါ။ ဒီမူဆယ် နမ့်ခမ်းလောက်ကတော့ ဝင်လာဖို့က ခက်ခက်ခဲခဲလည်း မရှိတော့ အလည် လာတတ်ကြပါတယ်။ အဲဒီမှာ မူဆယ်က ခရီးသွားလာရေး လုပ်ငန်းတစ်ချို့က တစ်ဖက်က လာတဲ့ ဧည့်သည်တွေကို ပြဖို့ဆိုပြီး အခု ပဒေါင် အမျိုးသမီးတွေကို ခေါ်ထားလိုက်ပါတယ်။ ဧည့်သည်တွေ လာရင် မြန်မာပြည်မှာ ဒီလို ထူးခြားတဲ့ တိုင်းရင်းသား မျိုးနွယ်တွေ ရှိတယ် ဆိုပြီး ပြတော့တာပါဘဲ။ ဟိုက လူတွေကလည်း ထူးဆန်းတယ်ဆိုပြီး အံ့တွေသြ၊ ဓာတ်ပုံတွေရိုက်ပေါ့။ ဧည့်သည်တွေက တောင်းဆိုရင် ကလည်း ကပြတယ်လို့ ပြောပါတယ်။ ဓာတ်ပုံရိုက်ခံပြီး၊ ကပြတဲ့အတွက် သူတို့လည်း မုန့်ဖိုး ဘာညာ ရတာပေါ့နော်။

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing


ပဒေါင်တွေကို တွေမိ့တော့ ထိုင်းမှာနေတဲ့ ကြောင်ဖြူများရှင် (အမှောင်ထုထဲက ဓာတ်မီးတစ်လက်) ကို သတိရလိုက် မိပါသေးတယ်။။ အစ်မရေ ထိုင်းတွေက ပဒေါင်တွေကို သူတို့လူမျိုးပါ ဆိုပြီး ဧည့်သည်တွေကို ပြစားနေတယ်လို့သူက ပြောခဲ့ဖူးပါတယ်။  အဲဒါကို ကြားမိတော့ သာမန်ထက် ထူးခြားတဲ့ ဓလေ့စရိုက် ထုံးတမ်း အစဉ်အလာတွေ ရှိပြန်တော့လည်း လူတွေ ပြစားစရာ ဖြစ်ရပါ လားလို့ တွေးမိတော့ တာပါဘဲ။ ပဒေါင်အမျိုးသမီး နှစ်ဦးကို ကျွန်မက ဓာတ်ပုံ ရိုက်ချင်ပါတယ်လို့ ခွင့်တောင်းတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ်။ ဓာတ်ပုံရိုက်နေရင်းနဲ့ ကျွန်မ သိချင်တာလေးတွေ မေးမိပါတယ်။  သူတို့ကို ဘယ်က လာတာပါလဲ.. အသက် ဘယ်လောက် ရှိပြီလဲ.. ကြေးကွင်းတွေ ဘာလို့စွပ်တာလဲ စသဖြင့်ပေါ့နော်။ မေးလဲမေး. လက်ကလဲ သူတို့ စွပ်ထားတဲ့ ကြေးကွင်းတွေ၊ ငွေကွင်းတွေကို သေချာ ကိုင်ကြည့်မိပါတယ်။ 



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ဒီအမျိုးသမီးနှစ်ယောက်ဟာ သားအမိ ဖြစ်ပါတယ်.။ မိခင်ဖြစ်သူက အသက် ၆၀ ကျော်ပါပြီ။ သမီးကတော့ သုံးဆယ် ကျော်ဖြစ်ပါတယ်။ သူတို့နဲ့ စကားလက်ဆုံကျဖြစ်တော့ သူတို့ပြောပြတာလေးတွေ နားထောင်ခဲ့ ပါတယ်။ ပဒေါင်ဆိုတာ ဟိုတုန်းက ခေါ်တဲ့ နာမည်ပါတဲ့။ ခုနောက်ပိုင်းတော့ ကယန်း လူမျိုးတွေလို့ ခေါ်ကြတယ်လို့ ရှင်းပြပါတယ်။ သူတို့ဟာ မြန်မာစကားကို နည်းနည်းဝဲတာက လွဲလို့ ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်ပါတယ်။ ကျွန်မကြားခဲ့ဖူးတာ ပဒေါင်လူမျိုးတွေဟာ ကြေးကွင်းတွေကို တစ်နှစ်ကို တစ်ကွင်း စွပ်ရတယ်ဆိုတာ ဟုတ်ပါသလားလို့ မေးတော့ သူတို့က ရယ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ မိခင်ဖြစ်သူက “ခု အဒေါ်အသက် ၆၀ကျော်ပြီ.. ဒီလိုဆိုရင် ကြေးကွင်းပေါင်း ၆ဝကျော် စွပ်ရမှာပေါ့.။လည်ပင်းက ဒီလောက်မှ မရှည်တာ ကြေးကွင်း ၆ဝကျော်ကို ဘယ်လိုလုပ် စွပ်လို့ရမှာလဲ.. ”လို့ ပြန်ပြောတာကြောင့် ရယ်ရပါသေးတယ်။။ ဒီတော့မှ ကျွန်မအရင်က ကြားဖူးတဲ့စကားက မှားနေတယ် ဆိုတာ သိလာရပါတယ်။ 


Image Hosted by PicturePush - Photo Sharing
  သူတို့လည်ပင်းမှာ ကြေးကွင်း ဘယ်နှစ်ကွင်း ရှိသလဲ..


Image Hosted by PicturePush - Photo Sharing

လည်ပင်းမှာ ကြေးကွင်း၊ လက်မှာ ငွေကွင်း 

Image Hosted by PicturePush - Photo Sharing

 ဒူးမှာကြေးကွင်း 
(ခြေထောက်ကြီးဘဲ ရိုက်လာတာ မဟုတ်ရပါ.. တစ်ကိုယ်လုံးရိုက်လာတဲ့ပုံကို ခြေထောက်ပိုင်းဘဲ ဖြတ်ထုတ်လိုက်တာပါ) :P

ပဒေါင်(ကယန်း) အမျိုးသမီးတွေဟာ အသက် ၁ဝနှစ်အရွယ်မှာ ကြေးကွင်းကိုစပြီး စွပ်ပါတယ်။ ကြေးကွင်းကို ဘယ်လောက် စွပ်ရမယ်ဆိုတာ ကန့်သတ်ထားတာမျိုး မဟုတ်ဘဲ ကလေးရဲ့ လည်ပင်း အနေအထားကို ကြည့်ပြီး စွပ်ကြတယ်လို့ ပြောပါတယ်. ၇ကွင်း ၈ကွင်းလည်း စွပ်ကြတယ်.. ၁၀ကွင်းလည်း စွပ်ကြပါတယ်တဲ့။ အသက်ဆယ်နှစ်မှာ စွပ်ထားပြီးနောက် အသက် ၂၀ပြည့်ချိန်မှာတော့ လူကြီးတွေစွပ်တဲ့ ကွင်းမျိုးနဲ့ လဲစွပ်ရပါတယ်. အမျိုးသမီးတွေ စွပ်ကြတဲ့ ကြေးကွင်း အများဆုံးဟာ ၂၅ကွင်းဖြစ်ပြီးတော့ အခု သူတို့၂ယောက် စွပ်ထားတဲ့ ကြေးကွင်းကတော့ ၂၄ကွင်းရှိပါတယ်။ တစ်ချို့ကလည်း ၁၈ကွင်း ၂၀ကွင်း  စသဖြင့် လည်ပင်း အနေအထားအလိုက် မတူညီစွာ စွပ်ကြပါတယ်။ ပြီးတော့လည်း ကြေးကွင်းမှာ အကြီး၊ အသေးလည်း ရှိပါသေးတယ်.။ ပုံမှာကြည့်မယ်ဆိုရင် သမီးဖြစ်တဲ့သူရဲ့ ကြေးကွင်းက ပိုနည်းပြီး မိခင်ရဲ့ ကြေးကွင်းက ပိုများတယ်လို့ ထင်ရပါတယ်။ တကယ်က သမီးဖြစ်သူရဲ့ ကြေးကွင်းကလည်း ၂၄ကွင်း အမေဖြစ်တဲ့ သူကလည်း ၂၄ကွင်းပါ။ ဒါပေမဲ့ သမီးရဲ့ ကြေးကွင်းက သေးတာမို့လို့ အကွင်းရေ နည်းတယ်လို့ ထင်ရပါတယ်။



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


လက်မှာလည်း မြင်ရတဲ့ အတိုင်း ငွေကွင်းတွေ စွပ်ကြပြီး ဒူးခေါင်းမှာတော့ ကြေးကွင်းကို စွပ်ကြပြန်ပါတယ်။


Image Hosted by PicturePush - Photo Sharing


ကြေးကွင်းကို စွပ်ပြီးရင် ပြန်ချွတ်ကြသေးလား မေးတော့ စွပ်ထားပြီးရင်လည်း အဲဒီလည်ပင်းက ကြေးကွင်းကို မဖြုတ်ကြတော့ပါဘူး။ သေတဲ့အထိ စွပ်ပြီးနေကြပါတယ်တဲ့။ ခုနောက်ပိုင်း ကလေးတွေရော စွပ်ကြသေးလားလို့ မေးတဲ့အခါမှာတော့ သူတိုရဲ့ သားသမီးတွေဖြစ်တဲ့ ခုခေတ်ကလေးတွေက မစွပ်ကြတော့ပါဘူးတဲ့. ကျောင်းတွေ ဘာတွေ တက်ကြတော့ အခြားကလေးတွေ ကြားမှာ ထူးထူးခြားခြား မဖြစ်လိုကြတာရော၊ ရှက်ကြတာကြောင့်ရော စွပ်ခိုင်းလို့ မရတော့ဘူးလို့ ပြောပြပါတယ်။“ ကောင်းပါတယ် ခုခေတ်ကြေးတွေက ဈေးကြီးကကြီးနဲ့ မဟုတ်ရင် ကြေးဖိုးနည်းမှ မဟုတ်ဘူး”လို့ ကျွန်မက ပြန်နောက်ပြော ပြေလိုက်တော့ သားအမိနှစ်ယောက်က ရယ်ကြပြန်ပါတယ်။ ခုလို စွပ်ထား ရတာ နေရ မခက်ဘူးလား ဆိုပြန်တော့ မခက်ပါဘူး၊ ဘာမှလည်း မဖြစ်ဘူး။ လေးလဲမလေးဘူး လို့ ပြန်ဖြေပါတယ်. ငယ်ကတည်းက အလေ့အကျင့် ဖြစ်ခဲ့တော့လည်း ထူးထူးခြားခြား ဘာမှ မခံစား ရတော့တာ ဖြစ်မှာပါ။


Image Hosted by PicturePush - Photo Sharing
 ပန်းခြံထဲက ဗီးနပ်စ် ရုပ်နဲ့အတူ

Image Hosted by PicturePush - Photo Sharing

ဒီပုံလေး သဘောကျတယ်.. ပုံတွေအများကြီးရိုက်တဲ့အထဲမှာ လက်တွဲတာဆိုလို့ ဒီတစ်ပုံလေးဘဲရှိတာ။ 
ဒါတောင် လက်တွဲပေးပါလို့ ပြောလို့ တွဲလိုက်တာ. မဟုတ်ရင် အပေါ်မှာလို တောင့်တောင့် ကြီးတွေ ဖြစ်နေတာ။ အင်းလေ သူတို့က မင်းသမီးမှ မဟုတ်တာ ဘယ်ကလာ ပဲတွေ အိုက်တင်တွေ ပေးတတ်ပါ့မလဲနော်။ သူတို့နာမည်တွေ မေးတဲ့အခါ အမေဖြစ်သုရဲ့ နာမည်က ဂျက်ပိန်း လို့ခေါ်ပါတယ်တဲ့။ ကျွန်မက သူတို့နာမည်ကို အသံထွက်ပြီး ဆိုကြည့်တော့ ရယ်ကြပြန်ပါတယ်. ကျွန်မ အသံထွက်တာ လွဲနေလို့ပါတဲ့.. “ဟင်.. ပဒေါင်တွေကတောင် ရယ်ရလောက်အောင် ငါ့အသံထွက်က ဒီလောက်ဆိုးနေလား”လို့ ကိုယ့်ကိုယ်ကို ပြန်တွေးပြီး ရယ်ချင်မိသေး။း) သိဘူး.. ခုလည်း ဂျက်ပိန်းဆိုတာ ကြားမိတဲ့အတိုင်း ရေးလိုက်တာပါဘဲ။ မူပိန်းလို့လည်း ခေါ်ပါတယ်တဲ့။ သမီးရဲ့ နာမည်ကတော့ မူနောလို့ ပြောပါတယ်။ မိခင်ဖြစ်သူ ဒေါ်ဂျက်ပိန်းက အသက် ၆၀ကျော်ပြီလို့ပြောတော့ “မထင်ရဘူးနော်.. အသက်၆၀ကျော်သာပြောတာ ငယ်ငယ်လေးလို့ ထင်ရတယ်” လို့ ကျွန်မက ပြောတော့ သားအမိတွေ ရယ်ကြပြန်ပါတယ်။


ဒေါ်ဂျက်ပိန်းတို့ ပဒေါင်သားအမိကို ဓာတ်ပုံရိုက်ယူနေတုန်းမှာ မိန်းခလေးတစ်ယောက်က သူလည်း ပဒေါင်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ချင်ပါတယ်လို့ ပြောလာလို့ ရိုက်ပေးလိုက်ရပါသေးတယ်။ :P အမယ် သူက လက်နှစ်ချောင်းထောင်တော့ မမူနောကလည်း လက်ကလေး နှစ်ချောင်းလိုက်ထောင်လို့..


Image Hosted by PicturePush - Photo Sharing
လည်ပင်းကြေးကွင်းစွပ်သူများအား အမှတ်တရ
( အလယ်က တစ်ယောက်ကတော့ ပိုက်ဆံပြတ်လို့ စွပ်ထားတဲ့ ကြေးကွင်းဖြုတ်ရောင်းလိုက်ပုံ ရပါတယ် .ကြေးကွင်းမပါလည်း ဓာတ်ပုံတော့ ရိုက်ပေးလိုက်ပါတယ်လေ ) :P


မမူနောတို့ သားအမဟာ အင်မတန် စိတ်ရှည်ပါတယ်။ သူတို့ကို ကျွန်မက ဟိုဟိုဒီဒီ နေရာကောင်း၊ ရှုခင်းလှတဲ့ နေရာလေးတွေ ပြောင်းပြီး ဓာတ်ပုံအမျိုးမျိုး ရိုက်တော့ “ပင်ပန်းနေပြီလား” လို့ သူတို့ကို မေးတဲ့အခါ၊ “ရတယ် ရတယ်.. ဘာမှ မပင်ပန်းဘူး” လို့ သဘောကောင်းစွာနဲ့ ပြောရှာပါတယ်။ ဒေါ်ဂျက်ပိန်းကတော့ အိမ်ထောင်ဆုံး သွားတာ နှစ်ပေါင်းများစွာကြာပါပြီ။ မမူနောကလည်း
အိမ်ထောင်ရှိပါတယ်။ သူ့သားသမီးတွေ ကတော့ ဒီမောဆိုးမှာ ရှိပါတယ်တဲ့. တစ်နှစ်တစ်ကြိမ် အိမ်ပြန်ပြီး သားသမီးတွေနဲ့ သွားတွေ့တယ်လို့ ပြောပါတယ်။ ကျွန်မက အဒေါ်တို့အကြောင်းကို စာရေးမယ်နော်လို့ ခွင့်တောင်းတော့လည်း “ ရေးပါ.. ရပါတယ် ”လို့ပြောပြီး ကျွန်မကို ဘယ်မှာနေတာလဲ.. ဘာအလုပ် လုပ်တာလဲနဲ့ သူတို့က တစ်ပြန် အင်တာဗျူးပါတော့တယ်။ ခံဟဲ့  :P


Image Hosted by PicturePush - Photo Sharing
 ဒေါ်ဂျက်ပိန်း
Image Hosted by PicturePush - Photo Sharing
 မမူနော

 
Image Hosted by PicturePush - Photo Sharing


ခုခေတ် ပဒေါင်လူငယ်တွေဟာ ကြေးကွင်း မစွပ်ကြတော့တဲ့အတွက် နောက်များ မကြခင်မှာတော့ ပဒေါင် ( ကယန်း) လူမျိုးတွေရဲ့  ကြေးကွင်းစွပ်တဲ့ အလေ့အထဟာ ကွယ်ပျောက်သွားဖို့ ရှိပါတယ်။ လူမျိုးစုတွေရဲ့ ဓလေ့ထုံးစံတွေဟာ အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောင်းလဲ သွားတတ်ကြတာကို နားလည်မိ ရပါတယ်။ ဘာဘဲဖြစ်ဖြစ် လူမျိုးစုအတွက် ကောင်းတဲ့ ပြောင်းလဲခြင်း ကိုတော့ လက်ခံရမှာပါ။ ခင်မင် စရာကောင်းကာ ရိုးသားဖော်ရွေပြီး စိတ်သဘောကောင်းတဲ့ ဒေါ်ဂျက်ပိန်း၊ မမူနောတို့ သားအမိကို ဓာတ်ပုံရိုက်ခွင့် ရခဲ့တာ၊ မေးချင်တာ၊ သိချင်တာလေးတွေ မေးမြန်းခွင့်ရခဲ့တာ သိပ်ကို ဝမ်းသာမိပါ တယ်။ ပျော်ပျော်ရွှင်ရွှင် စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံ အရိုက်ခံပြီး မေးတာတွေကို ပြည့်ပြည့်စုံစုံ ဖြေပေး တဲ့ ဒေါ်ဂျက်ပိန်းတို့ သားအမိကိုလည်း ကျေးဇူးအထူး တင်ရပါတယ်။ အဲ.. စာတွေ စိတ်ရှည် လက်ရှည် လာဖတ်ကြသော မိတ်ဆွေ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ် လို့နော်။




ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

38 comments:

အီးးဟီးးဟီးး ကြည့်တာနဲ့တောင် လည်ပင်းအစ်လိုက်တာ ချစ်မကြီးရယ်
ဇက်ကြောပဲတက်ချင်လာသလိုလို ခေါင်းပဲကိုက်လာသလိုလိုပဲ ဟိဟိ
ဘာပဲပြောပြာ မြန်မာပြည်မှာ အဲလိုတိုင်းရင်းသားတွေမပျောက်ကွယ် အောင်တော့ ထိန်းသိမ့်သင့်တယ်နော်

Sar phat pyee, sa tway myo lope ma ya top bu bya.

ပဒေါင်လူမျိုးတွေနဲ့.ဓာတ်ပုံရိုက်ချင်ပါတဲ့ဆိုတဲ့
ကလေးမလေး..မြင်ဖူးသလို..လို..ပဲနော်း)
(ဘယ်မှာပါလိမ့်)
ပဒေါင်လူမျိုးကိုခုမှ.သေသေချာချာမြင်ဖူးတော့တယ်။
ကွင်းကြီးတွေနဲ့ဆိုတော့.ခေါင်းညိမ့်လို့လည်း
ရမှာမှုတ်ဘူးနော်အစ်မ.အိပ်တော့လည်း
ဘယ်လိုအိပ်ကြတယ်မသိး)
ပဒေါင်အမျိုးသမီးတွေ.
အိမ်ထောင်ရေး.ဖောက်ပြန်မိရင်
ဒီကွင်းတွေ.ဖြုတ်ပြီး.အပြစ်ပေးတယ်လို့
စာအုပ်တစ်အုပ်ထဲမှာတော့.ဖတ်ဘူးတယ်။
(ကွင်းဖြုတ်လိုက်ရင်တော့.
အသက်လည်းရှိတော့မှာမှုတ်ဘူးထင်တယ်။)
ဓာတ်ပုံတွေနဲ့.ဗဟုသုတတွေအတွက်
ကျေးဇူးပါအမတော်း)

သူတို့လို..တပ်တော့..တပ်ကြည့်ချင်သားးP

ချစ်ခင်စွာဖြင့်
မိစံ

ရှမ်းပြည်နဲ့အင်းလေးဖက်က ဟိုတယ်တွေမှာလည်း သူတို့ကို ပြစားဖို့ ခေါ်ထားကြတယ်လေ။ အဲဒီကွင်းတွေတပ်တာ ကျန်းမာရေးအတွက်သိပ်ဆိုးတာ... ကြေးကွင်းအလေး ချိန်ကြောင့် ပခုံးရိုးတွေနိမ့်ကျသွားတာ ဓာတ်မှန်တွေထဲမှာ အထင်အရှားတွေ့ရတယ်...

စူးနွယ်လေး

ကြေးကွင်းကြီးတွေ စွတ်ထားတော့.. ရည်းစားက မောင့်ကို ချစ်လားလို့ မေးရင်.. ပါးစပ်နဲ့ပြောရမှာ ရှက်လို့.. ခေါင်းလေးငြိမ့်ပြီးတော့ အဖြေပေးမယ်ဆို တော်တော် ကပ်သီးကပ်သတ်နိုင်မှာနော်..ဟီးဟီး

ချောရေ...
ဒေါ်ဂျက်ပိန်းကတော့ ခဏခဏပုံတွေထဲမှာ မြင်ဘူးနေကြနော်..။ ကိုယ်တိုင်တော့ အပြင်မှာ တစ်ခါမှ မမြင်ဘူးဘူး...။ ဒေါ်ဂျက်ပိန်းတို့ နှစ်ယောက်ကြားက မမလည်း ကြေးကွင်းတွေ စွတ်ပြီး ဓာတ်ပုံ ရိုက်ခဲ့ရမှာ..။ ပြောမယ့်သာ ပြောတာ.. လည်ပင်းလေးတောင် ပုံထဲ နည်းနည်း ရှည်ထွက်လာသလိုပဲ...ဟိ။

ဘာပဲဖြစ်ဖြစ် ပို့စ်ကောင်းတစ်ပုဒ်ရဖို့ အမြဲတမ်း အားထုတ်နေတတ်တဲ့ ချောညီမကို လေးစားလျှက်ပါရှင်...။

ကြေးကွင်းကြီးတွေ စွပ်ထားလို့ လား မသိဘူး ။ အသက်က သိပ်မကွာဘူးလို့ ထင်ရတယ် ။ မျက်လုံးနားက ကျီးခြေက လွဲလို့ ပေါ့။
တခုခု ကျလို့ ကုန်းရှာမယ်ဆိုလည်း ကြေးကွင်းကြီးနဲ့ ဆိုတော့ တစ်မျိုးကြီး ဖြစ်မယ်ထင်တယ်။
ဗဟုသုတ ရအောင် ရေးပြတဲ့ ချောကိုလည်း ကျေးဇူးနော် ..:)

အင်းလေးက ဟိုတယ်တွေမှာ ပြဖို့ခေါ်ထားတဲ့ ပဒေါင် တွေနဲ့တော့ ကြုံသလို စကားပြောဖူးတယ်ဗျ၊ ရိုးသားဖော်ရွေ လှတယ်၊ သူတို့အပြောအရ ကြေးကွင်းတွေ ပြန်ဖြုတ်တာ မရှိသလောက် ဆိုပေမယ့် ဒီဖက်ခေတ်မှာ ရှက်လာကြတဲ့ မိန်းကလေး တချို့လည်း ပြန်ဖြုတ်တယ်လို့ သိရပါတယ်၊ အဲဒီအခါ ပထမပိုင်း လတွေမှာ မျက်နှာသုတ်ပုဝါ အထူကြီးကို ပတ်ထားပြီး လည်ပင်းကြွက်သွား သန်မာလာအောင် ပြန်ပြီး လေ့ကျင့်ပေးရတယ်-တဲ့၊ ရိုးရာဆိုတာ ထိန်းသိမ်း ကောင်းတယ် ဆိုပေမယ့် ပဒေါင်တွေ ကိုယ်တိုင်တောင် တဖြည်းဖြည်းနဲ့ မလုပ်ချင်ကြ တော့တဲ့ ဒီလိုမျိုး အလေ့အထကျတော့ ပျောက်ကွယ်မှာကို လိုလိုလားလား လက်ခံသင့်သလား ဆိုတာ စဉ်းစားစရာပါပဲ၊ ဗီးနပ်စ်နဲ့ ပဒေါင်နဲ့ အလှချင်း ပြိုင်နေတဲ့ ပုံကို အကြိုက်ဆုံး ပါပဲ..။း)

ရိုးရာဆိုပင်မဲ့ ဒီလို လည်ပင်း မှာ ကြေကွင်းစွပ်တဲ့ အယူအဆဟာ ... လူတစ်ယောက်အတွက် ဘယ်လိုမှ မဖြစ်သင့် ပါဘူး ...
အခုချိန်မှာ ပဒေါင်လူ မျိုးတွေကို ထိုင်းမြန်မာ နယ်စပ်
တရုတ်နယ်စပ် ... ထိုင်းမှာ ရှိတဲ့ ဟိုတယ် တချို့ နဲ့  မြန်မာပြည်မှာ ရှိတဲ့ ဟိုတယ် တချို့  မှာ ... အခကြေးငွေ ပေးပြီး ပြ စားနေတာ တွေ့ ဘူးပါတယ် ...
သူတို့ ကို မြင်ရင် ... မြန်မာ လူမျိုးအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ သူတို့ ဘဝကို သနားမိပါတယ် ...
ခေတ်ကာလ အခြေနေအရဆိုရင် ဘယ်လိုမှ မသင့်လျှော်တော့တဲ့ အယူပါ ...
၂၀၁၀ လောက်က ကမ္ဘာ့ မှာ ထူးဆန်းတဲ့ လူသားမျိုးနွယ် များဆိုပြီး discovery အစီစဉ်ထဲမှာ
အာဖရိက မှ လူမျိုးစု တစ်စုက အသားကိုခွဲပြီ တက်တူ ထိုးတာနဲ့  ပဒေါင်လူမျိုးတွေ ကြေးကွင်းစွပ်တဲ့ ကြောင်း ကို TV ကနေကြည့်ဘူးပါတယ် ...
နောက်ပိုင်းတော့ တာဝန်ရှိတဲ့ လူမျိုးစုခေါင်ဆောင်နဲ့ အစိုးရတို့ ပူးပေါင်းပြီး အဲ့လို အသားကိုခွဲပြီး တက်တူထိုးတဲ့ ရိုးရာကို ဖြတ်သိမ်းပြီ ဥပဒေ ထုတ်ပြန်ကာ ... လူမျိုးစု တိုးတက်ရေးအတွက် အစိုးရက အစီစဉ် လုပ်ပေးခဲ့ပါတယ် ....

မြန်မာလူမျိုးစုထဲ ပဒေါင် လူမျိုးစုလည်း ဒီလိုပဲ ဖြစ်သင့်တယ်လို့ ထင်မိပါတယ် ....

မချောအတွက် ရှားပါးတဲ့ဓါတ်ပုံတွေပါပဲ၊ အမှတ်တရဖြစ်ပါလိမ့်၊
သေချာသိမ်းထားပါ၊ကြုံခဲပါဘိ။

ရိုးရာပေမဲ့လည်း ဒီခေတ်ဒီအခါမှာတော့ သူတို့တွေကို အဲလိုအဖြစ်မျိုးနဲ့မနေစေချင်တော့ပါဘူး ကောင်းတဲ့ပြောင်းလဲမှုကို ကြိုဆိုပါတယ်

တော်သေးတာပေါ့ အဲ့သည် ပဒေါင် နှစ်ယောက် လူမြင်ကွင်းမို့  ကံကောင်းသွားတယ် မှတ်တယ်။ ဟီးဟီး မဟုတ်ရင် ဟို ဓါတ်ပုံလာရိုက်တဲ့ ကောင်မလေးက ကြေးတွေ ဖြတ်ယူချင် ယူနေမှာ ပြောရတာမဟုတ်ဘူး။ :D :D :D

ဘာပဲ ဖြစ်ဖြစ် အစ်မရေ။ သူတို့ လည်း သူတို့ ရဲ့ ရိုးရာကို မစွန့် ပယ်ချင်ပေမယ့် နောင်ကျ စွန့် ပယ်ရမှာပဲ ဆိုတာ သိလာကြပါပြီလေ။

လူ့ အသိုင်း အ၀ိုင်းကို ဘယ်လို တိုးဝင်ကြမလဲ။ ဒါကို သူတို့ စဉ်းစားကြမှာပါ။ ထိုင်းတွေတော့ ကျနော့် သောက်မြင်ကပ်နေကြတယ်။ နင်တို့  အမျိုးမဟုတ်ပဲ ပြစားတာ ကောင်းသလား မေးလို့ တဲ့လေ။ ဟဟဟဟဟ

အမှတ်တရဖြစ်စေတဲ့ ခရီးသွားဆောင်းပါးပဲ မချောရေ၊ ကောင်းတယ်ဗျာ ...

အမချော..
သူတို့လူမျိုး အမျိုးသမီးတွေဘဲ အခုလို လည်ပင်းကြေးကွင်းကြတာထင်ထင်တယ်နော်။ ယောက်ျားတွေကကော ဘယ်လိုရိုးရာရှိကြလဲ မသိဘူး။
သူတို့ကိုကြည့်ရတာတော့ စိတ်မသက်သာစရာဘဲ။
ရှေးထုံးကိုလဲ မပယ်နဲ့ ဆိုပေမဲ့ ဒီလိုရှေးထုံးမျိုးကိုတော့ မထားသင့်တော့ပါဘူး။ စိတ်ကျဉ်းကြပ်လွန်းလို့။

ဗဟုသုတတွေပေးတဲ့အတွက် ကျေးဇူးနော် အမ။

ခင်မင်လျှက်

ငယ်ငယ်လေးကတည်းက
သိချင်တာ တစ်ခုရှိတယ်..
အဲ့ဒီ့လူမျိုးတွေကို ကြည့်ပြီး
သူတို့တွေ ရေချိုးရင်
ဘယ်လို ဆပ်ပြာတိုက်လဲ ဆိုတာ.. :D


ခင်မင်လျှက်
ဆောင်းနှင်းရွက်

စိတ်ဝင်စားစရာကောင်းတဲ့ပို့စ်လေးပါ,,ဓါတ်
ပုံလေးတွေလည်းကောင်းတယ်,,ကိုယ်
တိုင်သွားရောက်လေ့လာပြီးတင်ပြပေးတဲ့မချောရဲ့
စေတနာကိုလည်းလေးစားပါတယ်

ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးပါချောရေ။
ကြေးကွင်းတွေစွပ်ထားမှ နေတတ်တဲ့ ပဒေါင်လူမျိုးတွေရဲ့ ထူးခြားတဲ့ဖြစ်စဉ်လေးက စိတ်ဝင်စားစရာပဲနော်။
စကားမစပ် သုံးယောက်တွဲပုံမှာ အလယ်က တစ်ယောက်က အိပ်ငိုက်နေသလိုပဲ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မချောရေ.. အဲလိုအကွင်းစွပ်တဲ့လူမျိုးနေတဲ့ရွာ ဦးဇင်းတို့ပင်းတယမြို့ရဲ့ အနောက်တောင်ထိပ်ပေါ်မှာ ရှိတယ်။ ကြေးကွင်းတော့မဟုတ်ဘူး။ ကြိမ်ကွင်းတွေ စွပ်ကြတာ၊ လူမျိုးကတော့ ပလောင်လူမျိုးပါ.. ဗဟုသုတဖြစ် ဓာတ်ပုံတွေကြည့်ရှုရတဲ့အတွက် ကျေးဇူးပါပဲချောရေ...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ငယ်ငယ်ကတည်းက ပဒေါင်အမျိုးသမီးလေးတွေကြည့်ပြီး အသည်းလည်းယားတယ်။ စိတ်လည်းဝင်စားတယ်။
မချော ကြေးကွင်းတွေဖြုတ်လိုက်ရင် လည်ပင်းကပျော့သွားပြီ အမြဲတပ်ထားရတယ်ဆိုလား။ ဟုတ်လား။
တစ်ခါလည်း ဖတ်ဖူးတယ်။ သူတို့ပုခုံးရိုးလေးတွေက နိမ့်ကျကုန်တယ်တဲ့။
မချော ခရီးသွားတာ အဖိုးတန်ဗဟုသုတတွေရတယ်။
နောက် ခရီးများများသွားနိုင်ပါစေ။
ချစ်တဲ့
pp

မချော ရေးဖို့ကျန်သွားလို့ မချောက အရပ်ရှည်ရှည်နဲ့ အတော်ချောတယ်။

မချောရေ။

လည်ပင်းက ရှည်ထွက်လာတာ မဟုတ်ဘဲ ပုခုံးရိုး နိမ့်သွားတာမို့လို့ ကျန်းမာရေးရှုထောင့်အရ မလုပ်သင့်ဘူးလို့ ပြောတယ်။ ငွေရပြီးရောဆိုပြီး တိုင်းရင်းသားတွေကို ဒီလို ဆက်နေခိုင်းပြီး သူတို့ပြ စီးပွားရှာနေတာမျိုးတော့ မြန်မာရော ထိုင်းရော ဘယ်ဘက်ကမှ မလုပ်သင့်ဘူးထင်တာပဲ။

ရိုးတွေ အကြောတွေကို ပုံမှန်ထက် နိမ့်အိကျသွားအောင် လုပ်ထားတော့ ရေရှည်မှာ ရောဂါတွေ ရနိုင်တယ်။ တရုတ်ခြေသေးမကြီးတွေလဲ ခြေသေးစည်းတော့ အသက်ရလာတဲ့အခါ ကိုယ်အလေးချိန်ကို ခြေသေးက မထိန်းနိုင်တော့ ခြေကျင်းဝတ်ကျိုးတာ ခါးနာတာတွေ ဖြစ်ကုန်တယ်။ ဒီပဒေါင်ညီမလေးတွေလဲ အငယ်ပိုင်းတွေက ကြေးကွင်းမစွပ်ချင်တော့တာကို အတင်းစွပ်ဖို့ ဆွဲဆောင်ပြီး အစိုးရတွေ စီးပွားရှာနေကြသလားလို့။

ဗဟုသုတတွေတိုးတယ် မချော...

မေးစရာရှိတယ်.. သူတို့ကို.. အဲဒီလည်ပင်းယားရင် ဘယ်လိုကုတ်သလဲလို့.. :P.. ပဒေါင်တွေဟာ ထိုင်းမှာရော မြန်မာမှာပါနေလို့ ဘယ်သူ့လူမျိုးလဲဆိုတာတောင် ပြောရခက်တယ်... သေချာတာကတော့ လူဦးရေအတော်နည်းပါးနေပြီလို့ဆိုတာပဲ...

ခင်မင်လျက်
နေ၀သန်

မချောရေ
အလယ်ကအမကြီးတယောက် ကြေးကွင်းဖြုတ်ရောင်းလိုက်တာ တွက်ခြေကိုက်ရဲ့လားမသိဘူး။ လည်ပင်းမှာ ကြေးကွင်းလေးတွေစွပ်ထားတဲ့ ပဒေါင်လူမျိုးတွေကို ငယ်ငယ်ထဲက ပုံတွေမှာ တွေ့ပြီး စိတ်ဝင်စားတာ။ အခွင့်သင့်ရင်တော့ တွေ့ချင်ပါတယ်။
ချစ်တဲ့
သဒ္ဓါ

သူတို့ရဲ့ ကြေးကွင်းတွေကို စိတ်ဝင်စားမိဖူးတယ်။ အိပ်ရင်တော့ ကြေးကွင်း ဖြုတ်အိပ်မယ် ထင်မိခဲ့တယ်။ ခုတော့ တစ်သက်လုံးကြီးဆိုတော့ လွယ်ဘူးပဲ။ ကြေးကွင်းတွေက အရောင်လက်နေတယ်နော်။ ကြေးညှိတက်ရင် ဘယ်လို ကြေးချွတ်အရောင်တင်ကြမှာလဲ..။

ကချင်ရိုးရာဝတ်စုံလေးနဲ့ ချော က ပိုလှမယ်ထင်တယ် မြင်ယောင်ကြည့်သွားတယ် ...

နေ၀သန်ပြောတာလဲ စဉ်းစားစရာပါပဲ...ပဒေါင်က ဘယ်နိုင်ငံကလူမျိုးလဲ ယဉ်ကျေးမှုကိုပဲ အခိုးခံရတာလား...သူခိုးကပဲ လူဟစ်မိနေသလား သေချာအောင်လို့ သမိုင်းနဲ့ မနုဿဗေဒပညာရှင်တွေကိုပဲ အားကိုးရမှာပဲ...

ဖတ်ဖူးတာကတော့ အသက်ကြီးလာရင် ကြေးကွင်းတွေကို ပြန်ဖြုတ်တယ်ဆိုလားလို့...အခုမှပဲ တစ်သက်လုံးတပ်ရမှန်း သိတော့တယ်...ယဉ်ကျေးမှုနဲ့ ကျန်းမာရေး ဘယ်ဒင်းကိုရွေးရမယ်ဆိုတာကတော့ ရွေးရခက်ကြီးပါပဲ ဒေါ်ချောရေ...

တစ်ခုတော့ရှိတယ် ကြေးကွင်းတွေစွပ်ထားတော့ အရွယ်တင်သလိုပဲ...အလယ်က အန်တီကြီးကိုလည်း ကြေးကွင်းစွပ်ပေးလိုက်ရင် အရွယ်ပိုတင်ပြီး ပိုလှသွားမလား စဉ်းစားနေမိတယ်...း)

ပဒေါင်ကို ကယန်းလို့ခေါ်မှန်း အခုမှပဲ သိတော့တယ်...ညံ့ချက်...

ချောရေ..ပဒေါင်လူမျိုးတွေအကြောင်းဖတ်ရတာဝမ်းသာပါတယ်..မြန်မာနိုင်ငံရဲယဉ်ကျေးမူကိုဖေါ်ထုပ်ပေးရာရောက်ပါတယ်..ဆက်လက်မျှဝေနိုင်ပါစေ...

မေတ္တာဖြင့်...
ရွှေဝန်းရတနာ....

သူတို့ရုပ်တွေကပဲ ဆင်ကြတာလား။ ဒီသားအမိပုံပဲလားတော့မသိ ပဒေါင်လူမျိုးဓါတ်ပုံဆိုရင် အဲဒီသားအမိနှစ်ယောက်ရဲ့ မျက်နှာနဲ့ပဲ တွေ့တွေ့နေရသလိုပဲ။ သူတို့ရုပ်ကို အတော်လေးတောင် familiar ဖြစ်နေသလိုပဲ စိတ်ထဲမှာထင်တယ်။ ချောကတော့ အသေအချာ စေ့စေ့ပေါက်ပေါက် သွားလဲသွားနိုင် မေးလဲမေးနိုင် ရေးလဲရေးနိုင်တယ်။ အားကျလိုက်တာ။

ပဒေါင် ( ကယန်း) လူမျိုးတွေရဲ့
ကြေးကွင်းစွပ်တဲ့ အလေ့အထ လူမျိုးစုတွေရဲ့ဓလေ့ထုံးစံတွေနဲ့
ပုံလေးတွေကြည့်မြင်ဖတ်ခွင့်ရတာ ကျေးဇူးတင်၏

ကြေးကွင်းစွပ်တာ ဘာကြောင့်တဲ့လဲဟင်
ဆောင်း

မဆောင်း
ကျွန်မလဲ သိချင်တာမို့ ဘာကြောင့်စွပ်တာလဲလို့ မေးတော့ ထူးထူးထွေထွေ မပြောဘဲ ရိုးရာထုံးစံမို့ စွပ်တာပါလို့ဘဲ အဖြေပေးပါတယ်. ဒီလိုဘဲ ဖြေတာနဲ့ ပိုစ့်ထဲ ထည့်မရေးလိုက်တော့တာပါ။
အားလုံးကိုကျေးဇူးပါနော်..

သူတို့ ကြေးကွင်းဖြုတ်ထားရင် ဘယ်လိုနေမလဲ သိချင်လိုက်တာ။း)
ညောင်ရွှေမှာတော့ မြင်ဖူးတယ်။ မြန်မာစကားကောင်းကောင်းမတတ်တော့ ဘာမှ မေးမရဘူး။း)
အဲ စကားမစပ် ပဒေါင်နှစ်ယောက် အလယ်က ကောင်မလေး အရမ်းချောတယ်။ အရပ်လည်း မြင့်မြင့်နဲ့ သဘောကျသဗျိုး။

ချောပြောတဲ့ "လူမျိုးစုတွေရဲ့ ဓလေ့ထုံးစံတွေဟာ အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောင်းလဲ သွားတတ်ကြတာကို နားလည်မိ ရပါတယ်။ ဘာဘဲဖြစ်ဖြစ် လူမျိုးစုအတွက် ကောင်းတဲ့ ပြောင်းလဲခြင်း ကိုတော့ လက်ခံရမှာပါ"ဆိုတာလေးကို သဘောကျမိတယ် ချောရေ။

အဲဒီ ကြေးကွင်းထဲကို ပရွက်ဆိပ်ဝင်ကိုက်ရင် ဘယ်လိုကုပ်မလဲမသိဘူးနော်..:P

ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါအစ်မ...
အဲဒီကျေးကွင်းကို ခေါင်းကနေစွပ်ရတာလား ...ဒါမှမဟုတ်လည်ပင်းကနေပဲဆွဲကြိုးဝတ်သလိုဝတ်ရတာလားအစ်မ..

အလည်ကအမကြီးကပိုချောသလိုပဲ....ဟဲဟဲ