ဖေဖေရဲ့ နှစ်သစ်စိတ်ကူး


 


တစ်ခါက မွန်ဘိုင်းမြို့မှာ နေတဲ့ အသက်အရွယ်ခပ်ကြီးကြီး အဖိုးအိုတစ်ယောက်က နှစ်သစ်ကူးခါနီး ရက်တစ်ရက်မှာ နယူးယောခ့်မှာ ရှိနေတဲ့ သူ့သားဆီကို ဖုန်းဆက်ပါတယ်..

"သားရေ မင်းကို အဖေ အနှောက်အယှက်ပေးရတာ စိတ်တော့မကောင်းပါဘူးကွာ... ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရတော့မယ်..  မင်းအမေနဲ့ ကွာရှင်းတော့မယ်လို့ အဖေဆုံးဖြတ်လိုက်ပြီ   မင်းအမေရဲ့ ဒုက္ခတွေကို ၃၅ နှစ်လုံးလုံး အဖေ ခံခဲ့ရတာ. ထပ်ပြီး သီးမခံနိုင်တော့ဘူး.. တော်လောက်ပြီ..  "

“အဖေ... ဘာတွေပြောနေတာလဲ.. အဓိပ္ပါယ်မရှိတာ။ အဖေတို့ ဘယ်တုန်းကမှ ရန်မဖြစ် ဘာမဖြစ်နဲ့.. ဒီလောက် အဆင်ပြေနေခဲ့တာကို”  သားဖြစ်သူက ဖုန်းထဲကနေ အဖေကို အော်ပြောလိုက်ပါတယ်..

သူ့အဖေကလည်း ပြန်ပြောပါတယ်        “အခု ငါတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကိုမကြည့်ချင်ကြတော့ဘူး...  ဆက်ပြီး အတူတူနေဖို့လဲ မဖြစ်နိုင်တော့ဘူး.. .. တော်ပြီ.. ဒီအကြောင်း အဖေ ထပ်မပြောချင်တော့ဘူး... ဟောင်ကောင်က မင်းအစ်မကို မင်းဘဲ ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောပြလိုက်တော့... အဖေတော့ ဘာမှ မရှင်းပြချင်တော့ဘူး” လို့ပြောပြီး သူ့အဖေဟာ ဖုန်းချသွားခဲ့ပါတယ်..

သားဖြစ်သူက ချက်ခြင်းဘဲ ဟောင်ကောင်က အစ်မဆီကို ဖုန်းခေါ်ပြီးတော့ ဖုန်းထဲကနေ ဒေါသတကြီးနဲ့  သူ့အဖေ ပြောသွားတဲ့စကားတွေကို အစ်မဖြစ်သူကို ပြန်ပြောပြပါတယ်.. .. အစ်မကလည်း သူ့စကားကို သေချာနားထောင်ပြီး “စိတ်မပူနဲ့ အိမ်ကို ငါဖုန်းဆက်ကြည့်ပါဦးမယ်.. ပြီးတော့ ဘာဆက်လုပ်ရမယ်ဆိုတာ တိုင်ပင်ကြတာပေါ့ ” လို့  ပြန်ပြောပါတယ်..


ပြီးတော့ အစ်မဟာ ချက်ခြင်းဘဲ သူတို့ အဖေအမေရှိတဲ့ မွန်ဘိုင်းမြို့ကို ဖုန်းခေါ်ပါတယ်.. အဖေဖြစ်သူ ဖုန်းလာကိုင်တော့ သူမက ဖုန်းထဲကနေ အဖေကို အကျိုးအကြောင်း မေးမြန်းပါတယ်။။ ဖခင်ကလည်း သူ့သားကို ပြောတဲ့အတိုင်းဘဲ ပြန်ပြောပြပါတယ်.. ကွာရှင်းဖို့လည်း စီစဉ်ထားပြီ ဖြစ်ကြောင်း၊ ဘယ်သူ တားတား မပြင်တော့မဲ့အကြောင်းကိုလည်း ပြောပါတယ်.. ဒီတော့ သမီးဖြစ်သူက သူ့အဖေကို

“အဖေ ကွာရှင်းဖို့ကိစ္စ လုံးဝ မလုပ်နဲ့ဦး .. သမီးမလာမချင်း အဲဒီကိစ္စနဲ့ပါတ်သက်ပြီး မဆုံးဖြတ်ကြနဲ့ဦး.. ဘာမှလဲ မလုပ်နဲ့ဦး .. မောင်လေးကို သမီးဖုန်းပြန်ခေါ်ဦးမယ်.. မနက်ဖြန် သမီးတို့ ၂ယောက်စလုံး အဖေတို့ဆီ ရောက်အောင်လာခဲ့မယ်.. သမီးတို့မရောက်ခင် ဘာမှမလုပ်နဲ့ .. အဖေ..သမီးပြောတာ အဖေ ကြားရဲ့လား.. သမီးတို့ မဖြစ်ဖြစ်အောင် လာခဲ့မယ်။ အဖေ သမီးတို့ကို စောင့်ပါ။” လို့ပြောလိုက်တော့

သူမတို့ရဲ့ အဖေက “ကောင်းပြီလေ.. စောင့်နေမယ် လာမယ်ဆိုလဲ ဖြစ်အောင်လာခဲ့ကြပေါ့” လို့ ပြောပြီး ဖုန်းချသွားပါတယ်..   ဒါနဲ့ သူမက သူ့မောင်ရှိရာ နယူးယောခ့်ကို ဖုန်းထပ်ခေါ်ပြီး  မနက်ဖန်ကို ရရာလေယာဉ်နဲ့ အိမ်ပြန်လာခဲ့ဖို့ လှမ်းပြောပါတယ်။ သူမရဲ့မောင်ကလည်း “ဟုတ်ပြီ.. လက်မှတ်ရအောင် စီစဉ်ပြီး လာခဲ့ပါမယ်” လို့ ကတိပေးလိုက်ပါတယ်..

မွန်ဘိုင်းမှာ ရှိတဲ့ အဖိုးကြီးကတော့ သမီးနဲ့ဖုန်းပြောပြီးတာနဲ့  ဘေးနားမှာ ရှိနေတဲ့  သူ့မိန်းမဖြစ်သူ အဖွားကြီးကို  ပြုံးပြုံးကြီး လှည့်ပြီးပြောလိုက်တာက

“ အိုကေ .. အဆင်ပြေသွားပြီ။ မနက်ဖန်လုပ်မဲ့ New Year Party ကို သူတို့ ၂ယောက်လုံး လေယာဉ်နဲ့ ရောက်လာကြလိမ့်မယ်.. ဒါဆိုရင် နှစ်သစ်ကူးမှာ မိသားစု အားလုံး စုံစုံညီညီ ဖြစ်သွားပြီပေါ့ကွာ.... ရိုးရိုး တန်းတန်းခေါ်ရင် အလုပ်အကြောင်းပြပြီး လာကြမှာ မဟုတ်ဘူး.. ခုလို နည်းနဲ့ခေါ်လိုက်တော့ သူတို့ မလာဘဲ မနေတော့ဘူးလေ..” တဲ့ ။


-----------------------------------------------------------------------


ဒါလေးက ကျွန်မ ဘလောဂ့်လေး စရေးကာစက တင်ခဲ့ဖူးတဲ့ ဘာသာပြန်လေးတစ်ခုပါ.. ခုလို နှစ်သစ်လေး ပြန်ရောက်လာချိန်မှာတော့ မဖတ်ရသေးသူတွေ ဖတ်ဖို့ ပြန်ပြီးတင်ပေးတာပါ။  ကျွန်မတို့မှာ အခါကြီး ရက်ကြီးတွေမှန်း မသိနိုင်လောက်အောင် အလုပ်တွေရှုပ်၊ အပူတွေများ ၊ သောကတွေပွားပြီး ကိုယ့်မိသားစု ကိုယ်ချစ်တဲ့ သူတွေအတွက် အချိန်မပေးနိုင် ဖြစ်နေကြပါတယ်နော်.. တကယ်တမ်းတို့ ကျွန်မတို့ရဲ့ မေတ္တာ၊ ဂရုစိုက်မှုတွေကို မျှော်လင့်နေတဲ့၊ ကျွန်မတို့တွေကို သတိရနေ၊ တွေ့ချင်နေတဲ့ မိသားစုတွေ ရှိနေပါသေးတယ်.. ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူခင်သူ ၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက် အချိန်ပေးဖို့လည်း လိုအပ်ပါသေးတယ်နော်.. ကိုယ်လုပ်နေတဲ့ အလုပ်ဆိုတာ ဘ၀တစ်ခုလုံး မဟုတ်သလို ငွေကြေးဆိုတာလဲ ဘ၀ရဲ့ အရာအားလုံးကို ဖန်တီး မပေး နိုင်ပါဘူး.. မိသားစုကို ငွေကြေးတွေ ဘယ်လောက် ပေးပေး နွေးထွေးတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုမပါရင် ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။  ကိုယ်ချစ်ရတဲ့ သူတွေ ၊ ကိုယ့်မိသားစုတွေလောက် ဘယ်အရာကမှ အရေးမကြီးနိုင်ပါဘူး.. ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေ အတွက်လည်း အချိန်လေးတွေ ဖဲ့ပေးဖို့ ကြိုးစားရအောင်လားနော်။

 Making money is not everything in life ( Unknown Author) ကို ဘာသာပြန်ပါသည်။



photo from http://swiftletfarming.blogspot.com/