အနှိုင်းမဲ့ တန်ဖိုး....




ကျောင်းပိတ်ရက်ဖြစ်၍ ခပ်ဟောင်းဟောင်း တိုက်အိုလေးတစ်ခု၏ရှေ့ သစ်ပင်ရိပ် မြေကွက်လပ်တွင် အသက် ၁၂ နှစ်နှင့် ၁၀နှစ် အရွယ် ဂျွန်နှင့် ဆမ် ညီအစ်ကို နှစ်ယောက် ဆော့ကစားနေကြသည်။ သူတို့နှင့် မလှမ်း မကမ်းတွင်တော့ ကလေးတို့၏ မိခင် မေရီက  တံမြက်စည်းလှည်းရင်း နေအိမ်ဝန်းကျင်တစ်ဝိုက်ကို သန့်ရှင်းရေး လုပ်နေသည်။ ပူပြင်းသော နေရောင်ကြောင့် မိခင်၏မျက်နှာတွင် ချွေးဥတို့က ယိုစီးကျလျှက်. ခပ်နွမ်းနွမ်း အင်္ကျီမှာလည်း နောက်ကျောတွင် ချွေးများ စိုရွဲလို့ နေခဲ့သည်။ ထိုစဉ် တိုက်ခန်းရှေ့သို့ တောက်ပ ပြောင်လက်နေသော ဇိမ်ခံကားကြီးတစ်စီးက ထိုးရပ်လာပြီး ကားပေါ်မှ ၀တ်ကောင်းစားလှများဖြင့် သပ်ရပ် ကြော့ရှင်းနေသော အမျိုးသမီးတစ်ဦး ဆင်းလာသည်။ ကလေးတို့၏ မိခင် မေရီက အမျိုသမီးကို နှုတ်ဆက်စကားဖြင့် ဆီးကြိုသည်။ ကားရပ်လိုက်ကတည်းက ကစားခြင်းကို ရပ်လိုက်ကာ စောင့်ကြည့်နေသော ကလေး နှစ်ယောက်မှာ သူတို့၏ မိခင်နှင့် စကားပြောနေသော အမျိုးသမီးကို စိတ်ဝင်စားစွာ ကြည့်နေမိကြသည်။ ထိုအမျိုးသမီးသည် အိမ်သို့ မကြာခဏ လာလည်တတ်သော မေမေ့သူငယ်ချင်း အန်တီရှယ်လီ ဖြစ်သည်။

ထိုစဉ် အစ်ကိုဖြစ်သူ ဂျွန်က  “  ဆမ်.. အန်တီ ရှယ်လီ့ကားကြီးက အကောင်းစားကြီးနော်.. စီးကြည့်ချင်လိုက်တာ ငါတို့ဘ၀မှာ ဒီလိုကားမျိုး တစ်ခါမှ မစီးဖူးဘူး.. အန်တီရှယ်လီကလည်း ချောလိုက်တာ.. အ၀တ်အစားတွေကလည်း အကောင်းစားတွေ.. ကြည့်လို့ကောင်းလိုက်တာ.. ငါတို့မေမေကို ကြည့်ပါဦး.. ၀တ်ထားတဲ့ အင်္ကျီက ဟောင်းလို့၊ ရုပ်ကလည်း ဟိုအန်တီ့လိုလဲ မချောဘူး.. ပြီးတော့ ငါတို့မေမေမှာ ကားလည်း မရှိဘူး.. ပိုက်ဆံလည်း အများကြီး မရှိဘူး။ အန်တီရှယ်လီကို ကြည့်ရတာ ပိုက်ဆံတွေလည်း အများကြီး ရှိမှာနော်.. သူသာ ငါတို့မေမေ ဖြစ်မယ် ဆိုရင် ဘယ်လောက်ကောင်းမလဲ ” ဟု ပြောလိုက်တော့ “ ဟုတ်တယ်နော် ကိုကို  ကားလည်းရှိ ပိုက်ဆံလည်း ချမ်းသာတဲ့ အန်တီရှယ်လီကို ဆမ်လည်း  မေမေတော်ချင်တယ်..” ဟု ပြန်ပြောလေသည်။

ကလေးနှစ်ယောက် ပြောနေသည်ကို မေရီနဲ့ ကားပိုင်ရှင် အမျိုးသမီးတို့က မကြားလိုက်ကြပါ.. နှစ်ယောက်သား စကားပြောကြရင်း တိုက်အိမ်အိုလေးထဲသို့ ၀င်သွားကြလေသည်။ ကလေးနှစ်ယောက်မှာ ဆက်ပြီး ကစားနေကြသော်လည်း စိတ်ပါလက်ပါ မရှိကြတော့.. သူတို့ အာရုံက ကားကောင်းကြီးနှင့် ရောက်လာသော ၀တ်ကောင်းစားလှနှင့် ရှယ်လီ့ထံသို့ ရောက်နေလေသည်။ အငယ်ဖြစ်သူ ဆမ် “ကိုကို အန်တီရှယ်လီ ဘာလာလုပ်လဲ သွားကြည့်ရအောင်….  ဆမ်တို့လည်း အိမ်ထဲ ၀င်ကြစို့” ဟု ပြောလိုက်ရာ ဂျွန်ကလည်း ထရပ်လိုက်ပြီး နှစ်ဦးသား တိုက်အိမ်လေးထဲသို့ ၀င်လာခဲ့ကြသည်။ ထို့နောက် သူတို့၏ မိခင်နှင့် ဧည့်သည်အမျိုးသမီးတို့ ထိုင်နေသော ဧည့်ခန်းရှိ သစ်သားဆက်တီ ခပ်ဟောင်းဟောင်းလေးနားတွင် မယောင်မလည်နှင့် သွားရပ်နေကြရင်း ၄င်းတို့၏ ပြောစကားများကို နားထောင်ကြသည်။

ရှယ်လီက သူတို့အိမ်အကြောင်း၊ နံမည်ကြီးကျောင်းတွင်ထားသော သူ၏သားသမီးများ အကြောင်း၊ မကြာခင်က ၀ယ်လိုက်သော ရေခဲသေတ္တာကြီးအကြောင်း၊ အိမ်တွင်မွေးထားသော ခွေးများက အမဲသားနှင့် နို့ တစ်ရက်ကို ဘယ်နှစ်ပေါင် စားကြောင်း၊ အိမ်တွင်ကားဘယ်နှစ်စီး ထပ်ဝယ်ထားကြောင်း စသည်စသည် များပြားလှသော  အကြောင်းအရာများကို ဟန်နှင့်ပန်နှင့် ရေပက်မ၀င်အောင် ပြောနေလေသည်။ သူတို့မိခင်ကတော့ တစ်ချက်တစ်ချက် “အင်း..” “ဟုတ်လား” စသည် စကားထောက် ၀င်ပြောခြင်း ကလွဲလို့ တစ်ခြားဘာမှ မပြောပါ။ ငြိမ်ပြီး နားထောင်နေသည်က များလေသည်။ ကလေးနှစ်ယောက်ကတော့ ရှယ်လီပြောသမျှကို အံ့သြစိတ်ဝင်စားစွာ နားထောင်နေရင်း သူတို့၏ စိတ်ထဲတွင် ရှယ်လီ့ကို အထင်ကြီးစိတ်များ၊ ရှယ်လီတို့၏ အိမ်ကြီးတွင် နေချင်စိတ်များ၊ တဖွားဖွား ဖြစ်ပေါ်လို့ နေသည်။ ပြီးတော့လည်း သူတို့မေမေ၏ ဘာမှ ပြန်မပြောသော အနေအထားကိုလည်း စိတ်ထဲက အားမလို အားမရ ဖြစ်နေမိသည်။

ကလေးနှစ်ယောက်၏ အတွေးတွင် “မေမေဟာ ဘာလို့များ ဘာမှ ပြန်မပြောတာပါလိမ့်.. သူတို့ညီအစ်ကို အကြောင်းတွေ ပြောပြလိုက်ပါတော့လား..   သူတို့ကို မချစ်ဘူးလား.. အန်တီရှယ်လီကတော့ သူ့သားတွေ သမီးတွေ တော်တာ၊ အစားအသောက် ကောင်းကောင်း ကြိုက်တာ၊ အ၀တ်အစားဆိုလည်း ကောင်းတာမှ ၀တ်ချင်တာတွေ ပြောနေတာ ရွှန်းရွှန်းကိုဝေလို့.. မေမေကတော့ နှုတ်ပိတ်ပြီး ထိုင်နေတယ်..  မေမေ့မှာ ဘာလို့များ ဘာမှကို ပြောစရာ မရှိတာပါလိမ့်…”  ဟူ၍ တွေးနေမိကြသည်။

စကားတွေ အများကြီးပြောနေသော ရှယ်လီက “ ဟယ် ခုမှ သတိရတယ်.. တို့ ဒီကိုလာရင်း လမ်းမှာ ရတနာဆိုင်တစ်ခုကို ၀င်လာခဲ့တယ်.. အဲဒီဆိုင်မှာ စိန်ထည်လေးတွေ လှတာတွေ့တာနဲ့ သံအမတ်ကြီး ဧည့်ခံပွဲမှာ ၀တ်ဖို့ ၀ယ်လာခဲ့တယ်.. မေရီ့ကို ပြရဦးမယ် သိလား” ဟု ဆိုကာ သူမ၏ လက်ကိုင်အိတ် ခပ်ကြီးကြီး အကောင်းစားကို ဖွင့်လိုက်သည်။ ပြီးနောက် အထဲမှ လူကြီးလက်ဝါးသာသာအရွယ် ဗူးလေးတစ်ခုကို ထုတ်ကာ ဖွင့်လိုက်သည်။ ဗူးထဲတွင်တော့ နေ့ခင်း အလင်းရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော စိန်ထည်လေးများက လင်းပ လက်ဖြာနေသည်။ ထိုဗူးလေးကို မေရီ့ကို ကမ်းပေးလိုက်သော မေရီက ၀တ်ကျေ တန်းကျေ တစ်ချက်တော့ ယူကြည့်ပြီး ချက်ခြင်းဘဲ ရှယ်လီ့ကို ပြန်ပေးလိုက်သည်။ ကလေးတို့၏ မိခင်ဖြစ်သူ မေရီ့မျက်လုံးများထဲတွင်မူ လှပပြိုးပြက်နေသော စိန်ထည်များပေါ်တွင် တပ်မက်မှု၊ လိုချင်မှု၊ စိတ်ဝင်စားမှု အရိပ်အယောင်များ ရှိမနေခဲ့..  ပကတိ အဖြူထည်..

“မေရီ.. နင်က ဒီလိုစိန်ထည်တွေကို စိတ်မ၀င်စားဘူးလား.. နင့်ဘ၀မှာ ဒီလို တန်ဖိုးကြီး ရတနာပစ္စည်းတွေ တစ်ခါမှ မ၀တ်ဖူးဘူး မဟုတ်လား.. တန်ဖိုးကြီးကြီး အရည်အသွေးကောင်းတဲ့ စိန်ထည်တွေကို ၀တ်ချင်တဲ့စိတ်၊ လိုချင်တဲ့စိတ် မရှိဘူးလား.. ကျောက်မျက်ရတနာ ကောင်းကောင်းဆိုတာ ကိုယ့်ဆီမှာ ရှိရင် ဘယ်လောက်ဂုဏ်တက်တယ် ဆိုတာ နင်သိမှာ မဟုတ်ပါဘူး မေရီ” ရှယ်လီက မေရီ့ကို ပြောလိုက်တော့ မေရီက တစ်ချက် ပြုံးလိုက်ရင်း

မေရီ ဒီလို စိန်တွေ၊ ရွှေတွေ၊ ကျောက်မျက်ရတနာတွေကို ဒီလောက် မမက်မောပါဘူး ရှယ်လီ.. မေရီ့မှာ အဖိုးတန်ဆုံး ရတနာတွေ ရှိနေပြီးသားဖြစ်တဲ့အတွက် ကျန်တာတွေ မရှိလဲ ဖြစ်ပါတယ်.. ဒီ စိန်တွေဟာ မေရီ့ရဲ့ ရတနာတွေလောက် တန်ဖိုးထားစရာလဲ မရှိဘူး.. မက်မောစရာလဲ မရှိဘူး.. မေရီ့မှာ ရှိတဲ့ အဖိုးတန်ဆုံး ရတနာတွေနဲ့တင် လုံလောက်ပါတယ်.. အဲဒီရတနာတွေကသာ မေရီ့အတွက် တန်ဖိုးထားရာ အလိုအပ်ဆုံးအရာတွေပါ

မေရီ့စကားကို ကြားတော့ ရှယ်လီရော ကလေးနှစ်ယောက်ပါ ထူးဆန်း အံ့သြသွားခဲ့သည်။ မေရီတွင်  ဘယ်လို အဖိုးတန်ရတနာတွေ ရှိနေခဲ့ပါလိမ့်… သူတို့တွေလည်း မသိလိုက်ရပါလား.. ဟူသည့် အံ့သြခြင်းတွေက သူတို့တွေ၏ မျက်နှာမှာ ယှက်ဖြာလို့ နေသည်။ ချက်ခြင်းဘဲ ရှယ့်လီထံမှ အသံထွက်လာသည်.. “ အမယ် မေရီက ရတနာတွေ ရှိတယ်ပေါ့.. တို့လဲ မသိရပါလား.. ပြောပါဦး ဘယ်လို ရတနာတွေလဲ.. ပတ္တမြားလား.. မြတွေလား”  မယုံသလို၊ ခနဲ့သလို မေးလိုက်ခြင်းသာ ဖြစ်သော်လည်း မေရီက ခပ်ဖွဖွလေး အပြုံးတစ်ခုနဲ့ အတူ


Image Hosted by PicturePush - Photo Sharing  “ ရှယ်လီပြောတဲ့ ရတနာတွေ တစ်ခုမှ မဟုတ်ပါဘူး.. ရှယ်လီ.. မေရီ့အတွက် အဖိုးတန်ရတနာဆိုတာ မေရီရဲ့ သားလေးနှစ်ယောက်ပါ။ မေရီ သူတို့ကို ဘယ်လို ရတနာတွေနဲ့မှ မနှိုင်းယှဉ်လောက်အောင် တန်ဖိုးထားပြီး ချစ်တယ်.. သူတို့ဟာ မေရီ့အတွက် အကောင်းဆုံး၊ အဖိုးတန်ဆုံး ရတနာတွေ ဖြစ်တဲ့အတွက် တစ်ခြား ဘယ်လို ရတနာမျိုးမှ မေရီ့အတွက် တန်ဖိုးထားစရာ မက်မောစရာ မဖြစ်တော့ပါဘူး.. ဒီရတနာတွေနဲ့လည်း ဘာနဲ့မှ မလဲနိုင်ပါဘူး။

 ခိုင်မာ တည်ကြည်သော လေသံဖြင့် ပြတ်ပြတ် သားသား ပြောလိုက်သော မေရီရဲ့ စကားသံက ဧည့်ခန်းကလေးကို တဒင်္ဂ တိတ်ဆိတ်ခြင်းများ ဖြစ်ထွန်းသွားစေခဲ့တော့သည်။

စက္ကန့် အနည်းငယ် ကြာပြီးနောက်မှာတော့ ဂျွန်နဲ့ ဆမ်တို့က သူတို့၏ မိခင် မေရီကို “မေမေ ” ဟု ခေါ်ကာပြေးပြီး ဖက်လိုက်ကြသည်။ သူတို့မေမေ ရင်ထဲတွင် သူတို့အပေါ် ဘယ်လောက်တောင် ချစ်ခင်မြတ်နိုး တန်ဖိုးထားသည် ဆိုတာ ခုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရလေပြီ။ ကားကောင်းကြီး စီးနိုင်ပြီး ချမ်းသာသော၊ ၀တ်ကောင်းစားလှ ၀တ်နိုင်သော၊ ဟိတ်ဟန်ကြီးသော အန်တီရှယ်လီကို အမေတော်ချင်သည် ဟု အစောတုန်းက နှစ်ယောက်သား ပြောခဲ့မိသော စကားများအတွက် ရှက်ခြင်း၊ ၀မ်းနည်းခြင်းများ ခံစားနေရသလို သူတို့မေမေ၏ သူတို့အပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားခြင်းကို သိလိုက်ရ၍ ၀မ်းသာကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း စသည်ခံစားချက် မျိုးစုံတို့ဖြင့် သူတို့လေးတွေ၏ ပါးပြင်ပေါ်တွင် မျက်ရည်စများ လိမ့်စီးကျလာလေသည်။ မေရီက မိခင်မေတ္တာအပြည့်ဖြင့်  ကလေးနှစ်ယောက်၏ ပါးပြင်ပေါ်က မျက်ရည်များကို ချစ်ခင်ကြင်နာခြင်း ယုယခြင်းတို့ ပေါင်းစပ်ကာ တို့သုတ်ပေးနေလေတော့သည်။ ကလေးတွေကလည်း မေရီကို တင်းကြပ်စွာ ပြန်လည်ဖက်ထားလို့နေခဲ့ရာ နှုတ်မဆက်ဘဲ ဧည့်ခန်းထဲမှ တိတ်ဆိတ်စွာ ထထွက်သွားသော ရှယ်လီ့ကို သူတို့ မိသားစု ဂရုမထားမိ လိုက်ကြတော့ပေ။ ကျန်ရစ်ခဲ့သော ဧည့်ခန်းထဲမှာတော့ ကြွားဝါခြင်းတို့ ကင်းပသည့် ဖြူစင်မွှေးပျံ့သော မေတ္တာချစ်ခြင်း ရနံ့တို့က သင်းပျံ့လို့ နေလေခဲ့ပြီ။

သားသမီးတို့သည် မိခင်များအတွက် တန်ဖိုးအထားရဆုံး ရတနာများ ဖြစ်ကြသကဲ့သို့ သားသမီးတိုင်းသည်လည်း မိဘများအား အနှိုင်းမဲ့သော အဖိုးတန် ရတနာများအဖြစ် ပြန်လည်မြတ်နိုး တန်ဖိုးထားကြမည်ဆိုလျှင် ကမ္ဘာကြီး တစ်ခုလုံး ဖြူစင်သော မေတ္တာရနံ့တို့ မွှေးမြပျံ့လွှင့်နေမည်မှာ အသေအချာပင်။

~~~~~~~~~~~~~~~~~~~~~~~~


လွန်ခဲ့သော တစ်နှစ်ကျော်လောက်က အင်တာနက်တွင် ဖတ်ခဲ့မိသော အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ၀တ္ထုတိုလေး တစ်ပုဒ်ကို ယနေ့ ပြာသိုလပြည့်နေ့တွင် ကျရောက်သော အမေများနေ့အတွက် မိခင်များအားလုံးကို ဦးညွှတ်ရင်း အမှတ်ရစွာ  ပြန်လည်ခံစား ရေးဖွဲ့ပါသည်။ ရေးသူအမည်နှင့် ခေါင်းစဉ်ကို မမှတ်မိတော့သည်မို့ မဖော်ပြနိုင်တာ နားလည်ခွင့်လွတ်ပေးပါလို့ ပန်ကြားချင်ပါတယ်။ ကျွန်မရဲ့ ချစ်လှစွာသောအမေနှင့် တကွ ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေရှင်။