ချစ်တတ်သူတို့နဲ့ တစ်နေ့တာ



ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ကျွန်မနေတဲ့ မြို့ကလေးရဲ့ ဆိုင်တွေ တော်တော်များများ လှလှပပ ပြင်ဆင်ထားကြသလို စတိုးဆိုင်၊ စူပါမားကက်တွေမှာတော့ ချောကလက်ဗူး လှလှလေးတွေကို အဲဒီနေ့ မတိုင်ခင်ကတည်းက ခင်းကျင်းရောင်းချ ထားကြပါတယ်. ၀ယ်သူတွေလဲ အုန်းအုန်းကျက်ကျက် ပါဘဲ။ ချစ်သူများနေ့ ဖြစ်တဲ့ ၁၄ရက်နေ့မှာတော့  တစ်မြို့လုံးမှာ ရှိတဲ့ ပန်းဆိုင်တွေဟာလည်း ပန်းစည်း လှလှပပတွေ အများကြီးကို အဆင်သင့်ပြုလုပ်ထားပြီး ၀ယ်မဲ့သူကို စောင့်နေကြပါတယ်..


ဆိုင်တစ်ခုရဲ့ အပြင်အဆင်


ချစ်သူများနေ့အတွက် ပန်းစည်းတွေ အဆင်သင့်ပြုလုပ်ရောင်းချတဲ့ ပန်းဆိုင်


နောက်တစ်ဆိုင်။ ပန်းတွေက လှမှလှ။ တစ်မြို့လုံး ပန်းဆိုင်တွေအားလုံး ဒီလိုပန်းစည်းတွေ ပြင်ဆင်ထားကြလေရဲ့။


မနက်ခင်းပိုင်းမှာ တစ်ဆိုင်လုံးအပြည့် ရှိနေတဲ့ ပန်းစည်းတွေဟာ ညပိုင်းအရောက်မှာ ရှိသမျှဆိုင်တွေ တော်တော်များများမှာ ကုန်သလောက် ရှိသွားပါတယ်.. ပြီးတော့ လမ်းပေါ်မှာ သွားလာနေတဲ့ မိန်းမငယ်၊ မိန်းမလတ် တွေရဲ့ လက်ထဲမှာလည်း ပန်းစည်းတွေ ကိုယ်စီ ကိုယ်စီနဲ့ မျက်နှာပေါ်မှာတော့ အပြုံးတွေကို ၀တ်ရုံလွှာ သဖွယ် လှပစွာ ဆင်မြန်း လွှမ်းခြုံလို့ပေါ့။ ပန်းတွေများ ၀ယ်လို့တောင် မရတော့လောက်အောင် အ၀ယ်လိုက် အရောင်းသွက်နေကြတယ်လို့ ဆိုကြပါတယ်။ ဈေးကလည်း အခါတိုင်းထက် အများကြီး ပိုပေးပြီး ၀ယ်ရပါတယ်တဲ့။ ဒီတော့ စဉ်းစားမိတယ်.. လူတွေ တော်တော် ချစ်တတ်လာကြတယ် ထင်တယ်လို့။ ဒါမှမဟုတ် ကိုယ်ချစ်ခင် တွယ်တာတဲ့သူတွေကို အလေးအနက် ထားတတ်လာကြတယ်လို့များ ပြောရမလား မသိပါဘူး။


ချစ်သူများနေ့မှာ ပေါင်းစပ်ခွင့် ရလို့ ပျော်ရွှင်နေတဲ့ မင်္ဂလာမောင်နှံပါ။


ပြီးတော့လဲ အဲဒီနေ့မှာမှ လက်ထပ်မင်္ဂလာ ဆင်ယင်ကျင်းပချင်တဲ့ ချစ်သူတွေကလည်း ရှိပါသေးတယ်။ ချစ်သူများနေ့မှာ ဘ၀တစ်သက်တာ လက်တွဲကြမဲ့ လက်ထပ်မင်္ဂလာပွဲကို မှတ်မှတ်ရရ ပြုလုပ် ကျင်းပချင်ကြပါသတဲ့လေ။ အဲဒီထဲမှာ ညီမအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက်လည်း ပါပါတယ်.။ ပွဲလမ်းသဘင်တွေကို တက်ရောက်ဖို့ ၀န်လေးတတ်ပေမဲ့ ကိုယ့်ညီမလို ခင်မင်ရတဲ့သူ ဆိုတော့လည်း မင်္ဂလာဆောင်ပွဲလေးကို တက်ရောက်ဖို့ ဖြစ်လာပါတော့တယ်။ ညီမလို ခင်ရတဲ့ သူလေးက ရှမ်း-တရုတ် ဖြစ်တာကြောင့် မင်္ဂလာပွဲကို တရုတ်လိုကျင်းပကြပါတယ်။  မင်္ဂလာပွဲရောက်တော့ ကျွေးမွေးတဲ့ အစားအသောက်တွေကို ကြည့်ပြီး ကိုယ့်ဘလော့လေးမှာ တင်ချင်လာမိတယ်.. ဘာလို့ဆိုတော့ ခရီးထွက်နေတဲ့ တစ်ပတ်အတွင်း ဟင်းမချက်စားဖြစ်တော့ ဘလော့မှာ ဟင်းအကြောင်း မတင်ဖြစ်သေးတာရယ်၊ ကျွေးတဲ့ ဟင်းလေးတွေကို သဘောကျမိတာရယ်ကြောင့်ပါ။ ဒါနဲ့ဘဲ ဘလော်ဂါပီပီ ရှေ့မျက်နှာ နောက်ထားလို့ မင်္ဂလာပွဲလယ်ကောင်မှာ ဟင်းတစ်ပွဲချင်းစီကို ဓာတ်ပုံရိုက်ယူလာခဲ့ပါတော့တယ်။



မင်္ဂလာ ညနေစာ။ ဒင်နာ ကျွေးတာမဟုတ်ဘဲ ညနေ ၃နာရီလောက်မှာ ကျွေးတာမို့ မင်္ဂလာ ညနေစာလို့ဘဲ တင်စားရမယ် ထင်ပါတယ်။


စားပါဦး။ ( အလှူလက်ဖက်နဲ့ မျက်နှာလုပ်တယ် ဆိုဆို)

ကျွန်မက ကင်မရာ မကိုင်ဖြစ်ဘဲ သွားလေရာ ဘယ်နေရာဖြစ်ဖြစ် လက်စွဲတော် ဖုန်းအစုတ်ကလေးနဲ့သာ ရိုက်တတ်သူမို့ မသိမသာလေး ခိုးရိုက်လို့ ရတယ်ပေါ့။ ဒါပေမဲ့ လူတွေကတော့ အထူးအဆန်းအဖြစ် ကြည့်နေကြတာပါဘဲ။ “ဘာလို့များ ဟင်းတွေကို ဓာတ်ပုံရိုက်နေသလဲ ။ မစားဖူးတာတွေ မို့လို့လား” လို့ တွေးနေမလားတော့ မသိပါဘူး။ ထင်ချင်လဲ ထင်ပါစေတော့ ကိုယ်ကတော့ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်တာမို့ သေသေချာချာကို ရိုက်ယူလာမိပါတယ်။ ဟင်းတွေ အငမ်းလွန်ပြီး ကံကောင်းလို့ သတို့သားနဲ့ သတို့သမီးပုံ မရိုက်ဘဲ နေမိတော့မလို့။ မင်္ဂလာပွဲလေးက သပ်သပ်ရပ်ရပ်နဲ့ ပျော်ရွှင်စဖွယ်လေးပါဘဲ။ သတို့သား၊ သတို့သမီး လာနှုတ်ဆက်ချိန်မှာ သတို့သမီးလက်ထဲက နှင်းဆီပန်းစည်းက လှလွန်းလို့ မနေနိုင်ဘဲ ချီးကျူးလိုက်မိပါတယ်။ (အမှန်တော့ ပွဲပြီးရင် ကိုယ့်များ ပစ်ပေး လေမလားလို့ စကားစမိတာပါ။ ဒါပေမဲ့ သတို့သမီးက မသိချင်ဟန်ဆောင်သွားပါတယ်. ဟိဟိ)



ဟင်းပွဲတွေအကြောင်း စပြောမယ်နော်။ စစချင်းမှာ ဒီလိုလေး လာချပါတယ်.. ဘာဟင်းလို့ထင်ပါသလဲ။



အလူမီနီယံနဲ့ ထုပ်ထားတာလေး ဖြည်လိုက်တော့ ခုလို စားချင်စဖွယ် လက်ယပ်ခေါ်နေတဲ့ ပုဇွန်တုတ်ထိုးတွေ ထွက်လာပါတယ်..  ပုဇွန်ကို ဆား ဟင်းခတ်မှုန့် ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ငရုပ်ဆော့တို့နဲ့ နယ်ထားပြီး တုတ်နဲ့ထိုးကာ  အပေါ်ကနေ အလူမီနီယံဖွိုင်လေးနဲ့ ထုပ်ပြီး ဆားနဲ့တစ်ခါ အပေါ်မှာ မံထားပြီး မီးကင်ထားတဲ့ ပုဇွန်ပါ။ အသားနုနုလေးနဲ့ စားလို့သိပ်ကောင်းပါတယ်။