နေပြည်တော်ခရီးသွားပိုစ့်ကို ဆက်ပြီးဖော်ပြရမယ်ဆိုရင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ ထင်ရှားသော ရေပန်းဥယျာဉ် ဖြစ်ပါတယ်။
တိုးချဲ့ဆောက်လုပ်ထားတာတွေ ပေါင်းပြီး စုစုပေါင်း ၁၆၅ဧက ကျယ်ဝန်းတဲ့ နေပြည်တော် ရေပန်း ဥယျဉ်ဟာ ကလေးများသာမက လူကြီးများပါ ပျော်စရာကြည့်ရှုစရာ အစုံအလင် ရှိပါတယ်.. ဒါပေမဲ့ ရေပန်း ဥယျာဉ်ကို ညနေခင်းမှသာ ၀င်ဖြစ်တဲ့အတွက် နေ့ရှုခင်းအလှကိုတော့ ဓါတ်ပုံမရိုက်ခဲ့နိုင်တာကြောင့် ရေပန်း ဥယျာဉ်ရဲ့ ညအလှကိုသာ ပြန်လည်ဖော်ပြပေးပါရစေရှင်။ မှောင်ရီညချမ်းမှာ ဥယျာဉ်တွင်း ထွန်းညှိထားတဲ့ မီးရောင်တွေကိုသာ အားကိုးပြီး ရိုက်ခဲ့ရတာကြောင့် ဓါတ်ပုံများ ကြည့်ရှုရတာ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွှတ်သီးခံပြီး ကြည့်သွားကြပါလို့လည်း ပန်ကြားချင်ပါတယ်..
ရေပန်းဥယျာဉ် အ၀င်မုဒ်ဦး
နေပြည်တော် ရေပန်းဥယျာဉ်
ရေပန်းဥယျာဉ်မှာ ရေပန်းရုပ်ရှင်၊ ရေပန်းအက၊ ရေတံခွန်၊ ကြိုးတံတား၊ လူကူးသစ်သားတံတား၊ ရေကန် စသဖြင့် စုံလင်လှပြီး ရုပ်ရှင် ဗီဒီယိုရိုက်ကူးသူများလည်း လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်… မြန်မာပြည်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော ရေပန်းဥယျာဉ်လည်း ဖြစ်တာကြောင့် စိတ်ဝင်စားသူ များပြားကြပါတယ်.. အနယ်နယ်အရပ်ရပ်က လာရောက်ကြသူများနဲ့ ရေပန်းဥယျာဉ်ရဲ့ ညနေခင်းဟာ စည်ကားလွန်းလှတာကို တွေ့ရပါတယ်။ ပျားပန်းခတ်အောင် ရှုပ်ထွေးနေတဲ့ လူတွေကြားထဲမှာ ဓါတ်ပုံရိုက်ဦးမလားလို့ လာလာမေးတဲ့ ကင်မရာမင်းတွေကို ဖြေရတာကလည်း အလုပ်တစ်ခုလို ဖြစ်ပါသေးတယ်. ရှောင်လို့ မလွတ်နိုင်အောင်ကိုဘဲ သူတို့တွေက များလှပြီး လာသမျှ လူဦးရေရဲ့ တစ်ဝက်လောက်က သူတို့တွေဘဲဖြစ်မယ်လို့တောင် ထင်ရလောက်အောင် ဓာတ်ပုံဆရာတွေ များလှပါတယ်.. ကိုယ်တွေက ကိုယ့်ဓာတ်ပုံလေး တကြည့်ကြည့်လုပ်ရလောက်တဲ့ အလှပိုင်ရှင်မျိုး မဟုတ်လေတော့ သွားလေရာ ကိုယ်ကသာ မြင်မြင်သမျှ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ကိုယ့်ပုံကိုတော့ ဓာတ်ပုံအရိုက်ခံဖို့ ၀န်လေးပါတယ်. (မတော် ကိုယ့်မျက်နှာကိုယ် ပြန်လှန့်ပြီး အိပ်မရဖြစ်မှာလဲ ကြောက်ရသေး :) )
ဥယျာဉ်တွင်းမှာ
ရေပန်းနဲ့ မီးရောင်
ရေပန်းဥယျာဉ် ၀င်ဝင်ချင်းမှာ ပထမဦးဆုံးက ကြိုးတံတားကို သွားလျှောက်ပါတယ်.. လှုပ်ရမ်းနေတဲ့ ကြိုးတံတားပေါ်မှာ လူတွေများစွာ လျှောက်ကြတော့ တံတားက ယိုင်တိယိုင်တိုင်ဖြစ်လို့ လျှောက်ရခက်ရတဲ့အထဲ ပျော်တတ်တဲ့ လူတစ်ချို့က ဟေးဟေးဟားဟား အော်ဟစ်ပြီး ကြိုးတံတားကို ရမ်းသထက် ရမ်းအောင် လျှောက်ကြတော့ သက်ကြီးရွယ်အိုတွေမှာ ဗျာများရပါတော့တယ်.. တစ်ချို့ဆို အသံထွက်ပြီး အော်ဟစ်နေကြကာ အချို့ကျတော့လည်း ကုန်းကုန်းကွကွနဲ့ တရွေ့ရွေ့ ရောက်အောင်သွားကြသလို အချို့ကတော့ တော်ပြီ ရိုးရိုးတံတားကဘဲ သွားလျောက်တော့မယ်ဆိုပြီး ဆင်းပြေးသွားသူတွေလည်း ရှိပါတယ်။
ရမ်းခါနေတဲ့ ကြိုးတံတား
ဖြေးဖြေးလျှောက်ပါ။
မီးရောင်တွေနဲ့ ကြိုးတံတားကို ခပ်လှမ်းလှမ်းက ရိုက်ချက်
အောက်က ရေပြင်ပေါ်မှာပါ အရိပ်ထင်ပြီး လှနေတဲ့ ကြိုးတံတား
ကျန်ရှိနေသေးသော ပုံများကို အောက်တွင်ဆက်လက် ကြည့်ရှုပါရန်....


















