မင်္ဂလာပါရှင်..

ဒီနေ့တွေမှာတော့ ကျွန်မတို့ မြန်မာပြည်မှာ သင်္ကြန်ပွဲအတွက် တစ်ပြည်လုံးက ခြိမ့်ခြိမ့်သည်းသည်း ဆင်နွဲနေကြပြီ ဖြစ်ပါတယ်။ သူ့ရပ် သူ့ဒေသအလိုက်၊ ရိုးရာ ထုံးတမ်းစဉ်လာများနဲ့ သင်္ကြန်ကို ဆင်နွဲပျော်ရွှင်ကြလေ့ ရှိပါတယ်။ သင်္ကြန်မှာ ပြုလုပ်လေ့ ရှိတဲ့ ရိုးရာ ထုံးတမ်းစဉ်လာ တစ်ရပ်အနေနဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျွန်မရဲ့ မွေးဖွားရာ ဇာတိဒေသလေးမှာ အတာသင်္ကြန် ကြိုဆိုကျင်းပကြပုံ အကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်ရှင်။ ဒီအလေ့အထဟာ ကျွန်မတို့ မမွေးဖွားခင်ကတည်းက ကျင်းပခဲ့ကြသလို ယခုအချိန်ထိလည်း အစဉ်အလာမပျက် ကျင်းပနေဆဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားဆင်းတုတော်အား ပင့်ဆောင်မည့် လမ်း
မဟာသင်္ကြန်အကျနေ့လို့ သတ်မှတ်ကြတဲ့ ဧပြီလ ၁၄ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန်ကျချိန်လို့ သတ်မှတ်ထားတဲ့ စံတော်ချိန် အတိအကျအတိုင်း ကျွန်မတို့ ရွာကလေးရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဘုရားဆင်းတုတော်များကို မူလစံပယ်ရာ ကျောင်းတိုက်ကြီးမှ ရေသပ္ပါယ်ဆောင်ကို မဟာသင်္ကြန်ကာလအတွင်း ရေသပ္ပါယ်ခံဖို့ ပြင်ဆင်ကြပါတယ်။ သင်္ကြန်အကျနေ့မတိုင်မီကတည်းက ဘုရားဆင်းတုတော်ကို ပင့်ချီလာမဲ့ လမ်းတစ်လျှောက် ရာဇမတ်ကွက်များ ကာရံပြီး ငှက်ပျောပင် ကြံပင်များစိုက်ကာ တံခွန်ကုက္ကားများနဲ့ ပြင်ဆင်ထားပါတယ်။
ကျွန်မတို့ငယ်စဉ်ကတော့ အပျို လူပျိုတို့က ပန်းမျိုစုံတို့ကို တောတွင်းမှ ခူးကာ မြတ်စွာဘုရား ရုပ်ပွားတော်များ စံပယ်တော်မူမဲ့ ကျောင်းဆောင်လေးကိုလည်း လှပစွာ ပြင်ဆင်ကြပေမဲ့ ယခုခေတ်မှာတော့ တောတောင်များ ပြုန်းတီးကုန်ပြီဖြစ်၍ တောပန်းများ ရှားပါးပြီဖြစ်သောကြောင့် ယခုကဲ့သို့ ရောင်စုံ ပူပေါင်းများဖြင့်သာ ပြင်ဆင်ထားပါတယ်။ ကျောင်းဆောင်ကြမ်းပြင်ပေါ်တွင် အနေကထိုင်များ ခင်းထားကာ ပန်းပွင့်လေးများ ကြဲဖြန့်ပူဇော်ထားပါတယ်။
ထို့နောက် မဟာသင်္ကြန်စာတော်အရ မြန်မာတို့၏အတာသင်္ကြန်ကျချိန်ဟု သတ်မှတ်သော အချိန်ကျရောက်သည့်အခါ မြတ်စွာဘုရား ဆင်းတုတော်များအား မူလစံပ္ပါယ်ရာ ကျောင်းတိုက်ကြီးပေါ်မှ ရပ်ရွာလူကြီး၊ သာသနာ့အကျိုးတော်ဆောင် လူကြီးများက ပင့်ဆောင် လာကြပါတော့တယ်။ သာသနာ့ အလံကို ကိုင်ဆောင် ထားသူက အရှေ့ဆုံးကနေ ဦးဆောင်လာပါပြီး နောက်မှာ တံခွန်ကုက္ကား ကိုင်ဆောင်လာသူများ ဖြစ်ပါတယ်။ ၄င်းတို့ နောက်မှာတော့ ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံများ ဆင်ယင်ကာ စည်းချက်ကျကျ တီးမှုတ်လာတဲ့ ဗြောအဖွဲ့ ဖြစ်ပါတယ်။
ထို့နောက်မှာတော့ ရုပ်ပွားတော် တစ်ဆူစီကို ပွေ့ပိုက်ထားကြတဲ့ အမျိုးသားများ ဖြစ်ကြပါတယ်။ မြတ်စွာဘုရား ရုပ်ထုတော်များကို လူတစ်ဦးကျစီ ထီးဖြူမိုးက ဘေးကနေ ခြံရံ လိုက်ပါလာကြပါတယ်။ အနောက်မှာတော့ ဓမ္မစင်္ကြာ ရွတ်ဖတ်ကြတဲ့ ယောဂီများ ဖြစ်ပါတယ်။ နောက်ဆုံးတွင်တော့ အိုးစည်ဒိုးပတ်အဖွဲ့ ဖြစ်ပါတယ်။ ရေသပ္ပါယ်ခံမဲ့ ကျောင်းဆောင်ကို မရောက်မီကတည်းက အမျိုးသမီးများက ရုပ်ပွားတော်များအား မိမိတို့အိမ်မှ ယူဆောင်လာသော ရေမွှေး ၊နံ့သာ၊ ကရမက်တို့ ပေါင်းစပ်ထားတဲ့ အမွှေးနံ့သာရေဖြင့် ဦးဦးဖျားဖျား ရေသပ္ပါယ် လောင်းလှူကြပါတယ်။ ကျွန်မတို့ ငယ်စဉ်ကတော့ ခုလို ရုပ်ပွားတော်များ ကျောင်းတိုက်ကြီးများမှ ပင့်ဆောင်ခြင်းကို “ဘုရားဆင်းသည်” ဟု အတိုကောက် ခေါ်ဆိုကြပြီး အဓိပ္ပါယ်မှာ မြတ်စွာဘုရားရုပ်ပွားတော်များ ကျောင်းတိုက်များမှ ဆင်းကြွလာကာ ရေသပ္ပါယ်ခံသည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။ ထိုစဉ်ကတော့ ဘုရားဆင်းသည့်အချိန်တိုင်း စစ်သားများကလည်း သေနတ်ပစ်ဖောက်ကာ ကြိုဆိုခဲ့ကြပါတယ်။ ယခုတော့ ထိုဓလေ့မှာ မရှိတော့ဘဲ အိုးစည် ဒိုးပတ် ဗြောတို့ဖြင့်သာ ဘုရားကို ကြိုဆိုကြပါတော့တယ်။
ထို့နောက်တော့ ရုပ်ပွားတော်များကို ရေသပ္ပါယ်ဆောင်မှာ ယခုကဲ့သို့ နေရာချ စံပါယ်ကိန်းဝပ်တော်မူစေပါတယ်။
ရုပ်ပွားတော်များအားလုံး နေရာတကျဖြစ်ပြီဆိုတဲ့နောက် ခုလို အပေါ်က ရေဒလက်ကနေ ရေများပန်းထွက်လာကာ ရုပ်ပွားတော်များကို ရေသပ္ပါယ် ပူဇော်ပါတော့တယ်။
ဒါကတော့ ရေဒလက်ကနေ ရေတွေ ပန်းထွက်လာအောင် ဆက်သွယ်ထားတဲ့ ရေပိုက်ရဲ့ လမ်းကြောင်းပါ။ အပေါ်မှာ ရေကန်ကြီး ရှိပါတယ်။ အဲဒီရေကန်က ရေတွေရဲ့ ဖိအားကြောင့် ပိုက်ကနေ ရေတွေစီးကျလာပြီး ရေဒလက်ကို လည်ပတ်စေကာ ဖောက်ထားတဲ့ အပေါက်ငယ်လေးများကနေ ရေတွေ ပန်းထွက်လာပါတယ်။
ထူးခြားချက်မှာ အပေါ်ရေကန်ထဲသို့ ရေတင်ရန်အတွက် ရေစုပ်စက်များ ရှိသော်လည်း ၄င်းစက်တို့ဖြင့် ရေတင်ခြင်း မပြုလုပ်ဘဲ ရပ်ရွာမှ ကုသိုလ် ယူလိုကြသော လူကြီးလူငယ်များက ခုလို ရေပုံးများ ရေထမ်းများဖြင့် ချောင်းထဲမှ ပင်ပင်ပန်းပန်း ထမ်းပိုးလာကြကာ ရေကန်ထဲသို့ ရေကို ဖြည့်တင်းကြပါတယ်။ အောက်ခြေ လှေကားရင်းထိ အမျိုးသမီးများ ရေပုံးဖြင့် ရေသယ်လာကြပြီး အမျိုးသားများ၊ ကျောင်းသားများ ၊ ကိုရင်များက ရေကန်အပေါ်ကို လက်ဆင့်ကမ်း သယ်ဆောင်ကြပါတယ်။ ညနေစောင်းပြီ ဆိုပါက ရပ်ရွာထဲမှ အမျိုးသမီးလေးများက သနပ်ခါး နံ့သာ လိမ်းကျံ၍ ၀တ်ကောင်းစားလှများဝတ်ကာ ဘုရားသို့ ရေသပ္ပါယ်ရန် ရေပုံးများကိုယ်စီဖြင့် ရေခပ်လာကြသလို သက်ကြီးရွယ်အိုများလည်း ကုသိုလ်ယူ ရေခပ်ကြပါတယ်။ အမျိုးသား ယောက်ျားလေးများ ကလည်း အမျိုးသမီးများထံမှ ရေပုံးများကို အပေါ်သို့ လက်ဆင့်ကမ်းတင်ဆောင်ဖို့ ရောက်လာကြရင်းဖြင့် ညနေပိုင်း နေအေးချိန်မှာတော့ မေဓိကာရာမ ကျောင်းတိုက်ကြီးအတွင်းမှာ ရပ်သူရွာသားများဖြင့် စည်ကားပြည့်လျှံနေပါတော့တယ်။ အိမ်တိုင်းမှာလည်း သပြေ၊ မြေဇာ၊ ဆီးခက်၊ အုန်းလက် ၊ ဒန်းရွက် စသည့်အရွက်မျိုးစုံတို့ဖြင့် မြေအိုးလေးမှာ ရေထည့်ပြီး ပန်းများကို ထိုးစိုက်ကာ အတာအိုးအဖြစ် သင်္ကြန်ကို ကြိုဆိုကြပါတယ်။
ရုပ်ပွားတော်များဟာ ၃ရက်တိတိ ခုလို ရေသပ္ပါယ်ခံပြီးတဲ့နောက် မဟာသင်္ကြန်အတက်နေ့ ရောက်ချိန်မှာတော့ အတာသင်္ကြန်အတက်ချိန်ဟု သတ်မှတ်ထားသည့် ချိန်ခါတွင်း အကျနေ့က ရုပ်ပွားတော်များကို ပင့်ဆောင်လာကြသည့်အတိုင်း မူလစံမြန်း ကိန်းဝပ်တော်မူရာ ကျောင်းတိုက်ကြီးသို့ ပြန်လည် ပို့ဆောင်ကြပါတော့တယ်။ သင်္ကြန် အတက်နေ့မှာ ရပ်ရွာတွင်းရှိ ၄င်းနေ့တွင်မွေးသော သူများက အတာစားကျသည်ဟုဆိုကာ မုန့်တစ်မျိုးမျိုးလုပ်ကာ ကျွေးလေ့ ရှိကြပါတယ်။ ထိုနေ့တွင် အိမ်တိုင်းက ကျွေးသော မုန့်များကို လိုက်စားရသည်မှာ စား၍ပင်မနိုင်အောင် ရှိလှသလို၊ မုန့်လည်း စားရင်း ရေလည်း ပက်ကြရင်းဖြင့် ရပ်ရွာဓလေ့ကို ပီပီပြင်ပြင် မြင်တွေ့ရပါတယ်။ သင်္ကြန်ရက်အတွင်း ကျွန်မတို့ ဒေသလေးကို ရောက်လာခဲ့ရင်ဖြင့် မုန့်လာပါဦးလို့ ဖိတ်ခေါ် လိုက်ပါတယ်ရှင်။ :)
ဘယ်သို့ပင်ဆိုစေ ကျွန်မတို့ ဒေသရဲ့ သင်္ကြန်ကာလ မြတ်စွာဘုရားရုပ်ပွားတော်များ ရေသပ္ပါယ်တဲ့ ထုံးတမ်း စဉ်လာဟာ မကြီးကျယ် မခမ်းနားသလို ၊ ထူးထူးဆန်းဆန်း မဟုတ်သော်ငြားလည်း အစဉ်အလာမပျက် ကျင်းပလေ့ရှိတာမို့ ကျွန်မအနေနဲ့တော့ ဒေသကို ချစ်ခင်စိတ်ဖြင့် နှစ်သက် သဘောကျမိပါတယ်။ ဒီဓလေ့ ထုံးစံလေးကိုလည်း စာဖတ်သူများ မတွေ့ဖူး မမြင်ဖူးခဲ့သည်ရှိသော် ဗဟုသုတအတွက် ကြည်လင်ရွှင်လန်းစွာဖြင့် မျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်။
အားလုံးသော စာဖတ်သူ မိတ်ဆွေများ အတာရေလို အေးချမ်းကြပါစေရှင်..
