တောင်ပေါ်ကိုတက်သွားတဲ့ မချောတစ်ယောက် တောင်အောက်ကို ပြန်မဆင်းရသေးပါဘူး။ ဒါကြောင့် ဒီပိုစ့်မှာတော့ တောင်ထိပ်ပေါ်ရောက်နေတဲ့ ကျွန်မ တောင်အောက်ကို ပြန်ဆင်းပါတော့မယ်။ တောင်အဆင်းမှာတော့ လမ်းတစ်လျှောက် တွေ့မြင်ရတဲ့ ရှုခင်းလေးများအကြောင်းနဲ့ တောင်ပေါ်ကလှမ်းမြင်ရတဲ့ ရွှေလီမြစ်ဝှမ်း လွင်ပြင်တစ်လျှောက်ရဲ့ အလှအပတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်ရှင်။
တစ်လမ်းလုံး မြင်တွေ့ရတဲ့ မြေပဲယိုလမ်းလို့ ခေါ်တဲ့ ဒီကျောက်ကြမ်းခင်းလမ်းတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြရရင် ဒီလမ်းတွေဟာ တစ်ဖက်နိုင်ငံက ခင်းထားပေးတာဖြစ်ပြီး ဒီအတိုင်းသာဆိုရင် သူတို့တွေဟာ သဘောထားပြည့်ဝလွန်းစွာ အလကားခင်းပေးတယ်လို့ ထင်မြင်ယူဆစရာ ရှိပါတယ်။ သို့သော် တကယ်တမ်းမှာတော့ သူတို့နိုင်ငံထဲက ထွက်ကုန်တွေ ဒီဘက်တိုင်းပြည်ထဲကို မြန်ဆန်လွယ်ကူစွာ စီးဆင်းစေဖို့ရယ်၊ တောတောင်တွေ ပေါလှတဲ့ ဒီဒေသက ကျွန်းနဲ့ အခြားသော အဖိုးတန်သစ်တွေ သူတို့ဘက်ကို ခိုးထုတ်သူတွေ ထုတ်ရလွယ်ကူအောင်ရယ်၊ လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရတဲ့ ငှက်ပျောခင်းတွေထဲက ငှက်ပျောခိုင်တွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ သူတို့ဆီကို ပြန်သယ်သွားရ လွယ်ကူအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ခင်းပေးထားတာ ဖြစ်တယ်လို့ ဗန်းမော်မြို့က ဌာနဆိုင်ရာ အသိမိတ်ဆွေတစ်ယောက်က သုံးသပ်ပြပါတယ်။
ငှက်ပျောခင်းတွေဟာ သူတို့က ပျိုးပင်နဲ့ နည်းပညာပေးပြီး ကျွန်မတို့ပိုင်တဲ့ မြေကြီးကို အငှားနဲ့ လာရောက် စိုက်ထားတာ ဖြစ်ပါတယ်. ထွက်သမျှ ငှက်ပျောခိုင်တွေကို သူတို့ဘက်ကို ပြန်ပြီး သယ်ယူသွားကြတာ ဖြစ်ပါတယ်။ အချို့ဒေသခံတွေ ပြောကြတာတော့ အဲဒီ ငှက်ပျောမျိုး စိုက်ပျိုးပြီးတဲ့ မြေဟာ အခြား ဘယ်လိုအပင်မှ စိုက်ပျိုးမဖြစ်ထွန်းဘူးလို့ ဆိုကြပါတယ်။ ကိုယ်တွေ့မဟုတ်တော့ ဒီစကားဘယ်လောက်မှန်တယ်ဆိုတာတော့ ကျွန်မအနေနဲ့ အာမမခံနိုင်ပါဘူး။ လမ်းတွေက ကြည့်ရတာ ကြမ်းတမ်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ကျောက်တွေကို မျက်နှာပြင်ညီညာအောင် သေချာ စီရီပြီး ခင်းထားတာဖြစ်လို့ ထိုးထိုးထောင်ထောင် ဖြစ်မနေဘဲ ကားတွေ အမြန်နှုန်းနဲ့ မောင်းလို့ရတဲ့အထိ ကောင်းမွန်ပါတယ်။ ရေတိုက်စားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ဘယ်လောက်ပင် ကောင်းမွန်သည်ဖြစ်စေ ဒီလမ်းပေါ်ကနေ ကျွန်မတို့တိုင်းပြည်ရဲ့ အဖိုးတန် ကျွန်းသစ်များနဲ့ အခြားသော တန်ဖိုးရှိ သစ်များ တစ်ဖက်နိုင်ငံကို အလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်သွားကြတယ်ဆိုရင်ဖြင့် ဒီလမ်းခင်းပေးတဲ့အတွက် ကျေးဇူးတင်သင့်ပါရဲ့လားလို့ စဉ်းစားစရာပါ။
တောင်အဆင်းတစ်လျှောက် တောတောင်အလှ
သစ်တောရဲ့ အချို့သော သစ်ပင်တွေရဲ့ သစ်ရွက်တွေဟာ နီတစ်ချို့ဝါတစ်လီနဲ့ ပန်းချီကားတစ်ချပ်လို လှနေပါသေးတယ်
မှိုင်းညို့နေတဲ့ တောင်တန်းတွေ တောအုပ်တွေကို ကျော်လွန်လို့ မြေအနည်းငယ် ပြန့်တဲ့နေရာကို ရောက်လာတဲ့အခါ စမ်းချောင်းလေးများ ဥယျာဉ်စိုက်ခင်းများကို မြင်တွေ့ရပါတယ်။ လမ်းဘေးတစ်လျှောက် စီးဆင်းနေတဲ့ ချောင်းငယ်လေးတွေကို မြင်ရတာဟာလည်း စိတ်အေးချမ်းဖို့ ကောင်းလွန်းလှပါတယ်။ ဥယျာဉ်ခြံထဲက စိမ်းဖန့်ဖန့် အပင်တွေကို တွေ့ရတော ဘာပင်တွေလဲလို့ ကားဆရာထံ စပ်စုကြည့်တော့

















