ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို အလည်တစ်ခေါက် အရောက် သွားကြပါစို့လားရှင်။ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ပြီးရင် ဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့ ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေတာဖြစ်ပြီး တာပိန်မြစ်နဲ့ ဆုံတဲ့ နေရာလည်းဖြစ်ပါတယ်။ မြစ်ချောင်း ပေါများပြီး မြေဆီမြေသြဇာကောင်းမွန်ကာ စိုက်ပျိုးမြေအများအပြားရှိရာဒေသလည်းဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ နီးကပ်စွာ တည်ရှိတာကြောင့် တရုတ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ကုန်သွယ်မြို့လို့ ဆိုရင်လည်း မမှားပါဘူးရှင်။ ဗန်းမော်မြို့သို့ လေကြောင်း၊ ရေကြောင်း၊ ကုန်ကြောင်းများဖြင့် သွားရောက်နိုင်ပြီး သင်္ဘောဖြင့် အောက်မြန်မာပြည်အရပ်ရပ်သို့ တရုတ်ပြည်ထွက် ကုန်စည်စီးဆင်းရာ အချက်အခြာ မြို့ဖြစ်ပါတယ်။
ဗန်းမော်မြို့ဆိုတာ ယခုမှ မြို့ပြအိမ်ရာ တည်ထောင်ပြီးဖြစ်ပေါ်လာတဲ့ မြို့မဟုတ်ဘဲ သမိုင်းကြောင်း ရှည်လျားစွာ ရှေးလွန်ခဲ့သော နှစ် ပေါင်း မြောက်မြားစွာကတည်းက တည်ရှိဖြစ်ပေါ်ခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မူလအမည်ဖြစ်တဲ့ မန်မော် (ရှမ်းဘာသာဖြင့် အိုးလုပ်သော ဒေသ) ဆိုတဲ့ အမည်ကနေ ဗန်းမော်မြို့ရယ်လို့ ကာလရွေ့လျောကာ ပြောင်းလဲလာကြောင်း သိရပါတယ်။ မြို့တစ်မြို့ကို အလည်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ ရောက်တိုင်းမှာ မြို့ရဲ့ သမိုင်းတွေကို စိတ်ဝင်စားမိတဲ့ ကျွန်မက ရာဇ၀င်တွေပြည့်နေတဲ့ ရှေးဟောင်းဘုရင်တွေတည်ခဲ့သော ဗန်းမော်မြို့ကို စိတ်ဝင်စားမိပါတယ်။ ဒါကြောင့် သမိုင်းအထောက်အထား စာအုပ်တွေကို လိုက်ရှာပြီး ဖတ်ကြည့်တဲ့အခါ ဗန်းမော်မြို့ရဲ့ သမိုင်းကြောင်းဟာ အလွန်စိတ်ဝင်စားစရာ အလွန်ကောင်းတာကို တွေ့ရပါတယ်။ ကျွန်မ ဖတ်မိထားတဲ့ ဗန်းမော်မြို့အကြောင်းလေးကို သမိုင်းတစ်ပုဒ်လိုဖြစ်စေ၊ ပုံပြင်လေးတစ်ပုဒ်လိုဖြစ်စေ နားထောင်ကြည့်ပါလားရှင်။
ရွှေကျီးနားစေတီအ၀င်ဝ
ရွှေကျီးနားစေတီတော်
စေတီတည်ရှိရာ လွမ်းမောဖွယ် တောင်တန်းများနဲ့ တာပိန်မြစ်ကမ်း
သာယာတင့်မောဖွယ်ကောင်းတဲ့ ရွှေကျီးနားစေတီတော်ရှိရာ ကျောင်းပုရဝုဏ်
ဗန်းမော်မြို့အကြောင်း ပြောရမယ်ဆိုရင် ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီ အကြောင်းကိုလည်း ချန်လှပ်ထားလို့ ရမယ် မထင်ပါဘူး။ ဘာလို့ဆို ဗန်းမော်မြို့နဲ့ အိုက်ခေါတော် စေတီ၊ ရွှေကျီးနားဘုရားတို့ဟာ ခွဲခြားလို့ မရနိုင်တဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့ပါတယ်။ ဗန်းမော်မြို့ရဲ့ နာမည်ကျော် သမိုင်းဝင် ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အိန္ဒိယမှာ သီရိဓမ္မာ သောကမင်းကြီး စိုးစံချိန်မှာဘဲ တည်ထားခဲ့တယ်လို့ သမိုင်းကြောင်းများက ပြဆိုပါတယ်။ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိပြီဖြစ်တဲ့ ရွှေကျီးနားစေတီကို လှူဒါန်းတည်ဆောက်ခဲ့တဲ့ ဘုရင်ဟာလည်း ဗန်းမော်မြို့ရယ်လို့ ဖြစ်ပေါ်လာမဲ့ စမ္ပာနဂိုရ်မြို့ကို ရှေးဦးမဆွ တည်ထောင်ခဲ့သော ဘုရင်စမ္ပေယျမင်းရဲ့ မြစ်တော် ဘုရင်စိတ္တရာဇာမင်းနဲ့ စိတ္တရာဇာမင်းကြီးရဲ့ သားတော် ၀ိမလမင်းသားတို့ ဖြစ်ပါတယ်။ စမ္ပာနဂိုရ်မြို့ကို စစဦး တည်ခဲ့တဲ့ ဘုရင်က စမ္ပေယျမင်း ဖြစ်ပါတယ်။
မူလက ၄င်း စမ္ပေယျမင်းဟာ အိန္ဒိယနိုင်ငံ မစ္ဈိမဒေသ အင်္ဂတိုင်းရှိ စမ္ပာနဂိုရ်နေပြည်တော်တွင် စိုးစံနေတော်မူခဲ့ရာ မိုးခေါင်သောနှစ်တစ်နှစ်တွင် ၄င်းတို့နှင့် နယ်မြေချင်း ကပ်လျှက်ရှိသော မဂဓတိုင်းနှင့် စမ္ပာမြစ်ရေကို ခွဲဝေသုံးစွဲမှုတွင် အငြင်းပွားရာမှာ စစ်မက်ဖြစ်ပွားပါတယ်။ အင်္ဂတိုင်းဘက်မှ စစ်ရှုံးသောအခါ ပြည့်ရှင်ဘုရင် စမ္ပေယျမင်းဟာ မင်းမိဖုရား၊ နောက်လိုက်နောက်ပါ အချွေအရံတို့ဖြင့် ထွက်ပြေးတိမ်းရှောင်လာရာ မြန်မာနိုင်ငံ အထက်ပိုင်း တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာအရပ်ကို ရောက်ရှိလာကြပါတယ်။ မြို့သစ် နန်းသစ်တည်ဖို့ မြေအနေအထား ကောင်းမွန်တဲ့အတွက် ၄င်းနေရာကို မြို့သစ်တည်ကြပြီး မူလက စိုးစံခဲ့တဲ့ စမ္ပာနဂိုရ်မြို့ကို သတိတရအနေဖြင့် မြို့သစ်ကိုလည်း စမ္ပာနဂိုရ်မြို့လို့ အမည်နာမ ခေါ်တွင်စေခဲ့ပါတယ်။
စမ္ပေယျမင်း နတ်ရွာစံ ကံတော်ကုန်တဲ့အခါ သားတော် ဗြဟ္မာရကုမ္မာ က ထီးနန်းကို ဆက်လက်စိုးစံပါတယ်။















