ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ လူတွေရဲ့ ကျန်မာရေးကို အထောက်အကူ ပြုစေတဲ့ အသီးအရွက်တွေ ပါဝင်နေတတ်ပါတယ်။ အဲဒီလို ကျန်းမာရေးအထောက်အကူပြု အသီးအရွက်တွေထဲမှာ ထင်ရှားတဲ့ ဟင်းသီးဟင်းရွက်က အစိမ်းရောင် ဘရိုကိုလီ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ဘရိုကိုလီကို ပြိုင်ဘက်ကင်း အသီးအနှံအဖြစ် Super vegetable လို့ပင် ခေါ်ဆိုကြပါတယ်။ ဘရိုကိုလီဟာ ကင်ဆာ ဖြစ်ပွားစေမှုကို ကာကွယ်ပေးနိုင်ပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့ အသီးအနှံတွေကြားမှာ ထင်ရှားပါတယ်။
ဘရိုကိုလီမှာ လိမ္မော်သီးတစ်လုံးထက်ပင် များပြားစွာပါဝင်တဲ့ Vitamin C က သာမာန်အအေးမိခြင်းကို ကာကွယ်စေနိုင်ပြီး သဘာဝ ဖောလစ်အက်ဆစ်ကတော့ အမျိုးသမီးများအတွက် အလွန်အကျိုးရှိပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ် တစ်ရှူးများကို ကြီးထွားစေပြီး မွေးဖွားစဉ်အတွင်း ဖြစ်တတ်သော ထိခိုက် ချွို့ယွင်းမှုတို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘရိုကိုလီ များများစားခြင်းအားဖြင့် ဘရိုကိုလီထဲမှာ ပါဝင်တဲ့ Vitamin B, Folate တို့က သွေးသစ်ဖြစ်ပေါ်ခြင်း၊ ဆဲလ်အသစ်များ ဖြစ်ပေါ်ခြင်း၊ ပရိုတိန်းများ ရရှိစေခြင်းတို့ကို အားပေးပါတယ်။ ထို့ကြောင့်လည်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ် များများစားသုံးသင့်ပါတယ်။

ဘရိုကိုလီမှာ အမျှင်ဓာတ်ပါဝင်မှု များပြားပြီး ကယ်လိုရီနည်းပါတဲ့အတွက် ကိုယ်အလေးချိန် လျော့ချလိုသူများ စားသုံးသင့်တဲ့ အစားအသောက်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။ ခန္ဓကိုယ်အတွင်းတွင် ခုခံမှုစွမ်းအားကို မြင့်မားစေပြီး ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ နဲ့ မွေးလမ်းကြောင်းကင်ဆာ ဖြစ်စေနိုင်မှုကိုလည်း လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီးများလည်း များများစားသုံးသင့်သလို အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ တို့ကိုလည်း ဖြစ်စေနိုင်မှု လျော့နည်းစေပြီး အမျိုးသားများ အတွက်တော့ ပရောစတိတ် ကင်ဆာ ဖြစ်ခြင်းကို ကာကွယ်နိုင်တာကြောင့် အမျိုးသားများလည်း စားသုံးသင့်ပါတယ်။
ကျန်းမာရေးအတွက် ကောင်းမွန်လှတဲ့ ဘရိုကိုလီကို ဖြစ်နိုင်မယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်၊ လေးကြိမ်ခန့် စားသုံးသင့်ကြောင်း တိုက်တွန်းထားပြီးတော့ အချို့ကလည်း ဘရိုကိုလီကို တစ်ရက်ကို ၁၀၀ ဂရမ်ခန့် စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။ ဘရိုကိုလီရဲ့ အရိုးဟာလည်း ပစ်စရာမလိုဘဲ အပေါ်က အခွံခွာပြီး စားသုံးလို့ရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အရိုးမှာတော့ Vitamin C ပါဝင်မှု မရှိဘူးလို့ ဆိုပါတယ်။ ပြီးတော့လည်း ဘရိုကိုလီကို အချိန်အကြာကြီး ချက်ပြုတ်တာမျိုး မပြုလုပ်ဘဲ ၂မိနစ်ခန့်သာ အပူပေး ချက်ပြုတ်သင့်ကြောင်း သိရပါတယ်။
ကျွန်မကိုယ်တိုင်လည်း ဘရိုကိုလီကို သိပ်ကြိုက်ပါတယ်။ တစ်ပတ် ၄ကြိမ်မဟုတ်တောင် တစ်ပတ်၂ကြိမ်လောက်တော့ ဘရိုကိုလီကို ချက်စားဖြစ်ပါတယ်။ ကျွန်မ ချက်စားဖြစ်တဲ့ ဘရိုကိုလီ ချက်နည်းများကိုတော့ အောက်မှာ ဖော်ပြပေးချင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပြားလှတဲ့ ဘရိုကိုလီကို အမြဲတမ်းစားသုံးနိုင်အောင် ကြိုးစားကြပါစို့လို့ အားလုံးကိုလည်း တိုက်တွန်းချင်ပါတယ်ရှင်။
~~~~~~~~&&&~~~~~~~~~~
ဘရိုကိုလီ ပေါင်း
ဘရိုကိုလီကို အနေတော် အရွယ်လေးတွေ ဖြတ်ပြီး ရေစင်အောင်ဆေးပါတယ်။
ဘရိုကိုလီကို ပေါင်းပါတယ်။ အချိန်အကြာကြီးပေါင်းဖို့မလိုဘဲ ၂မိနစ်ခန့်သာ ပေါင်းပါတယ်
ပေါင်းထားတဲ့ ဘရိုကိုလီကို ရေခဲရေ အေးအေးဖြင့် စိမ်လိုက်ပါတယ်။ ထိုသို့ ရေခဲရေ အေးအေးဖြင့် ချက်ခြင်းစိမ်လိုက်ပါက အလွန်လှပတဲ့ အစိမ်းရောင် ဘရိုကိုလီကို ရရှိပါတယ်။ ပြီးလျှင် ရေစင်အောင် စစ်ထားလိုက်ပါတယ်။
နှုတ်နှုတ်စင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါတယ်
ထို့နောက် ငရုပ်သီး၊ မုန်လာဥနီ ပါးပါးလှီးထားတာကို ထည့်လိုက်ပြီး ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး ကော်မှုန့်အရည်ဖျော်ထားတာကို ထည့်မွှေလိုက်တဲ့ အချိန်မှာ ခုလို အနေအထားကို ရပါတယ်။
ရေစင်အောင် စစ်ထားတဲ့ ဘရိုကိုလီကို ခုလို ပန်းကန်ပြားပေါ်မှာ စီထည့်လိုက်ပါတယ်။
ပြီးနောက် ဘရိုကိုလီ အပေါ်ကနေ ချက်ထားတဲ့ အရည်များကို ခုလို လောင်းချလိုက်ပါတယ်။
စားချင်စဖွယ် ဘရိုကိုလီပေါင်း တစ်ခွက် ရပါပြီ။
ဘရိုကိုလီကြိုက်တဲ့ ကျွန်မဟာ အရသာလည်း ကောင်းမွန်ပြီး လွယ်လဲလွယ်ကူတဲ့ ဒီနည်းအတိုင်း အကြာခဏ ချက်စားဖြစ်ပါတယ်။ ဒါပေမဲ့ တခါနဲ့တခါ ပုံစံအနည်းငယ် ကွဲအောင် ချက်စားဖြစ်ပါတယ်။
ဘရိုကိုလီနဲ့အတူ မှိုခြောက်ကို ရေစိမ်ပြီး ပြုတ်ထားတာပါ ထည့်ပြီး စီထားပါတယ်။
အစောကအတိုင်း ကြက်သွန်ဖြူဆီသတ်၊ ငရုပ်သီးအစိမ်း၊ ငရုပ်ပွအနီ ပဲငံပြာရည်၊ ဆား၊ အရသာမှုန့်၊ ခရုဆီထည့်ပြီး ကော်မှုန့် အရည်ဖျော်ထားတာထည့်ပြီး ချက်ထားပါတယ်။ ဒီတစ်ခါ ဥနီ မထည့်ပါဘူး။
၎င်းအရည်ကို အပေါ်က ဆမ်းလိုက်တာ ဖြစ်ပါတယ်။
စားလို့ကောင်းတဲ့ ဘရိုကိုလီ
ဒါကလည်း ညီမလေးလိုခင်ရတဲ့ သူတို့မိသားစုကို ထမင်းကျွေးတော့ ဒီဘရိုကိုလီပေါင်းကို ထပ် ချက်စားဖြစ်တဲ့အခါ ရိုက်ထားတာပါ။
*******@@@******
ဘရိုကိုလီကြော်
ဒီနည်းကတော့ ကြက်သွန်ဖြူ၊ ဂျင်းကို ဆီသတ်ပြီး ဘရိုကိုလီ၊ ရေစိမ်ထားတဲ့ ကျောက်ပွင့်အဖြူရောင်၊ ငရုပ်ပွ အနီ၊ အစိမ်း တို့ကို ပဲငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး ကြော်တဲ့နည်း ဖြစ်ပါတယ်။
အသားနဲ့ပါ ကြာ်နိုင်ပေမဲ့ အသားမပါ သက်သပ်လွတ် ကြော်ထားတာ ဖြစ်ပါတယ်။
အရောင်စုံစုံလေးနဲ့ လှလှပပ ဘရိုကိုလီကြော် ဖြစ်ပါတယ်။
*******@@@******
ဘရိုကိုလီချဉ်စပ်သုပ်
အရင်တုန်းက ရိုးရိုး ပန်းဂေါ်ဖီသုပ်ကို တင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ပန်းဂေါ်ဖီစိမ်းကို သုပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို အနေတော် အရွယ်များဖြတ်ပြီး ရေနွေးဆူဆူမှာ ပြုတ်ပါတယ်။ ဂေါ်ဖီများ ပျော့မသွားစေရန် ခေတ္တသာ ပြုတ်ပေးဖို့ လိုပါတယ်။ ပြီးရင် ရေအေးအေးထဲမှာ ချက်ခြင်းစိမ်ထားလိုက်ပါတယ်။
ပြုတ်ပြီး ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ မြေပဲဆန်ထောင်း၊ နှမ်းဆီ၊ ဆား၊ အရသာမှုန့်၊ သံပုရာသီး တို့ထည့်ပြီး နယ်ပါတယ်။ ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးနဲ့ သံပုရာသီးကို ကြိုက်သလောက်ထည့်ပါ။
ပဲငံပြာရည် နဲ့ နှမ်း အမဲရောင်လေးတွေကိုလည်း ထည့်ပါတယ်။ ကြိုက်တတ်ရင် ပုဇွန်ခြောက်ပါ ထည့်နိုင်ပါတယ်။ ကျွန်မက ဒီအသုပ်ကို သပ်သပ်လွတ် သုပ်ပါတယ်။
နှမ်းဆီနံ့လေး မွှေးမွှေးနဲ့ ချဉ်ချဉ်စပ်စပ်လေး သုပ်စားနိုင်တဲ့ ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း )သုပ် ရပါပြီရှင်။
နှမ်းဆီမရှိပါက ဆီချက်နဲ့လည်း သုပ်စားနိုင်ပါတယ်။
ဒီဘရိုကိုလီ ချဉ်စပ်သုပ်ကတော့ ပြီးခဲ့တဲ့ တစ်လလောက်က တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘရိုကိုလီရဲ့ ခေါင်းစဉ်အောက်မှာ တစ်စုတစ်စည်းတည်း ဖြစ်အောင်လို့ ပြန်လည် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဒီသုပ်နည်းကတော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ သုပ်စားတာ ဖြစ်ပြီး အောက်မှာတော့ နိုင်ငံခြားသားများ စားသုံးတတ်တဲ့ ဘရိုကိုလီ သုပ်နည်း ( Broccoli Salad) တစ်မျိုးကို ထပ်မံဖော်ပြပါဦးမယ်ရှင်။
*******@@@******
Broccoli Salad
ဒါကတော့ ပေါင်းပြီး ရေအေးအေးနဲ့ ဆေးကာ ရေစင်အောင် စစ်ထားတဲ့ ဘရိုကိုလီများ ဖြစ်ပါတယ်။ ဘရိုကိုလီကို မပေါင်းဘဲ ရေနွေးဆူဆူနဲ့လည်း ပြုတ်နိုင်ပါတယ်။ သို့သော် ပေါင်းသည်ဖြစ်စေ ပြုတ်သည်ဖြစ်စေ ၂မိနစ်ထက် မပိုဖို့တော့ လိုပါတယ်။
ဘရိုကိုလီနဲ့အတူ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုပ်ပွအနီ များကို နှစ်သက်ရာ အရွယ်လှီးဖြတ်ပြီး ထည့်လိုက်ပါတယ်။
ချိစ်ကို အပူပေးပြီး အရည်ပျော်တဲ့အခါ ပန်းကန်ထဲ လောင်းချလိုက်ပါတယ်။ ချိစ်အစား Mayonnais မရိုးနိစ်ကို သုံးနိုင်ပါတယ်။
ပျားရည် အနည်းငယ်၊ ကြက်သွန်ဖြူ နှုတ်နှုတ်စင်း၊ ငရုပ်သီးစိမ်း၊ ဗနီကာအရည် (သို့မဟုတ်) သံပုရာရည်၊ ဆား၊ အရသာမှုန့်တို့နဲ့ ဖျော်ထားတဲ့ Dressing အရည်ဖြစ်ပါတယ်။
ဖျော်ထားတဲ့အရည် Dressing ကို ထည့်လိုက်ပါတယ်။ ( Olive Oil) သံလွင်ဆီအနည်းငယ်နဲ့ ၊( black pepper) ငရုပ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ကို ထည့်ပြီး မွှေလိုက်ပါတယ်။ မိမိနှစ်သက်ရာ အရသာဖြစ်အောင် ဆားအပေါ့အငံ ထည့်နိုင်ပါတယ်။ သံလွင်ဆီအစား ရိုးရိုးဆီလည်း သုံးနိုင်ပါတယ်။
ထို့နောက်မှာတော့ နိုင်ငံခြားသားများ အကြိုက် ချိစ်အရသာနဲ့ ဘရိုကိုလီသုပ် တစ်ပွဲရပြီ ဖြစ်ပါတယ်ရှင်။
လူတွေရဲ့ ကျန်းမာရေးကို အကျိုးပြုနိုင်ပြီး အရသာလည်းရှိတဲ့ ဘရိုကိုလီကို နည်းမျိုးစုံနဲ့ ချက်ပြုတ် စားသောက်ကြဖို့ တိုက်တွန်းရင်းနဲ့အတူ ဘရိုကိုလီချက်နည်းများကို ဝေမျှလိုက်ပါတယ်ရှင်။
ဘရိုကိုလီရဲ့ ကျန်းမာရေးအတွက် အကျိုးရှိပုံနဲ့ ပါတ်သက်ပြီး ကျွန်မ မရှင်းလင်းတဲ့ အချက်များကို ရှင်းလင်းပြောပြပေးတဲ့ Dr. CK ကို ကျေးဇူးအထူး တင်ပါတယ်ရှင်။





































