ခံတွင်းမြိန်ဖွယ် ကချင်ရိုးရာထမင်းနယ်

ဒီတစ်ပတ် အစားအသောက်ကဏ္ဍမှာ ကျွန်မတို့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားတို့ စားလေ့ရှိတဲ့ ကချင်ရိုးရာထမင်းနယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ကချင်ထမင်းနယ်ကို ကချင်လို Shat Jam (ရှက်ဂျမ်) လို့ ခေါ်ပြီး အချို့ကတော့ ကချင်ဒန်ပေါက်ရယ်လို့ ခေါ်တတ်ကြပါတယ်။ သို့သော်လည်း ဒန်ပေါက်လို ချက်တာမျိုးမဟုတ်တဲ့အတွက် ထမင်းနယ် ဆိုတဲ့ နာမည်နဲ့သာ ပိုပြီးလိုက်ဖက်တယ်လို့ ယူဆမိပါတယ်။ လွယ်ကူသက်သာပြီး စားလို့ကောင်းတဲ့ တိုင်းရင်းသား အစားအစာတွေကို မိမိကိုယ်တိုင် လုပ်စားချင်သူများအတွက်တော့ ကချင်ရိုးရာ ထမင်းနယ် လုပ်နည်းလေးကို ဝေမျှပါရစေနော်။



Image Hosted by PicturePush - Photo Sharing 

ပထမဦးဆုံး ကချင်ထမင်းနယ် အတွက် လိုအပ်တာတွေကတော့ မှိုကပ် (သစ်တုံးဆွေးများတွင် ပေါက်သော အရွယ်သေးသေး မှိုတစ်မျိုး) ဖြစ်ပါတယ်။ ၄င်း မှိုအခြောက်ကို ရေစိမ်ထားပြီး ပွလာတဲ့အခါ မှိုမှာကပ်နေတဲ့ သစ်စများ၊ သဲများကို စင်ကြယ်အောင် ရေဖြင့် အခါခါ ဆေးကြောရပါတယ်။ ပြီးနောက် မှိုကို ဆား၊ အရသာမှုန့်ထည့်ပြီး ဆီအနည်းငယ်ဖြင့် ခြောက်အောင် ကြော်လိုက်ပါတယ်။



DSC01895 -  

ကြက်သားကို ကြက်သွန်ဖြူ ၊ ဂျင်း၊ ဆား အရသာမှုန့်တို့ဖြင့် ပြုတ်ပါတယ်။ ပြီးနောက် ၄င်းကြက်သားကို အနေတော်အရွယ် အမျှင်လေးများအဖြစ် မွထားလိုက်ပါတယ်။ အချို့ကတော့ ကြက်သားကြော်ကိုလည်း သုံးကြပါတယ်။

Image Hosted by PicturePush - Photo Sharing

ကချင်အစားအစာတွေမှာ အမြဲပါတတ်တဲ့ ပင်စိမ်းရွက်( Basil leaves) ၊ ရှမ်းနံနံ ( Saw Leaves)၊ဖက်ဖယ်ရွက် (Laksa leaves )  တို့ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 

ဒါကတော့ ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့အဆာပလာတွေ ဖြစ်ပါတယ်။ ခပ်သေးသေး မျှင်ထားတဲ့ မျှစ်ကို ခြောက်အောင်ကြော်ထားပါတယ်။ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီကြော်၊   မှိုကပ်ကြော်၊ ကြက်သားမွှ၊ ဖက်ဖယ်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ငရုပ်သီးများကို နှုတ်နှုတ်စင်းထားတာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ချက်ပြီးသားထမင်း (သို့) ပေါင်းထားတဲ့ထမင်းကို အိုး (သို့မဟုတ်) ဇလုံတစ်ခုထဲ ခူးထည့်လိုက်ပါတယ်။ မှိုကပ်၊ မျှစ်၊ ကြက်သား၊ ကြက်သွန်ဆီချက်၊ ဖက်ဖယ်၊ပင်စိမ်း၊ ရှမ်းနံနံ၊ ငရုပ်သီးစိမ်း၊ ဆား၊ အရသာမှုန့် ၊ ငရုပ်ကောင်းတို့ထည့်ပြီး နှံ့အောင် နယ်လိုက်ပါတယ်။  (ဥနီ၊ ပဲသီးများထည့်လိုက ထည့်နိုင်ပါတယ်) ။


Image Hosted by PicturePush - Photo Sharing


နယ်ပြီး ထမင်းများကို ပန်းကန်လုံးတစ်ခုထဲ သိပ်ထည့်လိုက်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ် မှောက်ချလိုက်ပြီး အသီးအရွက်များဖြင့် အလှဆင်လိုက်ပါက စားချင်စဖွယ် ကချင်ရိုးရာထမင်းနယ်ကို ရပါပြီရှင်။




Image Hosted by PicturePush - Photo Sharing

ပင်စိမ်းရွက်၊ ဖက်ဖယ်ရွက်တို့ဟာ ပူရှိန်းရှိန်းအရသာရှိပြီး မွှေးလဲ အလွန်မွှေးပါတယ်။ ကချင်ထမင်းနယ်ဟာ ပူပူရှိန်းရှိန်း ငရုပ်သီးစပ်စပ်လေးနဲ့ အလွန်ခံတွင်းတွေ့မှာ သေချာပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထမင်းနယ်နဲ့ တွဲဖက်စားဖို့ အော်ဆွန်းနဲ့ မှို ချဉ်စပ်သုပ်၊ ကြက်သားကို ပြုတ်ထားတဲ့ အရည်ကို ချက်ထားတဲ့ ဟင်းချိုရယ်ပါ။


မှိုကပ်၊ ဖက်ဖယ် စတဲ့အရွက်တွေ မရှိလည်း ရှိတာလေးနဲ့ အဆင်ပြေစွာ လုပ်စားနိုင်ပါတယ်ရှင်။ တိုင်းရင်းသားတို့ရဲ့  အစားအစာချက်ပြုတ်ပုံများဟာ ဆီနည်းပြီး ဆေးဘက်ဝင် ဟင်းခတ် အမွှေး အကြိုင်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်တာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ထင်ရှားတဲ့ စားစရာ ကချင်ရိုးရာ ထမင်းနယ်ဟာ စားလို့ကောင်းပြီး အရသာလည်း ရှိတဲ့အတွက် တဖြေးဖြေးနဲ့ လူသိများလာတဲ့ အစားအသောက်တစ်မျိုး ဖြစ်လာပါတယ်။ ရန်ကုန်မှာ နေသူများအတွက်တော့ မိမိကိုယ်တိုင် မလုပ်စားဖြစ်ရင် မြေနီကုန်း ဈေးလမ်းက ကချင်ရိုးရာ အစားအစာ အစုံအလင်ရောင်းချတဲ့  “မလိခူး” ဗန်းမော်မျှစ်ချဉ် ခေါက်ဆွဲဆိုင်မှာ သွားရောက် စားသောက်နိုင်ပါကြောင်းရှင်။


ပျော်ရွှင်ချမ်းမြေ့ဖွယ် အားလပ်ရက်များဖြစ်ကြပါစေရှင်။




Image Hosted by PicturePush - Photo Sharing



ကချင်ပြည်နယ်သူဖြစ်တဲ့ မဂျာမုန်းကလည်း ကချင်ထမင်းနယ်အကြောင်း ရေးခဲ့ဖူးပါသေးတယ်ရှင်။