ခင်မင်ရပါသော စာဖတ်သူများကို ဒီတစ်ပတ် မိတ်ဆက်ပေးမဲ့ ဟင်းလျာတစ်မျိုးက ကျွန်မတို့ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်းနီ၊ ခန္တီးရှမ်း စတဲ့ ရှမ်းတိုင်းရင်းသားတွေ စားသောက်လေ့ရှိတဲ့ ဟင်းလျာတစ်မျိုးနဲ့ ဖြစ်ပါတယ်ရှင်။ ရှမ်းရိုးရာဟင်းလို့ဆိုပေမဲ့ ရှမ်းပြည်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေတော့ ဒီငါးကောဟင်းကို လုပ်စားတာ မကြားခဲ့ဖူးပေမဲ့ ကျွန်မတို့ ကချင်ပြည်နယ်က ရှမ်းတွေဖြစ်တဲ့ ရှမ်းနီ၊ ခန္တီးရှမ်း တို့တွေကတော့ ဒီဟင်းကို လုပ်စားလေ့ရှိပါတယ်။ ဒီဟင်းဟာ ကျွန်မရဲ့ မိဘများ အလွန်နှစ်သက်သော ဟင်းတစ်မယ်လည်း ဖြစ်ပါတယ်။
ကျွန်မ အွန်လိုင်းပေါ်မှာ စာတွေစရေးတော့ ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ အစားအသောက်တွေ အကြောင်းလည်း ရေးတယ်လို့ ကျွန်မရဲ့ အမေက သိသွားတဲ့အချိန်မှာ ဒီဟင်းအကြောင်းလည်း ရေးပါလားလို့ သတိတရ တိုက်တွန်းခဲ့ဖူးတဲ့ ဟင်းလည်းဖြစ်ပါတယ်။ ပြီးတော့လည်း မြန်မာပြည် တစ်နံတစ်လျား ကျွန်မရောက်ခဲ့ဖူးတဲ့ ဘယ်ဒေသမှာမဆို အခုဟင်းမျိုး လုပ်စားကြတာ မတွေ့ခဲ့ရဖူးပါဘူး။ ကျွန်မထင်တာ ကျွန်မတို့ဒေသတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးအချို့သာ လုပ်စားကြတဲ့ဟင်း ဖြစ်မယ် ထင်ပါတယ်။ တကယ်လို့ စာဖတ်သူတို့ထဲကနေ ဒီဟင်းကို အခြားဒေသမှာ စားကြတယ်လို့ သိဖူး၊ တွေ့ထားဖူးခဲ့ရင်လည်း ကော်မန့်မှာ ရေးသွားခဲ့ပါလို့ တောင်းဆိုပါတယ်ရှင်။
ကျွန်မ အွန်လိုင်းပေါ်မှာ စာတွေစရေးတော့ ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ အစားအသောက်တွေ အကြောင်းလည်း ရေးတယ်လို့ ကျွန်မရဲ့ အမေက သိသွားတဲ့အချိန်မှာ ဒီဟင်းအကြောင်းလည်း ရေးပါလားလို့ သတိတရ တိုက်တွန်းခဲ့ဖူးတဲ့ ဟင်းလည်းဖြစ်ပါတယ်။ ပြီးတော့လည်း မြန်မာပြည် တစ်နံတစ်လျား ကျွန်မရောက်ခဲ့ဖူးတဲ့ ဘယ်ဒေသမှာမဆို အခုဟင်းမျိုး လုပ်စားကြတာ မတွေ့ခဲ့ရဖူးပါဘူး။ ကျွန်မထင်တာ ကျွန်မတို့ဒေသတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးအချို့သာ လုပ်စားကြတဲ့ဟင်း ဖြစ်မယ် ထင်ပါတယ်။ တကယ်လို့ စာဖတ်သူတို့ထဲကနေ ဒီဟင်းကို အခြားဒေသမှာ စားကြတယ်လို့ သိဖူး၊ တွေ့ထားဖူးခဲ့ရင်လည်း ကော်မန့်မှာ ရေးသွားခဲ့ပါလို့ တောင်းဆိုပါတယ်ရှင်။
အခြားသော ဟင်းလျာများအကြောင်း စာဖတ်သူတို့ကို မိတ်ဆက်ပေးခဲ့ဖူးပေမဲ့ ဒီဟင်းကိုတစ်ခါမှ မိတ်မဆက်ပေးရသေးပါဘူး။ ဒီဟင်းဟာ ဘာမှ မထူးဆန်းတဲ့ ဟင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ အရသာလည်း ထူးထူးခြားခြား မကောင်းလှတဲ့ ဟင်းတစ်မယ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်မတို့ မိသားတစ်စုလုံး ကြိုက်နှစ်သက်တဲ့ဟင်း ဖြစ်သလို၊ ကျွန်မတို့ဒေသကလူတွေ အားလုံးနီးပါးလည်း ကြိုက်နှစ်သက်ပြီး ရိုးရာအစားအစာရယ်လို့တောင် ပြောလို့ရတဲ့ ဟင်းတစ်မယ်ဖြစ်ပါတယ်။
ကျွန်မရဲ့ မွေးရပ်မြေမှာတော့ ကျွန်မတို့အိမ်ဟာ ဘုန်းကြီးကျောင်းနဲ့ သိပ်မဝေးတဲ့ နေရာမှာရှိတာမို့ ဆွမ်းအိုးကြီးလို့ခေါ်တဲ့ တစ်လတစ်ကြိမ်(သို့) နှစ်ကြိမ် တစ်အိမ်ကျစီ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးစာ ဆွမ်းဟင်းများ ချက်ပြီးပို့ရတဲ့အခါ ကျောင်းက ဘုန်းဘုန်းတွေ အထူးတောင်းဆိုတဲ့ဟင်းဟာ ဒီဟင်းဖြစ်ပါတယ်။ ကျွန်မတို့အဖေဟာ ဒီဟင်းကိုလုပ်ရမယ်ဆိုရင် မမောနိုင်မပန်းနိုင် သူကိုယ်တိုင် ဦးဆောင်ပြီး လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီဟင်းကို ကျွန်မက မိသားစုကို စည်းလုံးစေတဲ့ဟင်းလို့လည်း တင်စားချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီငါးကောဟင်းလုပ်တော့မယ်ဆိုရင် လူတစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရဘဲ မိသားစုတစ်ခုလုံး ပါဝင်မှသာ အဆင်ပြေပြေ လုပ်နိုင်မှာဖြစ်ပါတယ်။ တစ်ယောက်က အဖန်ခေါက်ရှာ၊ တစ်ယောက်က ငါးကင်၊ တစ်ယောက်က ငါးအသားနွာ၊ တောက်တောက်စင်း၊ တစ်ယောက်က ငရုပ်သီးကြက်သွန်ထောင်း၊ ဟင်းခတ်အရွက်ရှာ၊ စသဖြင့် လက်လည်းဝင်ပါတယ်။
အဲဒီ ဟင်းက ငါးကော လို့ ခေါ်ပြီး ငါးကိုကင်ပြီး အသားများကို အရည်ဖျော်တဲ့ဟင်းဖြစ်ပါတယ်။ ဒီငါးကောကို ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုက အဖန်ဓာတ်ရှိတဲ့ သစ်ခေါက် ဖြစ်ပါတယ်။ ကျွန်မတို့နေထိုင်ရာ ဥရုချောင်းရိုးမှာတော့ ဒီလိုအဖန်ဓာတ်ရှိတဲ့ ရင်းရဲပင်လို့ခေါ်တဲ့ အပင်တွေဟာ ယခင်က အလွန်ပေါများခဲ့ပါတယ်။ သို့သော်လည်း အခုခေတ်မှာတော့ ဥရုချောင်းကို မြေလှန်ရှာနေကြတဲ့သူတွေကြောင့် ရင်းရဲပင်တွေလည်း မတွေ့ရသလောက် ဖြစ်သွားခဲ့ပါပြီ။ အဲဒီ ရင်းရဲပင်မရှိတဲ့အခါမှာတော့ ဇီးပင်၊ မန်ကျည်းပင်၊ စတဲ့ ဖန်တဲ့ အရသာရှိတဲ့ သစ်ခေါက်တွေကို အသုံးပြုရပါတယ်. ကျွန်မ အခုရောက်နေတဲ့မြို့ကလေးမှာတော့ အဖန်ဓာတ်ရှိတဲ့ သစ်ခေါက်မျိုးရဖို့ရန် ခက်ခဲပါတယ်။ ဒါကြောင့်လည်း ရှိတာလေးနဲ့ ကျွန်မတို့ဒေသရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ငါးကော လုပ်နည်းကို ဒီနေ့မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဟင်းကောင်းမဟုတ်ပေမဲ့ လူသိနည်းသေးတဲ့ ကျွန်မတို့ရဲ့ ဒေသ အစားအစာတစ်မျိုးကို မသိသေးတဲ့သူတွေ သိသွားရအောင် မိတ်ဆက်ပေးတဲ့သဘောသာ ဖြစ်ပါတယ်ရှင်။
ပထမဦးစွာ ငါးကောလုပ်ဖို့အတွက် ငါးကို အကောင်လိုက် ကင်ရမှာဖြစ်ပါတယ်။
ငါးကင်ရန်ပြင်ဆင်
ကြေးခွံပါတဲ့ ငါးကြင်းကဲ့သို့ငါးမျိုးကို ကြေးခွံထိုး၊ ဗိုက်ဗောက် အညစ်အကြေးများ ဖယ်ပစ်ပြီး ရေစင်အောင်ဆေးကာ ငါးတစ်ကောင်လုံးကို ကင်ပါတယ်။ လူဦးရေပေါ်မူတည်ပြီး ငါးကို တစ်ကောင်၊ ၂ကောင် ၊၃ကောင် စသဖြင့် ကင်ပါတယ်။ လူ၎ယောက်လောက်ဆို တစ်ကောင်နဲ့လုံလောက်ပါတယ်။ ငါးကျက်ပြီဆိုပါက အရိုးဖယ်ပစ်ပြီး အသားချည်း နွာလိုက်ပါတယ်။
ငါးကင်မှ အသားများ
ထိုငါးအသားများကို တောက်တောက်စင်းပါတယ်။ အရိုးများတွေ့ပါက လက်ဖြင့်ဖယ်ရှားရပါတယ်။
ပိန်းဥ သို့မဟုတ် အာလူးကို ပြုတ်ပါတယ်။ ငါးအရေအတွက်ပေါ်မူတည်ပြီး အာလူး(သို့) ပိန်းဥကိုထည့်နိုင်ပါတယ်။ ငါးတစ်ကောင်အတွက်အာလူး ၂လုံးခန့် ပြုတ်ပါတယ်။
ပြုတ်ပြီးအာလူးများကို ခြေမွကာ တောက်တောက်စင်းပါတယ်
မပါမဖြစ် ထည့်ရမဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်တွေက ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ် ရွက်တို့ဖြစ်ပါတယ်။
၎င်းအရွက်များကို နှုတ်နှုတ်စင်းပါတယ်။
ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းများကို ညက်အောင်ထောင်းပါတယ်။ အစပ်မကြိုက်သူများ ငရုပ်သီးလျှော့ထည့်နိုင်ပါတယ်။
ဆားကို မိမိထည့်မည့် ပမဏကို အရည်ဖျော်ထားပါတယ်.။ ငပိအနည်းငယ်ကို မီးဖုတ်ပြီး အရည်ဖျော်ထားပါတယ်။
အိုးတစ်လုံးထဲမှာ ငါးကင်၊ အာလူး၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဖက်ဖယ် ပင်စိမ်းရွက်များ စင်းထားတာ အားလုံးကို ထည့်လိုက်ပါတယ်။
၎င်းအိုးထဲသို့ ရေကျက်အေး၊ ဆားရည်၊ ငပိရည်၊ အရသာမှုန့်တို့ကို ထည့်ပြီး ရောမွှေလိုက်ပါတယ်. မိမိနှစ်သက်သည့် အရသာဖြစ်အောင် ဆား၊ အရသာမှုန့်တို့ကို ထည့်နိုင်ပါတယ်။ အာလူး (သို့) ပိန်းဥ ပါဝင်တဲ့အတွက် အရည်ကျဲမနေဘဲ ခပ်ပျစ်ပျစ်လေးဖြစ်ကာ ဆိမ့်တဲ့အရသာလည်း ရှိပါတယ်။ ပူပူစပ်စပ်နဲ့ ရှူးရှူးရှဲရှဲ ကြိုက်တတ်သူ ကျွန်မကတော့ ငရုပ်သီးများများထည့်ပြီး ငါးကောရဲ့ ပူစပ်ပူလောင် အရသာကို ခံစားလိုက်ပါတယ်း)
အားလုံးပြီးသွားချိန်မှာတော့ ပူပူစပ်စပ်နဲ့ ဆိမ့်သောအရသာ ရှိတဲ့ ငါးကောဟင်းတစ်ခွက် ရပါပြီ။
ဒီနေရာမှာ ငါးကောပြုလုပ်ပုံမှာ ကျွန်မတို့အိမ်မှာ လုပ်တဲ့နည်းထဲက အဆင့်တစ်ဆင့်ကို ချန်လှပ်ထားခဲ့ပါတယ်။ အဲဒါက ရင်းရဲပင်လို့ခေါ်တဲ့ အဖန်ဓာတ်ရှိတဲ့ သစ်ပင်ရဲ့ အခေါက်ကို ခွာပြီး ရေစိမ်ထားတဲ့ အဆင့်ပါ။ အဲဒီအဆင့်က နေရာဒေသအတော်များများအတွက် လုပ်ဖို့ခက်ခဲနိုင်တာကြောင့်ရော ကျွန်မကိုယ်တိုင်လည်း ဒီနေ့ ငါးကောပြုလုပ်ရာမှာ ကျွန်မနေတဲ့မြို့ကလေးမှာ အဖန်ခေါက်ကို ရှာဖို့ခက်တာကြောင့်ပါ ချန်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာ ငါးများကို အရည်ဖျော်ရာမှာ ကျွန်မတို့ဒေသမှာတော့ ရိုးရိုး ရေကျက်အေးအစား အဖန်ခေါက် စိမ်ရည်ဖြင့်သာ ဖျော်ကြပါတယ်။ အဖန်ခေါက် စိမ်ရည်ပြုလုပ်ပုံကို ဗဟုသုတအဖြစ် ပြောပြရရင်
ရင်းရဲပင် မရှိက ဇီး၊ မကျည်း၊ သရက် စသော ဖန်သည့်အရသာရှိသော သစ်ခေါက်များကို သစ်ပင်ကနေ ခွာရပါတယ်။ ၄င်းသစ်ခေါက်များကို အပေါ်က အမဲရောင် အညိုရောင် စသည့် အကာများကို ဖယ်ထုပ်ပစ်ပြီး ရေစင်အောင် ဆေးရပါတယ်။ ပြီးနောက် သစ်ခေါက်အသားများကို ပါးပါးလေး ရအောင်ခြစ်ပြီး ရေကျက်အေးဖြင့် စိမ်ထားလိုက်တာပါ။ ငါးကို အရည်ဖျော်တဲ့အခါမှ ၄င်း သစ်ခေါက် အဖန်ရည်ဖြင့်ဖျော်တာ ဖြစ်ပါတယ်။
ပူပူစပ်စပ် ငါးကောဟင်း
ဒီမှာတော့ အဖန်ရည်အစား ရိုးရိုးရေကျက်အေး (ရေနွးကိုကြိုပြီး အအေးခံထားတဲ့ရေ) နဲ့ ဖျော်ထားတာဖြစ်ပါတယ်။ ငါးကောဟင်း အကြောင်း ရေးပြီး တင်ထားတယ်လို့ အိမ်ကို ဖုန်းဆက်ပြီး ပြောပြလိုက်မယ်ဆိုခဲ့ရင် ဒီဟင်းကို နှစ်သက်တဲ့ ကျွန်မ အဖေနဲ့ အမေရဲ့ မျက်နှာဟာ ပီတိတွေနဲ့ ပြုံးနေဦးတော့မှာကို မြင်ယောင် မိပါသေးတယ်။
ပျော်ရွှင်ဖွယ် အားလပ်ရက်များကို ပိုင်ဆိုင်ကြပါစေရှင်။






















