သောက်စရာစပယ်ပန်းဟင်းချိုနဲ့ ဖျော်ရည်အေး

ဒီနေ့တော့ စပါယ်ပန်းဟင်းချိုအကြောင်း ရေးချင်ပါတယ်။ တကယ်ကို စပါယ်ပန်းဟင်းချို ချက်စားဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ချက်ပြန်ပြီလို့ ပြောကြမယ်ထင်ပါတယ်။ အမှန်တော့ ကျွန်မ တီထွင်ဖန်တီးတဲ့ ဟင်းမဟုတ်ပါဘူး ။ မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးတဲ့ ဟင်းချက်နည်းစာအုပ်ထဲမှာ တွေ့လိုက်ရတာမို့ စပါယ်ပန်းကို ချက်စားလို့ရတယ်ဆိုတာ သိလိုက်ရတာဖြစ်ပါတယ်။
စပါယ်ပန်းနဲ့ရောပြီး ချက်ထားတာတွေက မှိုခြောက်၊ မုန်ညင်း၊ ငုံးဥ

ဒီပုံလေးက စပါယ်ပန်းကို ဟင်းချိုချက်တဲ့နည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဟင်းချက်နည်းကို တရုတ်လို ရေးထားပေမဲ့ ကျွန်မတော့ တစ်လုံးမှ နားမလည်ပါဘူး။ ဒါနဲ့ တရုတ်စာတတ်တဲ့ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး ဖတ်ပြခိုင်းရတာဖြစ်ပါတယ်။ ဒီထဲက ဟင်းချက်နည်းကိုကြည့်မိပြီး စပါယ်ပန်းကို ဟင်းချိုချက်စားရရင်ဘယ်လိုအရသာများ ရှိလေမလဲလို့ ကျွန်မက စိတ်ဝင်စားမိပါတော့တယ်။ စပါယ်ပန်းနဲ့ရောပြီး ချက်ထားတာတွေက မှိုခြောက်၊ ငုံးဥ၊ မုန်ညင်းတို့ဖြစ်ပါတယ်။

ခရီးသွားလာရင်း တစ်ရက်မှာ စူပါမားကက်တစ်ခုကို ဝင်ကြည့်တဲ့အခါ စိတ်ဝင်စားဖို့ ကောင်းတာလေးတွေကို တွေ့လိုက်ရပါတယ်။ အဲဒါက ပန်းပေါင်းစုံနဲ့ ဆေးဘက်ဝင် အရွက်များ နှင်းဆီ၊ စပါယ်၊ ညမွှေးပန်း၊ ရှောက်သီး၊ ယူကလစ်ရွက်တွေကို အခြောက်လှမ်းပြီး ရောင်းထားတာပါ။ ဘေးတစ်ဖက်မှာတော့ အဲဒီ ပန်းခြောက် အရွက်ခြောက်များကို ရေခွက်ထဲက ရေနဲ့ စိမ်ပြီး နမူနာ ပြထားပါတယ်။ ခွက်ထဲမှာတော့ ပန်းရဲ့ အရောင်အတိုင်း ရေတွေကလည်း အနီရောင် အစိမ်းရောင် စသဖြင့် မြင်နေရပါတယ်။

လဘက်ခြောက် ၊ ဝက်မြေဥခြောက်၊ ပန်းပေါင်းစုံနဲ့ အသီးခြောက်များ

အခြောက်ခံထားတဲ့နှင်းဆီပန်းအဖူးကလေးများ

ပန်းနုရောင်နှင်းဆီဖူး

အနီရောင်နှင်းဆီပန်းဖူး

ရှောက်သီး ၊ သံပုရာသီးခြောက်များ

ချဉ်ပေါင်သီးခြောက်
ပေါက်ပန်းပွင့်နဲ့ ဆင်တူသော ပန်းခြောက်
စပါယ်ပန်းဖူး

ပရုပ်ဆီနံ့သင်းတဲ့ ယူကလစ်ရွက်ခြောက်

ဒါနဲ့ ကျွန်မလည်း အဲဒီဆိုင်ကနေ အရွက်နဲ့ ပန်းပွင့်ခြောက်တစ်ချို့ကို ဝယ်ယူလာခဲ့ပါတယ်။ စပါယ်ပန်းခြောက်လေးတွေမြင်တော့ အပေါ်ဆုံးက ပုံထဲကလို  ဟင်းချက်စားကြည့်ရင် ဘယ်လိုများနေမလဲဆိုပြီး စဉ်းစားနေမိပါတယ်။ ပြောနေတာကြာပါတယ်နော် ။ လက်တွေ့ချက်ကြည့်ကြရအောင်း)