ဒီတစ်ပတ် ချက်ကျွေးချင်တဲ့ဟင်းလျာက ကျွန်မကိုယ်တိုင်လည်း မကြာခဏ ချက်စားဖြစ်တဲ့ ကြက်သား ကချင်ချက် ဖြစ်ပါတယ်။ ဒီဟင်းဟာ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ နာမည်ကျော်တဲ့ ဟင်းတစ်မယ် ဖြစ် ပါတယ်.. အရင်ကလည်း ကျွန်မဘလော့မှာ တင်ဖူးခဲ့သလို အခြားသော ကချင်ပြည်နယ်သူ ဘလော်ဂါများလည်း တင်ခဲ့ကြဖူးပါတယ်... ဘယ်နှခါ ချက်စားစား မရိုးနိုင်သလို ကြက်သား ကချင်ချက်ရဲ့ ချဉ်ချဉ်စပ်စပ် အရသာဟာလည်း ခံတွင်းမြိန်စေတာ အမှန်ပါ။ ကြက်သားကို ဆီပြန်ကြီးဘဲ ချက်စားဖြစ်ရင် ကြာတဲ့အခါ အီလာပါတယ်။ ကချင်ချက်ကတော့ ဆီအနည်းငယ်လေးသာ ပါတဲ့အတွက် မအီဘဲနဲ့ အနံ့လေး မွှေးနေတာကြောင့် ထမင်းပိုမြိန်မှာ သေချာပါတယ်။ ပြီးတော့လည်း ကြက်သားကို ဆီပြန်ဟင်း ချက်ရင် အရိုးဖြစ်တဲ့ ခြေထောက်၊ တောင်ပံတို့ကို သိပ်မစားကြပါဘူး။ ဒါပေမဲ့ ကချင်ချက် မှာတော့ အရိုးတွေပါ စားကောင်းတာမို့ အရိုးများတဲ့အပိုင်း၊ အသားများတဲ့အပိုင်းရယ်လို့ ခွဲခြားစရာမလိုဘဲ အားလုံးစားလို့ ကောင်းပါတယ်. ကျွန်မတို့ဘက်မှာ တစ်ချို့ စားသောက်ဆိုင်တွေဆိုရင် ရင်ပုံ၊ ပေါင်၊ စသဖြင့် အသားများတဲ့ နေရာတွေကို အခြားဟင်းတွေလုပ်ပြီး အရိုးများတဲ့ ခြေထောက်၊ ခေါင်း၊ တောင်ပံ စတာတွေကိုတော့ ကချင်ချက် ချက်ရောင်းကြပါတယ်။ အဓိက ပြောချင်တာက ကချင်ချက်ဟာ အရိုးရော အသားပါ စားလို့ကောင်းပါတယ်လို့ ကြော်ငြာဝင်တာ ဖြစ်ပါတယ်ရှင်.. :P
ပထမဦးစွာ ကြက်သားချက်ဖို့ ရေစင်အောင်ဆေးပြီး အနေတော်အတုံးများကို တုံးပါတယ်.. အများ အားဖြင့်တော့ ကချင်ချက်ကို အတုံးအသေးလေးတွေ တုံးကြတာများပါတယ်။ ပြီးတော့ ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ထောင်းထည့်၊ ခရမ်းချဉ်သီးထည့်၊ ငရုပ်သီးစိမ်းများများ၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက် စတဲ့ ဟင်းခတ် အမွှေးအကြိုင်ရွက်တွေကို ပါးပါးလှီးထည့်ပါတယ်။ မက်လင်သီး (သို့မဟုတ်) ချဉ်စော်ခါးသီး အခြောက်ကို ရေဆေးပြီး ခပ်ငယ်ငယ်တုံးပြီး ထည့်ပါတယ်.. ကချင်ချက်မှာ အချဉ်နဲ့ အစပ်က အဓိကမို့ အချဉ်အရသာဖြစ်တဲ့ မက်လင်သီးအခြောက်က မပါမဖြစ် ဖြစ်ပါတယ်.. တကယ်လို့ မက်လင်သီး၊ ချဉ်စော်ခါးသီး မရနိုင်ရင် ဟင်းကျက်ခါနီးမှာ သံပုရာသီးလေး ညှစ်ထည့်နိုင်ပါတယ်။
အရောင်တင်ငရုပ်မှုန့်၊ ဆားအနည်းငယ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆီအနည်းငယ်တို့ ထည့်ပြီး သမအောင် မွှေပါတယ်.
ဒါကတော့ ချက်မဲ့အိုးထဲမှာ အသားရော အဆာပလာတွေရော တစ်ခါတည်း ထည့်ထားတာပါ။ ကချင်ချက်ဟာ ဆီသတ်ဖို့မလိုဘဲ တန်းပြီး လုံးချက်ချက်ရတာဖြစ်ပါကြောင့် ဆီကုန်လည်း သက်သာပါတယ်..း)
အဆာပလာ အားလုံးထည့်ပြီး နယ်ပြီးသား ကြက်သား
ရေထည့်ပြီး ချက်လိုက်ပါပြီ... ကြက်သားနူးရင် အရသာ အပေါ့အငံမြည်းပြီး ချလို့ရပါပြီ..
လျှင်ရင်းမြက်မဲ့ ကြက်သားဟင်းတစ်ခွက်ပါ။။။ ဟင်းအိုးကျက်မှာ ဖက်ဖယ်၊ ရှမ်းနံနံတို့ကို ထပ်ထည့်ပါတယ်.. အနံ့ပိုမွှေးအောင်လို့ပါ။
ဒါလေးလဲ ကချင်ချက်ပါလို့...
~~~~~~~~~~~@@@@@@~~~~~~~~~~~~
လျှင်ရင်းမြက်မဲ့ ကြက်သားဟင်းတစ်ခွက်ပါ။။။ ဟင်းအိုးကျက်မှာ ဖက်ဖယ်၊ ရှမ်းနံနံတို့ကို ထပ်ထည့်ပါတယ်.. အနံ့ပိုမွှေးအောင်လို့ပါ။
ဒါလေးလဲ ကချင်ချက်ပါလို့...
~~~~~~~~~~~@@@@@@~~~~~~~~~~~~
နောက်ထပ် ဟင်းတစ်မည်က ငါးခူကို ချဉ်စပ်လေး ချက်တာပါ။ ချက်ပုံက အပေါ်ကနည်းနဲ့ သိပ်မထူးပါဘူးရှင်။
ငါးခူကို ရေစင်အောင်ဆေး၊ အကွင်းလေးတွေ လှီးပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်ဖြူ၊ ငရုပ်သီး နှိုင်းချင်း၊ အရောင်တင်မှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီ၊ ၂နာရီခန့်ကြာအောင် ထားထားလိုက်ပါတယ်.. အရသာတွေ အထဲဝင်အောင်ပါ။
ချက်မဲ့အိုးထဲထည့်ပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး တို့ကို ထည့်ကာ ရေထည့်ပြီး ချက်လိုက်ပါတယ်. ငါး ကျက်ခါနီးမှာ ရှမ်းနံနံ၊ ဖက်ဖယ်တို့ကို ထည့်လိုက်ပြီး သံပုရာသီးကို ညှစ်ထည့်လိုက်ပါတယ်.. ဆီလုံးဝ ထည့်မချက်ထားပါဘူး။
ငါးခူချဉ်စပ်
ကချင်ပြည်နယ်မှာ ဟင်းချက်ရင် ထည့်ချက်စားလေ့ရှိတဲ့ ဟင်းခတ်အရွက်တွေပါ။ အပေါ်ကဟင်းတွေမှာ ဒီအရွက်တွေ ထည့်ပါတယ်.. အလယ်က အရွက်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ရှမ်းနံနံပါ.. ရှမ်းနံနံဟာ ဘေးဘက်မှာ လွှသွားတွေလို ရှိတာမို့ ( Saw leaves) လို့ ခေါ်ပြီး ဘယ်ဘက်က အရွက်ကတော့ ပင်စိမ်းရွက် ( Basil leaves) ပါ။
ကချင်ဟင်းချက်ရင် မပါမဖြစ် အသုံးပြုတဲ့ ဖက်ဖယ်ရွက်ပါ.. အင်္ဂလိပ်လို ( Praew leaves (or) Vietnamese coriander) လို့ပြီး စင်္ကာပူမှာတော့ Laksa leaf လို့ ခေါ်ပါတယ်။
ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ကြက်သား၊ ငါး၊ အမဲသားတို့ကို ခုလို ဖက်ရွက်တွေနဲ့ ထုပ်ပြီး ရောင်းချတတ်ကြပါတယ်။
ငါးကချင်ချက်ပါ
အဲဒီလို ချဉ်စပ်ဟင်းလေးတွေနဲ့ ကချင်ပြည်နယ်ရဲ့ ခေါင်ရည်နဲ့ မြည်းလိုက်မယ် ဆိုရင် ဆွေမျိုးမေ့ သွားမှာဖြစ်ပါကြောင်း ရောက်ဖူးတဲ့သူတွေက ပြောပြကြပါလိမ့်မယ်နော်..း)
သိပ်စပ်ရင် အချိုပွဲစားလို့ရအောင်... အသီးစုံနဲ့ ကျောက်ကျော
ဒီတစ်ပတ်တော့ ချဉ်ချဉ်စပ်စပ် ကချင်ချက်ဟင်းတွေ ဖြစ်ပါတယ်... အားလုံးအတွက် Happy Weekend ဖြစ်ကြပါ စေရှင်။
























