စိတ်ဝင်စားဖွယ်ဖို့ကောင်းတဲ့ ထူးထူးဆန်းဆန်း ဟိုတယ်လေးတစ်ခုဆီ အလည်သွားကြည့်ကြပါစို့နော်။ ချီလီနိုင်ငံ တောင်ပိုင်းက Huilo Huilo သဘာဝ တောတောင် ရှုမျှော်ခင်းတွေရှိရာနေရာမှာ တည်ရှိတဲ့ Magic Mountain ဟိုတယ်ဟာ ကြယ်လေးပွင့်ဆင့်ထိ ဝန်ဆောင်မှု ပေးနိုင်တယ်လို့ ဆိုပါတယ်။ ။ Magic Mountain ဟိုတယ်ရဲ့ ထူးခြားချက်က မီးတောင်တစ်လုံးရဲ့ ပုံသဏ္ဍာန်ဖြစ်ပြီး မီးတောင်ထိပ်ဝ ပုံသဏ္ဍာန် ခေါင်မိုးပေါ်ကနေ ချော်ရည်တွေ စီးကျနေတဲ့ ပုံစံအတိုင်း ရေတွေ အဆက်မပြတ် ကျဆင်းနေအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဟိုတယ်သို့ဝင်ရောက်ရာကြိုးတံတား
ဟိုတယ်ကို ကျောက်တုံးတွေနဲ့ ဆောက်ထားတာဖြစ်ပြီး ဟိုတယ်ရဲ့ တံခါးပေါက်ရှိရာကိုတော့ ကြိုးတံတားနဲ့ သွားရောက်လို့ရအောင် စီစဉ်ထားတာပါ။ မီးတောင်နဲ့ တူတဲ့ ဟိုတယ် အဆောက် အဦးရဲ့ ကျောက်တုံးတွေပေါ်မှာ အပင်စိမ်းတစ်ချို့နဲ့ မြက်ပင်တွေ ပေါက်နေအောင် စီစဉ်ထား ပြန်ပါတယ်။ အဲဒါကိုကြည့်ရတာကိုက သဘာဝဆန်ပြီး စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ၄င်း ဟိုတယ်ကို ယင်းဧရိယာတစ်ဝိုက်မှာ ပေါက်ရောက်တဲ့ သစ်သားများ၊ ကျောက်တုံးများနဲ့ ဆောက်လုပ်ထားပြီး အတွင်းထဲက အပြင်အဆင် များမှာတော့ ခေတ်မီပြီး စိတ်ကျေနပ်ဖွယ် ကောင်းတယ်လို့ ဆိုကြပါတယ်။

အပင်တွေ ပန်းတွေနဲ့ စိမ်းစိုဝေဆာနေတဲ့ ချစ်စရာဟိုတယ်
ဟိုတယ်မှာ အခန်း ၉ခန်းပါဝင်ပြီး အခန်းတိုင်းကို အဲဒီဒေသက မျိုးရင်းစိတ် ငှက်တစ်မျိုးစီရဲ့ နာမည်ကို ပေးထားပါတယ်။ သစ်တောအလယ်မှာ တည်ရှိနေတဲ့ ဟိုတယ်ဟာ ပြတင်းပေါက်ကနေ လှမ်း ကြည့်လိုက်တာနဲ့ သစ်တောသစ်ပင်တို့ကိုသာ မြင်နေရတာမို့ စိတ်ကြည်နူးအေး ချမ်းဖွယ် ကောင်းလှပါ တယ်။ ဟိုတယ် အတွင်းထဲမှာတော့ ဘား၊ စားသောက်ဆိုင်၊ ရေနွေးစိမ်ခန်းတို့ ရှိပါတယ်။ ဟိုတယ်တွင်း အပြင်အဆင်များကိုလည်း သစ်သားများဖြင့် သဘာဝအတိုင်း နီးနီး စပ်စပ်ဖြစ်အောင် ပြုလုပ်ထားပြီး ဟိုတယ် အပြင်ဘက် မှာတော့ သစ်သားကို ထွင်းပြီး အထူးပြုလုပ်ထားတဲ့ ရေနွေးချိုးကန် လည်း ရှိပါတယ်။ ဒီဟိုတယ်မှာ နောက်ထပ် ရနိုင်တဲ့တစ်ခုကတော့ ချီလီနိုင်ငံထွက် အကောင်းဆုံး ဝိုင်ဘဲ ဖြစ်ပါတယ်။
သစ်သားရေနွေးစိမ်ကန်



စားသောက်ခန်း
ဟိုတယ် ဘား
အိပ်ခန်းအပြင်အဆင်
Huilo Huilo ဆိုတဲ့ ဒေသဟာ ပုဂ္ဂလိကပိုင် သဘာဝ တောတောင်ရေမြေ ဒေသ ဖြစ်ပြီး စတုရန်း ၆၀၀ ကီလိုမီတာ ကျယ်ဝန်းကာ သာယာလှပတဲ့ ရေကန်ကြီးများ၊ မြို့ငယ်များ၊ မီးတောင်များ၊ Huilo Huilo ရေ တံခွန် စသည်တို့ရှိပြီး တစ်နှစ်ပတ်လုံး နှင်းဖုံးနေတဲ့ တောင်ထွတ်များ ရှိတာကြောင့် နှင်းလျှော စီးခြင်း၊ စကိတ်စီးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကြည်လင်တဲ့ Fuy မြစ်ကြီးထဲမှာ လှေစီးခြင်း၊ ငါးမျှားခြင်း တို့ကိုလည်း ပြုလုပ်နိုင် ပါတယ်။ တောအုပ်ထဲ မှာတော့ ဂေါက်ကွင်း ငယ်လေး တစ်ခုကို လည်း ပြုလုပ် ထားတာကြောင့် တကယ့်သဘာဝ တောတောင်ထဲမှာ ဂေါက်ရိုက်ရတဲ့ ခံစားမှုမျိုးကို ရရှိစေနိုင်ပါတယ်။

နှင်းလျှောစီးနိုင်တဲ့ နှင်းဖုံးတောင်ရှုခင်း

နှင်းဖုံးနေတဲ့ မီးတောင်

Fuy မြစ်တစ်နေရာ


Pirihueico ရေကန်
Fuy မြစ်တွင်း ငါးမျှားနေသူ

Huilo Huiloရေတံခွန်
ဆောင်းရာသီမြင်ကွင်း
အာဂျင်တီးနားနဲ့ နယ်နမိတ်သတ်မှတ်ထားတဲ့ ရေကန်ကြီးကလည်း သာယာလှပစွာ တည်ရှိပြီး အာဂျင်တီးနားသို့ သွားရောက်နိုင်တဲ့ ဖယ်ရီကားများရဲ့ လမ်းကြောင်းနဲ့လည်း နီးကပ်စွာ တည်ရှိပါတယ်။ ဟိုတယ်ရှိရာ ဒေသဟာ ဆောင်းရာသီမှာတော့ ဘေးဝန်းကျင်တစ်ခုလုံးသာမက ခေါင်မိုးများပေါ်မှာပါ နှင်းခဲတွေ ဖုံးလွှမ်းနေအောင် အေးခဲတဲ့ ရာသီဥတု ရှိပါတယ်။ သဘာဝအလှအပကို ခံစားချင် သူများ၊ နှင်းလွှာလျှော စီးလိုသူများ ချီလီနိုင်ငံရှိ ရေတံခွန်အောက်က ဟိုတယ်လေးဆီ အလည် သွားနိုင်ကြပါပြီနော်..
Photos from Funzug.com
http://hotelsfeel.com/














