ကျွန်မတို့ မြန်မာပြည်ထဲမှာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ကိုယ်ပိုင် ရိုးရာ အစဉ်အလာ၊ ကိုးကွယ်ယုံကြည်မှုနဲ့၊ ကနည်းကဟန်တို့ကို ကိုယ်စီရှိကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ ရိုးရာ ဂီတများနဲ့ တွဲဖက်ပြီး ကခုန်ကြရတဲ့ ကချင်လူမျိုးတို့ရဲ့ မနောအက၊ ရှမ်းလူမျိုးတို့ရဲ့ ရှမ်းအိုးစည်အက၊ ချင်းလူမျိုးတို့ရဲ့ ဝါးညှပ်အက၊ ကရင်တို့ရဲ့ ဒုံးယိမ်းအက စသဖြင့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရိုးရာဂီတနဲ့ အကများကို ပိုင်ဆိုင်ကြသလို ကမ္ဘာပေါ်ကအခြားသော လူမျိုးတွေ တိုင်းမှာလည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ တေးဂီတတို့ ကိုယ်စီရှိကြပါတယ်။ အဲဒီထဲကမှ အာဖရိကနိုင်ငံမှာရှိတဲ့ လူမျိုးနွယ်စုတစ်ခုရဲ့ စိတ်ဝင်စားဖွယ် အကတစ်မျိုးအကြောင်း အနည်းငယ် ရေးသားချင်ပါတယ်။
အာဖရိကနိုင်ငံမှာ တေးဂီတဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အာဖရိက ဒေသခံ
တိုင်းရင်းသားတွေရဲ့ဘဝမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြရာမှာ၊ အခန်းအနား၊ ထူးထူးခြားခြား အချိန်အခါတွေမှာ၊ ရိုးရာပွဲလမ်းတွေမှာ ဂီတဟာ မပါမဖြစ် အရေးပါလှပါတယ်. မင်္ဂလာဆောင်တဲ့အချိန်၊ ကလေးမွေးဖွားတဲ့အချိန်၊ အမဲလိုက်ချိန်၊ အဆုံးစွန် သေဆုံးချိန်တို့မှာပါ ဂီတနဲ့ ဆက်စပ်နေခဲ့ ပါတယ်။။ တေးဂီတဟာ အာဖရိက တိုင်းရင်းသားတွေရဲ့ အစိတ်အပိုင်း လို့ ပြောရ လောက်အောင် နေရာ တကာမှာ တေးဂီတရဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်.. တေးဂီတဟာ မကောင်းဆိုးဝါးတွေကို ဖယ်ရှားနိုင်စွမ်းရှိတယ်လို့ အာဖရိကတိုင်းရင်းသားတွေက ယုံကြည်ကြပြီး နတ်ဘုရားတွေ၊ မရဏမင်းနဲ့ ဘိုးဘေးတို့ရဲ့ ဝိဥာဉ်တို့ကို ဂီတဖြင့် ပူဇော် ပသလေ့ရှိပါတယ်။
အာဖရိက ဒေသမှာ တစ်နေရာနဲ့တစ်နေရာ မတူညီတဲ့ ကနည်းကဟန်နဲ့ တူရိယာတို့ကို ပိုင်ဆိုင်ထား ကြပါတယ်.. အာဖရိကရဲ့ အဓိက ထင်ရှားတဲ့ တူရိယာတစ်ခုကတော့ ဗုံဖြစ်ပါတယ်.. အာဖရိက ဗုံသံဟာ လူတွေရဲ့ စိတ်နှလုံးကို ညို့ယူဆွဲဆောင်နိုင်စွမ်းရှိပြီး စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အာဖရိက ဗုံသံဟာ အာဖရိကလူမျိုးတွေရဲ့ နှလုံးခုန်သံနဲ့ တင်စားကြပါတယ်. ဗုံသံရဲ့စည်းချက်နဲ့ လိုက်ပြီး ကရတဲ့ အကဟာလည်း အာဖရိက ယဉ်ကျေးမှုမှာ အာဖရိကသားတွေနဲ့ တစ်သားတည်းကျတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်.. အကကတဲ့သူတွေဟာ ထူးခြားတဲ့ ခြေဟန်လက်ဟန်၊ မျက်နှာဖုံး၊ အရောင်စုံ လှတဲ့ ဝတ်စုံများ၊ ဆေးခြယ်ထားတဲ့ ကိုယ်ခန္ဓာ တို့ဖြင့် ဆက်သွယ်ရေး ဘာသာဗေဒ အမူ အရာတို့နဲ့ ပေါင်းစပ်ကာ ကခုန်ကြပါတယ်. ဝမ်းနည်းဖွယ် အခမ်းအနားတွေ မှာဖြစ်စေ၊ ပျော်ပွဲ ရွှင်ပွဲတွင်ဖြစ်စေ အကန့်အသတ်မရှိ ကခုန်တတ်ကြပြီး ထိုသို့ကခုန်တဲ့အခါ သူတို့ရဲ့ ဘိုးဘေး ဘီဘင်တွေရဲ့ ဝိဥာဉ်တွေကပါ သူတို့နဲ့အတူ လိုက်ပါကခုန်ကြတယ်လို့ ယုံကြည်ကြပါတယ်။
အာဖရိကမှာ ထူးထူးခြားခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကတစ်ခုက Mali လူမျိုးနွယ်စုရဲ့ မျက်နှာဖုံးဝတ်ဆင်ပြီး ကတဲ့ အလွန်ရှေးကျသော ရိုးရာအက ဖြစ်ပါတယ်.။ ရှေးလွန်ခဲ့တဲ့ ရာစုနှစ် များစွာ ကတည်းက ရိုးရာအကအဖြစ် ကခဲ့ကြတာဖြစ်ပြီး အဲဒီအကကို ဘာသာရေး အခမ်းအနား ပွဲလမ်းသဘင်တွေနဲ့ ရပ်ရွာက သက်ကြီးဝါကြီး တစ်ဦးဦးရဲ့ အသုဘအခမ်းအနားတို့မှာ ကခုန်တတ်ကြပါတယ်။ ဒါကြောင့် အာဖရိက ဒေသမှာ ကခုန်ခြင်းဟာ ပျော်ပွဲရွှင်ပွဲသက်သက် အနေနဲ့သာ မဟုတ်ဘဲ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ပါ စပ်ဆက်နေခဲ့ပါတယ်. အနောက်အာဖရိကေ ဒသပိုင်းမှာရှိတဲ့ နိုင်ငံတွေမှာ Mali အကကို လူမျိုးအများစုက ကတတ်ကြပါတယ်။ လူမျိုးတိုင်းမှာ မတူကွဲပြားတဲ့ နောက်ခံယဉ်ကျေးမှုတွေ ရှိတတ်ကြသော်လည်း မျက်နှာဖုံးဝတ်အကကတော့ အာဖရိကရှိ လူမျိုးစုတိုင်းလိုလို ကတဲ့ အလွန်ရှေးကျတဲ့ ရိုးရာအစဉ်အလာ အကဖြစ်တယ်လို့ သိရပါတယ်။


Mali အကကို ကတဲ့အခါမှာ Dogon လို့ခေါ်တဲ့ မျက်နှာဖုံးဟာ အထူးထင်ရှားတဲ့ မျက်နှာဖုံးစွပ်ဖြစ်ပါတယ်။. သစ်သားကို ထွင်းထုထားပြီး ဆေးရောင်စုံများကို ခြယ်သထားပါတယ်။ Dogon မျက်နှာဖုံးတွေ များစွာထဲမှာ အကောင် တိရိစ္ဆာန်များစွာတို့ရဲ့ ပုံသဏ္ဍာန်များကိုလည်း ထွင်းထု ဆေးခြယ် တတ်ကြပါတယ်။ Dagon မျက်နှာဖုံးရဲ့ သင်္ကေတဟာ ရှေးတုန်းက ရှိခဲ့တဲ့ Mali ဘွားအေကြီး Yasigi ကို ရည်ရွယ်ပါတယ်.. သူမဟာ အနီရောင် ခေါင်ရမ်းပန်းကို စိုက်ပျိုးခဲ့ပြီး အဲဒီအပင်က ရတဲ့ အမျှင်တွေနဲ့ စကပ်ကို ပြုလုပ်ကာ Dogon အကကတဲ့သူတွေကို ဝတ်ဆင်စေခဲ့ပါတယ်။ နောင် လာနောက်သားတို့က အဖွားအို Yasigi ကို သတိတရနဲ့ သူမရဲ့ ရုပ်ထုကို ဦးခေါင်းမှာ အလေးအမြတ် တပ်ဆင်ပြီး ကကြပါတယ်။


အမျိုးစုံလင်လှတဲ့ မျက်နှာဖုံးများ


ဦးခေါင်းပေါ်မှ ဘွားအေ Yasigi ရုပ်ထုပါ မျက်နှာဖုံး
သမင်မျက်နှာဖုံး
လူဖြူမျက်နှာဖုံး
မျက်နှာဖုံးတွေထဲမှာ အခြားထင်ရှားတဲ့ မျက်နှာဖုံးက သမင်သဏ္ဍာန်ရှိ Bambara မျက်နှာဖုံးဟာလည်း ထင်ရှားတဲ့ အကကရာတွင် သုံးတဲ့ မျက်နှာဖုံးစွပ်ဖြစ်ပါတယ်။ မျက်နှာဖုံးစွပ်အကဟာ အာဖရိက တိုင်းပြည်တွေမှာ အလွန်ထင်ရှားတဲ့ အကဖြစ်ပြီး ကတဲ့အခါမှာ မျက်နှာဖုံးကို တပ်ဆင်ထားတတ်ကြပြီး မျက်နှာဖုံး တတ်ဆင်ထားခြင်းအားဖြင့် နတ်ဘုရားတို့ရဲ့ ဝိဥာဉ်ဟာ ကခုန်သူကို ပိုင်ဆိုင်ပြီး သူတို့နဲ့အတူတူ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။
ချော်လဲမကျအောင် ဘယ်လိုများ ဟန်ချက်ထိန်းတယ် စိတ်ဝင်စားစရာ
ဓာတ်ပုံရိုက်ခံနေတဲ့ အကအဖွဲ့နဲ့ ကမ္ဘာလှည့်ခရီးသည်အချို့
ဒီဟာကြီးတွေနဲ့ ဘယ်လိုများကလဲ မသိချင်ဘူးလား..
အထက်က ဗီဒီယိုလေးတွေမှာ Mali တို့ရဲ့ Dagon မျက်နှာဖုံးစွပ်အကနဲ့ ကုလားမ ခြေထောက်လို သစ်သားချောင်းကြီးတွေ ဝတ်ဆင်ပြီး ဘယ်လို ကတယ်ဆိုတာကို ကြည့်ရှုခံစားကြည့်ပါနော်..
အားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေရှင်။
Vidoe credit : YouTube
Photos credit : Funzug, Flickr
http://billkamin.com/westafrica/id19.html




















